Chapter 42

4.3K 464 3
                                    

အပိုင်း (၄၂)


အချိန်တွေကုန်ဆုံးသွားပြီး ဒီဇင်ဘာက မကြာခင်ရောက်လာတော့မည်။

ယခုလအတွင်း ချင်ရှီးသည် ဂျာကင်အင်္ကျီနှင့် ချည်သားဘောင်းဘီတို့ကို အပြီးသတ်ခဲ့သည်။ လုကျဲ့ထျန်းတွင် စစ်အင်္ကျီတစ်ထည်ရှိပြီး ဂျာကင်အင်္ကျီမလိုအပ်သောကြောင့် ချင်ရှီးက သူ့အား ဆွယ်တာအင်္ကျီနှင့် သိုးမွှေးဘောင်းဘီရှည်တစ်ထည်ဝယ်ပေးခဲ့သည်။

သူ၏အဝတ်အစားအသစ်ကိုရပြီးနောက်  လုကျဲ့ထျန်းသည် ကလေးများအတွက် ချင်ရှီးကိုယ်တိုင် ပြုလုပ်ထားသည့်အဝတ်များကိုကြည့်ပြီးနောက် အတွင်းစိတ်တွင် သက်ပြင်းချလိုက်သည်။

ချင်ရှီးသည် လူတိုင်းအတွက် ချည်သားဖိနပ်ဝယ်ရန် စီစဉ်ထားသော်လည်း မေမေလုသည် ကလေးများအတွက် ချည်ဖိနပ်များပါရှိသော အထုပ်ကြီးတစ်ထုပ်နှင့် ဝက်ဆားနယ်ခြောက်၊ ဝက်အူချောင်း၊ ငါးကြော်စသည်ဖြင့် အထူးပြုလုပ်ထားသည့်များစွာကို ပေးပို့ခဲ့သည်။

လုကျဲ့ထျန်းကလည်း ဝယ်စရာမလိုပါ။ စစ်တပ်ကထုတ်တဲ့ ချည်ဖိနပ်တွေက အပြင်မှာဝယ်တဲ့ ဖိနပ်တွေထက် အရည်အသွေးပိုကောင်းတာမို့ ချင်ရှီးက သူမအတွက်သာ ဘွတ်ဖိနပ်တစ်ရံ ဝယ်လိုက်သည်။ အနက်ရောင် သားရေဘွတ်ဖိနပ်က ခြေတံရှည်၍ သေးငယ်သောဖနောင့်နှင့် စတိုင်ကျလှသည်။

သွင်ပြင်က တကယ်ကြည့်ကောင်းပြီး စျေးလည်း အရမ်းကြီးသည်။ ချင်ရှီးက ဖိနပ်ဝယ်ရန်အတွက် ခြောက်ဆယ့်ရှစ်ဆင့်သုံးခဲ့ရပြီး ကိုယ်ပိုင်ပိုက်ဆံနှင့် ဝယ်ခဲ့သည်။

ထိုကာလအတွင်း ချင်ရှီးသည် အဝတ်အစားများချုပ်ပေးခြင်း၊ လုကျဲ့ထျန်းဆီကလစာနှင့် ဂီတဆရာ၏လစာတို့မှ ယွမ် ၈၀၀ နီးပါး ရရှိခဲ့သည်။

ဒါပေမဲ့ ဒီဖိနပ်ဝယ်ဖို့အတွက် တုံ့ဆိုင်းနေခဲ့ပြီး နည်းနည်းတော့ စိတ်ဒုက္ခရောက်ခဲ့သေးသည်။ ဒါပေမဲ့ ဒီဖိနပ်တွေကို သားရေစစ်စစ်နှင့် ပြုလုပ်ထားပြီး အရည်အသွေးကောင်းမွန်သည်။ သူတို့ကို နှစ်နှစ်သုံးနှစ်လောက်အထိ ဝတ်ဆင်နိုင်လိမ့်မည်။

'ပိုက်ဆံဆိုတာက သုံးစွဲဖို့ဘဲ မဟုတ်လား။ ဝယ်သာဝယ်လိုက်။ သူမ နောက်နှစ်မှာ ဝင်ငွေပိုရမှာ သေချာပါတယ်။ မကြောက်ပါနဲ့'

ထို့ကြောင့် ချင်ရှီးသည် သူမ၏ ပိုက်ဆံတွေထဲမှ ယွမ်တစ်ရာကျော် အကုန်အကျခံ၍ ကလေးများနှင့် လုကျဲ့ထျန်းအတွက် ဆွယ်တာများဝယ်ပေးခဲ့ခြင်းဖြစ်သည်။

လုကျဲ့ထျန်းက ငွေကြေးတတ်နိုင်သူဖြစ်ပြီး ချင်ရှီးက သူ၏အထောက်အပံ့မပါဘဲ ဘဝကမလွယ်ကူခဲ့နိုင်သောကြောင့် လေးစားမှုပြရန်တော့ လိုအပ်သေးသည် မဟုတ်လား။

ကလေးတွေအတွက်ကတော့ ချင်ရှီးသည်  သူတို့ကို တကယ်ချစ်ပြီး သဘောကျ၍ သူတို့အတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိပါ၏။

ဖိနပ်နှင့်အဝတ်အစားများ ဝယ်ပြီးနောက် ချင်ရှီးသည် အခြား အသားအရေထိန်းသိမ်းမှုထုတ်ကုန်များနှင့် ဆောင်းရာသီလိမ်းခရင်မ်ကို ဝယ်ခဲ့သည်။ သူမဟာ နာရီပေါင်းများစွာ စျေးဝယ်ထွက်ခဲ့ပြီး အစားအသောက်နှင့် အဝတ်အစားတွေ အများကြီးဝယ်ခဲ့သည်။ နောက်ဆုံးတော့ ဘတ်စ်ကားစီးပြီးချိန်တွင် မချက်ပြုတ်နိုင်တော့အောင် ပင်ပန်းလွန်းတာကြောင့် စားဖို့သောက်ဖို့အတွက် ဆိုင်ကိုသွားပြီး ပြန်လာခဲ့ရသည်။

ကလေးတွေက အဝတ်အသစ်တွေမြင်လိုက်ရတော့ ပျော်လွန်းလို့ ဘာပြောရမှန်းမသိအောင်ဖြစ်သွားသည်။ ဒီနှစ်မှာအဝတ်အသစ်တွေအရမ်းများနေပြီး အရသာရှိတဲ့အစားအစာတွေလည်းအများကြီးရှိသေးသည်။ ကလေးတွေက ချင်ရှီးကို အလွန်အမင်းသဘောကျနေကြတော့သည်။

လုကျဲ့ထျန်း ညဘက်ပြန်ရောက်သောအခါ ချင်ရှီးဝယ်လာသော ဆွယ်တာအင်္ကျီကိုမြင်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။ သူဘာမှပြန်မပြောခင် ချင်ရှီးက သူ့လက်ထဲကို မှတ်စုစာအုပ်တစ်အုပ်ကို ထည့်လိုက်သည်။

လုကျဲ့ထျန်းက အောက်ကိုငုံ့ကြည့်လိုက်တော့ မှတ်စုစာရင်းစာအုပ်ဖြစ်နေတာတွေ့ပြီး ဖတ်ဖို့ဖွင့်လိုက်သည်။

"ဒါတွေအားလုံး ငါ့ပိုက်ဆံတွေပါ" 
ချင်ရှီးက ရှင်းပြသည်။

လုကျဲ့ထျန်းသည် စာမျက်နှာကို လှန်ကြည့်လိုက်ပြီး ခေတ္တရပ်လိုက်သည်။
"ဟုတ်ပါပြီ"

တကယ်တော့ ချင်ရှီးသည် လုကျဲ့ထျန်းက ငွေရေးကြေးရေးနှင့် ပတ်သက်၍ ငြိုငြင်တတ်သူမဟုတ်မှန်းသိပါသည်။ သူမကလည်း ငွေရှာနိုင်သည်ကိုပါ ကောင်းစွာသိသူဖြစ်သည်။

ဒီလရဲ့ အိမ်မှုအသုံးစရိတ်အများစုဟာ အထည်နှင့် ချည်ထည်တွေဖြစ်ပြီး ဒါတောင် သုံးဆယ့်ငါးယွမ်ထက် မကျော်လွန်ခဲ့ပေ။

လုကျဲ့ထျန်းက ငွေစာရင်းကိုကြည့်လိုက်တော့ ချင်ရှီး၏ ဂရုစိုက်မှုနှင့် စိတ်အားထက်သန်မှုကို သိသိသာသာမြင်နိုင်လေသည်။

ခြံထဲမှာ စိုက်ပျိုးထားတဲ့ ဟင်းသီး ဟင်းရွက်တွေကြောင့် အသီးအရွက် စရိတ်က အများကြီးလျော့သွားတော့ ချည်ဖိုးအတွက် ပိုက်ဆံကို ကာမိလိုက်တဲ့အတွက် ဒီလက ယွမ် ၃၀ ကျော်သာကုန်သည်။ အရင်လနှင့် အသုံးစရိတ် အတူတူလောက်ပင်ဖြစ်သည်။ လုကျဲ့ထျန်းက ကြည့်ပြီးနောက် စာအုပ်ကို ချင်ရှီးထံပြန်ပေးသည်။ သူက သူမကို ယုံကြည်ပါသည်။

ချင်ရှီးက သူ့ကို ပေါ့ပေါ့ပါးပါးပြန်ကြည့်နေသည်။

"တရုတ်နှစ်ကူးဆိုတော့ တပ်က ဝေစုအကျိုးအမြတ်တွေ စပေးတော့မှာ မဟုတ်လား။ ဆန်၊ ခေါက်ဆွဲနှင့် ဆီတွေ ဝယ်စရာ မလိုတော့ဘူးဆိုတော့ နောက်လရဲ့ အသုံးစရိတ်တွေ အများကြီး လျော့သွားလိမ့်မည်။ အဲ့အခါ ငါ အသားလုံးကြော်၊ ဝက်သားကြော်၊ ၊ ဝက်သားကင်တို့လုပ်ထားဖို့ အသားတွေပိုဝယ်လို့ရမလား။ အမေကလည်း အများကြီး ပို့ထားတယ်။ ငါတို့အတွက် အတော် လုံလောက်ပါတယ် "

" မင်းကြိုက်သလို ဆုံးဖြတ်နိုင်တယ် "
လုကျဲ့ထျန်းသည် ချင်ရှီးကို ကန့်ကွက်မည်မဟုတ်ပါ။ ချင်ရှီးက အိမ်ထောင်မှုထိန်းသိမ်းရာမှာ အရမ်းကောင်းတဲ့အတွက် သူ အရမ်းသက်သာရာရသွားသည်။

"အဖေအတွက် နောက်ထပ် စစ်အင်္ကျီတစ်ထည် ထပ်ယူဖို့ မေမေကမပြောဘူးလား။ တစ်ထည်ရလာတဲ့အခါ ပေးရအောင်။ ငါ အင်္ကျီနှစ်ထည်လုပ်ပြီး မင်းအစ်မနဲ့ အမေဆီ ပို့လိုက်မယ်"
ချင်ရှီးက လက်ခုပ်တီးကာ ပြောလိုက်သည်။
"ငါလုပ်ထားတာတဲ့ အချဉ်နဲ့အချိုကြက်သွန်ဖြူ နှစ်ဗူးလည်း ပေးရမယ်"

"ဒီနှစ်မပြန်နိုင်ဘူးဆို‌တော့ နောက်နွေရာသီ ဒါမှမဟုတ် ဆောင်းရာသီ အားလပ်ရက်မှာ ငါတို့ကလေးတွေကို ပြန်ခေါ်လာရင်း အလည်လာမယ်ဆိုပြီး မိသားစုကို စာရေးလိုက်ဦး"

"နင်နဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတွေကို လက်ဆောင်တွေ ပေးလေ့ရှိကြသလား။ အရင်နှစ်တွေက ဘာပေးကြလဲ"

"ဒီမှာ ကလေးတွေရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်တဲ့ ဓလေ့ရှိသလား။ ငါ တစ်ခုခု ပြင်ဆင်ရဦးမလား။ နင်တို့ နှစ်သစ်ကို ဂုဏ်ပြုတဲ့ပွဲရော လုပ်ကြလား"

"ပြီးတော့...……"

ချင်ရှီးသည် နေ့စဉ်အသေးအဖွဲကိစ္စများအကြောင်းကစ အများအပြား စကားပြောနေပြီး လုကျဲ့ထျန်းသည် သူမ ဘေးတွင်ထိုင်ကာ မကြာခဏ စကားအနည်းငယ်ဖြေကြားကာ တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေခဲ့သည်။

လုကျဲ့ထျန်းသည် မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းများ ရေးနေသော ချင်ရှီးကို ကြည့်ပြီး သူမှာတစ်ခါမှမဖြစ်ခဲ့ဖူးသော သိမ်မွေ့သည့်မျက်လုံးများဖြင့် ကြည့်နေသည်။

ကလေးတွေက ဆောင်းရာသီအားလပ်ရက်ရဖို့နီးလာပေမဲ့ ချင်ရှီးက ပိုပိုပြီး အလုပ်များလာသည်။ အိပ်ခန်းကြီးကလည်း နေရာလွတ်သွားပြီး အပူပေးကုတင် တည်ဆောက်ဖို့ လူတွေကို ငှားလိုက်သည်။ ကလေးတွေက ညဘက်မှာ ချင်ရှီးနှင့် လုကျဲ့ထျန်းတို့ဆီ အိပ်ကြပြီး အပူပေးကုတင် မပြီးမချင်း အတူအိပ်ကြမည်ပင်။

အမြွာများသည် ချင်ရှီးဘေးနားတွင် နေ့တိုင်း ဘေးကင်းစွာ သက်တောင့်သက်သာ အိပ်ချင်ကြသည်။

ချင်ရှီးသည် သူတို့အား သီးခြားလွတ်လပ်စွာ အိပ်တတ်ရန် ရည်ရွယ်၍ အိပ်ခန်းကြီးပြီးစီးသွားလျှင် အတူအိပ်ရန် ခွင့်ပြမည်မဟုတ်ပါ။

နောက်ပိုင်းတွင် အတွင်းခန်းဒီဇိုင်းကိုလည်း လေးလေးနက်နက် ပြင်ဆင်ရမည်။ ဤမျှကျယ်ဝန်းသောအခန်းဖြင့် အိပ်ခန်းလေးခန်းသည် လုံလောက်သည်ထက် ပိုပါသည်။ မီးဖိုချောင်အခန်းကို ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်ပြီး မိုးလုံလေလုံ ရေဆေးကန်တစ်ခုထားရှိလျှင် သင့်တော်လှပမည်ဖြစ်သည်။

ဤသည်မှာ ကြီးမားသောပရောဂျက်တစ်ခုဖြစ်သည်။ ချင်ရှီးသည် အခြားသူများအတွက် အဝတ်အစားများကို ပြုလုပ်ပေးရန် အရွယ်အစားကို တိုင်းတာရင်း အခန်းဒီဇိုင်းအလှစဉ်ရန် ပုံဆွဲကာ တဖြည်းဖြည်းချင်း နေ့စဉ် အချိန်ယူခဲ့သည်။

အင်္ကျီနှစ်ထည်ကို အပြီးသတ်ပြီးနောက် မော့လင်အတွက် ဦးစွာ အင်္ကျီတစ်ထည်လုပ်ပြီးသောအခါ ကလေးများသည် ဆောင်းရာသီအားလပ်ရက်တွင် အနားယူကြမည်ဖြစ်သည်။

ကုချင်းဟိုင်သည် ကျောင်းတက်ရန် မလိုအပ်တော့ဘဲ အမြွှာများနှင့် ကြောင်ကို ကြည့်ရှုစောင့်ရှောက်ကာ ချင်ရှီးအား အလုပ်ငယ်များလုပ်ပေးခြင်းဖြင့် ကူညီခဲ့ပြီး သူမအား ဒုက္ခများစွာမှ ကယ်တင်ခဲ့၏

ဒါပေမဲ့ ကုချင်းဟိုင်၏ ကလေးနှင့်မလိုက်အောင် အလွန်သတိထားတတ်သည့် စရိုက်သဘာဝပျောက်ကွယ်သွားပြီးနောက်ပိုင်း အချိန်အတော်များများက  အမြွာများနှင့် ဆော့ကစားနေတတ်လွန်းတာကြောင့် ချင်ရှီးအတွက် ကောင်းမွန်တဲ့နေ့ရက်တွေက ကြာရှည်မခံလိုက်ပါဘူး။

ကြောင်က ကြီးလာပြီး ကတ်ထူသေတ္တာထဲကနေ ခုန်ထွက်နိုင်နေပြီ။ ချင်ရှီး အိပ်ရာကထချိန် မနက်တိုင်း ကြောင်က ထိုင်ခုံပေါ်မှာ ကပ်လျက် သက်တောင့်သက်သာ အိပ်ပျော်နေတာကို သူမ မြင်နေရသည်။

ချင်ရှီးသည် ကြောင်များကို နှစ်သက်ဆဲဖြစ်သော်လည်း ကြောင်မွေးများကျွတ်ခြင်းကို သူမ မနှစ်သက်ပါ။ ကလေးများသည် ကြောင်များကို ကုတင်နှင့် ဆိုဖာပေါ်၌ ပွေ့ဖက်ထားခြင်းမရှိသော်လည်း အမွှေးများက နေရာအနှံ့ ရှိနေတတ်သည်။

ချင်ရှီးက ကြောင်ကို ထိုင်ခုံပေါ်မတက်ရန်တားဆီးထားသော်လည်း ဒါက မဖြစ်နိုင်ပါဘူး။ လူတိုင်းက ညဘက်မှာ အိပ်ပျော်နေကြပြီး ကြောင်က ထိုင်ခုံပေါ်တက်လား မတက်လားဆိုတာကို ဂရုမစိုက်နိုင်ပါဘူး။ ဘယ်သူမှ မတွေ့ရင် ကြောင်က ခုန်တက်လိုက်ယုံပါဘဲ။

ချင်ရှီးသည် ကြောင်တစ်ကောင်ကို ကိုယ်တိုင်မမွေးမြူဖူးပါ။ သူမသည် အခြားသူများ၏ အိမ်မွေးတိရိစ္ဆာန်များကိုသာ ချစ်ခင်ဖူးသောကြောင့် ကြောင်တစ်ကောင်ကို မွေးမြူခြင်းသည် အမှန်တကယ်ပင် ဒုက္ခများကြောင်း သူမ မသိပေ။

ကြောင်များသည် ခွေးများကဲ့သို့ နာခံမှု မရှိကြပေ။ ကြောင်များသည် သူတို့လိုချင်သမျှကို လုပ်နိုင်သော အမျိုးအစားဖြစ်ပြီး သူတို့ကို မည်သူမှ မတားနိုင်ပေ။

ချင်ရှီးက ဆိုဖာပေါ်မတက်အောင် ဘယ်လိုတားဆီးထားပါစေ သူ့မှာရှိသည့် ပယင်းလို မျက်လုံးကြီးနှစ်လုံးကို ဖွင့်ထားပြီး အပြစ်ကင်းစင်၍ ရိုးရိုးရှင်းရှင်း "မြောင်" ဟုမြည်တမ်းကာ နားမလည်သလိုသာနေလိမ့်မည်။

ယခုအခါတွင် ကြောင်အီအီးပါဖို့အတွက် လုပ်ထားသည့် သီးသန့်ဗန်းကလေးများမရှိပါ။ ခြံဝင်းအနှံ့ ကြောင်အီအီးများရှိနေပြီး ဒီနေ့ ဒီနေရာဆိုလျှင် နောက်နေ့ ဟိုနေရာမှာ ရှိနေတတ်သည်။ တစ်ခါက
လည်း ဟင်းသီးဟင်းရွက်ခင်းထဲတွင် အီအီးပါထားပြီး ချင်ရှီးက နင်းလုနီးပါး ဖြစ်သွားရသည်။

ဒေါသထွက်နေသော ချင်ရှီးသည် မိန်ချုံ၏ လည်ကုပ်ကို ကောက်ယူ၍ ကျပန်းအီအီးပါထားသည့်နေရာကို လက်ညှိုးထိုးပြကာ ပြင်းထန်စွာ ဆုံးမလိုက်သည်။ ထိုအချိန်တွင် မိန်ချုံလေးက  မျက်လုံးထဲတွင် မျက်ရည်စများ ကလည်ကလည်ဖြစ်လာ၏။ သို့သော် ချင်ရှီးသည် သည်းမခံနိုင်တော့ပေ။

'ဒီတစ်ကြိမ်‌တော့ အပြစ်ပေးမှရမယ်'

နဂါးနှင့်ဖီးနစ်အမြွာက ဘေးမှာ မျက်ရည်တွေနှင့် လာရပ်နေ၏။
"မေမေ၊ မဆူပါနဲ့။ သူက ငယ်သေးတာဘဲ။ ဖြည်းဖြည်းသင်ပေးလိုက်ပါ"

"သူ ငိုတော့မယ်။ သနားစရာလေး"

ချင်ရှီး : ……

ချင်ရှီးသည် သနားစရာကောင်းသော မျက်လုံးများဖြင့်ရှိနေကြသည့် ကလေးနှစ်ယောက်နှင့် ကြောင်တစ်ကောင်ကို ကြည့်ပြီး ရုတ်တရက် ဒေါသစိတ်ပျောက်ကာ မိန်ချုံကို အောက်ချလိုက်ယုံသာ တတ်နိုင်တော့သည်။

ချင်ရှီးသည် အညစ်အကြေးများကို နံရံထောင့်သို့ တွန်းထုတ်လိုက်ပြီး မိန်ချုံကို ပွေ့ဖက်ကာ သူ၏ခြေသည်းသေးသေးများကို ဆွဲယူကာ အညစ်အကြေးများ မြှုပ်နှံရန်အတွက် မြေကြီးကို တူးစေသည်။

ချင်ရှီးသည် မိန်ချုံအား အီအီးများကို စိတ်ရှည်စွာ တွန်းထုတ်၍ သတ်သတ်မှတ်မှတ် နေရာတွင်ထားကာ မြှုပ်တတ်ရန် သင်ပေးသည်။ နှစ်ရက်အတွင်းတွင် မိန်ချုံလေးသည် ထိုအရာကို သိရှိလာကာ အီအီးပါချင်လာသည့်အခါတိုင်း ခြံထောင့်စွန်းသို့ ပြေးသွားပြီး ပြီးစီးသွားလျှင် မြေမြှုပ်၏။

"အာ…မိန်ချုံက အရမ်း ဉာဏ်ကောင်းတာဘဲ"

အမြွာလေးတွေက စိတ်လှုပ်ရှားလာပြီး ချင်ရှီးလည်း အရမ်းသဘောကျသွားသည်။ ဉာဏ်ကောင်းတဲ့ကြောင်လေးမို့ အဆင်ပြေပါသည်။

သို့သော် ထိုင်ခုံပေါ် ခုန်တက်အိပ်ရတာကိုတော့ ကြိုက်သေးသည်။ ချင်ရှီးသည် အသိပညာပေးတာကို ဇွဲရှိရှိနှင့် လုပ်ပေးနေပေမဲ့ သင်ပြနေတုန်းသာ အကျင့်စာရိတ္တကောင်းမွန်ပြီး ညဘက်မှာ ဆက်၍ခုန်တက်လာကာ အိပ်နေတာကြောင့် လုံးဝ ပြောင်းလဲလို့မရပါချေ။

တစ်လကြာပြီးနောက် ချင်ရှီလည်း သင်ပြပေးရန် စွန့်လွှတ်လိုက်သည်။
ကြောင်က အိပ်ယုံသတ်သတ်ဘဲ မဟုတ်လား…အီအီးပါတာမှ မဟုတ်တော့တာ။

'ထိုင်ခုံကို ခြစ်မိလို့တော့မဖြစ်ဘူး'

ရက်တွေကြာလာတော့ တရုတ်ရိုးရာပြက္ခဒိန်က ၁၂ လမြောက်သို့ ဝင်လာသည်။ စစ်တပ်ထဲကလူတွေက နှစ်သစ်ကူးပစ္စည်းတွေကို စတင်ပြင်ဆင်ကြပြီး အိမ်တိုင်း သန့်ရှင်းရေးလုပ်ကြသည်။

လုမိသားစုအိမ်သည် သန့်ရှင်းရေးလုပ်ရန် မလိုအပ်ပေ၊ အမှိုက်များလွှင့်ပစ်ပြီးသွားသည်မှာ မကြာသေးပေ။ ထို့ကြောင့် အခြားသူများ သန့်ရှင်းရေးလုပ်နေချိန်တွင် ချင်ရှီးက အစားအစာကို စတင်ချက်ပြုတ်သည်။

ဒီနေ့ အသားလုံးကြော်နှင့် ကိတ်မုန့်၊ မနက်ဖြန် ဝက်သားပေါင်းနှင့် သဘက်ခါမှာ ခရိုင်ကိုသွား၍ ရေဘဝဲတွေဝယ်ပြီး ရေဘဝဲကြော်သည်။

မုန့်ဖုတ်တဲ့ မီးဖိုက နေ့တိုင်းတောက်လောင်နေတော့ အဲ့ဒီရနံ့က အဝေးကို ပျံ့လွင့်သွား၍ အိမ်နီးနားချင်းတွေကို သေတဲ့အထိတောင် လောဘကြီးစေသည်။

ကလေးတွေက လူကြီးတွေကို (အိမ်မှာချက်ပြုတ်ထားသည့်) ထမင်းမစားချင်လို့ အော်ဟစ် နှောင့်ယှက်ကြပြီး လူကြီးတွေက ပင်ပင်ပန်းပန်း လုပ်ရတဲ့နှစ်လို့ ထင်နေကြတော့သည်။

တရုတ်နှစ်သစ်ကူးက နီးကပ်လာပြီဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင် တပ်နယ်မြေအတွင်း နေရာတိုင်းမှ အနံ့အသက်များ ပျံ့လွင့်လာကာ မိသားစုတိုင်း နံနက်ခင်းမှာ အသားများကို ဝယ်ယူကြသည်။

တရုတ်နှစ်သစ်ကူး နီးလာလေလေ ခြံတွင်းလေထုက ပိုပို၍အသက်ဝင်လာလေလေဖြစ်သည်။ အဝတ်အစားအသစ်များပြောင်းလဲ၍ တွဲဆိုင်းများတင်ကာ အိမ်ပေါက်ဝတွင်ချိတ်ရန် မီးပုံးအနီလေးများ ပြုလုပ်ကြသည်။

ကလေးတွေက အစားအသောက်မျိုးစုံကို လက်ထဲမှာကိုင်ပြီး အုပ်စုလိုက် ပြေးလွှားရင်း အရမ်းပျော်နေကြသည်။ သူတို့တွေက တရုတ်နှစ်သစ်ကူးကို အရမ်းချစ်ကြသည်။

ချင်ရှီးလည်း အရမ်းကြိုက်ပါသည်။ နောက်ပိုင်းတော့ မျိုးဆက်သစ်တွေရဲ့ နှစ်သစ်ကူးအကြိုဟာ အခုခေတ်လို အသက်ဝင်တော့မှာ မဟုတ်ပါ။

၂၃ ရက်နေ့....

ချင်ရှီးသည် နံနက်စောစော မီးရှူးမီးပန်းပစ်သံကြောင့် နိုးလာခဲ့သည်။ အပြင်ဘက်မှ ပေါက်ကွဲသံများကို နားထောင်ကာ အဝတ်အစားများ ဝတ်လိုက်ပြီး အိပ်ရာထသည်။

အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ချင်ရှီးသည်  မီးပုံးပစ်သံကြောင့် လန့်နေသော မိန်ချုံကို အမွှေးထောင်လျက် မြင်လိုက်ရသည်။  သူ၏ အမြီးပေါ်ရှိ အမွှေးများသည် မီးရှူးမီးပန်းသံကြောင့် ကြောက်လန့်တကြားဖြစ်ကာ ထောင်ထနေသည်။

ချင်ရှီးသည် မိန်ချုံကို ရယ်မောလျက် ကောက်ချီလိုက်ပြီး ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး ပွတ်သပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွား၍ လိုက်ကာစကို လက်တစ်ဖက်ဖြင့် ဖွင့်လိုက်သည်။

တခဏချင်းမှာဘဲ ကြီးမားကျယ်ပြန့်တဲ့ အဖြူရောင်အလွှာတစ်ခု ပေါ်လာပြီး ချင်ရှီးက အပြင်မှာ နှင်းတွေထူထပ်နေတဲ့ ကောင်းကင်ကြီးကို လှမ်းကြည့်ရင်း အံ့အားသင့်သွားသည်။

"နှင်းတွေလား"

"နှင်းတွေကျနေတယ်ပေါ့"

ချင်ရှီးက ငန်းမွေးလို နှင်းပွင့်လေးများနှင့် ထူထဲသော အဖြူရောင်နှင်းထုလွှာကို အလိုအလျောက် စိုက်ကြည့်နေမိသည်။

'သေရော'
ချင်ရှီးသည် သူမစိတ်ထဲတွင် ဆဲဆိုလိုက်မိသည်။ သူမ စိတ်လှုပ်ရှားလွန်းနေပြီး ဤမျှ ထူထပ်သော နှင်းများကို သူမ မျက်လုံးဖြင့် တစ်ခါမှ မမြင်ခဲ့ဖူးပါ။

အရင်ဘဝတုန်းက ဗီဒီယိုထဲမှာဘဲ မြင်ခဲ့ရပြီး လက်တွေ့မှာ တစ်ခါမှမမြင်ဖူးပေ။

'ဒီတောင်ပိုင်းသားက မသိနားမလည်တဲ့အတွက် ခွင့်လွှတ်ပါ'

ချင်ရှီးသည် မိန်ချုံကိုချကာ ဖိနပ်ကိုစီး၍ တံခါးကိုဖွင့်လိုက်သည်။ ခဏမှာပင် အေးစိမ့်သောလေနှင့် နှင်းပွင့်များသည် အိမ်ထဲသို့ ပြေးဝင်လာပြီး ချင်ရှီးသည် အအေးဒဏ်ကြောင့် တုန်လှုပ်သွားသည်။

သို့သော် သူမ ရယ်မောကာ ရှေ့နှစ်လှမ်းတိုး၍ ကြွေလွင့်ကျဆင်းနေသော နှင်းပွင့်များကို ဖမ်းရန် လက်လှမ်းလိုက်သည်။

နှင်းပွင့်များစွာသည် ကြီးမားသောနှင်းပွင့်ခဲများဖြစ်လာစေရန် ပေါင်းစည်းထားကြသည်။ ချင်ရှီးသည် အနီးကပ်ကြည့်ရှုလိုက်ရာ နှင်းပွင့်များသည် အမှန်တကယ်ပင် ဗီဒီယိုထဲမှာမြင်ဖူးသည့် နှင်းပွင့်များနှင့်တူသည်ကို တွေ့လိုက်ရသောကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။

လက်ဖဝါးတွင် အပူချိန်များလွန်းသဖြင့် နှင်းပွင့်များသည် လျင်မြန်စွာ အရည်ပျော်သွားသည်။ ချင်ရှီးသည် အအေးဒဏ်ကို ဂရုမစိုက်ဘဲ နှင်းပွင့်များကို ဖမ်းရန် လက်ဆန့်ပြီး စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

အတန်ကြာအောင်ကြည့်ပြီးနောက် ချင်ရှီးသည် ရှေ့နှစ်လှမ်းတိုးကာ ခြံဝင်းအတွင်းရှိ နှင်းများကို အစမ်းဖိ၍ ခြေလှမ်းကြည့်သည်။

ဆင်းလိုက်သည်နှင့် အိခနဲဖြစ်သွားသည့် အသံတိုးတိုးသည် ချင်ရှီးကို တိုးညှင်းသော အသံဖြင့် မအော်ဘဲ မနေနိုင်တော့ချေ။

သူမ စိတ်လှုပ်ရှားလာပြီး အခြားခြေတစ်လှမ်းကို နှင်းများထဲသို့ လှမ်းချလိုက်သည် ။

'အရမ်းပျော်စရာကောင်းတာဘဲ'

ချင်ရှီးသည် ကစားခြင်းကို စွဲလန်းနေပြီး သူမ လှည့်၍ နှင်းပေါ်သို့ ခုန်တက်ခါနီး၌ တံခါးဝတွင် ရပ်နေသော လုကျဲ့ထျန်းက နှုတ်ခမ်းပေါ် အပြုံးတစ်ခုဖြင့် သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချင်ရှီး : ……

ချင်ရှီးရဲ့ လှုပ်ရှားမှုတွေက အေးခဲသွားတော့သည်။

_***_



Zawgyi

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Dove le storie prendono vita. Scoprilo ora