Chapter 62

3.1K 328 1
                                    

အပိုင်း (၆၂)




ယနေ့တွင် အန်တီကျောင်း၊ ရှောင်ဟေးနှင့် အခြားတပ်သားလေးများ၏ အကူအညီဖြင့်ပင် ချင်ရှီးသည် တစ်နေ့လုံး ပင်ပင်ပန်းပန်းဖြင့် အလုပ်များနေသည်။

စားပွဲနှစ်ခုကို ခင်းကျင်းထားပြီး ဟင်းပွဲအားလုံးကို ချင်ရှီးကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ထားသည်။ သဘာဝကျစွာပင် သူမသည် အရောင်အသွေး၊ ရနံ့ အားလုံးကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခဲ့ပြီး လာရောက်စားသောက်ကြသူတိုင်းကို အံ့သြစွာဖြင့် ချီးမွှမ်းစေခဲ့သည်။

အစားအသောက်ကို မပြောဘဲ အိမ်အလှဆင်ခြင်းနှင့် ကလေးတွေကို ပြုစုပျိုးထောင်ပေးယုံဖြင့်ပင် လူတိုင်းက လုကျဲ့ထျန်းကို မနာလိုဖြစ်မိပြန်သည်။ ချင်ရှီးကို အထပ်ထပ်အခါခါ ချီးကျူးခဲ့ကြသည်။ သူမ၏ အရည်အသွေးသည် မြင့်မားလွန်းပြီး စံနှုန်းထက်ပင် အနည်းငယ်ကျော်လွန်ပါသည်။

အစားအသောက်ပွဲက လေထုသည် သွက်လက်ပြီး ဧည့်သည်တွေကလည်း ပျော်ပျော်ပါးပါးဖြင့် လုကျဲ့ထျန်းက အားလုံးကို ဧည့်ခံပေးခဲ့သည်။

"ရှောင်လု ရှောင်ချင် မင်းတို့က မှန်ကန်တဲ့လူနဲ့ လက်ထပ်ခဲ့ကြပြီးပြီ။ ဘဝကို ကောင်းကောင်း ဖြတ်သန်းကြ ကြားလား"
ကွပ်ကဲရေးမှူးကျန်းက လုကျဲ့ထျန်းကို တိုက်ရိုက် ပြစ်တင်ရှုံ့ချလိုက်သေးသည်။
"မင်း ဇနီးကို အနိုင်ကျင့်နေတာ ငါသိရင် မင်းကိုလုပ်မှာနော်။ အရင်ကလို မိသားစုအပေါ် တာဝန်မဲ့နေတာမျိုးထပ်မလုပ်ဖို့ ငါ မင်းကို ဝေဖန်ချင်တယ်"

"ဟုတ်ကဲ့"
လုကျဲ့ထျန်းကလည်း ချင်ရှီးအတွက် ကောင်းကောင်း အချိန်ပေးချင်ပါသည်။ သို့သော် ဒီအခြေအနေက သူ့အတွက် မသက်ဆိုင်ဘူးမဟုတ်လား...

လုကျဲ့ထျန်းက ကြီးကြပ်ရေးမှူးကျန်းကို လိုက်ပို့ပြီးနောက် သူ အဝေးရောက်သွားသောအခါမှ သက်ပြင်းချကာ အခန်းထဲသို့ဝင်၍ ပန်းကန်များကို သန့်ရှင်းရေးလုပ်ရန် ချင်ရှီးနောက်သို့ လိုက်ဖို့ အဆင်သင့်ပြင်သည်။

ကလေးတွေက ပန်းကန်တွေကို ဖယ်ပြီးစားပွဲကို လှဲကျင်းသုတ်သင်ကြသည်။

လုကျဲ့ထျန်းသည် ထမင်းစားပွဲအား အမြန်ရှင်းနိုင်ရန် ကူညီပေးကာ ပန်းကန်များကို ဆေးကြောရာတွင်လည်း သတိရှိရှိဖြင့် ကူညီသယ်ဆောင်ပေးသည်။

"စားပွဲကို သုတ်ပြီးတာနဲ့ အနားယူနိုင်ပြီ။ အပြင်က နောက်ထပ်အရာတွေကို ငါ ရှင်းလိုက်မယ်"
လုကျဲ့ထျန်းက ရေထည့်နေတဲ့ ချင်ရှီးကို ဘေးစောင်းကြည့်လိုက်ပြီး အင်မတန်နူးညံ့တဲ့လေသံနှင့် ပြော၏။
"ဒီနေ့ မင်းရဲ့ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ချင်ရှီးက ညစ်ပတ်နေတဲ့ရေတွေကို သွန်းလောင်းပြီး ထပ်ဖြည့်လိုက်ကာ ရေအင်တုံကို စိုက်ကြည့်ရင်းပြန်ဖြေသည်။
"ရပါတယ်"

'ဒါက သူမ အလုပ်ပါဘဲလေ'

"တကယ်တော့ ငါ သိပ်ပင်ပန်းတာ မဟုတ်ပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် အန်တီကျောင်းက ငါ့ကို ကူညီပေးခဲ့ပြီး ဟေးဟူးနဲ့ တခြားသူတွေကလည်း ပင်ပန်းမဲ့အလုပ်တွေအများကြီးကို ကူညီပေးခဲ့ပါသေးတယ်"

လုကျဲ့ထျန်း : "ဒီရက်တွေမှာ ကောင်းကောင်းအနားယူလိုက်ပါ။ မကြာခင် ကျောင်းလည်းစဖွင့်တော့မယ်"

ချင်ရှီးက ရေပိုက်ကိုပိတ်လိုက်ပြီး လုကျဲ့ထျန်းအား ရေဇလုံတစ်လုံးပြင်၍ ပြန်ပြောသည်။
"အင်းပါ။ ဒါပေမဲ့ ကျောင်းစဖွင့်တဲ့အချိန်မှာ ဂီတဆရာက အလုပ်မရှုပ်ပါဘူး"

ချင်ရှီးက ဆက်ပြောရင်း အေးလှသည့်ရေကို နွေးလာစေရန် ရေနွေးအနည်းငယ်ထည့်သည်။

လုကျဲ့ထျန်းက အနည်းငယ်ပြုံးလိုက်သည်။
"မှန်ပါတယ်"

သူတို့နှစ်ယောက် စကားမပြောတော့ဘဲ ချင်ရှီးက ထွက်သွားပြီး လုကျဲ့ထျန်းက ရေဇလုံဘေးမှာ ရပ်လိုက်ပြီး အပြည့်အလျှံရှိနေတဲ့ ပန်းကန်ခွက်ယောက်တွေကို ဆေးကြောဖို့ စတင်လိုက်သည်။

အရမ်းနောက်ကျနေပြီဖြစ်ကာ ကလေးတွေလည်း အိပ်ချင်နေလေပြီ။ ချင်ရှီးလည်း မနက်အစောကြီးထပြီး စျေးသွားဝယ်ရင်း အလုပ်များထားတာမို့ မောပန်းနွမ်းနယ်သွားသည်။

ချင်ရှီးက ကလေးတွေကို ဧည့်ခန်းအား သပ်သပ်ရပ်ရပ်ဖြစ်‌အောင် ပြင်ဆင်ခိုင်းပြီး ဆေးကြောသန့်စင်ကာ အိပ်ရာဝင်ခိုင်းသည်။

လုကျဲ့ထျန်းသည် ပန်းကန်များကို ဆေးကြောပြီး မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ထွက်လာသောအခါတွင် တိတ်ဆိတ်နေသည်ကို တွေ့ရ၍ ကလေးများအခန်းကို အလည်အပတ်သွားခဲ့သည်။

ကလေးတွေအားလုံး အိပ်ပျော်နေကြသည်ကို တွေ့ခဲ့ရပြီး အန်အန်းသည် သူမအခန်းထဲတွင် တစ်ယောက်တည်း အိပ်ရမှာကို မကြောက်ဘဲ အိပ်ပျော်နေလျက်ရှိပါ၏။

လုကျဲ့ထျန်းသည် သူ့ပါးစပ်ထောင့်ကို ညင်သာစွာကွေးညွတ်လိုက်ပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ ချင်ရှီး၏ အခန်းကိုဖြတ်သွားသောအခါ ရပ်လိုက်ပြီး ကြမ်းပြင်ကို ပေါ့ပေါ့ပါပါးမသုတ်မီ တံခါးလက်ကိုင်တွင်ချိတ်ထားသော လုံခြုံရေးကြိုးကို စိုက်ကြည့်လိုက်သည်။

ကြမ်းပြင်ကို သုတ်ပြီးနောက် မီးများကိုပိတ်ကာ သူ့အခန်းထဲသို့ ၀င်သွားခဲ့သည်။

......

နောက်ရက်အနည်းငယ်က အရမ်းအေးချမ်းလျက် ကုန်ဆုံးသွားသည်။

ကလေးတွေက ခြံထဲမှာနေရင်း သူငယ်ချင်းတွေနှင့် မတွေ့ဖြစ်တာ ကြာပြီဆိုတော့ နေ့တိုင်း အရူးအမူး ဆော့ကစားကြကာ ထမင်းစားချိန်အထိ အိမ်မပြန်လာကြပေ။ ချင်ရှီးသည် အိမ်တွင် စာအုပ်ဖတ်သည်၊ ရေဒီယိုနားထောင်သည်၊ သူမ လုပ်စရာမရှိသည့်အချိန်တွင် ကန်စွန်းဥတွေဖုတ်ကာ အေးအေးဆေးဆေး ဖြတ်သန်းခဲ့သည်။

ချင်ရှီးသည် သူမ၏ သေးငယ်သော စုငွေစာရင်းထဲရှိ ငွေများကို ရေတွက်ခဲ့ပြီး ပမာဏသည် တစ်ထောင်ကျော်သွားခဲ့ပြီဖြစ်သည်။

သူမသည် တရုတ်နှစ်သစ်ကူးကာလတွင် များစွာသုံးစွဲခဲ့သော်လည်း လုမိသားစုအိမ်သို့ ပြန်ရောက်ပြီးနောက် မေမေလုက သူမအား ပိုက်ဆံများပေးခဲ့ကာ လုကျဲ့ထျန်းကလည်း နောက်ထပ်သုံးလအတွက် ဘောနပ်စ်နှင့် လစာကို ပေးခဲ့ပြီး သူမ၏ငွေအိတ်သည် ဖောင်းပွလာခဲ့လေ၏။

'ဒီငွေကို သုံးရမယ်။ ငွေရှာဖို့ ငွေလိုတယ်။ ဘာမှ ချန်ထားလို့ မရဘူး'

ချင်ရှီးသည် ထိုကိစ္စကို စတင်စဉ်းစားပြီး ငွေကို ဘာလုပ်ရမည်ကို တွေးနေခဲ့သည်။

နွေဦးရာသီဟာ မကြာခင်မှာ စတင်တော့မှာ ဖြစ်ပြီး ပါးလွှာတဲ့အဝတ်အစားတွေ ချုပ်လုပ်ဖို့အတွက် ချင်ရှီးက စုန့်‌စစ်းနော့၏အထည်ဆိုင်အကြောင်း တွေးနေဆဲပင်။ အလုပ်ပြီးတာနဲ့ အချိန်ရရင် မော့လင်ကို လှမ်းမေးပြီး မြို့ကို လိုက်သွားပြီး ကြည့်ရမည်။

မော့လင်မှာ အချိန်မရှိရင် သူမဘာသာသွားပြီး နောက်မှ အသေးစိတ် အစီအစဉ်တွေ လုပ်နိုင်ပါသည်။

ကိုယ်ပိုင်ဆိုင်ဖွင့်ရန် ပိုက်ဆံက လုံလုံလောက်လောက်ရှိပြီး ဆိုင်ဖွင့်ဖို့ကသာ တော်တော်အခက်အခဲဖြစ်၍ အစောပိုင်းအဆင့်မှာ အချိန်တိုင်း ဂရုစိုက်ဖို့ လိုပါသည်။ ကုန်ပစ္စည်းတွေဝယ်ပြီး ရောင်းရဦးမည်။ အ၀တ်အစားတွေ ကိုယ်တိုင်လုပ်ယုံနှင့် မလုံလောက်ပါဘူး။

အဆင့်မြင့် စိတ်ကြိုက်ပြင်ဆင်ခြင်းဆိုတဲ့ အဆင့်ကိုဘဲ တိုက်ရိုက်သွားမလား။ ဒါကလည်း နာမည်ကြီးနိုင်သည်။ မော့လင်ရဲ့ ၀တ်စားဆင်ယင်မှုက ချင်ရှီးကို တပ်တွင်းမှာ ကျော်ကြားစေခဲ့ပေမဲ့ ဒါကို တပ်ဝင်းထဲက လူတွေကသာ သိကြပါသည်။

ထို့အပြင် စစ်မြေပြင်တွင် အဆင့်မြင့်အဝတ်အစားများ လိုအပ်သည့်အခါ အခြားအဝတ်အထည်များ မလိုအပ်သည့်အပြင် တပ်သားများသည် လုပ်စရာရှိလျှင် ယူနီဖောင်းများသာ ၀တ်ဆင်နိုင်သည်။ ယနေ့ခေတ်တွင် ယူနီဖောင်းများသည် တန်ဖိုးကြီးအဝတ်အစားများထက် များစွာသာလွန်ပါသည်။

ချင်ရှီးသည် စုငွေများကို သပ်သပ်ရပ်ရပ်လုပ်ပြီး သော့ခတ်ထားလိုက်ပြီး အလုပ်လုပ်ဖို့ အလျင်စလိုမဖြစ်ပါ။

'အင်း...ဒါဆို အထည်တွေ အရင်သွားဝယ်မယ်။ ပြီးတော့ ကိုယ်နဲ့ကလေးတွေအတွက် အဝတ်အစားတွေ ဖန်တီးပြီး စတိုင်အသစ်တွေ ကြော်ငြာရမယ်'

"ဒေါက်...ဒေါက်...ဒေါက်"

တံခါးခေါက်သံကြောင့် ချင်ရှီးသည် သူမ၏ပစ္စည်းများကို အမြန်ဖယ်ထုတ်လိုက်ပြီး တံခါးကိုဖွင့်ရန် အမြန်ထွက်လာသည်။
"ဘယ်သူလဲ"

ဟွမ်ယွိလန် : "ငါပါ"

ချင်ရှီးက ဝမ်းသာအားရနှင့် တံခါးကို အမြန်ဖွင့်ကာ အပြင်ဘက်တွင် မတ်တပ်ရပ်နေသော ဟွမ်ယွိလန်ကို ကြည့်လိုက်သည်။

ဟွမ်ယွိလန်သည် ခြင်းတောင်းသေးသေးလေးကို သယ်လာပြီး ချင်ရှီးကိုတွေ့တော့ ချက်ချင်း ရယ်လိုက်သည်။
"ဟေး...မင်းအိမ်အသစ်က တောက်ပနေတာဘဲ"

ချင်ရှီးက သူ့ကို ကြိုဆိုလိုက်သည်။
"မြန်မြန်လာ။ အထဲမှာ ဝင်ပြောလေအပြင်မှာ အေးနေတယ်"

ဟွမ်ယွိလန်သည် သူမနှင့်အတူ အိမ်ထဲကို လိုက်သွားပြီး အခန်းရဲ့ ပရိဘောဂတွေနှင့် အပြင်အဆင်တွေကို ကြည့်သည်။
"ဒီအိမ်က အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ မင်းဘယ်လောက်ပေးခဲ့ရလဲ"

ချင်ရှီးသည် ဟွမ်ယွိလန်အတွက် လက်ဖက်ရည်‌ပြင်ပေးရင်း ပြောသည်။
"ဒီအိမ်ကြီးကို အထက်လူကြီးက ကျဲ့ထျန်းကို ဆုအဖြစ် ချီးမြှင့်တာ။ နှစ်ပေါင်းများစွာကြာ‌မှ ပြန်ပြီးပြုပြင်မွမ်းမံထားတာပါ"

ဟွမ်ယွိလန်က ရုတ်တရက် သဘောပေါက်သွားသည်။
"မင်းတို့ အခုမှ ပြောင်းလာတာလို့ ငါထင်နေလို့ စျေးနှုန်းကို မေးချင်ခဲ့တာ"

ချင်ရှီးက ဟွမ်ယွိလန်ကို လက်ဖက်ရည်ပေးရာ သူမက ကျေးဇူးတင်စကားပြောပြီး ယူလိုက်သည်။

"မင်းအိမ်ဝယ်ချင်တာလား။ မင်းတို့မှာ အိမ်တစ်လုံးရှိတယ်မဟုတ်လား"

လုကျဲ့ထျန်းက ဟွမ်ယွိလန်၏ခင်ပွန်း တူးယုံသည် တပ်တွင်းမှ ထောက်ပံ့ပို့ဆောင်ရေးဌာနက အရာရှိတစ်ဦးဖြစ်ကြောင်း ပြောပြဖူးသည်ကို သတိရမိသည်။

"၆၀ စတုရန်းမီတာကျယ်တဲ့ အိမ်က မင်းရဲ့ဒီကိုယ်ပိုင်ဝင်းနဲ့ မတူပါဘူး။ အိမ်ရာတန်းလျားတွေအများကြီးရှိတယ်။ အသံလုံစနစ်ကလည်း အရမ်းညံ့တယ်။ အိမ်နီးနားချင်းတွေက ညော်ကြော်ရင်လည်း မသက်သာလှဘူး"
ဟွမ်ယွိလန်သည် ဤရက်အနည်းငယ်အတွင်း နေထိုင်ရသည်က သက်သောင့်‌သက်သာမရှိပေ။

"ငါ့ရဲ့မွေးရပ်မြေမှာ ခြံက အရမ်းကြီးတယ်။ ဒီမှာနေဖို့ သိပ်အသားမကျဘူး"
ဟွမ်ယွိလန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။
"သိပ်တော့ အဆင်ပြေလှတာမဟုတ်ဘူးဆိုတာ အရင်က ကြားဖူးပေမဲ့ ပတ်ဝန်းကျင်က ဘယ်လောက်တောင် ဆိုးနိုင်မှာမို့လဲလို့ တွေးခဲ့တယ်။ ဒါနဲ့ နောက်ဆုံးတော့ ငါ ဒီကို ရောက်လာခဲ့တာ။ ဆိုးရွားတဲ့ ပတ်ဝန်းကျင် မဟုတ်ဘူး။ ဒါက အိမ်နီးချင်း ပြဿနာဘဲဆိုတာ ငါသိလိုက်ရတယ်"

"ဟမ်..."
ချင်ရှီးက အနည်းငယ် စပ်စုလိုက်သည်။
"မင်း ဘယ်မှာ နေတာလဲ။ အိမ်နီးချင်း က ဘယ်သူလဲ"

ဟွမ်ယွိလန်က လိပ်စာတစ်ခုပြောပြသော်လည်း ချင်ရှီးသည် ကြားသာကြားဖူးပြီး မသွားဖူးခဲ့ပါ။ ဤနေရာနှင့် အနည်းငယ်ဝေးသည်။

"ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲက ဘယ်ဘက်ခြမ်းမှာနေတာ။ ဘုရားရေ... ညသန်းခေါင်အထိ သူတို့အိပ်ယာက လှုပ်နေတယ်"
ဟွမ်ယွိလန်က လေးလေးနက်နက် စိတ်ပူနေပုံရသည်။

"ညာဘက်ခြမ်းကမိသားစုက မိသားစုကြီးတွေနဲ့အတူနေပြီး ယောက္ခမနဲ့ ချွေးမက အချင်းချင်း ရန်ဖြစ်သံတွေ ပွက်ပွက်ညံ ပွက်လောရိုက်နေတာ။ ရန်ဖြစ်ပြီးကြရင် ကလေးက လူတွေကို အိပ်မပျော်နိုင်လောက်အောင် ငိုကြွေးပြန်ရော"

ချင်ရှီးက ပြန်မပြောဘဲ မနေနိုင်တော့ပေ။
"ဒါက နည်းနည်းတော့ ကံမကောင်းဘူး"

"ဒါကကြီးကြီးမားမားတော့ မဟုတ်ပါဘူး"
ဟွမ်ယွိလန်သည် လက်ဖက်ရည်သောက်ပြီး ပြောလိုက်သည်။
"ညဘက်ဆို ကောင်းကောင်းမအိပ်ကြဘူး။ နေ့ခင်းဘက်ဆို လူတွေနဲ့ ငြင်းခုံကြပြီး။ သူတို့ ယောက္ခမက တခြားသူတွေကို အမြဲအခွင့်ကောင်းယူရတာ ကြိုက်တယ်။ ငါ အဲ့ဒီကိုရောက်တုန်းက ပထမဆုံးနေ့မှာ သူ(မ)က ပြုံးပြုံးရွှင်ရွှင်နဲ့ တံခါးဝကိုလာပြီး ကြက်သွန်မြိတ်တွေ ယူလာပေးတယ်။ သူ(မ)နဲ့ ပေါင်းသင်းရတာလွယ်တယ်လို့ ထင်မိပေမဲ့ ညစာကို အိမ်မှာလာစားတယ်လေ။

"သူ(မ)က ငါ့အစားအစာက အရသာရှိတယ်ဆိုပြီး  ဗြောင်ကျကျနဲ့ အိမ်မှာလာစားချင်နေတယ်။ သူ(မ)ပေးထားတဲ့ ကြက်သွန်မြိတ် လက်တစ်ဆုပ်စာလောက်ကို စဉ်းစားမိတာကြောင့် ထိုင်စားခိုင်းလိုက်တာ အားလုံးကုန်အောင်စားသွားတယ်။ ပြီးတော့ နေ့တိုင်းစားချင်တဲ့ပုံနဲ့ ပန်းကန်လုံးတစ်လုံးနဲ့ ကလေးတစ်ယောက်ကပါ ချက်ချင်းရောက်လာရော"

"သူတို့အိမ်မှာ ထမင်းမချက်တာလည်း မဟုတ်ဘူး။ ဘာလို့ ငါ့ဆီလာတာလဲမသိ။ ငါ့အိမ်ကို နေ့တိုင်းဝင်စားတာ အရှက်မရှိကြဘူး။ ငါသူ့ကို ခွင့်မပြုတော့ သူက ငါ့အိမ်တံခါးမှာ ပန်းကန်လုံးတစ်လုံးနဲ့ ထိုင်စောင့်နေပြီး သနားစရာကောင်းတဲ့သွင်ပြင်နဲ့ အခွင့်ကောင်းယူနေတယ်"

ချင်ရှီးလည်း တုန်လှုပ်သွားသည်။
"ဒီလိုလူတွေရှိလား။ တူးယုံက‌ရော ဘယ်မှာလဲ"

ဟွမ်ယွိလန်က မျက်လုံးပြူးပြီးပြောသည်။
"တူးယုံက လေ့လာရေးသွားပြီ။ နောက်လအထိ ပြန်မလာသေးဘူး"

"..."

ချင်ရှီး၏အမူအရာမှာ အနည်းငယ်ရှင်းပြရခက်ပြီး ဟွမ်ယွိလန်ကို ကူညီချင်သော်လည်း ကောင်းသောနည်းလမ်းကို ခဏတာမျှ မစဉ်းစားနိုင်သောကြောင့် သူမကို ဆက်ပြောလိုက်သည်။
“မဟုတ်သေးပါဘူး။ နင်ဒီလိုအမြဲတမ်းခေါ်ထားရင် မင်းကို ပိုပြီး တွယ်ကပ်လာလိမ့်မယ်"

"အစတုန်းကတော့ ဒီကိုရောက်လာပြီး ဒီမှာဘဲနေမယ်လို့ တွေးခဲ့တာ။ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးကောင်းဖို့လည်း စိတ်ကူးထားတယ်။ ဒီလိုမျိုးဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲ။ တစ်နေ့လောက် မျက်နှာကောင်းကောင်းနဲ့ဆက်ဆံပေးပြီးတဲ့နောက် သူတို့က ငါ့ကို အနိုင်ကျင့်တယ်လို့ ထင်လာမိတဲ့အတွက် စိတ်ပျက်သွားတယ်"

ဟွမ်ယွိလန်က လှောင်ပြောင်သည်။
"ငါက အနိုင်ကျင့်လို့ရတဲ့သူနဲ့တူတယ်။ ဒါပေမယ့် ငါ့အိမ်က ကလေးကတော့ မဟုတ်ဘူး။ သူတို့က စားရတာ ကြိုက်တယ်လို့ပြောတော့ ကောကောက ဆိုင်ကိုကြိုသွားဝယ်ထားပြီး ထမင်းချက်မထားဘူး။ ဟင်းတွေကို ယူလာပေးထားတယ်။ သူတို့အိမ်သွား‌ပြီး နှစ်ရက်အတွင်း အခကြေးငွေရှင်းဖို့ ပြောလိုက်တယ်။ မဟုတ်ရင် ဒီလူအတွက်ကြောင့် မင်းအိမ်ကို ငါအလည်လာနိုင်မှာတောင်မဟုတ်ဘူး"

ချင်ရှီးက ရယ်မောရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"တပ်က တည်ဆောက်ထားတဲ့ အဆောက်အဦးသစ်က ဒီနှစ်မှာ ပြီးတော့မယ်တဲ့။ ကောင်းပြီ... တူးယုံပြန်ရောက်တဲ့အခါ မေးလိုက်ပါ"

"တကယ်လား"
ဟွမ်ယွိလန်၏ မျက်လုံးများ တောက်ပလာပြီး သူမသည် အသေးစိတ်အချက်အလက်အချို့အတွက် ချင်ရှီးကို မေးကာ ထိုကိစ္စကို စိတ်နှလုံးထဲသွင်းလိုက်သည်။

ခဏကြာ စကားစမြည်ပြောဆိုပြီးနောက် ဟွမ်ယွိလန်သည် စားပွဲပေါ်ရှိ ခြင်းတောင်းထဲမှ အထည်ကို ရုတ်လိုက်ပြီး အတွင်းဘက်တွင် ပဲပေါင်မုန့်စေးစေးလေးတွေကို ထုတ်ပြသည်။
"ဒီမနက်ဘဲ ပြုတ်ထားတာ။ စမ်းကြည့်ဖို့ ယူလာပေးတယ်"

ချင်ရှီးက ခြင်းတောင်းကို လှမ်းကြည့်သည်။ အနည်းဆုံး ဆယ်ခုလောက်ရှိတော့ သူမ အနည်းငယ် အံ့အားသင့်သွားသည်။
"ဒါက အရမ်းများတယ်။ အိမ်ပြန်သယ်သွားပါဦး"

ဟွမ်ယွိလန်က သူမလက်ကို ဝှေ့ယမ်းကာပြောသည်။
"အိုးကြီးနှစ်လုံး ပေါင်းထားတယ်။ အိမ်မှာ အများကြီးရှိတယ်"

ချင်ရှီးက မျက်တောင်ခတ်ပြီး မြောက်ပိုင်းသားလေသံကို တုကာ ပြောလိုက်သည်။
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ်"

ဟွမ်ယွိလန်က ဟက်ဟက်ပက်ပက် ပြုံးသည်။
"နင်က ဘာလို့ ငါ့ကို ယဉ်ကျေးရတာလဲ"

"စကားမစပ် ကောကောဘယ်မှာလဲ။ ဘာလို့ သူ့ကို မခေါ်လာတာလဲ"
ချင်ရှီးက မေးသည်။
   
"ခေါ်လာပေးတယ်။ ဒီကို လာတုန်းက အနီးနားမှာ ဖျင်ဖျင်နဲ့ အန်အန်းတို့ ကစားနေတာကိုတွေ့ပြီး အတူတူဆော့ဖို့ သွားတယ်"

ထိုစကားများ ပြောပြီးသည်နှင့် အပြင်ဘက်မှ အလျင်အမြန်လာသော ခြေသံများထွက်လာပြီး ကလေးများ ပြေးလာကြသည်။

"မေမေ မေမေ"
အန်အန်းက ပေါ်မလာခင်မှာ အသံက အရင်ထွက်လာသည်။

တံခါးကို တွန်းဖွင့်လိုက်ပြီး ကန့်လန့်ကာကို မြှင့်တင်ထားကာ ညစ်ပတ်နေသော ခန္ဓာကိုယ်နှင့် ရွှံ့များပေကျံနေသော မျက်နှာများရှိသည့် ကလေးသုံးယောက်သည် ချင်ရှီးနှင့် ဟွမ်ယွိလန်တို့ ရှေ့တွင် ပေါ်လာသည်။

"တုကောကော"
ဟွမ်ယွိလန်သည် တုကောကော၏ အသွင်အပြင်ကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
"နင်ဘာလုပ်နေတာလဲ။ ရွှံ့ထဲပြုတ်ကျသွားတာလား"

တုကောကောသည် မျက်နှာကို တို့ထိလိုက်ပြီး မျက်နှာမှာ အောင်မြင်စွာဖြင့် မျဉ်းတစ်ကြောင်းလုပ်လိုက်မိသည်။
"ရွှံ့ထဲ ပြုတ်ကျမလို့ဖြစ်သွားတာပါ"

"ဒါဆို မင်းဘာလို့ ကိုယ်ကိုယ်ကို ရွှံ့မျောက်လိုဖြစ်အောင်ထိ လုပ်တာလဲ။ မှန်မှန်ပြော မင်းဘာလုပ်လိုက်တာလဲ"
ဟွမ်ယွိလန်သည် လေးနက်သော အကြည့်ဖြင့် သူမကို စိုက်ကြည့်နေသည်။

သူမ ဒေါသထွက်နေတာကိုမြင်တော့ တုကောကောက မျက်တောင်ခတ်ပြီး ပြောသည်။
"တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတယ်"

ဟွမ်ယွိလန်ခမျာ ချက်ချင်း သွေးတက်လာ၏။
"ဟင်...မင်းတစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေတာလား။ ဘယ်သူနဲ့ ဖြစ်နေတာလဲ။ တစ်ခုခုဖြစ်သွားပြီလား။ အဆင်ပြေရဲ့လား"

တုကောကော : "အဆင်ပြေပါတယ်"

ဟွမ်ယွိလန်က သက်ပြင်းချပေမဲ့ ချင်ရှီးက တုကောကောရဲ့လက်မှာ သွေးစွန်းနေတဲ့ ပြတ်ရှဒဏ်ရာကို လက်ညှိုးထိုးပြပြီးမေးသည်။
"လက်က ထိခိုက်နေတာမဟုတ်ဘူးလား။ ဘာကြောင့်ဖြစ်တာလဲ အဆင်ပြေရဲ့လား"

ဟွမ်ယွိလန်က ညိုမဲနေသောမျက်နှာနှင့် ပြော၏။
"အရိုက်ခံလိုက်ရတဲ့ကလေး အဆင်ပြေလားလို့ဘဲ မေးရမယ်။ တုကောကောက မွေးရာပါအားသန်တယ်"

တုကောကောသည် ချင်ရှီးရဲ့ မျက်လုံးတွေကို ကြည့်ပြီး ရှက်ရွံ့စွာ ပြုံးနေကာ ချစ်စရာကောင်းလှပါသည်။

ချင်ရှီး : "...."

_***_

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now