အပိုင်း (၉)
ယမန်နေ့ကညသည် စိတ်ချမ်းမြေ့ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည့် ညလေးတစ်ညဖြစ်ခဲ့လေသည်။
ချင်ရှီးသည် မနက်အိပ်ရာနိုးသောအခါ လန်းဆန်းလာကာ ဓမ္မတာသွေးဆင်းခြင်းကြောင့် မသက်မသာခံစားရခြင်းများပင် ပျောက်ကွယ်သွားသည်။
သို့သော် ကောင်းမွန်သည့် စိတ်နေစိတ်ထားက စက္ကန့်အနည်းငယ်ကြာအောင်တောင် မခံစားလိုက်ရပါ။ ကုတင်ပေါ်ကနေ မတ်တပ်လိုက်သည့် ချင်ရှီးသည် ရုတ်တရက် အေးခဲသွားရသည်။
သူမ၏ မျက်နှာသည် မည်းမှောင်လာကာ အိမ်သာသုံးစက္ကူတစ်လိပ်ကို ကောက်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာရွှေ့ကာ လုမိသားစုခြံထောင့်ရှိ အိမ်သာသို့ ခက်ခက်ခဲခဲသွားလိုက်သည်။
၁၉၈၀ ခုနှစ်များတွင် ပစ္စည်းဝယ်ရန် လက်မှတ်များ လိုအပ်ပြီး သန့်ရှင်းသောပုဝါစဝယ်ရန် လက်မှတ်များသည် သာမန်လူများ လက်လှမ်းမမီဘဲ ဖြစ်နေ၏။
ယမန်နေ့က ချင်ရှီးမှာ ဓမ္မတာလာချိန်မှာတော့ (စိတ်ပိုင်းဆိုင်ရာ) ပြိုလဲသွားခဲ့ရသည်။ မူလကိုယ်၏ ဓမ္မာလာချိန်သုံးသည့်ခါးဝတ်ပတ်ကို မသုံးတော့ဘဲ အထည်အသစ်တစ်ထည်ကိုရှာတွေ့ပြီး ပေါ့ပေါ့ပါးပါး ချုပ်လုပ်ကာ အလွန်ကြီးမားသည့် အိမ်သာသုံးစက္ကူများကိုထည့်၍ ဓမ္မလာချိန်ခံသည့်ဂွမ်းကပ်အဖြစ်သုံးလေသည်။
ယခုခေတ် အိမ်သာသုံးစက္ကူသည် အလွန်အဖိုးတန်၍ ချင်ရှီး၏ သုံးဖြုန်းမှုကို ရွာရှိအခြားလူများက တွေ့ရှိပါက အသုံးအဖြုန်းကြီးသည့်သူအဖြစ် မိုးမွှမ်အောင်ပြောခံရလိမ့်မည်ဖြစ်သည်။
နောက်ဆုံးတော့ လူတော်တော်များများက သစ်ကိုင်းချောင်းတွေကို သုံးနေကြဆဲဖြစ်သည်။
ထိုအရာကို တွေးကြည့်လိုက်တော့ ချင်ရှီးက ဦးရေပြားများထုံသွားသလို ခံစားလိုက်ရသည်။
သို့သော် ယခင်ဘဝကထက် ပိုမိုကောင်းမွန်ပါသည်။ ယခင်ဘဝက ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကြီးက ယခုဘဝတွင်တော့ ပျောက်ကွယ်သွားခဲ့သည်။ မူလကိုယ်၏ ဓမ္မတာလာမှုသည် အနည်းငယ် မူမမှန်သော်လည်း ချင်ရှီးသည် နာကျင်မှုကို ခံစားရခြင်း လုံးဝမရှိပေ။
သန့်စင်ခန်းသွားပြီးနောက် ချင်ရှီးသည် မေမေလုနှင့်ဆုံပြီး သူမက အလျင်အမြန် နှုတ်ဆက်လေသည်။
"အာ့နင်း ရေနွေးနဲ့ မနက်စာ အဆင်သင့်ဖြစ်ပြီ။ မျက်နှာသစ်ပြီးရင် လာစားလိုက်နော်"
ချင်ရှီးက ပြန်နှုတ်ဆက်လိုက်ပြီးနောက် အခန်းအမြန်ပြန်ကာ သန့်စင်ပစ္စည်းများကိုသွားထားလိုက်သည်။
မနက်စာက သကြားညိုနဲ့ ကြက်ဥပြုတ်ဖြစ်ပြီး မေမေလုပေးသည့် ပန်းကန်လုံးမှာ ကြက်ဥလေးလုံးတောင်ပါ၏။
ချင်ရှီး : "အရမ်းများတယ် စားလို့မကုန်နိုင်ဘူး"
မေမေလုက ချော့မော့ပြီးပြောသည်။
"စားလိုက် စားလိုက် စားပြီးရင် နွေးထွေးသွားလိမ့်မယ်”
ချင်ရှီးသည် မေမေလု၏ ပြုံးနေသော မျက်လုံးများကို မြင်လိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သွားပြီး သူမ၏ နှလုံးသားသည် ရုတ်တရက် နွေးထွေးလာရသည်။
သူမအိမ်သာသွားစဥ်က မေမေလုသည် သူမလက်ထဲတွင် အိမ်သာသုံးစက္ကူလိပ်တစ်လိပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။သူမ ဓမ္မတာလာနေမှန်းသိလိုက်သောကြောင့် သကြားညိုရည်နှင့် ကြက်ဥပြုတ်ပေးခဲ့ခြင်းဖြစ်သည်။
မေမေလု၏ အပြုအမူက ပုံမှန်သာဖြစ်သော်လည်း သူမအနေဖြင့် ဤသို့သောမေတ္တာမျိုးကို လုကျဲ့ထျန်း၏မိသားစု ဆွေမျိုးဘက်မှရလိမ့်မည်ဟု သူမ အမှန်တကယ် မျှော်လင့်ခဲ့မိပေ။
ချင်ရှီးက ငြင်းဆန်နေတာကို ချက်ချင်း ရပ်လိုက်ပြီး ခေါင်းကို ငုံ့လိုက်သည်။ သကြားညိုကို အချိန်အကြာကြီး သိမ်းဆည်းထားခဲ့ပုံရပြီး ချင်ရှီး၏ အကဲဆတ်လှသောလျှာသည် ထူးဆန်းသောအရသာကို ခံစားမြည်းစမ်းနိုင်သော်လည်း သူမသည် ထိုအရာအား အရသာရှိစွာစားသောက်လိုက်သည်။
ကြက်ဥသုံးလုံးစားပြီးနောက် ချင်ရှီးသည် အမှန်တကယ်ပင် ထပ်မစားနိုင်တော့သော်လည်း မေမေလု၏ဆန္ဒအတိုင်း အံကြိတ်ကာ အကုန်စားလိုက်သည်။
မနက်စာစားပြီးသောအခါ မေမေလု၏ ကျေနပ်နေသောအပြုံးကို သူမ မြင်လိုက်ရသည်။
မေမေလုသည် 'ဒီကလေးက စားနိုင်တယ်' ဆိုပြီးစိတ်ထဲမှ ချီးမွှမ်းနေသေး၏။
ချင်ရှီးကလည်း တွေးနေမိသည်။
'ကမ္ဘာကူးပြောင်းလာကတည်းက ဒီတစ်ခေါက်က ငါစားဖူးသမျှတွေထဲ အကောင်းဆုံးနဲ့ ဗိုက်အပြည့်ဆုံး စားခဲ့ရတဲ့ အစားအစာဘဲ'
နံနက်စာစားပြီးနောက် မေမေလုသည် အစီအစဉ်ဆွဲရင်း အလုပ်များနေသည်။
ချင်ရှီး၏ယခင်ဘဝတွင် သူမသည် တစ်နှစ်ပတ်လုံး တစ်ဦးတည်းနေထိုင်ခဲ့ပြီး သူမ၏မိဘများသည် နိုင်ငံရပ်ခြားတွင် ရှိနေခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းကပင် သူမ၏ကလေးထိန်းဖြစ်သူကသာ သူမပစ္စည်းများကို ပြင်ဆင်ပေးခဲ့သည်။ ထိုကဲ့သို့သော မိခင်တစ်ယောက်က ပြင်ဆင်ပေးနေသည့် မြင်ကွင်းမျိုးကို သူမ မမြင်ဖူးခဲ့ပေ။
မေမေလုက လုကျဲ့ထျန်းကို အမိန့်ပေးခိုင်းစေနေသည်ကို ကြည့်ပြီးနောက် မနေနိုင်စွာ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းလေးများကွေး၍ ပြုံးရယ်နေမိသည်။
သူမတို့ ထွက်ခါနီးတွင် မေမေလုသည် လုကျဲ့ထျန်းကို ရုတ်တရက် ဆွဲခေါ်ကာ သူမဘာပြောသည်ကို မသိရပေ။
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့ နှစ်ယောက်သား မျက်လုံးချင်းဆုံမိသောအခါ ချင်ရှီးက မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
လုကျဲ့ထျန်းက ဘာမှမပြောဘဲ အဆင်ပြေကြောင်းညွှန်ပြရန် ခေါင်းခါပြကာ သူမ လက်ထဲမှအထုပ်ကို ကိုင်လိုက်သည်။
"ငါသယ်လိုက်မယ်"
ခရီးဆောင်အိတ်က များများစားစား မရှိဘဲ စုစုပေါင်း အိတ်နှစ်အိတ်သာ ရှိသည်။
လုကျဲ့ထျန်းက သန်မာသည့်အတွက် အိတ်တစ်ခုစီကို ဝန်ထုပ်ဝန်ပိုးမရှိ သယ်ဆောင်သွားပြီး ချင်ရှီးလည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်လိုက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
လုကျဲ့ထျန်းသည် အထုပ်နှစ်ထုပ်ကို ကိုင်ဆောင်ကာ တံခါးဝတွင် ရပ်ထားသော လှည်းပေါ်တင်လိုက်သည်။
ချင်ရှီးသည် သူမ၏အိတ်ကိုသယ်ထားသော လုကျဲ့ထျန်း၏ နောက်ကျောကို ကြည့်လိုက်ရာ ရုတ်တရက် သူ့နားရွက်များ အလွန်နီရဲနေသည်ကို တွေ့လိုက်ရသည်။
လုကျဲ့ထျန်း၏ နားရွက်အရေပြားက တော်တော်ပါးတာပါလားဟုထင်ပြီး ခေါင်းထက်က နေကို မော့ကြည့်လိုက်မိသေးသည်။
နေအလင်းအောက်ရောက်သောအခါ သူ့နားရွက်များက ရဲရဲတောက်အနီရောင်ပြောင်းသွားကြသည်။
ဖေဖေလုက လှည်းငှားပေးပြီး ယနေ့ မြို့ကို လိုက်မသွားဘဲ လယ်ကွင်းမှာ အလုပ်သွားလုပ်ရလိမ့်မည်ဖြစ်သည်။
ချင်ရှီးနှင့် လုကျဲ့ထျန်းသည် လှည်းထဲသို့ ဝင်ပြီး လုကျဲ့ထျန်း၏ တုံ့ဆိုင်းနေကြသော မိဘများထံ လက်ကိုဝှေ့ယမ်းလိုက်သည်။
လုကျဲ့ထျန်း : "အဖေနဲ့အမေ ငါတို့ပြန်ရောက်ရင် ဒီကို စာရေးလိုက်ပါ့မယ်"
"ကောင်းပြီ လမ်းမှာသတိထားသွား။ အာ့နင်းကို ပိုဂရုစိုက်နော် ကြားလား"
မေမေလုက မျက်ရည်တွေကို သုတ်လိုက်သည်။ ဟိုရောက်ရင် အာ့နင်းက အလုပ်များတော့မည်မှန်းသိ၍ ဒီတစ်ခါတော့ နှစ်အနည်းငယ်ကြာသည်အထိ မတွေ့ရတော့မည်ကို စိုးရိမ်နေမိသည်။
"သိပါပြီ စိတ်မပူပါနဲ့"
လုကျဲ့ထျန်းက ပြန်ဖြေသည်။
"အဖေနဲ့အမေ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ငါအချိန်ရရင် မင်းတို့ကိုတွေ့ဖို့ ကလေးတွေကို ပြန်ခေါ်ခဲ့ပါ့မယ်"
ချင်ရှီးကလည်း ပြန်ဖြေသည်။
"ကောင်းပြီ သွားကြတော့"
မေမေလုသည် ချင်ရှီး၏စကားကိုကြားသောအခါ အလွန်ဝမ်းသာသွားသည်။
မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ချင်ရှီးသည် ထိုသို့သောစကားပြောဖို့ နှလုံးသားရှိလျှင် လုမိသားစု၏ မိဘများသည် ပျော်ရွှင်ကြရလိမ့်မည်သာ။
လှည်းက အဝေးကို ထွက်သွားသည်နှင့် ချင်ရှီးက မေမေလုနှင့်ဖေဖေလုက လမ်းလယ်တွင် ရပ်နေကြဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် အကြောင်းပြချက်မရှိဘဲ အနည်းငယ် ဝမ်းနည်းသွားသည်။ သူမသည် ခေါင်းကို လှည့်ကာ လုကျဲ့ထျန်းကို ကြည့်၍ သူ့တွင် သူ့အား အရမ်းချစ်သော မိဘများရှိသည်ကို မနာလိုဖြစ်မိသည်။
သူမ မျက်လုံးများက တစ်ခုခုမှားနေတာကို မြင်လိုက်ရတော့ လုကျဲ့ထျန်းက မေးမြန်းသည်။
"ဘာကိစ္စရှိလို့လဲ"
"မဟုတ်ပါဘူး"
ချင်ရှီးက အနည်းငယ် မနာလိုဖြစ်နေသည်သာမဟုတ်ပါလား။
လုကျဲ့ထျန်းသည် ဖော်ဖော်ရွေရွေစကားပြောတတ်သူမဟုတ်ရာ ချင်ရှီးလည်းအနည်းငယ် စိတ်မသက်မသာဖြစ်ပြီး ပတ်ဝန်းကျင်တွင် အပြင်လူများရှိနေသောကြောင့် ပွင့်ပွင့်လင်းလင်း မပြောနိုင်ပေ။ ထို့ကြောင့် သူတို့နှစ်ဦးသည် စကားတစ်ခွန်းမှ မပြောဘဲ မျက်လုံးမှိတ်ကာ အနားယူနေကြသည်။
မြို့ကိုရောက်သည့်အခါ လုကျဲ့ထျန်းက ဘတ်စ်ကားကိုတွေ့ပြီး ခရီးဆောင်အိတ်တွေတင်ကာ ချင်ရှီးကို အရင်တက်ခိုင်းပြီး သူကအလုပ်ကိစ္စခဏသွားပြီးနောက် ပြန်လာခဲ့မည်ဟုဆိုသည်။
ချင်ရှီးသည် သူမ၏ဗိုက်ထဲတွင် မသက်မသာခံစားရသဖြင့် ခေါင်းညိတ်ကာ ကားပေါ်အရင်ထိုင်နေလိုက်သည်။
ရလဒ်အနေဖြင့်ကတော့ နာရီဝက်လောက်ကြာတော့ ကားကထွက်ခါနီးမှာပင် လုကျဲ့ထျန်းက ပြန်မလာသေးပေ။
အကယ်၍ သူသာ စစ်ယူနီဖောင်း၀တ်ထားပြီး ယာဉ်မောင်းကို စောင့်နေပေးရန် မပြောခဲ့လျှင် ယာဉ်မောင်းသည် ထိုအချိန်အထိ စောင့်မနေဘဲ ထွက်ခွာသွားတော့မည်ဖြစ်သည်။
ငါးမိနစ်လောက်အကြာတွင် ချင်ရှီးလည်းအလျင်လိုနေသည့်အချိန်မှာ လုကျဲ့ထျန်း ပြန်ရောက်လာပြီး ကားသမားကို ကျေးဇူးတင်စကားပြော၍ ချင်ရှီးရဲ့အနားကို လာထိုင်သည်။
သူ့နဖူးက ချွေးတွေထွက်နေတာကိုတွေ့တော့ ချင်ရှီးက သူ ပြန်ပြေးလာရမှန်းသိတဲ့အတွက် သူမ ဘာမှမမေးတော့ဘဲ အိတ်ကိုဖွင့်ပြီး စက္ကူလိပ်လေးကိုဆွဲထုတ်ကာ သူ့ဆီ ပေးလိုက်သည်။
"မင်းရဲ့ ချွေးတွေကို သုတ်လိုက်ဦး"
လုကျဲ့ထျန်းက ယူလိုက်ပြီးနောက် သူမကို ကျေးဇူးတင်လိုက်သည်။
"ငါတို့ အနာဂတ်မှာ ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး။ အရမ်းယဉ်ကျေးနေစရာမလိုဘူးလေ။ ကလေးတွေကြားရင် အဆင်မပြေဘူး"
ချင်ရှီးက လေသံလေးဖြင့်ရှင်းပြသည်။
လုကျဲ့ထျန်းကလည်း သဘောတူသည်။
"ကောင်းပြီ"
ကားကစထွက်လေပြီဖြစ်၍ အနည်းငယ်ဆောင့်ခုန်လာပေပြီ။
ချင်ရှီးသည် ထိုင်ခုံပေါ်၌ လှဲလျောင်းနေကာ ကားမူးလာပြီဖြစ်သည်။
လုကျဲ့ထျန်းသည် ပြတင်းပေါက်ကိုဖွင့်ရန် လက်ကိုဆန့်ထုတ်လိုက်သည်။ လေအေးရသဖြင့် ချင်ရှီး၏အမူအရာမှာ ပိုကောင်းလာ၏။
သို့သော် သိပ်မကြာခင်မှာပဲ ချင်ရှီးနောက်မှာ ကလေးကိုပွေ့ထားတဲ့သူက ပြတင်းပေါက်ကို ပိတ်ခိုင်းလိုက်သည်။ ကလေးက အသက်တစ်နှစ်ဘဲရှိသေးပြီး ဆောင်းဦးလေအေးက နည်းနည်းအေးနေသောကြောင့် ကလေးဖျားမှာစိုးရိမ်၍ဖြစ်သည်။
ချင်ရှီးသည် တစ်ဖက်လူ၏ ရင်ခွင်ထဲမှ ကလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြတင်းပေါက်ကိုသာ ပိတ်လိုက်သည်။
လုကျဲ့ထျန်းသည် အပူပေးခွက်ကိုထုတ်ကာ အဖုံးဖွင့်လိုက်ပြီး သူမထံသို့ ပေးလိုက်သည်။ ချင်ရှီးသည် သန့်ရှင်းမှုကို ဂရုမစိုက်တော့ဘဲ ခွက်ကိုယူ၍ သောက်လိုက်ရာ ဗိုက်ထဲတွင် ပို၍နေလို့ကောင်းလာသည်။
'ဓမ္မတာလာချိန် ပထမနှစ်ရက်မှာ နာကျင်ခြင်းမရှိသလို ယားယံတာလည်း မရှိဘူး။ သုံးရက်မြောက်နေ့မှ ဘာလို့ မသက်မသာ ခံစားရတာပါလိမ့်'
ချင်ရှီးသည် သူမ၏ မှတ်ဉာဏ်ကို ပြန်တွေးကြည့်ကာ အမြဲလိုလို ဤကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ယခင်က ဒါကို သတိမထားမိသောကြောင့် အနည်းငယ်ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
ဤကဲ့သို့ နှစ်နာရီကျော် မောင်းနှင်ပြီးနောက် ကားပေါ်ရှိလူများသည် အစားအစာများကို တစ်ခုပြီးတစ်ခု ထုတ်ယူကြပြီး ကားထဲတွင် အနံ့မျိုးစုံဖြင့် ပြည့်နေကာ ချင်ရှီးကို သေလုနီးပါး ခံရခက်စေတော့သည်။
လုကျဲ့ထျန်းက မေမေလု အထူးတလည်ပြုလုပ်ထားသည့် မုန့်တွေကို ထုတ်ယူပြီး ချင်ရှီးအားပေးသည်။
“စားချင်လား”
ချင်ရှီးက ငြင်းလိုက်သည်။
“နင်စားလိုက် ငါ စားချင်စိတ်မရှိဘူး”
လုကျဲ့ထျန်းက ထိုခံစားချက်ကို နားလည်သည်။ မုန့်များကိုချ၍ အိတ်အတွင်းရှိ ဘူးထဲမှအသီးအနှံယိုများကို ဖြည်၍ ချင်ရှီးထံ ပေးလိုက်သည်။
"မင်းပါးစပ်ကို အရသာပြောင်းလိုက်လေ"
ချင်ရှီးက ဘူးထဲမှအရာကို တစ်ချက်လောက်ယူစားလိုက်သည်။ အရည်အသွေးနိမ့် အစားအစာက ပါးစပ်တစ်ခုလုံးကို ချိုမြိန်စေပြီး သူမ၏ အစာစားချင်စိတ်ကို ဖိနှိပ်လိုက်စေမိရာ သူမအနေဖြင့် ပိုလို့တောင် မသက်မသာခံစားလိုက်ရသည်။
ထို့ကြောင့် ချင်ရှီးသည် တစ်ခါသာစား၍ လုကျဲ့ထျန်းကို ပြန်ပေးလိုက်သည်။
လုကျဲ့ထျန်းက ဘာမှပြန်မပြောဘဲ အဖုံးကိုပိတ်ပြီး သစ်သီးယိုဘူးကို ပြန်ထည့်လိုက်သည်။ သူက ပေါင်ပေါ်တင်ထားတဲ့ ပေါင်မုန့်အိတ်ကို ကောက်ယူပြီး ထကာ ရှေ့ဆုံးတန်းကို သွားလိုက်သည်။
ချင်ရှီးသည် သူဘာလုပ်တာလဲဆိုတာကို သိဖို့ ခေါင်းထောင်ကြည့်ချင်သော်လည်း သူမမှာ ထိုသို့လုပ်ဖို့ ခွန်အားမရှိ၍ သူပြန်လာတာကိုသာ စောင့်နေလိုက်သည်။
မကြာမှီမှာဘဲ လုကျဲ့ထျန်းသည် ပေါင်မုန့်တွေအပြင် လိမ္မော်သီးနှစ်လုံးနှင့်အတူ ပြန်လာခဲ့သည်။
"ကားပေါ်ရောက်တော့ အဲ့ဒီလူက အိတ်တစ်လုံးယူလာတာတွေ့လို့ ပေါင်မုန့်နှစ်ခုနဲ့ လဲလိုက်တယ်"
လုကျဲ့ထျန်းက လိမ္မော်သီးတွေကို ချင်ရှီးအား ပေးလိုက်သည်။
ချင်ရှီးသည် လိမ္မော်သီးကို ကြောင်တက်တက်ကိုင်ကာ လုကျဲ့ထျန်းကို လှည့်ကြည့်လိုက်ရာ၊ သူသည် လုပ်သင့်လုပ်ထိုက်သည့်တစ်ခုခုကို လုပ်ပြီးသွားသကဲ့သို့ ပေါင်မုန့်များကို လေးလေးနက်နက်စားနေသည်ကို တွေ့လိုက်ရ၍ အနည်းငယ် စိတ်လှုပ်ရှားကာ မျက်တောင်ခတ်လိုက်မိသည်။
လုကျဲ့ထျန်းကိုကြည့်ရသည်မှာ လူရိုးလူဖြောင့်နဲ့တူပေမဲ့ သူ့က အသေးအမွှားကစ တော်တော်သတိထားလိုက်မည်ဟု မမျှော်လင့်ထားပေ။
ချင်ရှီးသည် လိမ္မော်သီးကို ခွဲလိုက်သည်။ ချိုချိုချဉ်ချဥ်အရသာသည် သူမ၏ခံစားချက်ကို သက်သာစေပြီး တစ်ဝက်ကိုခွဲကာ လုကျဲ့ထျန်းအားပေးရာ သူက ခေါင်းခါပြပြီး ငြင်းပယ်လိုက်သည်။ လူတစ်ဦး၏ ကြီးပြင်းလာမှုနှင့် အကျင့်စာရိတ္တကို ထိုအသေးအဖွဲလေးမှပင် မြင်နိုင်သည်ဟု သူမတွေးမိသည်။
(တကယ့်)ဘဝမှာ ပိုက်ဆံအများအပြား ရှာခဲ့ရပြီး (ယခုဘဝတွင်) မတော်တဆ လက်ထပ်မဲ့လူကို ရှာတွေ့ရဖို့ မမျှော်လင့်ထားမိပေ။ သို့သော် ဒီလူက ဆိုးဝါးမနေခဲ့ပါ။
အရွယ်ရောက်ပြီးလူတစ်ဦးအနေဖြင့် ဘယ်လောက်ပင် ဆိုးနေပါစေ ကျူးကျူးလွန်လွန်မလုပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လုကျဲ့ထျန်း၏နောက်တွင် သူ့ကို ပဲ့ပြင်ဆုံးမ၍စောင့်ရှောက်ပေးမည့် မေမေလု ရှိနေဆဲဖြစ်၍ပင်။
မေမေလုက လုကျဲ့ထျန်းကို ဒီလိုလူကောင်းဖြစ်အောင် သင်ပေးနိုင်ခဲ့ပြီး သူမ ကလေးက နှစ်အနည်းငယ်အကြာ ကြီးပြင်းလာခဲ့ပြီးနောက် ဆိုးဝါးသောသူဖြစ်မလာခဲ့ပေ။
ချင်ရှီးသည် ကလေးများကို ပထမဆုံးအကြိမ် မည်သို့တွေ့ဆုံရမည်ကို တွေးကာ အနည်းငယ် စိတ်လျှော့လိုက်သည်။
ပထမဆုံးတွေ့ဆုံမှု၏ ထင်မြင်ချက်ကလည်း အရေးကြီးသည်ပင်။
အချိန်အကြာကြီးတွေးပြီးနောက် ချင်ရှီးသည် ပုတ်အဲ့အဲ့အနံ့ကို ထူးဆန်းစွာ အနံ့ခံလိုက်မိသည်။
ထူးခြားသာလွန်သည့် အနံ့ခံအာရုံရှိသော ချင်ရှီးသည် ချက်ချင်းပင် တစ်ကိုယ်လုံးက အားအင်များ ဆုံးရှုံးလုနီးပါး ဖြစ်သွားသည်။
ရှေ့က လေလည်လိုက်သူက ချင်ရှီး၏ အသံကိုကြားတော့ ရှက်ရွံ့မှု လုံးဝမရှိသည့်အပြင် ချင်ရှီးကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်ပြီး ရေရွတ်လိုက်သေးသည်။
"ကလေးမလေးက အရမ်းနူးညံ့သိမ့်မွေ့တာဘဲ..."
ချင်ရှီးက သူမ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားလိုက်ပြီး ဒီလူက ဘာလို့ ဒီလောက် *အရေထူရတာလဲဟု အံ့သြနေမိသည်။
(*T.N _ အရေထူ - အရှက်မဲ့ခြင်း)
သူမ ဘေးနားရှိ လုကျဲ့ထျန်းသည် သူမ၏ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ရုတ်တရက် ပါးစပ်ထောင့်များကွေးကာ ရယ်လိုက်သည်။ ချင်ရှီးသည် အမြဲတမ်း တည်ငြိမ်အေးဆေးသော ပုံရိပ်ဟန်ပန်ရှိသူဖြစ်ပြီး ဤကဲ့သို့ပုံစံအား ထုတ်ဖော်ပြသသည့်သူမကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။
ဤနည်းအားဖြင့် ချင်ရှီးသည် ချွေးများ၊ လေလည်နံ့များနှင့် ထူးဆန်းသော ချဉ်နံ့များဖြင့် ခရိုင်မြို့သို့ မရောက်ရှိမီ နှစ်နာရီကျော်ကြာ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
ကားပေါ်မှဆင်းပြီးနောက် ချင်ရှီးသည် လတ်ဆတ်သောလေကို ရှူရှိုက်ရင်း စိတ်နှလုံးထိခိုက်သွားကာ ငိုချတော့မည်အထိဖြစ်သွားသည်။
'၁၉၈၀ ခုနှစ်ကိုရွေးရတာ အရမ်းစိတ်မကောင်းဖြစ်နေရတယ်။ ၁၉၆၀ နဲ့ ၁၅၇၀ ခုနှစ်တွေကိုရွေးလိုက်မိရင် ဘာဖြစ်မလဲဆိုတာကို မတွေးဝံ့စရာပါလား'
လုကျဲ့ထျန်းက ချင်ရှီးကို အစိုးရပိုင် စားသောက်ဆိုင်ကိုခေါ်သွားသည်။ ခေါက်ဆွဲပြုတ်ချဉ် ပန်းကန်တစ်ဝက်လောက်စားပြီးနောက် အနည်းငယ် နေရထိုင်ရ သက်သာလာသည်။
လုကျဲ့ထျန်းသည် ချင်ရှီး၏ လက်ကျန်ပန်းကန်လုံးတစ်ဝက်ကိုယူကာ စတင်စားသောက်လိုက်သည်။ ချင်ရှီး၏ မျက်လုံးများ ပြူးကျယ်သွားရသော်လည်း သူမသည် ပုံမှန်အခြေအနေကို အမြန်ပြန်စဉ်းစားမိသွားသည်။
သူသည် စစ်သားတစ်ယောက်ဖြစ်ပြီးယခုခေတ်တွင် အစားအသောက်ကို မဖြုန်းတီးရန်လုပ်သည်က စေ့စပ်သေချာပါသည်။
စားပြီးနောက် လုကျဲ့ထျန်းသည် ချင်ရှီးကို ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမသို့ ပြန်ခေါ်သွားသည်။
"ငါ့အမေက မင်းအတွက် အဝတ်အစားနဲ့ ဖိနပ်နှစ်စုံဝယ်ခိုင်းပြီး မင်းမရှိတာမှန်သမျှကိုလည်း ဝယ်ခိုင်းလိုက်တယ်"
ချင်ရှီးက ခေါင်းညိတ်ပြပြီး လုပ်ခလစာကြိုတင်ပေးချေမှုအဖြစ်သတ်မှတ်ကာ သူ့အပေါ် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံမနေဘဲ ပစ္စည်းများဝယ်ယူဖို့ လက်ခံလိုက်သည်။
ချင်ရှီးသည် ရောင်းလိုအားနှင့် စျေးကွက်ရှာဖွေရေးသမဝါယမသို့ ဝင်ခါနီးတွင် လုကျဲ့ထျန်းသည် ရုတ်တရက် သူမကို တားလိုက်ပြီး အိတ်ကပ်ထဲမှ လက်မှတ်နှစ်စောင်ကို ထုတ်ပေးသည်။
"ဒါ... မင်းယူသွားလိုက်"
ချင်ရှီးက လှမ်းကြည့်လိုက်ရာ "ပုဝါစ လက်မှတ်" ဟူသည်ကိုတွေ့လိုက်ရပြီး 'ငါလိုနေတာ မင်း ဘယ်လိုလုပ် သိတာလဲ' ဟူသော အဓိပ္ပါယ်ပါသည့် အံ့အားသင့်သွားသောအကြည့်များဖြင့် ကြည့်လိုက်သည်။
ချင်ရှီးသည် လုကျဲ့ထျန်း၏ နားရွက်များ နီရဲလာသည်ကို တွေ့လိုက်ရသည်။
ချင်ရှီးမှာ အံ့အားသင့်သွားရတော့သည်။
_***_