အပိုင်း (၁၅)
ချင်ရှီးအိမ်ပြန်ရောက်သောအခါ ကုချင်းဟိုင်သည် ဖျင်ဖျင်နှင့် အန်အန်းတို့နှင့်အတူ ကာတွန်းစာအုပ်များဖတ်နေသည်ကို တွေ့ရသည်။
ကလေးနှစ်ယောက်က စာအုပ်ဖတ်တာကို သိပ်အလေးအနက်မထားဘူးဆိုတာ တွေ့နိုင်ပြီး ဖျင်ဖျင်၏မျက်လုံးတွေက ရောင်စုံပုံတွေကိုသာ အမြဲကြည့်နေပြီး အန်အန်းက ကုချင်းဟိုင်အား နောက်ဆက်တွဲအဖြစ်အပျက်တွေကို ရှင်းပြဖို့ တောင်းဆိုနေ၏။
ချင်ရှီးက ထိုအကြောင်းကို သေချာမတွေးရသေးခင်မှာ ကလေးတွေက သူမပြန်ရောက်နေပြီဆိုတာ သိလိုက်ကြပြီး စုပေါင်းလှည့်ကြည့်ကြသည်။
စက္ကန့်အနည်းငယ်မျှ မှင်တက်သွားကာ အန်အန်းသည် ချက်ချင်းထ၍ ချင်ရှီးဘက်သို့ ပြေးသွားသည်။
"ချင်ရှီး ချင်ရှီး အရသာရှိတာတစ်ခုခု ဝယ်ခဲ့သေးလား"ချင်ရှီးက ထုပ်ပိုးထားသည့် အိတ်ကြီးကြီးသေးသေးလေးတွေကို စားပွဲပေါ်တင်ကာ မှောက်ချလိုက်ပြီး သူတို့အတွက် နွေးထွေးဆဲ နို့ ၃ ပုလင်းကိုထုတ်ယူလိုက်သည်။
"မင်းတို့အတွက် နွားနို့ကို ငါ မှာထားတယ်။ နွားနို့က မင်းတို့ရဲ့ ကျန်းမာရေးကို ကောင်းစေတယ်"အန်အန်း၏ မျက်လုံးများက တောက်ပလာသည်။
"အာ... ကျေးဇူးတင်ပါတယ် ချင်ရှီး"ပြောပြီးနောက် လက်တစ်ဖက်မှ ပုလင်းကိုယူကာ လှည့်ကြည့်၍ ကုချင်းဟိုင်ဆီသို့ လှမ်းသွားသည်။
"ဒီမှာ အစ်ကိုအတွက်နဲ့ ဖျင်ဖျင်အတွက်"
အန်အန်းက သူတို့ကို နို့ဘူး ပေးလိုက်သည်။ဖျင်ဖျင်က နွားနို့ကို နာခံမှုရှိရှိ လက်ခံသော်လည်း ကုချင်းဟိုင်က မယူပေ။
"ဒီဟာကို ငါမသောက်ဘူး"ချင်ရှီး : "နွားနို့က အာဟာရပြည့်ဝပြီး ကယ်လ်စီယမ်တွေ အများကြီးပါတယ်။ မင်းခန္ဓာကိုယ်က ကြီးထွားလာပြီလေ များများသောက်သင့်တယ်။ နွားနို့က အရပ် ပိုရှည်အောင် ကူညီပေးတယ်”
ကလေးများက အစောပိုင်းရှင်းပြချက်ကို သိပ်နားမလည်သော်လည်း နောက်ပိုင်းမှာတော့ “အရပ်ရှည်နိုင်တယ်” ဆိုတာ ကိုတော့ နားလည်လာကြသည်။ အမြွှာနှစ်ယောက်၏ မျက်လုံးများသည် အနည်းငယ်ပြူးကျယ်သွားပြီး ဖန်ပုလင်းထဲက နို့ရည်ကို မျှော်တလင့်လင့်ဖြင့် ကြည့်ကာ သူတို့အားလုံးသည် လုကျဲ့ထျန်းကဲ့သို့ အရပ်ရှည်ချင်ကြသည်။