အပိုင်း (၆၁)
'ဘာကြောင့် သီးခြားအခန်းမှာ ခွဲအိပ်ရတာလဲ'
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် သဘောတူညီချက်အရ လက်ထပ်ခဲ့ခြင်းဖြစ်ပြီး တကယ့်စုံတွဲမဟုတ်သောကြောင့် ဖြစ်သည်။
ဒါပေမဲ့ ဒါကို ကလေးတွေကို ပြောလို့ရနိုင်မှာတဲ့လား။ ဒါက မဖြစ်နိုင်ဘူးလို့ဘဲ ဆိုလိုရလိမ့်မည်။
သူတို့၏ ပဟေဠိဆန်သော အမူအရာများနှင့် ထူးဆန်းသော မျက်လုံးများကို မြင်လိုက်ရတော့ ချင်ရှီးက အနည်းငယ် ပြုံးလိုက်သည်။
လုကျဲ့ထျန်း၏ မျက်လုံးများသည် ချင်ရှီးကို လိုက်ကြည့်နေကာ သူမ ဘာပြောမည်ကို သိချင်နေသည်။ သူ့နှလုံးသားထဲတွင် ထိုထိုသော မျှော်လင့်ချက်အရိပ်အယောင်များ ရှိနေသည်။
"လူတိုင်းက ကိုယ်ပိုင်နေရာလိုအပ်တယ်။ စုံတွဲတွေဆိုတိုင်း အတူတူအိပ်ရမှာ မဟုတ်ပါဘူး"
အန်အန်းက ခေါင်းညိတ်သည်။
"အိုး..."
ဖျင်ဖျင်က မျက်တောင်ခတ်ပြီး ဆက်ပြော၏။
"ဒါပေမဲ့ အဘွားအိမ်မှာတုန်းက အတူတူအိပ်တာဘဲလေ။ ဒီကိုရောက်မှ ဘာလို့ ထူးထူးဆန်းဆန်း ပြောင်းသွားရတာလဲ"
ချင်ရှီး : "ငါတို့ အဘွားအိမ်မသွားခင်က ခွဲအိပ်ကြတယ်မလား။ အဘွားရဲ့အိမ်မှာ အခန်းတွေ အများကြီးမရှိလို့ ငါတို့အတူတူအိပ်ကြရတယ်။ တကယ်တော့ မင်းအဖေနဲ့ ငါက သီးခြားအခန်းတွေနဲ့ အိပ်ရတာ ပိုကြိုက်တယ်။
မင်း ကြီးလာရင် မင်းတစ်ယောက်တည်း အခန်းထဲမှာ အိပ်ရတာကို ကြိုက်လာလိမ့်မယ်။ လူတွေမှာ ကိုယ်ပိုင်နေရာ ရှိရမယ်လေ"
လုကျဲ့ထျန်းက ထုတ်ဖော်ပြောဆိုခြင်းမရှိသောကြောင့် သူ့အတွင်းစိတ်တွေကို ဘယ်သူမှ မမြင်နိုင်ပါ။
ဖျင်ဖျင်သည် ထက်မြက်သော်လည်း ငယ်ရွယ်သေးပြီး တကယ့်ဇနီးမောင်နှံဆိုသည်က မည်သို့မည်ပုံရှိသည်ကို မသိသည့်အပြင် အခြားသူများ၏ မိဘများနှင့်လည်း မတွေ့ဖူးကာ ချင်ရှီး၏ လေးနက်သော ရှင်းလင်းချက်များကြားပြီးနောက် သူ စိတ်ရှုပ်သွားသည်။
ဖျင်ဖျင်သည် လုကျဲ့ထျန်းကို ကြည့်လိုက်သည်။
"ဖေဖေ...ဟုတ်လား"
လုကျဲ့ထျန်းက သူ့နှုတ်ခမ်းတွေကို ပေါ့ပေါ့ပါးပါး ပွတ်သပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ကုချင်းဟိုင်က တစ်ခုခုပြောဖို့ပြင်နေစဉ် ချင်ရှီးက အရင်ပြောလိုက်ပြီး လိမ္မာပါးနပ်စွာ လမ်းကြောင်းပြောင်းလိုက်သည်။
"ကောင်းပြီ။ အခန်းတွေကြည့်ပြီးပြီဆို တော့ အဘွားကျောင်းရဲ့အိမ်က မိန်ချုံကို သွားခေါ်ဖို့ အချိန်တန်ပြီ။ ငါနဲ့ လိုက်ချင်တဲ့သူတွေ ရှိလား"
"ကျွန်တော်...ကျွန်တော်...ကျွန်တော်သွားမယ်"
ဖျင်ဖျင်သည် အားအင်များ ပြန်လည်တက်ကြွလာသည်။ သူတို့တွေ မတွေ့ဖြစ်ကြတာ ကြာပြီမဟုတ်လား။
ချင်ရှီး၏ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ရင်း ကုချင်းဟိုင်က ရုတ်တရက်ပြောသည်။
"ကျွန်တော် ကလေးမဟုတ်ဘူး"
"အွန်း"
လုကျဲ့ထျန်းက ပြန်ဖြေသည်။
လုကျဲ့ထျန်းက ထပ်မံ၍ မတုံ့ပြန်တာကိုမြင်တော့ ကုချင်းဟိုင်က ဆက်ပြောသည်။
"ဖျင်ဖျင်နဲ့ အန်အန်းလောက် (ကျွန်တော့်ကို) လိမ်ဖို့မလွယ်ဘူး ဖေဖေ။ ဖေဖေနဲ့မေမေက ဘာလို့ တစ်ခန်းတည်းမအိပ်ရတာလဲ"
လုကျဲ့ထျန်းကလည်း ရှင်းရှင်းလင်းလင်း ပြောလိုက်ချင်ပါသည်။
'သူ(မ)နဲ့ တစ်ခန်းတည်း အိပ်ချင်တာပေါ့'
သို့ပေမဲ့ လက်ရှိ အခြေအနေက ခွင့်မပြုပါဘူး။
လုကျဲ့ထျန်းက ကုချင်းဟိုင်ကို လိမ်လည်ပြောနိုင်ပေမဲ့ အဓိပ္ပါယ်မဲ့စကားကို တကယ်မပြောချင်တာကြောင့် ဒီမေးခွန်းကို မဖြေဘဲ အခြားစကားပြော၏။
"ကျောင်းစဖွင့်တော့မှာမလား။ မင်းအိမ်စာတွေကို သေချာစစ်ကြည့်နော်"
ကုချင်းဟိုင် စိတ်ခုသွား၏။
"ဖေဖေ ဘာလို့ပြန်မဖြေတာလဲ။ သာမန်အားဖြင့် မိသားစုတွေမှာ မိဘနှစ်ပါးစလုံးက အတူတူအိပ်ကြတာ။ ဖေဖေတို့က ဘာလို့ သီးခြားအိပ်ကြတာလဲ။ ရန်ဖြစ်ထားကြတာလား"
ကုချင်းဟိုင်က တစ်ကိုယ်မေးနေရင်း အံ့ဩနေသည်။
"ဒါပေမဲ့ အရင်က အဘွားအိမ်မှာတုန်းက သီးသန့်မအိပ်ကြဘဲ အတူတူအိပ်ခဲ့တာပါ။ အဘွားအိမ်မှာတုန်းက ဟန်ဆောင်နေကြတာလား။ ရန်ဖြစ်ထားကြတာကို အဘွားသိသွားမှာ စိုးရိမ်လို့လား"
ကုချင်းဟိုင်က မေးပြီးနောက် လက်ကိုဆန့်ကာ ခေါင်းကုတ်ပြန်သည်။
" ဒါပေမဲ့ ဖေဖေတို့ရဲ့ဆက်ဆံရေးက ခါတိုင်းလိုပါဘဲ။ စကားများငြင်းခုံတာလည်း မရှိပါဘူး ဘာလို့လဲ..."
လုကျဲ့ထျန်းသည် စိတ်ဆင်းရဲနေတဲ့ ကုချင်းဟိုင်ကို ဖြတ်ပြောလိုက်သည်။
"ကလေးက ဘာတွေတွေးနေတာလဲ။ စိတ်မပူပါနဲ့။ ငါတို့ စကားမများကြဘူး"
ကုချင်းဟိုင်ကပြောသည်။
" မယုံဘူး။ ဒါဆို ဘာလို့ သီးခြားအခန်းမှာ အိပ်ရတာလဲ"
လုကျဲ့ထျန်း :"မင်းအမေက ကြိုက်လို့"
ကုချင်းဟိုင်သည် လုကျဲ့ထျန်းပြောတာကြားပြီးနောက် စိတ်အားထက်သန်စွာဖြင့် အချက်အလက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
"ဒါဆို ဆိုလိုတာက ဖေဖေကတော့ မကြိုက်ဘူးလား"
လုကျဲ့ထျန်း : "..."
လုကျဲ့ထျန်းက (အတူအိပ်ရမှာကို) သဘောကျတယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ချင်ရှီးနှင့် ဘာမှ မပတ်သက်သေးဘူး။ ဒါဆို (အတူအိပ်ရမှာကို) သူသဘောကျရင်လည်း ဘာလုပ်နိုင်မှာလဲ။ သူမကို လိုက်ပိုးပန်းနေဆဲဖြစ်နေပေမဲ့ သူနဲ့ တစ်ခန်းတည်း မအိပ်ချင်ဘူးဆိုရင် သူမ၏သဘောထားကို လေးစားရမှာ မဟုတ်လား။
"မင်းကြီးလာရင် သိလိမ့်မယ်"
လုကျဲ့ထျန်းက ထိုအကြောင်းအရာကို မရှင်းပြနိုင်တော့ဘဲ ဒီစာကြောင်းကိုသာ ချန်ထားပေးလိုက်တော့သည်။
"ညစာဝယ်ဖို့ ဆိုင်ကို သွားတော့မယ်။ မင်းအမေပြန်လာရင် သူ့(မ)ကိုပြောလိုက်ပါ"
ကုချင်းဟိုင်က သူ့ကို စိတ်ရှုပ်ထွေးနေသည့် မျက်နှာဖြင့် ကြည့်နေသည်။
"ကြီးလာရင်လား.... ကျွန်တော်က ဘယ်တော့ ကြီးမှာလဲ"
"ကလေးတွေက ဝင်စွက်ဖက်ဖို့အခွင့်အရေးမရှိသေးဘူး။ ဒါကြောင့် ဘာမှပြန်မပြောတော့ဘူး"
ကုချင်းဟိုင်က ဒေါသတကြီး ငြီးတွားလိုက်သည်။
"စိတ်ညစ်စရာဘဲ"
သိပ်မကြာခင်မှာဘဲ ချင်ရှီးက အရမ်းကြီးထွားလာတဲ့ ကြောင်နက်တစ်ကောင်နှင့်အတူ ပြန်လာသည်။
ကုချင်းဟိုင်သည် အနည်းငယ် အံ့အားသင့်သွားပြီး မိန်ချုံက အဘယ်ကြောင့် ဤမျှကြီးကြီးမားမားဖြစ်အောင် ထွားလာရသနည်းဟု တွေးမိသည်။ သူသည် မိန်ချုံကို ဒုတိယအကြိမ်မြောက် ကြည့်ပြီးနောက် ကြောင်ကို အာရုံစိုက်နေတာ ရပ်လိုက်ပြီး ချင်ရှီးကို အာရုံစိုက်လိုက်သည်။
'တစ်ခန်းတည်းမှာ ဘာလို့မအိပ်ကြတာလဲ'လို့ ဆက်တွေးနေဆဲဖြစ်သည်။
ချင်ရှီးသည် ကုချင်းဟိုင်၏အကြည့်ကို သဘာဝကျစွာ ခံစားမိပြီး အမှန်အတိုင်းပြောရန် မဖြစ်နိုင်သောကြောင့် သူမသည် မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
ထမင်းစားပြီးနောက် အမြွှာနှစ်ယောက်သည် ခဏတာကစားကြပြီး အိပ်ငိုက်လာကာ နှစ်ထပ်ကုတင်တွင် အတူတူအိပ်ကြသည်။
ကုချင်းဟိုင်သည် အနည်းငယ်အိပ်ငိုက်နေသော်လည်း အိပ်မပျော်နိုင်ဘဲ တစ်ယောက်တည်းရှိနေသော ချင်ရှီးထံသို့ အခွင့်အရေးယူကာ လာမေးသည်။
"မေမေ... ဖေဖေနဲ့ ဘာလို့ တစ်ခန်းတည်းမအိပ်တာလဲ"
အသေးအဖွဲပစ္စည်းတွေကို ခွဲထုတ်နေတဲ့ ချင်ရှီးက သေတ္တာပုံးကြီးထဲက တစ်ခုခုကို ထုတ်ယူလိုက်ပြီး သူမရဲ့ နှလုံးသားထဲမှာ သက်ပြင်းချမိရင်း ကုချင်းဟိုင်က ဒီလောက်ထိ အတွေးကြာရှည်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ဒီမေးခွန်းကို မင်း ဘာလို့ အရမ်းဂရုစိုက်နေတာလဲ"
ချင်ရှီးက သူ့ကို ပြန်မေးသည်။
"သာမန်လင်မယားနှစ်ယောက်က တစ်ခန်းတည်းအိပ်ကြတာ။ မေမေတို့က သီးခြားအိပ်နေတယ်ဆိုတာက ထူးဆန်းတယ်လို့ အမြဲခံစားရတယ်။ တခြားအိမ်တွေမှာ ဒီလိုမဟုတ်ဘူး"
ချင်ရှီးက ငုံ့ပြီး အိတ်ကို သေတ္တာကြီးထဲကနေ ထုတ်လိုက်၍ ကုချင်းဟိုင်ကိုကြည့်သည်။
"ငါတို့က ဘာလို့ တခြားသူတွေကို ဂရုစိုက်ရမှာလဲ။ ငါတို့ဟာ ကိုယ့်ဘဝနဲ့ကိုယ်လေ။ တခြားသူတွေနဲ့ နှိုင်းယှဉ်စရာ မလိုဘူး"
ကုချင်းဟိုင်က အနည်းငယ် လန့်သွားသည်။ ချင်ရှီးက ဒီလိုပြောမယ် ဆိုတာ နည်းနည်းမှ သတိမထားမိပါဘူး။
"လူတိုင်းဟာ ကိုယ်ပိုင်ဘဝနေထိုင်နည်းတွေရှိကြပြီး မိသားစုတိုင်းရဲ့ အခြေအနေတွေကလည်း မတူကြဘူး။ အကောင်းအဆိုး၊ ဆင်းရဲချမ်းသာဆိုတာလည်း ရှိတယ်"
ချင်ရှီးက ပြုံးပြီး ဆက်ပြောသည်။
"ငါတို့ တခြားသူတွေနဲ့ ဝေမျှလို့မရတဲ့ ကိုယ်ပိုင်ဘဝလမ်းစဉ်လို အရာတွေ အများကြီးရှိတယ်။
သူများတွေရဲ့ ထင်မြင်ချက်ကို သိပ်ဂရုမစိုက်ပါနဲ့။ အရေးကြီးဆုံးအရာက မင်းကိုယ်တိုင်ပါဘဲ"
ကုချင်းဟိုင်ဟာ ဘဝအခြေခံသဘောတရားတွေ အများကြီးကို သွန်သင်ခံလိုက်ရပြီး သူ့မျက်လုံးတွေက အနည်းငယ်ရှုပ်ထွေးနေလျက် နားလည်မှုတစ်ဝက်လောက်သာရှိခဲ့သည်။ နားလည်တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ထိုးထွင်းသိမြင်စွာ နားမလည်နိုင်ခဲ့ပါ။
"အများကြီးမတွေးပါနဲ့။ ဝင်အိပ်ပြီး အိပ်ယာအသစ်ကို ခံစားလိုက်ပါဦး"
ချင်ရှီးက သူ့ကို ပြုံးပြုံးလေးကြည့်ရင်းပြောသည်။
"နိုးလာပြီးရင် ငါ့ကို အလုပ်လာလုပ်ကူပေး။ အိမ်ကို သေချာသန့်ရှင်းရေးလုပ်ရအောင်"
ကုချင်းဟိုင်က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်ပြီး သူ့အခန်းကို ပြန်တဲ့လမ်းမှာ ချင်ရှီး ပြောခဲ့တာတွေက သူ့စိတ်ထဲမှာ ရှိနေတုန်းပင်။
အခန်းထဲသို့ရောက်ပြီးနောက် ကုချင်းဟိုင်က အောက်ဘက်အိပ်ယာပေါ်တွင် အိပ်ပျော်နေကြသော ဝက်ကလေးနှစ်ကောင်ကိုတွေ့သောအခါ ရုတ်တရက် အသိစိတ်ပြန်ဝင်လာသည်။
ကုချင်းဟိုင်က တံခါးအနားအကွာအဝေးကနေ ချင်ရှီးကို ပြန်လှည့်ကြည့်လိုက်ရင်း သူမက ပစ္စည်းတွေစီစဉ်နေတာကို တွေ့လိုက်ရတော့ ခဏတာ တုံ့ဆိုင်းသွားပေမဲ့ သူမကို ထပ်ပြီးနှောင့်ယှက်တာမျိုးလုပ်ဖို့ အပြင်မထွက်တော့ပေ။
ကုချင်းဟိုင်က တံခါးကိုပိတ်ကာ သက်ပြင်းချလျက် ကုတင်ဆီသို့ လျှောက်သွားကာ အမြွာနှစ်ယောက်ကို စောင်ခြုံပေး၍ အပေါ်ဘက်ကုတင်ပေါ်သို့ တက်လိုက်သည်။
ကုချင်းဟိုင်သည် သန့်ရှင်းသော မျက်နှာကျက်နှင့် အသစ်စက်စက် မီးသီးများကို ကြည့်ပြီးနောက် မျက်လုံးမှိတ်လိုက်သည်။
ချင်ရှီးနှင့် လုကျဲ့ထျန်းအကြား ဖြစ်ပျက်နေမှုများကို သူ မသိသော်လည်း များသောအားဖြင့် ဆက်ဆံရေးကောင်းကြပြီး သာမန်မိဘများကဲ့သို့ပင် သူနှင့်အမြွာများကိုလည်း ကောင်းမွန်စွာ ဆက်ဆံကြသည်။
တစ်ခန်းထဲမှာ မအိပ်တာကလွဲလို့ ဘာပြဿနာမှ မရှိသလိုပင်။
ကုချင်းဟိုင်သည် သူ၏အတန်းဖော်များ၊ သူငယ်ချင်းများတို့၏မိဘများ ပေါင်းသင်းဆက်ဆံပုံကို ဂရုတစိုက်စဉ်းစားကာ ချင်ရှီးနှင့် လုကျဲ့ထျန်းတို့၏ ပေါင်းသင်းဆက်ဆံပုံက သူတို့ထက် ပိုမိုချစ်ခင်မှုရှိလျက် တိတ်တိတ်ဆိတ်ဆိတ်နှင့် သဟဇာတဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် သူ စိတ်မပူတော့ဘဲ လောလောဆယ် အချိန်ပေးပြီး အဖြေရှာတာမျိုး မလုပ်တော့ပေ။
ထိုအကြောင်းအရာကို တွေးပြီးတာနဲ့ ငိုက်မျဉ်းသွားပြီး ကုချင်းဟိုင်က အမြန်အိပ်ပျော်သွားသည်။
ချင်ရှီးသည် အချိန်အတော်ကြာ လှုပ်ရှားမှုမရှိသည်ကို ကြားလိုက်ပြီးနောက် စိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာဖြင့် အနာဂတ်မျိုးဆက်များကသာ သတင်းအချက်အလက်များ ထိန်းချုပ်ထားလို့မရသည့်ခေတ်တွင် ရှိနေကြခြင်းဖြစ်သည်။ သူမသည်လည်း ရှုတ်ထွေးသော အမှန်တရားများအကြောင်းကို အများအပြားဖတ်ခဲ့ဖူးပါသည်။
သတင်းပို့ရန်အတွက် ဌာနသို့သွားသော လုကျဲ့ထျန်းက မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိလာပြီး အိမ်အား သန့်ရှင်းရေးလုပ်ရန် ချင်ရှီးကို ကူညီခဲ့ပြီး နောက်ဆုံးအားလပ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။
ရိုးရှင်းသော်လည်း ဆန်းသစ်သော အလှဆင်စတိုင်ဖြင့် ထည်ထည်ဝါဝါ ဂုဏ်သိက္ခာရှိသော အိမ်ကြီးကို ကလေးများက မြင်ရသောအခါ အလွန်စိတ်လှုပ်ရှားကြသည်။ အမြွှာနှစ်ယောက်က ပိုလို့တောင်အော်ဟစ်ကြသေး၏။ ဒါက တီဗီဒရာမာတွေနှင့် ရုပ်ရှင်တွေထဲကထက် ပိုကောင်းပါသည်။
လုကျဲ့ထျန်းနှင့် ချင်ရှီးတို့သည်လည်း အလွန်ကျေနပ်ကြသည်။ နံရံများသည် အဖြူရောင်ဖြစ်ပြီး စားပွဲများနှင့် ဗီရိုများအားလုံးမှာ အဝါဖျော့ဖျော့ဖြစ်ကာ လိုက်ကာများ၊ ဆိုဖာအဖုံးများနှင့် စားပွဲခင်းများအားလုံးကို အရောင်တူစနစ်ဖြင့် ပြုလုပ်ထားသောကြောင့် လူအများကို သက်တောင့်သက်သာဖြစ်စေသည်။
စားပွဲပေါ်ရှိ ပန်းအိုးသေးသေးလေး၊ ဆိုဖာပေါ်ရှိ ချစ်စရာ အိမ်လုပ်ကူရှင်များ၊ ထောင့်ရှိ မိန်ချုံအတွက် အသိုက်ကလေး၊ ဗီရိုပေါ်မှ မှောက်ခုံခွက်အတန်းလိုက်များ ... စသဖြင့် ကြည့်ရသည်မှာ နွေးထွေးလှသည်။
ကလေးတွေက ဆိုဖာပေါ်မှာ မိန်ချုံနှင့် ကစားနေကြကာ ပွေ့ဖက်နမ်းနေကြသည်။
ချင်ရှီးသည် ဤချစ်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှင်မြူးသွားသည်။
ကလေးတွေရော၊ ကြောင်သားလေးရောက အရမ်းချစ်စရာကောင်းပြီး အခုဆို ပိုတောင် ချစ်စရာကောင်းလာပါပြီ။ ချင်ရှီးက ဒါကိုမြင်တဲ့အခါ မပြုံးဘဲ မနေနိုင်ပါ။
ခဏအကြာတွင် ချင်ရှီးသည် အဝေးကိုလှမ်းကြည့်ကာ လုကျဲ့ထျန်းကို အမှတ်တမဲ့ ကြည့်လိုက်မိတော့ လုကျဲ့ထျန်းကလည်း သူမကို စေ့စေ့ကြည့်နေသည်ကို တွေ့လိုက်ရပြီး ခဏလောက် အိုးတို့အမ်းတမ်းဖြစ်သွားကြသည်။
သို့သော်မကြာခင်မှာဘဲ ပုံမှန်ပြန်ဖြစ်လာပြီး သတင်းစာကို ကောက်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်သည်။ ချင်ရှီးက မမြင်ချင်ယောင်ဆောင်ကာ လုကျဲ့ထျန်းလည်း ထိုနည်းလည်းကောင်းပင် စားပွဲပေါ်မှ အသီးအနှံများကို ကူကယ်ရာမဲ့ ကောက်ယူလျက် ဖြည်းညှင်းစွာ အခွံခွာသည်။
"မနက်ဖြန်တစ်ရက်နားရအောင်။ သဘက်ခါမနက် ဈေးဝယ်ထွက်ပြီး ညနေစာစားဖို့ လူတွေကိုဖိတ်လိုက်မယ်"
ချင်ရှီးက မငြင်းဘဲ မေးလိုက်သည်။
"လူဘယ်လောက်ဖိတ်မှာလဲဆိုတာ မြန်မြန်ဆုံးဖြတ်ပါ။ ငါက အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့လိုတယ်"
လုကျဲ့ထျန်း : "ငါတို့ ထမင်းစားသောက်ပွဲနှစ်ပွဲလောက်လုပ်ဖို့ လိုမယ်။ တစ်ပွဲက ဆောက်လုပ်အလှဆင်ရေးမှာပါတဲ့ ရဲဘော်တွေကို ဖိတ်ရမယ်။ နောက်တစ်ပွဲကတော့ ကူညီပေးခဲ့ကြတဲ့သူတွေအတွက်"
ချင်ရှီးက သတင်းစာကို အဝေးမှာထားလိုက်ရင်း လုကျဲ့ထျန်းကို မော့ကြည့်သည်။
" တစ်ပြိုင်တည်းလား ဒါမှမဟုတ် သီးခြားဆီလား "
လုကျဲ့ထျန်းက ခဏလောက် စဉ်းစားပြီးပြောသည်။
" တစ်ပြိုင်တည်းလုပ်လိုက်မယ်။ မဟုတ်ရင် နှစ်ခါ ပင်ပန်းရလိမ့်မယ် "
ချင်ရှီးက မျက်ခုံးပင့်ကာ ပြောသည်။
"မင်းတို့ ရဲဘော်ညီအစ်ကိုတွေကလည်း အဆင့်နိမ့်တာမှမဟုတ်တာ။ စားသောက်ပွဲကို အတူတူတွဲလုပ်လို့ရမှာ သေချာတယ်"
"ရပါတယ်။ ကူညီပေးခဲ့ကြတဲ့ ရှောင်ဟူးနဲ့တခြားသူတွေကို ဖိတ်ခေါ်ပြီး အိမ်အလှဆင်ဖို့ တာဝန်ယူခဲ့ကြတဲ့သူတွေကိုပါ တစ်ပြိုင်တည်းဖိတ်ရင် သူတို့ပျော်ကြမှာပါ”
ချင်ရှီးက ပြုံးပြုံးရွှင်ရွှင်နဲ့လက်ခံသဘောတူသည်။
“မှန်တယ်”
"အန်တီကျောင်းနဲ့ ကြီးကြပ်ရေးမှူးကျန်းကိုလည်း ဖိတ်ရမည်။ မစ္စတာလီကရော...။ သူတို့က ဒီတစ်ခါ ခွင့်ရက်ရှည်အတွက် မင်းကို ခွင့်ပြုပေးလိုက်ပြီး နူးညံ့တဲ့ကုတင်ပါတဲ့ ရထားလက်မှတ်ကိုရဖို့တောင် ကူညီပေးခဲ့တာ"
လုကျဲ့ထျန်း : "ကြီးကြပ်ရေးမှူးကျန်းက (ဖိတ်ဖို့) သေချာပါတယ်။ မစ္စတာလီကတော့ အဆင်ပြေပါတယ်။ လကုန်မှာ မစ္စတာလီရဲ့ မွေးနေ့လည်း နီးလာပြီဆိုတော့ အဲ့အချိန်မှ မုန့်ပို့ပေးကြမယ်"
ချင်ရှီးက ခေါင်းညိတ်ပြီးပြောသည်။
"ကောင်းပါပြီ။ ကိတ်မုန့် ပေးယုံဘဲဆို အရမ်းနည်းနေမလား"
လုကျဲ့ထျန်း : "အခြားအရာတွေက ပေးရတာ မလွယ်ဘူး။ သူက စျေးကြီးတဲ့ ပစ္စည်းတွေပေးတာကို မကြိုက်ဘူး။ ဒီလောက်ဆို ရပါပြီ"
ချင်ရှီးလုပ်တဲ့ ကိတ်မုန့်တွေကလည်း ရှားပါးပြီး တန်ဖိုးကြီးတယ်လို့ ထင်မြင်မိသည်။ ဒီမှာက (ပါဝင်ပစ္စည်း) ထုတ်ကုန်တွေကလည်း ဈေးပေါလှသည်တော့မဟုတ်ပါ။ ဒါကြောင့် သူမက ခေါင်းညိတ်လိုက်သည်။
လုကျဲ့ထျန်းက အခွံခွာထားတဲ့ ပန်းသီးကို ချင်ရှီးအားပေးခဲ့ပြီး ချင်ရှီးက ကိုက်လိုက်စဉ် အန်အန်းက ပြေးလာကာ လုကျဲ့ထျန်းရဲ့ ပေါင်ပေါ်မှာ ဆွဲတက်ပြီး သူမလည်း စားမယ်လို့ အော်လိုက်သည်။
လုကျဲ့ထျန်းသည် နောက်တစ်လုံးကိုယူ၍ လျင်မြန်စွာ အခွံခွာလိုက်သည်။ ပန်းသီးအခွံခွာတာက နှေးနှေးကွေးကွေးလေးလုပ်တာနဲ့ မြန်မြန်ဆန်ဆန်လုပ်တာက လုံးဝကွဲပြားပြီး ပန်းသီးအခွံသည် လုံးဝပြောင်စင်မသွားပါ။
"ဝိုး..."
ဖျင်ဖျင်လည်း ဝင်လာပြီး အန်အန်းက တုန်လှုပ်ချောက်ချားစွာဖြင့် ပန်းသီးအခွံနွှာတာကို ငေးကြည့်နေပြီး အခွံဖတ်က ပြတ်ထွက်မသွားစေရန် တိုက်တွန်းနေ၏။
ကုချင်းဟိုင်သည်လည်း လမ်းလျှောက်လာကာ စားပွဲပေါ်ရှိ ပန်းသီးအခွံကို သဘာဝကျကျ ကောက်ကိုင်လျက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"ငါလည်း လိုချင်တယ်"
အန်အန်းက သူမလက်ကို ဆန့်ထုတ်လိုက်ပြီး ကုချင်းဟိုင်က တစ်ဝက်ကို ပေးလိုက်သည်။
ဖျင်ဖျင်ကတော့ စကားတစ်ခွန်းမှ မပြောပေ။ သူက ပန်းသီးခွံထက် ပန်းသီးအသားကိုသာ ပိုကြိုက်သည်။
ချင်ရှီးသည် သူမလက်ထဲမှ ပန်းသီးကို ကိုက်ကာ ဆိုဖာပေါ်မှီလျက် သူတို့ကို ကြည့်ကာ သူမ၏ ခန္ဓာကိုယ်က အလွန်ပေါ့ပါးသွက်လက်နေ၍ သက်တောင့်သက်သာ ခံစားနေရသည်။
-***-