အပိုင်း (၅၆)
ဆိုင်သေးသေးလေးထူထောင်မဲ့ လုပ်ငန်းက စီစဉ်ပြီးသွားတော့ မေမေလုက အရမ်းပျော်နေပြီး ပစ္စည်းတွေ မကြာခင် လာပို့မယ်လို့ မျှော်လင့်လျက် အိမ်မှာ အခန်းသန့်ရှင်းရေး စလုပ်တော့သည်။
တစ်ပတ်တာ အချိန်က မြန်မြန်ကုန်ဆုံးသွားသည်။
ဖေဖေလုသည် တစ်စုံတစ်ဦးကို ရိုက်ခိုင်းထားသည့် သစ်သားစင်များအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ပစ္စည်းပို့မည့်သူက ရောက်မလာသေးပေ။
မေမေလုသည် ကုန်ပစ္စည်းများအကြောင်းကို နေ့တိုင်းတွေးကာ စိတ်ပူစပြုလာသည်။ ကုန့်ပို့ယာဉ်တန်းက ဘယ်အချိန်မှထွက်လာနိုင်မလဲဆိုတာကို တွေးကာ အားကိုးရာမဲ့ဖြစ်လာသည်။
ဖေဖေလုသည် မေမေလု၏ ဤကဲ့သို့တက်ကြွသောအသွင်အပြင်ကို အနည်းငယ် ကျင့်သားရနေခြင်းမရှိပေ။ မေမေလုသည် ရုတ်တရက် စွမ်းအင်ပြည့်ဝတက်ကြွလာပြီး သူမ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အာရုံစိုက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ အနည်းငယ် စိတ်ရှုပ်သွားပြီး ကာလအတန်ကြာတိတ်ဆိတ်သွားပြီးနောက် မေမေလုကို အခိုင်အမာထောက်ခံပေးခဲ့သည်။ နေ့တိုင်း စင်ကလေးများ၏ ဆောက်လုပ်ပြင်ဆင်ခြင်း တိုးတက်မှုကို စောင့်ကြည့်ရန် ကူညီပေးသည်။ သို့မဟုတ် မြို့တွင်းရှိ ပစ္စည်းမျိုးစုံ၏ စျေးနှုန်းများအကြောင်း မေးမြန်းကာ လုကျဲ့ထျန်းနှင့် သူ၏ ရဲဘော်ရဲဘက်များအကြောင်း အသေးစိတ် မေးမြန်းလျက် အနာဂတ်မှာ ကုန်ပစ္စည်းရွေးချယ်မှုနှင့်ရောင်းဝယ်အားတိုးတက်အောင် မေမေလုကိုကူပေးသည်။
နောက်နှစ်ရက်အကြာတွင် ဖုန်းခေါ်သံတစ်ခုကို ရရှိခဲ့လေပြီ။ မေမေလုသည် လုကျဲ့ထျန်းအား ဖုန်းဖြေဆိုရန် တိုက်တွန်းခဲ့ပြီး သူမသည် တုန်လှုပ်ပျော်ရွှင်စွာဖြင့် အိမ်သို့ လှည့်ပတ်သွားလာနေသည်။
ခဏကြာတော့ လုကျဲ့ထျန်း ပြန်ရောက်လာပြီး မိသားစုတစ်စုလုံးက သူ့ကို ကမန်းကတန်း ဝိုင်းလိုက်ကြသည်။ မေမေလုက စိုးရိမ်တကြီး ပြေးလာပြီးမေးသည်။
"ဘယ်လိုလဲ။ ပြီးပြီလား။ ပစ္စည်းတွေ ရောက်ပြီလား"
လုကျဲ့ထျန်းက ခေါင်းညိတ်သည်။
"သူတို့ရောက်ပြီ။ မြို့ထဲမှာ နှစ်ရက်လောက် အနားယူပြီးရင် ပစ္စည်းတွေ ကျွန်တော်တို့အိမ်ကို တိုက်ရိုက်ပို့ပေးလိမ့်မယ်”
"အိုး အရမ်းကောင်းတယ်”
မေမေလုသည် အားတက်သရော လက်ခုပ်တီးပြီး ဝမ်းသာအားရဖြစ်နေ၏။
“ဘုရားရေ… မနက်ဖြန်မနက် မင်း ကကြက်တစ်ကောင်ဝယ်ပြီး အသားဖျက်လိုက်။ ရှောင်ဝမ်ကို ကောင်းကောင်းပြုစုပေးရမယ်။ သူ့အကူအညီအတွက် ကျေးဇူးတင်ရတယ်"
မေမေလုအနေဖြင့် ခရီးသွားနိုင်ဖို့ခက်ခဲပြီး စရိတ်စခကလည်း များများစားစားမရှိလှရာ ကုန်ပစ္စည်းပို့ဖို့ တစ်တစ်စုံတစ်ယောက်၏ အကူညီလိုအပ်ပါသည်။ ရှောင်ဝမ်က ကူညီပေးဖို့ ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ရပေမည်။
"ကောင်းပါပြီ"
လုကျဲ့ထျန်းက ပြန်ဖြေသည်။
ချင်ရှီးနှင့် လုယောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ရွှင်လန်းစွာ ကြည့်နေကြသည်။ အဘွားက ကုန်စုံဆိုင်ဖွင့်တော့မယ်ဆိုတာကို ကလေးတွေက သိတဲ့အခါ ပိုလို့တောင် ဝမ်းသာကြသည်။
ဖေဖေလုက အနည်းငယ် စိတ်မသက်မသာဖြစ်နေ၏။
"သူတစ်ပါးကို ဒုက္ခပေးရတာ မကောင်းဘူးမလား"
သူတို့ရဲ့လုပ်ငန်းက တကယ့်ကို သေးငယ်လွန်းတယ်မဟုတ်လား။
ရှောင်ဝမ်တို့မှာ ထရပ်ကားတွေရှိပြီး သူတို့သယ်တဲ့ ကုန်ပစ္စည်းတွေအတွက် အလေးချိန်အလိုက် အခကြေးငွေ ကောက်ခံပြီး ခရီးစဉ်တစ်ခုအတွက် ယွမ်ရာနှင့်ချီ ဝင်ငွေရပါသည်။ မေမေလုတို့၏ ပို့ဆောင်ခ အနည်းငယ်သည် အမှန်တကယ် သေးငယ်သော အမြတ်ကလေးသာဖြစ်ပြီး အပိုသက်သက် ဒုက္ခများစေယုံသာ။
"မှန်ပါတယ်"
မေမေလုကလည်း စိုးရိမ်ပါ၏။
"သူ့လက်အောက်မှာ ဝန်ထမ်းတွေရှိတယ်။ သူကိုယ်တိုင်မလုပ်ပါဘူး။ သူက အခြားတစ်ယောက်ယောက်ကို ခိုင်းလို့ရတယ်။ သူက ငါတို့မိသားစုရဲ့ ခရီးစရိတ်အခကြေးငွေနည်းနည်းကို မလိုချင်ဘူးဆိုရင်တောင် အောက်ခြေမှာ အလုပ်လုပ်တဲ့လူတွေက မတူဘူး။ သူတို့ကလည်း ဝင်ငွေရှာရဦးမယ်လေ။ သူတို့က ယာဉ်တန်းနဲ့ မြို့ကြီးကိုသွားတယ်။ ကုန်ပစ္စည်းတွေကို ခရိုင်မြို့လေးဆီ ပြန်ပို့ဖို့ ပြင်ထားတယ်။ ဒါကြောင့် သူတို့က လိုက်ပို့ပေးတာပါ"
လုကျဲ့ထျန်းက ရှင်းပြသည်။
"သူက ငါ့ကို (ကျေးဇူးဟောင်းတွေ) ပြန်ဆပ်ဖို့ ကူညီပေးတာ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ငါနဲ့ ပိုရင်းနှီးသွားအောင် သဘောမျိုးပေါ့"
လုကျဲ့ထျန်းက တပ်ထဲရှိသူမို့ ပြင်ပကိစ္စတွေမှာ မကူညီနိုင်ပေမဲ့ သူက လူတော်တော်များများကိုသိပြီး နည်းလမ်းတွေ အများကြီးရှိတာကြောင့် အနာဂတ်မှာ ကူညီဖို့ လိုအပ်လာတာမျိုးလည်း ရှိကောင်းရှိလာနိုင်ပါသည်။
သူတို့မှာ ဆက်ဆံရေးကောင်း၍ စစ်မှန်တဲ့ ချစ်ခင်မှုတွေရှိပေမဲ့ ကိုယ်ပိုင်အကျိုးကျေးဇူးတွေလည်း ရှိပါသေးသည်။ ဘယ်သူကမှ ငတုံးတစ်ယောက်လို သယ်ယူပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် သီးသန့်ကူညီပေးနေတာမျိုး ဟုတ်လိမ့်မည်နည်း။ ပေါင်းသင်းဆက်ဆံထားမှုရှိပါက နှစ်ဦးနှစ်ဖက်အတွက် အကျိုးကျေးဇူး ပိုကောင်းပါလိမ့်မည်။
ဖေဖေလုက သဘောပေါက်သွားပြီး မေမေလုကလည်း စိတ်မပူတော့ပေ။ ခဏအကြာ ဝမ်းသာသွားပြီး ထပ်စိတ်ပူလာပြန်သည်။
"မင်းတို့က ဒီမှာနေပြီး ကူညီတဲ့လူတွေလည်းရှိလို့ ပထမအကြိမ် ရာနဲ့ချီတဲ့ပစ္စည်းတွေကိုဝယ်နိုင်ခဲ့တယ်။ နောက်ထပ် ငါမလုပ်နိုင်ရင် ဘယ်လိုလုပ်ရမလဲ။ မရောင်းရဘူးဆိုရင်ကော"
"မဖြစ်ပါဘူး စိတ်မပူပါနဲ့ "
ချင်ရှီးက ဝင်ရောက်ဖျောင်းဖျသည်။
"ဒါက နေ့စဉ်သုံးပစ္စည်းတွေဘဲလေ။ တစ်စုံတစ်ယောက်ကတော့ ဝယ်ကိုဝယ်ရတဲ့ပစ္စည်းတွေပါ။ တွက်ခြေကိုက်တဲ့ပစ္စည်းတွေက ပိုသက်သာပါတယ်"
"မှန်တယ် စိတ်မပူပါနဲ့"
လုယောင်ကလည်း မေမေလုကို နှစ်သိမ့်ပေးသည်။
မေမေလုသည် သူတို့ကို သဘောတူသော်လည်း သူမစိတ်ထဲတွင် စိုးရိမ်နေသေးသဖြင့် မတင်မကျဖြစ်နေသေး၏။
တစ်ညလုံး အိပ်ပျော်ဖို့ ခက်ခဲနေတဲ့ မေမေလုသည် အိပ်မပျော်ခင် အချိန်အတော်ကြာ ဟိုဘက်လှန် ဒီဘက်လှဲ လူးလှိမ့်နေခဲ့ရသည်။
ရှောင်ဝမ်တို့လာမည့်ရက်တွင် မေမေလုက အိပ်ယာစောစောထလေသည်။
လုကျဲ့ထျန်းသည် အသားဖျက်ပြီးနောက် ပြန်လာသောအခါ မေမေလုသည် ထိုအသားကို အလျင်အမြန် သန့်ရှင်းရေးလုပ်ကာ ချင်ရှီးကို အကူအညီတောင်းလျက် ဝမ်ကျွင်းကို ကျေးဇူးတင်သည့်အနေဖြင့် ဟင်းကောင်းဟင်းလျာများ ချက်ပြုတ်ပြင်ဆင်ကြသည်။
အစားအသောက် အဆင်သင့်ဖြစ်လုနီးလာလေလေ ချိန်ထားသည့်အချိန်က နီးလာလေလေဖြစ်ရာ မေမေလုသည် မီးဖိုချောင်ထဲမှာ မနေနိုင်တော့ဘဲ လုယောင်ဆီကို အလုပ်တွေအပ်ပြီး အသံကို ဂရုတစိုက်နားထောင်ရင်း အပြင်ကိုကြည့်ဖို့ တံခါးအနား ပြေးသွားသည်။
မိနစ်အနည်းငယ်အကြာရပ်ပြီး အရိပ်အယောင်ကိုပင်မတွေ့သဖြင့် မေမေလုသည် နောက်မှထွက်ကြည့်ရန်တွေးကာ အိမ်ထဲသို့ပြန်ဝင်လာသည်။
"တီ…တီ…တီ"
ဟွန်းသံများနှင့် ကလေးများ၏ ရယ်မောသံများကြားသောအခါ အိမ်ထဲဝင်သွားသည့် မေမေလု၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ ချက်ချင်း ပြေးထွက်လာပြီး အပြင်ဘက်တွင် ကားတစ်စီး ဝင်လာသည်ကို မြင်သောအခါ ချက်ချင်းအော်လိုက်သည်။
" မြန်မြန်လာဦး *ထျန်းအာရေ။ ဒီမှာ ကားရောက်ပြီ"
(*ထျန်းအာ - လုကျဲ့ထျန်းကို လူကြီးမိဘတွေက ချစ်စနိုးနဲ့ခေါ်တဲ့အမည်ပါ)
မီးဖိုချောင်ထဲရှိနေကြသည့် လုယောင်နှင့် ချင်ရှီးတို့ကလွဲလို့ လုမိသားစုဝင်အားလုံး ထွက်သွားကြသည်။ ချင်ရှီးက ခေါင်းညိတ်ပြရင်း ပြတင်းပေါက်ကနေ လှမ်းကြည့်လျက် အပြင်မှာ မေမေလုရဲ့ စိတ်လှုပ်ရှားနေတာကို တွေ့လိုက်ရပြီး မရယ်ဘဲမနေနိုင်တော့ပေ။
"မေမေ အသက်တော်တော်ငယ်တုန်းက သူ့(မ)မျက်လုံးတွေက *အလင်းရောင်တွေပြည့်နေခဲ့တယ်"
လုယောင်က သက်ပြင်းချလိုက်သည်။ "ကျွန်မ မေမေကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး"
(* မေမေလု ငယ်စဉ်က အင်မတန် တက်ကြွသွက်လက်တဲ့သူလို့ ဆိုလိုတာပါ)
ချင်ရှီးက စကားမပြောဘဲ ပြုံးပြလိုက်သည်။ လူတွေမှာ ဘဝရည်မှန်းချက်နှင့် ထိုရည်မှန်းချက်အတိုင်း လိုက်စားမှုတွေ ရှိလာတဲ့အခါ သဘာဝကျစွာပင် အမူအကျင့်များ ကွဲပြားသွားပါလိမ့်မည်။
ဝမ်ကျွင်းသည် ကားထဲမှဆင်းကာ လုကျဲ့ထျန်းနှင့် အခြားသူများကို နွေးထွေးစွာ နှုတ်ဆက်ပြီး အိတ်ကြီးများနှင့် သေတ္တာပုံးကြီးများကို ကားပေါ်မှချလိုက်သည်။
လာရောက်ကြည့်ရှုသူများသည် ပဲငံပြာရည်ပါသော သေတ္တာကြီးတစ်လုံးကိုမြင်တော့ စပ်စုကြ၏။
“ဒါကဘာလဲ။ အားလုံးက ပဲငံပြာရည်တွေလား"
မေမေလုသည် ထိုအခွင့်အရေးကို အရယူကာ သူမက ကုန်စုံဆိုင်ဖွင့်တော့မယ်လို့ ကြေညာလိုက်သည်။ ယခင်ကတော့ အလုပ်ဖြစ်မဖြစ်မသိသေးတဲ့အတွက် သူမဟာ ဘာမှ မပြောဆိုခဲ့ပါဘူး။ ဒါပေမဲ့ အခု ကုန်ပစ္စည်းတွေ ရောက်ပြီဆိုတော့ သဘာဝကျစွာပင် ဒီသတင်းကို ရပ်ရွာအနှံ့ ပြန့်နှံ့စေချင်မိပါသည်။
ဒီစကားကြားတော့ လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
“ပဲငံပြာရည်အပြင် ဘာရှိသေးလဲ” တစ်စုံတစ်ယောက်က မျှော်လင့်တကြီး မေးသည်။
"ရှာလကာရည်၊ ဆား၊ သကြား၊ မျက်နှာသုတ်ပဝါ၊ လက်ဖက်ရည်ခွက်၊ ဆေး၊ ဆပ်ပြာမှုန့်တွေလို စုံလင်နေအောင်ပါတယ်"
မေမေလုသည် အခုချိန်တွင်သူတို့နှင့် စကားပြောဖို့ အချိန်မရှိလို့ ဝမ်ကျွင်းကို အလျင်လိုစွာ နှုတ်ဆက်လိုက်သည်။
ထို့ကြောင့် သူမလက်ကို ဝှေ့ယမ်းပြီး မေးလာတဲ့သူတွေကိုပြောလိုက်သည်။
"ရောင်းတာက နေ့စဥ်သုံး ကုန်ခြောက်တွေဘဲ။ မနက်ဖြန်မှာ ပစ္စည်းတွေ ထုပ်ပိုးပြီး ရောင်းမဲ့အချိန်ရောက်ရင် သေချာသိအောင် လာကြည့်ကြလေ"
"အိမ်မှာ ဧည့်သည်တွေရှိလို့ ငါ မင်းတို့နဲ့ စကားမပြောနိုင်သေးဘူး"
မေမေလုသည် အိမ်ထဲသို့ဝင်သွားပြီး လုမိသားစုနှင့် စကားစမြည်ပြောလိုသော လူတစ်စုကို ကားရှေ့တွင်ထားရစ်ခဲ့လိုက်သည်။
"လုမိသားစုဘဝက သာယာလိုက်တာ။ သားလေးကလည်း သိတတ်တယ်။ သမီးလေးက စာလေ့လာတယ်။ ခုတော့ ကုန်စုံဆိုင်တောင်ဖွင့်နေပြီ… ကျွတ်…ကျွတ်…ကျွတ်"
"ပစ္စည်းရောင်းတဲ့သူတွေ အများကြီးရှိလာတယ်။ ဒါက ဘယ်လိုလုပ်ရသလဲ။ ငါလည်းရောင်းချင်တယ်"
"မင်းမှာ အရင်းအနှီးရှိလား။ မင်းရော ရောင်းမှာလား။ ပိုက်ဆံဆုံးရှုံးရင် ဘယ်လိုလုပ်မလဲ"
"မေ့လိုက်ပါတော့ လယ်မြေကိုဘဲ ရိုးရိုးသားသား လုပ်တော့မယ်"
"ဒီလိုဆို(ဒီမှာကုန်စုံဆိုင်ရှိနေရင်) မြို့ကို တစ်ချိန်လုံး သွားစရာ မလိုတော့ဘူး အား…"
“(ရောင်း)ဈေးက ဘယ်လောက်လဲမသိဘူး။ မြို့ထက် ပိုဈေးကြီးရင် မြို့ကို သွားရမှာပေါ့”
“နှစ်ရက်လောက်ကြာရင် သိလာမှာပါ။ စောင့်ကြည့်လိုက်ပါဦး"
အနည်းငယ် စကားပြောကြပြီးနောက် လူတိုင်းသည် လျင်မြန်စွာ လူစုခွဲသွားပြီးသူတို့၏ အသိမိတ်ဆွေများကို အသိပေးရန်နှင့် အခြားသူများကို အတင်းအဖျင်းပြောရန် စိတ်အားထက်သန်လျက်ရှိကြသည်။
အိမ်ထဲတွင်တော့ ချင်ရှီးသည် နောက်ဆုံး ဟင်းရည်ပန်းကန်နှင့် ထွက်လာပြီး အားလုံး ထိုင်စားရန် ပြင်နေကြသည်။
ချင်ရှီး၏လက်ရာသည် အချည်းနှီးမဟုတ်ပေ။ ဟင်းပွဲတစ်ပွဲစားပြီးသော ဝမ်ကျွင်းသည် လုကျဲ့ထျန်းကို မနာလိုဖြစ်လျက် အကြိမ်ကြိမ် ချီးကျူးခဲ့၏။
လုမိသားစုက သူ့ကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်းနှင့် သူ့အားလုမိသားစုနှင့် မိတ်ဖွဲ့ရန် ရည်ရွယ်ထားပြီး ဧည့်သည်များအတွက် ဂုဏ်ပြုသော စားသောက်ပွဲလည်း ဖြစ်သည်။
ထမင်းစားပြီးနောက် ဝမ်ကျွင်းသည် ကုန်ပစ္စည်းအထုပ်ကိုထုတ်ကာ လုကျဲ့ထျန်းနှင့် အသေးစိတ်စစ်ဆေးပြီးနောက် မှန်ကန်ကြောင်းအတည်ပြုပြီး အခကြေးငွေကိုရှင်းခဲ့သည်။
"အနာဂတ်မှာလည်း မင်းဘယ်လောက်လိုချင်လဲဆိုတာ ငါ့ကိုကြိုပြောလိုက်။ ငါသွားဝယ်ပေးမယ်။ အသွားအပြန်အချိန်တော့ ယူရလိမ့်မယ်"
ဝမ်ကျွင်းက သူ့ရဲ့အဆက်အသွယ်အချက်အလက်ကို ချန်ထားခဲ့သည်။
"ငါကပစ္စည်းတွေ ပို့ပေးလိုက်မယ်။ စာရင်းအတိုင်းအတူတူ ခရိုင်ကိုရောက်ပြီဆိုရင် သွားယူလိုက်။ ငါ့ရဲ့ငွေစုစာရင်းထဲကို ပိုက်ဆံလွှဲပေးလိုက်ယုံဘဲ"
လုမိသားစုက (ငွေရေးကြေးရေး) ကိစ္စကို ရှုပ်အောင်လုပ်ဖို့ မဖြစ်နိုင်သလို ဝမ်ကျွင်းကလည်း ဖျံကျဖို့ မဖြစ်နိုင်ပါဘူး။ နှစ်ဖက်စလုံးက တစ်ယောက်နှင့်တစ်ယောက် ယုံကြည်ကြပါသည်။
မဟုတ်ပါက ပုံမှန်လုပ်ငန်းစဉ်အရဆိုလျှင် ဝမ်ကျွင်းက ကုန်ပစ္စည်းမဝယ်မီ စပေါ်ငွေတစ်ဝက်ကို ကြိုတင်ကောက်ခံမည်ဖြစ်သည်။ ဝမ်ကျွင်းသည် လုမိသားစု၏ ပို့ဆောင်ခ အနည်းငယ်ကို မမက်မောပါ။ ရှင်းရှင်းလင်းလင်းပြောရရင် လုမိသားစုမှာ ကျေးဇူးကျွေးများ ရှိနေသောကြောင့်သာ။
ခဏကြာ စကားစမြည်ပြောပြီးနောက် လုကျဲ့ထျန်းက ဝမ်ကျွင်းကို အိမ်ပြင်သို့ လိုက်ပို့ပေးသည်။ သူထွက်သွားပြီးနောက် မေမေလုသည် ချက်ချင်းဆိုသလို ကုန်ပစ္စည်းများကို စုစည်းမှတ်တမ်းတင်ကာ ဈေးနှုန်းများကို အမှတ်အသားပြုလျက် အရောင်းစင်ပေါ်တင်ရန်စပြင်လိုက်သည်။
စိတ်ရှုပ်ရလောက်အောင် ကုန်ပစ္စည်းတွေ အများကြီးရှိပြီး မိသားစုတစ်စုလုံးက သူတို့ကို ခွဲထုတ်လျက် ဈေးနှုန်းသတ်မှတ်နိုင်အောင် ကူညီပေးကြသည်။
ဝမ်ကျွင်းသည် ကုန်သည်များစွာကို သိပြီး လုမိသားစုအတွက်ဝယ်လာသော ထိုပစ္စည်းများ၏စျေးနှုန်းများသည် ပြင်ပဈေးကွက်ထက် များစွာသက်သာသည်။
မေမေလုသည် ဘောပင်တစ်ချောင်းနှင့် မှတ်စုစာအုပ်တစ်အုပ်ကိုယူကာ တွက်ချက်ရေးမှတ်ပြီး ပါးစပ်နားရွက်ချိတ်သည်ထိ ပြုံးရယ်နေ၏။
"ဈေးတင်ပြီးသိပ်မရောင်းပါဘူး။ ပေါက်ဈေးနဲ့ဘဲရောင်းလိုက်မယ်။ ပိုက်ဆံလည်း အများကြီးရနိုင်ပါတယ်။ ယွမ်နှစ်ရာသုံးရာလောက်ထိ ဝင်ငွေရတယ်"
"ဒီပစ္စည်းက မူရင်းစျေးထက် နှစ်ဆလောက်စျေးချိုတယ်။ ဘာလို့ဒီလောက်စျေးချိုရတာလဲ"
မေမေလုက အံ့ဩနေ၏။
"ငါတို့ဝယ်တဲ့အချိန်တုန်းက ပစ္စည်းပြတ်နေလို့ဖြစ်နိုင်လား"
ချင်ရှီးက ခေါင်းညိတ်ပြပြီး တစ်ချက်ကြည့်လိုက်တော့ သကြားတွေ အကြောင်းပြောနေတာ သိလိုက်ရပြီး ခေါင်းခါပြလိုက်သည်။
“လိုအပ်တဲ့ကုန်ကြမ်းတွေက စျေးပေါပြီး စက်ရုံကနေ တိုက်ရိုက်ရရှိတာဆိုတော့ ဈေးက အရမ်းချိုတယ်လေ။ ဈေးကြီးတာက အပြင်လက်လီဈေးကွက်မှာဝယ်တာမို့ပါ”
ဖေဖေလုက မျက်မှောင်ကြုတ်ကာပြော၏။
“ရောင်းလိုအားနဲ့စျေးကွက်ရှာဖွေရေးအေဂျင်စီက ရောင်းချတဲ့ သကြားတွေက ဒီထက်ဈေးပိုကြီးတယ်”
"အမျိုးအစားတွေကလည်း ကွဲပြားပါတယ်”
ချင်ရှီးက ရှင်းပြသည်။
“ဒီစက်ရုံက အခြားသီးသန့်တစ်ခုဖြစ်ပြီး သူတို့က အမြတ်နည်းနည်းဘဲရပေမဲ့ သူတို့နာမည်ရဖို့အတွက် ဦးစားပေးရောင်းလိုက်တာ။ နောင်မှာ ဈေးတက်လာမယ်ထင်တယ်”
မေမေလုနှင့် ဖေဖေလုက ခေါင်းညိတ်လိုက်သည်။
“ဒီလိုဖြစ်နိုင်တယ်”
လုယောင်က ချင်ရှီးကို သဘောကျစွာ ကြည့်သည်။
“ယောင်းမ မင်းက ဘာလို့အကုန်သိတာလဲ အံ့သြစရာဘဲ”
အမြွာနှစ်ယောက်က ချက်ချင်း သဘောတူလိုက်သည်။
"မေမေက အံ့သြစရာဘဲ။ အရမ်း အံ့သြစရာကောင်းတယ်"
ချင်ရှီးက ပြုံးပြီးပြောသည်။
"ပုံကြီးချဲ့မပြောကြနဲ့။ ငါနည်းနည်းဘဲနားလည်တာပါ"
လုကျဲ့ထျန်းက သူမကို ကြည့်ပြီး ရုတ်တရက်ပြောသည်။
"မင်းကိုယ်ကို နှိမ့်ချဖို့ မလိုပါဘူး။ မင်း အရမ်းတော်တာဘဲ"
သူ့စကားကြောင့် ချင်ရှီး အနည်းငယ် လန့်သွားပြီး မေမေလုနှင့် အခြားသူများလည်း ခဏတာ အံ့အားသင့်သွားကာ လုကျဲ့ထျန်းက အခြားသူများကို အလွယ်တကူ ချီးမွမ်းရန် မမျှော်လင့်ခဲ့ကြပေ။
လုယောင်က ထိတ်လန့်တုန်လှုပ်သောအမူအရာဖြင့် တမင်တကာ ဟာသလုပ်သည်။
"ဟေး ငါ့အစ်ကိုကြီးက တခြားသူတွေကို ချီးကျူးဖို့ ငါမမျှော်လင့်ထားဘူး။ ငယ်ငယ်ကတည်းက ဘယ်သူကတော့ဖြင့် ထူးချွန်ပါတယ်လို့ မင်းပြောတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ အခုတော့ ယောင်းမကို ချီးကျူးပြီပေါ့လေ"
လုကျဲ့ထျန်းသည် သူမ၏ဟာသကြောင့် အနည်းငယ်ရှက်ရွံ့နေသော်လည်း ချင်ရှီး၏မျက်နှာမှာ ဂရုမစိုက်သလို လျစ်လျူရှုထားဆဲဖြစ်သည်။
သူက ချင်ရှီး၏ အေးဆေးတည်ငြိမ်သောဟန်ပန်ကိုကြည့်ကာ ချင်ရှီးသည် ရှက်ကြောက်တတ်ခြင်းမရှိဘဲ သူ့ထက်ပို၍ ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။
"ဒီလိုဆို အရမ်းကောင်းတာဘဲ"
ချင်ရှီးက မာန်ဝင့်ဟန်ဖြင့် သူမ မေးစေ့ကို အနည်းငယ် မြှောက်လိုက်သည်။
ချင်ရှီးက ဒီလိုဟန်ပန်ကို တမင်တကာ လုပ်လိုက်သည်နှင့် သူမနှင့် လုကျဲ့ထျန်းကြားမှာရှိနေသည့် မရေရာတဲ့လေထုကို ချက်ချင်း ဖျက်ဆီးလိုက်ပြီး လူတိုင်းကို ရယ်မောစေခဲ့သည်။
မေမေလုသည် ချင်ရှီးကို အလွန်နှစ်သက်သည်။ သူမသည် အရည်အချင်းရှိပြီး ဉာဏ်ရည်ထက်မြက်ကာ ရုပ်ရည်ချောမောလှပသူဖြစ်သည်။ မေမေလုသည် သူမကို အရမ်းချစ်ပါသည်။ အချိန်အတန်ကြာ အတူတူနေလာပြီးနောက် သူမသည် ချင်ရှီးကို သမီးတစ်ယောက်လို အမှန်တကယ်ဆက်ဆံပါသည်။
စကားအနည်းငယ်ပြောပြီးသောအခါ လူတိုင်းသည် ကုန်ပစ္စည်းများကို လေးလေးနက်နက် စုစည်းကြပြီး နေဝင်ချိန်အထိ အလုပ်ရှုပ်နေကြသည်။
မေမေလုသည် ဖေဖေလုနှင့် လုယောင်ကို ထမင်းချက်ခိုင်းပြီး ချင်ရှီးနှင့် သူမကိုယ်တိုင်က စီစဉ်လျက် ဆိုင်ခန်းလေးဆီ ပစ္စည်းတွေ သယ်ဖို့ လုကျဲ့ထျန်းကို ကူလီလုပ်ခိုင်းသည်။
ကလေးတွေက သူတို့ဘေးမှာ ပစ္စည်းတစ်ချို့ပွေ့ပိုက်ပြီး ခဏတာ ဆော့ကစားရင်း မရပ်မနား ပြေးလွှားကြသည်။
… … …
နောက်နေ့မနက်စောစောမှာ မေမေလုက အိမ်တံခါးဝမှာ ဖေဖေလုလုပ်ထားတဲ့ သစ်သားဆိုင်းဘုတ်ကို ချိတ်ဆွဲပြီး မီးပန်းဖောက်ဖို့ အသင့်ပြင်လိုက်သည်။
မေမေလုက သူမကိုယ်တိုင် မီးပန်းဖောက်ဖို့ပြင်နေတာကိုမြင်တော့ လုကျဲ့ထျန်းက ကူပေးဖို့ပြင်သည်။
"ကျွန်တော်လုပ်မယ်"
မေမေလုက သူ့အား မောင်းထုတ်သည်။
"ထွက်သွားစမ်း ငါကိုယ်တိုင်လုပ်မယ်"
ချင်ရှီးနှင့် လုယောင်တို့က ရယ်နေပြီး လုကျဲ့ထျန်းက သူတို့ကို လှည့်ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်။
မေမေလုသည် မီးရှူးမီးပန်းများဆီသို့ လေးနက်စွာ လမ်းလျှောက်လာကာ အသက်ပြင်းပြင်းရှူလျက် မီးခြစ်ကို လေးနက်သောအမူအရာဖြင့် ထုတ်ယူကာ မီးပန်းများဘေးဘက်သို့ မီးခြစ်ချလိုက်သည်။
မီးတောက်ပေါ်လာသောအခါ မေမေလုသည် မီးခြစ်ကို မီးရှူးပေါ်တင်လိုက်သည်။
"ဖျစ်စ်"
မီးရှူးပန်း၏စနစ်တံကတောက်လောင်သွားပြီး မေမေလုက မီးပန်းကို ပစ်ချပြီး ထွက်ပြေးသွားပြီးနောက် ပေါက်ကွဲသံကို မကြာခင် ကြားလိုက်ရသည်။
ပထမလ၏ နှစ်သစ်ကူးကာလ ကုန်ဆုံးသွားသည်က ကာလကြာရှည်ပြီဖြစ်ကာ ပွဲတော်မရှိသည့်အချိန်တွင် မီးရှူးမီးပန်းများ ပေါက်ကွဲသံ ထွက်ပေါ်လာခြင်းက အခြားသူများကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့ထွက်လာကြည့်သောအခါ လုမိသားစုသည် မီးပန်းများကို မီးညှိခဲ့ကြောင်း တွေ့လိုက်ရသည်။
လုမိသားစုက မီးရှူးမီးပန်းများ ဖောက်ခွဲပြီးနောက် လူအများအပြားသည် တံခါးအပြင်ဘက်တွင် ရပ်နေသော မေမေလုကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
"ဆိုင်ဖွင့်ထားတာလား။ ဈေးဆိုင်လေး ရောင်းဖို့အစီအစဥ်ရှိတာလား"
မေမေလုသည် ခေါင်းကို ခပ်တင်းတင်းမော့ထားလျက် ပြန်ဖြေသည်။
"ဟုတ်တယ်။ ဆိုင်သေးသေးလေးဖွင့်ထားပြီး နေ့စဉ်သုံး ကုန်မျိုးစုံရောင်းမယ်။ အရည်အသွေး အာမခံချက်ရှိပြီး စျေးနှုန်းလည်း သက်သာတယ်"
_***_