အပိုင်း (၆၀)
နေရောင်ခြည်သည် ပြတင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် အတွင်းဘက်ရှိလူများအား နွေးထွေးသွားစေသည်။
ချင်ရှီးက ကောင်းကင်ကို ကြည့်လိုက်တော့ နေမင်းကြီးက တောက်ပနေပြီး စိတ်ခံစားချက်တွေ ပိုကောင်းလာသည်။
"ဒီနေ့ ရာသီဥတု ကောင်းတယ်"
"ဒါ ကောင်းတဲ့ လက္ခဏာဘဲ"
ဟွမ်ယွိလန်သည် ပြုံးပြီး သူမကျောပိုးအိတ်ထဲကို ပစ္စည်းမျိုးစုံထည့်ကာ နောက်မှာ ရထားပေါ်ကဆင်းတဲ့အချိန် အဆင်သင့်ဖြစ်ရန် ပြင်ထားသည်။
"ရောက်တော့မယ်။ မဟုတ်ရင်လည်း (ရထားဆက်စီးနေရမယ်ဆို) ရူးသွားရလိမ့်မယ်"
တုကောကောသည် အိတ်ကို ပွေ့ချီကာ ကုတင်ပေါ်မှ ခုန်ဆင်းလျက် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။
ဖျင်ဖျင်နှင့် အန်အန်းတို့သည် သူတို့၏ ကိုယ်ပိုင်အိတ်ငယ်များကို သယ်ဆောင်ထားကြပြီး တုကောကောနှင့်အတူ ရထားပေါ်၌ မတ်တပ်ရပ်ကာ လက်များ ခြေထောက်များကို လှုပ်စိခတ်နေကြ၏။
သူတို့ရဲ့ချစ်စရာကောင်းတဲ့ ရုပ်ရည်ကိုမြင်တော့ ဖြတ်သွားတဲ့လူကြီးတွေက တစ်ယောက်ပြီးတစ်ယောက် ပြုံးပြကြသည်။
"မင်းတို့ကို လာကြိုဖို့ တစ်ယောက်ယောက် လာမှာလား"
ချင်ရှီးက ဟွမ်ယွိလန်ကို မေးသည်။
ဟွမ်ယွိလန် : "ကလေးရဲ့အဖေက ဒီမှာရှိတာပါ။ စိတ်မပူပါနဲ့။ ငါ နောက်မှ တုကောကောနဲ့အတူ မင်းအိမ်ကို လာလည်ဦးမယ်"
ချင်ရှီးက ပြုံးပြီး အိမ်လိပ်စာပေးကာ ကလေးများ အတူတူဆော့ကစားနိုင်ရန် ချိန်းလိုက်သည်။
တုကောကော ဝတ်ထားတဲ့ အဝတ်အစားတွေကို ဟွမ်ယွိလန်ကိုယ်တိုင် ဖန်တီးထားတာပါ။ လုမိသားစု ကလေးတွေဟာလောက် ဆန်းသစ်တဲ့ပုံစံမဟုတ်ပေမဲ့ မဆိုးလှပါဘူး။ သူမရဲ့ လက်ရာက အရမ်းကောင်းပါသည်။
သူမတွင် အပ်ချုပ်စက်မရှိသည့်အပြင် အဝတ်အစားများအားလုံးကို လက်ဖြင့်ချုပ်ထားသည်။
ထို့အပြင် ဟွမ်ယွိလန်သည် အထက်တန်းကျောင်းအောင်မြင်ထားသောကြောင့် သူမသည် အနာဂတ်တွင် တပ်ဝင်းအတွင်း အလုပ်အကိုင်ကောင်းများ ရှာဖွေနိုင်မည်ဖြစ်သည်။
ဟွမ်ယွိလန်သည် ရက်ရောပြီး ချစ်စရာကောင်းသော ကိုယ်ရည်ကိုယ်သွေးရှိကာ သူမသည် မရှက်မကြောက်တတ်ဘဲ လူများနှင့်ရင်းနှီးပြီးနောက် အလွန်စိတ်အားထက်သန်တတ်သူဖြစ်သည်။ တုကောကောသည် အလွန်ချစ်စရာကောင်းပြီး ဥာဏ်ရည်ထက်မြက်သူဖြစ်၍ အခြားသူများကို လေးနက်သောပုံစံဖြင့် အမြဲဖျော်ဖြေပေးနိုင်စွမ်းရှိပါသည်။ ချင်ရှီးသည် သူတို့ကို အလွန်နှစ်သက်ပြီး အနာဂတ်တွင် မကြာခဏတွေ့ရန် စီစဉ်ထားသည်။
နာရီဝက်ကျော်ကြာ စကားစမြည်ပြောဆိုပြီးနောက် ရထား၏အရှိန်သည် တဖြည်းဖြည်းနှေးကွေးလာပြီး ဘူတာရုံသို့ရောက်လုနီးနီးဖြစ်နေပြီဖြစ်သည်။
ဒီရထားက နောက်ရှေ့ဆက်မဲ့ဘူတာတစ်ခုရှိနေဆဲဖြစ်သည်။ ဒါပေမဲ့လည်း ဒီဘူတာမှာဆင်းတဲ့ လူတွေလည်းများပါသည်။ လူတိုင်းက ဘူတာနီးလာတာကိုမြင်တော့ ခရီးဆောင်အိတ်တွေကို ကြိုတင်ထုပ်ပိုးပြီး ဆင်းဖို့ တံခါးမှာ ပြုံတိုးနေကြသည်။
ချင်ရှီးသည် လူတန်းကိုကြည့်ကာ ကလေးများကို ပြန်ထိုင်ရန် ဆွဲခေါ်လိုက်သည်။
"ခဏစောင့်။ ရထားက အားလုံးပြီးမှ ထွက်သွားမှာပါ"
"ဟုတ်တယ်။ ငါတို့က ကလေးတွေပါတော့ သူတို့နဲ့ ဝင်မတိုးတာ ပိုကောင်းပါတယ်"
ဟွမ်ယွိလန်က သံယောင်လိုက်ကာ သဘောတူသည်။
ဝဖြိုးသောအမျိုးသမီးသည် ဆက်၍ထိုင်မနေတော့ဘဲ သူမ၏ခရီးဆောင်အိတ်အပါအဝင် သူမကလေးနှင့်အတူ ရထားတံခါးဝတွင် ရပ်ကာ ဆင်းရန်စောင့်နေသည်။
ချင်ရှီးက သူမကို တစ်ချက်ကြည့်လိုက်ပြီး လွှတ်ထားလိုက်သည်။
လူတွေက အထူးသဖြင့် ရထားနှင့်ကားတွေ မရပ်ခင် ဆင်းဖို့ အဆင်သင့်ဖြစ်နေတတ်ကြသည်။ ယာဉ်ရပ်ပြီးနောက် စပယ်ယာက တံခါးဖွင့်သည်ဖြစ်စေ မဖွင့်သည်ဖြစ်စေ ထွက်ပေါက်ကို တိုးဝှေ့ပြီး စောင့်ရတာကို နှစ်သက်ကြသည်။
အပြင်မထွက်ရသေးရင်တောင် ထွက်ပေါက်မှာ မတ်တပ်ရပ်ပြီး စောင့်ဆိုင်းရတာကို ဘာကြောင့် နှစ်သက်နေကြလဲဆိုတာ နားမလည်နိုင်ပါ။
လူအနည်းငယ်ကသာ ခရီးဆောင်အိတ်ကိုမထုတ်ဘဲ လူကုန်ဆင်းခါနီးအထိ အေးအေးဆေးဆေး စောင့်ဆိုင်းကြလိမ့်မည်။
အိမ်ပြန်ဖို့ မစောင့်နိုင်တော့တဲ့ လူတွေက အရမ်းစိတ်အားထက်သန်ကြပုံပါဘဲ။
ချင်ရှီး၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံရပ်ခြားတွင် ရှိနေတတ်ကြပြီး သူမအနေဖြင့် နွေဦးပွဲတော်နှင့် တရုတ်နှစ်သစ်ကူးကာလများတွင် အိမ်ပြန်လိုသည့် စိတ်အားထက်သန်သောခံစားချက်ကို မခံစားခဲ့ရပေ။ ဒါပေမဲ့ ဒီကမ္ဘာကိုလာပြီး ပွဲတော်တွေကို ဆင်နွှဲရဖို့ မမျှော်လင့်ထားခဲ့ပါဘူး။
တပ်ဝင်းအတွင်းက ပြန်လည်မွမ်းမံထားသော အိမ်အကြောင်းတွေးရင်း ချင်ရှီးသည် အနည်းငယ်မျှသော မျှော်လင့်ချက်ကို နားမလည်နိုင်အောင် ခံစားခဲ့ရပြီး အလှဆင်မှုက မည်သို့ဖြစ်နေသည်ကို ကြည့်ရန် အမြန်ပြန်သွားချင်လှသည်။
ချင်ရှီးသည် ရုတ်တရက် စိတ်ထဲမှ အံ့အားသင့်သွားခဲ့သည်။ လုမိသားစုကို သူမ၏ "အိမ်" အဖြစ် ယခုလေးတင် မှတ်ယူထားလိုက်မိပုံရပြီး သူမသည် မကြာမီ အိမ်ပြန်တော့မည်ဟု တွေးကာ စိတ်အေးလက်အေး ဖြစ်နေသေးသည်။ ချင်ရှီး မျက်တောင်ခတ်ပြီး အနည်းငယ် အံ့သြသွားသည်။
"ဘူတာရောက်ပြီ။ ရထားပေါ်က ဆင်းမဲ့သူတွေ မြန်မြန်ဆင်းကြပါ"
ဝန်ထမ်းက အော်ပြောပြီးနောက် စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီးက ဖြည်းညှင်းစွာ ရွေ့သွားသည်။
ချင်ရှီးသည် တခဏအတွင်း သတိပြန်ဝင်လာပြီး နောက်တွင် တစ်စုံတစ်ခုကျန်ခြင်းရှိမရှိကို ထပ်မံစစ်ဆေးသည်။
တရုတ်လူမျိုးများသည် မိမိနေထိုင်ရာ အိမ်ပေါ်တွင် သဘာဝအလျောက် မှီခိုအားထားကာ အထူးခံစားချက်များဖြင့် နှစ်သက်တတ်ကြသည်။ အိမ်သည် သူမကိုယ်တိုင် ဒီဇိုင်းဆွဲထားတာကြောင့် ရှုမြင်ရဖို့ စောင့်မျှော်နေမိတာလည်း ဖြစ်နိုင်ပါသည်။
'ဘာဘဲဖြစ်ဖြစ် ကြီးကြီးမားမားတော့ မဟုတ်လောက်ပါဘူး'
ချင်ရှီးက အာရုံထွေပြားတဲ့ အတွေးတွေကို ထားလိုက်ပြီး ထလိုက်ကာ ကလေးတွေကို တန်းစီခိုင်းပြီး ရထားတံခါးဝကို ဖြည်းညှင်းစွာ လျှောက်သွားသည်။
ရထားပေါ်မှဆင်းပြီးနောက် အေးစက်သောလေက တိုက်ခတ်လာသဖြင့် ချင်ရှီးကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။
ရထားထဲက အရမ်းပူပေမဲ့ အပြင်ဘက်ရာသီဥတုက အရမ်းအေးသည်။ ချင်ရှီးက နေအရမ်းပူနေတာကို ပြန်တွေးပြီး နေကို မော့ကြည့်လိုက်သည်။
'နေရောင်မရှိမှသာ ပိုအေးရမှာမဟုတ်ဘူးလား'
ဟွမ်ယွိလန်သည် တုကောကောကို အတူတူဆွဲပြီး ချင်ရှီးတို့နှင့်အတူ အပြင်သို့ လိုက်သွားကြသည်။
ဟုတ်ပါသည်။ ဒီအရပ်မှာအေးပေမဲ့ အရှေ့မြောက်ထက်တော့ နည်းနည်းနေလို့ကောင်းပါသေးသည်။ ချင်ရှီးသည် ယခင်ဘဝက တောင်ပိုင်းတွင် နေထိုင်ခဲ့ရပြီး မြောက်ဘက်ပိုင်းတွင် ပထမဆုံး ဆောင်းရာသီကို ဖြတ်သန်းရခြင်းဖြစ်သောကြောင့် အအေးဓာတ်ကို နေသားမကျခြင်းပင်။
တကယ်တော့ မူလကိုယ်က တောင်ပိုင်းကမဟုတ်ဘဲ အအေးဒဏ်ကို အထူးမကြောက်တတ်ပေမဲ့ ချင်ရှီးကတော့ စိတ်ပိုင်းဆိုင်ရာအရ အေးစက်နေသည်ဟုခံစားရတာကြောင့် သူမခန္ဓာကိုယ်ဟာ တုန်ယင်နေသည်။ ကလေးတွေကို ဆွဲခေါ်ပြီး လုကျဲ့ထျန်းအနားသွားကာ တုန်ရီနေ၏။
သူမက အအေးဒဏ်ကို ကြောက်တတ်မှန်းသိသဖြင့် လုကျဲ့ထျန်းသည် သူမ၏မျက်နှာကို တိုက်ခတ်နေသည့် အေးစက်သောလေဒဏ်မှကာကွယ်ပေးရန် သူမ ရှေ့မှ တမင်တကာ လျှောက်လှမ်းပေးသည်။
သို့သော် မြောက်လေက နေရာတိုင်းသို့ ရောက်လာပြီး လုကျဲ့ထျန်း၏တစ်ဦးတည်းစွမ်အားက မတားဆီးနိုင်ပါ။
ဒီနေ့မှာတော့ ထုံးစံအတိုင်း ဟေးဟူးက သူ့တို့ကို ကားနှင့်လာခေါ်ကာ လုကျဲ့ထျန်းကိုမြင်ပြီးသည့်နှင့် "အဖွဲ့ခေါင်းဆောင်" လို့ ခေါ်ပြီး ချက်ချင်းပြေးလာသည်။
ချင်ရှီး၏နောက်မှလိုက်လာသော ဟွမ်ယွိလန်သည် လုကျဲ့ထျန်းက တပ်ရင်းမှူးဖြစ်သည်ကို သိရှိသွား၍ ခဏတာ အံ့သြသွားပြီး သူမ ခင်ပွန်းကိုမြင်လိုက်သောကြောင့် သူတို့အား ဆက်၍ ဂရုမစိုက်နိုင်တော့ပေ။
"တူးယုံ...တူးယုံ ငါဒီမှာ"
ဟွမ်ယွိလန်သည် လက်ဝှေ့ယမ်းရင်း အော်လိုက်သည်။
တုကာကောသည် သူမ အဖေဘယ်မှာရှိနေသည်ကို မမြင်ရသဖြင့် အနည်းငယ်စိုးရိမ်သွားသည်။
"မေမေ ဖေဖေ ဘယ်မှာလဲ။ ဘာလို့ မမြင်ရတာလဲ"
ချင်ရှီးသည် တုကောကော၏ အသံဝဲသောလေယူလေသိမ်းကို နားထောင်လျက်ပြုံးမိသည်။ အသံက ရယ်စရာကောင်းတာမျိုးမဟုတ်ပါ။ ချစ်စရာကောင်းလွန်းလို့ မပြုံးဘဲမနေနိုင်တော့ခြင်းပင်။
အရှေ့မြောက်လေယူလေသိမ်းကို နားထောင်ရတာ အရမ်းသဘောကျစရာကောင်း၍ သူမ အရမ်းကြိုက်ပါသည်။
တူးယုံသည် သူ့မိန်းမရဲ့အသံကိုကြားတော့ သူတို့ကိုတွေ့သွားပြီး ချက်ချင်းပြေးလာလျက် ပွေ့ဖက်လိုက်ကာ အရှေ့မြောက်လေယူလေသိမ်းဖြင့် အော်ခေါ်သေး၏။
"မိန်းမ"
လုကျဲ့ထျန်းသည် တူးယုံကိုကြည့်နေသည်ကို ချင်ရှီးမြင်လိုက်သည်။
"နင်သူ့ကိုသိလား"
လုကျဲ့ထျန်း : "လွန်ခဲ့တဲ့ ၂ နှစ်လောက်က ငါတို့ မစ်ရှင်ပေါင်းများစွာကို အတူတူလုပ်ခဲ့ကြပြီး တခြားနေရာတွေကိုလည်း လေ့လာဖို့ အတူတူ သွားခဲ့ရတယ်"
"ဖေဖေ"
တုကောကောသည် သူမ အဖေက ဟွမ်ယွိလန်ကိုသာ ပွေ့ဖက်ထားပြီး သူမအား လျစ်လျူရှုနေတာကို မြင်လိုက်ရတော့ မျက်နှာလေး ပျက်သွား၏။
"ဖေဖေက သမီးကို မမြင်တော့တာလား…ဘာလဲ။ ဖေဖေ့မျက်လုံးထဲမှာ မေမေ တစ်ယောက်တည်းရှိတာလား "
ဟွမ်ယွိလန်သည် ရှက်ပြီး တူးယုံကို အမြန် တွန်းထုတ်လိုက်သည်။ သူတို့ မတွေ့ကြတာ နှစ်နှစ်နီးပါးရှိပြီဖြစ်သည်။ မဟုတ်ရင် လူတွေအများကြီးကြားမှာ ပွေ့ဖက်ထားမှာ မဟုတ်ပါဘူး။
တူးယုံသည် ဟွမ်ယွမ်လန်ကို လွှတ်လိုက်ပြီး မပျော်မရွှင်ဖြစ်နေသော တုကောကောကို ကြည့်ပြီး ရယ်မောကာ သူမကို ကောက်ချီလိုက်ပြီး လေထဲသို့ ပစ်တင်ပေး၏။
"မင်းကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး။ ကောကောကရော ဖေဖေ့ကို လွမ်းနေသလား"
"သမီးက အဆင်ပြေပါတယ်။ မေမေကတော့ ဖေဖေ့ကို အချိန်တိုင်းလွမ်းဆွတ်နေပြီး ဖေဖေ့အကြောင်း နေ့တိုင်းပြောနေတာ"
တုကောကောသည် ချက်ချင်းပျော်ရွှင်သွားပြီး သူမ မေမေကို သစ္စာဖောက်တော့သည်။
ဟွမ်ယွိလန်သည် မျက်မှောင်ကြုတ်ပြီး သူမ၏ နောက်ကျောကို ညင်သာစွာ ပုတ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
"မင်းဘာတွေပြောနေတာလဲ"
'အားလုံးကို ထုတ်ပြောလိုက်ပါတော့လား'
ဟွမ်ယွိလန်သည် ချင်ရှီးက သူတို့အား ပြုံးလျက်ကြည့်နေသည်ကိုမြင်တော့ အနည်းငယ်ရှက်သွားမိသည်။
ထိုအချိန်တွင် တူးယုံသည် သူ့ဘေးနားရှိ အခြားလူများကို သတိပြုမိသွားသည်။
"ခေါင်းဆောင် လု"
လုကျဲ့ထျန်းက သူ့ကို ပြုံးပြသည်။
"မတွေ့တာကြာပြီနော်"
ဟွမ်ယွိလန်က တူးယုံကို ပြောပြသည်။
"လမ်းတစ်လျှောက်မှာ ငါတို့သားအမိကို ပြုစုစောင့်ရှောက်ပေးခဲ့ကြတာ"
တူးယုံသည် သူတို့ကို ချက်ချင်းကျေးဇူးတင်လိုက်သည်။ ပျော်ရွှင်စရာတွေဖလှယ်ပြီးနောက် အတူတူထွက်လာခဲ့ကြသည်။ ဒီနေ့က အရမ်းအေးနေသေးတာမို့ လေအေးခံနေမဲ့အစား တပ်ဝင်းအတွင်းကို ပြန်ပြီးနောက်မှ စကားပြောဖို့ အချိန်တွေလည်း အများကြီး ရှိပါလိမ့်ဦးမည်။
လုကျဲ့ထျန်းသည် ခရီးဆောင်အိတ်ကို ကားနှင့်ပြန်သယ်ကူပေးရမလားဆိုပြီး သူတို့ကိုမေးပေမဲ့ တူးယုံက ပြုံးပြီးငြင်းလိုက်သည်။
"ပစ္စည်းတွေက သိပ်အများကြီးမရှိပါဘူး။ ဒါကြောင့် မင့်ကားနဲ့ယူသွားဖို့ ဒုက္ခပေးစရာမလိုတော့ပါဘူး"
လုကျဲ့ထျန်းက အတင်းမတိုက်တွန်းဘဲ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကာ ကားပေါ်တက်ပြီး ထွက်လာခဲ့သည်။
ကားပေါ်တက်ပြီးနောက် ဟေးဟူးသည် လုကျဲ့ထျန်းအား အလွန်စိတ်လှုပ်ရှားစွာ သတင်းပို့သည်။
"အိမ်က ပုံတွေထဲကအတိုင်းဘဲ အလှဆင်ထားတယ်။ ပရိဘောဂတွေလည်း ပုံထဲကအတိုင်းအတူတူ လုပ်ထားတယ်"
"ကျွန်တော် တစ်အိမ်လုံးကို သေသေချာချာ သန့်ရှင်းရေးလုပ်ထားတယ်။ မနေ့ကနဲ့ ဒီနေ့ မီးဖိုကို ခဏလောက် မီးဖိုပေးထားတယ်။ ပြန်လာတဲ့အခါ အိမ်က နွေးနွေးထွေးထွေးဖြစ်နေအောင်လို့လေ"
လုကျဲ့ထျန်းသည် တံခါးသော့ကိုထုတ်ယူကာ အိမ်အလှဆင်ခြင်းအကြောင်း အားတက်သရော ပြောပြနေသော ဟေးဟူးအား ပေးလိုက်သည်။
လုကျဲ့ထျန်းက စိတ်မပူပါ။ အခု သူပြောတာကို ကြားသည်နှင့် အကုန်ပြီးသွားပြီဆိုတာ သိနိုင်ပါသည်။
"ကောင်းပြီ ငါ မင်းကို အလုပ်ပြီးမြောက်မှုအမှတ်တွေပေးမယ်"
လုကျဲ့ထျန်းက ရှားရှားပါးပါး ဟာသတစ်ခုပြောပြီး ဟေးဟူးကို ပြုံးပြသည်။
"နှစ်ရက်အတွင်းမှာ ညစာစားဖို့ အခြားသူတွေကိုပါ အိမ်ကိုခေါ်လာလိုက်"
ချင်ရှီးက ပြောသည်။
"ရှောင်ဟူး မင်းဘာစားချင်လဲ။ ငါမင်းကို ဟင်းနှစ်ပွဲ တောင်းဆိုခွင့်ပြုတယ်"
ဟေးဟူးသည် ပိုမိုပျော်ရွှင်သွားသည်။
"ဟေး အရမ်းကောင်းတယ်။ ဝက်သားပြုတ်နဲ့ ဝက်ခေါင်းအသားကို စားချင်တယ်"
"မရီး မင်းလုပ်ထားတဲ့ ဝက်ခေါင်းက လုံးဝကို အရသာရှိတယ်။ မွှေးလွန်းပြီး ဝိုင်နဲ့လည်း တွဲစားလို့ရတယ်။ နူးညံ့တဲ့ ဝက်သားပြုတ်ကလည်း ကောင်းတယ်။ အခေါက်ဖတ်ကလေးတွေ နူးအိနေပေမဲ့ အဆီမပြန်ဘူး…”
ဟေးဟူးသည် ပြောလိုက်သည်နှင့် တံတွေးမမျိုချဘဲ မနေနိုင်တော့ပေ။
“မရီး ကျွန်တော် အသားယူလာပေးမယ်။ ဘာလောက်လိုလဲ ပြောပါ။ ရအောင်ယူပေးမယ် "
"အာ..."
အန်အန်းသည်လည်း တံတွေး မျိုချလိုက်သည်။ ထမင်းစားချိန်ရောက်လို့ ဗိုက်ဆာနေလေပြီ။
"မေမေ ကျွန်တော်လည်း စားချင်တယ်"
ဖျင်ဖျင်သည် ချင်ရှီးကို မျှော်လင့်တကြီး ကြည့်နေသည်။ သူတို့ အကြိုက်ဆုံး အစားအစာကတော့ ဝက်သားပြုတ်နှင့် ခရင်မ်ကိတ်မုန့်ဖြစ်သည်။
"ကောင်းပြီ ကိစ္စမရှိဘူး"
ချင်ရှီးက သူတို့ရဲ့ ခေါင်းလေးတွေကို ပွတ်ပေးရန် လက်ကို မြှောက်လိုက်ပြီး ဟေးဟူးကို ပြန်ဖြေသည်။
"မင်း အရမ်းပင်ပန်းသွားရပြီ။ ကောင်းကောင်း အနားယူပြီး စားဖို့သာ စောင့်လိုက်ပါ။ အသားတွေ ယူမလာနဲ့"
ဟေးဟူးက သဘောမတူပါချေ။
"ကျွန်တော် မပင်ပန်းပါဘူး။ အဖွဲ့ခေါင်းဆောင်က ထောက်ပံ့ကြေးပေးထားပြီး ကျွန်တော့်မှာ ပိုက်ဆံလည်းရှိတယ်”
ထို့ကြောင့် ချင်ရှီးက တွေးတောကာ ပြောလိုက်သည်။
"ဒါဆို ဝက်ခေါင်းနဲ့ အသားဝယ်ဖို့အတွက်ကိုတော့ မင်းကိုတာဝန်မယူခိုင်းတော့ဘူး။ ဝယ်ပြီးပြန်လာတဲ့အခါ ချက်ပြုတ်ဖို့အတွက် ဝက်သားကို ကိုယ်တိုင်ဘဲ ပြင်ဆင်(အသားဖျက်) ပေးပါ"
သေချာမပြင်ဆင်ရသေးတဲ့ ဝက်ခေါင်းအသားက ပို၍ စျေးသက်သာပါသည်။
ဟေးဟူးသည် ဝမ်းသာပျော်ရွှင်သွားပြီး သူ့စိတ်ထဲတွင် ချင်ရှီး၏ ကြင်နာမှုကို အသိအမှတ်ပြုလိုက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးသည် ရပ်တန့်မသွားတော့ပေ။
"ကောင်းပါပြီ မရီး စိတ်မပူပါနဲ့"
စကားပြောရင်း ရယ်မောရင်းဖြင့် ခြံဝင်းရှိရာဆီကို မြန်မြန်ရောက်လာကြသည်။
အိမ်တံခါးဝသို့ရောက်ပြီးနောက် ကလေးငယ်များသည် မြင့်မားသေသပ်သော အနီရောင်ခြံစည်းရိုးနှင့် သံတံခါးကြီးတို့ကို ကြည့်လိုက်ရာ မှတ်မိရန်အချိန်ယူလိုက်ရပြီး အနည်းငယ်တုန်လှုပ်အံ့ဩသွားကြသည်။
"ဒီအိမ်လား"
အမြွာများ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် ကလေးများသည် ဘိလပ်မြေနှင့်ဆောင်ထားပြီး သန့်ရှင်းသပ်ရပ်သော ခြံကိုကြည့်ကာ ချက်ချင်းပင် ပြေးဝင်လာကြသည်။
ခြံ၏ဘယ်ဘက်ခြမ်းတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းကြီးတစ်ခုရှိပြီး ညာဘက်အခြမ်းတွင် ပန်းပင်များစိုက်ပျိုးရန် အထူးသီးသန့်ထားရှိသော ကွက်လပ်လေးတစ်ခုရှိသည်။
ထောင့်မှာ အုတ်ခဲတွေနှင့် ဆောက်ထားတဲ့ ကြောင်အညစ်အကြေးစွန့်ရန်နေရာတစ်ခုလည်း ရှိပြီး အတော်လေး ကျယ်ဝန်းသည်။
ချင်ရှီးသည် ခြံဝင်းကို ကြည့်နေဆဲဖြစ်သော်လည်း ကလေးများက အော်ဟစ်ကာ အိမ်ထဲသို့ ပြေးဝင်သွားကြသည်။
"အား...အရမ်းလှတယ်"
"အရမ်းကြီးတယ်"
"ငါ့အခန်းက ဘယ်မှာလဲ။ ငါ့အခန်းက ဘယ်မှာလဲ"
ချင်ရှီးသည် ကလေးများ၏ အံ့အားသင့်အော်သံကိုကြားသောအခါ ပြုံးလျက် အိမ်ထဲသို့ ၀င်သွားသည်။
အိမ်တံခါးထဲဝင်လိုက်တာနဲ့ တောက်ပပြီး ကျယ်ဝန်းတဲ့ ဧည့်ခန်းကို တွေ့ရလိမ့်မည်။ ထမင်းစားခန်းကို သီးသန့်မထားဘဲ ဧည့်ခန်းနှင့် တိုက်ရိုက်ချိတ်ဆက်ထည့်သွင်းထားပြီး ထမင်းစားစားပွဲက မီးဖိုချောင်တံခါးရဲ့ ဘယ်ဘက်ခြမ်းလောက်မှာ နေရာယူသည်။
အပ်ချုပ်စက်နှင့် လက်ဆောင်ပစ္စည်းများ သိုလှောင်ရန်အတွက် ဗီဒိုများကို အသစ်ပြန်လည် နေရာချထားပြီး ဧည့်ခန်းထောင့်တွင် ထားရှိသည်။
ချင်ရှီးသည် ဧည့်ခန်းကိုကြည့်ကာ အလွန်ကျေနပ်သွားသည်။
သူမသည် ဧည့်ခန်းကို အထူးပိုကြီးသွားအောင် ပြုလုပ်ထားသောကြောင့် နေ့ခင်းဘက်တွင် ဧည့်ခန်းထဲ၌ မိသားစုငါးယောက်လုံး လွတ်လွတ်လပ်လပ်ကျယ်ကျယ်ဝန်းဝန်း အတူရှိနေနိုင်သည်။
ဧည့်ခန်းသည် ယခင်က ကျယ်သော်လည်း ထူးဆန်းသော အပြင်အဆင်ကြောင့် ယခုကဲ့သို့ နွေးထွေးမှု မရှိပေ။
"ဝိုး"
အန်အန်း၏အော်သံထွက်ပေါ်လာပြီး ချင်ရှီးသည် အသံလားရာနောက် လိုက်ကြည့်ရာ သူမ၏အခန်းကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အိပ်ယာအကြီးကြီးမှာ ပန်းရောင်အိပ်ယာခင်းတွေဘဲထားထားတယ်"
အန်အန်းသည် စိတ်လှုပ်ရှားလွန်းလို့ ကုတင်ပေါ်တက်ကာ အိပ်ယာခင်းကို ဆုပ်ကိုင်ထားသည်။
ဤကုတင်သည် တကယ်တော့ အကျယ်ကြီးမဟုတ်ပါ။ ၁.၂ မီတာရှိသော ကုတင်တစ်လုံးတည်းဖြစ်သော်လည်း အန်အန်းသည် သေးငယ်နေသေးသောကြောင့် ကုတင်သည် အလွန်ကြီးမားပုံရသည်။
ကုတင်ဘေးတွင် စားပွဲနှစ်လုံးရှိပြီး သေးသေးလေးတစ်ခုက ပြတင်းအောက်တွင် ရှိသည်။
ဒါတွေအားလုံးက သူမ ကိုယ်ပိုင်ဖြစ်ပြီး သူမအတွက် သီးသန့်အခန်းဖြစ်သည်။
"ကြိုက်လား"
ချင်ရှီးက မေးသည်။
"ကြိုက်တယ်။ အရမ်းကြိုက်တယ်။ ကျေးဇူးတင်ပါတယ် မေမေ"
အန်အန်းတစ်ယောက် အခန်းအနှံ့ စိတ်လှုပ်ရှားစွာ လှည့်ပတ်ပြီး နေရာအနှံ့ စူးစမ်းသည်။
အန်အန်းက စိတ်လှုပ်ရှားပြီးနောက် အားလုံးက တခြားအခန်းတွေကိုလည်း အတူတူသွားကြည့်ကြသည်။
အန်အန်း၏အခန်းဘေးတွင် ချင်ရှီး၏အခန်းဖြစ်သည်။ အပြင်အဆင်သည် ကြီးမားသောဗီရိုတစ်ခုမှလွဲ၍ အန်အန်းနှင့်ဆင်တူသည်။ စားပွဲနှင့်အိပ်ရာသည် အနည်းငယ်ပိုကြီးသည်။
ထို့နောက် လူတိုင်းသည် အခြားအခန်းများသို့ သွားကြသော်လည်း ဖျင်ဖျင်သည် ထူးဆန်းသောအမူအရာဖြင့် အနောက်မှာ တုံ့ဆိုင်းနေ၏။
"လာလေ ဖျင်ဖျင် မင်းနဲ့ မင်းအစ်ကိုတို့ အတူတူနေတဲ့အခန်းက နှစ်ထပ်ကုတင်ဘဲ"
ဖျင်ဖျင်က တုံ့ပြန်ပြီးနောက် တုံ့ဆိုင်းလျက် ကြည့်ဖို့လာသည်။
နှစ်ထပ်ကုတင်က နေရာပိုယူတာကြောင့် သူတို့အခန်းက ချင်ရှီးရဲ့အခန်းနှင့် အကျယ်အဝန်း အတူတူလောက်ဖြစ်သည်။
ချင်ရှီးသည် ကုတင်လှေကားကို မြဲမြံခိုင်မြဲအောင် လှုပ်ကြည့်ပြီး စိတ်ချလက်ချဖြစ်သွားသည်။
"အတက်အဆင်း သတိထားကြ။ အရှိန်ပြင်းပြီး ပြုတ်မကျစေနဲ့ဦး"
"ဟုတ်ကဲ့"
"ကောင်းပါပြီ...မေမေ"
နှစ်ထပ်ကုတင်၏ အောက်ခြေမှ အပေါ်ထပ်ကုတင်သည် အရှည် ၁.၂ မီတာရှိပြီး ဘေးတွင် လှေကားများပါရှိလျက် နောက်ပိုင်းမျိုးဆက်များတွင် တွေ့ရတတ်သော ကုတင်ပေါ်မှ အတက်အဆင်းလုပ်လေ့ရှိသော နည်းလမ်းဖြစ်သည်။ ဖျင်ဖျင်သည် အပေါ်ထပ်တွင် အိပ်ချင်နေပြီး ကုချင်းဟိုင်က အောက်တွင် အိပ်ရန်ပြင်သည်။
သို့သော် ဖျင်ဖျင်သည် ငယ်ရွယ်သေး၍ သူ့ဘာသာသူ တက်ရန် အနည်းငယ် အန္တရာယ်ရှိဆဲဖြစ်သည်။ ချင်ရှီးက ကုချင်းဟိုင်ကို အပေါ်တွင် အရင်အိပ်ခိုင်းပြီး ဖျင်ဖျင်ကို ကြီးပြင်းလာသောအခါတွင် ပြန်ပြောင်းပေးမည်ဟုဆိုသည်။
ဤအိပ်ခန်းများကိုမြင်ပြီးနောက် လူတိုင်းသည် လုကျဲ့ထျန်း၏အခန်းသို့သွားကြသည်။
ဖျင်ဖျင်သည် အချိန်အတော်ကြာ ရပ်ကြည့်နေပြီးနောက် ရုတ်တရက် ချင်ရှီး၏လက်ကို ကိုင်ကာ ခေါင်းကို မြှောက်၍မေးသည်။
"မေမေနဲ့ ဖေဖေက သီးခြားအခန်းတွေနဲ့ ဘာလို့ ခွဲအိပ်နေတာလဲ။ အဘွားအိမ်မှာ အတူအိပ်တာမဟုတ်ဘူးလား"
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့နှစ်ယောက်လုံး အံ့အားသင့်သွားပြီး သူ့ကို ဘယ်လိုပြန်ပြောရမှန်းကို မသိတော့ဘဲ ခဏလောက်ဆွံ့အသွားသည်။
ကုချင်းဟိုင်ကလည်း အဖြေကို သိလိုစိတ်ပြင်းပြပြီး သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။
အမှန်တော့ သူတို့မှာ တစ်ခုခုမှားယွင်းနေပြီဆိုတာ ရိပ်မိထားပြီးသားဖြစ်ပေမဲ့ ဆက်မမေးဘဲ ငြိမ်နေလိုက်သည်။ဘယ်လိုမေးရမှန်းမသိတာကြောင့်လည်းပါသည်။ ဖျင်ဖျင်သည် ဤအကြောင်းအရာက ဤမျှ အထိအခိုက်ဖြစ်ရန် မမျှော်လင့်ထားသောကြောင့် ရုတ်တရက် မေးလိုက်ခြင်းဖြစ်သည်။
_***_