Chapter 58

3K 341 2
                                    

အပိုင်း (၅၈)




လုကျဲ့ထျန်း ဝယ်ခဲ့သော လက်မှတ်သည်  ကန့်လန့်ကာတံခါးမရှိသော ကုတင်မာအမျိုးအစားပါသည့် အခန်းဖြစ်သောကြောင့် ဝင်ထွက်သွားလာသူများသည် အတွင်းပိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ရထားပေါ်တက်ပြီးနောက် ချင်ရှီးမှ ဆွဲခေါ်လာသော အန်အန်းကမေးသည်။
"အလာတုန်းကဟာနဲ့ ဘာလို့မတူတာလဲ"

ဖျင်ဖျင်ကလည်း ပြောသည်။
"တံခါးပျောက်သွားပြီ"

ချင်ရှီးက သူတို့နှစ်ယောက်ကို အရှေ့ထုတ်ပြီး နောက်က လိုက်လာခဲ့သည်။ လုကျဲ့ထျန်းနှင့်အတူရှိနေသည့် ကုချင်းဟိုင်ကပြောသည်။ 
"သားတို့ဒီကိုအလာတုန်းက ပျော့ပျောင်းတဲ့ကုတင်ပေါ်မှာထိုင်ခဲ့ရတယ်။ ဒါပေမဲ့ အခုက မာတဲ့ကုတင်ဖြစ်နေပြီ။ ဖေဖေ ဘာလို့ နူးညံ့တဲ့ကုတင်ပါတဲ့လက်မှတ်မဝယ်တာလဲ"

" စပ်စုတတ်တဲ့ ကလေးပါလား"
အန်အန်းက ပြန်ရန်တွေ့၏။

ချင်ရှီးက ရှင်းပြခါနီးတွင် လုကျဲ့ထျန်းက တစ်ချက်တန့်သွားသည်ကို တွေ့လိုက်ရသည်။

“နူးညံ့တဲ့ကုတင်ပါတဲ့ လက်မှတ်က ဝယ်လို့မရလို့ ကုတင်တစ်လုံးဘဲပါတဲ့ ဒါကိုဘဲ ဝယ်လို့ရတယ်။ သွားတော့ အရင်ဝင်ကြ”

ရထားစင်္ကြံမှာ လူတွေအများကြီးရှိပြီး အိတ်ကြီးတွေနှင့် အတက်အဆင်းလူတွေက အရမ်းစည်ကားလှသည်။

အမြွှာများသည် စူးစမ်းလိုစိတ်ရှိသော်လည်း ယခုအချိန်သည် ဤအကြောင်းပြောရန် အချိန်မဟုတ်သေးကြောင်းကိုလည်း သိထားသောကြောင့် လုကျဲ့ထျန်းဆီသို့ နာခံစွာ လျှောက်သွားကာ ဘာမှ ထပ်မပြောတော့ပါ။

ချင်ရှီးဝင်လာသောအခါတွင် အခန်းထဲမှာ လူများရှိနေပြီး ကလေးပါသော အမျိုးသမီးများသည် အောက်ဘက်ကအိပ်ယာနှစ်လုံးတွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

သူတို့(အတူထိုင်ကြရမည့်)အခန်းထဲက တစ်ဖက်လူများက ရထားထဲကို စောစောဝင်ထားပုံပင်။ သူမတို့နှင့်တကွ ကလေးနှစ်ယောက်စလုံးက ချင်ရှီးနှင့် တခြားသူတွေကို တိတ်တဆိတ် ကြည့်နေကြသည်။

တစ်ဖက်အောက်ထပ်မှာ ပိန်ပါးတဲ့ အမျိုးသမီးတစ်ဦးနှင့် သုံးလေးနှစ် အရွယ်ကလေးတစ်ယောက်က ကုတင်ပေါ်မှာ ပုံလျက်လဲနေကြပြီး ပြင်းပြင်းထန်ထန် ပင်ပန်းလျက် ရထားပေါ် တက်လာခဲ့တာ ဖြစ်နိုင်သည်။

လုကျဲ့ထျန်းသည် ဒီဘက်အောက်ထပ်မှ ဝဖြိုးသော အမျိုးသမီးကို ငုံ့ကြည့်ကာ ခရီးဆောင်အိတ်ကို အောက်ချလိုက်သည်။ 
“ကျေးဇူးပြုပြီး ဖယ်ပေးပါ။ ဒါ ငါတို့ကုတင်ဘဲ” 

ဝဖြိုးသော အမျိုးသမီးက လုကျဲ့ထျန်းကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
“ရဲဘော်က တပ်သားလား။ ငါ့ယောက်ျားလည်း တပ်ထဲကပါဘဲ။ ငါ့ကလေးက ငယ်သေးတော့ မင်းတို့ရဲ့ အောက်ဘက်ကုတင်ကို လဲပေးလို့ရမလား"

လုကျဲ့ထျန်းက ပြောခါနီးမှာ ချင်ရှီးက သူ့ကိုထိန်းထားလိုက်သည်။ သူ့လက်မောင်းနှင့် ခရီးဆောင်အိတ်ကို အရင်တွန်းဖယ်ပြီး ပိန်ပါးသော အမျိုးသမီးကို မြင်သာအောင်လုပ်ကာ ပြောလိုက်သည်။
“ကျွန်မ ကလေးတွေလည်း ငယ်သေးတယ်။ သူတို့က သုံးယောက်တောင်။ တောင်းပန်ပါတယ် ငါ့သားသမီးတွေကို နေရာပေးပါ။ သူတို့ ထိုင်ပြီး အနားယူဖို့လိုတယ်"

ဝဖြိုးသောအမျိုးသမီး၏မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး သူမသည် ချင်ရှီးကို အပေါ်အောက်ငုံ့ကြည့်ကာ ဖက်ရှင်ကျကျ လှပသောအသွင်အပြင်ကို မြင်လိုက်ရသသည်။

"မင်းတို့က မိသားစုတစ်စုတည်းကလား" ပိန်ပါးတဲ့အမျိုးသမီးက အရင်ပြဿနာကို မဖြေရှင်းသေးဘဲ တခြားအရာတစ်ခုကို မေးသည်။

ချင်ရှီးက အနည်းငယ် မျက်မှောင်ကြုတ်ကာပြောသည်။ 
"ဟုတ်တယ်။ ကျွန်မတို့အတွက် နေရာဖယ်ပေးပါ"

ဝဖြိုးတဲ့ အမျိုးသမီးက တုတ်တုတ်မလှုပ်ဘဲ ဆက်ထိုင်နေသည်။
"အားလုံးက တပ်မိသားစုတွေဘဲ။ မင်းယောက်ျားက ဒီမှာရှိရင် သူတို့ကို စောင့်ရှောက်ပေးလို့ရတယ်။ ငါ့ယောက်ျားက (ငါတို့ကိုစောင့်ရှောက်ပေးဖို့) ဒီမှာ မရှိလို့ (ဒီနေရာမှာနေဖို့) ခွင့်ပြုပါ။ အပေါ်ထပ်မှာ မအိပ်ချင်ဘူး။ တော်တော်ဒုက္ခများတယ် "

ချင်ရှီးက ဒေါသတကြီး ရယ်မောလိုက်သည်။
" အားလုံးက တပ်မိသားစုတွေ။ တခြားသူတွေထက် ဘယ်သူက ပိုမြင့်မြတ်လို့လဲ။ ဒါက ကျင့်ဝတ်အရပြောရရင် သူတစ်ပါးဟာကို မတရားရယူနေတာနော်" 

အခြားတစ်ဖက် အောက်ထပ်ရှိ ကလေးနှင့်အမျိုးသမီးက သူတို့ကို တိတ်တဆိတ် ကြည့်နေပြီး စကားမပြောပေ။

"မတရားရယူတယ်ဆိုတာဘာလဲ။ မင်း မုသားစကား မပြောနဲ့။ မင်းရဲ့ ထိုင်ခုံကို စွန့်လွှတ်လိုက်ယုံဘဲ မဟုတ်လား။ အရမ်းနာကျည်းစရာကောင်းလိုက်တာ… ငါတို့ အားလုံးက တပ်မိသားစုတွေ… အချင်းချင်း ကူညီပေးလို့ မရဘူးလား"

ဝဖြိုးသော အမျိုးသမီးက ချင်ရှီးကို စိုက်ကြည့်နေပြီး သူမမျက်နှာက ဒေါသတွေ ပြည့်နှက်နေသည်။

သူမကို ဒီလိုပုံစံ မြင်လိုက်ရတော့ ချင်ရှီးက သူမကို ထပ်အနှောက်အယှက်မပေးဘဲ စင်္ကြံကို လှည့်ကြည့်လိုက်ပြီး ယာဉ်ဝန်ထမ်းကို လှမ်းခေါ်လိုက်သည်။

ဝဖြိုးသောအမျိုးသမီးသည် ခဏမျှထိတ်လန့်သွားသည်။
“ဟေး မင်း ဘာလို့ ဝန်ထမ်းကို ခေါ်တာလဲ”

ချင်ရှီးက သူမကို လှည့်ကြည့်ကာ ပေါ့ပေါ့တန်တန်ပြောသည်။
“လက်မှတ်နဲ့ ရထားထိုင်ခုံက မှန်မမှန် တိုက်ခိုင်းဖို့လေ"

'မင်းက ဟိုဟိုဒီဒီ လာရှုပ်နေတာဆိုတော့  ဝန်ထမ်းကိုခေါ်ပြီး တရားမျှတမှုကို တောင်းဆိုရမှာဘဲ။ ရက်စက်တယ်လို့တော့ ငါ့ကို အပြစ်လာမတင်နဲ့'

ဝဖြိုးသောအမျိုးသမီးသည် မတ်တပ်ထရပ်ကာ ချင်ရှီးကို ဒေါသတကြီးကြည့်သည်။
"မင်းနေရာကို စွန့်လွှတ်လိုက်ယုံဘဲ မဟုတ်လား။ မင်းဘာလို့ ဒီလောက်တောင် တွန့်တိုနေတာလဲ"

"ငါရဲ့နေရာကို စွန့်လွှတ်လိုက်တာက အခြေအနေပေါ်မှာ မူတည်တယ်။ မင်းအတွက် ထိုင်ခုံကို စွန့်လွှတ်ပေးရမဲ့ အကြောင်းရင်းက ဘာဖြစ်လို့လဲ။ မင်းမှာ ကလေးရှိလို့တဲ့လား။ ရယ်စရာဘဲ ငါ့မှာလည်း ကလေး ရှိသေးတယ်… သုံးယောက်တောင် ရှိတယ်"

လုကျဲ့ထျန်း အထူးတလည်ဝယ်ခဲ့သော အောက်ဘက်ကုတင်သည် ကလေးများအတွက် နေ့ခင်းဘက်အဆင်ပြေ‌ပြေထိုင်ရန် နေရာတစ်ခုရှိဖို့ဖြစ်သည်။ မဟုတ်ပါက နှစ်ရက်ခရီးသည် ကလေးများအတွက် အဆင်မပြေမှာ သေချာပါသည်။

မူလကတည်းက တစ်စုံတစ်ယောက်ကို ထားဖို့ သီးသန့်စီစဉ်ထားတဲ့ အောက်ဘက်ကုတင်နေရာမို့ တခြားသူတွေကို ဘာလို့ ပေးရမှာတဲ့လဲ။

ထိုအမျိုးသမီးသည် ကျိန်ဆဲနေဆဲဖြစ်သည်ကိုမြင်တော့ ချင်ရှီးက အေးစက်စွာပြောသည်။
"မြန်မြန်မြန်မြန်လုပ်။ မင်းပါးစပ်ကို လည်း သန့်ရှင်းအောင်ထားလိုက်စမ်းပါ"

ဝဖြိုးသောအမျိုးသမီးက ပိုဆိုးလာကာ ဆူပူကြိမ်းမောင်းတော့မည်ဖြစ်သော်လည်း လုကျဲ့ထျန်းက ချင်ရှီးကို ပိတ်ဆို့လိုက်ပြီး သူ(မ)ကို မျက်နှာချင်းဆိုင်လိုက်သည်။

လုကျဲ့ထျန်း၏ အေးစက်သောမျက်လုံးများဖြင့် သူမကို စိုက်ကြည့်သောအခါ ဝဖြိုးသောအမျိုးသမီးသည် အေးခဲသွားပြီး သူမ နှုတ်ခမ်းသို့ရောက်လာသော စကားလုံးများကို ချက်ချင်းပြန်မျိုချလိုက်ပြီး တုန်လှုပ်သွားသည်။

လုကျဲ့ထျန်း၏ ဩဇာက သူ့ယောက်ျားထက် ပိုပြင်းထန်ပုံရသည်။

သူမ၏ ခရီးဆောင်အိတ်ကို နာခံမှုရှိစွာ ထုပ်ပိုးပြီး ကလေးကို အလယ်တန်းလျားသို့ သယ်ဆောင်သွားကာ ခရီးဆောင်အိတ်ကို တခြားဘက် အောက်ထပ်ကုတင်တွင် ထားလိုက်သည်။

အခြားသူများ၏ ခရီးဆောင်အိတ်နှင့် ဖိနပ်များကို ဘေးသို့ ရက်စက်စွာ ရွှေ့လိုက်သည်ကို မြင်လိုက်ရသဖြင့် ချင်ရှီးမှာ မျက်မှောင်ကြုတ်လိုက်မိသည်။

လုကျဲ့ထျန်းသည် ရှုပ်ပွပွအိပ်ယာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး ချင်ရှီးနှင့် ကလေးတွေကို လှည့်ကြည့်သည်။
"ထိုင်ပြီး အနားယူတော့"

ချင်ရှီးက တုံ့ပြန်လိုက်ပြီး ကလေးတွေကို ထိုင်ခိုင်းကာ အိတ်ထဲက အပူခံခွက်ကို ထုတ်ယူလိုက်ပြီး ကလေးတွေကို ခပ်နွေးနွေးရေလေး သောက်ခိုင်းသည်။

အမြွှာနှစ်ယောက်က ရေသောက်ပြီးသည်နှင့် ပြတင်းပေါက်နားတွင် နာခံစွာထိုင်ကာ စားပွဲပေါ်တွင် လက်လေးများတင်ကာ အခြားလူများကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

မျက်မှန်တပ်ထားသည့် ပိန်လှီသော အမျိုးသမီးသည် အခြားအောက်ထပ်အိပ်ယာပေါ်တွင် ရှိနေသည်။ သူမ ပွေ့ချီထားသည့် မိန်းကလေးမှာ အသက်သုံးနှစ်ခန့်ရှိမည့်သေးသေးလေးဖြစ်ပြီး အလွန်ပိန်လှီနေပုံရသည်။

ဒါပေမဲ့ သူမဟာ မျက်ခွံနှစ်ထပ်၊ မျက်တောင်ရှည်ရှည်တွေနှင့် မျက်လုံးကြီးကြီးများရှိကာ အရမ်းကိုချစ်စရာကောင်းတဲ့ပုံပေါက်ပါသည်။

အမြွှာများ၏မျက်လုံးများသည် အလွန်စူးရှလွန်းသောကြောင့်ဖြစ်နိုင်ပြီး တစ်ဖက်မှမိန်းကလေးက လှည့်လာသည်။
"မင်းတို့ ငါ့ကိုဘာလို့စိုက်ကြည့်နေတာလဲ"

ချင်ရှီးသည် အရှေ့မြောက်ဘက်ပိုင်းဆန်သော လေယူလေသိမ်းကို နားထောင်ရင်း အနည်းငယ်အံ့ဩသွားကာ အမြွှာတွေအား လှမ်းပြောရန် ဟန်ပြင်လိုက်သည်။

ဒါပေမဲ့ သူမ မပြောရသေးခင်မှာဘဲ မြင်ကွင်းလေးက ချက်ချင်းပြောင်းလဲသွားလိမ့်မယ်လို့ မထင်ခဲ့မိပေ။

သူမလေး၏ အမေက ချင်ရှီးနှင့် တခြားသူတွေကို ရှက်ရွံ့စွာ ပြုံးပြပြီး ခေါင်းငုံ့ကာ သူမ သမီးကိုပြောသည်။
"လူတွေက မင်းကို စိုက်ကြည့်နေယုံလေးဘဲကို ဘာလို့ တွန့်တိုနေတာလဲ'

"စိုက်ကြည့်ခံရတာ နည်းနည်း ရှက်လာလို့ ဘာဖြစ်လို့ ကြည့်နေတာလဲလို့ မေးလိုက်တာပါ"
ကောင်မလေးမျက်နှာက စူပုတ်လာ၏။

“…”

သူမအမေက မော့ကြည့်လိုက်တော့ အားလုံးက သူတို့ကို ကြည့်နေကြတာကို တွေ့လိုက်ရတော့ သူမ အနည်းငယ် ရှက်သွားသည်။

"တောင်းပန်ပါတယ်။ ကလေးက တည့်တိုးပြောတတ်တယ်။ မင်းတို့ကို ရယ်စရာဖြစ်အောင် လုပ်မိသွားပါပြီ"
သူမ မျက်မှန်ကို တွန်းတင်လိုက်ပြီး မျက်လုံးတွေက အနည်းငယ် ကိုးရို့ကားယားဖြစ်သွားသည်။

ချင်ရှီးက ပြုံးပြီး ဖော်ရွေစွာပြောသည်။
"မဟုတ်ပါဘူး။ ကလေးက အရမ်းချစ်စရာကောင်းပါတယ်"

"ဟဲလို ငါ့နာမည်က ချင်ရှီးပါ။ ဒါက ငါ့ခင်ပွန်းပါ။ ဒါတွေက ငါတို့ရဲ့ ကလေးသုံးယောက်ပါ"
ချင်ရှီးက သူမကိုယ်ကို မိတ်ဆက်ပြီးနောက် အဆင်မပြေသော အငွေ့အသက်များမှ သက်သာရာရသွားသည်။

"မင်္ဂလာပါ။ ငါ့နာမည်က ဟွမ်ယွိလန်ပါ။ ဒါက ငါ့သမီး တုကောကောပါ"

ချင်ရှီး :  "ကလေးက အသက်ဘယ်လောက်ရှိပြီလဲ"

ဟွမ်ယွိလန်က ပြုံးလိုက်သည်။
"တရုတ်နှစ်ကူးပြီးချိန်ကမှ လေးနှစ်ဘဲရှိသေးတာ၊ မင်းရဲ့ကလေးကရော။ ကလေးတွေကို ကြည့်စမ်း။ ကြံ့ခိုင်သန်စွမ်းနေရော"

ကလေးအား ကြံ့ခိုင်သန်စွန်းသည်ဟုဆိုခြင်းသည် ကလေးကို ကောင်းမွန်စွာကြီးပြင်းလာစေရန် ချီးမွမ်းခြင်းပင်ဖြစ်သည်။

ချင်ရှီး :  "အမြွှာလေးနှစ်ယောက်က အသက်ငါးနှစ်။ မင်းကလေးထက်တစ်နှစ်ကြီးတယ်။ အကြီးကောင်လေးက ဆယ်နှစ်ဘဲရှိသေးတာ"

ဟွမ်ယွိလန်သည် မျက်လုံးများ အနည်းငယ်ပြူးသွားပြီး ဖျင်ဖျင်နှင့် အန်အန်းကိုကြည့်ကာပြောသည်။
"နဂါးနဲ့ဖီးနစ်အမြွာလေးတွေပေါ့လေ။ ချစ်စရာကောင်းလိုက်တာ"

ချင်ရှီးသည် ကလေးများကို အကြောင်းအရာအဖြစ်ယူဆ၍ ဟွမ်ယွိလန်နှင့်အတူ ခဏအကြာ စကားစမြည်ပြောပြီးနောက်တွင် သူမ၏အမူအရာသည် အရင်က ထိန်းမနိုင်သိမ်းမရဒေါသဖြစ်နေရမှ ငြိမ်းအေးသွားသည်။

လုကျဲ့ထျန်းသည်လည်း တပ်ထဲမှာနေကြောင်း ဟွမ်ယွိလန်က သိလိုက်သောအခါ သူမသည်လည်း သူမအမျိုးသားနှင့်အတူတူ တပ်ထဲတွင်နေထိုင်ရန်လာခြင်းဖြစ်ကြောင်း အချင်းချင်း သိသွားကြလျက် သူတို့ ဦးတည်ရာက တူညီကြသည်ကိုပါသိရပြီးနောက် သူမ လုံးဝ စိတ်အေးလက်အေး နှင့် စိတ်အားထက်သန်စွာ ပြောဆိုတတ်လာသည်။

"ကျွန်မ အဲ့ဒီကို ပထမဆုံး အကြိမ်သွားတာပါ။ ဘာမှ နားမလည်ဘူး။ အခုလို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်"
ဟွမ်ယွိလန်က တပ်ဘက်ဆိုင်ရာ အချို့သော အကြောင်းအရာများကို ချင်ရှီးကပြောပြသည်ကို ကြားပြီးနောက် သူမအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဟွမ်ယွိလန်သည် တင်းကျပ်စွာထုပ်ပိုးထားသော အိတ်ကိုထုတ်ဖွင့်ကာ ချင်ရှီးအား ထုပ်ပိုးထားသောပစ္စည်းများကို ပေးသည်။
"ဒါက ငါ့ရဲ့ ရေခဲရိုက်ထားတဲ့သစ်တော်သီး‌ဘဲ။ အရမ်းချိုပြီး အရည်ရွှမ်းတယ်။ မြည်းစမ်းကြည့်ပါ"

ချင်ရှီးက မငြင်းဘဲ ကျေးဇူးတင်လိုက်ပြီး ယူလိုက်သည်။ အရှေ့မြောက်အရပ်မှ ရေခဲရိုက်ထားတဲ့သစ်တော်သီးတွေအကြောင်း သူမ ကြားဖူးပေမဲ့ မစားဖူးပါဘူး။

ဟွမ်ယွိလန်သည် ချင်ရှီးက သစ်တော်သီးတွေကို နှစ်သက်ကြောင်းတွေ့ရသောအခါ နောက်ထပ် နှစ်လုံးကို သူ့အိတ်ထဲမှ ထုတ်ကာပေးသည်။
"မင်းတို့က လူများတယ်။ ဒါကြောင့် နောက်ထပ် နှစ်လုံးယူသွား"

ချင်ရှီးသည် ယူရန် တုံ့ဆိုင်းသွားကာ ကျေးဇူးတင်စွာဖြင့် ဘီစကွတ်ဗူးတစ်ဝက်ပါသည့်တစ်ဗူးကို သူမအိတ်ထဲမှ ထုတ်လိုက်သည်။

လုမိသားစုအိမ်ကိုမပြန်ခင်မှာ ဘီစကွတ်ဘူးကြီးသုံးလုံး ယူလာခဲ့ပြီး တစ်လအကြာမှာတော့ ဘူးတစ်ဝက်ဘဲကျန်တော့သည်။ မေမေလုက အဲ့ဒါတွေကို လျှို့ဝှက်စွာထုပ်ပိုးပေးလိုက်ပြီး ချင်ရှီးက နောက်မှသာ ဒါတွေပြန်ပါလာမှန်း သိလိုက်ရသည်။

"ငါကိုယ်တိုင်ဖုတ်ထားတဲ့ ဘီစကစ်တွေကို မြည်းစမ်းကြည့်ပါ"
ချင်ရှီးက ဘီစကစ်ဘူးကိုဖွင့်ပြီး စားပွဲပေါ်တင်ကာ ဟွမ်ယွိလန်ဘက် တွန်းပို့လိုက်သည်။

ဟွမ်ယွိလန်သည် လောဘမကြီးဘဲ နှစ်ပိုင်းကိုယူ၍ ပြုံးပြကာ တုကောကောအား ပေးလိုက်သည်။

ချင်ရှီး :  "မင်းလည်းစားပါ။ အကုန်လုံးက ငါကိုယ်တိုင်လုပ်ထားတာ"

ဟွမ်ယွိလန်သည် မျက်မှန်ကိုတွန်းတင်လိုက်ပြီး သဘောတူလိုက်ကာ မုန့်ကိုကိုက်လိုက်ပြီး မျက်လုံးများ ချက်ချင်းပြူးသွားပြန်သည်။
"အရမ်းမွှေးတာဘဲ။ နွားနို့ထည့်ထားတာလား"

ချင်ရှီးက ခေါင်းညိတ်လိုက်ပြီး လုကျဲ့ထျန်းခွဲပေးထားသော ရေခဲရိုက်ထားသည့် သစ်တော်သီးကို စားဖို့ ယူလိုက်သည်။

"ဒီသစ်တော်သီးက ဘာလို့ အနက်ရောင်ဖြစ်ရတာလဲ"
ဖျင်ဖျင်သည် လုကျဲ့ထျန်းခွဲပေးထားသောတစ်ခြမ်းကို ကိုင်လိုက်ပြီး စားရန် အနည်းငယ် ကြောက်လာသည်။

အခြားတစ်ဖက်တွင် အန်အန်းသည် အစားအသောက်ကို ငြင်းဆန်လိုစိတ်မရှိဘဲ အမြန်ကိုက်စားသည်။

"အိုး…"
ကုချင်းဟိုင်က လက်ကိုင်ပုဝါကို အမြန်ထုတ်ပြီး သူမအတွက် သုတ်ပေးလိုက်သည်။
"ဖြည်းဖြည်းစား။ မင်းကို ဘယ်သူမှ ဖမ်းမှာ မဟုတ်ဘူး"

အန်အန်းက သစ်တော်သီးကို ပါးစပ်ထဲ မျိုချလိုက်ပြီးပြောသည်။
"ငါ ဖြည်းဖြည်းစားတယ်။ ဒီသစ်တော်သီးမှာက အရည်တွေအရမ်းရွှမ်းတာ"

သူမ ပြောသည့်အတိုင်း နောက်တစ်ကိုက်စားလိုက်ရာ သူမပါးစပ်က ချက်ချင်း စိုစွတ်သွား၏။

ဟွမ်ယွိလန်က ရယ်မောလိုက်သည်။
"ဒီသစ်တော်သီးက အရည်ရွှမ်းနေပြီးသာ။ ဒါပေမဲ့ အေးခဲပြီးရင် ပိုပိုပြီး အရည်ရွှမ်းလာလိမ့်မယ်"

လူတိုင်း စားနေတာကိုမြင်တော့ ဖျင်ဖျင်က ပါးစပ်ကိုဖွင့်လိုက်ပြီး တစ်ချက်ကိုက်ပြီးနောက် မျက်လုံးတွေ တောက်ပလာသည်။

"ဒါက သာမာန်သစ်တော်သီးတွေနဲ့ မတူဘူး"

တုကောကောက ခေါင်းညိတ်ပြသည်။
"ငါ့မေမေ ဒါတွေကို အေးခဲထားတာကြာပြီ"

ချင်ရှီးက ရုတ်တရက်ပြောသည်။
"မင်း အရှေ့မြောက်ဘက်ပိုင်းက လာတာလား"

ဟွမ်ယွိလန်က သက်ပြင်းချရင်းပြောသည်။
"ဒါက ကြီးကြီးမားမားကိစ္စရပ်တော့ မဟုတ်ပေမဲ့ ငါရထားပေါ်မှာ နှစ်ရက်လောက်နေခဲ့ပြီးပြီ။ ဒါက နောက်ထပ်ရထားတစ်ခုဘဲ။ စထွက်ခွာလာတဲ့ဘူတာကနေ ဦးတည်ရာမှတ်တိုင်ကို ရောက်ဖို့ အရမ်းပင်ပန်းနေပြီ"

ချင်ရှီး နားလည်ပါသည်။ ရထားစီးရတာ ပင်ပန်းတယ်ဆိုတာ အံ့သြစရာမရှိတော့ပါဘူး။ ဒါကြောင့်လည်း ဟွမ်ယွိလန်တို့တွေ အိပ်ယာပေါ်မှာ မလှုပ်မယှက်ဖြစ်နေတာကို စတွေ့ခဲ့ရပြီး သူတို့မျက်နှာတွေက နွမ်းဖတ်နေကြခြင်းပင်။ ရထားပေါ်မှာ အကြာကြီးထိုင်ရတာ ခက်ခဲလှသည်။

ချင်ရှီးက သူ့အိတ်ထဲက သကြားလုံးအိတ်သေးသေးလေးကို စမ်းလိုက်သည်။ ထိုအရာက မေမေလုဆီမှ ပြန်သယ်လာတဲ့ သကြားလုံးတစ်မျိုးဖြစ်ပြီး ချဉ်လွန်းလှသည်။ ချင်ရှီးသည် နောက်တစ်ကြိမ် ရထားမူး၍ မလှုပ်နိုင်ဖြစ်မည်ကို ကြောက်သောကြောင့် အထူးတလည် ယူဆောင်လာခဲ့ခြင်းပင်။

"ဒီမှာ မင်းအတွက် သကြားလုံး။ နည်းနည်းချဉ်တော့ ခံစားချက် အပြောင်းအလဲရတယ်"
ချင်ရှီးက သကြားလုံးကို ဟွမ်ယွိလန်အား ပေးလိုက်သည်။

ဟွမ်ယွိလန်သည် ယူလိုက်ပြီး ချက်ချင်းဘဲ ပါးစပ်ထဲကို ထည့်လိုက်တော့ သူမရဲ့ အမူအရာက ချက်ချင်း ရှုံ့တွသွားသည်။

"အမလေး…"

ချင်ရှီးသည် သူမ၏အမူအရာနှင့် လေယူလေသိမ်းသံကြောင့် မရယ်ဘဲ မနေနိုင်တော့ပေ။

ဟွမ်ယွိလန်သည် မျက်မှန်ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သောအသွင်အပြင်နှင့် ဆိတ်ငြိမ်သော စိတ်ထားရှိကာ စကားပြောသောအခါတွင် အရှေ့မြောက်ဘက်ပိုင်း၏ အငွေ့အသက်များ လွှမ်းမိုးနေ၏။

ဒီအခိုက်အတန့်မှာ သူတို့ကို အချိန်အကြာကြီး စိုက်ကြည့်နေတဲ့ တစ်ဖက်မှကလေးလေးဟာ ထိန်းမနိုင်သိမ်းမရ လှည့်လိုက်ရင်း ဝဖြိုးတဲ့အမျိုးသမီးရဲ့ အဝတ်အစားတွေကို ဆွဲကိုင်လိုက်သည်။
“မေမေ သားလည်း သကြားလုံးလိုချင်တယ်။ ဘီစကွတ်လည်းလိုချင်တယ်။ ရေခဲရိုက်ထားတဲ့ သစ်တော်သီးလည်း လိုချင်တယ်"

ဝဖြိုးသော အမျိုးသမီးက တွန်းဖယ်လိုက်သည်။
" မစားချင်စမ်းနဲ့"

ကလေးကို ဆူပူကြိမ်းမောင်းပေမဲ့ သူမက သူတို့ဘက်လှည့်ကြည့်ကာ လှမ်းပြောသည်။
"အစ်မကြီး မင်းရဲ့အေးခဲထားတဲ့ သစ်တော်သီးတွေကို ငါ့ရဲ့ ပေါင်မုန့်တွေနဲ့ လဲကြရအောင်”

ဟွမ်ယွိလန်က ပေါင်မုန့်တွေအကြောင်း ကြားတဲ့အခါ ပြန်ပြောသည်။
“ငါ ပေါင်မုန့်တွေဘဲ စားနေရပြီး ဘာမှ မစားရတာ နှစ်ရက်ရှိပြီ"

ကောင်လေးက ထိုစကားကြားတော့ ကုတင်ပေါ် လှဲချလိုက်ပြီး အရူးအမူး လူးလိမ့်တော့သည်။
“စားချင်တယ် စားချင်တယ် စားချင်တယ်”

ဝဖြိုးသော အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ဆိုးသွမ်းသော ကောင်လေးကို ရိုက်နှက်၍ အသားပေါင်မုန့်ကို လွယ်အိတ်ထဲက ထုတ်ယူကာ ကလေးပါးစပ်ထဲ တိုက်ရိုက်ထည့်၍ပြောသည်။
"ဒါကိုစားပြီး ပါးစပ်ပိတ်ထား။ ဒါမှမဟုတ် မင်းဖင်ကို အသေရိုက်ပစ်မယ်"

ကောင်လေးက ပြဿနာရှာချင်ပေမဲ့ သူ့အမေက အရမ်းဒေါသထွက်သွားတာကိုမြင်တော့ ရပ်လိုက်ပြီး သူ့ပါးစပ်ထဲက မုန့်ပိုင်းအကြီးကြီးကို နာခံစွာစားလိုက်သည်။

ချင်ရှီးနှင့် ဟွမ်ယွိလန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့ထဲက တစ်စုံတစ်ယောက်ကမျှ ထိုအမျိုးသမီးတို့သားအမိက အရှက်မဲ့စွာ တောင်းရမ်းခြင်းပြုလိမ့်မည်ဟု မထင်ခဲ့ကြပေ။

_***_


၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now