အပိုင်း (၃၉)
"ဘာလို့ သေရတာလဲ…ဝူး…ဝူး…ဝူး…"
ပတ်ဝန်းကျင်ကလူတွေက ငိုနေတဲ့နဂါးနှင့်ဖီးနစ်လေးတို့ကိုကြည့်နေကြရာ ချင်ရှီးက သူတို့ကိုအမြန်ချော့ရသည်။
"မငိုနဲ့တော့။ ငိုပြီးရင် လည်ချောင်းနာလိမ့်မယ်"
နဂါးနှင့်ဖီးနစ်လေးတို့က နားမထောင်နိုင်ကြပါဘူး။ အရင်က သူတို့အစာကျွေးခဲ့တဲ့ အနက်ရောင်ကြောင်က သူတို့မျက်စိရှေ့မှာ ရုတ်တရက် သေဆုံးသွားတာကို မြင်ရတာက သူတို့ကို အရမ်းတုန်လှုပ်စေသည်။
ချင်ရှီးသည် သူတို့၏ ငိုကြွေးမှုကြောင့် စိတ်ထိခိုက်ရပြီး သူမစကားကို နားမထောင်သောကြောင့် ချင်ရှီးက သူတို့ကို ပြန်ဆွဲထုတ်ခဲ့သော်လည်း သူတို့က "မွှေးထူ"ကိုကြည့်ရန် ရုန်းကန်နေကြကာ ထွက်သွားရန် ငြင်းဆန်ကြသည်။
ကြောင်က တကယ်သေသွားပြီဖြစ်သည်။ ခန္ဓာကိုယ်က မာကျောပြီး ဗိုက်ထဲက ကလေးကလည်း အသက်မရှူတာ ကြာပြီဖြစ်သည်။
လူကြီးများသည် အမြွှာကလေးများ၏ ငိုနေကြသည်ကိုမြင်သောအခါ သည်းမခံနိုင်တော့ပေ။
"ဒီကြောင်ကို မြန်မြန်ယူပြီး တောင်ကုန်းမှာ သင်္ဂြိုဟ်လိုက်ကြရအောင်"
အမြွာများသည် ငိုယိုကာ စကားတစ်ခွန်းမှ မပြောနိုင်ကြပေ။ ချင်ရှီး၏လက်ကို ဆွဲထုတ်လိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် လှမ်းကိုင်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
လုကျဲ့ထျန်းသည် ဤနေရာတွင် စုရုံးနေသော လူတစ်စုကို အိမ်ပြန်လာစဉ် မြင်လိုက်ရပြီး အမြွှာနှစ်ယောက်သည် လေးနက်သောအမူအရာဖြင့် ငိုယိုကာ အမြန်ပြေးသွားကြသည်။
ချင်ရှီးသည် သူ့ကိုမြင်သောအခါ သက်ပြင်းတစ်ချက်ချကာ သစ်ပင်အောက်ရှိ ကြောင်ကို ကြည့်ရန် သူ့မျက်လုံးများဖြင့် အချက်ပြလိုက်ရာ လုကျဲ့ထျန်းက ချက်ချင်းနားလည်လိုက်သည်။
"အိမ်အရင်ပြန်ကြရအောင်"
လုကျဲ့ထျန်းသည် ဖျင်ဖျင်နှင့် အန်အန်းကို ပွေ့ချီကာ ဤနေရာတွင် ဆက်၍မငိုကြရန် ခေါ်လိုက်သည်။
အမြွာများသည် အောက်သို့ဆင်းရန် ခန္ဓာကိုယ်ကို လှည့်ကာ ရုန်းကန်ကြသော်လည်း မရနိုင်ရာ လုကျဲ့ထျန်း၏ ပခုံးပေါ်တွင် လှဲလျောင်းကာ လက်များကို ကြောင်နက်ဆီသို့ ဆန့်တန်းလျက် ငိုကြပြန်၏။
လုကျဲ့ထျန်း၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ရုန်းကန်လှုပ်ရှားနေသည့် သူတို့နှစ်ယောက်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ အိမ်ပြန်သွားသည်။
ချင်ရှီးသည် အခြေအနေကိုမြင်သောအခါ ချက်ခြင်းသက်ပြင်းချလိုက်ပြီး လူအုပ်ကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။
"ကလေးတွေ ငိုနေတာကိုလည်း မြင်ကြမှာပါ။ ဒီကြောင်ကို ကလေးတွေနဲ့အတူ ငါတို့ဘဲ မြှုပ်ပေးလိုက်ပါ့မယ်။ မဟုတ်ရင် သူတို့နှလုံးသားထဲမှာ စိတ်ဒဏ်ရာကျန်ခဲ့မှာ စိုးရိမ်မိတယ်"
လူတိုင်းက ဒီစကားကိုကြားသည်နက် ခေါင်းညိတ်ပြပြီး ချင်ရှီးကို ကလေးတွေကိုချော့ဖို့ အိမ်ပြန်ခိုင်းပြီး ကြောင်ကိုထုပ်ပိုးဖို့ တစ်ခုခုရှာရန် လွှတ်လိုက်ကြသည်။
ချင်ရှီးသည် သူတို့ကို ကျေးဇူးတင်စကား ပြောရာ လူတိုင်းက လက်ကိုအထပ်ထပ်အခါခါ ဝှေ့ယမ်းကြသည်။
"ဒါက ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး"
"ဒါက ကိစ္စသေးသေးလေးပါ။ မြှုပ်နှံရတာ အဆင်ပြေပါတယ်"
"ပြန်သွားပြီး ကလေးတွေကို စောင့်ရှောက်လိုက်ဦး"
"ရှောင်ချင် ညဘက်မှာ သူတို့ကို ပိုဂရုစိုက်။ မလန့်စေမိအောင် သတိထား"
ချင်ရှီက တစ်ယောက်ပြီးတစ်ယောက်ကို ကျေးဇူးတင်စကား ပြန်ပြောကာ ကုချင်းဟိုင်နှင့်အတူ အိမ်သို့ပြန်သွားသည်။
ကုချင်းဟိုင်သည် အမြွှာများနှင့် ကွဲပြားသည်။ သူသည် သေခြင်းတရားကို သိရှိခဲ့ရဖူးပြီး အဓိပ္ပာယ်ကို နားလည်သောကြောင့် သူ၏ စိတ်ခံစားချက်သည် ပို၍ပင် စိတ်ဓာတ်ကျကာ ရှုပ်ထွေးလာသည်။
ချင်ရှီးကလည်း ဒါကိုသိတဲ့အတွက် ကုချင်းဟိုင်ကို ဆွဲခေါ်ပြီးပြောသည်။
"လူတွေမှာ သေခြင်းတရားဆိုတာ အမြဲရှိကြတယ်။ ငါတို့တစ်ယောက်စီတိုင်းဟာ သေရမှာဆိုပေမဲ့ အချိန်ကတော့ မတူပါဘူး။ စိတ်မကောင်းမဖြစ်ပါနဲ့။ သူတို့က ဒီထက်သာလွန်တဲ့သူတစ်ယောက်အဖြစ် ဝင်စားသွားတာ ဖြစ်နိုင်တယ်။ ဒီကမ္ဘာ ဒါမှမဟုတ် တခြားကမ္ဘာမှာ ကောင်းကောင်းနေထိုင်ရမှာပါ"
အရင်က လုကျဲ့ထျန်း ဖတ်ပြဖူးသော အနောက်ဘက်သို့ ခရီးထွက်ခြင်း ဇာတ်လမ်းကို ကုချင်းဟိုင် ကြားဖူးပါသည်။ ငရဲနှင့် လူဝင်စားခြင်းဟူသည် ဘာကိုဆိုလိုသည်ကို သူသိသည်။ ယခု ချင်ရှီးပြောသံကြားတော့ သူမကို မော့ကြည့်လိုက်သည်။
"တကယ်လား"
"ဟုတ်တယ်"
ချင်ရှီးက မျက်နှာမပျက်ဘဲ ခေါင်းညိတ်ပြသည်။
'ဘာဘဲဖြစ်ဖြစ် ဒီကမ္ဘာက တခြားကမ္ဘာနဲ့ မတူဘူးဆိုတော့ ဖြစ်နိုင်ပါတယ်'
'မေ့လိုက်တော့ ကလေးကို အရင်ချော့ရမယ်။ သူကြီးလာရင် အလိုလို နားလည်လာလိမ့်မယ်'
ချင်ရှီးသည် တကယ့်ဆရာလည်း မဟုတ်သလို မိဘအုပ်ထိန်းသူအစစ်အမှန်လည်းမဟုတ်ပါ။ ကလေးများကို ပညာပေးခြင်းသည် ယခင်ဘဝအတွေ့အကြုံပေါ်တွင် လုံးဝမူတည်ပြီး ကဏ္ဍပေါင်းစုံကို ဂရုစိုက်ရန် မဖြစ်နိုင်ပါ။
ဘာဘဲဖြစ်ဖြစ် အရွယ်ရောက်ပြီးသူတိုင်းက ကလေးတွေကို လှည့်စားတတ်တာမို့ ချင်ရှီးလည်း ခေတ်ရေစီးကြောင်းအတိုင်းလိုက်ယုံပါဘဲ။
သေဆုံးပြီးနောက် ပြန်လည်ဝင်စားခြင်းဆိုသည်က ကောင်းကင်မှာ ကြယ်တစ်ပွင့်ဖြစ်လာခြင်းထက် အခွင့်အရေးနည်းပါးပါသည်။ အမှန်မှာ ထိုကဲ့သို့သောဒဏ္ဍာရီများသည် ရှေးခေတ်ကတည်းကရှိခဲ့သည်။ ချင်ရှီးသည် သူတို့ကို မည်သို့နှစ်သိမ့်ရမည်ကို အမှန်တကယ်မသိသောကြောင့် ထိုသို့သာပြောနိုင်သည်။
"ဒါဆို ကျွန်တော့်အဖေလည်း တခြားကမ္ဘာမှာ ရှိသေးလား"
ကုချင်းဟိုင်သည် သူ့မျက်လုံးတွေကို ပြူးကျယ်စွာဖွင့်လိုက်သည်။
ချင်ရှီးက ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ဟုတ်တာပေါ့။ မင်းအဖေက တိုင်းပြည်အတွက် အသေခံပြီး မိသားစုကောင်းတစ်ခုအဖြစ် သေချာပေါက် ပြန်ဝင်စားတော့မှာ"
ဤကမ္ဘာသည် ဝတ္ထုကမ္ဘာဖြစ်သည်။ ဝတ္ထုများတွင် ကုသိုလ်ကောင်းမှုပြုသူများသည် အများအားဖြင့် ကံကောင်းကြပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြသည်။
"အင်း…"
ကုချင်းဟိုင်သည် အားတက်သရော ခေါင်းညိတ်လိုက်ပြီး သူ့ပါးစပ်ထောင့်ကိုကော့၍ ပြုံးလိုက်သည်။
"ဒါဆို 'မွှေးထူ'ကလည်း မိသားစုကောင်းမှာ ပြန်လည်ဝင်စားနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ချင်ရှီးက ပြုံးသည်။
"ငါလည်း မျှော်လင့်ပါတယ်။ နောင်ဘဝမှာ ချမ်းသာတဲ့ မိသားစုက ကြောင်တစ်ကောင်ဖြစ်လာပြီး လူကြိုက်များပြီး လှပတဲ့ ကြောင်တစ်ကောင် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဒါဆို ငါဖျင်ဖျင်နဲ့ အန်အန်းကို စိတ်မကောင်းမဖြစ်ကြဖို့ ပြောပြလိုက်မယ်"
ကုချင်းဟိုင်သည် ချင်ရှီးရဲ့လက်ကို လွှတ်လိုက်ပြီး အိမ်ဘက်ကို အမြန်ပြေးသွားသည်။
ချင်ရှီးသည် သက်ပြင်းတိုတိုချကာ ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရန် ခက်ခဲကြောင်း ၁၅၆ ကြိမ်မြောက် ငြီးတွားလိုက်သည်။
သူမအိမ်ပြန်ရောက်သောအခါ လုကျဲ့ထျန်းက အမြွာနှစ်ယောက်၏မျက်နှာကို မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးနေသည်ကိုတွေ့လိုက်ရပြီး အမူအရာမှာ အလွန်ကြမ်းတမ်းကာ ခေါင်းများပင် နောက်လန်ကုန်သည်။
ချင်ရှီးသည် သဘောကျစွာဖြင့် ရယ်မောလိုက်မိသည်။
"ညင်ညင်သာသာလေးလုပ်လေ။ ကလေးရဲ့မျက်နှာက နူးညံ့တယ်"
"ပြုစုရတာ တကယ်ခက်တာဘဲ"
လုကျဲ့ထျန်းက ဒီလိုပြောပေမဲ့ သူ့လှုပ်ရှားမှုတွေကတော့ အနည်းငယ် နူးညံ့ပေါ့ပါးသွားသည်။
အန်အန်းသည် သူမ၏ ခွန်အားကို ပြန်လည်ရရှိကာ သူမ၏မျက်နှာကို သုတ်လိုက်ပြီးနောက် မျက်ရည်ကျခြင်း မရှိတော့သော်လည်း အမူအရာမှာ အနည်းငယ် ဝမ်းနည်းနေသေးသည်။
ဖျင်ဖျင်ကတော့ တိတ်တဆိတ် မျက်ရည်ကျနေသေးသည်။ သို့သော် သူသည် ကျယ်လောင်စွာမအော်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ငိုနေရာ လုကျဲ့ထျန်းသည် မျက်မှောင်ကြုတ်ကာ ဘာမှမလုပ်နိုင်တော့ဘဲ သူ့ကိုသာ ပွတ်သပ်နှစ်သိပ်နေလိုက်သည်။
"ဖျင်ဖျင် မငိုနဲ့တော့"
ကုချင်းဟိုင်က သူ့ကို ပေါ့ပေါ့ပါးပါးပြောပြီး ပုတ်လိုက်သည်။
" အဖေပြောခဲ့တဲ့ 'အနောက်ဘက်သို့ခရီးသွားခြင်း' ဇာတ်လမ်းကို မှတ်မိသေးလား။ အရမ်းသနားစရာကောင်းပြီး ငိုခဲ့ရသေးတယ်လေ"
ကုချင်းဟိုင်သည် လုကျဲ့ထျန်းနှင့် ချင်ရှီးတို့ပြောပြထားသည်များအား ပေါင်းစပ်ကာ မရဏကမ္ဘာအပိုင်းတွဲမှ မျောက်ဘုရင်၏ဇာတ်လမ်းကို ကျယ်ကျယ်လောင်လောင်ပြောပြသည်။
"အခုသူက သက်တမ်းကုန်ဆုံးပြီး ဝင်စားဖို့ မရဏကမ္ဘာကို သွားရမဲ့အချိန်ရောက်ပြီ"
ကုချင်းဟိုင်သည် ဖျင်ဖျင်ကို ပုတ်လိုက်သည်။
"အခု ထမင်းစားကြရအောင်၊ စားပြီးရင် 'မွှေးထူ'ကို မြှုပ်လိုက်ကြမယ်။ ဒါမှ သူကထပ်ပြီးဝင်စားလို့ရနိုင်မှာ"
ဖျင်ဖျင်သည် ယုန်လို နီရဲသောမျက်လုံးများဖြင့် ဆို့ဆို့နင့်နင့်ပြောသည်။
"တကယ်လား"
ကုချင်းဟိုင်သည် အားတက်သရော ခေါင်းညိတ်ပြသည်။
"တကယ်"
ဖျင်ဖျင်က ချင်ရှီးကို ကြည့်ကာမေးသည်။
"မေမေ ဟုတ်လား"
ချင်ရှီးက ကလေးမငိုသရွေ့ ခေါင်းညိတ်ပြမည်ပင်။
"အားလုံးက အမှန်ပဲ"
"ဖေဖေ…"
ဖျင်ဖျင်က လုကျဲ့ထျန်းကို လှည့်ကြည့်လိုက်သည်။ လုကျဲ့ထျန်းသည် သူ့ပါးစပ်ကိုဖွင့်ပြီး ပြန်ပိတ်လိုက်သည်။
'စာပေကြီးလေးရပ်က ကျော်ကြားနေရင်တောင် ပဒေသရာဇ်ခေတ်ကအယူသီးမှုတွေကိုတော့ ဆွဲယူထားလို့မဖြစ်ဘူးလေ။ ကလေးကို ဒီလိုပြောဖို့ဖြစ်ပါ့မလား...တကယ်အလေးအနက်ထားနေရင် ဘယ်လိုလုပ်ကြမလဲ'
လုကျဲ့ထျန်းသည် ချင်ရှီးကိုကြည့်ပြီး ချင်ရှီးကလည်း သူ့ကို အနည်းငယ် စိုက်ကြည့်ပြီး ဖျင်ဖျင်ကိုကြည့်ဖို့ အရိပ်အခြည်ပြသည်။ ဖျင်ဖျင်က တစ်ချိန်လုံးငိုနေပြီး သူ့လည်ချောင်းနှင့် မျက်လုံးတွေ နာလာလိမ့်မည်။
လုကျဲ့ထျန်းသည်လည်း နားလည်သည်မို့ စိတ်ထဲမှ သက်ပြင်းချကာ ခေါင်းသာညိတ်ပြလိုက်သည်။
ဖျင်ဖျင်က ဒါကို ယုံကြည်သွားသည့်အတွက် ငိုတာကို ရပ်လိုက်ပြီး ထမင်းစားဖို့ လက်ဆေးရန်ပြင်လိုက်သည်။
ချင်ရှီးသည် သက်ပြင်းတစ်ချက်ချကာ လုကျဲ့ထျန်းအား ကလေးတွေကို လက်ရေဆေးခိုင်းပြီး အစားအသောက်တွေအေးပြီလားဆိုတာကို သွားကြည့်လိုက်သည်။
ညစာစားပွဲတွင် အန်အန်းသည် ခါတိုင်းထက် တစ်ဝက်လျှော့စားပြီး ဖျင်ဖျင်သည် လုံးဝမစားချင်သောကြောင့် လုပ်ရမည့်အလုပ်တစ်ခု ပြီးမြောက်သွားအောင်သာ အရသာခံမနေတော့ဘဲ ပါးစပ်ထဲကို အတင်းထည့်လိုက်သည်။
နှေးကွေးစွာစားသောက်ပြီးအဆုံးတွင် သူသည် မအီမသာဖြစ်လာပြီး အစားအစာများကို ပါးစပ်ထဲမှ အန်ထုတ်လိုက်မိသည်။
စားပွဲပေါ်သို့ ထမင်းကို ထွေးထုတ်လိုက်ရာ အန်အန်းသည် ဖျော့တော့သွားကာ ငိုသံများ ထပ်မံထွက်ပေါ်လာသည်။
"တောင်းပန်ပါတယ်..."
လုကျဲ့ထျန်းသည် တစ်ခုခု ပြောချင်ပေမယ့် ဘာပြောရမှန်းမသိ ဖြစ်နေသည်။
ချင်ရှီးက လက်သုတ်ပုဝါစဖြင့် ပါးစပ်ကို သုတ်ပေးလိုက်ရာ သူ၏ မျက်လုံးများသည် ပူပင်သောကပြည့်နေ၏။
"ကောင်းပြီ။ မင်းမစားနိုင်ရင် မစားနဲ့တော့။ ညဘက် ဗိုက်ဆာတဲ့အခါမှ တစ်ခုခုလုပ်စားကြမယ်"
မမျှော်လင့်စွာဘဲ ဖျင်ဖျင်သည် သူထွေးထားသော ထမင်းကို လက်ညှိုးထိုးပြပြီး မျက်ရည်စက်လက်ဖြင့်ပြောသည်။
"သား အစားအစာကို ဖြုန်းတီးလိုက်မိပြီ။ တကယ်မစားနိုင်တာကြောင့်ဖြစ်သွားတာပါ။ ရည်ရွယ်ချက်ရှိရှိ တမင်လုပ်တာမဟုတ်ပါဘူး"
ဖျင်ဖျင်၏ စကားကိုကြားတော့ ချင်ရှီးနှင့် လုကျဲ့ထျန်းတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီး ထိုအရာအတွက် တောင်းပန်စကားဆိုလိမ့်မည်ဟု မတွေးမိကြပေ။
အစားအစာကို မဖြုန်းတီးဖို့ဆုံးမထားသည်ကို ဖျင်ဖျင်က တကယ်ကို စွဲလန်းသွားပုံပင်။ သူအရမ်းဝမ်းနည်းနေပေမဲ့ အစားအစာတွေကို ဖြုန်းတီးတာ မကောင်းဘူးလို့ သူမှတ်မိနေသေးတာကြောင့် ချင်ရှီးနှင့် လုကျဲ့ထျန်းတို့၏ စိတ်နှလုံးကို အမှန်တကယ် နူးညံ့ပျော့ပျောင်းသွားစေ၏။ ဖျင်ဖျင်၏ စကားကြောင့် သူတို့၏ နှလုံးသားထဲတွင် ကူကယ်ရာမဲ့စွာခံစားလိုက်ရပြီး စိတ်အနှောက်အယှက်ဖြစ်စရာတို့က ချက်ချင်း ငြိမ်းသွားခဲ့သည်။
"ရပါတယ်။ ဒါက ခြွင်းချက်ပေါ့။ အနာဂတ်မှာ အစာကို မဖြုန်းတီးတာက ကောင်းပါတယ်"
ချင်ရှီးသည် ဖျင်ဖျင်၏ ခေါင်းကိုကိုင်လိုက်ပြီး သူ့နောက်ကျောကို လက်နှင့် ပွတ်သပ်ရင်း နှစ်သိမ့်မှုပေးလိုက်သည်။
"မင်းမစားနိုင်ရင် ရေနည်းနည်းသောက်လိုက်"
လုကျဲ့ထျန်းသည် ဖျင်ဖျင်အတွက် ခွက်ထဲကို ရေနွေးနည်းနည်းထည့်ပေးသည်။ "အားလုံးစားပြီးရင် တောင်ပေါ်ကို အတူတူသွားကြရအောင်"
ဖျင်ဖျင်သည် ခေါင်းညိတ်ကာ နာခံစွာခွက်ထဲမှ ရေအနည်းငယ်ကိုသောက်လိုက်သည်။
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်စလုံး တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
စားသောက်ပြီးနောက် ပန်းကန်များကို သိမ်းလိုက်ပြီး လုကျဲ့ထျန်းက ကိရိယာများအချို့ကိုရှာ၍ သူ့မိသားစုကို အနောက်တောင်ပေါ်သို့ ခေါ်သွားသည်။
ဝေးလံခေါင်သီတဲ့အရပ်မှာ သင့်တော်တဲ့ နေရာကို ရှာတွေ့တော့ လုကျဲ့ထျန်းဟာ တွင်းကို စတင် တူးသည်။ ခပ်နက်နက်တွင်းကို တူးပြီးတဲ့နောက်မှာတော့ သတင်းစာနှင့်ထုပ်ထားတဲ့ ကြောင်နက်ကို တွင်းထဲသို့ ဖြည်းညှင်းစွာ ထည့်ပြီး ကလေးတွေကို မြေမှုန်များ ဖြည့်ခိုင်းလိုက်သည်။
ဖျင်ဖျင်သည် မြေမှုန့်များဖြည့်ပြီးနောက် ချင်ရှီးယူဆောင်လာသည့် တောပန်းပင်များကိုချကာ မြေပုံကို သေသေသပ်သပ် ဂရုတစိုက် ပြုလုပ်သည်။
"မွှေးထူ မြန်မြန်သွားပြီး လူဝင်စားတော့နော်။ မိသားစုကောင်းကိုလည်း ရှာရမယ်"
ဖျင်ဖျင်က ပြောပြီးနောက် ထပ်မငိုတော့ပေ။
ချင်ရှီးက သူ့ကို ကောက်ချီလိုက်ရာ ဖျင်ဖျင်က ပြုံး၍ပြောသည်။
"မေမေ မွှေးထူက လူဝင်စားမှာလား"
ချင်ရှီးက သူပြန်ကောင်းလာတာကို မြင်လိုက်ရပြီး သူ့အမူအရာက သိပ်ပြီး စိတ်ဓာတ်မကျတော့ဘူးဆိုတာ သိသာတဲ့အတွက် သူမလည်း ပြုံးပြလိုက်သည်။
"ဟုတ်တယ်။ သူ့ကို ကူညီပေးလို့တောင် မင်းတို့ကို ကျေးဇူးတင်နေမှာ"
"ဖျင်ဖျင် စိတ်မကောင်းမဖြစ်နဲ့တော့"
အန်အန်းသည် ဖျင်ဖျင်၏လက်ကို ကိုင်ထားရင်း လက်ကို မြှောက်လိုက်သည်။
"မင်း ငိုရင် ငါ စိတ်မကောင်းဘူး"
ကြောင်နက်ရဲ့သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးမှုကြောင့် အမြွာနှစ်ယောက်ဟာ ဆက်စပ်နေသည့်နှလုံးသားတစ်စုံဖြစ်ပေါ်လာဟန်တူသည်။ ဖျင်ဖျင်သည် အလွန်အမင်းဝမ်းနည်းနေပြီး အန်အန်းကလည်း ဖျင်ဖျင်နည်းတူ ဝမ်းနည်းလာသည်။
အန်အန်းသည် အစပိုင်းတွင် မငိုချင်တော့ဘဲ သူမ၏ စိတ်များ သက်သာလာသော်လည်း ဖျင်ဖျင်ငိုသောအခါတွင် သူမသည် ရင်ဘတ်ကို လက်နှင့်ဖုံးကာ ပါးစပ်ကိုဖွင့်၍ ငိုတော့သည်။
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် ထိုအကြောင်းကို မသိကြသေးဘဲ သူမက ဖျင်ဖျင်ငိုနေတာကို မြင်ရ၍ သူမ၏ စိတ်ခံစားမှုများ နိုးကြားလာသောကြောင့်ဟုသာ ထင်ကြသည်။ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကာ ကုချင်းဟိုင်ကိုဆွဲလျက် ကိရိယာများ၊ဓာတ်မီးများနှင့်အတူ အိမ်ပြန်သွားကြသည်။
အိမ်ပြန်ရောက်ပြီးနောက် ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် ကလေးသုံးယောက်နှင့်အတူ ရှိနေပေးပြီး ကုချင်းဟိုင်သည် ပေါ့ပေါ့ပါးပါးပုံပြင်များပြောပြကာ ဟာသများစွာပြော၍ အမြွာများကို ရယ်စရာမျက်နှာပေးများဖြင့် တမင်တကာ ရယ်မောစေသည်။
ဖျင်ဖျင်သည် သူ၏ယခင်အသွင်အပြင်သို့ ဖြည်းညှင်းစွာပြန်ရောက်သည်ကိုတွေ့တော့ ချင်ရှီး စိတ်အေးလက်အေးဖြစ်သွားရသည်။ သို့သော် ချင်ရှီးမှာ အနည်းငယ်စိုးရိမ်နေသေးပြီး လုကျဲ့ထျန်းကို သူတို့နှင့်အတူ အိပ်ခွင့်ပေးရန် စီစဉ်သည်။
လုကျဲ့ထျန်းသည် သူမအကြံကိုကြားသည်နှင့်တပြိုင်နက် ခေါင်းညိတ်လိုက်ပြီး စောင်ကိုယူရန် အခန်းထဲသို့သွားလေသည်။
အမြွာနှစ်ယောက်က တောင်းဆိုလိုက်သည်။
"မေမေနဲ့ ဖေဖေနဲ့အတူတူအိပ်ချင်တယ်"
လုကျဲ့ထျန်းနှင့် ချင်ရှီးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသော်လည်း အနည်းငယ်ရှက်စရာကောင်းလှသည်။ လုကျဲ့ထျန်းက ချင်ရှီးကို စိုက်ကြည့်နေချိန် ချင်ရှီးက အေးအေးဆေးဆေး အဝေးကို အကြည့်လွှဲလိုက်ပြီး ပြောသည်။
" ခုတင်က လူတော်တော်များများ မဆံ့ဘူး။ ဒါကြောင့် ငါတို့ထဲက တစ်ယောက်ဘဲ အိပ်ဖို့ရွေးလို့ရတယ်"
မျှော်လင့်ထားတဲ့အတိုင်း ဒီစကားတွေကို ကြားလိုက်ရတော့ လုကျဲ့ထျန်းသည် သူ့ရင်ထဲမှာ အကြောဆွဲသလို ခံစားလိုက်ရသည်။ စိတ်ထဲမှာ ဝမ်းနည်းနေပေမဲ့ ကလေးတွေကို ပိုဂရုစိုက်ရမှာကြောင့် အခြားအတွေးများကို အမြန်ချန်ထားခဲ့ရပြီး သိပ်ဂရုမစိုက်နိုင်ပေ။
“ဒါဆို မေမေ့ကို ရွေးချင်တယ်”
အန်အန်းက တွေးတောင်မတွေးခဲ့ဘဲ တန်းပြောသည်။
'မေမေက မွှေးပြီး နူးညံ့ပျော့ပျောင်းတယ်။ သူ့(မ)ကို ပွေ့ဖက်ပြီး အိပ်ရရင် အရမ်းသက်တောင့်သက်သာရှိပြီး ဖေဖေနဲ့ မယှဉ်နိုင်လောက်အောင်ဘဲ'
ဖျင်ဖျင်ကလည်း ချင်ရှီးကိုကြည့်သည်။
"သားရောဘဲ"
စွန့်ပစ်ခံ လုကျဲ့ထျန်းက ခဏလောက် နှုတ်ဆိတ်နေပြီး ကုချင်းဟိုင်ကို ကြည့်သည်။
"မင်း ငါနဲ့ အိပ်လိုက်။ မဟုတ်ရင် လူအရမ်းများနေလိမ့်မယ်"
ကုချင်းဟိုင်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး နားရွက်များနီရဲလာကာ ဆန္ဒမရှိစွာ ပြန်ဖြေလိုက်သည်။
"နောက်ကျနေပြီ အိပ်ရာဝင်တော့မယ်"
ဒီနေ့ ပုံမှန်အိပ်ချိန်ကို ကျော်လွန်သွားတာကြောင့် လှဲလျောင်းပြီး သိပ်မကြာခင်မှာဘဲ အမြွှာနှစ်ယောက်က အိပ်ပျော်သွားကြသည်။
ချင်ရှီးသည် သူတို့၏အသက်ရှူသံ ပုံမှန်ဖြစ်လာကြောင်းကိုကြားရပြီး သူတို့တကယ်အိပ်ပျော်နေမှန်းသိသောကြောင့် သူမ မျက်လုံးများကိုမှိတ်ထားလိုက်သည်။
ညသန်းခေါင်တွင် အလွန်သတိရှိစွာအိပ်ပျော်နေသော ချင်ရှီးသည် အန်အန်း၏ ဆူညံသံကြောင့် နိုးလာခဲ့သည်။ သူမသည် အန်အန်းကို ထိရန် လက်လှမ်းလိုက်ရာ အလွန်ပူပြင်းလာသည်ကို ခံစားလိုက်ရ၍ တုန်လှုပ်ခြောက်ခြားစွာဖြင့် နိုးလာရသည်။
အန်အန်း၏နဖူးသည် အလွန်ပူနေသည်။ ချင်ရှီးသည် စကားမပြောဘဲ ထကာ သူမ အဝတ်ကိုပြင်ဆင်ဝတ်ကာ လုကျဲ့ထျန်း၏ တံခါးကို သွားခေါက်လိုက်သည်။
_***_