Chapter 30

4.9K 503 2
                                    

အပိုင်း (၃၀)




ချင်ရှီးသည် စင်၏နောက်ခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ ကျန်းယန်လီ၏ ပတ်ပတ်လည်တွင် အဖြူရောင်ရှပ်အင်္ကျီဝတ် ဆယ်ကျော်သက်အုပ်စုတစ်စုကို သူမ မြင်လိုက်ရပြီး တစ်စုံတစ်ယောက်သည် ကြောက်ရွံ့စိုးရိမ်နေပုံရသည်။

"အောက်မှာ လူတွေ အများကြီးဘဲ"

"အို ဘုရားရေ… စိတ်တွေအရမ်းပူနေတယ်။ အိမ်သာ ပြန်သွားချင်လာသလိုဘဲ"

"မြန်မြန်ပြန် လေ့ကျင့်ကြရအောင်။ စကားလုံးတွေ ဒါမှမဟုတ် သံစဉ်တွေကို ငါမေ့သွားမှာကြောက်လို့"

ကလေးတွေကိုကြည့်ကာ ကျန်းယန်လီသည် အနည်းငယ် အပြစ်ရှိသလို ခံစားလာရသည့်အတွက် တုန်လှုပ်ခြောက်ခြားသွားသော်လည်း သူတို့ကို ထိခိုက်မှာစိုးသဖြင့် မပြဝံ့ပေ။ ဒါကြောင့် သူမဟာ လူတိုင်းကို နှစ်သိမ့်လိုက်သည်။
"ရပါတယ်။ အဆင်ပြေပါတယ်။ မင်းတို့က ကျွမ်းကျင်နေပြီ။ ထုံးစံအတိုင်း သီချင်းဆိုယုံဘဲ"

"ဆရာမချင် လာပြီ"
မျက်လုံးစူးရှတဲ့ ကလေးတစ်ယောက်က ချင်ရှီးကို မြင်ပြီး ချက်ချင်း အော်လိုက်သည်။

"မင်းဒီကိုရောက်လာပြီဘဲ"
ကျန်းယန်လီ သက်ပြင်းတစ်ချက်ချကာ ချင်ရှီးကို အမြန်လာဖို့ ခေါ်လိုက်သည်။

အတန်းပိုင်ဆရာမ မလုပ်ဖြစ်တာ နှစ်အတော်ကြာနေပြီဖြစ်တဲ့အတွက် ဒါဟာ သူမ ပထမဆုံးအကြိမ် အတန်းကို ဦးဆောင်တာ ဖြစ်ပါသည်။ သူမဟာ အခက်အခဲတွေ ကြုံလာရတဲ့အခါ အနည်းငယ် သတ္တိကြောင်သူဖြစ်နေဆဲ ဖြစ်ပြီး အခြေအနေကို သူမ ကြာကြာမထိန်းထားနိုင်ပါ။

ချင်ရှီးက သူမကို ပြုံးပြပြီး စိတ်လှုပ်ရှားနေတဲ့ ကလေးတွေကို နှစ်သိမ့်လိုက်သည်။
"ရပါတယ်။ ဆရာမက နောက်မှာ စင်အောက်ကနေ ကြည့်နေမှာပါ။ အချိန်ကျလာရင် မင်းတို့က ငါ့ပါးစပ်ပုံစံကို ကြည့်နိုင်ပြီး ငါနဲ့အတူ သီချင်းဆိုလို့ရတယ်။ မကြောက်ကြနဲ့။ စကားလုံးတွေကို မေ့သွားရင်လည်း အရေးမကြီးပါဘူး။ မင်းတို့ပါးစပ်ကိုသာ ဖွင့်ထားလိုက်။ စကားလုံးတွေကို မေ့မသွားတဲ့သူတွေတောင် သံစဉ်ကို ဖမ်းဆုပ်လို့မရတဲ့ လူတွေ အများကြီးရှိတယ်"
ချင်ရှီးက တမင်တကာ အရွှန်းဖောက်လိုက်သည်။
"ဒါပေမဲ့ အားလုံးကိုတော့ မမေ့လိုက်နဲ့။ ဒါမှမဟုတ်ရင် ငါတို့ရဲ့ သံပြိုင်က ကကြိုးကကြောင်နဲ့ ဖျော်ဖြေရလိမ့်မယ်”

“ကျွန်တော်ပရိသတ်အလယ်မှာ နေရတာကအဆင်ပြေပါတယ်။ ဒါပေမဲ့ ပြီးသွားတဲ့အခါ ရှက်လွန်းလို့ စင်ပေါ်ကနေ မဆင်းနိုင်တော့မှာကို ကြောက်မိတယ်”

“ဟားဟားဟား”

ကျောင်းသားများ၏ ရယ်မောသံများ ထွက်ပေါ်လာပြီး သူတို့၏ နှလုံးသားအတွင်း စိတ်တင်းမာမှုအချို့ကို ဖြေဖျောက်နိုင်သွားကြသည်။

"ငါတို့ သီချင်းနဲ့ ရင်းနှီးနေပါပြီ"

"ဖေဖေလည်း ဒီကို လာစောင့်ပေးမယ်လို့ ပြောထားတယ်"

"ငါ့ဖေဖေလည်း ငါ စင်ပေါ်မှာကျင့်သားရပြီး ကောင်းကောင်းလုပ်နိုင်ရင် ဝက်သားပြုတ်ကျွေးပြီး ဆုချမယ်လို့ ပြောတယ်"

"ဝိုး…"

ကလေးများသည် သူတို့၏မျက်နှာပေါ်တွင် အပြုံးများဖြင့် စကားစမြည်ပြောကြသည်။ သူတို့၏မိဘများသည် သူတို့၏ဖျော်ဖြေမှုကို ကြည့်ရှုနိုင်သည့်အတွက် အလွန်ပျော်ရွှင်နေကြသည်။

တတိယဖျော်ဖြေပွဲအစတွင် ချင်ရှီးနှင့် ကျန်းယန်လီတို့သည် ကလေးငယ်များနှင့်အတူ စင်မြင့်ဘေးတွင် စောင့်ဆိုင်းနေကြပြီး ဖျော်ဖြေပွဲပြီးဆုံးသောအခါ အခမ်းအနားမှူးက ကန့်လန့်ကာချထားချိန် အစီအစဉ်ကြေငြာကာ ကလေးများကို စင်မြင့်ပေါ်သို့ အမြန်သွားကြရန် ညွှန်ကြားသည်။

ကျန်းယန်လီသည် ကလေးငယ်များအား စင်မြင့်ပေါ်၌ အုပ်စုလိုက် လမ်းလျှောက်ရန် ညွှန်ကြားခဲ့သည်။ ချင်ရှီးသည် ခါးကိုကွေးပြီး စင်ရှေ့သို့ ဆင်းကာ ထိုင်ချလိုက်ပြီး သီချင်းစဖွင့်ချိန်တွင် သူမ၏ မြင်ကွင်းက တည့်တည့်ရှိနေသည်။

စင်မြင့်ပေါ်ရှိ ကျောင်းသားများသည် ချင်ရှီး၏မျက်နှာပေါ်တွင် အားတက်သရော အပြုံးဖြင့် မျှော်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ သိသိသာသာ စိတ်သက်သာရာရသွားသည်။

အဖွင့်တေးသံ ထွက်ပေါ်လာပြီး ကျောင်းသားများသည် ချင်ရှီး၏ အမူအရာကိုကြည့်၍ သီဆိုကြသည်။

ဆယ်ကျော်သက်များသည် သူတို့၏ ကြည်လင်ပြတ်သားသော အသံများဖြင့် အမိမြေကို ချီးမွမ်းသီဆိုကြပြီး ပရိသတ်များ၏ မျက်လုံးများက တောက်ပလာကြသည်။

ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ခေါင်းဆောင်က ကလေးတွေကို စင်ပေါ်မှာတွေ့ရတော့ ပြုံးမပြဘဲမနေနိုင်တော့ချေ။

"ကောင်းတယ်။ သီချင်းကလည်းကောင်းတယ်။ ကလေးတွေကလည်း ဆိုတာ ကောင်းတယ်"

"ဟေး၊ ဒါက ပထမတန်းနဲ့ ဒုတိယတန်းကလေးတွေလို့ ကြေညာသူဆီက ကြားတယ် ”
မစ္စတာလီက ခေါင်းလှည့်ပြီး ဘေးနားက လူတွေကို မေးသည်။

အရာရှိကျန်းက ရယ်မောရင်း နောက်ဆုံးတန်းမှာ ရပ်နေတဲ့ သားငယ်ကိုကြည့်ရင်း သူ့မျက်လုံးတွေက ကျေနပ်မှုအပြည့်နှင့်ပြောလိုက်သည်။
"ဟုတ်တယ်။ နောက်ဆုံးတန်းရဲ့ ဘယ်ဘက်ခြမ်းက တတိယတစ်ယောက်က ငါတို့မိသားစုက ကလေး"

တစ်ချို့လူတွေက အနည်းငယ် အံ့သြသွားကြသည်။
"ဘာလို့ သူက အနောက်မှာ ရပ်နေတာလဲ"

'ဒီကလေးက အရာရှိကျန်းရဲ့မိသားစုကဆိုတာ မသိဘူးလား'

အရာရှိကျန်းက ထိုလူကို တစ်ချက်ကြည့်လိုက်ပြီးပြန်ဖြေသည်။
"ငါ့မိသားစုက ကလေးက သိသိသာသာ အရပ်ပိုမြင့်နေလို့လေ"

ထိုလူသည် သူကလျှာချော်သွားတာကို ခံစားလိုက်မိ၍ ပြုံးပြပြီး မိုက်မဲတဲ့စကားတွေကို ရပ်တန့်လိုက်သည်။

အရာရှိကျန်းက စင်ပေါ်မှာ ကလေးတွေ သီချင်းဆိုနေတာကို ဂရုတစိုက်ကြည့်ရင်း ထူးထူးခြားခြားမဟုတ်ပေမဲ့ ကောင်းတယ်လို့တွေးပြီး သဘောကျနေသည်။

အရာရှိကျန်း၏ မျက်လုံးများသည် ချင်ရှီး၏ နောက်ကျောဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများကို အဝေးသို့ မရွေ့မီ နှစ်စက္ကန့်လောက် တန့်နေခဲ့သည်။

သီချင်းသီဆိုပြီးနောက် ကလေးငယ်များက အမိမြေကို ကြည်နူးဖွယ်နှစ်ပတ်လည်နေ့ဖြစ်ပါစေလို့ ဆုတောင်းပေးကြပြီး ပရိသတ်ကို ဦးညွှတ်လိုက်ကြသည်။

ပရိသတ်များ၏ လက်ခုပ်သြဘာသံများ ထွက်ပေါ်လာပြီး လူတိုင်းက သူတို့၏ အတွင်းစိတ်မေတ္တာကို နွေးထွေးစွာ ဖော်ပြကြသည်။

လက်ခုပ်သြဘာပေးသံကို နားထောင်ရင်း ကျောင်းသားများသည် ဝမ်းသာအားရဖြစ်ကြရပြီး သူတို့၏ စိတ်လှုပ်ရှားမှုများကို တွန်းလှန်နိုင်ခဲ့ကြကာ ယခင်က အစမ်းလေ့ကျင့်မှုအတိုင်း စင်ပေါ်မှ ဆင်းခဲ့ကြသည်။ စင်နောက်ကွယ်ကို ပြန်မရောက်မချင်း ကလေးတွေရဲ့ စိတ်နှလုံးတွေက လုံး၀သက်တောင့်သက်သာဖြင့် ကြည်နူးနေကြသည်။

"ဟား ဟား ဟား ငါတို့ကောင်းကောင်းလုပ်နိုင်ခဲ့တာဘဲ"

"ငါ မေမေ့ကိုမြင်ခဲ့ရတယ်။ သူ(မ)က ငါ့ကို လက်ဝှေ့ယမ်းပြနေသေးတယ်"

"ငါရောဘဲ။ ငါ စင်ပေါ်တက်တက်ချင်း နည်းနည်းကြောက်နေတာ။ ဆရာမချင်ကို မြင်လိုက်ရတော့မှ နည်းနည်းသက်သာသွားတယ်"

ကျန်းယန်လီသည် ပါးစပ်နားရွက်ချိတ်မတတ်ပြုံးကာ တစ်ချိန်လုံး ချီးမွမ်းလျက် တက်ကြွနေပြီဖြစ်သော ကျောင်းသားများကို ပို၍ပင် စိတ်လှုပ်ရှားပျော်ရွှင်စေသည်။

ချင်ရှီးသည် စင်နောက်ကွယ်သို့ ပြန်ရောက်သောအခါ ချီးကျူးစကားဝိုင်းတစ်ခုဖြစ်လာပြီး အချိန်အတော်ကြာ တက်ကြွနေကြသည်။

ကျန်ကိစ္စများကို ကျန်းယန်လီထံသို့ လွှဲထားလိုက်မည်ဖြစ်ပြီး ချင်ရှီးက ပါဝင်မည်မဟုတ်တော့သောကြောင့် လုကျဲ့ထျန်းထံသို့သာ ပြန်သွားလိုက်သည်။

သူမ မိသားစုထိုင်ခုံမှာ ထိုင်ပြီးသည်နှင့် အန်အန်းက စိတ်လှုပ်ရှားစွာပြောသည်။
"မေမေ အခုမှတွေ့ရတော့တယ်"

ချင်ရှီးက ပြုံးပြီး သူမကို ပွေ့ဖက်လိုက်သည်။ မိသားစု၏လေထုသည် နွေးထွေးနေကာ ဖျော်ဖြေပွဲကိုကြည့်ရင်း စကားစမြည်ပြောကြသည်။

ပတ်ဝန်းကျင်မှလူတွေက ဒီမြင်ကွင်းကိုကြည့်ပြီး စိတ်ထဲမှာ အံ့သြနေကြသည်။

'မင်းမှာ တကယ်အရည်အချင်းရှိတာဘဲ။  ကလေးတွေနဲ့ယောက်ျားကို ချုပ်နိုင်ဖို့ အချိန်သိပ်မကြာလိုက်ဘူး'

'ကျွတ်.…ကျွတ်…ကျွတ် အရမ်းကောင်းတယ်'

ချင်ရှီးသည် အခြားသူများ မည်သို့ထင်မြင်သည်ကို ဂရုမစိုက်ဘဲ ရှားပါးသော အားလပ်ချိန်များကို ခံစားနေသည်။ ဒီကာလမှာ သူမ အရမ်းပင်ပန်းနေပြီး အခုချိန်မှာတော့ အရာအားလုံးပြီးသွား၍ စိတ်အေးလက်အေး ဖြစ်နေသည်လို့ ယူဆနိုင်ပါသည်။

ခဏအကြာတွင် ချင်ရှီးသည် အခမ်းအနားမှူး၏ ကြေငြာချက်ကို ကြားပြီး မော့လင်၏ စန္ဒယားတီးခတ်မှုအစီအစဥ်ဖြစ်‌ကြောင်းကို သိရှိရသည့်အတွက် သူမသည် ချက်ချင်းပင် မတ်မတ်ထထိုင်ကာ လေးနက်စွာ စောင့်ကြည့်ရန် ပြင်ဆင်သည်။

သူမဘေးနားရှိ လုကျဲ့ထျန်းသည် သူမ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး ရေဘူးကို ကိုင်ဆောင်လှုပ်ခါနေသည့် ဖျင်ဖျင်အား ခေတ္တရပ်လိုက်သည်။

စန္ဒယားတီးခတ်မှုအစီအစဉ်အတွက် မော့လင်သည် အနီရောင်ဝတ်စုံဖြင့် စင်မြင့်ပေါ်တွင် ပေါ်လာခဲ့ပြီး ပရိသတ်များ၏ အာရုံကို ချက်ခြင်းဆွဲဆောင်နိုင်ခဲ့သည်။

မော့လင်၏ ၀တ်စားဆင်ယင်မှုသည် V-ပုံသဏ္ဍာန် လည်ပင်းသေးငယ်ငယ်နှင့်ခန္ဓာကိုယ်အပေါ်ပိုင်းသည် အတော်လေး ပိန်ပါးဟန်ရှိနေသော်လည်း သေးသွယ်သောခါးပုံစံနှင့် သူမ၏ သွယ်လျသော ခါးစည်းကို အပြည့်အဝပေါ်လွင်စေသည်။

ခါးမြင့်စကတ်နှင့် နှစ်မီတာရှည်သော စကတ်စသည် ပါးလွှာသော်လည်း ထွင်းဖောက်မြင်နိုင်ခြင်းမရှိစွာ ဆွဲဆောင်မှုရှိပြီး အမျိုးသမီးဆန်နေဆဲဖြစ်သည်။

မော့လင်သည် ဖြည်းညှင်းစွာထိုင်ချလိုက်ပြီး သူမ၏စကတ်သည် ကုလားထိုင်ကိုဖုံးကာ နောက်သို့ဝဲကြနေ၍ စကတ်သည် အလင်းရောင်ကြောင့် လင်းထိန်နေပြီး တလက်လက်အရောင်များက အနည်းငယ် ထွက်ပေါ်နေသည်။

လူတွေက သေသေချာချာ ကြည့်လိုက်တော့ ထိုကဲ့သို့ တလက်တလက်အရောင်စဥ်တွေက နှင်းဆီတွေလိုပေါ်နေတာတွေ့ရတော့ သူတို့ ချက်ခြင်းအံ့သြသွားကြသည်။

မော့လင်ထိုင်ပြီးနောက် သူမသည် ပရိသတ်ကို အလေးပြုရန် အနည်းငယ်ဦးညွှတ်လိုက်သည်။ ထို့နောက် ဖြူသွယ်သွယ်သွယ် လက်များကို မြှောက်ကာ စန္ဒာယားခလုတ်များပေါ် လက်နှစ်ဖက်ကို တင်လိုက်သည်။

"တင်း…တောင်…တောင်"

စန္ဒယားတီးသံကြောင့် ထွက်ပေါ်လာသော ကြီးကျယ်ခမ်းနားလှသည့် ဂီတသံသည် မော့လင်ကို မိန်းမောစွာ စိုက်ကြည့်နေသော လူများကို ထိတ်လန့်စေခဲ့သည်။ လူတွေက မော့လင်ရဲ့အသွင်အပြင်ကို ဂရုမစိုက်တော့ဘဲ သီချင်းသံစဉ်ကို စိတ်လိုလက်ရနှင့် လေးလေးနက်နက် နားထောင်ကြသည်။

မော့လင်၏ စန္ဒယားစွမ်းရည်အဆင့်သည် ကောင်းမွန်ပြီး ပြင်းထန်သော စိတ်ခံစားမှုများ အပြည့်ရှိသည်။ စိတ်အားထက်သန်သော 'သံမဏိလိုပြင်းထန် စစ်ချီတက်သံ' သီချင်းသည် လူတိုင်းကို တုန်လှုပ်စေကာ စိတ်လှုပ်ရှားစေပါသည်။

စန္ဒယားတီးသံ ပြီးဆုံးသည်နှင့် မော့လင်သည် မတ်တပ်ထရပ်ကာ ကန့်လန့်ကာပိတ်သည်ကို ခံယူရန် ဦးညွှတ်လိုက်မှ အားလုံးက အာရုံပြန်ရကာ လက်ခုပ်တီးကြသည်။

ပရိတ်သတ်အတွင်းရှိ တပ်သားများနှင့် အရာရှိအများအပြားသည် အနီရောင်ကျောပြင်ကို မြင်သောအခါတွင် မမှိတ်မသုန် ကြည့်နေကြသည်။

မော့လင်သည် လှပပြီး ရုပ်ရည်ကောင်းမွန်သည်။ အရည်အချင်းရှိပြီး မိသားစုကောင်းလည်းရှိသည်။ တစ်ခါ အိမ်ထောင်ကျဖူးပြီးပြီဆိုရင်တောင် ပိုးပန်းချင်စရာ အမျိူးသမီးဖြစ်နေဆဲပင်။

လုကျဲ့ထျန်း၏ဘေးနားရှိလူများသည်  ငြူစူသောအကြည့်များဖြင့် သူ့ကိုကြည့်ကြပြီး လက်ရှိဇနီးဖြစ်နေသူ ချင်ရှီးကိုတွေ့သောအခါ အံကြိတ်ကာ အဘယ်ကြောင့် ဤမျှကံကောင်းနေရသနည်းဟု တွေးတောမိကြသည်။

(* လုကျဲ့ထျန်းရဲ့ ဇနီးနှစ်ယောက်လုံးက အရမ်းလှပပြီး အရည်အချင်းရှိကြလို့ မနာလိုကြတာပါ)

လုကျဲ့ထျန်းသည် သူ့ပတ်ဝန်းကျင်မှ အကြည့်အမျိုးမျိုးတို့ကို သဘာဝအတိုင်း ခံစားလိုက်ရပြီး ထိုအရာများကို လျစ်လျူရှုကာ ချင်ရှီးကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ လုကျဲ့ထျန်း၏ အကြည့်ကို အာရုံခံရင်း ချင်ရှီးက သူ့ကို လှည့်ကြည့်လိုက်သည်။
"အရမ်းလှတယ်မဟုတ်လား"

မော့လင်က ဘာဘဲပြောပြော သူ့ဇနီးဟောင်းလည်းဖြစ်သည်ဆို‌ပေမဲ့ ချင်ရှီးကတော့ လုံးဝ ဂရုမစိုက်ဘဲ သူကို ရိုးရိုးသားသား ချီးကျူးပါသည်။ လုကျဲ့ထျန်းက သူ့အကြည့်ကိုရုတ်လိုက်ပြီး ငုံ့ထားလိုက်သည်။

'ချင်ရှီးက သူ့ကို မကြိုက်ဘူး။ သူ့ကို (စာချုပ်)လက်တွဲဖော်လို့ဘဲ သတ်မှတ်ထားတယ်'

ဤအတွေးသည် လုကျဲ့ထျန်း၏ နှလုံးသားတွင် ပေါက်ဖွားလာခဲ့ပြီး အကြောင်းပြချက်မရှိဘဲ သူ့အား အနည်းငယ် ဆုံးရှုံးသွားသလို ခံစားရစေသည်။

ထိုအကြောင်းအရာကို တွေးဖို့ အချိန်မရခင်မှာ လုကျဲ့ထျန်းရဲ့ ရင်ခွင်ထဲက ဖျင်ဖျင်က သူ့ခေါင်းကို မြှောက်လိုက်သည်။
"ဖေဖေ သား သန့်စင်ခန်း သွားချင်တယ်"

လုကျဲ့ထျန်း၏စိတ်အာရုံက ပြန်ရောက်လာပြီး ချင်ရှီးကို တစ်ခုခုပြောလိုက်ကာ ဖျင်ဖျင်ကို ပွေ့ချီ၍ စားပွဲမှ ထွက်လာခဲ့သည်။

စန္ဒယားသည် ရွှေ့ရန်မလွယ်ကူသောကြောင့် မော့လင်၏ အစီအစဉ်အဆုံးမှာ သူမ၏ပြိုင်ဘက် ချိုက်ရှို့ချင်း၏  စန္ဒယားတီးခတ်သည့် အစီအစဉ်ဖြစ်သည်။ ချိုက်ရှို့ချင်းသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်း၍ ချစ်စရာကောင်းကာ သူမ တီးခတ်သော သီချင်းသည် အလွန်ကောင်းမွန်သော်လည်း သူမမှာ မော့လင်လိုခံစားချက်မရှိသည့်အတွက် ရိုးရှင်းလွန်းလှသည်။

လူတိုင်းက မော့လင်၏ ဖျော်ဖြေမှုကို သတိရနေကြဆဲဖြစ်သောကြောင့် ချိုက်ရှို့ချင်း၏ ဖျော်ဖြေမှုသည် အလယ်အလတ်သာဖြစ်သွားရသည်။

သူမ တီးခတ်သော သီချင်းက ကောင်းပေမဲ့ လူတိုင်းက မော့လင်၏ စစ်ချီတက်သံသီချင်းကို အရူးအမူးကြိုက်ကြသည်။ သူတို့နှစ်ယောက်ရဲ့ ဖျော်ဖြေတင်ဆက်မှုအစီအစဥ်ကို ပြောင်းလဲလိုက်မယ်ဆိုရင် သူမဟာ ဒီလောက်ဆိုးရွားတဲ့အခြေအနေမျိုးမှာ ရှိနေမှာမဟုတ်ပေမဲ့ ယခုအခါမှာတော့ နှမြောစရာပါဘဲ။

ချိုက်ရှို့ချင်း စင်ပေါ်မှဆင်းပြီးနောက် သူမသည် ဒေါသကြောင့် သေဆုံးလုနီးပါး ခံစားရသည်။ မော့လင်သည် လျှို့ဝှက်ချက်များကို လျှို့ဝှက်ထားရန် ကောင်းမွန်စွာလုပ်ဆောင်ခဲ့သည်။ တစ်ဖက်လူသည် ၀တ်စားဆင်ယင်မှုကို ပြောင်းလဲလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။ သူမသည် ရင်သပ်ရှုမောဖွယ်အသွင်အပြင်ကို ဖန်တီးထားသော်လည်း သူမကိုယ်တိုင်က ပမွှားလေးပမာ ဖြစ်လာရသောကြောင့် ချိုက်ရှို့ချင်းအတွက် လက်ခံရန် ခက်ခဲစေသည်။

အဝတ်အစားလဲပြီး ထွက်လာတော့ အရမ်းချောတဲ့အရာရှိတစ်ဦးက မော့လင်နှင့်အတူရှိနေတာကို တွေ့လိုက်ရပြီး ဒေါသထွက်ကာ အမူအရာတွေကို မထိန်းနိုင်တော့ပေ။

မော့လင်သည် ချိုက်ရှို့ချင်းကိုတွေ့သော်လည်း သူမနှင့် စကားပြောရန် အစီအစဉ်မရှိသည့်အပြင် သူမရှေ့မှလူကလည်း အနှောင့်အယှက်မပေးသောကြောင့် ပေါ့ပေါ့ပါးပါးစကားပြောပြီးနောက် ချင်ရှီးကိုရှာရန် ပြေးသွားသည်။

ချိုက်ရှို့ချင်းသည် မော့လင်၏ နောက်ကျောကို စိုက်ကြည့်နေသော အရာရှိကို မြင်လိုက်ရပြီး သူ့မျက်လုံးထဲတွင် သဘောကျလေးစားမှုများ ထင်ထင်ရှားရှား ရှိနေသည်ကို တွေ့ရသောအခါတွင် သူမသည် မနာလိုဖြစ်ကာ နှလုံးသားထဲတွင် မှောင်မိုက်နေခဲ့သည်။

သူမသည် အမူအရာကို သပ်သပ်ရပ်ရပ်ထိန်းညှိလိုက်ပြီး ထိုလူနှင့်စကားပြောလိုသည့်ဆန္ဒကိုဖော်ပြလိုက်သည်။ တစ်ဖက်လူက သူမကို မြင်သောအခါ ယဉ်ကျေးသိမ်မွေ့စွာ ခေါင်းညိတ်ပြပြီးနောက် မဆိုင်းမတွ လှည့်ထွက်သွားခဲ့သည်။

ချိုက်ရှို့ချင်းသည် ဒေါသကို ကြာကြာမထိန်းနိုင်ဘဲ သူမလက်ထဲမှ အိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

အခြားအဖွဲ့ဝင်များသည် ဤမြင်ကွင်းကို မတော်တဆတွေ့လိုက်ကြပြီး အထင်အမြင်သေးကာ နှုတ်ခမ်းများတွန့်ကွေး၍ အခြားညီအစ်မများနှင့် အတင်းအဖျင်းပြောရန် နောက်ကွယ်မှ တိတ်တဆိတ် ထွက်သွားကြသည်။

'ဘာကိုဂုဏ်ယူနေတာလဲ။ မော့လင်က နင့်ထက် အများကြီး ကောင်းကောင်းလုပ်နိုင်တော့ စိတ်တိုနေပြီမဟုတ်လား။ နင်က စန္ဒယားကို ကျွမ်းကျွမ်းကျင်ကျင် ဘယ်လိုတီးခတ်ရမယ်ဆိုတာတောင် သိရဲ့လား'

တပ်တွင်းရှိလူများသည် အရာများစွာကို မည်ကဲ့သို့လုပ်ရမည်ကို မသိကြသော်လည်း သူတို့တွင် ကျွမ်းကျင်သည့် အရည်အချင်းစစ်စစ်များလည်း ရှိကြတတ်သည်။ သို့သော် ချိုက်ရှို့ချင်းသည် အခြားသူများကို အလွန်အမင်း နှိမ့်ချတတ်သည်။

'အခု တစ်ယောက်ယောက်က သူတို့အတွက် လုပ်ပေးနေတာ (သူမကို မျက်နှာဖြတ်ရိုက်ပေးတာ) အရမ်းမိုက်တယ်'

မော့လင်သည် ချင်ရှီးကိုတွေ့ရန် ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်ရှိလူများ၏ မျက်လုံးများသည် ပြူးကျယ်သွားကာ ကြည့်ကောင်းသောရှိုးကို ကြည့်လိုလှ၍ သူတို့သုံးယောက်ကို အပြန်ပြန်အလှန်လှန် ကြည့်နေကြပြီး အတင်းအဖျင်းပြောသံများ ချက်ခြင်း နိုးကြားလာသည်။

လုကျဲ့ထျန်း၏ စိတ်ခံစားချက်သည် အလွန်ရှုပ်ထွေးနေပြီး အထူးသဖြင့် ချင်ရှီးသည် ကလေးအားလုံးကို သူ့ထံသို့ လွှဲပြောင်းပေးပြီးနောက် မော့လင်နှင့် စကားစမြည်ပြောဆိုကာ ရယ်မော၍ ပွဲမှထွက်သွားသည်ကိုမြင်ရသောအခါ သူ၏စိတ်ခံစားချက်သည် ပို၍ပင်ရှုပ်ထွေးလာသည်။

ချင်ရှီးနှင့် မော့လင်သည် ဆက်ဆံရေးမကောင်းပါက လုကျဲ့ထျန်းသည် ခေါင်းကိုက်နေပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် ဆက်ဆံရေးကောင်းမွန်နေပြီဖြစ်သောကြောင့် သူဘာကြောင့်စိတ်ဆိုးနေရသေးသနည်း...။

အန်အန်းက သန့်စင်ခန်းသွားချင်သည်ဟုပြောရာ လုကျဲ့ထျန်းသည် ဖျင်ဖျင်ကို ကုချင်းဟိုင်အား ပေးလိုက်ကာ အန်အန်းကို ငုံ့ကြည့်၍ ပြောလိုက်သည်။

"မင်းအမေကို သန့်စင်ခန်းသွားချင်တယ်လို့ ဘာလို့သွားမပြောတာလ"

သူကအမျိုးသားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အန်အန်းကို အမျိုးသမီးသန့်စင်ခန်းသို့ ခေါ်သွားရတာ အဆင်မပြေလှပါ။

အန်အန်းက သူ့ကို မော့ကြည့်လိုက်သည်။
"မေမေက အန်တီမော့နဲ့အတူတူရှိနေတာလေ။ သမီးက မနှောင့်ယှက်ချင်လို့ပါ။ သန့်စင်ခန်းကို တစ်ယောက်တည်း သွားနိုင်ပါတယ်"

လုကျဲ့ထျန်း : "     ... "    

'မင်းကိုယ်တိုင်လုပ်လို့ရတယ်ဆိုရင်လည်း မင်းတစ်ယောက်တည်း အပြင်မထွက်ဘဲနဲ့ အခြားသူကိုဘာလို့ရှာနေသေးလဲ'

လုကျဲ့ထျန်း၏ မျက်လုံးများက တစ်ခုခု မှားနေကြောင်းကို အန်အန်းက သတိပြုမိသွားသည်။ ဘာကိုဆိုလိုသည်ကို သူမ မသိသော်လည်း သူ့ကို နှစ်သိမ့်လိုက်သည်။
"အဆင်ပြေပါတယ်။ မေမေ မရှိတဲ့အခါ ဖေ့ဖေ့ကို သမီးတို့က အဖော်ပြုပေးမှာပေါ့။  သန့်စင်ခန်းကို အရင်သွားလိုက်ဦးမယ်"

လုကျဲ့ထျန်းက နည်းနည်းတော့ မရယ်နိုင်၊ မငိုနိုင် အခြေအနေမျိုးဖြစ်သွားရသည်။

"ကောင်းပြီ။ မင်းကိုယ်တိုင် သန့်စင်ခန်းသွားတဲ့အခါ သတိထားနော်"
ထို့နောက် လက်ပြနှုတ်ဆက်လိုက်သည်။

အန်အန်းက သူမလက်ကို ယှမ်းကာ အိမ်သာထဲသို့ ပြေးဝင်သွားသည်။

ထို့နောက် သိပ်မကြာခင်မှာဘဲ အဓိပ္ပါယ်မသိနိုင်တဲ့ သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာလေသည်။

_***_

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Onde histórias criam vida. Descubra agora