အပိုင်း (၆၄)
ရက်အနည်းငယ်ကြာတော့ ချင်ရှီးက အတန်းဝင်ဖို့ ကျောင်းစတက်ရသည်။
ချင်ရှီးသည် မူလက ကျောင်းမစမီ မြို့သို့သွားရန် စီစဉ်ခဲ့သော်လည်း မော့လင်က သူမထံ စာရေးကာ မကြာခင်မှာ အတူသွားကြမည်ဟု ပြောသောကြောင့် သူမလက်လျှော့လိုက်သည်။
ကုချင်းဟိုင်သည်လည်း ကျောင်းတက်ရပြီး ချင်ရှီးကလည်း တဖြည်းဖြည်း အလုပ်များလာခဲ့သည်။ အမြွာများသည် အိမ်တွင် သူတို့ဘာသာဆော့ရုံသာရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် တုကောကောက အဖော်အဖြစ်ရှိသည်။
ကလေးသုံးယောက်ကတော့ တုကောကော၏အိမ်မှာဘဲဖြစ်ဖြစ် လုမိသားစု၏အိမ်မှာဘဲဖြစ်ဖြစ် သူတို့က တစ်နေကုန် အတူတကွဆော့ကစားရတာပျော်စရာကောင်းနေကြ၏။
တစ်ခုတည်းသောအချက်မှာ တုကောကော၏ လေယူလေသိမ်းအတိုင်း လိုက်ပြောလာကြခြင်းဖြစ်ပြီး ချင်ရှီးက ထိုအရာကို နားထောင်လိုက်တိုင်း အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မြင်မိပြီး မခံမရပ်နိုင်အောင် ရယ်မောတတ်သည်။ လုကျဲ့ထျန်းနှင့် ကုချင်းဟိုင်တို့ကတော့ နှစ်ယောက်စလုံး ဘာစကားမှ မပြောနိုင်ကြပေ။
နောက်ပိုင်းတွင် ချင်ရှီးလည်း အလုပ်များလာသည်။ အတန်းတွေတက်ရတာအပြင် နွေရာသီအဝတ်အစား ဒီဇိုင်းဆွဲတာတွေဖြင့်လည်း အချိန်ကိုဖြတ်သန်းနေရသည်။ အားလပ်ချိန်မှာတော့ စာအုပ်တွေဖတ်သည်။
နေ့ရက်တွေက ရှင်းရှင်းလင်းလင်းနှင့် ပြီးပြည့်စုံစွာ ကုန်ဆုံးသွားသည်။
တစ်ပတ်အကြာတွင် မော့လင်သည် ချင်ရှီးအား မြို့သို့သွားကြရန်ချိန်ဆိုထားသည့် အချိန်ရောက်လာလေပြီ။
"မနက်ဖြန် မနက်စောစောထွက်ပြီး မြို့ထဲမှာ နှစ်ရက်နေပြီး ငါမင်းကို လိုက်ပြမယ်။ စစ်းနော့ကလည်း မင်းနဲ့ စကားကောင်းကောင်းပြောချင်နေတယ်"
"နှစ်ရက်တောင်လား"
အန်အန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ချင်ရှီး ဒီကိုရောက်လာကတည်းက သူမဟာ ချင်ရှီးနှင့် ဘယ်တုန်းကမှ မခွဲခွာခဲ့ဖူးပါဘူး။ ဒီအချိန်မှာ သူမဟာ နှစ်ရက်လောက် အဝေးကိုသွားမှာကြောင့် ရုတ်တရက် ထိတ်လန့်သွားသည်။
"မေမေ သမီးတို့ကို အတူခေါ်သွားလို့ရမလား"
အန်အန်းက ခပ်မြန်မြန် မေးလိုက်သည်။
ဖျင်ဖျင်သည် ခေါင်းကို မော့ကာ ချင်ရှီးနှင့် မော့လင်ကို စိတ်အားထက်သန်စွာ ကြည့်ပြီးပြောသည်။
"သားတို့လည်း သွားချင်တာပေါ့"
ချင်ရှီးက သူ့ခေါင်းကိုပွတ်ပေးလိုက်သည်။
"မြို့က အရမ်းဝေးတယ်။ အခု ရာသီဥတုကလည်း အဆင်မပြေလို့ မင်းတို့ကို ခေါ်သွားဖို့ အဆင်မပြေဘူး။ အေးနေသေးတာမို့ မင်းတို့တွေ အအေးမိရင် ဘယ်လိုလုပ်ရမလဲ "
"ဟုတ်တယ် မင်းတို့အိမ်မှာဘဲနေကြ။ ငါတို့က အလုပ်လုပ်ရမယ်"
မော့လင်သည် သောက်စရာ ခွက်ကိုကောက်ကိုင်လိုက်ပြီး အမြွှာနှစ်ယောက်ကို မျက်ခုံးပင့်ပြလိုက်သည်။
ဖျင်ဖျင် : "သားတို့ အအေးဒဏ်ကို မကြောက်ပါဘူး"
အန်အန်း : "အန်တီမော့ (အစောကပြောတော့) မေမေ့ကို လျှောက်ပတ်ပြဖို့ ခေါ်သွားမယ်လို့ ပြောတာကို။ ငါတို့က ကလေးတွေဖြစ်တာနဲ့ဘဲ အန်တီက လှည့်စားနေတာဘဲ"
မော့လင်က အန်အန်းကို ကြည့်ပြီး စုတ်သတ်လိုက်သည်။
" မင်းက ဉာဏ်ကောင်းတာဘဲ "
အန်အန်းက နှုတ်ခမ်းစူပြီး ချင်ရှီး၏ပေါင်ပေါ်မှာ တက်လိုက်ပြီး ကလေးလေးလို ပြုမူလာသည်။
" မေမေ... သမီးတို့ကို ခေါ်သွားပါ။ မေမေသွားရင် ဖေဖေလည်း အလုပ်များနေတယ်။ အစ်ကိုကလည်း ကျောင်းသွားရမယ်။ သမီးတို့နှစ်ယောက်ဘဲ အိမ်မှာ နေရမှာ ကြောက်တယ်"
ဖျင်ဖျင်ကပါ အထပ်ထပ်အခါခါ ခေါင်းညိတ်ပြသည်။
"ဟုတ်တယ် ဟုတ်တယ်"
ချင်ရှီးက ရယ်ချင်သွားသည်။
"မင်းတို့က ကြောက်တတ်သေးတာလား"
သူတို့တွေက အပြင်ထွက်ပြီး ကောင်းကောင်းဆော့ကစားကြသည်။ ဒါမှမဟုတ် ကောကောရဲ့အိမ်မှာ တစ်ရက်လုံးနေကြပြီး ထမင်းစားချိန်ကလွဲလို့ တခြားအချိန်တွေမှာ သူတို့ကိုမတွေ့ရတော့ပါ။ ဒါက သူတို့ကြောက်တယ်လို့ ဆိုလိုတာလား။ အားလုံးက ဆင်ခြေတွေဖြစ်ပြီး အတူတူသွားချင်နေကြရုံသာဖြစ်သည်။
အန်အန်းက “ဟေး...” ဟုအော်ဟစ်ပြီး ချင်ရှီးရဲ့ပေါင်ပေါ် လှဲချလိုက်သည်။
“အဲ့ဒါက မတူဘူးလေ။ သမီးတို့က ဆော့ဖို့ထွက်သွားပေမဲ့ မေမေက အိမ်မှာ ရှိနေတာကိုသိတယ်”
ဖျင်ဖျင်က ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် ဟုတ်တယ်"
အန်အန်း : "ကျေးဇူးပြုပြီး သမီးတို့ကိုခေါ်သွားပါ"
ဖျင်ဖျင်လည်း အန်အန်းကို အတုယူရန် ချင်ရှီး၏လက်မောင်းကို ကိုင်ကာပြောသည်။
"ကျေးဇူးပြုပြီး.... မေမေ...."
ချင်ရှီးကို နှစ်ယောက်သား တွယ်ကပ်နေကြသည်ကိုကြည့်ပြီး ဘေးမှာရှိနေသည့် မော့လင်က မရယ်နိုင်မငိုနိုင်ဖြစ်ကာ "ကျွတ်...ကျွတ်....ကျွတ်" ဟူ၍ သုံးခေါက်လောက် စုတ်သတ်လိုက်သည်။
"မင်းတို့ အိမ်မှာဘဲ အေးအေးဆေးဆေးနေပါ။ ငါတို့မြို့ကိုသွားတဲ့အခါ ငါတို့မှာ မင်းတို့အတွက် ထိုင်ခုံလက်မှတ်မရှိဘူး"
မော့လင်သည် လက်ထဲက ခွက်ကိုချလိုက်ပြီး အမြွာများကိုကြည့်သည်။
"မင်းတို့ကို ချုပ်ချယ်မဲ့သူ ဘယ်သူမှမရှိဘူး။ နှစ်ရက်လောက် ပျော်ပျော်နေလိုက်။ နောက်နှစ်ဝက်မှာ မင်းတို့ကျောင်းတက်ရတော့မယ်။ နောက်ဆုံး ပျော်ရွှင်စရာအချိန်တွေကို ဘာလို့ မြန်မြန်ဆန်ဆန် မပျော်ရမှာလဲ"
*မာရ်နတ်၏ တီးတိုးစကားသံကြောင့် အမြွာများသည် ချက်ချင်းပင် အေးခဲသွားကြသည်။ အရင်က ကျောင်းတက်ဖို့ စောင့်မျှော်နေတယ်လို့ ပြောကြပေမဲ့ အခုအချိန်မှာတော့ နှလုံးသားထဲမှာ ဆန့်ကျင်နေကြဆဲပါ။
(*မာရ်နတ်၏ တီးတိုးစကားသံ - ကျောင်းတက်ရတော့မယ်ဆိုတဲ့ သတိပေးချက်)
ကုချင်းဟိုင်သည် ကျောင်းတက်ဖို့ နေ့တိုင်း စောစောထရပြီး အိမ်စာတွေ အများကြီးလုပ်ရသည်။ အမြွာနှစ်ယောက်က သူ့ကိုကြည့်ရတာ ပင်ပန်းသလို ခံစားရသည်။
ယခုအခါ မော့လင်က ဤအရာကို အစပြုပြောဆိုလိုက်သောအခါ အမြွာနှစ်ယောက် ပို၍ပင် စိတ်ဓာတ်ကျလာသည်။
"ဟုတ်တယ်။ နောက်နှစ်ဝက်မှာ ကျောင်းတက်ရတော့မယ်။ အခု မင်းတို့ရဲ့ ပျော်ရွှင်စရာအချိန်တွေကို ခံစားလိုက်ပါ"
ချင်ရှီးက အဆုံးသတ်စကားပြောလိုက်ပြီး သူမကို နှောက်ယှက်ခြင်းမှ ရပ်တန့်စေကာ ကစားရန် လွှတ်လိုက်ပြီး မော့လင်ကို ပြန်လွှတ်လိုက်ပြီးနောက် ယူသွားရမည့်အရာများကို စတင်ပြင်ဆင်လိုက်သည်။
လုကျဲ့ထျန်းသည် မွန်းတည့်ချိန်၌ ပြန်ရောက်လာသောအခါ အမြွှာများသည် အပြင်ထွက် မကစားကြဘဲ လက်ထဲတွင် မိန်ချုံကို ပွေ့ဖက်ထားကြလျက် ဆိုဖာပေါ်တွင် လဲလျောင်းနေသည်ကို တွေ့ရတော့ အနည်းငယ် အံ့သြသွားမိသည်။
“ဒီနေ့ ထမင်းစားချိန် မင်းတို့ကိုပြန်လာဖို့ အပြင်ထွက်ပြီး လိုက်ခေါ်စရာမလိုတော့တာ မယုံနိုင်စရာဘဲ”
အမြွာများက "ဖေဖေ" ဟုခေါ်၍ တစ်ချက်လောက် နှုတ်ဆက်ကာ ဆိုဖာပေါ်တွင် မလှုပ်မယှက် ဆက်လက် လှဲလျောင်းနေကြလျက် မိန်ချုံကိုသာ တို့ထိနေကြ၏။
လုကျဲ့ထျန်းသည် မျက်ခုံးပင့်ကာ အင်္ကျီကိုချွတ်လျက် ချိတ်ဆွဲကာ မီးဖိုချောင်သို့ လျှောက်သွားသည်။
"ဒီနေ့ နေ့လည်စာ ဘာစားရမှာလဲ"
ချင်ရှီးက ခေါင်းမမော့ဘဲ မုန့်နှစ်စိမ်းကို ကိုင်ရင်း လက်ချောင်းတွေကို ခပ်သွက်သွက်လှုပ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း လှပစွာတွန့်ခေါက်ထားသော ပေါက်စီပုံသဏ္ဍာန် ပေါ်လာသည်။
"ပေါက်စီရယ်၊ စွပ်ပြုတ်ရယ်"
ချင်ရှီးက ပေါက်စီကို သူမဘေးနားက ဝါးပြားပေါ်တင်လိုက်ပြီး လုကျဲ့ထျန်းကို ကြည့်လိုက်ကာ မီးဖိုနောက်ကို အချက်ပြသည်။
"အိုးထဲမှာ ပူပူနွေးနွေးရနေပြီ ယူလိုက်တော့။ ခဏနေရင် ရှောင်ဟိုင်လည်း ပြန်လာတော့မယ်"
လုကျဲ့ထျန်းက တုံ့ပြန်ပြီး အိုးအဖုံးကိုဖွင့်လိုက်ကာ စားဖို့အတွက် မပြင်ဆင်သေးခင် သူ့ဘေးနားက ဝါးပြားပေါ် ပေါင်းထားတဲ့ ပေါက်စီတွေကို လှမ်းကြည့်သည်။
"မင်း ဘာလို့ ဒီလောက်အများကြီး ပေါင်းနေတာလဲ"
ချင်ရှီးက တစ်နပ်တည်းဘဲ ချက်စားတတ်တဲ့ အလေ့အထရှိသည်။ စားကြွင်းစားကျန်တွေက အရသာရှိပေမဲ့ မလတ်ဆတ်ဘူးလို့ထင်ပြီး အများကြီး မချက်တတ်ပါ။
ပေါက်စီနှင့် ခေါက်ဆွဲတွေအတွက်တောင် နှစ်နပ်စာဘဲ သိပ်ထားတတ်သည်။ အစားအသောက်ကို အကြာကြီးသိမ်းထားပြီး စားတာထက် ဒုက္ခခံပြီးထပ်လုပ်ရတာ ပိုကောင်းပါသည်လို့ ဆိုသည်။
ဒါပေမဲ့ ဒီနေ့ သူမ ဟင်းချက်တာ နည်းနည်းတော့ ထူးဆန်းနေသည်။
ချင်ရှီးက ပြုံးပြီး ရှင်းပြသည်။
"မနက်ဖြန် ငါ မော့လင်နဲ့ မြို့ကို သွားမလို့။ ပြန်မလာခင် နှစ်ရက်သုံးရက်လောက် အချိန်ကြာလိမ့်မယ်။ ကလေးတွေက ဆိုင်ကအစားအသောက်တွေ မကြိုက်ဘူး။ ဒါကြောင့် မုန့်တစ်ချို့ကို ပေါင်းထားပေးပြီး ချန်ထားမလို့။ ပဲငပိနဲ့ အသားတွေလည်း ရှိတယ်။ ဂျုံယာဂု ဒါမှမဟုတ် ခေါက်ဆွဲပူပူနွေးနွေးလေးလုပ်ပြီး ဒီမုန့်တွေနဲ့ တွဲစားလို့ရတယ်"
လုကျဲ့ထျန်းသည် သူ၏ အကြမ်းခံသော သံမဏိလိုလက်ကို အသုံးပြုကာ အပူခံအဝတ်စုတ်မပါဘဲ စွပ်ပြုတ်အိုးကို ယူလိုက်သည်အား ချင်ရှီးက မြင်လိုက်တာနဲ့ မျက်ခုံးပင့်သွားသည်။
"ဒါကအကျင့်တစ်ခုလိုဖြစ်နေလို့ပါ။ ဘာလို့ ဆိုင်မှာ မစားရမှာလဲ။ သူတို့အတွက် မုန့်တွေဝယ်စားလည်း ရပါတယ်"
လုကျဲ့ထျန်းက စွပ်ပြုတ်ကိုခပ်ပြီး မုန့်တွေပြင်ဆင်ရင်း ပြောသည်။
"ဒီလို မလုပ်ပါနဲ့။ အနာဂတ်မှာ သူတို့အတွက် အမြဲတမ်း ချက်ပြုတ်ပေးနေလို့ မရဘူး"
"ငါသိပါတယ်"
ချင်ရှီးက ပြုံးပြီးပြောသည်။
" သူတို့က ငယ်သေးတယ်လို့ ငါအမြဲ ခံစားရတယ်။ ဒါကြောင့် သူတို့ကို အမြဲ နူးညံ့ညင်သာ ဆက်ဆံပေးရမယ်"
အမြွှာလေးတွေက အရမ်းချစ်ဖို့ကောင်းသည်။ ချင်ရှီးက အတူနေတာကြာပြီဆိုတော့ သူတို့အပေါ် ခံစားချက်တွေရှိပါသည်။
လုကျဲ့ထျန်းသည် ချင်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောဘဲ ကလေးတွေကိုခေါ်ဖို့ အခန်းအပြင်ထွက်လာရာ ချင်ရှီးကမြို့ကိုသွားတဲ့အခါ သူတို့ကို အတူခေါ်မသွားဘူးလို့ အမြွာတွေကပြောကြသည်။
"မင်းတို့မေမေ အပြင်သွားတဲ့အခါ မင်းတို့ ကောင်းကောင်းမစားရမှာကို စိုးရိမ်နေတာ။ သူ(မ)က မင်းတို့အတွက် မုန့်လုပ်ထားပေးသေးတယ်။ မင်းတို့က ဒုက္ခပေးချင်နေသေးတာလား"
လုကျဲ့ထျန်း၏ အေးစက်စက်မျက်နှာကို ကြည့်ပြီး နဂါးနှင့်ဖီးနစ်လေးတို့ ပါးစပ်ကိုပိတ်ထားလိုက်ကြပြီး ထပ်ပြောဖို သတ္တိမရှိတော့ပေ။
"မင်းတို့က (အလိုလိုက်ခံရတဲ့) အခြေအနေကို ကျင့်သားရနေကြပြီ"
လုကျဲ့ထျန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ့ခေါင်းကို လှည့်ကာ ချင်ရှီးကို ပြောသည်။
"မုန့်တွေသိမ်းမထားနဲ့တော့။ မင်းသွားပြီးရင် သူတို့ကိုဆိုင်မှာစားခိုင်းလိုက်မယ်"
လုကျဲ့ထျန်းက သူတို့ကို ပညာပေးဖို့ အခွင့်အရေးယူတယ်ဆိုတာကို သိတဲ့အတွက် ချင်ရှီးက အလိုက်သင့် ပြန်ဖြေခဲ့ပေမဲ့ မုန့်လုပ်နေတဲ့ လက်တွေကတော့ မရပ်ဘဲ ကျန်တာကို အဖုံးဖုံးအုပ်၍ သိမ်းထားဆဲပါ။
လုကျဲ့ထျန်း၏ အေးစက်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ဖျင်ဖျင်သည် သူ့ဒေါသကိုမဆွဝံ့ဘဲ သူ့လက်ကို ဆေးရန် အန်အန်းကို နာခံစွာဆွဲခေါ်သွားသည်။ အန်အန်းသည် နှုတ်ခမ်းစူထားဆဲဖြစ်ကာ မပျော်မရွှင်ဘဲ လက်ဆေးပြီးနောက် နေ့လည်စာစားရန်လာသောအခါတွင်လည်း သူမသည် မကျေမနပ်ဖြစ်နေဆဲပင်။
သူမ၏အမူအယာကိုမြင်တော့ လုကျဲ့ထျန်းကပြော၏။
"မင်း ဆိုင်မှာ မစားချင်ရင် ရပါတယ်။ ငါပြန်လာရင် မင်းအတွက် ချက်ပေးမယ်။ မင်းစားချင်သလို စားလို့ရတယ်။ မစားရင် မင်းဗိုက်ဆာလိမ့်မယ်"
အန်အန်းသည် လုကျဲ့ထျန်း အရင်ကလုပ်ပေးဖူးတဲ့ အစားအသောက်အကြောင်း အတွေးတစ်ခုက ချက်ချင်းပေါ်လာပြီး အမြန်ငြင်းလိုက်သည်။
"ဆိုင်ကအစားအစာတွေ အရမ်းကောင်းတယ်။ ဆိုင်မှာဘဲ စားမယ်။ ဖေဖေက အရမ်းအလုပ်များနေတယ်။ မချက်ပြုတ်ပေးပါနဲ့"
ချင်ရှီးသည် အရံဟင်းများနှင့်အတူ ထွက်လာရင်း ခွီးကနဲရယ်မောလိုက်သည်။
ကုချင်းဟိုင်လည်း ပြန်ရောက်လာပြီး ချင်ရှီ ပြုံးနေတာကို မြင်တော့ ဘာဖြစ်တာလဲလို့ မေးသည်။ ချင်ရှီးက ယခုလေးတင် ဖြစ်ပျက်ခဲ့တာကို ပြောပြတော့ သူက အန်အန်းလိုပင် ချက်ချင်း သဘောတူလိုက်သည်။
လုကျဲ့ထျန်းသည် စူးစမ်းလေ့လာမှုနှင့် တပ်ဖွဲ့များကို ဦးဆောင်ရာတွင် ကျွမ်းကျင်သော်လည်း သူ၏ချက်ပြုတ်ပုံမှာမူ ဖော်ပြရန်ပင် ခက်ခဲလှသည်။
ဟင်းချက်တတ်ပေမဲ့ အရသာက လုံးဝကို ကောင်းမွန်မနေပါ။ အရင်က စားဖူးတဲ့ ကလေးသုံးယောက်ကတော့ မမေ့နိုင်စရာဖြစ်ကာ ဒီဘဝမှာ ထပ်မစားချင်တော့ပါဘူး။
လုကျဲ့ထျန်း ချက်ပြုတ်ထားသော အစားအစာများနှင့် နှိုင်းယှဉ်ပါက ဆိုင်ကအစားအစာများက ရိုးရိုးရှင်းရှင်း အရသာရှိပြီး အနည်းဆုံးတော့ အစားအစာများသည် ပုံမှန်အဆင့်ဖြစ်ပြီး အမှိုက်သရိုက်အဖြစ်သို့ ပြောင်းလဲသွားမည်မဟုတ်ပေ။
ညနေပိုင်းတွင် ကလေးများအားလုံး ကိုယ်စီအခန်းသို့ပြန်သွားကြသည်။ လုကျဲ့ထျန်းက ချင်ရှီးကို ယွမ်တစ်ရာပေးပြီး မြို့ထဲမှာ နှစ်ရက်ပျော်ခဲ့ဖို့ ပြောသည်။
ချင်ရှီးသည် ပိုက်ဆံကိုယူကာ တောက်ပသောမျက်လုံးများဖြင့် ကြည့်သည်။
"ဒါက ဘာအတွက်ပိုက်ဆံလဲ။ လစာကြိုပေးတာလား။ ဒါမှမဟုတ် ဘောနပ်စ်လား"
လုကျဲ့ထျန်းသည် သူမ၏ လစာပိုက်ဆံကို အစွဲအလမ်းကြီးတဲ့ အသွင်အပြင်ကို မြင်လိုက်တာနဲ့ ခဏလောက် နှုတ်ဆိတ်သွားသည်။ ချင်ရှီးက ဘာလို့ ဒီလောက်တောင် ဂရုစိုက်မှန်း သူမသိပါဘူး။
ထို့အပြင် သူမသည် နေထိုင်စရိတ်နှင့် သူမ၏ကိုယ်ပိုင်လစာကို ပြတ်ပြတ်သားသား ပိုင်းခြားထားတတ်သောကြောင့် လုကျဲ့ထျန်းကို အနည်းငယ် စိတ်မသက်မသာဖြစ်စေခဲ့သည်။
ဤအရာများမှပင် လုကျဲ့ထျန်းသည် ချင်ရှီး၏ သူ့မိသားစုနှင့် သူ့အပေါ်ကို လုံးဝရှင်းလင်းစွာပိုင်းခြားထားကြောင်း ပြောပြနိုင်သည်။
ချင်ရှီးက ကလေးတွေကို တကယ်ချစ်တာ သိသာပေမဲ့ သူမက သူ့ကိုတော့ ဒီလို ဆက်ဆံနေတုန်းပင်။ တကယ်ကို သူ့အတွက် ဘာခံစားချက်မှ မရှိဘူး။
ချင်ရှီးသည် လုကျဲ့ထျန်အား သူ့ကိုယ်သူ ကောင်းမွန်စွာနေထိုင်နေရကြောင်း အမြဲလိုလို ထင်ယောင်ထင်မှားခံစားရစေပြီး သူတို့၏မိသားစုသည် အမှန်တကယ် "မိသားစု" ဖြစ်သည်ဟုတွေးထင်မိလာသောအခါတွင် အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်စေရန် တစ်စုံတစ်ခုဖြစ်လာမည်ဖြစ်သည်။
လုကျဲ့ထျန်းသည် သူ့စိတ်ထဲတွင် သက်ပြင်းချကာ ချင်ရှီးကို ကူကယ်ရာမဲ့ အရိပ်အယောင်ဖြင့် ကြည့်နေသည်။
"ဟမ်...ဒါဘာလဲ"
ချင်ရှီးက လုကျဲ့ထျန်းကို ဆက်လက်မေးနေသည်။
"ဒါက ဘောနပ်စ်ပါ။ စိတ်အေးအေးထားလိုက်"
လုကျဲ့ထျန်းက ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
"ဒီလောက် ဘောနပ်စ်အများကြီးဘဲ ကျွတ်...ကျွတ်...ကျွတ်"
ချင်ရှီးက ပိုက်ဆံကို သိမ်းခါနီးမှာ မကြာသေးခင်ကမှ အိမ်ဆောက်ဖို့ ပိုက်ဆံအများကြီးကုန်သွားတာကို သတိရမိသည်။
"မိသားစုမှာ ပိုက်ဆံအများကြီးရှိဦးမယ်လို့မထင်မိဘူး။ ဟုတ်သား... ဒီဘောနပ်စ်က အရမ်းများနေတယ်။ ငါ့လစာကော ဘယ်လိုလဲ"
လုကျဲ့ထျန်းက နည်းနည်းတော့ အံသြသွားသည်။ ချင်ရှီးက သူ့ကို ဂရုစိုက်သည်ဟုတွေးသင့်သလား ဝမ်းနည်းသင့်သည်လားပင် မသိတော့။ သူမက ဒါကို ရှင်းရှင်းလင်းလင်း တွက်ချက်နေတုန်းပင်။
"ပိုက်ဆံသိပ်မကျန်တော့ဘူးဆိုပေမဲ့ နည်းနည်းတော့ကျန်ပါသေးတယ်"
လုကျဲ့ထျန်းက သူမကိုကြည့်ရင်း ပြောသည်။
"ငါ မင်းကို ငွေစာအုပ်ပေးမယ်လေ။ ခုနစ်ရာကျော်ရှိတယ်။ မင်းလိုချင်ရင် ယူသွားလို့ရတယ်"
ချင်ရှီးက ပြတ်ပြတ်သားသား ငြင်းဆိုသည်။
" ငါက ဘာလို့ ဒီအရာကို လိုချင်ရမှာလဲ။ နင့်ဆီမှာ ပိုက်ဆံရှိတာသိသရွေ့ ငါ့မှာ ပိုက်ဆံမရှိရင်တောင်းလိုက်မယ်"
လုကျဲ့ထျန်းက ခေါင်းငုံ့ပြီး သေချာစဉ်းစားကြည့်သည်။
ချင်ရှီး : "ဒါ့အပြင် နင့်ရဲ့ ပိုက်ဆံနည်းနည်းလေးတွေက ငါ့ရဲ့ကိုယ်ပိုင်စုငွေလောက်တောင်မရှိတာ။ ငါက ဘာလုပ်ချင်ရမှာလဲ"
လုကျဲ့ထျန်း : "..."
အသည်းကွဲလေပြီ.......။
လုကျဲ့ထျန်း : "အနာဂတ်မှာ ငါ ပိုက်ဆံပိုရလိမ့်မယ်ထင်ပါတယ်"
ချင်ရှီး : "ဘာလို့လဲ။ ရပိုင်ခွင့်တွေမကုန်သေးလို့လား...နင်ရာထူးတိုးတော့မှာလား"
လုကျဲ့ထျန်းသည် သူ့လက်ကို မြှောက်လိုက်ပြီး နဖူးကို ပွတ်သပ်လိုက်သည်။
"ရပိုင်ခွင့်တွေက ပြည့်ပါတယ်။ တစ်ချို့အလုပ်တွေက ဘောနပ်စ်နဲ့ ထောက်ပံ့ကြေးတွေလည်း ရှိတယ် ”
ချင်ရှီးက အိမ်မှာရှိနေမှသာလျှင် သူက အေးအေးဆေးဆေး အလုပ်လုပ်လို့ရမည်။ သူ့လစာက မလောက်ငှတာကြောင့် သူမက အပြင်ထွက်ပြီး ပိုက်ဆံရှာနေတာမျိုး မဖြစ်စေချင်ပါ။
'သူက ဒီလိုအဖြစ်ခံမဲ့သူတဲ့လား'
လုကျဲ့ထျန်းသည် သူကဒီလောက်ဆိုးတဲ့သူမဟုတ်ဘူးလို့ ခံစားရသည်။
ဒါပေမဲ့ သူမကိုယ်တိုင် ငွေရှာတာက သူ့ထက် ပိုမြန်နေသည်။ သူမက ဒီတစ်ခေါက် မြို့ကိုသွားမယ်ဆိုရင် စုန့်စစ်းနော့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ သူမဟာ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုအတွက် စတင်တော့မှာဖြစ်တဲ့အတွက် ငွေရှာတဲ့နှုန်းက ပိုမြန်လာပါလိမ့်မည်။
လုကျဲ့ထျန်းသည် သူ့စိတ်ထဲတွင် နိုးကြားလာခဲ့သည်။
'သူမသည် ငွေကို အလွန်နှစ်သက်သည်။ သူမက သူ့လောက်ဝင်ငွေမရဟုများ ထင်နေလေသလား'
သူ့ထက်ပိုပြီး ဝင်ငွေရအောင်ရှာခြင်း၊ ကလေးထိန်းခြင်း၊ အလုပ်သွားခြင်း၊ သူ့ရဲ့ဘဝကို (ကူညီ)စောင့်ရှောက်ပေးခြင်း...
လုကျဲ့ထျန်း၏ အမူအရာက တဖြည်းဖြည်း လေးနက်လာပြီး ချင်ရှီးအနေဖြင့် အနာဂတ်မှာ အလုပ်တွေ ပိုလုပ်နိုင်ဖို့ ကူညီပေးရန် သူ့စိတ်ထဲ အတွေးပေါ်လာခဲ့သည်။ သူမကို စိတ်မချမ်းမသာဖြစ်အောင် သူ မလုပ်လိုပါ။
_***_