Chapter 46

3.6K 367 1
                                    

အပိုင်း (၄၆)



"ဝေါင်း"

"ဟားဟားဟား"

ချင်ရှီးသည် အမြွှာများ၏အော်သံကြောင့် နိုးလာကာ မျက်လုံးဖွင့်လိုက်ပြီး ဘေးအခန်းရှိ ကလေးများ၏ ရယ်မောသံကို ကြားလိုက်ကာ မျက်လုံးများကို ပွတ်သပ်လိုက်သည်။

'ဒီနေ့ အစောကြီးနိုးကြတာဘဲ'

ချင်ရှီးသည် ထကာ သူမ၏အဝတ်အစားကိုဝတ်၍ တံခါးကိုဖွင့်၍ ကလေးများကိုကြည့်ရှုရန် အိပ်ခန်းကြီးထဲသို့ဝင်သွားသည်။

"မေမေ မေမေ"

"ဒါက မေမေပေးခဲ့တဲ့ စာအိတ်နီလား"

"နှစ်သစ်မုန့်ဖိုးပိုက်ဆံလား"

ကလေးသုံးယောက်က စာအိတ်အနီရောင်ကို ကိုင်ထားပြီး ချင်ရှီးကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဟုတ်တယ်။ အဲ့ဒါက နှစ်သစ်ကူးမုန့်ဖိုးပိုက်ဆံဘဲ"
ချင်ရှီးက သူတို့အဝတ်အစားတွေကို အရင်ဝတ်ခိုင်းသည်။
"ဒီပိုက်ဆံကို မင်းတို့ကိုယ်တိုင် သိမ်းထားချင်လား။ ဒါမှမဟုတ် သုံးစွဲမှာလား မင်းတို့ဆုံးဖြတ်လို့ရတယ်"

"ဝိုး…"

အမြွှာနှစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ကာ ကုတင်ပေါ်တွင် စာအိတ်အနီဖြင့် လှည့်ပတ်နေကြ၏။

ကုချင်းဟိုင်သာလျှင် အနည်းငယ် ငြိမ်သက်နေသူဖြစ်သည်။ ပုံမှန်အားဖြင့် သူ့တွင် ကိုယ်ပိုင် မုန့်ဖိုးရှိပါသည်။ ဒါပေမဲ့ ဒီငွေတွေဟာလည်း သေးငယ်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဒါဟာ ကလေးတွေအတွက် ကြီးမားတဲ့ ငွေကြေးဖြစ်ပြီး သူတို့အတွက် စိတ်မလှုပ်ရှားဖို့ ခက်ခဲပါသည်။

အဝတ်အစားများမဝတ်ကြဘဲ လှည့်ပတ်ပျော်ရွှင်နေသည့် အမြွှာများကိုမြင်တော့ ချင်ရှီးသည် သူတို့နှစ်ဦးလုံးကို လှဲချကာ အဝတ်အစားများကို ကောက်ကိုင်လိုက်သည်။
"မင်းတို့ပိုက်ဆံကို လွှဲပေးစရာမလိုဘူး။ ဒါပေမဲ့ ပစ္စည်းတွေကိုတော့ အစီအစဉ်ကျကျနဲ့ ဝယ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ပေါ့ပေါ့ဆဆ မဖြုန်းကြနဲ့"

"ဒီနေ့ မင်းတို့ ပိုက်ဆံအကုန်သုံးရင်တောင် ငါဘာမှမပြောဘူး ဒါပေမဲ့ နောင်တစ်ချိန်မှာ မင်းတို့ကို ပိုက်ဆံအများကြီးမပေးတော့ဘူး"

ကလေးသုံးယောက်က တစ်ညီတစ်ညွတ်တည်း နားလည်ကြောင်းပြသရန် ခေါင်းညိတ်ပြသည်။

"ကောင်းပြီ။ မြန်မြန်ထ…ငါမင်းတို့နဲ့ ဆွေးနွေးစရာရှိသေးတယ်"
ချင်ရှီးက အဝတ်အစားကိုပေးကာ မြန်မြန်ဝတ်ရန် ပြောလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"
အန်အန်းက စိတ်ဝင်တစား မေးသည်။

"ငါ အခန်းဒီဇိုင်းကို ဆွဲပြီးပြီ။ အိမ်ကို ပြန်လည်အလှဆင်ကြမလားဆိုတာ ဆုံးဖြတ်ရမှာ" 
ချင်ရှီးက ရှင်းပြသည်။

"ဟုတ်ကဲ့"
ဖျင်ဖျင်သည် သူ့လက်ကို ဦးစွာမြှောက်လိုက်ပြီး အန်အန်းကလည်း ချင်ရှီးကို လုံးဝယုံကြည်သည်။

ချင်ရှီးက အနည်းငယ် အံ့သြသွားသည်။
"မင်းတို့ အဲဒါကို မကြည့်ဘဲ ဆုံးဖြတ်ချက်ချနေတာလား"

ဖျင်ဖျင် :  "မေမေက အဝတ်အစား ဒီဇိုင်းဆွဲတာ အရမ်းကောင်းတယ်။ အိမ်တွေကို ဒီဇိုင်းဆွဲတာလည်း အတူတူဘဲဖြစ်ရမယ်"

အန်အန်း : "အွန်း…"

ကုချင်းဟိုင်က မုန်လာဥနီလိုခေါင်းနှစ်လုံးကို ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်က အရမ်းပေါ့ပေါ့ဆဆဘဲ"

အမြွာတစ်ယောက်က ကုချင်းဟိုင်ကို စိုက်ကြည့်သည်။
"မင်း မေ့မေကို မယုံဘူးလား"

ကုချင်းဟိုင်သည် ချင်ရှီးကို ချက်ချင်းကြည့်လိုက်သည်။ ချင်ရှီးက သူ့ကိုကြည့်နေတာကိုမြင်လိုက်ရတော့ ရုတ်တရက် နားရွက်တွေနီရဲလာပြီး မျက်လုံးတွေကို လွှဲလိုက်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက မင်းတို့နှစ်ယောက်အကြောင်းပြောနေတာ"

"မင်း မေမေ့ကိုမယုံဘူး"

အန်အန်းက မေးစေ့ကို မြှောက်လိုက်သည်။
"မင်းက အိမ်ကိုပြန်လည်အလှဆင်ဖို့ မေမေ့ရဲ့ရွေးချယ်မှုအတိုင်းလုပ်မယ်ဆိုပြီး ကတိမပေးဘူး။ မေမေက အိမ်ကြီးတစ်ခုလုံးကို ဒီဇိုင်းထုတ်နိုင်တယ်ဆိုတာ မင်းမယုံဘူး"

ကုချင်းဟိုင်သည် အန်အန်း၏ပါးစပ်ကို ဖုံးထားချင်မိသည်။ ချင်ရှီးကို မကြည့်ဝံ့တော့ဘဲ သူ့မျက်နှာက နီမြန်းသွားသည်။

"မဟုတ်ရင်လည်း အရင်တုန်းကတော့မယုံဘူး… အခုမှ ယုံတာဖြစ်နိုင်ဖို့ သေချာတယ်။ မင်းအရင်ကပြော...…"

အန်အန်းက သူမ စကားကို ဆုံးအောင်မပြောနိုင်ခဲ့ပေ။ ကုချင်းဟိုင်က သူမ ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး အဝတ်အစားတွေကို ကောက်ကိုင်လိုက်၍ ခေါင်းကို တိုက်ရိုက်ဖုံးပစ်လိုက်သည်။
"ပါးစပ်ပိတ်ပြီး သပ်သပ်ရပ်ရပ်ဝတ်လိုက်။ အရမ်းအေးနေပြီ ခဏနေရင် အအေးမိတော့မယ်"

ထို့နောက် သူမကို အတင်းဖိ၍ ဝတ်ပေးလိုက်သည်။

"အား…ငါ့ကို လွှတ်"

အန်အန်းက ရုန်းကန်ပြီး ကုချင်းဟိုင်ကို ဒေါသတကြီး ရိုက်ပုတ်လိုက်သည်။

ဖျင်ဖျင်သည် သူ့ဘောင်းဘီနှင့်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး မသိစိတ်က အဝေးကို ပြန်ရွေ့သွားသော်လည်း ခဏနေပြီးနောက်တွင် သူသည် သူ့အဝတ်အစားများကို လွှတ်လိုက်ပြီး အန်အန်းကိုကူညီပေး၏။

"အစ်ကို အစ်မကို အနိုင်မကျင့်နဲ့တော့"

ကလေးသုံးယောက်က ရှုပ်ထွေးနေပြီး ချင်ရှီးက ဘေးနားက ရပ်လိုက်၍ တိတ်တိတ်လေး ရယ်မောလိုက်ပြီး အန်အန်း ရှုံးသွားတာကို မြင်လိုက်ကာ သူမကို အမြန်ကယ်တင်ပေးလိုက်သည်။
"ကောင်းပြီ။ လျှောက်လုပ်နေကြတာကို ရပ်‌တော့။ ထွက်လာပြီး မျက်နှာသစ်ကြ။ ငါ ဖက်ထုပ်ပြုတ်ဖို့သွားတော့မယ်”

ချင်ရှီးက ပြောပြီးနောက် ကုချင်းဟိုင်က ချက်ချင်းငြိမ်သက်သွားသည်။
“ကောင်းပြီ မေမေ”

ချင်ရှီးထွက်သွားပြီးနောက် ကုချင်းဟိုင်က အန်အန်းကို လွှတ်လိုက်ပြီး သူမကို တင်ပါးပေါ်ရိုက်ပစ်ဖို့ မထိန်းနိုင်တော့ပေ။
"မင်းတကယ်ပြောလိုက်တော့မလိုပေါ့လေ။ မင်းငါ့ကို သစ္စာဖောက်ချင်တာလား"

"အား"
အန်အန်းသည် စိတ်ဆိုးပြီး သေလုနီးပါးဖြစ်သွားခဲ့သည်။

သူမသည် ကုချင်းဟိုင်၏လက်ကို ဖမ်းကိုက်လိုက်ပြီး ကုချင်းဟိုင်က နာကျင်စွာပြုံးလိုက်သည်။

ကုချင်းဟိုင်ကလွတ်မြောက်သွားပြီးနောက် သူ့လက်ပေါ်ရှိ သွားရာများကိုကြည့်ပြီး သူမကို အပြတ်ရှင်းလင်းရန်လုပ်မည့်ဟန်ပြင်လိုက်သော်လည်း သူမက လည်ပင်းကို ဆန့်တန်းကာ အော်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသဖြင့် ဘာမှ မလုပ်ရဲတော့ပေ။

"မြန်မြန် ဝတ်လိုက်။ ငါတို့ ထွက်သွားတော့မှာ။ မင်းကို စောင့်မှာ မဟုတ်ဘူး"
ကုချင်းဟိုင်သည် ထရပ်လိုက်ပြီး အဝတ်ဝတ်ထားသော ဖျင်ဖျင်ကို ပွေ့ချီသွားကာ အန်အန်းတစ်ယောက်တည်းအား အိပ်ယာပေါ် ထားခဲ့လိုက်သည်။

အန်အန်းသည် သူမ၏ ရှုပ်ပွနေသော ဆံပင်များကို ဖြီးကာ ကုချင်းဟိုင်ကို ခက်ထန်သော အကြည့်ဖြင့်ကြည့်သည်။
"ကလေးဆန်လိုက်တာ"

နှစ်သစ်၏ ပထမဆုံးနေ့ နံနက်ခင်းတွင် နေရာများစွာ၌ ကလေးများက ထမင်းစားပြီးသည့်တိုင် ဖက်ထုပ်စားသည့် ဓလေ့ရှိကြသည်။

သူတို့သည် မနေ့က ဖက်ထုပ်တွေကိုစားရန် စောင့်မျှော်နေကြသည်။

အပေါ်အရေပြားပါးလွှာပြီး အသားများစွာပါတဲ့ အဆီပါသော ဖက်ထုပ်တွေကို နေ့တိုင်းစားရရင်တောင် ငြီးငွေ့မှာမဟုတ်ပါဘူး။

မိသားစုလိုက်စားပြီးတဲ့အခါ လုကျဲ့ထျန်းက ပန်းကန်ဆေးဖို့သွားခဲ့ပြီး ချင်ရှီးက ကလေးတွေအား ဒီဇိုင်းပုံတွေကိုကြည့်ဖို့ ဆွဲခေါ်သွားသည်။

ပုံများကို နားမလည်နိုင်ကြသော်လည်း ချင်ရှီးသည် အထူးတလည်အသေးစိတ်ကျသော အိမ်တစ်လုံးကို ဆွဲပြထားရာ ကလေးများက ချက်ချင်း သဘောကျကြသည်။

"သမီးတို့တစ်ယောက်တစ်ခန်း အိပ်ရမှာလား။ ကောင်းတယ်"
အန်အန်းက အရမ်းစိတ်လှုပ်ရှားနေပေမဲ့ ဖျင်ဖျင်ကတော့ တစ်ယောက်တည်း မအိပ်ချင်ပါ။

“အစ်ကိုနဲ့ အိပ်ချင်တယ်”

“ဟုတ်ပြီ”
ချင်ရှီးက သူ့ခေါင်းကို ပုတ်လိုက်သည်။စုစုပေါင်း အိပ်ခန်းလေးခန်းကို ဒီဇိုင်းထုတ်ထားပြီး အရွယ်အစားတူ ၃ ခန်းရှိပြီး တစ်လုံးမှာ အနည်းငယ်သေးငယ်သည်။

ဖျင်ဖျင်သည် ကုချင်းဟိုင်နှင့်အတူ အခန်းတစ်ခန်း မျှဝေသုံးစွဲရမည်ဖြစ်ပြီး လုကျဲ့ထျန်းနှင့် သူမက တစ်ခန်းစီဖြစ်သည်။ အသေးလေးတစ်ခန်းက အန်အန်းအတွက် ထားခဲ့သည်။

အိမ်အဝင်ဝဘက်တွင် အခန်းနှစ်ခန်းရှိပြီး ပထမအခန်းက ဧည့်ခန်းနှင့် ထမင်းစားခန်းတွဲထားသည်။ နောက်တစ်ခုက မီးဖိုချောင်ဖြစ်ပြီး မီးဖိုခန်းဘေးက စာကြည့်ခန်းဖြစ်သည်။

ဧည့်ခန်း၏ဘယ်ဘက်တွင် အိပ်ခန်းနှစ်ခန်းနှင့် ညာဘက်တွင် အိပ်ခန်းနှစ်ခန်းရှိသည်။

ဆိုဖာများ၊ ကော်ဖီစားပွဲများ၊ ဗီဒိုများနှင့် အပ်ချုပ်စက်များကဲ့သို့သောအရာများ၏ အပြင်အဆင်များသည် ပြောင်းလဲသွားသော်လည်း ကလေးများက ဒီဇိုင်းပုံကြမ်းကိုကြည့်ကာ အလွန်ကောင်းသည်ဟု ထင်ကြသည်။

"လူတိုင်းက အတူတူဘဲနေရမှာ အရမ်းကောင်းတယ်"

"အပြင်ထွက်စားဖို့မလိုတော့ဘူး။ နှစ်လှမ်းလောက်ဘဲ ဝေးတယ်"

"ဝိုး… ဒီထောင့်မှာ ဘာရှိလဲ။ အဲ့ဒါက မိန်ချုံရဲ့ အသိုက်လား။ အရမ်းချစ်စရာကောင်းတယ်"
ဖျင်ဖျင်က နှစ်ထပ်ကြောင်အသိုက်ကို လက်ညှိုးထိုးပြပြီး ပုံလေးက အလွန်ဆန်းသစ်နေ၏။

"ပုံနဲ့တူမှာလား"
အန်အန်းက ချင်ရှီးကို မျှော်လင့်တကြီးကြည့်ရင်း သူမအတွက် ဒီဇိုင်းထုတ်ထားတဲ့အိပ်ခန်းကို တကယ်သဘောကျနေသည်။

ကုချင်းဟိုင်သည်လည်း ချင်ရှီးကိုကြည့်နေပြီး နှစ်ထပ်ကုတင်ကို အရမ်းသိချင်နေသည်။

"မင်းတို့အဖေရှာတွေ့တဲ့လူက အဲ့ဒါကို လုပ်နိုင်ပါ့မလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါပေမဲ့ ပိုဆိုးသွားမှာတော့ မဟုတ်ပါဘူး"
ချင်ရှီးက သူမရဲ့ မေးစေ့ကို ပွတ်သပ်ပြီး ပရိဘောဂပြဿနာကို စဉ်းစား၍ အသေးစိတ်ပုံတွေဆွဲလိုက်သည်။

အသေးစိတ်ပုံစံနှင့်ဆို ဆောက်လုပ်ရေးသမားကိုရှာဖို့ အချိန်ရောက်လာတဲ့အခါ သူတို့က ပရော်ဖက်ရှင်နယ်ဖြစ်သလားဆိုတာ စူးစမ်းနိုင်ပေမည်။

"ဖေဖေ ဖေဖေ"
လုကျဲ့ထျန်းက ပန်းကန်ဆေးပြီးပြန်လာတာကိုမြင်တော့ အန်အန်းသည် သူ့ကိုတွေ့ဖို့ အမြန်ပြေးပြီး အဆင်ပြေနိုင်လားလို့ မေးသည်။

လုကျဲ့ထျန်း :  "စိတ်မပူပါနဲ့ ဖေဖေက  စိတ်ချလို့ရတဲ့ ဆောက်လုပ်ရေးသမားကို ရှာတွေ့မှာပါ"

"ကောင်းပြီ"
ကလေးများက အတည်ပြုပြီးနောက် ချက်ခြင်း ပျော်ရွှင်သွားကြသည်။

"ဒါဆို မင်းတို့ကျေနပ်ကြလား"
ချင်ရှီးက သူတို့ကို ကြည့်လိုက်သည်။

"ဟုတ်ကဲ့ပါ"
ကလေးတွေက သူတို့အခန်းပုံတွေကို ကိုင်လျက် တညီတညွတ်တည်း ပြောကြပြီး မျှော်တလင့်တကြီးကြည့်ကာ စိတ်အားထက်သန်စွာ ဆွေးနွေးကြသည်။

"နောက်တစ်ခု…"
ချင်ရှီးက လက်ခုပ်တီးပြီး ကလေးတွေရဲ့ အာရုံကို ပြန်ပြောင်းလိုက်သည်။

"ဘာလဲ"

"ဒီအိမ်ကို မကြာခင် ပြန်လည်ပြုပြင်တော့မှာမို့ မင်းတို့အဖေက ရက်အနည်းငယ်ကြာမှာ အလုပ်စတော့မယ်"
ချင်ရှီးက ပြုံးပြီးပြောသည်။
"အဲ့ဒီအချိန်ကျရင် ဒီအိမ်မှာနေလို့မရဘူး။ ငါတို့တွေ ပထမ‌လမှာ အဘိုးအဘွားတွေနဲ့အတူတူနေဖို့ တစ်လလောက် ဇာတိမြို့ကို သွားကြမယ်"

ကလေးများ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"တကယ်လား"

ချင်ရှီက ပြုံးနေသည်။
"ဟုတ်တယ်"

"ဖေဖေရော သွားမှာလား"
အန်အန်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။

လုကျဲ့ထျန်းသည် ခေါင်းညိတ်ပြ၏။
"သွားမှာ"

"ဝိုး…"
အမြွှာနှစ်ယောက်က ရွှင်မြူးသွားကြသည်။ ကုချင်းဟိုင်ပင်လျှင် အလွန်ပျော်နေပါသည်။ ဖေဖေသည် အဖွားအိမ်သို့ တစ်လကြာမျှတောင် မေမေ့ကို ပြန်ခေါ်သွားမည်ဖြစ်သည်။

'မိသားစုနဲ့ တစ်လအတူတူရှိလိမ့်မယ်'

ကုချင်းဟိုင်သည် အရမ်းစိတ်လှုပ်ရှားနေပြီး အပြင်ထွက်ကစားဖို့တောင် မစဉ်းစားထားတာကြောင့် သူ့ပစ္စည်းတွေထုပ်ပိုးဖို့ အခန်းထဲကို ချက်ချင်းပြန်သွားသည်။

အမြွာတွေအတွက်လည်းအတူတူပါဘဲ။ သူတို့အဝတ်အစားတွေကို သူတို့ဘာသာသူတို့ထုပ်ပိုးပြီး အရမ်းလေးနက်လျက်ရှိကြသည်။

နောက်ရက်တွင် လုကျဲ့ထျန်းသည် အပြင်သို့ထွက်သွားပြီး ပရိဘောဂပုံများကို စိတ်ကြိုက်ပြင်ဆင်ရန် လက်သမားဆရာကို ရှာဖွေနေသော်လည်း မည်သူမျှ မအားလောက်အောင် အလုပ်များနေကြသည်။

ချင်ရှီးက အားလုံးပြေလည်သွားပြီးနောက် ကုန်ကျစရိတ် ဘယ်လောက်ရှိလဲလို့ မေးတဲ့အခါ လုကျဲ့ထျန်းပြောသည့် ကိန်းဂဏန်းက ချင်ရှီးကို ထိတ်လန့်စေခဲ့ပါသည်။

"ထောင်ပေါင်းများစွာတောင်လား"

လုကျဲ့ထျန်းက ပြုံးနေသည်။
"အိမ်ကလည်း ပုံမှန်အားဖြင့်တောင် ပြိုကျခါနီး ပြန်လည်တည်ဆောက်လုနီးပါး ဖြစ်နေပါပြီ"

"ဟင်းသီးဟင်းရွက်ခင်းကို ဝိုင်းပတ်ပြီး အုတ်ရိုးမြင့်မြင့်နဲ့ ခြံစည်ရိုးကိုပါ အားဖြည့်ပြီး ပြန်ဆောက်မလို့"

"ပန်းတွေကို မကြိုက်ဘူးလား။ ပန်းစိုက်ဖို့ နေရာတစ်ခုလည်း ထားထားတယ်"

"နံရံမှာတပ်ဆင်ဖို့ပြောထားတဲ့ ဗီရိုကို လည်းလေ့လာကြည့်ရမယ်။ ငါ့မှာ ပရိဘောဂတွေ အကုန်ရှိတယ်။ အရည်အသွေးကလည်း ကောင်းတယ်”

“ဒီပစ္စည်းတွေအပြင် လုပ်အားခရောဆိုတော့ ယွမ်ဈေးက ထောင်ချီသွားတာပါ”

ချင်ရှီးက သူ့စကားကိုနားထောင်ပြီး "ကျွတ်…ကျွတ်”ဟု နှစ်ကြိမ်စုတ်သတ်လိုက်မိသည်။
“ဒါဆို မင်းမှာ ပိုက်ဆံရှိသေးရဲ့လား"

သူ့မိသားစုကုန်ကျစရိတ်၊ လက်ဆောင်‌ပေးတဲ့ ယွမ်ငါးဆယ်၊ အဝတ်လျှော်စက်အတွက် ယွမ်နှစ်ရာ၊ လွန်ခဲ့သည့် ခြောက်လအတွင်း နေထိုင်စရိတ်နှစ်ရာနီးပါး ပေးခဲ့သေးသည်။

မော့လင်က သူ့ကိုကွာရှင်းပြီး ပိုက်ဆံတွေအများကြီးပေးခဲ့ရသည်။ လေးငါးနှစ်အတွင်းမှာ သူ ဒီလောက်ချမ်းသာခဲ့တာလား။

ချင်ရှီးသည် လုကျဲ့ထျန်းက အိမ်အား ပြုပြင်ပြီးပါက သူမ၏လစာငွေကို ပေးဆောင်ရန် ပိုက်ဆံမရှိတော့မှာကို အနည်းငယ်စိုးရိမ်နေပါသည်။ သူမကိုအကြွေးတင်ရန်မဖြစ်နိုင်သော်လည်း နေ့စဥ်အသုံးစရိတ်များ ကြပ်မည်ကိုလည်း သူမကြောက်ပါသည်။

လုကျဲ့ထျန်းသည် ချင်ရှီးကိုကြည့်ပြီး ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့ ငါ့မှာ ပိုက်ဆံရှိတယ်။ လစာနဲ့ ထောက်ပံ့ကြေးတွေ ရရုံတင်မကဘူး အရင်ကလည်း ဘောနပ်စ်တွေ အများကြီးကို ချွေတာခဲ့ပါတယ်"

ချင်ရှီးက သက်ပြင်းတစ်ချက်ချကာ သူ့မှာ ဘယ်လောက်ရှိလဲ မမေးတော့ဘဲ ပြုံးရုံသာပြုံးပြီး အိမ်ပြန်ဖို့ ဘာတွေစီစဉ်ထားရမလဲဟုသာ တွေးလိုက်သည်။

ပထမလ၏ ရှစ်ရက်မြောက်နေ့တွင် ကိစ္စရပ်များ ပြီးလုနီးပါးဖြစ်ပြီး ချင်ရှီးက အသေးစိတ်အချက်အလက်များကို မမေးခဲ့ပေ။ လုကျဲ့ထျန်းသည် ယုံကြည်စိတ်ချရသောကြောင့် သူမသည် ဘာကိုမှ ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ အနားယူနေခဲ့သည်။

နှစ်သစ်ကူး အဋ္ဌမညတွင် လုကျဲ့ထျန်းသည် လူခြောက်ဦး၊ ခုနစ်ဦးကို ညစာစားရန် အိမ်သို့ခေါ်ဆောင်လာကာ ဟေးဟူးနှင့် ပရိဘောဂများစီစဥ်ရန်၊ အိမ်အလှဆင်မှုတာဝန်ခံများနှင့် အလုပ်များနေ‌ကြသည်။

ချင်ရှီးသည် အေးခဲထားသောအသားကင်ကို အတုံးကြီးကြီးနှစ်ပိုင်းခွဲကာ အသားလုံးကြာဇံဟင်းချို၊ မှို၊ အာလူးနှင့် အမဲသားကင်၊ ငါးချဉ်၊ ထမင်းအိုးကြီးတစ်လုံးနှင့် ပေါက်စီများကို ပြုလုပ်ထားသည်။

အလုပ်စစချင်းတွင် ဤကဲ့သို့ ကောင်းမွန်စွာ စားသောက်ရခြင်းဖြင့် အလုပ်သမားများသည် လုကျဲ့ထျန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ပြောစရာမလိုဘဲ အလုပ်ပြီးမြောက်ရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဒါမှ သူတို့စိတ်ချမ်းသာနိုင်မှာဖြစ်သည်။

နောက်တစ်နေ့တွင် လုကျဲ့ထျန်းသည် ဟေးဟူးကိုခေါ်သွားပြီး အခန်းတွင်းရှိအရာအားလုံးကို ထုတ်ယူ၍ထုပ်ပိုးကာ အခြားတစ်ယောက်၏အိမ်တွင် ထားခဲ့သည်။

ချင်ရှီးက (ခရီးဝေး) ယူလို့ရနိုင်တဲ့ စားစရာတွေ အားလုံးကို ယူသွားပြီး ယူဖို့ မလွယ်တဲ့အရာတွေ အားလုံးကို ထိုမိသားစုများထံပေးခဲ့ပြီး သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်လိုက်သည်။

အပ်ချုပ်စက်၊ အဝတ်လျှော်စက်၊ ရေဒီယိုနှင့် အခြားအဖိုးတန်ပစ္စည်းများကို အန်တီကျောင်း၏အိမ်တွင် သိမ်းဆည်းထားသည်။ ချင်ရှီးသည် အ၀တ်လျှော်စက်ကို ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်ကြောင်း အန်တီကျောင်းကို ခွင့်ပြုပေးထားခဲ့သည်။ ဆောင်းရာသီတွင် အဝတ်လျှော်ရန် မလွယ်ကူသောကြောင့် ယဉ်ကျေးနေစရာမလိုကြောင်း တိုက်တွန်းလိုက်သည်။

"ငါပြန်လာရင် အဝတ်လျှော်စက်က အရင်အတိုင်း ရှိနေပြီး မသုံးစွဲထားဖူးဆို ငါ ဒေါသထွက်လိမ့်မယ်"
ချင်ရှီးက ရည်ရွယ်ချက်ရှိရှိ လေးလေးနက်နက် မျက်နှာထားဖြင့်ပြောရာ အန်တီကျောင်းက ရယ်မောနေ၏။

"ဒါဆို စိတ်မပူပါနဲ့။ ငါက မမိုက်မဲပါဘူး။ အဲ့ဒါကို အခွင့်ကောင်းယူလိုက်မယ်"

နှစ်ယောက်သား စကားစမြည်ပြောကာ ရယ်မောကြပြီး ချင်ရှီးကို အမြွှာနှစ်ယောက်က ခေါ်ထုတ်သွားခဲ့သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ဟေးဟူးသည် လုကျဲ့ထျန်း၏မိသားစုအား ခရိုင်အတွင်းရှိ မီးရထားဘူတာရုံသို့ မောင်းနှင်ပို့ပေးခဲ့သည်။

လုကျဲ့ထျန်းသည် ရှေ့ဆုံးကလမ်းကြောင်းဖောက်ကာ အိတ်ကြီးနှစ်လုံးကို ကိုင်ဆောင်ထားသည်။ ချင်ရှီးသည် ကလေးငယ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ လုကျဲ့ထျန်း၏နောက်မှနေ၍ ရထားပေါ်တွင် လိုက်ပါသွားကာ မွေးရပ်မြေသို့ ပြန်သည့်လမ်းပေါ်သို့ ခြေချလိုက်ကြသည်။

_***_

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now