အပိုင်း (၃၄)
ခရင်မ်ကိတ်မုန့်ကို ဘေးဖယ်ထားသော်လည်း ကလေးများက စိုက်ကြည့်နေကြသည်။
အန်အန်းသည် ဝက်နံရိုးချိုချဥ်များကို တစ်ကျိုက်တည်း သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ကိတ်မုန့်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ သူမသည် ကိတ်မုန့်စားနိုင်ရန် ထမင်းလျော့စားချင်သော်လည်း ဒီအစားအသောက်ကလည်း အရသာရှိလှသည်။ သူမ နှစ်သက်တဲ့အရာတွေ အများကြီးရှိပြီး အရင်က မချက်ပြုတ်ပေးဖူးတဲ့ အရာတွေ အများကြီးချက်ထားတာကြောင့် မစားဘဲနေဖို့တောင် မတတ်နိုင်ခဲ့ပါဘူး။
အန်အန်းသည် အသားစားပြီးသွားသည်နှင့် အရိုးများကိုထွေးကာ သက်ပြင်းတိုတိုချလိုက်သည်။
"ဟူး…"
လုကျဲ့ထျန်းက သူမကို လှမ်းကြည့်သည်။
"ဘာဖြစ်နေတာလဲ"
အန်အန်းက သူမရဲ့ ဒုက္ခအကြောင်းပြောပြီး ဝမ်းနည်းစွာနှင့် ဗိုက်ကို ထိလိုက်သည်။
"ဘာလို့ ဒီဗိုက်က အများကြီး မစားနိုင်ရတာလဲ။ မဟုတ်ရင် ဒီအသားတွေ ဒါမှမဟုတ် ကိတ်မုန့်အတွက် မစားနိုင်တော့မှာကို စိတ်ပူစရာ မလိုတော့ဘူး"
ချင်ရှီးက ခွီးကနဲရယ်ပြီး ဝက်နံရိုးချိုချဥ်တွေ၊ ကန်စွန်းဥတွေနှင့် တခြားဟင်းလျာတွေကို ညွှန်ပြလိုက်သည်။
"ဒီဟင်းတွေက ချန်ထားရတာ မလွယ်တဲ့အပြင် ပူပူနွေးနွေးစားမှ အရသာကောင်းတာမို့ ဒါတွေဘဲ ပြီးအောင်စားကြမယ်။ ကျန်တာကို မနက်ဖြန်မှ စားမယ်”
အန်အန်းသည် ချက်ချင်းပင် ပျော်ရွှင်သွားပြီး ဇွန်းကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။
“အင်း"
လုကျဲ့ထျန်းက ချင်ရှီးကိုငေးကြည့်နေရာ ချင်ရှီးကလည်း သူ့ကို ပြန်စိုက်ကြည့်ရင်း ပခုံးတွန့်ကာ ပြုံးပြီး ဆက်စားနေသည်။
တကယ်တော့ ဒီနေ့ ဟင်းအများကြီး မချက်ထားပါဘူး။ စီစဉ်ထားတာတွေ သိပ်မများပေမဲ့ ကုန်အောင်တောင် မစားနိုင်ဖြစ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
မြန်မြန်စားပြီးနောက် ချင်ရှီးနှင့် လုကျဲ့ထျန်းက စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို ရှင်းထုတ်ပြီး စားပွဲကို အဝတ်စုတ်ဖြင့် သုတ်ကာ ကလေးများသည် လူကြီးများက ကိတ်မုန့်မျှဝေပေးရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ချင်ရှီးသည် သူတို့ ဘယ်လောက် အစားလောဘကြီးလဲဆိုတာမြင်တော့ ခဏလောက်စောင့်ခိုင်းသည်။ ပန်းကန်တွေကို အမြန်ဆေးဖို့ လုကျဲ့ထျန်းနှင့် ပူးပေါင်းကူညီပြီး ကိတ်မုန့်ကို ထုတ်၍ စားပွဲပေါ်တင်လိုက်သည်။
ကလေးတွေက အရမ်းငယ်သေးပြီး အိမ်မှာ ကိတ်မုန့်လှီးဖြတ်စရာ ထူးထူးခြားခြားပစ္စည်းမရှိတာကြောင့် သစ်သီးလှီးဓားနှင့်သာ လှီးနိုင်သည်။ ချင်ရှီးက သူတို့ကို လှီးဖြတ်ခွင့်မပေးရဲတဲ့အတွက် သူမဘာသာလုပ်သည်။
ချင်ရှီးက ကိတ်မုန့်ကို ဓားနှင့်ထိလိုက်တဲ့အခါ ကလေးတွေရဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး မျက်လုံးတွေက ဓားလှုပ်ရှားမှုအပေါ်ကို လုံးလုံးလျားလျား လိုက်ပါသွားကြသည်။
ဓားချပြီးသွားသောအခါတွင် ကလေးငယ်များသည် မထိန်းနိုင်စွာ အသက်ရှုရပ်တန့်ထားကြပြီး သူတို့၏မျက်နှာများတွင် မျှော်လင့်ချက်အပြည့်နှင့်ကြည့်နေကြသည်။
ချင်ရှီးက သူတို့ကို ကြည့်ပြီး ပြုံးပြ၍ ခြောက်လက်မကိတ်မုန့်ကို ခြောက်မွှာ လှီးဖြတ်ကာ ပန်းကန်ငါးလုံးစီတွင် တစ်ပိုင်းစီထည့်ပြီး ကျန်အပိုင်းကို ပန်းကန်သေးသေးတစ်ခုထဲသို့ ထည့်ကာ နံဘေးဘက်မှ အန်တီကျောင်းအိမ်သို့ ပို့ပေးရန် အဆင်သင့်ထားလိုက်သည်။
"မင်းတို့အရင်စားလိုက်။ ငါ ဘေးအိမ်ကိုသွားလိုက်မယ်"
ချင်ရှီးက ကိတ်မုန့်ကို လူတိုင်းအတွက်ခွဲပေးပြီး ပန်းကန်ပြားကို ကောက်ယူလိုက်သည်။
လုကျဲ့ထျန်းသည် သူ့လက်ကို ဆန့်တန်းလိုက်ပြီး တားလိုက်သည်။
"ငါသွားလိုက်မယ်။ မင်း အရင်စား"
ချင်ရှီးသည် လုကျဲ့ထျန်းကို ဘယ်တော့မှ ယဉ်ကျေးစွာ ပြုမူမနေပါ။ ယခု သူပြောတာကိုမြင်တော့ သူမက ကိတ်မုန့်ကိုပေးလိုက်သည်။
"အန်တီကျောင်းက ကလေးတွေကို လက်ဆောင်တွေ ပေးထားပြီးသား။ သူတို့အိမ်ကိုလည်း မုန့်ပို့သင့်တယ်"
အန်တီကျောင်းသည် အမြွှာနှစ်ယောက်ကို သိုးမွှေးထိုးထားသော အနီရောင်ပဝါ နှစ်ခုပေးသည်။ သိုးမွှေးက အရမ်းကောင်းပြီး ကိုင်ရတာ အရမ်းနူးညံ့၍ ချည်မျှင်စပ်ကြောင်းတွေကလည်း သေသပ်လျက် လက်ရာလည်း အရမ်းကောင်းသည်။ ရာသီဥတုအေးလာသောအခါတွင် နဂါးနှင့်ဖီးနစ်လေးတို့ ဝတ်ဆင်နိုင်ပေသည်။
လုကျဲ့ထျန်းသည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။
"စားလို့ရပြီလား ဒါမှမဟုတ် ဖေဖေပြန်လာတာကို စောင့်ရမလား"
အန်အန်းက မျက်လုံးမှိတ်တုတ်မှိတ်တုတ်ဖြင့် မေးလိုက်သည်။
ချင်ရှီးက သူမ ခေါင်းကိုကိုင်လိုက်ပြီး ပြုံးလျက်ပြောသည်။
"စားပါ မင်းအဖေကို စောင့်မနေနဲ့"
အမြွှာနှစ်ယောက်က ကိတ်မုန့်ကို ဇွန်းနှင့် အမြန်ခပ်ပြီး ပါးစပ်ထဲထည့်ကြသည်။ မွှေးကြိုင်တဲ့အရသာနှင့်မုန့်သည် သူတို့ကို ချက်ခြင်းပင် မျက်လုံးများအား ကျေနပ်နှစ်သိမ့်မှုဖြင့် မှေးစင်းသွားစေ၏။
စ,စားစားချင်းမှာ ပါးစပ်တစ်ခုလုံး ချောမွတ်သော ခရင်မ်နှင့်နစ်မြုပ်သွားပြီးနောက် ပါးစပ်တစ်ခုလုံးက နို့အရသာဖြင့် ပြည့်နေသည်။ တစ်ဖန် ဝါးလိုက်သောအခါ နူးညံ့ပြီးချိုသောကိတ်မုန့်အတွင်းသားကို ခရင်မ်နှင့်ရောစပ်ကာ အရသာနှစ်ဆတိုးလာသည်။
"အင်း…"
ဖျင်ဖျင်သည် အရသာကို ချီးမွမ်းလို၍ ပါးစပ်ကို လက်ဖြင့်အုပ်ထားသော်လည်း ပါးစပ်ကိုဖွင့်ရန် ဝန်လေးနေသဖြင့် ခြေဖဝါးဖြင့်သာ ခုန်ဆွခုန်ဆွလုပ်၍ ချီးမွှမ်းနိုင်တော့သည်။
အန်အန်း၏ မျက်လုံးများ တောက်ပလာကာ ပါးစပ်ထဲရှိ အရာများကို မျိုချလိုက်ပြီး နောက်တစ်ဇွန်းကို အမြန်ယူလိုက်သည်။
ဤတစ်ဇွန်းတွင် ခရင်မ်နှင့် ကိတ်မုန့်သာမက ညှပ်ထားသော အသီးအနှံများလည်း ပါရှိသည်။ အဝါရောင်မက်မွန်သီးများသည် အနည်းငယ်ချိုသော်လည်း လိမ္မော်သီးများသည် အချဉ်ဖြစ်ပြီး ကိတ်မုန့်၏ အအီဓာတ်ကို လုံးဝပျက်ပြယ်စေကာ အီလည်လည်အရသာလုံးဝမရှိဘဲ ချိုချိုချဉ်ချဉ် အရသာလည်း ကြွယ်ဝလှသည်။
ချင်ရှီးသည် တစ်ခေါက်လောက်စားပြီး ကျေနပ်စွာ ခေါင်းညိတ်သည်။ ဂျယ်လီဓာတ်ပါသောအမှုန့် မရှိသောကြောင့် သူမသည် ကစီဓာတ်ပါသည့် သာမန်ဂျုံမှုန့်တို့ ရောစပ်ထားပြီး ကိတ်မုန့်အတွင်းသားကို ပြုလုပ်ခဲ့သော်လည်း ဤမျှကောင်းမွန်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ထို့ပြင် နို့၊ ထောပတ်နှင့်ရောစပ်လုပ်ထားတဲ့ ခရင်မ်ကလည်း ကောင်းသည်။ ဒါက ရွှေလက်ချောင်းဆုက ပေးဆောင်လာလို့ ပိုကောင်းအောင် လုပ်ထားတာလားဆိုတာ မသိပေမဲ့ စားလို့ကောင်းပါသည်။
ကုန်ကြမ်းတွေက ဈေးကြီးပြီး လုပ်ရတာ အဆင်မပြေပေမဲ့ အရမ်းအရသာရှိတာကြောင့် အလကားမဖြစ်တော့ပါ။
ချင်ရှီးသည် ကလေးများကို ကြည့်လိုက်ရာ ကုချင်းဟိုင်သည် ခေါင်းမမော့နိုင်တော့သည်ကိုကြည့်၍ ကျေနပ်စွာပြုံးလိုက်သည်။
အန်တီကျောင်း၏ အိမ်တွင်တော့ ကြီးကြပ်ရေးမှူးကျန်းက လုကျဲ့ထျန်း အတွက် တံခါးဖွင့်ပေးလိုက်သည်။ လုကျဲ့ထျန်းရဲ့လက်ထဲက ကိတ်မုန့်ကိုကြည့်ရင်း အနည်းငယ် အံ့သြသွားသည်။
"ဒါက ဘာလဲ"
"ကိတ်မုန့်"
လုကျဲ့ထျန်းကလည်း တုံးတိတိဖြေသည်။
"မှန်တယ်လေ။ မင်း ဘယ်ကဝယ်ခဲ့တာလဲ"
ကြီးကြပ်ရေးမှူးကျန်းက နည်းနည်းတော့ စပ်စုချင်သွားသည်။ သူတို့မှာ ဒီလိုပုံစံမျိုးရောင်းသည့်ဆိုင် မရှိဘူးဟုထင်မိသည်။
လုကျဲ့ထျန်းက ပြုံးရင်း ရှင်းပြသည်။
"ဖျင်ဖျင်နဲ့အန်အန်းရဲ့ မွေးနေ့ဆိုတော့ ချင်ရှီးက အထူးတလည်လုပ်ထားတာ"
ကြီးကြပ်ရေးမှူးကျန်းသည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းက ဇနီးကောင်းတစ်ယောက်နဲ့ လက်ထပ်ပြီးပြီဆိုတော့ အခု လာကြွားနေတာလား"
လုကျဲ့ထျန်းကတော့ ဘာမှမပြောဘဲ ပန်းကန်ပြားလေးပေးလိုက်သည်။
"မြည်းစမ်းကြည့်ပါဦး"
ကြီးကြပ်ရေးမှူးကျန်းသည် ယဉ်ကျေးမနေဘဲ ချက်ချင်းယူလိုက်သည်။
"ဒါဆို ကလေးတွေရဲ့မွေးနေ့ကို အခွင့်ကောင်းယူပြီး စားရချည်သေးရဲ့"
လုကျဲ့ထျန်းက ပြန်သွားပြီး ကြီးကြပ်ရေးမှူးကျန်းက ပန်းကန်ပြားယူကာ အိမ်ထဲပြန်ဝင်သွားတော့ အန်တီကျောင်းသည် သူ့လက်ထဲမှာ ရှိနေသည့်အရာကို မြင်တော့ ချင်ရှီးက လက်စွမ်းပြပြန်ပြီဆိုတာ သိလိုက်သည်။
"ဒါက ဘယ်လိုအချိုပွဲလဲ"
"ကိတ်မုန့်ဆိုတဲ့ အနောက်တိုင်းအချိုပွဲ"
ကြီးကြပ်ရေးမှူးကျန်းက ပန်းကန်ပြားကို မြေးငယ်ရှေ့မှာ ချထားပြီး ပြုံးလျက် ပြောသည်။
"လာ ဒီကိုလာ။ အနံ့မွှေး,မမွှေးလာကြည့်။ စားချင်လား"
ကလေးက ကိတ်မုန့်ထိပ်က လိမ္မော်သီးတွေကို ကြည့်လိုက်တော့ ချက်ချင်း စွဲလန်းသွားပြီး လက်ကို ဆန့်တန်းလိုက်သည်။
အန်တီကျောင်းက သူ့ကို လိမ္မော်သီးတစ်လုံး အမြဲပေးလေ့ရှိပြီး ထိုအရာက စားလို့ရနိုင်တယ်ဆိုတာ သူသိပါသည်။
အန်တီကျောင်းက ဒါကိုမြင်တော့ ချက်ချင်းရယ်လိုက်ပြီး ဇွန်းကိုရှာ၍ ကလေးကိုကျွေးရန် မုန့်နည်းနည်း မြည်းစမ်းလိုက်ပြီး အော်ပြောသည်။
"အမ်… ဒါက အရသာကောင်းတယ်။ နူးညံ့ပြီးချိုနေရော"
ထို့နောက် မြေးကိုမုန့်ကျွေးသည်။ ကလေးလေးဟာ ချိုမြိန်မှုကို မြည်းစမ်းပြီး သူ့ရဲ့ အနက်ရောင်မျက်လုံးလေးတွေက ပိုတောက်ပလာသည်။ စကားမပြောနိုင်တာကြောင့် ကိတ်မုန့်ကိုကြည့်ရင်း "အာ…အာ" ဟုအော်နေ၏။
"မြည်းခိုင်းယုံဘဲလေ အများကြီးမစားရသေးဘူး။ ထမင်းစားပြီးမှ စားရမယ်"
ပန်းကန်ကို ကိုင်ထားတဲ့ အရာရှိကျန်းက ဝင်ပြောသည်။
အန်တီကျောင်း : "ငါသိပါတယ် နင် ဘာလို့ စိတ်တွေအရမ်းပူနေတာလဲ"
အရာရှိကျန်းသည် အချိုများကို နှစ်သက်ပြီး အဆာပြေနှင့် သစ်သီးများကို မကြာခဏ စားလေ့ရှိသည်။ ဤမုန့်ကို မြင်သောအခါ သူလည်း စမ်းကြည့်ချင်နေသည်။
ကလေးကို တစ်လုတ်နှစ်လုတ်လောက် ကျွေးပြီးနောက် အန်တီကျောင်းက သူ့ကို ဆက်မကျွေးတော့၍ ငိုနေတော့ရာ အန်တီကျောင်းက သူ့ကိုချော့ဖို့ အတွင်းခန်းထဲ ခေါ်သွားကာ အရာရှိကျန်းကို အမြန်မြည်းကြည့်ဖို့ ပြောလိုက်သည်။
ခဏကြာတော့ ကလေးကို ချော့မော့ပြီးနောက် ဆက်မငိုတော့ချေ။ အရာရှိကျန်းက အခန်းထဲဝင်လာပြီး ကုတင်ပေါ်တက်လာ၍ မြေးလေးကို ညင်သာစွာ ပွတ်သပ်ကာ အန်တီကျောင်းကို အသံတိုးတိုးနှင့် ကလေးအား ရေပတ်တိုက်ခိုင်းလိုက်သည်။
အန်တီကျောင်းက သဘောတူပြီး အပြင်ထွက်၍ ရေနွေးထည့်ဖို့ မီးဖိုချောင်ကို ဇလုံတစ်ခုယူ၍ဝင်လိုက်သည်နှင့် ကိတ်မုန့်ပေါ်ကလိမ္မော်သီးနှင့် အသီးများညှပ်ထားသောကိတ်မုန့်တစ်ဝက်ခန့်က ကုန်သွားသည်ကို တွေ့လိုက်ရသည်။
အန်တီကျောင်းသည် ခဏလောက် အံ့အားသင့်သွားပြီး ပန်းကန်ကို ကောက်ကိုင်လိုက်သည်။
"ဒီအဘိုးကြီး…. အခု မစားရသေးဘူးလို့ပြောပြီး ကလေးကိုတော့ မကျွေးခိုင်းဘဲနဲ့"
အန်တီကျောင်းသည် ဇွန်းတစ်ချောင်းကို လှမ်းယူ၍ ကိတ်မုန့်ကိုယူစားလိုက်သည်။
ကိတ်မုန့်ကိုစားနေစဉ် သူမ မျက်နှာမှာ ပြုံးလျက်ရှိသည်။ ကိတ်မုန့်က အရသာရှိလွန်းလို့လားဆိုတာ မသိနိုင်ပါ။
ချိုမြိန်သော ကိတ်မုန့်နှင့် လှပသော မွေးနေ့သည် ကလေးများအတွက် အလွန်စိတ်ချမ်းသာစေသည်။ နောက်နေ့ နိုးလာသောအခါတွင် မနေ့ က အချိန်များကို အမှတ်ရနေကြ သကဲ့သို့ ပြုံးရွှင်နေကြသည်။
ချင်ရှီးသည် မနက်ပိုင်းတွင် အတန်းသင်ပြီး အမြွှာနှစ်ယောက်သည် သူငယ်ချင်းများကို ရှာဖွေရန် သူမနှင့်အတူ ထွက်လာကြသည်။
မနေ့က သူတို့ရဲ့ မွေးနေ့ဖြစ်တာကြောင့်ဆော့ကစားဖို့ တစ်နေ့ကုန် မထွက်လာကြတဲ့အတွက် သူငယ်ချင်းတစ်ချို့က ဘာကြောင့်မလာကြတာလဲလို့ မေးကြသည်။
အန်အန်းသည် စိတ်လှုပ်ရှားနေပြီး သူမနှင့်ဖျင်ဖျင်တို့၏ မွေးနေ့ပွဲကို အသေးစိတ်ပြောပြရာ နားထောင်နေကြသော သူငယ်ချင်းလေးများက အံ့သြပြီး မနာလိုငြူစူကြသည်။
အန်အန်းက ကိတ်မုန့်စားတယ်လို့ ပြောတာကြားတော့ မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားသည်။
“တီဗီမှာပါသလို ကိတ်မုန့် ဟုတ်လား”
အန်အန်းက အားတက်သရော ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် အဲ့ဒါဘဲ။ အရသာရှိပြီး နူးညံ့တယ်။ အရသာက ချိုပြီးတော့ ကြက်သားကိတ်မုန့်ထက်တောင် အဆတစ်သောင်း ပိုကောင်းတယ်”
သူတို့မျက်လုံးထဲမှာတော့ ကြက်သားကိတ်က ရှားရှားပါးပါး အရသာရှိပြီးသားဖြစ်ပေမဲ့ ထိုကိတ်မုန့်က ကြက်သားကိတ်မုန့်ထက် အဆ ၁၀၀၀၀ ပိုအရသာရှိတယ်ဆိုရာ…
'ဘယ်လောက်အရသာရှိတာပါလိမ့်'
ကလေးတွေက အန်အန်းနှင့် ဖျင်ဖျင်ကို ဆက်လက်မေးမြန်းကြပြီး သူတို့ရဲ့အသေးစိတ်ဖော်ပြချက်ကို နားထောင်ပြီးနောက်မှာတော့ သူတို့ဟာ လောဘကြီးစွာဖြင့် သွားရည်ကျသွားကြသည်။
တစ်နာရီကျော်ကြာပြီးနောက် ချင်ရှီးသည် အတန်းသင်ရာမှ ပြန်လာကာ အမြွာများကို ခေါ်ကာထွက်သွားလေသည်။ ကျန်ကလေးများသည် မကစားကြတော့ဘဲ အိမ်သို့အမြန်ပြေးကာ မိခင်ဖြစ်သူကို တွေ့၍ ကိတ်မုန့်၊ ဝက်နံရိုးချိုချဉ်၊ ကန်စွန်းဥကြော်၊ ဝက်သားကြော်နှင့် ငါးပေါင်းကြော်တို့လုပ်ပေးရန် အော်ဟစ်ပူဆာကြသည်။ ဖျင်ဖျင်နှင့် အန်အန်းဆီက ကြားလာရသည်ဆိုတာကို ကြားတော့ မိခင်တွေ မပျော်နိုင်ကြတော့ပေ။
(*T.N_ သူများကလေးတွေအမေက ဟင်းချက်ကောင်းတယ်လို့ နာမည်ကြီးတဲ့သူမို့ သူတို့ မပျော်နိုင်ဘူးလို့ ဆိုလိုတာပါ)
ကလေးတွေက ထပ်ခါတလဲလဲ ပူဆာကြသည်။
"ဖျင်ဖျင်နဲ့အန်အန်း မနေ့က သူတို့မွေးနေ့မှာ သူတို့ရဲ့မိထွေးက သူတို့ကို ခရိုင်ကိုခေါ်သွားပြီး ဆော့ကစားရင်း လက်ဆောင်တွေဝယ်ပေးပြီး ထူးထူးခြားခြားကိတ်မုန့်လုပ်ပေးတာ အရမ်းစားကောင်းတယ်တဲ့”
“မေမေ ကျွန်တော်လည်း စားချင်တယ်”
မိခင်က နူးညံ့စွာပြောသည်။
“မေမေ မလုပ်နိုင်ဘူးလေ။ မေမေမှာ ပိုက်ဆံလည်း မရှိဘူး။ ဒါကြောင့် ညဘက် ဖေဖေပြန်လာရင် တောင်းခိုင်းလို့ရတယ်”
အသိဉာဏ်ထက်သော ကလေးသည် ညဘက်တွင် ဖေဖေ့ကိုပြောရန် ခေါင်းညိတ်ကာ စဉ်းစားနေလေသည်။ မသိနားမလည်သော ကလေးများသည် ငိုယိုပြီး ဆက်လက်ပူဆာနေကြသည်။
ထိုအခါ မိခင်အချို့က ဒေါသထွက်ကာ သားသမီးများ၏ နဖူးပေါ် လက်ညိုးထိုးကာ ဆုံးမကြသည်။
“စား၊ စား၊ စား… နင်က ဘယ်လိုစားရမလဲဆိုတာဘဲသိတယ်။ မင်းအမေက မင်းကို မစားစေချင်ဘူးထင်လား။ ပိုက်ဆံတစ်ပြားမှမရှိဘူး။ အသားတွေ၊ ငါးတွေ၊ ထောပတ်ကိတ်မုန့်တွေ…ဟုတ်လား။ ငါ့ကိုယ်ငါ ရောင်းရမလား။ ဒါမှမဟုတ် မင်းကို ရောင်းရမလား"
အရိပ်အခြည်နားလည်တဲ့ ကလေးတွေက ကြောက်ပြီး ထပ်မပြောရဲကြပေမဲ့ နုံအပြီးလောဘကြီးတဲ့ ကလေးတွေက ဆက်လက်ပူဆာကြသည်။
"ငါ ဂရုမစိုက်ဘူး။ ဂရုမစိုက်ဘူး။ စားချင်တယ် စားချင်တယ်။ ဖျင်ဖျင်နဲ့ အန်အန်းက အမြဲတမ်း အသားစားတယ်။ အဝတ်အစားအသစ်တွေကို ငါလည်း ဝတ်ချင်တယ်"
ထိုအခါ မိခင်များက ဆက်လက်သည်းမခံနိုင်တော့ဘဲ သူတို့ရဲ့တင်ပါးသေးသေးလေးများကို ရိုက်ကြတော့သည်။
"မင်းက ရိုက်ခံချင်နေပြီထင်တယ်"
"ဝူး…ဝူး…ဝူး"
ဝက်များပင် အရှုံးပေးရနိုင်သည့် ငိုသံများက မိသားစုဝင်းအတွင်း အိမ်တိုင်းနီးပါးဆီမှ ထွက်လာကြတော့သည်။
ညနေပိုင်းတွင် ဖခင်များ အိမ်ပြန်ရောက်သောအခါ အရိုက်ခံထားရသော ကလေးများသည် တိုင်တန်းကြသည်။
မေမေများက နှာခေါင်းရှုံ့နေကြပြီး ဖေဖေများက ခေါင်းကိုက်ရတော့သည်။
"သွားရအောင် အသားပိုင်းသွားဝယ်ကြမယ်"
ဘယ်လောက်ဘဲ ခက်ခက်ခဲခဲဖြစ်ပါစေ ကလေးကိုတော့ စိတ်ဒုက္ခမပေးနိုင်ဘူး မဟုတ်လား။ ကလေးတွေက အရမ်းလောဘကြီးတဲ့အတွက် သူတို့စိတ်ကျေနပ်အောင် အသားနည်းနည်းကျွေးလိုက်ကြတာပေါ့။
ဖေဖေ သဘောတူတာကိုမြင်တော့ တစ်ချို့ကလေးတွေက ဆက်လက်တောင်းဆိုကြသည်။
"ကိတ်မုန့်ရော စားချင်သေးတယ်။ တစ်ခါမှ မစားဖူးဘူး"
ဖေဖေက လန့်သွားသည်။
"ဘာလို့ ချက်ချင်းကြီး စားချင်ရတာလဲ"
နံဘေးရှိ မေမေက ရှင်းပြရတော့သည်။
"တပ်မှူးလုရဲ့ ကလေးတွေမွေးနေ့မို့ သူတို့ မိထွေးက ကိတ်မုန့်လုပ်တယ်တဲ့။ ဒါပေမဲ့ ငါ့မှာ ကိတ်မုန့်လုပ်ဖို့ အရည်အချင်းမရှိဘူး ဘယ်လိုလုပ်ရမှန်းမသိဘူး"
ကလေးကထပ်ပြီး အော်ကာ ပူဆာပြန်သည်။
"လိုချင်တယ်”
စိတ်ရှည်သည်းခံတတ်သော မိခင်ကဖြောင်းဖျရှာသည်။
“အသားစားရတာကောင်းတယ်။ ကိတ်မုန့်ကိုတော့ မစားပါနဲ့တော့လား။ မင်း ထပ်ပြီး ဒုက္ခပေးရင် ငါ မင်းကိုပစ်လိုက်မယ်”
ကလေးက ဒေါသတကြီး ဟစ်အော်လိုက်သည်။
“ပစ်လိုက်ပေါ့။ မင်း ငါ့ကိုပစ်လိုက်ရင် ငါ ဖျင်ဖျင်နဲ့အန်အန်းကိုသွားရှာပြီး သူတို့အိမ်ရဲ့ကလေးဖြစ်လာလိမ့်မယ်"
မိခင်က ဒေါသအရမ်းထွက်ပြီး ဖင်ကိုပြန်ရိုက်၍ ကလေးက ငိုပြန်သည်။ တစ်နေ့ကို နှစ်ကြိမ် အရိုက်ခံရလို့ ကလေးက ဒေါသထွက်ကာ သိမ်းကျုံးပြောတော့သည်။
"မေမေက ဆိုးတယ်။ လူတွေကို အမြဲရိုက်တယ်။ အရသာရှိလှတဲ့ အစားအစာတွေကို ချက်ပြုတ်နိုင်တဲ့အပြင် လှပတဲ့အဝတ်အစားအသစ်တွေကို ဖန်တီးနိုင်ပြီး အေးအေးဆေးဆေးနေထိုင်တတ်တဲ့ မိထွေးမျိုးကို ရှာပေးပါ ဖေဖေ"
“ဘာဖေဖေလဲ။ အခုမှ ဖေဖေလို့ခေါ်မနေနဲ့"
မိခင်ဖြစ်သူက ဒေါသတကြီးနှင့် သူ့တင်ပါးလေးကို နှစ်ချက်သုံးချက် ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်သည်။
"အား…"
"ဝူး…ဝူး…ဝူး"
"ကူညီကြပါ"
အော်ဟစ်သံများက လမ်းတစ်လျှောက် ကျယ်လောင်လျက်ရှိနေတော့သည်။
_***_