အပိုင်း (၄၀)
"လုကျဲ့ထျန်း ကလေးက အဖျားရှိနေတယ်"
ချင်ရှီး၏ အသံထွက်လာပြီးနောက် လုကျဲ့ထျန်းသည် ကုတင်ပေါ်မှခုန်ဆင်းလာသည်။ ကုချင်းဟိုင်က လန့်နိုးလာပြီး မိန်းမောနေကာ ဘာဖြစ်သွားမှန်းမသိပေ။
လုကျဲ့ထျန်းသည် သူ့အဝတ်အစားတွေကို အမြန်ပြင်ဆင်ဝတ်ပြီး တံခါးကိုဖွင့်လိုက်သည်။
"ဘာဖြစ်တာလဲ"
"ကလေးနှစ်ယောက်လုံး အဖျားတက်နေကြတာ။ ဖျင်ဖျင်က ပိုပြင်းနေတယ်"
ချင်ရှီးသည် လုကျဲ့ထျန်းအား ရှင်းပြပြီး ကုတင်ပေါ်ရှိ ကုချင်းဟိုင်ကို လှည့်ကြည့်သည်။
"ဖျင်ဖျင်နဲ့ အန်အန်းတို့ နေမကောင်းလို့ ကျန်းမာရေးဌာနကို ခေါ်သွားရမှာ။ မင်းအိမ်မှာ တစ်ယောက်တည်း အိပ်လို့ရမလား"
ကုချင်းဟိုင်သည် ဒီစကားကိုကြားတော့ ငြိမ်သွားပြီး မြန်မြန်ထလိုက်သည်။
"ကျွန်တော်ရော လိုက်မယ်"
"မင်း အိမ်မှာဘဲနေပြီးစောင့်နေ"
လုကျဲ့ထျန်းသည် သူ့ခေါင်းကို လှည့်ကြည့်သည်။
"ငါတို့ ညီငယ်၊ညီမငယ်တွေကို ပြုစုရမှာမို့ မင်းကို ဂရုမစိုက်နိုင်မှာ စိုးရိမ်မိတယ်။ မင်း အိမ်မှာဘဲ နေလိုက်နော်"
ချင်ရှီးကလည်း ဖြောင်းဖျသည်။
ကုချင်းဟိုင်သည် နာခံမှုဖြင့် ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ပေ။
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် အိပ်ခန်းထဲသို့ ရောက်ရှိလာပြီး ကလေးနှစ်ယောက်ကို အဝတ်အစားများ ပြင်ဆင်၀တ်ဆင်ကာ လုကျဲ့ထျန်းသည် သူတို့အား လက်နှစ်ဖက်ဖြင့် ကောက်ချီကာ အပြင်မထွက်မီ ချင်ရှီးအား သူတို့လေးတွေကို စစ်အင်္ကျီထူထူဖြင့် တင်းတင်းကျပ်ကျပ် ခြုံထားပေးရန် တောင်းဆိုခဲ့သည်။
"ဝူး…"
အန်အန်းသည် ချင်ရှီးအားကြည့်လိုက်သည်။
"မေမေ နေရတာ အဆင်မပြေဘူး"
ဖျင်ဖျင်သည် လုကျဲ့ထျန်း၏ ရင်ခွင်ထဲတွင်ပင် အိပ်နေပြီး စကားမပြောနိုင်ဘဲ ဖျော့တော့သော ညည်းညူသံများကိုသာ ထုတ်လွှတ်နိုင်သည်။
ကလေးနှစ်ယောက်ကို ဒီလိုအခြေအနေဖြင့် မြင်လိုက်ရတော့ လုကျဲ့ထျန်းသည် မျက်မှောင်ကြုတ်ပြီး ချင်ရှီးလည်း စိတ်ပူပြီး စိတ်မကောင်းဖြစ်သွားရသည်။
"အဆင်ပြေမှာပါ။ မင်းတို့ ကျန်းမာရေးဌာနကိုသွားတဲ့အထိစောင့်လိုက်။ ဆရာဝန်ကို ကုသခွင့်ပေးဖို့ ဖေဖေတို့က မင်းတို့ကို လိုက်ပို့ပေးမယ်"
လုကျဲ့ထျန်းသည် လမ်းလျှောက်သွားရင်း နှစ်သိမ့်ကာ ချင်ရှီးကလည်း ခေါင်းညိတ်ကာ တိုးတိုးလေးနှစ်သိမ့်လိုက်သည်။
လုကျဲ့ထျန်းသည် အလွန်လျင်မြန်စွာ လမ်းလျှောက်သွားသဖြင့် ချင်ရှီးက သူ့အား အမီလိုက်နိုင်ရန် ပြေးလိုက်ရသည်။ကျန်းမာရေးဌာနသို့ရောက်ပြီးနောက် ချင်ရှီးသည် ကျောပြင်တွင် ချွေးများရွှဲရွှဲစို၍ ကြောက်လန့်၍လား ပင်ပန်း၍လားပင် မသိနိုင်တော့ချေ။
ကျန်းမာရေးဌာနတံခါးကို ပိတ်ထားပြီး တာဝန်ကျ သူနာပြုမလေးက အထဲမှာ အိပ်ပျော်နေသည်။
"ဘာကိစ္စရှိလို့လဲ"
သူနာပြုက သူမအင်္ကျီကိုဝတ်ပြီး တံခါးကို အမြန်ဖွင့်လိုက်သည်။ လုကျဲ့ထျန်းကို မြင်တော့ သူမကအရင်ပြောလိုက်သည်။
"ဖျင်ဖျင် ဖျားနေပြန်ပြီလား မြန်မြန်ဝင်လိုက်"
လုကျဲ့ထျန်းသည် ကလေးနှစ်ယောက်ကို ပွေ့ချီလိုက်၍ အခန်းတွင်းသို့ ဝင်ပြီးနောက် ကုတင်ပေါ်တင်လိုက်သည်။ သူနာပြုဆရာမလေး အနည်းငယ် အံ့သြသွားကာ ကြံ့ခိုင်သန်မာသော အန်အန်းပါ ဖျားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ဖျင်ဖျင်သည် မွေးကတည်းက အနည်းငယ်ချူချာပြီး သေးငယ်သော ရောဂါဝေဒနာများ မကြာခဏ ခံစားနေရသောကြောင့် ဆေးခန်းသို့ မကြာခဏ လာရသူဖြစ်သည်။ ဒါပေမဲ့ ချင်ရှီးရောက်လာကတည်းက ကျန်းမာရေးဌာနကို မရောက်လာတော့သည့်အတွက် သူနာပြုတွေက ချင်ရှီးအကြောင်းကို သီးသန့်ပြောကြပြီး သူမက အရမ်းချစ်စရာကောင်းပြီး ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်တယ်လို့ မှတ်ချက်ပြုကြသေးသည်။
သူတို့ ဒီနေ့ ကျန်းမာရေးဌာနတံခါးဝကို ရုတ်တရက် ရောက်လာကြလိမ့်မယ်လို့ သူနာပြုက မမျှော်လင့်ထားပါ။
ကလေးနှစ်ဦးသည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး ငိုယိုညည်းညူရင်း မျက်နှာလေးများ နီမြန်းကာ မျက်လုံးတစ်ဝက်မှိတ်၍ သနားစရာကောင်းသည့်ပုံပေါက်နေပြီး လူကြီးများက သူတို့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ကြရသည်။
ချင်ရှီးသည် နေ့ခင်းဘက်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြောပြရာ သူနာပြုဆရာမက ရုတ်တရက် သတိပြုမိလိုက်သည်။
"ထိတ်လန့်ပြီး စိတ်ထိခိုက်သွားလို့ အဖျားတက်သွားတာဘဲ"
ချင်ရှီးက သက်ပြင်းချလိုက်သည်။ သူမအနေဖြင့် သူတို့ အဖျားတက်မှာကို စိုးရိမ်ခဲ့ရသည်။ ဒါပေမဲ့ စိုးရိမ်စရာအခြေအနေကိုတော့ မတွေးထားပါ။ သာမာန်အဖျားရှိလို့ အဆင်ပြေပေမဲ့ ကျန်းမာနေကျ အန်အန်းကပါ အဖျားရှိနေတာကို တွေ့ရတော့ သူမအံ့ဩထိတ်လန့်မိပါ၏။
အန်အန်းသည် သန်မာသော ခန္ဓာကိုယ်ရှိပြီး ခံနိုင်ရည်အားကောင်းသူဖြစ်သည်။ ဖျင်ဖျင်သည် တစ်ချိန်လုံး ဖျားနာနေတတ်သည်။ ကလေးနှစ်ယောက်က အတူစားပြီး အတူနေထိုင်ကြသော်လည်း အန်အန်းသည် တစ်ခါမျှ မကူးစက်ခဲ့ရဖူးပါ။ သူမက ကျန်းမာရေးကောင်းမွန်သည်ဟု တွေးထင်ခဲ့မိသည်။
ဤကာလအတွင်း ချင်ရှီးသည် ပို၍ ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့ရသည့်အချက်နှင့်အတူ သူမ၏ အဖျားကူးစက်ခြင်းသည် အမှန်တကယ်ပင် စိတ်ရှုပ်ထွေးစေ၏။
ချင်ရှီးသည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ ကုတင်ပေါ်မှ အန်အန်းကိုကြည့်၍ တွေးနေမိသည်။
'သူ(မ)ကလည်း အလွန်အမင်းစိတ်ထိခိုက်ရသည်ကို ဖုံးကွယ်ထားပြီး ခံစားခဲ့ရလို့များလား'
ဒါပေမဲ့ ချင်ရှီးက သူတို့လေးတွေ ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ တပ်အပ်ပြောနိုင်ပါသည်။
'တကယ့်ကို ထူးဆန်းတယ်'
ခဏအကြာတွင် သူနာပြုသည် သာမိုမီတာကို ထုတ်၍ ကြည့်ကာပြောသည်။
"အန်အန်းက ၃၈.၂°၊ ဖျင်ဖျင်က ၃၉.၅° ရှိတယ်"
သူနာပြုဆရာမသည် သူတို့နှစ်ဦး၏ ပါးစပ်ကို ညင်သာစွာဖွင့်ကာ မီးဖြင့် ပါးစပ်ကိုကြည့်ကာ အနည်းငယ် စိတ်ဖြေလျှော့လိုက်သည်။
"ရိုးရိုးအဖျားဘဲ။ ဆေးနည်းနည်းလောက်ပေးလိုက်မယ်။ ဆေးလည်း ထိုးပေးလိုက်မယ်"
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့လည်း စိတ်အေးလက်အေး သက်တောင့်သက်သာဖြင့် သက်ပြင်းချလိုက်သည်။
"ကောင်းပါပြီ။ ငါတို့မင်းကို ဒုက္ခပေးရလို့ တောင်းပန်ပါတယ်"
"ရပါတယ်"
သူနာပြုဆရာမက ပြုံးလိုက်ပြီး လှည့်ကာ ဆေးပေးသည်။
အန်အန်းသည် ဆေးကို နာခံစွာသောက်ပြီး ဆေးထိုးချိန်မှာတောင် မငိုဘဲ စိတ်ရှုပ်အောင်လုပ်ဖို့ ခွန်အားတောင်မရှိကြတော့ဘဲ သူတို့ဟာ အလွန်နာခံကြသည်။
"ကလေးတွေကို ခေါ်သွားပြီး ပြန်အိပ်တော့။ မနက်ဖန် နိုးလာတဲ့အခါ စောင့်ကြည့်လိုက်ဦး"
ချင်ရှီးသည် ထပ်ပြီး ကျေးဇူးတင်စကား ပြောကာ လုကျဲ့ထျန်းက ကလေးနှစ်ယောက်ကို ပြန်ထုပ်ပိုးပြီး သယ်သွားလေသည်။
သူနာပြုဆရာမက သူတို့နောက်ကျောကို ကြည့်နေရစ်ခဲ့၏။ အိမ်ပြန်ရောက်တော့ ကုချင်းဟိုင်သည် လုံးဝမအိပ်ဘဲ တစ်ယောက်ယောက်ပြန်လာတာကိုကြားတော့ သူ့အင်္ကျီကိုဝတ်ပြီး ထွက်လာသည်။
"ဖေဖေ မေမေ"
ကုချင်းဟိုင်သည် အိပ်ခန်းတံခါးကို ကူဖွင့်ပေးသည်။
"အဆင်ပြေရဲ့လား"
"အဆင်ပြေတယ်"
ချင်ရှီးက သူ့ခြေထောက်ဗလာကို ကြည့်ကာ အမြန်ပြန်အိပ်ဖို့ တိုက်တွန်းလိုက်သည်။ ကုချင်းဟိုင်သည် ချင်ရှီးက သူ့ခြေထောက်တွေကို ကြည့်လိုက်မှန်းသိကာ သူက ဘောင်းဘီရှည်မဝတ်ထားဘဲ ဘောင်းဘီတိုတိုသာဝတ်ထားတာကို သဘောပေါက်လိုက်သည်။ ထို့နောက် "ဟုတ်ကဲ့" လို့ ပြောပြီး ထိတ်လန့်တကြားဖြင့် အခန်းထဲကို ပြန်ပြေးသွားသည်။
ကလေးနှစ်ယောက်ကို ပြန်အိပ်ခိုင်းပြီးနောက် ချင်ရှီးက လုကျဲ့ထျန်းကို အခန်းပြန်သွားခိုင်းပြီး ကလေးတွေကို စောင့်ကြည့်နေခဲ့သည်။
လုကျဲ့ထျန်း : "ငါသူတို့ကိုစောင့်ကြည့်လိုက်မယ်။ မင်းပြန်အိပ်တော့"
ချင်ရှီးက ငြင်းသည်။
"ငါအိပ်ယာအားလုံးကိုဒီမှာယူလာပြီး ကလေးတွေနဲ့အိပ်တာလေ။ အဆင်ပြေပါတယ်။ သူတို့အားလုံးအိပ်ပျော်နေပြီ။ ငါဘဲ စောင့်ကြည့်နေလိုက်မယ်"
လုကျဲ့ထျန်းသည် ကြောင်တက်တက်ဖြင့် လဲလျောင်းနေသောကလေးများကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"မနက်ဖြန် အစည်းအဝေးပြီးရင် ပြန်လာခဲ့မယ်။ မင်း စောစောထစရာ မလိုဘူး"
ချင်ရှီး : "ကောင်းပါပြီ"
မနက်ဖြန်က စနေနေ့ဖြစ်ကာ ကုချင်းဟိုင်က အတန်းတက်ရန် မလိုအပ်ဘဲ စောစောထရန် မလိုချေ။
နှစ်ယောက်သား စကားစမြည်ပြောနေတာကို ရပ်လိုက်ပြီး လုကျဲ့ထျန်းက အိပ်ဖို့ အခန်းကို ပြန်သွားသည်။
ထိုညက အမြွှာတွေဟာ သိပ်စိတ်မပူရတော့ပေ။ ဆေးအာနိသင်ကြောင့် အိပ်ပျော်သွားကြသည်။ ဒါပေမဲ့ သူတို့ အိပ်ပျော်သွားတော့ အအေးဒဏ်ကို ခံစားရပြီး ကျုံ့သွားကြသည်။
ချင်ရှီး ညတစ်ဝက်နိုးလာသောအခါတွင် အမြွှာများသည် တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ထားသည်ကို မြင်လိုက်ရပြီး ပုံသဏ္ဍာန်မှာ အလွန်ချစ်ဖို့ကောင်းလှသည်။ ချင်ရှီးသည် သူတို့ကို စောင်ထဲမှာ ထည့်ပြီး လှဲအိပ်စေသည်။
တစ်ညလုံး ဘာမှမဖြစ်ဘဲ နောက်နေ့မနက်ရောက်မှ ချင်ရှီး နိုးလာသည်။ အမြွာများက မနိုးသေးသောကြောင့် ချင်ရှီးသည် သူတို့၏နဖူးကို တို့ထိလိုက်ရာ အဖျားကျသွားသည်ကို တွေ့လိုက်ရပြီး သူမ၏နှလုံးသည် လုံးဝကို ပြေလျော့သွားခဲ့သည်။
တံခါးအပြင်ဘက်မှာတော့ လုကျဲ့ထျန်းသည် ကလေးတွေဘယ်လိုနေလဲဆိုတာကြည့်ဖို့ တံခါးလာခေါက်ချင်ပေမဲ့ ချင်ရှီးနှင့်ကလေးတွေကိုနှိုးမိမှာကြောက်လို့ တိတ်တဆိတ်ထွက်မသွားခင် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့သည်။
ချင်ရှီးသည် ကလေးတွေကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်လိမ့်မည်ဟု သူယုံကြည်သည်။
ချင်ရှီးလည်း အိပ်ငိုက်နေတာကြောင့် မကြာခင်မှာဘဲ ပြန်အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာတဲ့အခါမှာတော့ အန်အန်းက နိုးနေပြီး ဆံပင်တွေကိုထိကိုင်နေ၏။
ချင်ရှီးနိုးလာသည်ကိုမြင်တော့ အန်အန်းသည် ဆန့်တန်းထားသောလက်လေးကို အမြန်ပြန်ရုတ်ကာ ချင်ရှီးကိုကြည့်ပြီး ရယ်မောသည်။
“မေမေ”
ချင်ရှီးသည် အန်အန်း၏ ချိုမြိန်သောအပြုံးကို မြင်လိုက်ရကာ သူမ၏မျက်လုံးများသည် အရင်နေ့များကဲ့သို့ ကြည်လင်တောက်ပနေလေပြီ။
“အဆင်မပြေသလို ခံစားရသေးလား”
အန်အန်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
“အဆင်ပြေပါတယ်။ နေကောင်းပြီ”
ထို့နောက် သူမလက်များကို ဆန့်တန်းကာ ကြွက်သားများကို ပြသသည့် အမူအရာလုပ်သည်။
"ခေါင်းလည်း မမူးတော့ဘူး"
ချင်ရှီးသည် သူမလက်လေးကို အမြန်ဆွဲလိုက်သည်။
"အအေးမိလိမ့်မယ် သတိထား"
အန်အန်းသည် ချင်ရှီးကို ပြုံးပြပြီး အရမ်းပျော်နေကာ သူမ နိုးသည်နက် ချင်ရှီးကို တွေ့ရသည်အား သဘောကျနေသည်။
သူမဘေးက ဖျင်ဖျင်လည်းနိုးလာကာ မျက်လုံးကိုဖွင့်ပြီး ပြန်မှိတ်ကာ လက်နှစ်ဖက်ဖြင့် ပွတ်သပ်၍ တိုးတိုးလေး အော်သည်။
"မေမေ..."
"ခေါင်းကိုက်နေလို့လား ဘာဖြစ်တာလဲ" ချင်ရှီးက အလျင်စလို မေးလိုက်သည်။
"ခေါင်းမူးပြီး မျက်စိနာတယ်"
ဖျင်ဖျင်သည် သူ့မျက်လုံးများကို ဖုံးအုပ်ကာ မဖွင့်ဘဲနေလိုက်သည်။
ချင်ရှီး : "မနေ့က အရမ်းငိုတော့ ဖျားသွားတယ်။ မင်းမျက်လုံးတွေ ရောင်နေတော့ နာနေလိမ့်မယ်"
"ဝူး…"
ဖျင်ဖျင်က တိုးတိုးလေးပြောရင်း ငိုသည်။ "မွှေးထူကို မြင်တော့ မငိုဘဲ မနေနိုင်ဘူး"
ချင်ရှီးက သူ့ခေါင်းကို ပွတ်သပ်လိုက်ကာ အနည်းငယ် စိတ်ရှုပ်သွားသည်။ ဖျင်ဖျင်၏ စိတ်ကူးယဉ်ဆန်ပြီး စစ်မှန်လွန်းကာထိလွယ်ရှလွယ်သော ကိုယ်ရည်ကိုယ်သွေးကို မည်သို့ပြောင်းလဲရမည်ကို မသိတော့ချေ။
"မင်းဗိုက်ဆာနေလား။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ အသားပါတဲ့ ဂျုံယာဂုကို ချက်ပြုတ်ပေးမယ်လေ ဘယ်လိုလဲ"
ချင်ရှီးက အတွေးကိုရပ်လိုက်ပြီး အမြွှာနှစ်ယောက်ကို ဗိုက်ဆာသလားလို့ မေးလိုက်သည်။
မနေ့ညက အမြွာတွေက အများကြီး မစားခဲ့ကြဘူး။ အခု အဖျားပျောက်ပြီး ဗိုက်က အရမ်းမြည်လာသည်။
ချင်ရှီးက သူတို့ကိုအဝတ်အစားတွေဝတ်ဖို့ ကူညီပေးသည်။ အိပ်ရာကထပြီးနောက် တံခါးဖွင့်သံကြားသည်။
လုကျဲ့ထျန်းသည် ဂျုံယာဂုအဖြူနှင့် ပဲပိစပ်မုန့်များဖြင့် ပြန်လာခဲ့ပြီး ချင်ရှီးက ချက်ပြုတ်ရန် မလိုအပ်တော့ဘဲ အသားပါသော ဂျုံယာဂုကို မသောက်နိုင်တော့သည့်အတွက် အမြွှာနှစ်ယောက်စလုံး စိတ်ပျက်သွားကြသည်။
"ဘယ်လိုနေသေးလဲ"
လုကျဲ့ထျန်းသည် အမြွှာတွေကိုကြည့်ကာ သူတို့၏နဖူးကိုထိချင်သော်လည်း သူ့လက်များက အေးစက်နေ၍ သူ မထိဝံ့တော့ချေ။
"မပူတော့ဘူး။ အဆင်ပြေတယ်"
ချင်ရှီးသည် လုကျဲ့ထျန်းနှင့် ကုချင်းဟိုင်ကို မနက်စာပြင်ဆင်ခိုင်းပြီး အမြွှာနှစ်ယောက်ကို မျက်နှာသစ်၊သွားတိုက်ခိုင်းလိုက်သည်။
အစာစားချိန်၌ လုကျဲ့ထျန်းသည် ကလေးနှစ်ယောက်က အစာစားချင်စိတ်ရှိနေသည်ကိုတွေ့လိုက်ရသောကြောင့် စိတ်သက်သာရာရသွားသည်။
"မင်းတို့စားနိုင်ရင် အဆင်ပြေမှာပါ"
လုကျဲ့ထျန်းပြောတာကိုကြားတော့ ချင်ရှီးက မျက်ခုံးပင့်မိကာ မျိုးဆက်ဟောင်းစတိုင်လ်ဟုတွေးပြီး ရယ်ပြန်သည်။
'အိုး…လုကျဲ့ထျန်းက မျိုးဆက်ဟောင်းဘဲ မဟုတ်ဘူးလား'
လုကျဲ့ထျန်းသည် ကလေးများနှင့် ခဏကစားပြီးနောက် သူတို့အား ပုံပြင်များပြောပြနေသည်။ အလုပ်မသွားဘူးလားဟု ချင်ရှီးမှ မေးမြန်းခဲ့ရာ ယနေ့တွင် သူ အလုပ်မသွားတော့ကြောင်း သိလိုက်ရသည်။ နေ့လည်စာစားပြီးနောက် သူ့ကို အိမ်အလုပ်ခိုင်းတော့သည်။ ချင်ရှီးသည် ရေယူပြီး အဝတ်လျှော်စက်နဲ့ အလုပ်လုပ်တော့သည်။
အဝတ်လျှော်စက်က သုံးရသည့်ရေပမာဏက အရမ်းများပြီး အိမ်မှာရှိတဲ့ရေကန်ထဲမှက ရေက ဖင်ကပ်သာကျန်သောကြောင့် လုကျဲ့ထျန်းက ရေတွင်းက ရေသယ်ရန် ပုံးတစ်ပုံးကို ယူသွားလိုက်သည်။
တစ်စုံတစ်ယောက်သည် လုကျဲ့ထျန်းက ရေသယ်လာတာမြင်တော့ အဝတ်အထည်အကြီးကြီးလျှော်တော့မယ်ဆိုတာ သိလိုက်တဲ့အတွက် ရုတ်တရက် အကြံတစ်ခု တွေးမိသည်။ သူ့အသက်အရွယ်ကို အခွင့်ကောင်းယူပြီး အဒေါ်တစ်ယောက်က လုကျဲ့ထျန်းကိုမေးသည်။
"အဝတ်လျှော်ဖို့ ရေသွားယူတာလား။ အဒေါ်ကရော မင်းရဲ့ အဝတ်လျှော်စက်ကို ငှားသုံးလို့ရမလား"
လုကျဲ့ထျန်းက လမ်းလျှောက်နေသည်ကို မရပ်ဘဲဖြေသည်။
“ချင်ရှီးကို မေးရမှာပေါ့။ သူက အိမ်မှာဆို ဆုံးဖြတ်ချက်ချတဲ့သူဘဲ ”
အဒေါ်ကြီးသည် အံသြသွားကာ သူ့ပတ်ဝန်းကျင်က လူတွေကလည်း သူ့ကို အာရုံစိုက်နေကြသည်။ အဝတ်လျှော်စက်ကို အချောင်သုံးလို့ရနိုင်မလား တွေးကာ လုကျဲ့ထျန်းကို ပို၍ကြည့်နေကြသည်။
အိမ်ပြန်ရောက်တော့ လုကျဲ့ထျန်းသည် တစ်စုံတစ်ယောက်က အဝတ်လျှော်စက်ငှားတဲ့အကြောင်းအား ချင်ရှီးကိုပြောပြသည်။ ချင်ရှီးသည် သူ့ပုခုံးပေါ် လက်တင်လိုက်သည်။
"နင်လုပ်တာ ကောင်းတယ်။ ဘာဘဲဖြစ်ဖြစ် ဒီအခွင့်အလမ်းကို ဖွင့်ပေးလို့မရဘူး။ မဟုတ်ရင် လူတစ်စုလုံးက ငှားသုံးလာကြပြီး နှစ်နှစ်အတွင်း အဝတ်လျှော်စက်က သုံးလို့မရဖြစ်သွားမယ်”
အများအားဖြင့် သူတို့အပေါ် (အကောင်းစိတ်ဖြင့်) အာရုံစိုက်ပေးခြင်းတောင်မရှိခဲ့ကြဘဲ နောက်ကွယ်မှာ အတင်းအဖျင်းတွေတောင်ပြောခဲ့ကြပြီး အခု အဝတ်လျှော်စက်ကိုဝယ်လိုက်မှ သူတို့က စိတ်အားထက်သန်လာပြီး လိုက်ကပ်ကာ အချောင်သုံးချင်ကြသည်။
ချင်ရှီးက အန်တီကျောင်းကို သုံးခွင့်ပေးသည်ဆိုတာက ချစ်ခင်မှု အတိုင်းအတာ တစ်ခုသာဖြစ်သည်။ သူမ က အန်တီကျောင်းအတွက် အလကား သုံးစေချင်ပေမဲ့ ဘာလို့ တခြားသူတွေကို လိုက်လျောပေးသင့်ရမှာလဲ။ ဘာဘဲဖြစ်ဖြစ် ချင်ရှီးက သူတို့ကို အလကားသုံးခိုင်းရမှာ မပျော်ပါ။
"ကတိမပေးနဲ့။ အစမှာ လက်ခံထားရင် နောက်ပိုင်း လက်မခံတော့ဖို့ခက်တယ်။ အစကတည်းက ခွင့်မပေးတာက ပိုကောင်းတယ်"
ချင်ရှီးသည် လုကျဲ့ထျန်းအား စိုးရိမ်တကြီး ပြောပြသည်။
"ငါနားလည်ပါတယ်"
လုကျဲ့ထျန်းကလည်း မတုံးအပါဘူး။
"ကောင်းပြီ ဆက်လုပ်ကြရအောင်"
ချင်ရှီးသည် သူမလက်ကို ဝှေ့ယမ်းပြီး လုကျဲ့ထျန်းအား ရေကို ဆက်သယ်ခိုင်းကာ ကလေးတွေကို နေပူစာလှုံဖို့ တံခါးနားမှာ ထိုင်ခိုင်းလိုက်သည်။
အခိုင်းအစေ ကိရိယာတန်ဆာပလာအဖြစ်သို့ လျှော့ချခံခဲ့ရသော လုကျဲ့ထျန်းသည် အနည်းငယ် ရယ်မောကာ ခေါင်းကို အနည်းငယ်ခါယမ်း၍ ရေပုံးအလွတ်တစ်လုံးနှင့်ထွက်သွားသည်။
ခဏအကြာတွင် လုကျဲ့ထျန်း ပြန်ရောက်လာပြီး ပခုံးပေါ်ရှိပုံးမှာ ရေတစ်စက်မျှမရှိဘဲ လွတ်နေ၏။
ချင်ရှီးသည် အံ့သြနေသေးသော်လည်း သူ့အိတ်ကပ်ထဲမှ အနက်ရောင်အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။
"ဖျင်ဖျင် အန်အန်း ဒီကိုလာ"
လုကျဲ့ထျန်းသည် ကလေးတွေကို ခေါ်ပြီး သူ့လက်ဖဝါးလောက်အရွယ်အစားမရှိသည့် ကြောင်နက်လေးကိုပြဖို့ သူ့လက်ကို ဆန့်လိုက်သည်။
"မြောင်"
အနက်ရောင်ကြောင်ဘောလုံးလေးက လုကျဲ့ထျန်း၏လက်ကို အားကြိုးမာန်တက် လှုပ်ခါကာ အော်ဟစ်လိုက်သည်။
ဖျင်ဖျင်သည် ကြောင်နက်ကိုတွေ့တော့ သူ့မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားသည်။
"ကြောင်နက်ဘဲ… ဖေဖေ ဒါ'မွှေးထူ'ရဲ့ကလေးလား"
လုကျဲ့ထျန်းက ခေါင်းညိတ်ပြပြီး ဖျင်ဖျင်ကိုပြောသည်။
"မင်း ကောင်းကောင်းဂရုစိုက်မယ် မဟုတ်လား"
ဖျင်ဖျင်သည် ကြောင်နက်လေးကို ဂရုတစိုက် ဖမ်းလိုက်ပြီး တုန်လှုပ်လျက် မလှုပ်ဝံ့ပေ။
"ရပါတယ် သား ကောင်းကောင်း ဂရုစိုက်ပါ့မယ်"
အန်အန်းကလည်း စိတ်လှုပ်ရှားစွာနှင့် ပြောသည်။
“သမီးရော"
ကုချင်းဟိုင်သည် ကြောင်နက်လေးကို တွေ့ရတော့ အရမ်းအံ့သြသွားပေမဲ့ 'မွှေးထူ'ရဲ့ ကလေးလို့ မထင်ခဲ့ပေ။
တစ်ဖက်တွင် ချင်ရှီးသည် အနက်ရောင်ဘောလုံးအရွယ်အစားနှင့် အဝါရောင်မျက်လုံးဝိုင်းဝိုင်းစက်စက်ကြီးများကို ကြည့်ပြီး ဒါက 'မွှေးထူ'၏ကလေးမဟုတ်မှန်း သိလိုက်သည်။
သူမသည် လုကျဲ့ထျန်းကိုကြည့်ကာ လုကျဲ့ထျန်းကလည်း သူမကိုကြည့်သည်။
သူတို့က ရယ်မောကြပြီး တစ်ယောက်နှင့်တစ်ယောက် ဘာမှမပြောကြဘဲ ကလေးတွေက 'မွှေးထူ'ရဲ့ကလေးဟု ထင်သွားကြသည်။
"ကောင်းပြီ ကလေးတို့။ နာမည်ပေးကြရအောင်"
ချင်ရှီးက စိတ်လှုပ်ရှားနေသော ကလေးများကို အပြုံးဖြင့်ကြည့်လိုက်သည်။ "စဉ်းစားကြည့်။ ဘယ်လိုခေါ်ကြမှာလဲ"
ကလေးများက မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် စဉ်းစားကြည့်ကြတော့သည်။
_***_