အပိုင်း (၂၂)
စာသင်ခန်းထဲက ကျောင်းသားများသည် သန့်စင်ခန်းသွား၍ အနားယူဆော့ကစားဖို့ အချိန်ယူကြပြီး စင်္ကြံမှာ လူတွေပြည့်နေသည်။
ချင်ရှီး အောက်ထပ်သို့ ဆင်းလာသောအခါ ကျောင်းသားအားလုံးနီးပါးက သူမကို စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စူးစူးစိုက်စိုက်ကြည့်နေကြသည်။
လူတိုင်းက အလှအပကို နှစ်သက်ကြပြီး ကလေးများသည်လည်း လှပသော ဆရာမတစ်ဦးကို ရုတ်တရက်တွေ့လိုက်သောအခါ စက္ကန့်မလပ် ကြည့်နေကြမည်ဖြစ်သည်။
"ဒီဆရာမက ဘယ်အတန်းကလဲ။ ဘာလို့ မမြင်ဖူးတာလဲ"
"အင်္ဂလိပ်စာ သင်နေတာလား။ ဖက်ရှင်အရမ်းကျတယ်"
"ဆံပင်နဲ့ စကတ်က ကြည့်ကောင်းတယ်။ သူမက အရမ်းလှလိုက်တာ"
ကလေးတစ်ချို့က သူငယ်ချင်းများရောက်လာပြီး အတူဆော့ကစားကြတော့ ချင်ရှီးကို လျင်မြန်စွာမေ့လျော့သွားကြသည်။ ဒါပေမယ့် အတန်းဖော် ကောင်မလေးတစ်ချို့ကတော့ ချင်ရှီးရဲ့ ကျောပြင်ကိုကြည့်ပြီး တိုးတိုးကလေးဖြင့် ချင်ရှီးရဲ့ ၀တ်စားဆင်ယင်မှုကို ဆွေးနွေးနေကြသည်။
ဒီခေတ်က လူတွေဝတ်သည့်အဝတ်အစားတွေက အခြေခံအားဖြင့် အဖြူရောင်၊ မီးခိုးရောင်၊ အပြာရောင်၊ အနက်ရောင် စသဖြင့်သာ ၀တ်ဆင်ကြသည်။ သိမ်မွေ့လှပပြီး စတိုင်ကျတဲ့လူတစ်ယောက် ရုတ်တရက်ပေါ်လာပြီး မကြာခင်မှာဘဲ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ကျောင်းသားများ၏ စူးစမ်းချင်စိတ်သာမက လူကြီးများပင် စူးစမ်းချင်စိတ်ရှိကြသည်။
ကျန်းယန်လီကဲ့သို့ အချို့သောသူများသည် ချင်ရှီးကဲ့သို့ ပုံစံတူ ၀တ်ဆင်ရန် စုံစမ်းကြသည်။ ချင်ရှီးနှင့် တွေ့သောအခါ သူမ ဝတ်စားပုံက မည်ကဲ့သို့ ပုံသဏ္ဍာန်ရှိသည်ကို ဂရုတစိုက်ကြည့်ကာ သူမကို တိတ်တဆိတ် စိုက်ကြည့်နေကြပြီး နောက်မှ သူတို့အတွက် ဖန်တီးချုပ်လုပ်ရန် တွေးတောကြသည်။
သူမသည် အလွန်စွဲဆောင်မှုရှိသည်ဟု လူအများက ထင်မြင်နေကြဆဲဖြစ်သည်။သူမသည် မိတ်ကပ်ပါးပါးခြယ်သ၍ မျက်ခုံးမွှေးများကိုပြင်ဆင်ခြယ်သကာ တစ်နေ့တာလုံး စကတ်ဝတ်ထားရာတွင် ရိုးစင်းလွန်းခြင်းမရှိ လှပနေ၏။
ချင်ရှီးသည် တပ်မှူးလုကျဲ့ထျန်းနှင့် လက်ထပ်ထားကြောင်း သိရှိပြီးနောက် သူမသည် ကျေးလက်မှဖြစ်ကြောင်းသိရှိသွားကာ လူတိုင်းကပင် ရှုံ့ချချင်ကြသည်။
'ပိုက်ဆံကြောင့် မိထွေးလုပ်နေတဲ့သူက လူကောင်းမဟုတ်ဘူးလေ'
တပ်အသိုင်းအဝိုင်းတွင် လုကျဲ့ထျန်းကို တမူထူးခြားသူဟု အသိအမှတ်ပြုကြသည်။ အမျိုးသမီးများကြားတွင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။ မော့လင်နှင့် ကွာရှင်းပြီးတဲ့နောက်မှာတော့ လူတော်တော်များများက ကလေးသုံးယောက်အတွက် မိခင်ဖြစ်လိုကြပေမဲ့ သူကတော့ သဘောမတူခဲ့ပါ။
ဒီတစ်ခါတော့ အမေ့ကို မွေးရပ်မြေကို ပြန်ပို့ပြီးနောက် ရုတ်တရက် လက်ထပ်လိုက်သည်။
ယခုအနေအထားအရ ချင်ရှီးကို ဤကဲ့သို့ရှုထောင့်မှကြည့်လျှင် သူမသည် လုကျဲ့ထျန်းကို သွေးဆောင်ဖြားယောင်းခဲ့သည်ဟု လူအများက ထင်နေကြသည်။
လူတိုင်းက နောက်ကွယ်မှာ အတင်းအဖျင်းတွေ ပြောနေကြပေမဲ့ ချင်ရှီးရှေ့မှာတော့ ဖွင့်မပြောရဲကြပါ။ နှလုံးသားထဲမှာဘဲတွေးပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေလို စကားစမြည်ပြောကြစမြဲပင်။
ချင်ရှီးသည် ကောလဟာလများကို မကြားခဲ့ရသော်လည်း လူအများ၏ ထူးဆန်းသော မျက်လုံးများ၊ မနာလိုမှု၊ မထီမဲ့မြင်ပြုမှု၊ ရွံရှာမှု၊ နှစ်သက်မှု၊ သဘောကျမှုစသည်ဖြင့် အမျိုးမျိုးကို မျက်လုံးများမှတစ်ဆင့် ခံစားခဲ့ရသည်။
ချင်ရှီးသည် ပြင်ပလူအများ၏စကားကို လုံးဝဂရုမစိုက်ပါ။ သူမအတွက် လုံးဝစိတ်အနှောက်အယှက်မဖြစ်သလို သူမဘာသာ လှုပ်ရှားသွားလာနေသည်။ သူမ အပြင်ထွက်သည့်အခါတိုင်းလည်း လှပစွာ ၀တ်ဆင်ထားမြဲဖြစ်သည်။
ကျန်းယန်လီသည် ချင်ရှီးဆွဲပြထားသော ဝတ်စုံဒီဇိုင်းကို အလွန်နှစ်သက်သည်။ သူမသည် ပုံများကို ကိုင်ထားပြီး ပြောလိုက်သည်။
"ဒါတွေအကုန်လုံးကို ငါလိုချင်တယ်။ အရမ်းလှတာဘဲ။ ပြီးသွားရင် ဘယ်လိုပုံစံဖြစ်မလဲဆိုတာ စိတ်ကူးကြည့်လို့ရတယ်။ ပိုက်ဆံအိတ်က အရမ်းပါးနေတာ သနားစရာကောင်းလိုက်တာကွယ်။ အဲဒါတွေ အကုန်ချုပ်ဖို့မတတ်နိုင်ဘူး။ ရာသီဥတုက ပိုအေးလာပြီမို့ စကတ်ဝတ်ဖို့အချိန်က ကြာရှည်မခံတော့ဘူး"
ချင်ရှီးက ပုံနှစ်ပုံကို လက်နဲ့ထောက်ပြလိုက်သည်။
"ဒီနှစ်ခုကို သိုးမွှေးနဲ့ဖြစ်ဖြစ်ကောင်းကောင်းနဲ့ ယက်လုပ်လို့ရတယ်။ အဲ့လိုမျိုးလေးလည်း လှတယ်"
ကျန်းယန်လီက လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
"မင်း ငါ့ပိုက်ဆံအိတ်ကို ဟောင်းလောင်းဖြစ်စေချင်နေတာဘဲ"
ချင်ရှီးက ရယ်မောလိုက်သည်။
"ဒါဆိုတစ်ထည်ကိုအရင်လုပ်ပြီး ဝတ်ထားလိုက်။ နောက်မှထပ်ပြောကြမယ်"
ကျန်းယန်လီသည် အချိန်အတော်ကြာအောင်ရုန်းကန်ခဲ့ရပြီး ဒီဇိုင်းတစ်ခုကို ခက်ခဲစွာရွေးချယ်ခဲ့သည်။
သူမ ရွေးချယ်ထားသည်ကို ချင်ရှီးကြည့်လိုက်တော့ ဒါဟာ လေးထောင့်ကော်လာပါတဲ့ ပြင်သစ်လက်ရှည်ဝတ်စုံဖြစ်ပြီး အလွန်ကြော့ရှင်းတဲ့ အမျိုးသမီးစကတ်လေးနဲ့တွဲဖက်ထားတာဖြစ်ကြောင်းတွေ့လိုက်ရသည်။
ချင်ရှီး : "မင်း ဘာအရောင်လိုချင်လဲ။ အပြာရောင်၊ အဖြူရောင်၊ အနက်ရောင် ဒါမှမဟုတ် ပန်းပွင့်လေးတွေပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ အားလုံးက အရမ်းလှတယ်"
ကျန်းယန်လီက ဒီစကားကိုကြားပြီး အရောင်ရွေးချယ်မှုအတွက် ဗျာများမှုအသစ်တစ်ရပ်ကို စတင်လိုက်ပါတော့သည်။ နောက်ဆုံးတော့ အပြာရင့်ရောင်ကိုသာယူဖို့ ဆုံးဖြတ်လိုက်သည်။
"ငါက အနက်ရောင်ကို မကြိုက်ဘူး။ အဖြူနဲ့ ပန်းပွင့်ဝတ်စုံတွေက များလွန်းနေပြီ။ အပြာရင့်ရောင်လေး ချုပ်သင့်တယ်။ ဒီအရောင်က ပိုလေးနက်ပြီး လူတိုင်းရဲ့ ချီးမွမ်းခြင်းကို ခံရတယ်"
ဝတ်စုံအကြောင်း ပြောပြီးတဲ့အခါ ကျန်းယန်လီက ချင်ရှီးကို တစ်ဖန် ကြည့်ရှုပြီး မေးသည်။
"မကြာခင်က အတင်းအဖျင်းတွေ အများကြီး ကြားခဲ့သေးလား”
ချင်ရှီးက သူမကို ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“သူတို့ဘာလုပ်လဲဆိုတာ ငါ့အတွက်ဘာမှမထူးဆန်းပါဘူး။ ငါက သူတို့စိတ်ကျေနပ်အောင် နေတာမဟုတ်ဘူး။ သူတို့ကြိုက်တာကို ပြောကြပါစေ ငါဂရုမစိုက်ဘူး”
ဒီလိုအခြေအနေမျိုးဖြစ်လာမယ်ဆိုတာ အစောကြီးကတည်းက သူမ သိပေမဲ့ ဒါကိုလုပ်ဖို့ရွေးချယ်နေမှာပါဘဲ။ ဘာဘဲဖြစ်ဖြစ် လှလှပပ၀တ်စားဆင်ယင်ပြီး အေးအေးဆေးဆေးနေထိုင်ရတာတော့ သူမပျော်ပါသည်။
"ကိုယ်ကြိုက်တာ ကိုယ်ဝတ်မှာပေါ့"
ချင်ရှီးက အဝတ်အစားဒီဇိုင်းပုံစံတွေကို ဘေးဖယ်လိုက်သည်။
"သူတို့က ဘယ်သူတွေမို့လို့လဲ။ ငါက ဘာလို့ သူတို့ကိုဂရုစိုက်ပြီး ကိုယ်မကြိုက်တဲ့အဝတ်အစားတွေ ဝတ်ရမှာလဲ။ ငါဝတ်တာက သူတို့ကိစ္စမဟုတ်ဘူး"
မှန်ပါသည်။ အထူးစီးပွားရေးဇုန်ဒေသရှိ မြို့ကြီးပြကြီးတွေမှာ အမျိုးသမီးတွေရဲ့အဝတ်အစားတွေက ပိုလို့တောင် အရောင်စုံပါသည်။ အနီရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်အဝတ်အစားတွေ ချုပ်ဝတ်ကြတာအရမ်းများပြီး စည်းကမ်းသတ်မှတ်ချက်ဆိုတာလည်း လုံးဝမရှိပါ။ ချင်ရှီးရဲ့ အဝတ်အစားတွေကလည်း အပြာရောင်၊ မီးခိုးရောင်၊ အနက်ရောင်၊ အဖြူရောင်နှင့် အဝါနုရောင်တို့ဖြစ်ပြီး ချုပ်ပုံမှာလည်း ပုံကြီးချဲ့ခြင်းမျိုးမဟုတ်ပေ။ အများစုမှာ ခန္ဓာကိုယ်ကောက်ကြောင်းလေးများပြရန် ခါးနေရာကို သေးသွယ်သွယ်ဖြစ်အောင်လုပ်ထားခြင်းမျိုးသာဖြစ်သည်။
ချင်ရှီးသည် ခန္ဓာကိုယ်ဖော်သည့်ဝတ်စုံများ၊ တင်ပါးလုံယုံသာရှိသောစကတ်များနှင့် ပါးလွှာသော ဝတ်စားဆင်ယင်မှုများအကြောင်းကို ဘယ်သောအခါမှ မတွေးခဲ့ပါ။
ကျန်းယန်းလီသည် ချင်ရှီးကိုကြည့်လိုက်သည်။ သူမသည် အဖြူရောင်ရှပ်အင်္ကျီနှင့် ခါးမြင့်မြင့်ပန်းပွင့်ဝတ်စုံရှည်ကို ၀တ်ဆင်ထားသည်။ သူမသည် စကတ်အတွင်းဘက်မှ ရှပ်အင်္ကျီကို ချိတ်တွဲထားပြီး သူမ၏ သွယ်လျသောခါးကို ပြသထားသည်။
သူမ၏ရှည်လျားသောဆံပင်သည် ခေါင်းနောက်တွင် ရစ်ပတ်ထားပြီး စကတ်နှင့်တူသောအရောင်တူ ကြိုးဖြင့် စည်းထားကာ ကြော့ရှင်း၍ ဉာဏ်ရည်ဉာဏ်သွေးရှိပြီး စွမ်းဆောင်နိုင်စွမ်းရှိသည်။ ရိုးရှင်းသော်လည်း အလွန်ခေတ်ဆန်သည်။
"စီးပွားရေးအထူးဇုန်က အထူးဇုန်လေ။ ဒါက ဒီမှာကိုး"
ကျန်းယန်လီက ချင်ရှီးကို လက်နှစ်ဖက်နဲ့ မေးကိုပင့်၍ကြည့်သည်။
"ဒီကလူတွေက စိတ်ပြောင်းမသွားဘူးရယ်..."
ထို့နောက် ချင်ရှီးကို နှစ်ခါပြန်ကြည့်လိုက်သည်။
"မင်းက လှပအောင် ဝတ်ဆင်တတ်ပြီး လှပတဲ့ရုပ်ရည်လည်းရှိတယ်ဆိုတော့ ပြောစရာမလိုပါဘူး"
ကျန်းယန်လီက သက်ပြင်းချလိုက်သည်။
"မင်းက ရိုးရှင်းတဲ့အဝတ်အစားတွေကို ၀တ်ထားရင်တောင် မမြင်ဖူးသေးတဲ့ပုံစံအတိုင်းဘဲ လှနေသေးတယ်"
ချင်ရှီးက ကျန်းယန်လီကို ကြည့်လိုက်သည်။
"ဒီအခြေအနေက အနှေးနဲ့အမြန်ဆိုသလို ပြောင်းလဲသွားလိမ့်မယ်။ တစ်နေ့တော့ လမ်းမတွေပေါ်မှာ ပန်းပွင့်စကတ်တွေ ပြည့်လာလိမ့်မယ်"
ကျန်းယန်လီက စိတ်ပျက်စွာပြောသည်။
"ဒါက အခုမဖြစ်နိုင်သေးဘူးလေ"
ချင်ရှီ : "မကြာခင်အတွင်းမှာ မြန်မြန်ဆန်ဆန် ဖြစ်လာတော့မှာပါ"
ကျန်းယန်လီက သူမကိုကြည့်ရာ ချင်ရှီးက အနည်းငယ်ပြုံး၍ ဆက်ပြောသည်။
"ကျောင်းမှာ စကတ်ဝတ်တဲ့ အမျိုးသမီးဆရာမတွေ ပိုများလာတာကို မင်းသတိမထားမိဘူးလား"
ကျန်းယန်လီက တည့်တည့်မတ်မတ်ထိုင်လိုက်သည်။
"ဒါအမှန်ပဲ။ သူတို့က ကျောင်းစတက်တဲ့နေ့တုန်းက မင်းဝတ်လာတဲ့စကတ်ပုံစံမျိုးတွေဝတ်နေကြတယ်"
ထိုစကားပြီးသောအခါ သူမသည် ချင်ရှီး၏ကျစ်ထားသောဆံပင်ကို နောက်တစ်ချက်ကြည့်မိသည်။
"သူတို့ကျစ်ထားတဲ့ဆံပင်ပုံစံတွေကလည်း တော်တော်များများက မင်းဆီကနေ ပုံစံတူယူထားကြတာဘဲ"
ချင်ရှီးက မေးစေ့ကို အနည်းငယ်မြှောက်လိုက်သည်။
"အဲ့ဒီလို သဘောပါဘဲ။ ငါ ခန့်မှန်းလို့ရတယ်။ ရက်အနည်းငယ်အတွင်း ဆံပင်ကြိုးချည်သူတွေ များလာလိမ့်မယ်။ ငါက ရှေ့ကလုပ်ပြတဲ့အတိုင်း လူတိုင်းကို သိမ်မွေ့စွာ လွှမ်းမိုးနိုင်မယ်လို့ ယုံကြည်တယ်။ ဖိနိပ်ခြင်းဝါဒက မကြာခင် ပျက်ပြယ်ပြီး မိန်းမတွေက လွတ်လပ်စွာ ၀တ်စားလာမယ်လို့ ယုံကြည်တယ်။ အဲ့ဒီအခါကျ ငါတို့အားလုံးအတူတူ ဝတ်စုံအသစ်အဆန်းတွေဝတ်ကြမယ်။ ငါတစ်ယောက်တည်းဝတ်ရင် ငါက အခြားသူနဲ့ဝတ်ဆင်ပုံ မတူဘူးထင်ရပေမဲ့ လူတိုင်းက ဒီလိုဝတ်ကြရင် သာမာန်ဖြစ်သွားပါလိမ့်မယ်"
ချင်ရှီးကမတ်တပ်ထရပ်ပြီး ကျန်းယန်းလီပုခုံးကို ပုတ်လိုက်သည်။
"အချိန်တန်ရင် ငါ မင်းရဲ့ဝတ်စားပုံကို ဒီထက်ပိုပြီး မြှင့်တင်ပေးနိုင်တယ်။ ငါတို့နဲ့အတူတူတွဲဝတ်ကြမဲ့ လူလည်းပိုများလာနိုင်တယ်။ လူတိုင်းမှာ လူအုပ်(ရဲ့အကြိုက်)နောက်ကို လိုက်နိုင်တဲ့ စိတ်ဓာတ်ရှိတယ်။ ဝတ်တဲ့သူတွေ ပိုများလာရင် ဘယ်သူမှ အတင်းအဖျင်းပြောမှာ မဟုတ်ဝောာ့ဘူး"
ကျန်းယန်လီက အရွှန်းဖောက်ပြောသည်။
“အိုကေ။ အဲ့ဒီအချိန်ဆိုရင် မင်း ပိုက်ဆံအများကြီးရနိုင်လိမ့်မယ်။ မင်းငါ့ကို ကြော်ငြာခတွေ မပေးဘူးလား”
ချင်ရှီးက လှမ်းကြည့်လိုက်ကာ လေးလေးနက်နက်ပြောသည်။
"အနည်းဆုံးတော့ မင်းကို ကြော်ငြာခနည်းနည်းပေးရမယ်။ ငါကိုယ်တိုင်လည်း ကြော်ငြာရမှာဆိုတော့လေ ဘယ်လိုလဲ"
ကျန်းယန်လီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စကားအနည်းငယ်ပြောပြီးနောက် သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြသည်။
ချင်ရှီးသည် နေ့ခင်းပိုင်း အတန်းပြီး၍ အိမ်ပြန်ခါနီးတွင် မူလတန်းကျောင်းသို့ဖြတ်လျှောက်သွားသောအခါ လီချန်းချန်နှင့် ထပ်မံတွေ့ဆုံသည်။
ချင်ရှီးက သူမကို အစတုန်းက စကားပြောဖို့ မရည်ရွယ်ထားပေမဲ့ သူမကပင် ရပ်တန့်နှုတ်ဆက်လာသည်။
"ဟေး တိုက်ဆိုင်လိုက်တာ မိန်းကလေးချင်ရေ… ငါ မင်းကို လှမ်းခေါ်လိုက်ရတာ ခွင့်လွတ်ပါ။ မင်းကိုသတိပေးစရာရှိလို့။ ကုချင်းဟိုင်က တခြားအတန်းဖော်တွေနဲ့ ရန်ဖြစ်ပြီး အပြစ်ပေးခံရတဲ့အနေနဲ့ အတန်းရဲ့စင်္ကြံမှာ ရပ်နေရတယ်"
လီချန်းချန်က စိတ်မကောင်းဖြစ်ဟန်ဖြင့် သက်ပြင်းချလိုက်ပေမဲ့ တကယ်တော့ သူမကို လှောင်ပြောင်နေခြင်းဖြစ်သည်။
"မိထွေးဖြစ်ရတာ မလွယ်ဘူး။ ကလေးတွေကို ပဲ့ပြင်သင်ကြားပေးရတာ ခက်တယ်။ စကားမစပ် မင်းရဲ့အင်္ဂလိပ်စာလည်း ကောင်းပါတယ်။ ပြန်ရောက်တဲ့အခါ မင်းရဲ့ကလေးအတွက် ပြင်ဆင်ပေးလိုက်ဦး။ သူကို မတ်တပ်ရပ်ခိုင်းပြီး အင်္ဂလိပ်စာအတန်းကို လွတ်သွားအောင် ဒဏ်ရိုက်ခဲ့ပေမဲ့ မင်းသူ့ကို မရိုက်ရဘူးနော်"
လီချန်းချန်က ဆရာမကောင်းတစ်ဦးဟန်ဖြင့်ပြောနေသည်။
"သူက နာခံမှုမရှိရင်တောင်မှ ယုတ်မာတဲ့သူတော့မဟုတ်ပါဘူး။ ကလေးကို ရိုက်တာက မကောင်းဘူး”
ချင်ရှီးသည် သူမ၏ မျက်လုံးများကို စိတ်ပျက်စွာလှန်လိုက်ပြီး လီချန်းချန်၏ တိုက်တွန်းမှုကို ငြင်းဆန်လိုက်ကာ ပြုံးပြုံးလေးဖြေလိုက်သည်။
“ငါ့ကလေးကို ငါသိပါတယ်။ သူ့ကိုယ်သူ ဒုက္ခရောက်အောင် ရန်ဖြစ်ဖို့တော့ အစပြုမှာ မဟုတ်ဘူး။ ငါ့ကို အသိပေးတဲ့ ဆရာမလီကို ကျေးဇူးတင်ပါတယ်"
ချင်ရှီးက ပြုံးလိုက်ပြီး လီချန်းချန်ကို ကြည့်သည်။
"မိန်းကလေးလီက တတိယတန်းနဲ့ စတုတ္ထတန်းကျောင်းသားတွေအတွက် အင်္ဂလိပ်စာ သင်ပေးနေတာ မဟုတ်ဘူးလား။ ငါ့ကလေးရဲ့အတန်းကိုလည်း ယူရမှာပေါ့။ ကော်ရစ်ဒါမှာ မတ်တပ်ရပ်ခွင့်ပေးထားရင် စာသင်တဲ့အခါမှာတော့ အတန်းတက်ဖို့ သူ့ကိုဘာလို့ပြန်မလာခိုင်းတာလဲ။ မိန်းကလေးလီ ကလေးက မတ်တပ်ရပ်ပြီး ဒဏ်ရိုက်ခံရနေပေမဲ့ စာသင့်မဲ့အချိန် စာသင်ခန်းကို ပြန်ခေါ်သင့်တယ်"
ချင်ရှီးက မျက်မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။
"အတန်းက ဆက်ပြီးစာသင်နေချိန်မှာ ကလေးကို အပြင်မှာ ရပ်ခွင့်ပေးထားတာ အဆင်မပြေဘူး"
လီချန်းချန်က ချင်ရှီးပြောတာကြားပြီးနောက် ချက်ချင်း ဒေါသတွေထွက်လာသည်။ ဒါပေမဲ့ သူမ ဘာမှမလုပ်နိုင်တာကြောင့် ထိန်းမနိုင်သိမ်းမရခံစားရကာ စကားစစ်ထိုးဖို့သာ တတ်နိုင်သည်။
လီချန်းချန်က သူမရဲ့ နှလုံးသားထဲက မကောင်းဆိုးဝါးမီးကို မျိုချလိုက်သည်။
"ဒါ ငါ့အမှားဘဲ။ အတန်းပိုင်ဆရာမက ငါ့ကို အပြစ်ပေးစေချင်တယ်လို့ ထင်ခဲ့တာ။ ငါ သူ့ကို အရှက်မကွဲစေချင်ပါဘူး..."
ချင်ရှီး၏ အမူအရာမှာ လေးနက်လာသည်။
“အဲဒါတော့ မမှန်ဘူး။ ဆရာတစ်ယောက်အနေနဲ့ အရေးကြီးဆုံးက ကလေးတွေကို ပညာပေးဖို့ဘဲ။ ရိုက်နှက်ဆုံးမတာက ကလေးအတွက်မကောင်းဘူးလို့ မင်း ပြောခဲ့တယ်မလား။ ဒါဆို ဘာလို့ စာသင်ချိန်မှာ ကလေးကို အတန်းထဲပြန်မထိုင်ခိုင်းရသလဲ။ ဒါ့အပြင် မင်းပြောတဲ့အတန်းပိုင်ဆရာကလည်း အဲ့သလောက် စိတ်ထားသေးသိမ်မဲ့သူလည်း မဟုတ်လောက်ပါဘူး…ငါပြောတာ ဟုတ်တယ်မလား"
လီချန်းချန်က ချင်ရှီးရဲ့ မျက်လုံးတွေကို ကြည့်ရင်း လက်သီးတွေကို ဆုပ်ထားလိုက်သည်။
"မင်းဘာပြောချင်နေတာလဲ"
'မင်းကများ ငါ့ကို သင်ခန်းစာ သင်ပေးချင်နေတာလား။ မင်းက ဘယ်သူမို့လဲ'
လီချန်ချန်းသည် စိတ်ထဲမှ ဒေါသကို မထိန်းထားနိုင်တော့ဘဲ သူမမျက်နှာပေါ်က အပြုံးက လုံးဝပျောက်ကွယ်သွားသည်။
သို့သော် ချင်ရှီးသည် လီချန်းချန်ကို ဘာသိဘာသာအကြည့်ဖြင့် ကြည့်လိုက်သည်။
"လူယုံတစ်ယောက်ပြောပြတဲ့စကားတွေပါ။ ငါမင်းကို သတိမပေးခဲ့ဘူးလို့မပြောနဲ့နော်"
လီချန်းချန်က စိုးရိမ်သွားပြီး သူမရဲ့လူယုံက ဘယ်သူလဲလို့ တွေးနေမိသည်။
'ဘာကိုသတိပေးချင်တာလဲ'
လီချန်းချန်၏ အမူအယာပျက်သွားသည်ကိုမြင်လိုက်ရတော့ ချင်ရှီးသည် အလွန်ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
သူမကို လှောင်ရယ်ချင်တာကြောင့် ဒီလိုပြောဖို့ရည်ရွယ်ချက်နဲ့ သူမဆီလာခဲ့တာမဟုတ်လား။ ဒါမှမဟုတ် အိမ်ပြန်သွားပြီး ကလေးတွေကို ပြုစုပျိုးထောင်သန့်ရှင်းရေးလုပ်ဖို့ ပြောချင်တာဖြစ်နိုင်ပါ့မလား။ ပြောင်ပြောင်တင်းတင်း တည့်တိုးပြောတတ်သူတွေဟာ လှည့်စားနည်းကို အရိပ်အမြွက်တောင် မသိကြဘူး။ သူတို့ရဲ့ အဆင့်အတန်းက တကယ်ကို နိမ့်ပါးလှသည်။
ဤအမြင်အရ သူမသည် အချိန်ခရီးသွား၍ ပြန်လည်မွေးဖွားခြင်းမပြုမီတွင် အသက်မပြည့်သေးသူဖြစ်လိမ့်မည်။ သူမ၏ အပြုအမူများက အလွန်နုံအလွန်းသည်။
ချင်ရှီးက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်သည်။
"ငါ မင်းကိုသတိပေးပေမဲ့ မင်းအဲ့ဒါကို သတိမထားခဲ့ဘူးဘဲ။ မေ့လိုက်ပါတော့ ငါအရင်သွားလိုက်တော့မယ်... "
ပြောပြီးပြီးချင်း ချင်ရှီးက လှည့်ထွက်ခဲ့သည်။
လီချန်းချန်သည် သူမ၏ကျောကိုကြည့်ကာ အသက်ပြင်းပြင်းရှူ၍ ရင်ဘတ်ကိုအုပ်ရန် လက်ကိုမြှောက်ကာ သွားများကို အံကြိတ်လိုက်သည်။
"ချင်ရှီး..."
'ဒီလူက ဘယ်သူလဲ။ မင်းက ဒီနေရာကို(ကမ္ဘာကို) ကိုယ့်ဘာသာရောက်လာတာလား'
လီချန်းချန်သည် ဒေါသတကြီးဖြင့် ရုံးအဆောက်အဦးဆီသို့ စာအုပ်တွေကို ပွေ့ချီ၍သယ်သွားလိုက်သည်။ သူမသည် အတန်း ၃ တန်း ဆက်တိုက်သင်ခဲ့ရပြီး ပင်ပန်းလွန်းသဖြင့် အမြန်ပြန် အနားယူချင်မိသည်။
ချင်ရှီးသည် မူလတန်းကျောင်းသို့ လျှောက်သွားကာ သူမ၏ မျက်နှာသည် တဖြည်းဖြည်း လေးနက်လာပြီး ကုချင်းဟိုင်၏ စာသင်ခန်းဆီသို့ လျှောက်သွားသည်။
ကုချင်းဟိုင်သည် ပြဿနာရှာရသည်ကို နှစ်သက်သူမဟုတ်ပါ။ သူ ရန်ဖြစ်လျှင် အမှားတစ်ခုခုတော့ ရှိရပေမည်။
ရှင်းရှင်းလင်းလင်းမေးမြန်းရန် ကုချင်းဟိုင်၏ အတန်းပိုင်ဆရာမထံသွားပြီး စကားကောင်းကောင်းပြောရလိမ့်မည်။
_***_