အပိုင်း (၃၆)
"ဖေဖေ၊ ဖေဖေ"
"ဒါကဘာလဲ"
အမြွှာနှစ်ယောက်သည် လုကျဲ့ထျန်းကိုမြင်တော့ သူ့ဆီ ပြေးသွားကြသည်။
လုကျဲ့ထျန်းသည် ပစ္စည်းသယ်ရင်း တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ကို မတော်တဆထိခိုက်မိမှာကို စိုးရိမ်သောကြောင့် သူတို့ကိုတားပြီး ဘေးမှာရပ်ခိုင်းသည်။
"ဒါက အဝတ်လျှော်စက်"
လုကျဲ့ထျန်းက ပြန်ဖြေသည်။
"အိုး…"
အမြွှာနှစ်ယောက်က အဝတ်လျှော်စက်ဆိုတာ ဘာလဲမသိပေမဲ့ ခါတိုင်းလိုဘဲ ရွှင်မြူးပြီး အားပေးကြသည်။
ချင်ရှီးက သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြုံး၍ သူမ နောက်လိုက်လာဖို့ လက်ပြကာ သယ်ယူနေကြသည့် အရာတွေကို မနှောက်ယှက်ဖို့ဟန့်တားလိုက်သည်။
အမြွှာနှစ်ယောက်သည် ချင်ရှီး၏ နံဘေးသို့ တစ်ဖန်ပြေးသွားကာ စူးစူးဝါးဝါးစိုက်ကြည့်ကြသည်။
အန်တီကျောင်းသည် အဝတ်လျှော်စက်ကို ကိုင်ဆောင်လာတဲ့ လူငယ်နှစ်ယောက်ကိုကြည့်ပြီး ချက်ချင်းအံ့သြသွားသည်။
"ရှောင်လု အဝတ်လျှော်စက်က ဘယ်လောက်လဲ"
လုကျဲ့ထျန်း : "ယွမ်နှစ်ရာ့နှစ်ဆယ်"
အန်တီကျောင်း၏ မျက်လုံးတွေ ပြူးကျယ်သွားသည်။
"ဟေး အရမ်းစျေးကြီးတယ်”
ချင်ရှီးသည် သူမ၏စိတ်ထဲတွင် အံ့အားသင့်မှုကို မထိန်းနိုင်ဘဲ မျက်ခုံးပင့်မိသည်။
"ဒါက နည်းနည်းဈေးကြီးတာဘဲ”
“အရမ်းစျေးကြီးတာပါ”
အန်တီကျောင်းသည် သက်ပြင်းချလိုက်သည်။
“ဖီးနစ်တံဆိပ် စက်ဘီးတစ်စီးက ယွမ်တစ်ရာ့နှစ်ဆယ်ဘဲရှိတယ်။ နှစ်ဆလောက် ထပ်ထည့်မှ ဒါကိုဝယ်လို့ရမှာပေါ့။ ငါလည်း အဝတ်လျှော်စက် ဝယ်ချင်တယ်။ ဒါပေမဲ့ အရမ်းဈေးကြီးတဲ့အတွက် မေ့ထားလိုက်ရအောင်”
အန်တီကျောင်းသည် အသက်ပိုကြီးလာပြီး စောင့်ရှောက်ပေးစရာ မိသားစုလည်း ရှိသေးသည်ဖြစ်ရာ အလုပ်များတဲ့အခါ အရမ်းပင်ပန်းသည်။ အဝတ်လျှော်စက်ရှိတာက ပိုအဆင်ပြေသည်။ ဒါပေမဲ့ အန်တီကျောင်းကတော့ ဒီစျေးနှုန်းကို လုံးဝလက်မခံနိုင်ပါ။
လုကျဲ့ထျန်းက ဝင်ပြောပြသည်။
"ဒါကို အထူးတလည် ဝယ်ပေးဖို့ တစ်ယောက်ယောက်ကို တောင်းဆိုခဲ့တာ။ ပြည်တွင်းမှာ ကောင်းတဲ့တစ်မျိုးရှိသေးတယ်။ တစ်ရာကျော်ဘဲ ပေးရတဲ့ ဈေးသက်သာတဲ့ ပစ္စည်းတွေလည်း ရှိတယ်"
အန်တီကျောင်း၏စိတ်တွေ တုန်လှုပ်သွားပေမဲ့ သူမ ခေါင်းခါလိုက်သည်။
" မေ့လိုက်ပါတော့ အရမ်းဈေးကြီးတယ်”
သူမ အခုချိန်မှာ အလုပ်,လုပ်နိုင်သေးပြီး နှစ်အနည်းငယ်အကြာ သူမ မလုပ်နိုင်တော့တဲ့အချိန်တွင် အဝတ်လျှော်စက်ဝယ်တာထက် အိမ်အကူကို ရှာရတာက ပိုသက်သာပါဦးမည်။ အိမ်အကူတစ်ဦးငှားလျှင် တစ်လမှာ ဆယ်ယွမ်သာကုန်ကျပြီး တစ်နှစ်လျှင် ယွမ်တစ်ရာ့နှစ်ဆယ်သာ ကုန်ကျသည်။ အိမ်အကူသည် အဝတ်လျှော်စက်ထက် များစွာပို၍ လုပ်နိုင်သေးသည်။
လုကျဲ့ထျန်းသည်သည် အန်တီကျောင်း၏ စကားကိုကြားပြီးနောက် စကားထပ်မပြောတော့ဘဲ ခေါင်းညိတ်ပြပြီး အဝတ်လျှော်စက်ပုံးကိုဖွင့်ဖို့ ဟေးဟူးကို ညွှန်ကြားရန် ခြံထဲသွားလိုက်သည်။
ချင်ရှီးသည် သူတို့လုပ်တာကို စောင့်ကြည့်ရန် အမြွှာနှစ်ယောက်နှင့် အန်တီကျောင်းကိုပါ ခြံဝင်းထဲသို့ ခေါ်သွားသည်။ ဆူဆူပူပူအသံများကို ကြားရပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်ရန်ထွက်လာသည့် ဘေးအိမ်မှ လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ယခုခေတ်တွင် အပ်ချုပ်စက်၊ စက်ဘီး၊ ရေဒီယိုနှင့် နာရီများကို ကြီးကြီးမားမား အသုံးအဆောင်အဖြစ် သတ်မှတ်ကြပြီး လက်ထပ်ပြီးမှသာ ဝယ်ယူကြသည်။ အဝတ်လျှော်စက်တွေအကြောင်းကတော့ ကြားဖူးပေမဲ့ များများစားစား မတွေ့ဖူးကြသေးပါ။
ဟေးဟူးသည် ကတ်ထူပုံးကိုဖွင့်လိုက်ပြီး အတွင်းဘက်မှ အဝတ်လျှော်စက်ရဲ့ မျက်နှာပြင်အစစ်ကို ဖော်ထုတ်လိုက်သည်။
လူတိုင်းသည် သူတို့၏ အတွေးများကို လျစ်လျူရှုကာ အဝတ်လျှော်စက်ဆီသို့ အာရုံစိုက်လာကြသည်။ အဝတ်လျှော်စက်သည် စတုရန်းပုံဖြစ်ပြီး ချောမွေ့သောမျက်နှာပြင်နှင့် အပြာနုရောင်ရှိ၍ အလွန်လှပသည်။
"ဟေး"
အန်တီကျောင်းသည် အဝတ်လျှော်စက်ကို လှမ်း၍ကိုင်ချင်သော်လည်း မလုပ်ဘဲ ပတ်ပတ်လည်ကို သေချာကြည့်သည်။
လုကျဲ့ထျန်းသည် ချင်ရှီးကိုကြည့်လိုက်သည်။
"အဲဒါကိုဖွင့်ကြည့်ပါလား"
ချင်ရှီးသည် ပြုံး၍ခေါင်းညိတ်ပြပြီး ဝင်လာကာ လူတိုင်းရဲ့ မျက်စိရှေ့တွင် အဝတ်လျှော်စက်အဖုံးကို ဖွင့်လိုက်သည်။
"ကောင်းတယ်။ အထဲမှာ နေရာတော်တော်ကျယ်တယ်"
အန်တီကျောင်းသည်လည်း ကြည့်ရှုသည်။
"တစ်ခေါက်တည်းနဲ့တင် အဝတ်တွေ အများကြီးလျှော်လို့ရတယ်။ အိပ်ယာခင်းနဲ့ စောင်အဖုံးတွေလည်းရတယ်"
ချင်ရှီးသည် အတွင်းဘက် အရွယ်အစားကို ကြည့်ပြီး ကျေနပ်သွားသည်။
“မဆိုးပါဘူး"
ဒါဟာ သူမ ငယ်ငယ်က မှတ်မိတဲ့ အသုံးအများဆုံး အဝတ်လျှော်စက်ထက် ပိုပြီးအကြမ်းထည်ဆန်ပေမဲ့ ၈၀ ခုနှစ်တွေမှာ အဝတ်လျှော်စက်ရှိနေတာကပင် ကောင်းလှပါပြီ။
"အဝတ်လျှော်တိုင်း ရေထည့်ရမယ်။ လျှော်ပြီးရင် ရေပြန်ထုတ်ရမယ်"
လုကျဲ့ထျန်းသည် အဝတ်လျှော်စက်နောက်ဘက်က ပိုက်ကို ဆွဲထုတ်ပြီးပြသည်။
"ရေထုတ်ဖို့ ဒီပိုက်ကို သုံးရမယ်"
"ဟေး ဒါအရမ်းအဆင်ပြေတယ်"
လူတိုင်းက အားတက်သရောဖြင့် လုမိသားစု၏ အိမ်ဝင်းထဲကို တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကာ အဝတ်လျှော်စက်ပတ်ပတ်လည်မှာ အုပ်စုဖွဲ့ရပ်ပြီး စကားစမြည်ပြောနေကြသည်။
"တပ်မှူးလု မင်းဒါကို ဘယ်မှာဝယ်ခဲ့တာလဲ။ စက်မှုသုံးလက်မှတ်တွေနဲ့ ဝယ်လို့ရလား"
"ဘယ်လောက်လဲ။ ငါလည်း ဝယ်ချင်တယ်"
အသိမိတ်ဆွေညီအစ်မတွေနှင့် အဒေါ်တွေက အလျင်စလို မေးလိုက်ကြပြီး သူတို့ရဲ့ စိတ်အားထက်သန်မှုကြောင့် လုကျဲ့ထျန်းခမျာ ခြေလှမ်းတစ်ဝက်လောက် နောက်ပြန်ဆုတ်သွားရသည်။
"စက်မှုလုပ်ငန်းသုံးလက်မှတ်တွေနဲ့လည်းရပါတယ်။ မြို့တော် S မှာ ဝယ်ပေးဖို့ တစ်ယောက်ယောက်ကို တောင်းဆိုလိုက်တာ။ လောလောဆယ်တော့ ပစ္စည်းပြတ်နေတယ်။ ဒီတစ်လုံးကို တစ်စုံတစ်ယောက်အတွက် အထူးသီးသန့်ထား,ထားပေမဲ့ အဲဒီလူက မယူတော့တဲ့အတွက် ငါ့အတွက် လွယ်လွယ်ကူကူနဲ့ရလိုက်တာ။ စျေးနှုန်းက နှစ်ရာ့နှစ်ဆယ်ယွမ်ပါ"
လုကျဲ့ထျန်း စကားပြောပြီးနောက် ဆူညံနေတဲ့လူအုပ်ကြီးသည် ချက်ချင်းတိတ်ဆိတ်သွားပြီး နှစ်စက္ကန့်လောက် ငြိမ်သက်သွားပြီးနောက်မှာ အားလုံးက ပိုပြီး အသက်ဝင်တဲ့ ဆွေးနွေးမှုတစ်ခုအဖြစ် ထွက်ပေါ်လာသည်။
"အမေရေ… ဒါက အရမ်းဈေးကြီးလိုက်တာ။ တစ်နှစ်ခွဲလစာလောက်ရှိတယ်"
"အဝတ်လျှော်စက်က ဘာလို့ ဒီလောက်ဈေးကြီးရတာလဲ"
"နာရီနဲ့ စက်ဘီးတွေက ယွမ်တစ်ရာကျော်ပဲရှိပြီး အဝတ်လျှော်စက်က နှစ်ရာကျော်တောင်ရှိတယ်။ လုံးဝဈေးကြီးတယ်။ စက်ပစ္စည်းတွေထဲမှာ ဈေးအကြီးဆုံးဘဲ"
'…မင်းကအရမ်းချမ်းသာတာဘဲ။ မင်းက ဒါမျိုးကိုတောင် ဝယ်ချင်တယ်ပေါ့…'
လုကျဲ့ထျန်းသည် မော့လင်ကို လက်ထပ်တုန်းက လက်စွပ် ၃ ကွင်းပေးခဲ့သည်။ ကွာရှင်းပြီးချိန်မှာတော့ မော့လင်သည် နာရီနှင့်စက်ဘီးကို ယူသွားခဲ့ပြီး ငွေအမြောက်အမြားလည်း ယူဆောင်သွားသည်။
လုကျဲ့ထျန်း၏မိသားစုက ဒီလောက်ချမ်းသာမယ်လို့ မမျှော်လင့်ထားကြပေ။
'(ကွာရှင်းပြီးတာ) နှစ်အနည်းငယ်သာကြာပြီးနောက် သူက ငွေအများကြီး ထပ်မံစုဆောင်းပြီးသွားပြီလား'
'သူနှင့်မော့လင်တိုု့ကွာရှင်းပြတ်စဲပြီး မိသားစုပိုင်ဆိုင်မှုကို တစ်ဝက်ခွဲယူခဲ့ကြသလား သေချာမသိနိုင်ဘူး။ မှန်ကန်ရင်တော့ မော့လင်က ပိုက်ဆံတွေ အများကြီးရခဲ့တာဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့တာက မမှန်ကန်ပုံရတယ်။ မဟုတ်ရင် လုကျဲ့ထျန်းမှာ ပိုက်ဆံအများကြီးရှိနေသေးမှာမဟုတ်ဘူး။ ဒီလိုသာဆို သူက ဈေးကြီးကြီးပစ္စည်းဝယ်ဖို့ ဆန္ဒရှိပါ့မလား'
'သူဘယ်လိုငွေရှာသလဲ။ ဒါမှမဟုတ် ကလေးတွေရဲ့ ထောက်ပံ့ကြေးငွေနှင့်များ ဝယ်ခဲ့တာလား။ ကလေးအဖေရဲ့ ပင်စင်ကိုတောင် ယူလိုက်ပြီလား'
လူတိုင်းသည် လုကျဲ့ထျန်း၏မိသားစုကိုကြည့်ကာ အတွေးမျိုးစုံပေါ်လာပြီး အတင်းအဖျင်းပြောလိုမှုများ မျက်လုံးထဲတွင်ပေါ်လာကြသည်။
'ဒါ့အပြင် ချင်ရှီး… ဒီလူက တကယ်မလွယ်ဘူး။ ဘယ်ချွေးမကများ မိသားစုတစ်စုလုံးရဲ့အဝတ်အစားတွေကို ကိုယ်တိုင်မလျှော်တာ ရှိလို့လဲ။ သူ(မ)ကတော့ ကိုယ်တိုင်မလျှော်ဘဲ အဝတ်လျှော်စက်ဝယ်ဖို့ လုကျဲ့ထျန်းကိုတောင် ဆွဲဆောင်နိုင်ခဲ့သေးတယ်'
'ကျွတ်…ကျွတ်…ကျွတ် သူ့(မ) နည်းလမ်းက အစွမ်းထက်တာဘဲ'
လူတိုင်းက တီးတိုးပြောလာကြသည်။ အသိမိတ်ဆွေတွေက အဓိပ္ပာယ်ရှုပ်ထွေးတဲ့မျက်လုံးတွေနှင့် အချင်းချင်း ဆက်သွယ်နေကြ၏။
ဒါကိုမြင်တော့ အန်တီကျောင်းသည် တခြားသူတွေက အတင်းအဖျင်းပြောပြီး ရိုင်းရိုင်းစိုင်းစိုင်း တွေးတောနေကြမှန်းသိလိုက်သည်။ ထို့ကြောင့် သူမက လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီ။ ရှောင်ချင် မင်း ဒါတွေအရင်ရှင်းလိုက်ဦး။ ငါတို့ မင်းကို မနှောင့်ယှက်တော့ဘူး"
ချင်ရှီးက ဤစကားကို အခွင့်ကောင်းယူပြီး လူတိုင်းကို ပြုံး၍ တောင်းပန်လိုက်သည်။
"တခြားနေ့မှ အိမ်ကိုထပ်လာကြည့်ကြပါနော်။ ငါ အခု နေရာကို စစ်ကြည့်ပြီး ဒီအဝတ်လျှော်စက်ကို အိမ်မှာ ဘယ်လိုထားရမလဲဆိုတာ ကြည့်လိုက်ပါဦးမယ်”
ထိုသို့ပြောသည်ကိုကြားပြီးနောက်မှာ လူတိုင်းက ဆက်မနေကြတော့ဘဲ သူတို့၏နှလုံးသားထဲတွင် ကမောက်ကမဖြစ်နေသော အတွေးပေါင်းစုံကို ချုပ်ငြိမ်းလိုက်ကြသည်။ ချင်ရှီးအား အပြုံးဖြင့် နှုတ်ဆက်လိုက်ကာ ပြန်သွားကြသည်။
"ဒါဆို အရင်ရှင်းလိုက်ပါဦး။ မနက်ဖြန်မှ လာကြည့်မယ်"
ချင်ရှီးတို့အိမ်နှင့် မနီးမဝေးမှာ နေထိုင်တဲ့ ကျန်းချွေ့သည် ချင်ရှီးကို အော်ပြောလိုက်သည်။
ချင်ရှီး : "..."
'မင်းက ဘယ်သူလဲ'
သူမသည် ဤလူကို စကားအနည်းငယ်မျှ မပြောချင်သော်လည်း သူတို့အားလုံးသည် အိမ်နီးချင်းများဖြစ်ကြ၍ ချင်ရှီးက မငြင်းနိုင်သောကြောင့် ရယ်ကာနေလိုက်ရသည်။
ကျန်းချွေ့သည် ချင်ရှီး၏ တုံ့ပြန်မှုကို ကျေနပ်စွာဖြင့် ခေါင်းကို လှည့်ကာ ထွက်ခွာသွားသည်။ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ခြံထောင့်ရှိ ဟင်းသီးဟင်းရွက်ခင်းကို ကြည့်ကာထပ်ပြောပြန်သည်။
"မင်းရဲ့ ကြက်သွန်မြိတ်တွေ ကြီးထွားနေလိုက်တာများ အရမ်းကောင်းတာဘဲ။ အရမ်းကြီးနေပြီမို့ ဖြတ်လိုက်ကြရအောင်"
ချင်ရှီး : "....."
'...ဘာသဘောပါလိမ်'
"ကောင်းပါပြီ။ နောက်နှစ်ရက်လောက်နေရင် ငါ ဖြတ်လိုက်ပါ့မယ်"
ကျန်းချွေ့သည် ချင်ရှီးကို ပြန်ကြည့်လိုက်ရာ ချင်ရှီးက အနည်းငယ် စိတ်ရှုပ်နေရတာကြောင့် သူမ ဘာကိုဆိုလိုခဲ့လဲဆိုတာကို ဂရုမစိုက်မိပေ။
'ထွက်သွားလိုက်စမ်း… ရပ်မနေနဲ့'
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချင်ရှီးက ကျန်းချွေ့ကို ပြုံးပြလိုက်ရာ ကျန်းချွေ့သည် နှုတ်ခမ်းစူကာ လှည့်ထွက်သွားသည်။
ကျန်းချွေ့၏မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး ချင်ရှီး၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားရသည်။ သူမ ပြောသည့်စကားအတွက် သူမ ဘာကိုဆိုလိုသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။
'ဒီလောက်ကြီးတဲ့ ကြက်သွန်မြိတ်အပိုင်းကို သူ့(မ)ကိုပေးစေချင်တာလား'
ချင်ရှီးသည် သူမ နောက်ကျောကိုကြည့်ကာ တိတ်တိတ်ဆိတ်ဆိတ်နေလိုက်သည်။ သူမသည် တစ်ဖက်က အန်တီကျောင်းနှင့် ဝမ်မိသားစုတို့နှင့်သာ ရင်းနှီးသည်။ မိသားစုနှစ်စုစလုံးက ပွင့်ပွင့်လင်းလင်းရှိကြပြီး ကျန်းချွေ့နှင့်မတူဘဲ အလွန်ချစ်စရာကောင်းကြသည်။
ဝမ်မိသားစုမှကလေးနှင့် ကုချင်းဟိုင်တို့သည် အတန်းဖော်များဖြစ်ကြပြီး နေ့တိုင်း ကျောင်းအတူတူသွားတက်ကြသည်။ ဝမ်မိသားစုသည် လုကျဲ့ထျန်း၏ လက်အောက်မှဝန်ထမ်းလေးများဖြစ်သောကြောင့် ဆက်ဆံရေးမှာ အတော်လေး နီးစပ်သည်။
ဝမ်မိသားစု၏ချွေးမ မြောင်လဲ့သည် အတော်လေး ပျော်ပျော်နေတတ်သည်။ ချင်ရှီး၊ အန်တီကျောင်းနှင့် မြောင်လဲ့တို့က ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သည်။ သူတို့၏ ကိုယ်ပိုင်ဟင်းရွက်ခင်းများတွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များသည် မတူကွဲပြားပြီး အသီးအရွက်များကို မကြာခဏ အချင်းချင်း ပို့ပေးတတ်ကြသည်။ တခြားတစ်ယောက်ကို ဒီနေ့ ပေးလျှင် နောက်တစ်ယောက်ကို မနက်ဖြန် ပေးလိုက်မည်ဖြစ်သည်။
ချင်ရှီးသည် မကြာခဏ အပြင်ထွက်လေ့မရှိသည့်အပြင် အခြားတစ်ဦးဦးမှ လှမ်းခေါ်ခြင်းမျိုးမရှိပါက အခြားသူများ၏အိမ်သို့ မသွားဖြစ်ပေ။ တပ်ဝင်းထဲတွင် အချိန်အတော်ကြာအောင် နေလာခဲ့ပြီးနောက် သူမ တွေ့တဲ့လူတွေအားလုံးဟာ ရိုးသားပြီး စေတနာရှိကြတာမို့ ကျန်းချွေ့၏ သွယ်ဝိုက်သောသဘောထားကိုခဏတာ တုံ့ပြန်မှုမရှိနိုင်ခဲ့ခြင်းဖြစ်သည်။
ကျန်းချွေ့၏ ဆိုလိုရင်းကို နားလည်ပြီးနောက် ချင်ရှီးသည် ဘာပြန်ပြောရမှန်း မသိတော့ချေ။ ပြတ်ပြတ်သားသားပြောပြီးတောင်းရင် ရက်ရက်ရောရော ပေးနိုင်ပါသည်။ ဒါပေမဲ့ မပေးဘူးဆိုတာ သိလိုက်ရလို့ မျက်နှာက ချက်ချင်း ပြောင်းသွားလိမ့်မယ်လို့ အရိပ်အမြွက်တောင် မသိခဲ့ရဘူး ... တကယ်ပြောရခက်ပါသည်။
"မရီး ဒီအဝတ်လျှော်စက်က ဘယ်မှာထားရမလဲ"
ဟေးဟူးသည် ခေါင်းကုတ်ပြီး ချင်ရှီးကို မေးသည်။
ခြံထဲကလူတွေအားလုံးထွက်သွားကြပြီးတာကိုမြင်တော့ ချင်ရှီးက ညွှန်ကြားလိုက်သည်။
"အိမ်ထဲထည့်ထားလိုက်"
တကယ်တော့ ဘယ်မှာထားရမလဲဆိုတာ သူမ စီစဉ်ပြီးသွားပါပြီ။ လုကျဲ့ထျန်းကို အဝတ်လျှော်စက်ဝယ်ရန် ပြောထားပြီးကတည်းက သူမက စတိုခန်းကို ရှင်းလင်းထားသည်။ စတိုခန်းသည် အစောပိုင်းက ချိတ်ပိတ်ထားခဲ့ပေမဲ့ မကြာသေးခင်ကမှ ပြန်ဖွင့်လိုက်သည်။
"ကောင်းပါပြီ"
ဟေးဟူးနှင့် အခြားစစ်သားတစ်ယောက်က အဝတ်လျှော်စက်ကို သယ်၍ အိမ်တံခါးဆီသို့ သတိထားပြီး လှမ်းကြည့်လိုက်သည်။
"ဝင်လို့ရပါ့မလား"
ဖျင်ဖျင်သည် တံခါးပေါက်လောက်ကြီးမားသော အဝတ်လျှော်စက်ကို ကြည့်ပြီး အလွန်စိုးရိမ်သွားသည်။
အန်အန်းသည်လည်း သူမဘေးသို့ မှီလိုက်သည်။
"အဝတ်လျှော်စက်က အရမ်းကြီးပြီး တံခါးက သေးလွန်းတယ်"
ချင်ရှီးသည်လည်း အရွယ်အစားကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်စိုးရိမ်သွားသည်။
"အဆင်ပြေနိုင်ပါ့မလား"
လုကျဲ့ထျန်းက ခေါင်းညိတ်လိုက်သည်။ "စိတ်မပူပါနဲ့ ငါအရင်က အရွယ်အစားကို တိုင်းခဲ့တယ်"
မှန်ပါသည်။ ဟေးဟူးတို့နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် လမ်းလျှောက်ပြီး အဝတ်လျှော်စက်ကို အိမ်ထဲကို အမြန်သယ်သွားလိုက်သည်။ အရွယ်အစားက သင့်တော်သည်။ အဝတ်လျှော်စက်က ဒီထက်ပိုကြီးရင် ဝင်ရမလွယ်ကူနိုင်ပါ။
ချင်ရှီးက ပြုံး၍ လုကျဲ့ထျန်းကိုလေးလေးစားစား စိုက်ကြည့်သည်။
"နင်က တကယ် အားကိုးနိုင်စရာဘဲ"
လုကျဲ့ထျန်းသည် ချီးမွမ်းလိုက်ခံလိုက်ရပြီး သူ့နှုတ်ခမ်းထောင့်တွေ ကော့တက်လာကာ တော်တော်လေး ပျော်ရွှင်သွားသည်။
"မရီး ဘယ်မှာထားမလဲ"
ဟေးဟူး၏ အသံထွက်လာပြီး ချင်ရှီးက သူတို့ကို သူမ တွေးထားတဲ့နေရာကို ထားဖို့ ညွှန်ကြားလိုက်သည်။
နေရာချထားပြီးနောက် ဟေးဟူးနှင့် အခြားသူတို့သည် လက်ဆေးရန် ခြံထဲသို့သွားကြသည်။ ချင်ရှီးသည် အိမ်ထဲသို့ဝင်၍ ဘီစကွတ်ပန်းကန်ပြားကိုထုတ်ကာ အမြွာနှစ်ယောက်အား ဘီစကွတ်နှစ်ခုပေး၍ ပန်းကန်ပြားကို လုကျဲ့ထျန်းအား ပေးလိုက်သည်။
"မင်းတို့ရဲ့ ကြိုးစားပေးမှု အတွက် ကျေးဇူးတင်ပါတယ်။ ဘီစကွတ်တွေ လာစားပါ"
ချင်ရှီးက ဟေးဟူးနှင့် သူမ တစ်ခါမှ မမြင်ဖူးသေးတဲ့ နောက်ထပ်စစ်သားလေးကို အပြုံးနှင့်ကြည့်သည်။
"ငါ ကိုယ်တိုင် ဖုတ်ထားတဲ့မုန့်တွေ။ မင်းတို့ အရသာ ရှိမရှိ စားကြည့်ကြပါဦး"
စစ်သားလေးသည် ပန်းကန်ပြားပေါ်ရှိ ဘီစကွတ်ဝိုင်းဝိုင်းနှင့် လေးထောင့်ပုံစံ ဘီစကွတ်များကို လှမ်းကြည့်ကာ တောင်းရန် ရှက်ရွံ့လှ၍ ငြင်းလိုက်ရာ ဟေးဟူးက မုန့်နှစ်ခုယူကာ မထင်မှတ်ဘဲ သူ့ပါးစပ်ထဲထည့်ပေးလိုက်ကာ နောက်တစ်ခုကို သူ့ဘာသာစားလိုက်သည်။
"ကျေးဇူးတင်ပါတယ် မရီး။ ဒီနေ့ ငါ ကံကောင်းပြန်ပြီဘဲ"
ဟေးဟူးသည် လုကျဲ့ထျန်း၏ သက်တော်စောင့်အဖြစ် အိမ်သို့ မကြာခဏ လာလေ့ရှိသည်။ ချင်ရှီးသည် မော့လင်၏ အလုပ်ကို လက်ခံထားရစဉ်က အလုပ်များလွန်းသဖြင့် ချက်ပြုတ်ရန် အချိန်မရှိခဲ့ပေ။ ဟေးဟူးသည် အစားအစာများကို လာပို့ပေးပြီးနောက် အိမ်သန့်ရှင်းရေးကိုပါ ကူပေးသည်။ ချင်ရှီးသည် သူနှင့်လည်း ရင်းနှီးပြီး သူမ ချက်ပြုတ်သောအခါတွင် အရသာရှိသော အစားအစာများကို သူ့အတွက်ပေးရန်လည်း မမေ့ခဲ့ပါ။ ဟေးဟူးသည် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုများအောက် ဒူးထောက်သွားရပြီး သူ့တွင် ဘာမှလုပ်စရာမရှိတဲ့အခါ ချင်ရှီးတို့အိမ်လာကာ အလုပ်ကူပေး၍ စားသောက်လာလေ့ရှိပြီး သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို ဘယ်တော့မှ သဘောမထားခဲ့ပေ။
မှန်ပါသည်။ ချင်ရှီးကလည်း သူ့ကို အပြင်လူတစ်ယောက်လို မဆက်ဆံပါ။ မေမေလုရှိစဉ်ကလည်း ဟေးဟူးသည် အိမ်မှာလာကူပေးတတ်သည်။ သူက အရမ်းရိုးသားတဲ့လူငယ်တစ်ယောက်ဖြစ်ကြောင်း လုကျဲ့ထျန်းကပြောဖူးသည်။
စစ်သားလေးသည် တခဏတာ အံ့အားသင့်သွားပြီး ဘီစကွတ်များကိုင်ထားသည့် လုကျဲ့ထျန်းကို ကြည့်လိုက်သည်။ လုကျဲ့ထျန်းက စကားမပြောရသေးမီ ချင်ရှီးက အရင်ပြောလိုက်သည်။
"သူ ဘာလုပ်နေတာလဲ ကြည့်စမ်း။ စားလိုက်ပါ… ပန်းကန်ထဲမှာ မုန့်အများကြီး ကျန်သေးတယ်။ တပ်ရင်းခေါင်းဆောင်ရှိလည်း ဘာမှမဖြစ်ပါဘူး"
လုကျဲ့ထျန်းသည် ပြုံးလျက် ပန်းကန်ပြားပေါ်ရှိ ဘီစကွတ်နှစ်ခုကို ဘယ်လက်ဖြင့် ကောက်ယူကာ ပန်းကန်ပြားကို တပ်သားငယ်အား ပေးလိုက်သည်။
"စားပါ နှစ်ယောက်စလုံး စားကြ"
တပ်သားငယ်လေးက ပန်းကန်ပြားကို ယူသွားသည်။ လက်တစ်ဖက်က ဘီစကွတ်တွေကို ပါးစပ်ထဲထည့်ကာ ကိုက်စားလိုက်ပြီး ပါးစပ်က နို့အနံ့နှင့်အရသာတွေ ထွက်ပေါ်လာကာ မျက်လုံးတွေက ထိန်းမရဘဲ ပြူးကျယ်သွားသည်။
"အရမ်းအရသာရှိပြီး မွှေးနေတာဘဲ"
'ဒါက သကြားနဲ့ နို့လား။ အဖိုးတန်တယ် မဟုတ်လား'
တပ်သားငယ်လေးက ချင်ရှီးကို စိုးရိမ်တကြီးနှင့်ကြည့်သည်။ ဒါတွေအားလုံးဟာ အဖိုးတန်တဲ့အရာတွေဖြစ်သည်။
ချင်ရှီးသည် မရင့်ကျက်သေးတဲ့ မျက်နှာနှင့် တပ်သားလေးကိုကြည့်လိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ။ အသက်ဘယ်လောက်ရှိပြီလဲ"
"ငါ့နာမည်က ကျိုးကျန့်ပါ။ ၁၈ နှစ်ရှိပါပြီ"
၁၉၇၀ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များ၏ မတူကွဲပြားမှုကို တွေးတောရင်း ချင်ရှီးသည် သူမ၏ နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိသည်။ တိုင်းပြည်ကြီး ကြီးပွားတိုးတက်ခိုင်ခံ့အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကြီးကျယ်ခမ်းနားလှသည့် ပြည်သူတွေကိုကျေးဇူးတင်သင့်ပါသည်။
_***_