Chapter 28

4.8K 513 2
                                    

အပိုင်း (၂၈)



ညနေပိုင်းတွင် ချင်ရှီးသည် မီးခွက်ကိုဖွင့်ကာ ညသန်းခေါင်အထိ ဒီဇိုင်းပုံများ ရေးဆွဲလိုက်သည်။

နောက်တစ်နေ့တွင် လုကျဲ့ထျန်းက စောစောထကာ မနက်စာစားရန် ဆိုင်သို့သွားဝယ်ပြီး အိုးထဲသို့ထည့်ထား၍ ပိတ်ထားသော ချင်ရှီး၏တံခါးကိုကြည့်ရှုပြီးနောက် ထွက်သွားသည်။

အချိန်အကြာကြီး အိပ်ယာမထခဲ့တဲ့ ချင်ရှီးဟာ မနက်ခင်းနောက်ကျချိန်မှာ နိုးလာပြီး ခေါင်းနည်းနည်းကိုက်နေကာ မျက်နှာကို ဆေးကြောပြီးနောက် လုံးဝနိုးကြားလာခဲ့သည်။

ကုချင်းဟိုင်လည်း ကျောင်းသွားပြီဖြစ်သည်။ ချင်ရှီးက သမ်းဝေပြီး စားသောက်ဖို့ မီးဖိုချောင်ကို သွားသည်။မီးဖိုချောင်ကိုသွားပြီးနောက် အိုးထဲမှာ မုန့်တစ်ချို့ ကျန်နေသေးတာကို တွေ့လိုက်ရတော့ သူမ မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသည်။

လုကျဲ့ထျန်းက ကုချင်းဟိုင်အတွက်ဘဲ မနက်စာ လုပ်ပေးပြီး တစ်ခြားဘာကိုမှ ဂရုမစိုက်ဘူးလို့ သူမ ထင်ခဲ့တာဖြစ်သည်။ မမျှော်လင့်စွာဘဲ သူမနှင့် အမြွာများအတွက်လည်း သတိတရထားခဲ့သေးသည်။

ယခု နံနက်ခင်းတွင် ချက်ပြုတ်ရန် မလိုအပ်တော့ဘဲ ချင်ရှီးသည် ပေါက်စီနှင့် မနေ့ညက ကျန်ခဲ့သော ယာဂုကို အပူပေးကာ အိပ်ရာမှ နိုးလာကာစ အမြွာနှစ်ယောက်ကို မနက်စာ အတူတူစားခိုင်းလိုက်သည်။

ချင်ရှီးသည် ပန်းကန်များကို အမြန်ဆေးကြောပြီး ကလေးနှစ်ယောက်ကို အိမ်တွင် ကစားခွင့်ပေးကာ ဒီဇိုင်းရေးဆွဲမှုများကို ကမန်းကတန်း ဆက်လက်ပြင်ဆင်နေသည်။

အန်အန်းသည် သူမ၏ချစ်လှစွာသောဘောလုံးငယ်လေးနှင့်အတူ ကစားနေသော်လည်း ဖျင်ဖျင်သည် ချင်ရှီး၏အနားသို့ တိတ်တဆိတ်ရောက်လာကာ သူမ ဘေးတွင် နာခံစွာထိုင်၍ သူမ အလုပ်များနေသည်ကိုကြည့်နေရှာသည်။

သူ စိတ်ဝင်စားတာကိုမြင်တော့  ချင်ရှီးက ပြုံးပြီး သူ့ကိုကြည့်ခွင့်ပေးလိုက်သည်။ နောက်ဆုံးတော့ သူက မူရင်းစာအုပ်ထဲက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လို့ ဒါတွေကို စိတ်ဝင်စားတာ ပုံမှန်ပါဘဲ။

ဖျင်ဖျင်က ပန်းချီဆရာ ဖြစ်ချင်သည်ဖြစ်စေ၊ ဒီဇိုင်နာဖြစ်ချင်သည်ဖြစ်စေ သူမကတော့ ကောင်းကောင်း လေ့ကျင့်ပေးမှာ သေချာပါသည်။

ဖျင်ဖျင်သည် အကျင့်စာရိတ္တကောင်းမွန်ပြီး ဥာဏ်ရည်ဥာဏ်သွေးကောင်းသူဖြစ်သည်။ ချင်ရှီးဘေးတွင် ထိုင်ကာ သူမက ဖောင်တိန်နှင့် စာရွက်ဖြင့်ရေးဆွဲနေသည်ကို ထိုင်ကြည့်နေခဲ့သည်။

သိပ်မကြာခင်မှာဘဲ အန်အန်းဟာ ဘောလုံးလေးကို ချလိုက်ပြီး ပြေးလာလျက် သူတို့နှစ်ယောက်ကို ခဏလောက်ကြည့်ပြီးနောက် သူမ ပျင်းလာပြန်သည်။ ကစားချင်ပေမဲ့ တစ်ယောက်တည်း မကစားချင်တာကြောင့် လက်ကိုဆေးကြောပြီး စက္ကူတစ်ချို့ကို ထိုင်ခေါက်နေပြန်သည်။

မွန်းတည့်ချိန်တွင် လုကျဲ့ထျန်း ပြန်ရောက်သောအခါ ဤမြင်ကွင်းကို သူမြင်လိုက်ရသည်။

အလုပ်ကြိုးစားသူ ချင်ရှီးသည် သူမ၏ နူးညံ့သေသပ်သော အရေးအသားနှင့် ဒီဇိုင်းပုံများစီစဉ်နေပြီး ဖျင်ဖျင်ကဘေးကထိုင်ကြည့်နေသည်။ အန်အန်းက ပျော်ရွှင်စွာဖြင့် စက္ကူအရုပ်များဖန်တီးနေပြီး သုံးယောက်သား စားပွဲတစ်ခုတွင်ထိုင်နေကြကာ လိုက်ဖက်ညီ၍ နွေးထွေးသောဟန်ရှိကြသည်။

လုကျဲ့ထျန်း၏ အမူအရာက ပျော့ပျောင်းသွားကာ သူတို့နှစ်ယောက်၏ မျက်လုံးများတွင် "အလုပ်များနေတယ် မနှောက်ယက်ပါနဲ့ အနားယူပြီး ထမင်းစားပါ" ဟုပေါ်လွင်နေသည်။ တစ်မနက်လုံး ထိုင်နေခဲ့သော ချင်ရှီးက ခေါင်းကို မော့ကာ အနည်းငယ် ပြုံးပြသည်။
" ပြန်လာပြီလား"

လုကျဲ့ထျန်းက ပြုံးပြီးပြန်ဖြေသည်။
"အင်း…လက်ဆေးပြီး စားကြရအောင်"

ချင်ရှီးက ဘောပင်ကိုချကာ စားပွဲကို အနည်းငယ် သန့်ရှင်းရေးလုပ်ပြီး မတ်တပ်ထရပ်ကာ ခြေလက်များကို ဆန့်တန်းသည်။ အမြွာနှစ်ယောက်ကလည်း ထိုင်ခုံပေါ်မှ စိတ်မရှည်စွာ ဆင်းလာကြပြီး လုကျဲ့ထျန်း ဘာဝယ်ခဲ့တာလဲဆိုတာ ပြေးကြည့်ကြသည်။

"ဖေဖေ ဖေဖေ ဘာဝယ်ခဲ့သလဲ။ အသားတွေပါလား"
တစ်ယောက်က ဟင်းဘူးများစွာကို အနံ့ခံနေပြီး ဖျင်ဖျင်ကို လုကျဲ့ထျန်းက ပွေ့ချီကာ ဗိုက်ကို ကိုင်ကြည့်လိုက်သည်။

"လောဘကြီးတဲ့ကြောင်လေး လွန်ခဲ့တဲ့နှစ်ရက်က အသားမစားခဲ့ဘူးလား"

လုကျဲ့ထျန်းက မီးဖိုချောင်ထဲကို ဟင်းကိုယူသွားပြီး အမြီးတန်းလေးနှစ်ယောက်ကို ဖယ်လိုက်သည်။
"မင်းအမေနဲ့ မင်းတို့လက်ဆေးကြ"

အန်အန်းက လုကျဲ့ထျန်းရဲ့ကျောကိုကြည့်ပြီးပြောသည်။
"အသားက နေ့တိုင်းစားရပေမဲ့လည်း မလောက်ဘူး"

ထို့နောက် သူမက ဖျင်ဖျင်ကို ကြည့်ပြီးထပ်ပြောသည်။
"ဟုတ်တယ်မလား ဖျင်ဖျင်"

ဖျင်ဖျင်ကလည်း အလိုက်တသိ ခေါင်းညိတ်လိုက်သည်။

လုကျဲ့ထျန်းက သူတို့ကို လျစ်လျူရှုထားသည်။ ချင်ရှီးက ပြုံးပြပြီး ခြံထဲမှာ လက်ဆေးဖို့ သူတို့နှစ်ယောက်ကို ခေါ်သွားသည်။

ယခုခေတ်ကြီးတွင် နေ့တိုင်း အသားစားနိုင်သူ အလွန်နည်းပါးပြီး လုမိသားစုသည် မကြာခဏ အသားစားနိုင်သောကြောင့် အလွန်ကောင်းနေပြီဖြစ်သည်။

မကြာသေးမီက ခရိုင်အတွင်း ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချသူဦးရေ များပြားလာခဲ့သည်။ ဝက်သားရောင်းချသူမရှိသော်လည်း ငါးနှင့်ပုစွန်ရောင်းချသူများလည်းရှိလာကာ စျေးအနည်းငယ်ကြီးသော်လည်း လက်မှတ်များဖြင့် ဝယ်ယူရန် မလိုအပ်ဘဲ အကန့်အသတ်မရှိဝယ်ယူနိုင်သည်။

ချင်ရှီးသည် လွန်ခဲ့သော နှစ်ရက်က ငါးတစ်ကောင်ဝယ်ခဲ့ပြီး ပဲငံပြာရည်ဖြင့်ချက်ပြုတ်ပေးသောအခါ ကလေးများက ချက်ချင်းဆိုသလို သဘောကျသွားခဲ့သည်။

မကြာခင်မှာဘဲ ကုချင်းဟိုင်လည်း ပြန်ရောက်လာသည်။ ထမင်းစား စားပွဲပေါ်က ဟင်းပွဲတွေကို တစ်ချက်ကြည့်လိုက်တော့ ချင်ရှီးချက်ပြုတ်ထားတာမဟုတ်ဘူးဆိုတာကို မြင်လိုက်ရပြီး သူ့အမူအရာက မှိုင်းကျသွားသည်။

လုကျဲ့ထျန်းက ထိုအရာကိုမြင်လိုက်ရတော့ သူ့အမူအရာက ချက်ချင်း လေးနက်သွားသည်။
"ဒီရက်ပိုင်း မင်းမှာ အချိန်ကောင်းတွေ ရခဲ့တော့ အရင်က ဘဝအခြေအနေတွေကို မေ့သွားပြီပေါ့"

ကုချင်းဟိုင်က သူ့သဘောထားကို ချက်ချင်းပြင်လိုက်ပြီး ခေါင်းကို အမြန်ခါလိုက်သည်။
"မဟုတ်ပါဘူး"

ပြောပြီးသည်နှင့် အမြန်ထိုင်ကာ ဟင်းခွက်ထဲမှ ဟင်းရွက်ကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။

ထိုအခါမှ လုကျဲ့ထျန်း၏အမူအရာမှာ အနည်းငယ်ပျော့ပြောင်းသွားသည်။
"ချေးများတာက ကောင်းတဲ့အကျင့်တော့ မဟုတ်ဘူး။ တခြားဘယ်သူတွေကများ ငါတို့စားသလို ဝယ်စားနိုင်ကြလဲ။ မင်းတို့အမေက ဟင်းချက်ကောင်းလို့ မင်းတို့က မစားချင်တာဖြစ်နေယုံဘဲ။  အစားစားတယ်ဆိုတာ အာဟာရကို မှီဝဲယုံဘဲ။  ကျင့်သားရအောင်လုပ်ထားပါ"

"တခြားမိသားစုက ဆိုင်မှာ စားဖို့တောင် မတတ်နိုင်ဘူး။ ကျေးလက်မှာဆို စားဖို့လုံလုံလောက်လောက်မရှိတဲ့သူတွေတောင် ရှိတယ်"
လုကျဲ့ထျန်းက ကလေးသုံးယောက်ကို ဆုံးမသည်။
“အစားအစာက အရမ်းအရေးကြီးတယ်။ တစ်ချို့အစားအစာတွေက ကောင်းတယ်၊ မကောင်းဘူးလို့ ရွေးလို့မရဘူး နားလည်လား”

“ဟုတ်ကဲ့”
ကလေးသုံးယောက်က တညီတညွတ်တည်း ပြန်ဖြေသည်။

သူတို့ရဲ့ အသွင်အပြင်ကိုမြင်တော့ ချင်ရှီးဟာ တစ်စက္ကန့်လောက် တွေးကြည့်မိပေမဲ့ အတွေးကို မြန်မြန်ဆန်ဆန်ဘဲ ချန်ထားခဲ့လိုက်သည်။

ဆိုးရွားတဲ့အခြေအနေမျိုး ရှိလာမှာမဟုတ်ပါဘူး။ အစားမစားဘဲ ပိုက်ဆံစုစရာမလိုဘူး။ သူမ ဒီကိုရောက်တာ တစ်လရှိပြီ။ သူမဟာ ဒီလအတွက် အလွန်အကျွံမသုံးစွဲခဲ့ဘဲ ယွမ်သုံးဆယ်ကျော်လောက်သာရှိမည်။

ထိုအရာက နွားနို့မှာယူခြင်းနှင့် နေ့စဥ် လိုအပ်တာတွေ အများကြီး ဝယ်ရတဲ့ ကုန်ကျစရိတ်ဘဲ ရှိပါသေးသည်။ ခြံထဲမှာ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ အများကြီးရှိနေပြီဆိုတော့ နောက်လတွေမှာ ကုန်ကျစရိတ် သက်သာသွားမည်။

တကယ်တော့ ချင်ရှီးသည် အသား သို့မဟုတ် ဟင်းသီးဟင်းရွက်များကို အလွန်အကျွံ မဝယ်ခဲ့ဘဲ သူမတွင် ရွှေလက်ချောင်းဆုရှိနေသောကြောင့် သူမ၏ ချက်ပြုတ်ခြင်းကျွမ်းကျင်မှုမှာ ကောင်းကင်ဘုံကို အံတုနိုင်ပြီး သာမန်ပါဝင်ပစ္စည်းများကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်နိုင်ခြင်းဖြစ်သည်။ ဟင်းတစ်ခွက်ကြော်ဖို့ ဆား၊ ဆီနဲ့ ရှာလကာရည် အနည်းငယ်ထည့်ထားရင်တောင် တခြားအရာတွေလို အရသာရှိနေမှာဖြစ်သည်။ သို့မှသာလည်း ကလေးများ၏ အစားစားချင်စိတ်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

လုကျဲ့ထျန်းလည်း ဒါကိုသိပါသည်။ ဒါပေမဲ့ ချင်ရှီး ဟင်းချက်ကောင်းတာကြောင့်ဘဲ ကလေးများက ဇီဇာကြောင်လို့ရမည့် အကြောင်းရင်းတော့ မဖြစ်သင့်ပါ။  အစားအသောက်က ကောင်းကောင်းဆိုးဆိုး စားကြရမည်ဖြစ်သည်။

ချင်ရှီးကလည်း ပြဿနာရဲ့ လေးနက်မှုကို သိတဲ့အတွက် "မင်းအဖေပြောတာ မှန်တယ်" လို့သဘောတူလိုက်သည်။

ကလေးသုံးယောက်က ခေါင်းညိတ်ပြပြီး အစားအသောက်ကို ဇာချဲ့ခြင်းမလုပ်ကြ
တော့ပါ။ ချင်ရှီးရဲ့ အရသာရှိတဲ့ အစားအစာတွေကို လွမ်းမိပေမဲ့ သူတို့အဖေက ဒီလောက်ထိ တုံ့ပြန်ဖို့ မမျှော်လင့်ထားကြပေ။

၁၉၆၀ ပြည့်လွန်နှစ်များတွင် လူတွေက စားစရာမရှိသောအခါ ဖွဲနု၊ သစ်ပင်အခေါက်တို့ကို စားခဲ့ကြရသည်ဟု ချင်ရှီးက ပြောပြသည်။

နိုင်ငံတစ်ဝှမ်းတွင် သန်းနှင့်ချီသောလူများ ငတ်သေကုန်ကြောင်း ကြားသိရသောအခါ အမြွာများသည် ပန်းကန်ကိုကိုင်ကာ မျက်ရည်များကျနေကြပြီး ကုချင်းဟိုင်၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားသည်။

လုကျဲ့ထျန်းသည် ချင်ရှီးက သူတို့ကို ဒီလိုပြောပြဖို့ မမျှော်လင့်ထားပါ။ သူတို့က အရမ်းငယ်သေးတော့ ဒီလိုပြောလိုက်ရင် အရမ်းကြောက်နေနိုင်သည်ဟုတွေးမိခဲ့လို့ပင်။

ချင်ရှီးကမူ ကလေးများသည် ငယ်ရွယ်သောကြောင့် ကလေးများကို ဘယ်သောအခါမှ လိမ်ညာဟန်ဆောင်တာမျိုး မလုပ်သင့်ကြောင်းပြောသည်။ သူမသည် ဘာဘဲပြောပြော အလေးအနက်ထားသည်။ လိမ်ညာလှည့်စားခြင်းမျိုး ဘယ်တော့မှ မလုပ်တတ်သလို သူတို့ကို လူကြီးများကဲ့သို့ ဆက်ဆံတတ်သည်။

လုကျဲ့ထျန်းသည် ခဏလောက်စဉ်းစားပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။ အမြွာများသည် လေးနှစ်ရှိပြီး ကုချင်းဟိုင်သည် ကိုးနှစ်ရှိပြီး သူတို့အားလုံး တွေးခေါ်နိုင်စွမ်းရှိသည်။ ချင်ရှီး၏ချဉ်းကပ်မှုသည် သူတို့၏ကြီးထွားမှုနှင့် စရိုက်လက္ခဏာအတွက် ပိုကောင်းပေမည်။

ချင်ရှီး : "ဒါဆို အစားအသောက်ကို ဖြုန်းတီးတာ ရှက်စရာဘဲ။ ဇီဇာကြောင်တယ်ဆိုတာ မကောင်းတဲ့အရာဖြစ်မှန်း နားလည်ကြလား"

ကလေးသုံးယောက်က တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြပြီး သူတို့လက်ထဲမှာ ဟင်းတွေကို စက်ဆုပ်တဲ့ အရိပ်အယောင်မပြဘဲ စားသောက်ပါတော့သည်။

ဖျင်ဖျင်သည် ငိုယိုကာ ထမင်းစားနေသည်ကို ချင်ရှီးမြင်လိုက်ရတော့ အနည်းငယ် ရယ်စရာကောင်းပြီး အနည်းငယ် စိတ်ဆင်းရဲသွားသည် ။ သူသည် စိတ်ခံစားမှုလွန်ကဲပြီး စာနာနိုင်စွမ်း အားကောင်း၍ စိတ်ကူးယဉ်ဆန်လွန်းသူဖြစ်သည်။ ထို့ပြင် သူသည် ဆိတ်ငြိမ်သောကိုယ်ရည်ကိုယ်သွေးရှိသည်။ ချင်ရှီးသည် အနာဂါတ်တွင် သူကတစ်ပါးသူကြောင့် အနာတရဖြစ်မည်ကို အနည်းငယ်စိုးရိမ်နေမိသည်။

သူ့ဇာတ်ကြောင်းကို ပြောင်းလဲနိုင်မလားဆိုတာ သိနိုင်ဖို့ အနာဂတ်မှာ သူ့ကို ပိုအာရုံစိုက်ရမည်။ ချင်ရှီးက သူ့အကြည့်တွေကို အန်အန်းဘက်ကို လှည့်လိုက်ပြီး အနည်းငယ် စိတ်ဖြေလျှော့လိုက်သည်။

အန်အန်းသည် ဖျင်ဖျင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ အန်အန်းသည် သူမကိုယ်ကို ထိန်းညှိနိုင်သော အစွမ်းအစရှိသည်။ သူမသည် ယခုလေးတင် ငိုနေသော်လည်း ယခုအခါတွင် မျက်ရည်များကို သုတ်ကာ ဝမ်းနည်းမှုကို အစာစားချင်စိတ်အဖြစ် ပြောင်းလဲ၍ အစာကို ပါးစပ်ထဲသို့ ပြင်းပြင်းထန်ထန် သွတ်သွင်းနေ၏။

အန်အန်းဟာ စိတ်အေးအေးထားတတ်ပြီး ဒေါသကို အရမ်းကြီးမဖော်ပြဖို့ မျှော်လင့်မိသည်။ ဘာဘဲဖြစ်ဖြစ် သူ့ခံစားချက်တွေကိုတော့ ထုတ်ပြောရမည်။ မဟုတ်ရင် သူမ မြန်မြန်ဆန်ဆန် သို့မဟုတ် နောက်ပိုင်းမှာ သူမရဲ့ ပင်ကိုယ်စရိုက်က သိသိသာသာ ပြောင်းလဲသွားလိမ့်မည်။

ချင်ရှီးသည် ကုချင်းဟိုင်ကို တစ်ဖန်ပြန်ကြည့်ပြီး သူ့အမူအရာကောင်းမွန်သည်ကိုမြင်သောအခါ စိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာဖြင့် ကုချင်းဟိုင်သည် အနည်းငယ်မာနကြီးသော်လည်း သူ့တွင်ဘာမှအမှားအယွင်းမရှိပေ။

ချင်ရှီးသည် ပန်းကန်လုံးကို ကောက်ယူပြီး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရန် ခက်ခဲသည်ဟု တွေးကာ ဆက်စားနေသည်။ ဤအလုပ်သည် တကယ်ပင် ခက်ခဲသည်။ သူမ၏ ယခင်ဘဝက ဖောက်သည်များနှင့် ဆက်ဆံရသည်ထက် အဆတစ်ရာ ပိုခက်ခဲသည်။

ချင်ရှီး၏နှလုံးသားထဲတွင် အစစ်အမှန် အိမ်ထောင်ရှင်ဇနီးသည်များအား ဂုဏ်ပြုလိုက်သည်။

စားပြီးသည်နက် စားပွဲကို သန့်ရှင်းကြသည်။ ဟင်းရွက်ဟင်းရည်တောင် ဖိတ်ကျထားတာမျိုးမရှိဘဲ ကလေးတွေက ဘယ်လောက် ဂရုတစိုက်စားလဲဆိုတာ ပြပြီး ဖြုန်းတီးမိမှာကို အရမ်းကြောက်ကြသည်။

လုကျဲ့ထျန်းက ပန်းကန်ဆေးဖို့ ပြင်ဆင်လိုက်ပြီး ချင်ရှီးက သူ့ကိုကူ၍ စားပွဲကို သုတ်ပေးသည့်အချိန် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။

ကုချင်းဟိုင်က မော့လင်ကို အိတ်ကြီးကြီးတစ်လုံးကိုင်ထားတာတွေ့တော့ သူ့မိဘတွေကိုလှမ်းခေါ်ဖို့အချိန်မရခင်မှာ မော့လင်၏ စကားပြောသံကို ကြားလိုက်ရသည်။ 
"ရှောင်ဟိုင် တံခါးဖွင့်ပေး။ ဒါသယ်လာရတာ ငါပင်ပန်းလုနီးပါးဖြစ်နေပြီ"

"အိုး… အိုး"
ကုချင်းဟိုင် တံခါးကို အမြန်ဖွင့်လိုက်ပြီး ပစ္စည်းတွေသယ်ကူဖို့ ရှေ့ကို တိုးလာသည်။

မော့လင်က သူ့ကို မကူညီဖို့ လက်ကိုဝှေ့ယမ်းပြီးပြောသည်။
“မလေးပါဘူး။ ပြေးလာရလို့ မောပန်းနေယုံလောက်ဘဲ။ မင်းအမေရှိလား"

ကုချင်းဟိုင်က မသိစိတ်အရ ခေါင်းညိတ်လိုက်ပြီး မော့လင်က သူ့ပစ္စည်းတွေနှင့်အတူ ဝင်လာသည်။

ချင်ရှီးက အသံကြားတော့ သူမ စားပွဲကို သုတ်နေတာရပ်လိုက်ပြီး အပြင်ထွက်လာကာ မီးဖိုခန်း ကန့်လန့်ကာကို မြှောက်လိုက်သည်နှင့် အချိန်ကိုက်ပင် မော့လင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

မော့လင်က ဝမ်းသာအားရ ပြုံးပြီး အထုပ်ကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ပြသည်။
"အထည်ရောက်ပြီ"

ပြောနေချိန်မှာဘဲ လုကျဲ့ထျန်းကို တံခါးပေါက်ကြားကနေတစ်ဆင့် ပန်းကန်တွေ ဆေးနေတာကို တွေ့လိုက်ရတော့ လန့်သွားသည်။

ချင်ရှီးနှင့် အခန်းထဲသို့ ဝင်ပြီးနောက် သူမ နားကို တီးတိုးပြောသည်။
"အံ့သြစရာကောင်းလိုက်တာ။ မင်း သူ့ကို တကယ် အနိုင်ယူခဲ့တာဘဲ"

သူမရဲ့ မျက်လုံးထဲမှာ အခြားအဓိပ္ပါယ်မပါသော ရိုးသားသည့်အရိပ်အယောင်ကို မြင်လိုက်ရတော့ ချင်ရှီးဟာ သူမကို လုံးဝ သဘောကျသွားသည်။

"ဒါပေါ့" ဟုပြောကာ ရယ်မောရင်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လုကျဲ့ထျန်းအကြောင်း ထပ်မပြောကြတော့ဘဲ အလုပ်အကြောင်း စတင်ပြောဆိုကြသည်။

မော့လင်သည် အထုပ်ကိုဖွင့်ကာ အထည်ကို ပြလိုက်သည်။

ချင်ရှီးသည် ထိုအရာကိုကြည့်ကာ အထည်သည် အနီရောင်သန့်သန့်မဟုတ်ဘဲ ဘော်ကြယ်သေးသေးလေးများ ပါရှိသည်ကို တွေ့ရ၍ အံ့အားသင့်သွားကာ မီးရောင်အောက်တွင် တလက်လက်ထနေသည်ကို ကြည့်နေလေသည်။

'ဘော်ကြယ်ပါတဲ့အထည်လား'
ချင်ရှီးအနည်းငယ် ထိတ်လန့်သွားပြီး အနီးကပ်ကြည့်ရန် အထည်ကို ကောက်ကိုင်လိုက်သည်။
'ဒီခေတ်မှာ ဘော်ကြယ်ပါသည့်အထည်တွေ ရှိသလား'

သို့သော် ကောက်ယူပြီး ကြည့်လိုက်တော့ ထိုတစ်ပိုင်းသာ ဘော်ကြယ်တွေ ပါပြီး တခြားနေရာတွေ မရှိဘူးဆိုတာကို တွေ့ရှိရသည်။

"ဟေး"
မော့လင်က အနည်းငယ်စိုးရိမ်သွားပြီး အထုပ်ကို အမြန်ဖွင့်ကာ တောက်ပြောင်နေသည့်အရာများပါသော အထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။

"ဘယ်လို မှောက်ကျကုန်တာလဲ ဟေး… အထည်က စွန်းသွားပြီ"
မော့လင်က စိုးရိမ်တကြီးနှင့် ချင်ရှီးကိုကြည့်သည်။ 
"အဆင်ပြေရဲ့လား"

ထိုအချိန်မှပင် ချင်ရှီးသည် ထိုအရာသည် အလှဆင်ထားသောအထည်မဟုတ်ဘဲ တောက်ပြောင်သောအမှုန့်အမှုန်အမွှားတစ်ချို့ ပေါက်ကျလာကာ အထည်ကို တလက်လက်ဖြစ်စေမှန်း သိသွားသည်။
   
"အဆင်ပြေပါတယ်"
ချင်ရှီးက မော့လင်ကို နှစ်သိမ့်သည်။
"ဒီ တလက်လက်တောက်တဲ့ဟာတွေက ဘယ်ကရလာတာလဲ"

"ငါ့သူငယ်ချင်းက ငါ အဝတ်အစားလုပ်မယ်ဆိုတာကြားတော့ ဓာတ်ပုံတွေရိုက်တဲ့ ပုံနှိပ်စက်ရုံကိုသွားပြီး ဒါတွေယူလာပေးတာ"
မော့လင်က ဆက်လက်ရှင်းပြသည်။

"ငါ့သူငယ်ချင်းက သူ(မ)က ရှန်းကျန့်မြို့ကိုသွားပြီး ရှိုးတစ်ခုကို သွားကြည့်ဖူးတယ်လို့ ပြောခဲ့တယ်။ သူတို့ရဲ့ စကတ်တွေက ဘော်ကြယ်တွေနဲ့တလက်လက်တောက်ပြီး မီးရောင်တွေနဲ့ဆို အရမ်းလှတယ်တဲ့။ ဒီဟာကိုသုံးလို့ရပါ့မလားတော့ ငါလည်းသေချာမသိဘူး"

မော့လင်က ပခုံးတွန့်လိုက်သည်။
"ဘာဘဲဖြစ်ဖြစ် သူ(မ)အလုပ်များနေတော့ ငါ့ဘာသာယူလာတာ"

ချင်ရှီးက သူမသူငယ်ချင်းကို ပိုပိုပြီးစိတ်ဝင်စားလာသည်။
"ဒါက အသုံးဝင်တယ်။ ဒီဟာကို အထည်မှာ ဘော်ကြယ်တွေအဖြစ်သုံးရတာ မကောင်းဘူး။ ဒါပေမဲ့ စကတ်မှာ ဒီဇိုင်းဆွဲလိုက်ရင်တော့ မီးတွေအများအပြားနဲ့ဆိုရင် ကြည့်ကောင်းပါလိမ့်မယ်"

တောက်ပသောအမှုန့်သည် များပြားလှသောဧရိယာတွင် အသုံးပြုရန် အရည်အသွေးနိမ့်လွန်းသည်။ ထိုအရာကို ဒီဇိုင်းပုံစံဆွဲ၍ အလှဆင်မှုအဖြစ်သာ အသုံးပြုနိုင်သည်။

ချင်ရှီးက အခြေအနေကို ရှင်းပြသည်။
“အနီးကပ်ကြည့်ရင် သိပ်ကောင်းပုံမရဘူး။ ဒါပေမဲ့ အဝေးကကြည့်ရင်တော့ လှနေလိမ့်မယ်”

မော့လင်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒါဆို စင်မြင့်က အရမ်းဝေးတယ်ဆိုတော့ ကောင်းပါတယ်။ မင်းကိုယုံတယ်"

"ကောင်းပြီလေ။ ဒါပေမဲ့ အမှုန့်တွေက ပြုတ်ကျလိမ့်မယ်"
ချင်ရှီးက တောက်ပတဲ့အမှုန့်ကိုထိတွေ့လိုက်သည်။
"အဝတ်ကပ်ဖို့ အထူးကော်မရှိဘူး။ မင်း သာမန်ကော်ကိုဘဲသုံးလို့ရမယ်။ မဟုတ်ရင် အမှုန့်က ကျိန်းသေပေါက် ပြုတ်ကျလိမ့်မယ်"

"ကိစ္စမရှိပါဘူး။ တလက်လက်ဖြစ်နေအောင်သာ အလှဆင်ပေးလိုက်"

မော့လင်က ဒီအသေးစိတ်အချက်အလက်တွေကို လုံးဝဂရုမစိုက်ပါ။
"ဒီဇိုင်းအဆင်သင့်ဖြစ်ပြီလား။ ငါ့ကိုပြပါဦး”

ချင်ရှီးသည် မော့လင်လိုပုံစံ ဖောက်သည်များကို လွန်စွာသဘောကျသည်။ သူမသည် ပုံစံအသေးစိတ်ဖော်ပြထားသည်ကို ကြည့်ပြီးနောက် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

"အရမ်းလှတာဘဲ။ မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။ မင်းရဲ့သတင်းကောင်းကို ငါစောင့်နေမယ်နော်"
မော့လင်သည် ချင်ရှီး၏လက်မောင်းကိုဆွဲကာ တောက်ပစွာပြုံးပြလိုက်သည်။

ပန်းကန်များဆေးကြောပြီးနောက် လုကျဲ့ထျန်းသည် တံခါးကိုဖွင့်ကာ ဝင်လာရာ မော့လင်သည် ချင်ရှီး၏ လက်မောင်းကို ကိုင်ထား၍ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာ ပွေ့ဖက်ပြီး ပျော်ရွှင်စွာ ပြုံးနေကြသည်ကို တွေ့လိုက်ရသည်။

လုကျဲ့ထျန်း :  "..."

သူတို့နှစ်ယောက် တံခါးကို လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်ဝင်လာတာကို တွေ့လိုက်ရသည်။

နှစ်ယောက်သားက သူ့ကို ကြည့်နေကြသည်ကိုတွေ့ရာ လုကျဲ့ထျန်း ချက်ချင်း အေးခဲသွားသည်။

လုကျဲ့ထျန်း : "..."

လုကျဲ့ထျန်းသည် ကျည်ဆန်များကြားတွင် သူ့အမူအရာကို ဘယ်သောအခါမှ မပြောင်းလဲခဲ့ပါ။ ဤအခိုက်အတန့်တွင် လုံးဝ တောင့်တင်းသွားပြီး သူ့စိတ်သည် ခဏတာ လွတ်သွားသည်။ ဘာအသုံးအနှုန်းနဲ့ပြောပြီး ဘာလုပ်ရမယ်ဆိုတာကို သူမသိတော့ပါ။

'ဒီမြင်ကွင်းကို သူ ဘာကြောင့် ထူးထူးခြားခြား ခံစားရပြီး ဘာကြောင့် သူ့ကို စိတ်မငြိမ်မသက်ဖြစ်စေတာလဲ'

_***_


၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now