Chapter 29

4.6K 485 1
                                    

အပိုင်း (၂၉)


သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် စက္ကန့်အနည်းငယ်လောက် ကြည့်နေကြပြီး ချင်ရှီးနှင့် မော့လင်က လုကျဲ့ထျန်းတစ်ယောက် တံခါးဝမှာ မလှုပ်မယှက်ရပ်နေတာကို တွေ့လိုက်တဲ့အခါ ရယ်မောလိုက်ကြသည်။

"ဟားဟားဟား..."

ချင်ရှီးနှင့် မော့လင်တို့သည် အင်မတန် အူးမြူးပျော်ရွှင်သွားပြီး လုကျဲ့ထျန်းက ရုတ်တရက် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူသည် လက်ချောင်းများကို ကွေးကာ လက်ချောင်းတစ်ခုနှင့်တစ်ခု အကြိမ်အနည်းငယ် ပွတ်တိုက်ကာ လေးလေးနက်နက်ဖြင့် မော့လင်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ဟယ်လို"

မော့လင်က ရယ်မောပြီး ဝှေ့ယမ်းနှုတ်ဆက်ကာ ဆက်မနေတော့ဘဲ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ချင်ရှီးကလည်း သူမကို လိုက်ပို့သည်။
   
သူတို့နှစ်ယောက် ထွက်သွားတာကိုမြင်တော့ လုကျဲ့ထျန်း စိတ်သက်သာရာရပြီး အခန်းထဲကို အမြန်ပြန်သွားသည်။
   
ခြံထဲရောက်သောအခါ မော့လင်က စကားပြောသည်။
"ပထမတော့ သူဝင်လာတာမြင်လိုက်ရတော့ နည်းနည်းရှက်သွားသလို ခံစားလိုက်ရတယ်။ ဒါပေမယ့် လေးလေးနက်နက်ဖြစ်နေတဲ့ သူ့ကိုမြင်တော့ ရုတ်တရက် အရမ်းရယ်ရတယ်"

ချင်ရှီးလည်း ရယ်လိုက်ပြီး သူမလည်း တွေ့လိုက်ရသည်က အရမ်းစိတ်ဝင်စားစရာကောင်းသည်ဟုခံစားရသည်။
   
တကယ်တော့ ဇနီးဟောင်းဟာ လက်ရှိဇနီးသည်နှင့် ဆက်ဆံရေးကောင်းမွန်တယ်ဆိုတာ လက်တွေ့ကမ္ဘာမှာ ရှားပါးပါသည်။

ချင်ရှီးသည် လုကျဲ့ထျန်းကို မကြိုက်ပါ။ သူတို့သည် အပေါ်ယံဟန်ဆောင်ထားသော စုံတွဲတစ်တွဲမျှသာ ဖြစ်သည်။ သူမသည် ရှက်ရွံ့မှုမရှိစွာဘဲ အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်မြင်မိသည်။
   
"ကောင်းပြီ။ ငါသွားတော့မယ်။ ငါ မင်းကို အဝတ်အစားနဲ့ ပတ်သက်ပြီး ဒုက္ခများစေလိမ့်မယ်နော်"
မော့လင်က တံခါးအပြင် ထွက်သွားပြီးနောက် ချင်ရှီးကို လှည့်ပြီး ရှင်းပြရသေးသည်။
" ငါ့မှာ လုကျဲ့ထျန်းအတွက် ခံစားချက်မရှိဘူး။ ဒီနေ့ ဘာမှလုပ်စရာမရှိတဲ့အပြင် နေ့လည်က အဝတ်တွေရောက်နေပြီမို့  အချိန်မမီမှာကိုကြောက်တာနဲ့ စောစောပို့ပေးလိုက်တာ"
   
မတော်တဆ တွေ့ဆုံမှုဆိုတာ သူမကဖန်တီးယူထားသည့် အခွင့်အလမ်းတစ်ခုတော့ သေချာပေါက် မဟုတ်ပါ။
   
ချင်ရှီးက သူမရဲ့ ဆိုလိုရင်းကို နားလည်၍ ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ငါယုံပါတယ်"
   
သူမရဲ့ မျက်လုံးတွေက ထက်မြက်ပြီး မော့လင်က ဘယ်လိုလူလဲဆိုတာ ပြောနိုင်ပါသည်။ သူမရဲ့ မျက်လုံးတွေက သန့်ရှင်းပြီး ပွင့်လင်းနေတာကြောင့် သူမဟာ မကောင်းသော အကြံအစည်ကို ဆောင်သောလူစားမျိုးမဟုတ်တာ သေချာပါသည်။

ချင်ရှီး ပြုံးနေတာကိုမြင်တော့ မော့လင်က ချက်ချင်းစိတ်သက်သာရာရသွားသည်။ သူမက ချင်ရှီးကို လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်း နောက်လည်း လွတ်လွတ်လပ်လပ် လာပါ"
ချင်ရှီးက ပြုံးပြီး တုံ့ပြန်လိုက်သည်။

ဒီမြင်ကွင်းကို ဘေးအိမ်က အဒေါ်ကျောင်းက မြင်တော့ အံ့အားသင့်ပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူတို့ နှစ်ယောက် စကားပြောပြီး ရယ်မောနေကြမယ်လို့ သူမ မထင်မှတ်ဖူးဘဲ ဆက်ဆံရေးက အရမ်းကောင်းနေသည်။

မော့လင်ထွက်လာသောအခါတွင် အဒေါ်နှစ်ယောက်က သူမကိုကြည့်ကာ တစ်စုံတစ်ခုကို တီးတိုးပြောနေတာကိုမြင်တော့ သူမ စိတ်မရှည်စွာ မျက်လုံးပြူးပြ၍ မေးစေ့ကို မြှောက်ကာ ထွက်သွားသည်။

အဒေါ်နှစ်ယောက်သည် မော့လင်ထွက်ခွာသွားသည်ကို ကြည့်ပြီး သူတို့မြင်ကွင်းထဲမှာ သူမက လုံးလုံးလျားလျား မရှိတော့သည့်တိုင်အောင် သတိမထားမိကြဘဲ မျက်လုံးများက အတင်းအဖျင်းတွေပြောချင်စိတ်နှင့် တောက်ပြောင်နေကာ တအံ့တသြ ဝိုင်းဖွဲ့နေကြသည်။

မကြာခင်မှာဘဲ လုကျဲ့ထျန်း၏ ဇနီးဟောင်းနှင့် လက်ရှိဇနီးတို့နှစ်ဦး ဆက်ဆံရေးကောင်းပုံပေါ်တဲ့ သတင်းများထွက်ပေါ်လာသည်။ လူတော်တော်များများက အံ့အားသင့်ခဲ့ကြပြီး အမှန်လားဆိုတာကို အမြန်ပြေးကြည့်ချင်ကြသည်။

သို့သော် မော့လင်က တပ်ထဲမှာရှိပြီး ချင်ရှီးက အတန်းသင်တာကလွဲလို့ အိမ်မှာ အလုပ်ရှုပ်နေတော့ ဘယ်သူမှ မတွေ့နိုင်ရာ လူတိုင်းက ဒီလိုအတင်းအဖျင်းတွေသိချင်စိတ်နှင့် မွန်းကြပ်လာပြီး စောင့်လေလေ စိတ်မရှည်လေလေဖြစ်လာသည်။

အမျိုးသားနေ့ မရောက်သေးခင်မှာ ချင်ရှီးနှင့် မော့လင်တို့ ရယ်မောနေတာကို လူတိုင်းက စေ့စေ့စပ်စပ်တွေ့သွားကြပြီး ဖြစ်ပျက်ခဲ့တာတွေကို စပြီး မှန်းဆကြတော့သည်။

ချင်ရှီးသည် ဤအရှုပ်အထွေးများကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ညသန်းခေါင်အထိ နေ့တိုင်း မအိပ်ခဲ့ရပါ။  စာသင်ခန်းသွားသည်ကလွဲ၍ သူမသည် အဝတ်အစားများချုပ်နေခဲ့ရပြီး ထမင်းပင်မချက်ခဲ့ပေ။ လုကျဲ့ထျန်းသည် ပြန်လာတိုင်း ဆိုင်မှ ထမင်းဟင်းများယူလာတတ်သည်။

ထို့အပြင် အမြွှာများသည် သူမအား မနှောက်ယှက်ရန် လုံလောက်သော အသိဉာဏ်ပညာရှိပြီး နေ့တိုင်း သူမနှင့်အတူ အိမ်တွင်နေ၍ ဖြစ်စေ၊ ခြံထဲတွင်ဖြစ်စေ နှစ်ယောက်သား နာခံမှုရှိစွာ ကစားကြသည်။ ကုချင်းဟိုင်အတွက်ကတော့… သူ့ကို အမိန့်ပေးစရာတောင် မလိုပါဘူး။ ကြမ်းပြင်ကို သုတ်ဖို့ကအစ အားလုံးကို စနစ်တကျလုပ်ကိုင်ပေးသည်။

ချင်ရှီးသည် နောင်တွင် ထိုသို့သောကိစ္စများကို မလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး အရေးတကြီးအထည်ကို ဘယ်တော့မှ လက်မခံရန် ဆုံးဖြတ်ခဲ့သည်။ ကလေးများသည် အသိဉာဏ်ရှိပြီး လုကျဲ့ထျန်းကလည်း သူမကို ဂရုစိုက်သော်လည်း သူမသည် စည်းကျော်၍မလုပ်နိုင်ပါ။

သူမရဲ့ အဓိကအလုပ်က "မိထွေး" ဖြစ်သည်။ လုကျဲ့ထျန်းသာမရှိရင် သူမဟာ မူလမိသားစုကို ဖယ်ရှားပြီး သူမဘာသာ ချမ်းသာအောင်လုပ်နိုင်ပေမဲ့ မြန်မြန်ဆန်ဆန်ဖြစ်မှာမဟုတ်သလို နေ့တိုင်းလည်း စိတ်ပူစရာမလိုဘဲ ကောင်းကောင်းစားသောက်နိုင်မှာ မဟုတ်ပေ။

ချင်ရှီးသည် မည်သို့ကျေးဇူးတင်ရမည်ကို သိနေဆဲဖြစ်ပြီး သားသမီးများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ချင်သည်။ ကလေးတွေက ဥာဏ်ရည်ထက်မြက်တယ်ဆိုတာ ထည့်မတွက်ပါနဲ့ဦး…ချင်ရှီးက သူတို့ကို အရမ်းသဘောကျပြီး သူတို့ကို ကောင်းကောင်းဆက်ဆံချင်သည်။

အရင်ဘဝတုန်းက ပင်ပန်းခဲ့ရပေမဲ့ ဒီဘဝမှာ ပင်ပန်းခဲ့ရသမျှရပ်တန့်သွားပြီ။ ဒီလောက်ဆို လုံလောက်နေပါပြီ။

အမျိုးသားနေ့တွင် သူမနှင့်ကျန်းယန်လီတို့သည် အတန်းထဲတွင် ကလေးငယ်များကို အစမ်းလေ့ကျင့်ရန် ခေါ်သွားကာ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် သူတို့၏ မိတ်ကပ်နှင့် အခြားအရာအားလုံးကို ကျန်းယန်လီထံ ထားခဲ့ကာ မော့လင်အား အိမ်သို့ ကိုယ်တိုင်ခေါ်ဆောင်သွားသည်။ အဝတ်အစားတွေက တကယ်ကို လိုက်ဖက်မှုရှိမရှိ စမ်းကြည့်ရမည်။

ပြီးသွားသောဝတ်စုံကို မြင်သောအခါ မော့လင်က အံ့အားသင့်သွားသည်။
"မြန်မြန် စမ်းကြည့်ရမယ်။ ချင်ရှီး မင်းက အရမ်းအံ့သြဖို့ကောင်းတာဘဲ"

မော့လင်က သူမ၏အဝတ်အစားကိုဝတ်ကာ ချင်ရှီးသည် သူမအတွက်အသေးစိတ်အချက်အလက်အချို့ကို ချိန်ညှိကာ မှန်ကန်ကြောင်းအတည်ပြုပြီးနောက် သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒီရက်ပိုင်း မင်းငါ့အတွက် အလုပ်ရှုပ်နေတယ်ဆိုတာ ငါသိတယ်။ မင်း ငါ့ကို သူငယ်ချင်းလို သဘောထားတယ်။ ငါလည်း မင်းကို သူငယ်ချင်းလို ရိုးရိုးသားသား ဆက်ဆံတယ်။ အလုပ်ကြိုးစားတာကို ချီးကျူးတာမို့ မင်းလက်ခံရလိမ့်မယ်။ ငြင်းမနေနဲ့"

မော့လင်က ချင်ရှီးကို ယွမ် ၆၀ ထပ်ပေးသည်။

ချင်ရှီးကလည်း မြန်မြန်ဆန်ဆန် ပြန်ဖြေသည်။
"ငါမမိုက်မဲပါဘူး။ ဘာလို့ငြင်းရမှာလဲ။ ငါ့မျက်လုံးအောက်မှာ အညိုရောင်အဝိုင်းတွေကို ကြည့်လိုက်"

မော့လင်သည် ချင်ရှီးရဲ့ မခံမရပ်နိုင်တဲ့ အသွင်အပြင်ကိုကြည့်ကာ သဘောကျသွားသည်။  အဝတ်အိတ်ကို ကောက်ကိုင်လိုက်ပြီး အပြုံးနဲ့ ပြောသည်။
"ရပါတယ်၊ ရပါတယ်။ အမဲစက်တွေနဲ့လည်း လှပနေတုန်းပါဘဲ။ ငါ မင်းကို နောက်မှ ညစာကျွေးပါ့မယ်။ အခု ငါအရင်သွားလိုက်ဦးမယ်"

ချင်ရှီးက ပြုံးပြုံးလေးနှင့် တုံ့ပြန်လိုက်ပြီး သူမထွက်သွားတာကိုမြင်ပြီးချိန်၌ ထိုင်ချလိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

လုကျဲ့ထျန်းသည် အမျိုးသားနေ့တွင် အားလပ်ရက်တစ်ရက်ရပြီး မနက်ခင်းတွင် အစည်းအဝေးမှ ပြန်လာခဲ့သည်။
မော့လင် ထွက်သွားသည်ကို ကြားသဖြင့် ကလေးတစ်ယောက်ကို ပွေ့ချီကာ ထွက်လာခဲ့သည်။

ချင်ရှီးက စိတ်မငြိမ်မသက်ဖြစ်နေကာ ကျန်းယန်လီအဆင်ပြေရဲ့လားဆိုတာကို သွားကြည့်ရမည်။ ကလေးတွေကလည်း ကြည့်ချင်တာကြောင့် လုကျဲ့ထျန်းက သူတို့ကို တပ်ထဲကို ခေါ်သွားသည်။

ချင်ရှီးက အလုပ်လုပ်နေချိန် လုကျဲ့ထျန်းက ကလေးတွေကို ခေါ်ထားပြီး အစားစားချိန်ရောက်မှ ချင်ရှီးကို ဧည့်ခန်းမထဲ အတူတူခေါ်လိုက်သည်။

ခန်းမသည် အလွန်ကျယ်ဝန်းပြီး ထိုနေရာတွင် ထိုင်နေသူများ အများအပြားရှိနေပြီဖြစ်ကာ သူတို့အားလုံးမှာ တပ်သားများနှင့် သူတို့၏ မိသားစုဝင်များကို ခေါ်ဆောင်လာခြင်းဖြစ်သည်။ မိသားစုဝင်များကို ခေါ်ဆောင်ရန် အခြေအနေများနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ရှိပါသည်။ အားလုံးကို လာခွင့်မပြုသည်မှာ ဧည့်ခန်းမတွင် လူများစွာ ထားရှိနိုင်ခြင်း မရှိသောကြောင့်ပင်။

လုကျဲ့ထျန်းသည် တပ်ရင်း၏ အကြီးအကဲဖြစ်သောကြောင့် သူ့တွင် သဘာဝအလျောက် ရာထူးတစ်ခုရှိသော်လည်း သူသည် ထိုင်ခုံသုံးယောက်စာသာခေါ်ယူနိုင်သည်။ ပထမနှစ်နေရာကို နဂါးနှင့်ဖီးနစ်အမြွာတို့က သိမ်းပိုက်ကြမည်ဖြစ်ပြီး သူမ ရောက်လာသောအခါ သူတို့နှစ်ဦးက ပေါင်းထိုင်ကြမည်ဖြစ်သည်။

အန်အန်းသည် စင်မြင့်ပေါ်ရှိ အမိမြေအထိမ်းအမှတ် ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြပြီး စာလုံးတစ်လုံးချင်း ဖတ်၍ ဖျင်ဖျင်နှင့် အတူထိုင်နေကြပြီး ငိုယိုခြင်း သို့မဟုတ် ဒုက္ခပေးခြင်းမရှိဘဲ ပွဲစမည့်အချိန်ကို နာခံစွာ စောင့်မျှော်နေကြသည်မှာ ချစ်ဖို့ကောင်းလှသည်။

ချင်ရှီးက သူတို့ကိုနေ့စဉ်အစားအသောက်ကောင်းများကျွေးပြီးနောက် ကလေးသုံးဦးသည် အရပ်ရှည်လာပြီး ဝဝကစ်ကစ်ဖြစ်လာသည်။ ကုချင်းဟိုင်က ပိုသန်မာပြီး လူငယ်တစ်ယောက်လို ပုံပန်းသဏ္ဍာန်ရှိကာ အမြွှာနှစ်ယောက်က အသားဖြူဖြူ မျက်နှာဝိုင်းလေးတွေနှင့် အရမ်းချစ်စရာကောင်းနေသည်။

ကြီးကြပ်ရေးမှူးကျန်းသည် အန်တီကျောင်းနှင့်အတူလာ၍  လုကျဲ့ထျန်းနှင့် အခြားသူများရှေ့တွင် ထိုင်နေသည်။ အန်တီကျောင်းသည် သူမမြေးကို ကြီးကြပ်ရေးမှူးကျန်းအား ပေးကာ ကလေးသုံးယောက်နှင့် စကားစမြည်ပြောရန် ခေါင်းကိုလှည့်ကာ အပြုံးများဖြင့် ကြည့်နေလေသည်။

ဒီအချိန်အတွင်းမှာ ချင်ရှီးဟာ ကလေးတွေအပေါ်ထိန်းကျောင်းတာ တကယ်တော်တယ်လို့ တွေးနေမိသည်။ ကလေးတွေဟာ သန့်ရှင်းပြီး ကျန်းမာသန်စွမ်း၍ အရေးအကြီးဆုံးကတော့ ဥာဏ်ရည်ထက်မြက်ကြပြီး မိထွေးက တကယ်ကောင်းတယ်လို့ တဖွဖွပြောနေကြသည်။

မှန်ပါသည်။ တစ်ချို့လူတွေကတော့ ချင်ရှီးဟာ ဟန်ဆောင်နေတာဘဲလို့ ထင်ကြပြီး အချိန်အတော်ကြာပြီးမှ အမှန်တရား ပေါ်လာမည်ဟု သေချာနေကြသည်။

ချင်ရှီး ကိုယ်ပိုင်ကလေးမွေးပြီးနောက် လုကျဲ့ထျန်း၏ မွေးစားသားသမီးတွေကို ကောင်းကောင်းဆက်ဆံနိုင်လိမ့်မယ်ဆိုတာကို သူတို့ မယုံကြပါ။

သို့သော်လည်း လူတွေက ထိုစကားလုံးတွေကို တံတွေးအဖြစ်သာ မြိုချထားကြသည်။ လုမိသားစုမှ ကလေးသုံးယောက်သည် အာဇာနည်များ၏ သားသမီးများဖြစ်သည်ကို မည်သူက မသိဘဲရှိကြမည်နည်း။ သူတို့သည် မိုက်မဲစွာဖြင့် ချင်ရှီးကို မည်သို့ အနိုင်ကျင့်နိုင်မည်နည်း။

တစ်ချိန်က ကုချင်းဟိုင်ကိစ္စကို ချင်ရှီးက ထုတ်ဖော်ခဲ့တာကိုမေ့လို့မရပါ။ သူမက  တကယ်ဆိုးတဲ့ ရည်ရွယ်ချက်ရှိရင် ဘယ်လို လုပ်ကြမလဲ။

သူမနောက်ကွယ်မှာ အတင်းအဖျင်းပြောခဲ့သူကို အလွန်အံ့အားသင့်စရာကောင်းအောင် အတင်းပြောခြင်းရပ်တန့်သည်အထိ လုပ်နိုင်ခဲ့ပေမဲ့ နောက်ကွယ်မှာ ချင်ရှီးကို တိတ်တဆိတ် အာရုံစိုက်နေကြပါသေးသည်။

ချင်ရှီးကိုသာ အာရုံစိုက်ကြသည်လားဆိုလျှင်တော့ မဟုတ်ပါ။ ဒီနေ့ ပါတီကိုလာချိန်တွင် လူတော်တော်များများက လုမိသားစုကို အာရုံစိုက်ကြပြီး ချင်ရှီး ပေါ်လာတဲ့အခါ အားလုံးက သူမကို စိုက်ကြည့်နေကြသည်။

ချင်ရှီးသည် အခြားသူများ၏မျက်လုံးများကို ခံစားမိသော်လည်း သူတို့ကို အာရုံစိုက်ရန် အလွန်ပျင်းရိပြီး သူတို့ကို တိုက်ရိုက် လျစ်လျူရှုထားလိုက်သည်။

အမြွှာနှစ်ယောက်က သူမ ရောက်လာတာကိုမြင်တော့ သူမကို ထိုင်ခုံဖယ်ပေးပြီး ကောင်းကောင်းအနားယူဖို့ ပြောသည်။ လုကျဲ့ထျန်းက အပူပေးခွက်ကို ကုချင်းဟိုင်ကိုပေးခဲ့ပြီး ကုချင်းဟိုင်က ချင်ရှီးထံ အလျင်စလိုပေးကာ သောက်ခိုင်းသည်။

ချင်ရှီးသည် ခွက်ကို ကောက်ယူကာ အားရပါးရ သောက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"အလုပ်ရှုပ်နေတာလား"
လုကျဲ့ထျန်းက သူမကို ဘေးတိုက်ကြည့်သည်။

ချင်ရှီးက ခေါင်းညိတ်သည်။
"အဆင်ပြေပါတယ်။ ကျန်းယန်လီက စောင့်ကြည့်နေတယ်။ စတုတ္ထအစီအစဉ်ရောက်ရင် ငါ ဇာတ်ခုံအောက်ခြေကိုသွားပြီး ခဏလောက် စောင့်ကြည့်လိုက်မယ်"

ဒါကိုကြားတော့ အန်တီကျောင်းက ချင်ရှီးကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"မင်းကရော အတူသီချင်းဆိုဖို့ စင်ပေါ်ကို ဘာလို့ မသွားတာလဲ"

ချင်ရှီးက ပြုံးလိုက်သည်။
"ဘာလို့သွားရမှာလဲ။ ကလေးတွေက အမိမြေရဲ့ ပန်းကလေးတွေဘဲမို့ ကလေးတွေကဘဲ အမိမြေအတွက် တေးသီကြပါစေ"

အန်တီကျောင်းက ချင်ရှီးကို လေးလေးနက်နက် စိုက်ကြည့်သည်။
“မင်းပြောတာ မှန်တယ်”

ကြီးကြပ်ရေးမှူးကျန်းကလည်း ချင်ရှီးကို ကြည့်ဖို့ ခေါင်းကိုလှည့်ကာ ဆရာကောင်းတစ်ယောက်ဖြစ်တာကြောင့် ပြုံးပြီး ချီးကျူးလိုက်သည်။

နောက်ထပ် အတင်းအဖျင်းအနည်းငယ်ပြောပြီးနောက် ပါတီပွဲစတင်လာကာ လူတိုင်း တိတ်ဆိတ်သွားပြီး ဂရုတစိုက်ကြည့်ကြသည်။

ချင်ရှီးလည်း အလားတူပါပင်။

ဒုတိယအစီအစဉ် ပြီးဆုံးခါနီးတွင် ချင်ရှီးသည် ကိုယ်ကိုကွေးညွှတ်ကာ စင်နောက်သို့ အမြန်ထွက်လာခဲ့သည်။

သူမ နောက်ခန်းထဲသို့ဝင်လိုက်သည်နှင့် အပြာနုရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦး အမြန်ထွက်လာပြီး ချင်ရှီးက သူမကို တိုက်မိလုနီးပါးဖြစ်သွားသည်။

တစ်ဖက်လူက ချင်ရှီးကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။
"ဂရုတစိုက် လမ်းလျှောက်လေ။ လူလာတာ မတွေ့ဘူးလား"

ချင်ရှီးက ပြုံးပြီး သူမခြေထောက်မှာဝတ်ထားသော ဒေါက်ဖိနပ်ကို ငုံ့ကြည့်ကာ ပြုံး၍ပြောသည်။
"ဖြည်းဖြည်း လမ်းလျှောက်ပါ။ ဒေါက်ဖိနပ်စီးရင်း လဲကျရင် မကောင်းဘူး။ တကယ်ပြေးချင်ရင် ဖိနပ်ပါးတစ်ရံကို ပြောင်းဖို့ အကြံပေးပါတယ်”

ထိုလူက ချင်ရှီးကို ခပ်မာမာကြည့်ကာ ဒေါက်မြင့်ဖိနပ်ဖြင့် ထွက်ခွာသွားသည်။

_***_





၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now