အပိုင်း (၄၁)
"မွှေးထူ(တမောင် - 大毛)ရဲ့ကလေးဆိုတော့ ရှောင်မောင်လို့ ခေါ်သင့်တယ်"
ဖျင်ဖျင်သည် သူ့ရင်ခွင်ထဲမှာ ကြောင်နက်လေးကို ဆုပ်ကိုင်ထားရင်း သူ့မျက်လုံးတွေက တလက်လက်တောက်ပနေသည်။
"သူ့ကို *ရှောင်တန့်လို့ခေါ်ရမှာ"
အန်အန်းသည် သူ့မျက်လုံးတွေကို ညွှန်ပြပြီးပြောသည်။
"သူ့မျက်လုံးတွေက အဝါရောင်နဲ့ အနက်ရှိပြီး ဝိုင်းနေတာဘဲ။
(* 蛋 - တန့် ဆိုတာ ဥ လို့ဆိုလိုပါတယ်)
ကုချင်းဟိုင်သည် ကြောင်ကလေးကို ငုံ့ကြည့်ကာ ပြောသည်။
"နှာခေါင်းနဲ့ ခြေသည်းတွေက အနက်ရောင်ဖြစ်ပြီး တစ်ကိုယ်လုံးကလည်း အနက်ရောင်ဖြစ်တဲ့အပြင် ဘောလုံးလေးနဲ့တူတယ်။ ဒါကြောင့် သူ့ကို *မိန်ချုံလို့ခေါ်သင့်တယ်"
(* မိန်ချုံဆိုတာ ဘဲဥပုံသွင်းထားတဲ့ မီးသွေးတုံးလေးတွေကို ခေါ်တာပါ)
နာမည်သုံးမျိုးက အရမ်းထူးခြားလှသည်။ ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြပြီး တခြားဘာကို ရွေးရမှန်းမသိကြပေ။
"မင်းတို့ဘာသာ အရင်ဆွေးနွေးပါ"
လုကျဲ့ထျန်းသည် ရေပုံးကို တစ်ဖန် ကောက်ကိုင်လိုက်ပြီး ထွက်သွားသည်။
ကလေးသုံးယောက်က ချင်ရှီးကို လှမ်းကြည့်သော်လည်း ချင်ရှီးက တခြားဘာနာမည်မှ ထပ်မစဉ်းစားတော့ပေ။
“အပြင်မှာ အေးနေတယ်။ ကြောင်က မခံနိုင်ဘူး။ အိမ်ထဲဝင်ပြီး သူ့အတွက် အသိုက်လုပ်ရအောင်။ နာမည်က ဖြည်းဖြည်း ဆုံးဖြတ်ကြ”
ကလေးသုံးယောက်က အိမ်ထဲသို့ ကြောင်နက်ကလေးနှင့်အတူ ဝင်လာကြပြီး နောက်တော့ ဘယ်မှာထားရမှန်း မသိတော့ပေ။
"မေမေ"
အမြွာနှစ်ယောက်က ချင်ရှီးကို ပြန်ကြည့်သည်။
ချင်ရှီးသည် ဟောင်းနွမ်းနေသောအဝတ်အစားတစ်ထည်ကို ရှာတွေ့ကာ မြေကြီးပေါ်တွင် (ကြောင်)ဘောလုံးလေးကိုချကာ အဝတ်နှင့်ပတ်ပေးလိုက်သည်။
ကြောင်လေးသည် အတော်အတန်ကြာ လေလွင့်နေပုံရကာ အမွှေးများ နည်းနည်းကျဲနေတဲ့ပုံပေါ်သည်။ ကလေးတွေက ကြောင်လေး အအေးမိမှာကို စိုးရိမ်ကြသည်။
မြေပြင်ပေါ်တွင် တင်ထားသော ကြောင်ကလေးသည် သူ့ကိုပတ်ထားသော အဝတ်အစားများကို အနံ့ခံကာ တွားသွားလာသည်။ အဝတ်အစားတွေကို သူ့ဘာသာ ချွတ်လိုက်တဲ့အခါ အမြွာတွေက အာမေဋိတ်တွေထွက်ပြီး ချက်ချင်း အဝတ်အစားပတ်ပေးကာ ပြန်ပွေ့ဖက်လိုက်သည်။
ချင်ရှီးကပြောလိုက်သည်။
"ရပါတယ်။ ထိုင်ခုံနဲ့ ဗီရိုအောက်ထဲ မသွားသရွေ့ သူ သွားပါစေ။ ကြောင်ကလေးအတွက် ငါတို့အိမ်က လုံးဝကို မရင်းနှီးဘူးဆိုတော့ ပတ်ဝန်းကျင်အသစ်ကို စူးစမ်းဖို့ လိုတယ်။ မဟုတ်ရင် ထွက်ပြေးလိမ့်မယ်"
"ဒါပေမဲ့ ကြမ်းပြင်က အေးတယ်။ သူ အအေးပတ်မှာလား"
ဖျင်ဖျင်က စိုးရိမ်တကြီးကြည့်သည်။
"အမွေးလေးတွေ အရမ်းနည်းနေတာ။ ဆောင်းရာသီရောက်တော့မယ်ဆိုတော့ သူ အအေးပတ်သွားမလား"
ချင်ရှီးက ပြုံးပြီးပြောသည်။
"ဒီကြောင်က သေးလွန်းပြီး အမွေးတွေ အပြည့်မပေါက်သေးတဲ့အတွက် အအေးမိသွားမှာ သေချာတယ်။ ဒါကြောင့် အအေးဒဏ်ကို မကြောက်ရအောင် အသိုက်ဖွဲ့ပြီး အဝတ်တွေဖြန့်ထားမယ်။”
လုကျဲ့ထျန်း၏ တပ်မှ အမျိုးသားနေ့တွင် ပန်းသီးတစ်ဗူး ဝေငှထားသည်။ ချင်ရှီးသည် ကျန်ရှိသော ပန်းသီးများကို ထုတ်ယူကာ ဘူးခွံကို ကတ်ကြေးဖြင့် ထိုးခွဲကာ ကြောင်အိမ်လေး ပြုလုပ်သည်။
ကြောင်က အထဲထည့်ထားပြီးနောက် နေရာအနှံ့ကုတ်ခြစ်ပြီး ဘူးထဲမှရုန်းထွက်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ပေ။ ဒါပေမဲ့ အရှုံးမပေးဘဲ ဆက်လက်လုပ်ဆောင်နေ၏။ အလွန်တက်ကြွပြီး ခံနိုင်ရည်ရှိပုံပေါ်သည်။
ချင်ရှီးသည် ဒီကြောင်လေးက အရမ်းအသက်ဝင်တယ်လို့ ခံစားရပြီး မွေးမြူဖို့ မခက်ခဲလောက်ဘူးဟု တွေးမိသည်။ လုကျဲ့ထျန်းက သူ့ကို ဘယ်ကယူလာယူမှန်း မသိပေမဲ့ သူက တစ်လလောက်သာရှိသေးသည်။
'ကြောင်က နို့ပြတ်သွားပြီလား'
ချင်ရှီးက ကလေးတွေကို ကြောင်နှင့်ဆော့ခိုင်းပြီး အိပ်ယာခင်းနှင့် စောင်တွေကို သန့်ရှင်းရေးလုပ်ကာ ကြောင်စာမရှိဘူးလို့ စိတ်ထဲကနေတွေးမိပြီး ကြောင်ငယ်လေးက ဘာစားမလဲဟု ထပ်တွေးနေမိသည်။
ခဏကြာတော့ အန်တီကျောင်းက လိမ္မော်သီးတစ်ပန်းကန်နှင့် ရောက်လာသည်။ အမြွာတွေ နေမကောင်းဖြစ်နေတာကြားတော့ သူတို့ကိုလာကြည့်ခြင်းဖြစ်သည်။
ချင်ရှီးက မနေ့က ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြပြီး အန်တီကျောင်းကို ကလေးတွေနှင့် ကြောင်ကြည့်ဖို့ ခေါ်သွားသည်။ ခဏကြာ စကားစမြည်ပြောပြီးနောက် လုကျဲ့ထျန်းသည်လုံလောက်စွာ ရေဖြည့်ပြီး၍ ပထမအကြိမ်လျှော်ဖွတ်ရန်အတွက် အိပ်ယာခင်းများ ကောက်ယူလိုက်သည်။ အန်တီကျောင်းလည်း ပြန်သွားလေသည်။
"အန်တီ ခဏနေရင် အိပ်ယာခင်းနှင့် စောင်တွေ အကုန်လုံး ယူလာလိုက်။ တစ်ခါတည်း လျှော်လိုက်မယ်"
"ကောင်းပြီ"
အန်တီကျောင်းသည် ချင်ရှီးကို ယဉ်ကျေးမနေတော့ဘဲ အိမ်ပြန်ရောက်တဲ့အခါ သန့်ရှင်းရေးအရင်လုပ်လိုက်သည်။
လုကျဲ့ထျန်း၏အကူအညီဖြင့် ချင်ရှီး၏ အလုပ်က ပိုလွယ်လာပြီး သူမဟာ ခက်ခက်ခဲခဲ လုပ်စရာ မလိုတော့ပါ။
ကိုယ့်အိမ်ကဟာတွေ ရေလျှော်ပြီးနောက် အန်တီကျောင်းဟာတွေလျှော်သည်။ အဝတ်လျှော်စက်က နေ့ခင်းတစ်ဝက်လောက်အထိ လည်ပတ်နေလေသည်။
အမျိုးသမီးတစ်ယောက်သည် ဖြတ်လျှောက်လာရင်း အဝတ်လျှော်စက်သုံးနေကြသည့် သူတို့နှစ်ဦးကိုမြင်ရာ ဝင်လာပြီးတစ်ချက်လောက်ကြည့်လျက် သူမရော အဝတ်လျှော်စက်ကို အချောင်ကပ်သုံးလို့ရမလား ကြံဖန်နေ၏။
သို့သော် သူမ ဘယ်လောက်ဘဲ ကြိုးစားကြိုးစား ချင်ရှီးက နားမလည်ဟန်ဆောင်နေသည်။ သူမ ဘာကိုဆိုလိုသည်ကို ထက်မြက်သောလူများအနေဖြင့် သိသာသောကြောင့် စကားမပြောဖြစ်ကြတော့ပေ။ အရိပ်အမြွက်မပြနိုင်တဲ့အခါ ရှင်းရှင်းလင်းလင်းမေးတဲ့အထိ အရေထူတဲ့ သူတွေလည်း ရှိသည်။ ချင်ရှီးကလည်း သွယ်ဝိုက်မနေတော့ဘဲ တိုက်ရိုက်ငြင်းဆိုလိုက်သည်။
ထိုလူများသည် ချင်ရှီးကို ဤမျှလောက် ကြမ်းကြုတ်မည်ဟု မမျှော်လင့်ထားဘဲ ငှား၍သုံးစွဲရန်မဖြစ်နိုင်တော့ ရှက်ရွံ့ကာ စိတ်ဆိုးနေကြသော်လည်း ချင်ရှီးက သူတို့နှင့် စကားပြောရန် စိတ်မ၀င်စားပေ။
'မင်းကဘယ်သူလဲဆိုတာတောင် ငါမသိဘူး။ မင်းကို ဘာလို့ငှားသုံးရမှာလဲ'
ဤအဝတ်လျှော်စက်သည် စျေးကြီးပြီး ချင်ရှီးကိုယ်တိုင်က အသုံးပြုရန် အနည်းငယ်ဝန်လေးနေသောကြောင့် သူတို့အား မငှားပေးနိုင်ပါ။
အိမ်နီးနားချင်းတွေကြားက ဆက်ဆံရေးကို မြှင့်တင်ချင်တယ်ဆိုရင်တောင် အဝတ်လျှော်စက်ကိုတော့ အသုံးချလို့မရပါ။ ဒီပစ္စည်းက ဘယ်လောက်ဈေးကြီးလိုက်သလဲ။ ချင်ရှီးက ရူးနေလို့ သူတို့ဆီကို ငှားပေးရမှာတဲ့လား။
ပြတ်ပြတ်သားသားပြောရရင် သူတို့နှင့် ဆက်ဆံရေးကောင်းရင်ရော ဘာအကျိုးကျေးဇူးတွေ ပေးဆောင်နိုင်လို့လဲ။ ဆင့်အနည်းငယ်လောက်ပေးတာနဲ့က ဘာလုပ်နိုင်မှာမို့လဲ။
ချင်ရှီးသည် သန့်စင်သောမိခင်မဟုတ်သလို သူမသည် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားရသည်။
ချင်ရှီးသည် တစ်ကိုယ်ကောင်းဆန်သည်ဟု လူတိုင်းက တိတ်တဆိတ်ထင်ခဲ့ကြသော်လည်း သူမက လုံးဝဂရုမစိုက်ဘဲ ပျော်ပျော်ရွှင်ရွှင်နေသည်။ ထို့နောက် အဝတ်လျှော်စက်ငှားရန် သူ့အိမ်သို့လာရောက်သူဟူ၍ သရဲတစ္ဆေများနှင့်တိရစ္ဆာန်ပင် မရှိတော့ပေ။
အလုပ်များတဲ့နေ့လည်ခင်းမှာ ညနေစာ ချက်ဖို့မလုပ်တော့ဘဲ စားကြွင်းစားကျန်တွေကို ပြန်အပူတာကလွဲလို့ တခြားဘာမှ ထပ်မလုပ်တော့ပေ။
ကြောင်အတွက်ဘာစီစဉ်ရမှန်းမသိ၍ ချင်ရှီးသည် လုကျဲ့ထျန်းကိုမေးကြည့်တော့ တစ်လသားဘဲရှိသေးတာကို သိရပြီး နို့ဖြတ်ဖို့အတွက် ထမင်းပျော့ပျော့ကို ကျွေးယုံနှင့် လုံလောက်ပေပြီ။
ဒီခေတ် ကြောင်တွေဟာ နောက်ပိုင်း မျိုးဆက်တွေက ကြောင်တွေနှင့် မတူပါဘူး။ အစာမငတ်ဘဲ မသေသေးသရွေ့ ခက်ခဲကြမ်းတမ်းစွာလည်း ရှင်သန်နေထိုင်နိုင်ကြသည်။
ချင်ရှီးသည် ကြောင်ကလေးကို နို့ဖြတ်ပြီးကတည်းက အစာအိမ်နှင့် လိုက်လျောညီထွေမဖြစ်နိုင်တော့မည်ကို စိုးရိမ်သောကြောင့် နှစ်ရက်ကြာ စောင့်ကြည့်ပြီးနောက် ဘာမှမဖြစ်၍ သူမ သက်သာရာရသွားသည်။
ကြောင်နက်ကလေးများသည် သန်မာပြီး တာရှည်ခံသည်ဟူ၍ ပြောဆိုကြသည်တော့ ကြားဖူးပါ၏။
ထို့နောက် ကြောင်လေးက အသိုက်ထဲမှ တစ်နေကုန် တွားသွားပြီး ထွက်လာရန်ကြိုးပမ်းသည်။ ကလေးတွေက ကြောင်လေးကို နေ့တိုင်းထုတ်ယူပြီး တစ်ခဏလောက် မနားမနေ လှည့်ပတ်ပြေးကြရင်းဆော့ကြသည်။
ကြောင်လေးသည် အထူးသဖြင့် ထောင့်တွေကို လိုက်ကြည့်ရတာကို နှစ်သက်ပြီး ဘယ်အရာက ဆွဲဆောင်လဲဆိုတာ မသိနိုင်ပေမဲ့ အသိုက်ထဲက ထွက်လာတဲ့အခါတိုင်း ထောင့်ကို တည့်တည့်သွားပြီး အမြဲတမ်း အနီးကပ် စိုက်ကြည့်တတ်သည်။
မဟုတ်ရင် ထိုင်ခုံအောက်မှာ အကြာကြီးနေတတ်ကာ မထွက်လာရင်တော့ နဂါးနဲ့ ဖီးနစ်လေးကို သေလုနီးပါ စိုးရိမ်စေပြန်သည်။
ကြောင်လေးရဲ့ နာမည်နှင့် ပတ်သက်ပြီးတော့ ကလေးသုံးယောက်ဟာ ရက်အတော်ကြာ ရုန်းကန်စဥ်းစားခဲ့ရပြီး မဆုံးဖြတ်ရသေးဘဲ အချင်းချင်း ငြင်းခုံကြပြီး သဘောမတူနိုင်ဘဲ အငြင်းပွားကြပြန်သည်။
ဖျင်ဖျင်သည် ရှောင်မောင်လို့ခေါ်ချင်ပြီး အန်အန်းက ရှောင်တန့်ဟု ခေါ်ချင်ကာ ကုချင်းဟိုင်က မိန်ချုံဟုခေါ်ချင်သည်။
ကလေးတွေက ထိုအကြောင်းအရာကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပေမဲ့ ဆုံးဖြတ်ရခက်နေကြတုန်းဖြစ်ကာ အနာဂတ်မှာ ဘယ်သူပေးထားတဲ့နာမည်ကို ခေါ်သင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ ချင်ရှီး သဘောကျသည့် နာမည်ကိုသာ ရွေးစေတော့သည်။
ချင်ရှီးသည် မိန်ချုံဆိုသည်က ခေါ်လို့ကောင်းသည့်အမည်ဟု တွေးမိသည်။ ကုချင်းဟိုင်က အော်ဟစ်၍ပျော်ရွှင်နေကာ ဖျင်ဖျင်နှင့် အန်အန်းကတော့ အနည်းငယ် အချိန်အတန်ကြာ မပျော်နိုင်ကြတော့ပေ။
ဒါပေမဲ့ ကြောင်ကလေးက ချစ်ဖို့ကောင်းပြီး ငယ်ရွယ်လွန်းတဲ့အတွက် အမြွှာလေးတွေက တစ်ချိန်လုံး ဂရုစိုက်နေကြပြီး အချိန်အကြာကြီး စိတ်ဓာတ်ကျနေတာက ပျောက်သွားတာကာ သူတို့ရဲ့ စိတ်ခံစားချက်ကို မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲပြီး ကစားပါတော့သည်။
အမြွှာများက မိန်ချုံနှင့်ရှိနေ၍ ချင်ရှီးသည် အလုပ်သွားသည့်အခါ အနည်းငယ် စိတ်သက်သာရာရသွားသည်။ အမြွှာများသည် အပြင်ထွက်၍ ကစားမည်မဟုတ်ကြောင်းနှင့် အိမ်တွင် သေချာပေါက် မိန်ချုံနှင့် ကစားနေကြမည်ဖြစ်ကြောင်း သူမ သိသောကြောင့် ဖြစ်သည်။
ချင်ရှီးသည် မကြာသေးမီက အဝတ်အထည်များချုပ်လုပ်ရန် လက်ခံခြင်းမပြုတော့ပေ။ တစ်စုံတစ်ဦးမှ သိုးမွှေးကုတ်အင်္ကျီပြုလုပ်ရန် တောင်းဆိုသောအခါတွင်လည်း သူမ ငြင်းဆိုခဲ့ပြီး မိသားစုအတွက် အင်္ကျီများပြုလုပ်ရန် အာရုံစိုက်ထားလိုက်သည်။
မြို့တော် X ၏ဆောင်းဦးရာသီက တိုတောင်းလွန်းသည်။ အပူချိန်ရုတ်တရက်ကျဆင်းပြီး ဆောင်းရာသီသို့မပြောင်းမီ နှစ်ပတ်ပင်မပြည့်ဟုခံစားရသည်။
အတွင်းခံ၊ ဆောင်းဦးအဝတ်အစား၊ ဆွယ်တာအင်္ကျီ၊ ကုတ်အင်္ကျီများဖြင့် ကလေးရော လူကြီးများပါ အင်မတန်ထူထဲဖောင်းပွနေကာ ရုပ်လုံးပင်မပေါ်ကြတော့ပေ။
ရုပ်ရည်သွင်ပြင်နှင့် ဝတ်စားဆင်ယင်မှုကို လျစ်လျူရှုထားကြရမည်ပင်။ အပူချိန်က ရုတ်တရက် ကျသွားပြီး ပိုထူထဲတဲ့အဝတ်အစားတွေ မဝတ်ထားရင် အအေးမိလိမ့်မည်ဖြစ််၏။ ရုပ်ရည်သွင်ပြင်က ကျန်းမာရေးလောက်တော့ အရေးမကြီးပါဘူး။
ချင်ရှီးသည် အတွင်းအပြင်အလွှာသုံးလွှာဝတ်ဖြင့် နေ့တိုင်း နိုးထလာရသောအခါ သူမသည် နောက်ပိုင်းမျိုးဆက်များ၏ အပူခံအတွင်းဝတ်ဘောင်းဘီနှင့် အင်္ကျီများကို လွမ်းဆွတ်နေသော်လည်း ထိုအရာများက ၁၉၉၀ ပြည့်လွန်နှစ်များတွင်သာ ရေပန်းစားလာသောကြောင့် စဉ်းစားမနေသင့်တော့ပါ။
'နောက်နှစ်ရောက်ရင်တော့ အင်္ကျီတွေလည်း ပြန်ပြင်ရမည်'
ချင်ရှီးက စိတ်ထဲတွင်တွေးထားကာ မျက်နှာက တင်းတင်းမာမာ ဖြစ်နေသော်လည်း တံခါးဖွင့်လိုက်သည်နှင့် သူမသည် အေးစက်သော လေပြင်းတစ်ချက်ကို ရှိုက်လိုက်မိပြီး အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်ဖြစ်ကာ လည်ပင်းကို ချက်ခြင်း ကျုံ့လိုက်သည်။
'အေးလွန်းတယ်'
မနေ့ညက ရေဒီယိုနားထောင်ပြီး ဒီနေ့ အပူချိန်တော်တော်ကျသွားကြောင်း သိရသည်။ ထိုအရာက အရင်ဘဝက တောင်ပိုင်းမှာနေတဲ့ ချင်ရှီးကို မခံစားနိုင်အောင်ဖြစ်စေသည်။
(*တရုတ်ပြည်တောင်ပိုင်က တခြားနေရာတွေထက် ဆောင်းရာသီ အအေးဓာတ်လျော့ပါတယ်)
ချင်ရှီးသည် လုကျဲ့ထျန်းကို ဧည့်ခန်းထဲမှာ နောက်ထပ်မီးဖိုတစ်ခု ထားခိုင်းပြီး သူနိုးလာတဲ့အခါ နေ့တိုင်းဖွင့်ခိုင်းထားသည်။ ထိုမှသာ အိမ်က ပိုနွေးလာမှာဖြစ်သည်။
ကလေးတွေကလည်း အအေးမိမှာကို ကြောက်ပေမဲ့ ကျင့်သားရနေကြပြီး ချင်ရှီးက အအေးဒဏ်ကို မခံနိုင်တာကို တွေ့ရတော့ နည်းနည်း အံ့သြသွားကြသည်။
အန်အန်းက တအံ့တဩပြောသည်။
“မေမေ့မှာ ကြောက်တဲ့အရာတစ်ခုရှိနေတယ်”
ချင်ရှီးက ထိုစကားကိုကြားသောအခါ သက်ပြင်းချမိသည်။ ကောင်းကင်နှင့်မြေကြီးကို မကြောက်သော်လည်း အအေးဓာတ်ကို ကြောက်မိသည်။ မြို့တော် X က နွေရာသီမှာ အလွန်ပူပြီး ဆောင်းရာသီမှာ အလွန်အေးသည်က ကြောက်စရာကောင်းလွန်းလှပါ၏။
'ဘယ်အချိန်မှာ အပူပေးစက်တွေပေါ်တာလဲ'
ချင်ရှီးသည် အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန် တွေးတောပြီး ယခုချိန်မှစတင်၍ အပူပေးစက်များ စတင်ပေါ်ပေါက်လာကြောင်း သတိရမိသည်။ ၁၉၈၅ ခုနှစ် ငါးနှစ်စီမံကိန်းအပြီး မြောက်ပိုင်းရှိ မြို့လေးဆယ်ကျော်တွင် ဗဟိုဌာနကချုပ်ကိုင်ထားသော ပိုက်အပူပေးစနစ်များ ပေါ်ပေါက်လာကြောင်း သိရှိခဲ့ရသည်။ ဒါကို နှစ်နှစ်စောင့်ရဦးမှာဖြစ်ပြီး အချိန်တိုအတွင်း မဖြစ်နိုင်သေးပါဘူး။
အိမ်မှာ အောက်ဘက်တွင်မီးဖို၍ရသောကုတင်မျိုးမရှိလို့ နေ့ခင်းဘက်ဆို မီးဖိုနှင့် ညဘက်အိပ်ဖို့ လျှပ်စစ်အပူပေးစောင်ကိုသာ အားကိုးရသည်။
ချင်ရှီးသည် သူမ၏ အလုပ်များသော အချိန်ဇယားမှ အနားယူပြီး အဝတ်အစားများ ပြုလုပ်နေစဉ် အခန်း ဒီဇိုင်းပုံများ စတင်ရေးဆွဲသည်။
အခု အလှဆင်ဖို့ နည်းလမ်းမရှိတော့ဘူးဆိုတော့ အောက်ဘက်တွင်မီးဖို၍အပူပေးရသောကုတင်အတွက် ဒီဇိုင်း တစ်ခုလုပ်ရမည်။ အိပ်ခန်းကြီးကြီးကို လွတ်လွတ်လပ်လပ်ထားပြီး ကုတင်ဘောင်ကို အရင်ပြင်ဆင်ရမည်။ ဆောင်းရာသီနှင်နွေဦးအပြီးမှသာ အကြီးစားအလှဆင်မှုကို စတင်ရလိမ့်မည်။
ထိုအချိန်အတောအတွင်း မော့လင်ရောက်လာသည်။ သူမသည် မကြာသေးမီက အရှုပ်အထွေးများကို ကိုင်တွယ်ဖြေရှင်းပြီးသွားခဲ့လေပြီ။ သူမသည် စုန့်စစ်းနော့နှင့် လက်တွဲအလုပ်လုပ်ရန် ချင်ရှီးကိုပြောခဲ့သော်လည်း စုန့်စစ်းနော့က ခရီးသွားနေကာ ချင်ရှီးကလည်း အဝတ်အစားများပြုလုပ်ရန် အလုပ်ရှုပ်နေခဲ့သည်။ မိသားစုကအရေးကြီး၍ ဒီကိစ္စကို လောလောဆယ် ဘေးဖယ်ထားနိုင်ပြီး နောက်မှ ပြောရမည်။ မော့လင်က စားပွဲပေါ်ရှိ အိတ်ကြီးတစ်ထုပ်ကို ပွတ်သပ်လိုက်သည်။
"ဒါက ငါ အထူးတလည် ယူလာတဲ့ သိုးမွှေးထည် အထူကြီးဘဲ။ အရည်အသွေးက အရမ်းကောင်းတယ်။ ကြည့်လိုက်စမ်းပါ"
ချင်ရှီးက ဖွင့်ကြည့်လိုက်တော့ အနီရောင်နှင့် အနက်ရောင် အထည်နှစ်မျိုးရှိနေကြောင်း တွေ့လိုက်ရသည်။ အထည်ကို ထိကြည့်ပြီးနောက် သူမက ချက်ချင်း မျက်ခုံးပင့်လိုက်သည်။
"ကောင်းလိုက်တာ။ ဆောင်းရာသီမှာ ဝတ်လို့ရတဲ့ ကုတ်အင်္ကျီမျိုးလုပ်လို့ရမယ်"
မော့လင်က ဂုဏ်ယူစွာ မေးစေ့ကို မြှောက်လိုက်ပြီး ရေဖန်ခွက်ကို ကိုင်ကာ ပြုံးသည်။
"ဟုတ်တယ် ငါ့ခွန်အားတွေတောင် ဆုံးရှုံးသွားရပြီ။ ငါ့အတွက် အနီရောင်တစ်ထည်နဲ့ နင့်အတွက် အနက်ရောင်တစ်ထည်လုပ်ကြမယ်လေ ဘယ်လိုလဲ"
ချင်ရှီးက များများစားစားတွေးမနေဘဲ ခေါင်းညိတ်သည်။
"အဆင်ပြေတယ်"
ဒီသိုးမွှေးက ထူပြီး ပျော့ပျောင်းသည်။ ဤအထည်သည် သူမအတွက် အံ့အားသင့်စေပြီး အချိန်ကုန်၊ လူပန်းသက်သာစေသည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူမအတွက် ဒီအရာကို အလွယ်တကူ ရနိုင်ဖို့ လုံးဝ နည်းလမ်းမရှိပါ။
"ဒါက မင်းအတွက် စုန့်စစ်းနော့ ရှာပေးခဲ့တာလား"
ချင်ရှီးက အရွယ်အစားကိုကြည့်ဖို့ အထည်အားလုံးကို ဖြန့်ခင်းပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"မဟုတ်ဘူး"
မော့လင်က ထိုင်ခုံပေါ် ထောက်လိုက်သည်။
ချင်ရှီး : "ဒါဆိုဘယ်သူလဲ။ မင်း အထည်အလိပ်စက်ရုံကို ဝင်ခွင့်ရသေးလား"
မော့လင်းက "အိုး…" လို့ညည်းတွားလိုက်ပြီး ဆက်ပြောသည်။
"တကယ်တော့ သူငယ်ချင်းတစ်ယောက်ဆီက ရတာပါ"
ချင်ရှီးက သူမရဲ့အမူအရာကိုကြည့်ပြီး စိတ်ဝင်စားလာသည်။
"သူငယ်ချင်း…. ”
မော့လင်က ချင်ရှီးကို မကြည့်ဘဲ ခေါင်းကို ငုံ့ထားရင်း ရှက်ရွံ့စွာပြောသည်။
“အင်း… သူငယ်ချင်း”
"ဆိုလိုတာက ပုံမှန်သူငယ်ချင်းမဟုတ်ဘူးပေါ့"
ချင်ရှီးက ရှားရှားပါးပါး အတင်းအဖျင်းစကားနှင့်မေးသည်။
“ဘယ်သူလဲ။ *ငါ့ပါးစပ်ကို တင်းတင်းကျပ်ကျပ်ပိတ်ထားမှာပါ။ ငါ့ကိုပြောပါဦး"
(* ပြန်ပြီးအတင်းမတုတ်ပါဘူးလို့ ဆိုလိုတာပါ)
ချင်ရှီးကပါးစပ်လုံတယ်လို့ မော့လင်က ယုံကြည်တဲ့အတွက်ကြောင့် ပြောပြသည်။
"မင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အမျိုးသားနေ့ပြီးတော့ ငါနာမည်ကြီးလာတယ်။ လူတော်တော်များများက ငါ့ကို ပိုးပမ်းကြတယ်။ သူကလည်း သူတို့ထဲက တစ်ယောက်ဘဲ”
“နာမည်က ချန်လန်၊ ၂၆ နှစ်၊ တခြားမြို့က ပြောင်းလာတာ၊ သူက တပ်ရင်းမှူးပါ။ သုံးနှစ်အတွင်းမှာ ရာထူးတိုးမယ်လို့ ကတိပေးခဲ့ပေမဲ့ ငါကတော့ ငြင်းထားတုန်းဘဲ"
"ငါက အလုပ်အတွက် စွန့်စားတော့မှာမို့ မချစ်ချင်တော့ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပေမဲ့ သူက ငါ့ကိုစောင့်နေဖို့ တကယ်ဆန္ဒရှိနေတယ်လို့ပြောတဲ့အခါ ငါကတော့ မယုံပါဘူး "
မော့လင်က မယုံသင်္ကာလေသံဖြင့်ဆက်ပြောသည်။ သို့သော် လေသံက အနည်းငယ်ပြောင်းသွားသည်။
"ငါတို့ အရင်ဆုံး သူငယ်ချင်းဖြစ်သင့်တယ်လို့ ပြန်ပြောတယ်။ သူက ချင့်ချိန်တိုင်းတာနည်းကို သိတယ်။ သူက အားကိုးရတဲ့ အမျိုးကောင်းသားမို့လို့ သူငယ်ချင်းဖြစ်ကြရအောင်တဲ့။ ဘာဘဲဖြစ်ဖြစ် အချိန်တန်ရင် အရာအားလုံး အဆင်ပြေသွားမှာပါ။ ရှင်းပါတယ်”
ချင်ရှီးက ဒီနာမည်ကိုကြားရတာ စိတ်သက်သာရာရသွားသည်။ ဒါက စာအုပ်ထဲက မော့လင်ရဲ့ခင်ပွန်းမဟုတ်ဘူး။ ဇာတ်လမ်းက တကယ်ပြောင်းသွားခဲ့ပြီ။
မော့လင်က အခုချိန်မှာ ချစ်ဖို့ ရည်ရွယ်ချက်မရှိသလို ချင်ရှီးကလည်း အများကြီး မပြောပါ။ အချိန်အကြာကြီး စောင့်ပြီးမှ လူတွေရဲ့ နှလုံးသားကို မြင်ရတာကမှ အမှန်ဖြစ်လိမ့်မည်။
ယောက်ျားတွေအများကြီးရှိနေတာဘဲ။ ဖြည်းညှင်းစွာရွေးလိုက်ယုံနဲ့တင် သင့်တော်မယ့်သူက အမြဲရှိနေမှာပါ။
_***_