Chapter 49

3.7K 403 3
                                    

အပိုင်း (၄၉)



အဘွားရှန်၏မိသားစုနှင့် စကားအနည်းငယ်ပြောပြီးသောအခါ လုကျဲ့ထျန်း၏ရဲဘော်ရောက်ရှိလာပြီး ချင်ရှီးသည် အဘွားရှန်နှင့် အခြားသူများကို နှုတ်ဆက်ပြီး ရထားဘူတာမှ ထွက်ခွာသွားခဲ့သည်။

စွန်းလီလိသည် သူတို့မိသားစု ကားထဲဝင်သွားတာကိုကြည့်ပြီး ချင်ရှီးနှင့် လက်ထပ်တဲ့လူက တော်တော်ကောင်းနေပုံပေါ်တာကို ရုတ်တရက် သဘောပေါက်လိုက်သည်။

"လီလိ မင်းနဲ့ရှောင်ချင်က အတန်းဖော်တွေလား။ မင်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ"
အဘွားရှန်ကမေးသည်။

စွန်းလီလိက အာရုံပြန်ရလာပြီး အဘွားရှန်ကို တွဲကူရင်း ချင်ရှီးအကြောင်း ရှင်းပြလိုက်သည်။

သူမ ပြောသည့်စကားကိုကြားပြီးနောက် အဘွားရှန်သည် သက်ပြင်းချမိသည်။မိသားစု‌ကြောင့် (အနာဂတ်)နှောင့်နှေးသွားရသည့် အံ့သြစရာကောင်းသော ကလေးလေးဖြစ်သည်။ အဘွားရှန်သည် သူမ သမီးကြီးဦးဆောင်ပြီးခေါ်သွားသည့် ရှန်မင်မိန့်ကိုကြည့်ပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်ပြန်သည်။ ချင်ရှီးနှင့်ယှဉ်ရင် ရှောင်မိန့်က ပိုကံကောင်းပါသည်။

အဘွားရှန်က ဘာဘဲဖြစ်ဖြစ် ရှောင်မိန့်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးမယ်ဆိုတဲ့စိတ်ထားခဲ့သည်။

... … …

ကားပေါ်တက်လာသော ချင်ရှီးသည် လုကျဲ့ထျန်း၏ ရဲဘော်ရဲဘက်နှင့်အစ်ကိုကောင်းဖြစ်သူ ကျိုးခိုင်းရွှမ်နှင့် စကားစမြည်ပြောသည်။

သူနှင့်စကားပြောပြီးနောက် ကျိုး‌ခိုင်းရွှမ်သည် ခရိုင်မှာ ကုန်စုံဆိုင်ဖွင့်ထားတာကို သိလိုက်ရသည်။ ရောင်းတဲ့ပစ္စည်းတွေက ရှန်းကျန့်ဈေးက ပစ္စည်းတွေဖြစ်သည်။ ပစ္စည်းမျိုးစုံရှိပြီး မူလတန်းကျောင်းနှင့်နီး၍ အထူးသဖြင့် ကလေးများအတွက် အဓိကထားသည်။

ချင်ရှီးသည် အလွန်အံ့အားသင့်ခဲ့သော်လည်း မကြာမီ စိတ်သက်သာရာရသွားခဲ့သည်။ လူအများစုသည် ယခုအချိန်တွင် စီးပွားရေးမလုပ်ဝံ့သော်လည်း ချမ်းသာရန်အခွင့်အရေးကို ဆုပ်ကိုင်ထားသော လိုက်လျောညီထွေရှိသည့် ဦးနှောက်ရှိသူများလည်း ရှိပါသေးသည်။

"လုပ်ငန်းလိုင်စင်ရဖို့ ခက်သလား"
ချင်ရှီးက ဒါကို သိချင်သည်။

ကျိုးခိုင်းရွှမ်သည် နောက်ကြည့်မှန်ကိုကြည့်ရန် ခေါင်းမော့ကာ သူ့မျက်လုံးများက အနည်းငယ် အံ့အားသင့်နေဟန်ရှိသည်။
"ညီမ ဒါကို မင်းရော သတိထားမိတာလား"

၁၉၈၀ ခုနှစ်များအစောပိုင်းတွင် မြို့ပြဆိုင်ရာတစ်ဦးချင်းစက်မှုလုပ်ငန်းနှင့် အိမ်ထောင်စုကူးသန်းရောင်းဝယ်ရေးထိန်းချုပ်မှုစည်းမျဉ်းများ မှတ်ပုံတင်ခြင်းကို အပြီးသတ်ခဲ့ပြီးနောက် လူတိုင်းက လမ်းဘေးဆိုင်များဖွင့်လှစ်နိုင်ကာ စတိုးဆိုင်ကြီးများကို ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ လုပ်ဆောင်လာနိုင်ကြသည်။ သို့သော် ယခုနှစ်၏ ပထမအသုတ်ထွက်လာမည့် လုပ်ငန်းလိုင်စင်များက အောက်တိုဘာလအထိ ထွက်လာနိုင်သေးမည်မဟုတ်ပါ။ ပထမအသုတ် လုပ်ငန်းလိုင်စဉ်ချပေးခြင်းက ဤမြို့အတွက်ဖြစ်လျှင် တခြားမြို့များက အခွင့်အရေးမရှိနိုင်သေးပါ။

ကျိုးခိုင်းရွှမ်၏ လုပ်ငန်းလိုင်စင်ကို တရုတ်နှစ်သစ်ကူးမတိုင်မီက ရရှိခဲ့သည်။

ခရိုင်အတွင်း လုပ်ငန်းလိုင်စင်ရရှိသူ နှစ်ဦးသာရှိပြီး အခြားသူများမှာ လမ်းဘေးဆိုင်အသေးလေးများသာ တည်ထောင်ကြပြီး အခြားသူများက‌လည်း(ပေါ်လစီပြောင်းလဲသွားမည်ကို) ကြောက်ရွံ့နေကြဆဲဖြစ်ကာ *ရွှေအလုပ်ကိုသာ လိုချင်ကြသည်။

(*ရွှေအလုပ် - အစိုးရဝန်ထမ်းအလုပ်)

ကျိုးခိုင်းရွှမ်သည် ချင်ရှီးက ဒီလိုမေးခွန်းမျိုးမေးနိုင်တဲ့အတွက် တကယ်ကို အံ့အားသင့်ခဲ့ရပြီး သူ့ရဲ့ညီအစ်ကိုကောင်း ကျဲ့ထျန်းရဲ့ဇနီးက ဒီလောက် ပညာတတ်ဖို့ မမျှော်လင့်ထားပေ။ တမင်တကာ အထင်သေးခြင်းမျိုးမဟုတ်ဘဲ ချင်ရှီးက ရွာကမှန်းသိလို့ ထိုအကြောင်းအရာမျိုး ဘာမှမသိနိုင်ဘူးလို့ ထင်ခဲ့တာဖြစ်သည်။

"ဒုက္ခမများပါဘူး။ ကိုင်တွယ်ဖြေရှင်းရတာ လွယ်ပါတယ်"
ကျိုးခိုင်းရွှမ်က မေးလိုက်သည်။ 
"ငါ့ခယ်မက ဆိုင်ဖွင့်ချင်တာလား"

ချင်ရှီး : "စဉ်းစားနေတုန်း" 

သူမက အလုပ်တွဲလုပ်ရန် တစ်စုံတစ်ဦးကိုရှာဖွေပြီး ဒီဇိုင်းပုံများသာ ထုတ်လုပ်ရန် တွေးနေမိခဲ့ခြင်းသာ။

“ဘယ်လိုဆိုင်မျိုးဖွင့်ဖို့ စီစဉ်ထားလဲ ခယ်မ”
ကျိုးခိုင်းရွှမ်သည် စိတ်ဝင်တစား မေးသည်။

“တကယ်ဖွင့်ရင် အထည်ဆိုင်ဘဲ”
ချင်ရှီးက ပြုံးသည်။

သူမဘေးက အန်အန်းသည် ချက်ချင်းပြောလိုက်သည်။
"သမီးတို့မှာရှိတဲ့ အကျီတွေအကုန်လုံးကို မေမေကချုပ်တယ်။ အရမ်းလှပြီး ဝတ်ရတာလဲ အရမ်းကောင်းတယ်"

ကျိုးခိုင်းရွှမ်သည် ပိုအံ့သြသွားသည်။
"မင်းတို့ရဲ့အဝတ်အစားတွေကို ရှန်းကျန့်မြို့က ဝယ်ခဲ့တယ်ထင်နေတာ။ ခယ်မကိုယ်တိုင်ချုပ်ထားမယ်လို့ မတွေးမိခဲ့ဘူး။ အံ့ဩစရာဘဲ… ဒီကျွမ်းကျင်မှုနဲ့ဆို အထည်ဆိုင်ဖွင့်ပြီး ငွေရှာနိုင်တယ်”

ချင်ရှီးက စကားမပြောမီ အန်အန်းကဆက်ပြောသည်။
“သေချာတာပေါ့။ မေမေက အစွမ်းအထက်ဆုံးဘဲ"

"ဟုတ်တယ်"
ဖျင်ဖျင်ကလည်း ခေါင်းညိတ်လိုက်သည်။

ကလေးတွေပြောတာကိုကြားတော့ ကျိုးခိုင်းရွှမ်က သူ့နှလုံးသားထဲမှာ စုတ်သပ်လိုက်ပြီး နောက်ကြည့်မှန်ထဲကနေ ချင်ရှီးကို ကြည့်လိုက်ပြီး အလွန်အစွမ်းထက်တယ်လို့ခံစားလိုက်ရသည်။

သူမသည် အရည်အချင်းရှိပြီး ကလေး သုံးယောက်က ကောင်းစွာကြီးပြင်းလာခဲ့သည်။

ကျိုးခိုင်းရွှမ်၏ နှလုံးသားသည် တုန်လှုပ်သွားရသည်။
"ခယ်မ မင်းမှာ ညီမလေးရှိလား ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးပါလား"

ချင်ရှီးက အနည်းငယ် အံ့အားသင့်သွားကာ ရုတ်တရက် သူ့က ဒီလိုပြောမယ်လို့ မထင်ထားပေ။

တစ်ချိန်လုံး နှုတ်ဆိတ်နေသော လုကျဲ့ထျန်းက မျက်မှောင်ကြုတ်ကာ ကျိုးခိုင်းရွှမ်ကို စိုက်ကြည့်လိုက်သည်။
"ကောင်းကောင်းမောင်းပါ "

ထို့နောက် ခေါင်းကို အနည်းငယ် စောင်းကာ ချင်ရှီးအား ပြောသည်။
"သူက စိတ်မြန်လက်မြန်ရှိတဲ့သူလေ။ အမြဲတမ်း ဒီအကြောင်းလောက်ဘဲ တွေးနေတာ။ အဲ့ဒါကို စိတ်ထဲထားမနေနဲ့"

"ခယ်မ စိတ်မဆိုးပါနဲ့။ မင်းက ကျဲ့ထျန်းကို ကောင်းကောင်းပြုစုစောင့်ရှောက်နေတာမြင်ရတော့ ငါလည်းမနာလိုဖြစ်နေပြီ"
ကျိုးခိုင်းရွှမ်က ရယ်ပြီးဆက်ပြောသည်။
"သင့်တော်တယ်ဆိုရင်တော့ ကောင်မလေးတစ်ယောက်ကို မေးပေးဖို့ ငါ့ခယ်မက မမေ့နဲ့နော်”

ဒါက သူတို့ပထမဆုံးအကြိမ်တွေ့တာဖြစ်သော်လည်း သူကတော့ တစ်စုံတစ်ယောက်ကို မိတ်ဆက်ပေးဖို့တောင်းဆိုနေလေပြီ။ သူ့ရဲ့ဂရုမစိုက်ဘဲ လွတ်လွပ်တဲ့အကြည့်ကိုမြင်တော့ ချင်ရှီးက အနည်းငယ်ပြုံးလိုက်သည်။
"သင့်တော်တဲ့သူရှိရင် ငါမင်းကိုကူညီမှာပါ"

ကျိုးခိုင်းရွှမ်သည် သူ့ရဲ့အားအင်တွေပြန်လည်ရရှိသွားပြီး သူ့ဘဝနေထိုင်းမှုအခြေအနေအကြောင်းပြောပြရင်း ကလေးတွေကို ပျင်းရိငြီးငွေ့နေစေ၏။

ကားသည် ခရိုင်မှ မောင်းထွက်ပြီး ရှေ့သို့ တောက်လျှောက် ဆက်သွားသည်။

အစပိုင်းတွင် အလွန်စိတ်လှုပ်ရှားနေသော ကလေးများသည် တစ်နာရီအကြာတွင် ကားဆောင့်ခြင်းကို မခံမရပ်နိုင်ဖြစ်ပြီး သူတို့အားလုံးသည် ထိုင်ခုံပေါ်ပြန်လှဲကာ စကားမပြောကြတော့ပေ။

ချင်ရှီးသည် ပို၍ပင် မသက်မသာဖြစ်ပြီး မူးဝေ၍ မအီမသာဖြစ်ကာ နောက်တစ်စက္ကန့်တွင် သူမ အော့အန်တော့မည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။

ယာဉ်မောင်းဘေးဘက်ထိုင်ခုံတွင် ထိုင်နေသော လုကျဲ့ထျန်းသည် စိုးရိမ်သောကမျက်လုံးများဖြင့် ချင်ရှီးကိုလှည့်ကြည့်ကာ ပြတင်းပေါက်ကိုဖွင့်ရန် လက်လှမ်းလိုက်သည်။

ထို့ကြောင့် ချင်ရှီးက သူ့လက်ကို ဆန့်တန်းလိုက်သည်။
“မဖွင့်နဲ့ မဖွင့်နဲ့။ အရမ်းအေးနေတယ်။ ကလေးတွေက  အအေးပတ်သွားနိုင်တယ်”

လုကျဲ့ထျန်း : "ဒါဆို မင်း..."

ချင်ရှီးက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
"နေကောင်းပါတယ်။ မကြာခင် သက်သာလာမှာပါ။ ကားဆောင့်တာများလို့ပါ"

လုကျဲ့ထျန်းက ဘာမှပြန်မပြောဘဲ သူ့လွယ်အိတ်ထဲက သံဘူးကို ထုတ်လိုက်ပြီး ဖွင့်ဟန်ပြင်သည်။

ချင်ရှီးက တစ်ချက်ကြည့်လိုက်သည်။
"မဖွင့်နဲ့။ အဲ့ဒါ လုယောင်အတွက် သစ်သီးခြောက်ဘူး"

"သိပါတယ်"
လုကျဲ့ထျန်းသည် လှုပ်ရှားမှုကို မရပ်ဘဲ ဘူးကိုဖွင့်ကာ အတွင်းမှ ထုပ်ပိုးထားသော စက္ကူထုပ်ကို ဖြည်လိုက်သည်။

"ငါတို့က တစ်မိသားစုတည်းဘဲလေ။ သူမ စိတ်မဆိုးပါဘူး"
လုကျဲ့ထျန်းသည် လိမ္မော်သကြားကပ်လေးကို ချင်ရှီးအားပေးလိုက်သည်။ 

သူက အကုန်ခွဲထုတ်လိုက်ပြီကိုမြင်တော့ ချင်ရှီးက ရွေးစရာလမ်းမရှိတော့ပေ။
"ဟေး ငါက အဲ့ဒါတွေအားလုံးကို သေသေသပ်သပ်ထားထားတာ။ အခုတစ်ပိုင်းက ပျောက်သွားလို့ ပေးလိုက်ရတာ အဆင်မပြေတော့ဘူး"

လုကျဲ့ထျန်းသည် နောက်ထပ် အနည်းငယ်ကိုထုတ်ကာ ကလေးတစ်ဦးစီအားပေးသည်။
"ဒါက နည်းနည်းပါဘဲကွာ"

ခေတ္တနားပြီးနောက် လုကျဲ့ထျန်းသည် လမ်းပေါ်တွင် မည်သူမျှမရှိသည်ကို မြင်သောကြောင့် အရှိန်လျှော့ရန် ကျိုးခိုင်းရွှမ်ကိုပြောသည်။ လိ‌မ္မော်သကြားကပ်လေးတစ်ခုကို ကျိုးခိုင်းရွှမ် ပါးစပ်ထဲထည့်ပေးကာ သူကိုယ်တိုင်လည်း တစ်ခုစားသည်။

အောက်ခြေမှာကျန်သည့်အချို့ကို ပြန်လည်ပြင်ဆင်ပြီးနောက် ချင်ရှီးအား ပြသသည်။
"ဒီလိုဆို ပိုအဆင်ပြေသွားပြီ"

ချင်ရှီးသည် အလွန်ကူကယ်ရာမဲ့သလို ခံစားသွားရသော်လည်း သူမကို သက်သာရာရစေရန် လုပ်မိတာဖြစ်ကြောင်း သိသောကြောင့် အပြစ်မတင်နိုင်ပေ။

သူမ စကားရပ်သွားတာကိုမြင်တော့ လုကျဲ့ထျန်းက သူ့ပါးစပ်ထောင့်ကို အနည်းငယ်မြှောက်၍ပြုံးလိုက်ပြီး သစ်သီးခြောက်သကြားလုံးကို ပြန်ထုပ်၍ သိမ်းလိုက်သည်။

ကျိုးခိုင်းရွှမ်သည် သူ့ပါးစပ်ထဲက ချိုမြိန်တဲ့သစ်သီးခြောက်သကြားလုံးတွေကို ဝါးလိုက်ပြီး နှုတ်ခမ်းတွေမတွန့်ဘဲ မနေနိုင်တော့‌ပေ။ လိမ္မော်သကြားကပ်လေးက  သူ့လောက် *မချဉ်နိုင်တော့ပါဘူး။

ကြောက်စရာကောင်းလိုက်တာ။ သူတို့ကို ပိုကြည့်လေလေ၊ လက်တွဲဖော်တစ်ယောက်ယောက်ကို ရှာချင်လေလေပါဘဲ။

(*သူက မနာလိုလွန်းလို့ လိ‌မ္မော်သီးသကြားကပ်ကတောင် သူ့လောက်မချဉ်နိုင်တော့ပါဘူးလို့ဆိုလိုတာပါ။ မနာလိုတဲ့ခံစားချက်ကို ချဉ်တဲ့ရှာလကာရည်နဲ့ တင်စားလေ့ရှိကြတဲ့ဗန်းစကားကို သုံးထားတာဖြစ်ပါတယ်)

လိ‌မ္မော်သကြားကပ်စားပြီးနောက် ချင်ရှီး၏ပါးစပ်မှ ပျို့အန်လိုသော ခံစားချက်မှာ အနည်းငယ် လျော့ပါးသွားကာ ရင်းနှီးကျွမ်းဝင်သည့်လမ်းကို လှမ်းကြည့်လိုက်ရင်း မျက်လုံးများ မှုန်ဝါးလာသည်။

မြို့ကိုရောက်တဲ့အခါ ကားပေါ်လာသည်နှင့် လူတော်တော်များများရဲ့ အာရုံစိုက်မှုကိုခံရသည်။ မြို့ထဲမှာ ကားတွေ သိပ်တွေ့ရလေ့မရှိပါဘူး။

'ဒီမှာ ဘယ်သူလာတာပါလိမ့်'

လုမိသားစုအိမ်တံခါးဝတွင်ရပ်ထားသည့်ကားကို လူအများက ကြည့်နေကြသည်။

"အိုး…" 
ကားပေါ်မှ ဆင်းလာသည့် လူများကို မြင်သောအခါ လူတိုင်း အံ့ဩသွားကြသည်။

"လုမိသားစုရဲ့ အကြီးဆုံးသားလား"

"မနှစ်ကမှ ပြန်လာခဲ့သေးတာ မဟုတ်ဘူးလား။ နှစ်သစ်ကူးပြီးတာနဲ့တင် သူဘာလို့ ပြန်လာတာပါလိမ့်"

"ဟေး… သူ့မိန်းမနဲ့သားသမီးတွေကို သူနဲ့အတူခေါ်လာခဲ့တာ"

"အွန်း… ဒီဟာဘဲ။ သူနဲ့အိမ်ထောင်ကျတဲ့ ကောင်မလေးက ဟိုဘက်ရွာ ချင်မိသားစုကလား”

“တက္ကသိုလ်ခွဲတမ်းရောင်းခံလိုက်ရတဲ့ ကောလိပ်ကျောင်းသားလား”

လူတိုင်းက ရုတ်တရက် သူတို့တွေကို စိုက်ကြည့်ရင်း တိုးတိုးတိတ်တိတ် အတင်းပြောနေကြသည်။

ကျိုးခိုင်းရွှမ်သည် လုကျဲ့ထျန်း၏ ခရီးဆောင်အိတ်အားလုံးကို ထုတ်ယူရန် ကူညီပေးခဲ့ပြီး ခြံထဲတွင် မေမေလု၏ အံ့အားသင့်အော်ဟစ်သံကို ကြားသောအခါ မတ်တပ်ထရပ်လိုက်သည်။

မေမေလုသည် ခြံထဲတွင် ရေဇလုံတစ်ခုကိုကိုင်လျက် မယုံနိုင်စွာဖြင့် တံခါးဝသို့ကြည့်နေ၏။

"သားလား"

လုကျဲ့ထျန်းသည် ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်ပြီး ခရီးဆောင်အိတ်တွေ အများကြီးဖြင့်ဝင်သွားသည်။
"မေမေ"

"ဖွားဖွား ဖွားဖွား"
အန်အန်းသည် မေမေလုကို မတွေ့ရတာ ကြာပြီဖြစ်သည်။

ဖျင်ဖျင်သည်လည်း ပြုံး၍ နှုတ်ဆက်သည်။
"ဖွားဖွား"

ကုချင်းဟိုင်သည် ချင်ရှီး၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးကာ အံ့ဩနေသော မေမေလုကိုကြည့်၍ ပြုံးလျက်ရှိသည်။
"ဖွားဖွား"

မေမေလုက သူတို့ကို အားတက်သရော ကြည့်နေသည် မဟုတ်ပါလား။ ဘာလုပ်ရမှန်းမသိဘဲ ခေါင်းကိုလှည့်ပြီး ရေဇလုံးကို ဖေဖေလုထံ ကမန်းကတန်းပစ်ပေးလိုက်ပြီးနောက် လုကျဲ့ထျန်းတို့ထံပြေးလာသည်။

"ဟေး ဘာလို့ ပြန်လာတာလဲ။ မင်း ဘာမှ ကြိုမပြောဘူး"
မေမေလုသည် သူမသားကို ပွေ့ဖက်ရင်း ဝမ်းသာအားရ မျက်ရည်တွေ စီးကျလာသည်။

"မေမေ မငိုပါနဲ့"
ချင်ရှီးက သူမကို နှစ်သိမ့်ပေးဖို့ ခြေလှမ်းပြင်လိုက်သည်။
"အခွင့်အရေးရရင် ကလေးတွေကို ပြန်ခေါ်လာပေးမယ်လို့ ပြောထားတာ မဟုတ်လား။ မေမေ စိတ်မချမ်းသာဘူးလား"

မေမေလုက ကလေးတွေကို တစ်ချက်လှမ်းကြည့်လိုက်ရာ အရပ်ရှည်ပြီး ဝဝကစ်ကစ်ကလေးတွေကိုတွေ့လိုက်ရတော့ သူမ အမူအယာက သိသာထင်ရှားစွာ တိုးတက်လာပြီး လုကျဲ့ထျန်းက သူမ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ မေမေလုက ပြုံးလျက်ပြောသည်။
"ဝမ်းသာပါတယ် အရမ်းပျော်တယ်"
   
မေမေလုက သက်ပြင်းချရင်း လက်ကို အဝတ်အစားတွေနှင့် သုတ်လိုက်ပြီး ချင်ရှီးကို လှမ်းဆွဲလိုက်၍ သူမနှင့် ကလေးတွေကို အိမ်ထဲသို့ခေါ်သွားလိုက်သည်။ 
"ဖြူဖျော့နေတဲ့မျက်နှာကို ကြည့်စမ်း။ မင်း လှုပ်ရှားနိုင်ရဲ့လား။ မြန်မြန် အိမ်သွားပြီး နွေးနွေးထွေးထွေးနေရအောင်"

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသလို တံခါးဝကို လျှောက်သွားပြီးနောက် ကျိုးခိုင်းရွှမ်ကို ကြည့်လိုက်သည်။
"ရှောင်ခိုင်း အလျင်မလိုပါနဲ့ဦး။ နေ့လည်စာ ထမင်းကို အတူစားကြမယ်နော်" 

ကျိုးခိုင်းရွှမ် : "ကောင်းပါပြီ"

မေမေလုသည် ချင်ရှီးတို့ကို မျက်ခုံးပင့်ကာ အိမ်ထဲသို့ ခေါ်သွားလျက် အပြင်ဘက်တွင် ယောက်ျားသား သုံးဦးသာ ကျန်ခဲ့သည်။

ဖေဖေလုသည် ချောင်းဟန့်ပြီး သူတို့ကို အိမ်ထဲကို ခေါ်သွားလိုက်သည်။

ကျိုးခိုင်းရွှမ်သည် လုကျဲ့ထျန်း၏ ပခုံးကိုဆောင့်တွန်းလိုက်ပြီး စနောက်လိုက်သည်။
"ဟေး ငါမင်းကိုထပ်မတွေ့ချင်တော့ဘူး"

လုကျဲ့ထျန်းကလည်း မျက်ခုံးပင့်လိုက်ပြီးပြောသည်။
"ငါကလည်း (ထပ်တွေ့ဖို့) မျှော်လင့်မနေပါဘူး"

(* ကျိုးခိုင်းရွှမ်ဆိုလိုတာက သူ့လိုစင်ဂယ်ရှေ့မှာ ကျဲ့ထျန်းက သူ့မိန်းမကို တအားယုယဂရုစိုက်နေလို့ မမြင်ချင်တော့ဘူးလို့ပြောတာပါ)

သူတို့အိမ်ထဲမှာစကားပြောနေတဲ့အချိန်မှာ အပြင်မှ  လှုပ်ရှားသံကြားလိုက်ရသည်။ အားလုံးက ခေါင်းလှည့်ကြည့်လိုက်တော့ လုယောင်က ငါးနှစ်ကောင်ယူပြီး ပြန်လာတာကို တွေ့လိုက်ရသည်။

လုယောင်က အိမ်ထဲရောက်ပြီးနောက် အခန်းထဲက လူတွေကို ကြည့်လိုက်ပေမဲ့ ခဏကြာတော့ ဘာဖြစ်နေ
မှန်းကို မသိလိုက်စွာမေးသည်။
"အစ်ကိုလား… ပြန်လာတာလား" 

"ယောင်ယောင် ပြန်လာပြီလား။ မြန်မြန်လာ။ ဒါကမင်းရဲ့ယောင်းမ ချင်ရှီး" 
မေမေလုက သူတို့အား တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ပေးသည်။

"ဒါက ငါ့သမီး ယောင်ယောင်။ ဒီနှစ် ကောလိပ်တက်တုန်းဘဲ။ မကြာသေးခင်ကမှ ဆောင်းရာသီအားလပ်ရက်ခရီးစဥ်သွားခဲ့ပြီး နှစ်သစ်ကူးအတွက် ပြန်လာခဲ့တာ"

ချင်ရှီးက လုကျဲ့ထျန်းနှင့် ခပ်ဆင်ဆင်တူတဲ့ လုယောင်ကိုကြည့်ပြီး သူမကို နှုတ်ဆက်လိုက်သည်။
"ဟယ်လို"

လုယောင်က ချင်ရှီးကိုကြည့်လိုက်ရာ သူမသည် ပုံပန်းဟန်ပန်ကောင်း၍ အင်္ကျီအပါးလက်ရှည်၀တ်ထားသည်ကို တွေ့လိုက်ရပြီး အလွန်နုပျိုလှပနေပုံရသည်။ 
"ဟယ်လို…အစ်ကိုရဲ့ ဇနီးအသစ်က တကယ်ကို လှတာဘဲ"

"ယောင်ယောင် ငါ့ကို ငါးပေး။ မင်း ယောင်းမနဲ့ အတူအဖော်ပြုပြီး စကားပြောလိုက်။ မေမေ ဟင်းချက်လိုက်မယ်"

မေမေလုသည် လုယောင်၏လက်ထဲက ငါးကိုယူပြီး အလုပ်စလုပ်ဖို့ အဆင်သင့်ပြင်သည်။

ချင်ရှီးက လှမ်းပြောလိုက်သည်။
"ငါ ကူညီပါရစေ"

မေမေလုသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ စကားပြောခါနီးတွင် လုကျဲ့ထျန်းက ကြိုပြောလိုက်သည်။

"မင်း နေမကောင်းတာမို့ မလုပ်နဲ့တော့။ ထိုင်ပြီး အနားယူလိုက်၊ ရှောင်ခိုင်းနဲ့ ငါ မေမေ့ကို ကူညီပေးနိုင်တယ်"

အခန်းထဲက လူတွေက လုကျဲ့ထျန်းကို ဝိုင်းကြည့်လိုက်ကြသည်။

'အိုး…လူတော်လေးဘဲ'

လုကျဲ့ထျန်း၏ ချစ်ရေးချစ်ရာကိစ္စတွေကို မမြင်ဖူးကြသည့်သူတွေအား တကယ့်ကို မျက်စိပွင့်စေပါ၏။ အထူးသဖြင့် လုယောင်နှင့် ကျိုးခိုင်းရွှမ်တို့သည် လုကျဲ့ထျန်းအား ဤကဲ့သို့မြင်ရသည်မှာ အနည်းငယ် အံသြသွားကြသည်။

"ကောင်းပါပြီ"

မေမေလုသည် လုကျဲ့ထျန်းကို စိတ်ထဲမှ ပြင်းပြင်းပြပြ ကောင်းချီးပေးလိုက်သည်။ ဒါက သူ့ချွေးမကို (သူ့သားအနေနဲ့) လုပ်ပေးသင့်သည်။ လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်းက သူတို့ရဲ့စိတ်နှလုံးကို သိမ်းပိုက်နိုင်ဖို့ လွယ်ကူပါလိမ့်မည်။

လုကျဲ့ထျန်းသည် ချင်ရှီးကို ဂရုစိုက်ကြောင်းသိရသောအခါ မေမေလုက လုံးဝ စိတ်မသက်မသာမဖြစ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူမ အရမ်းပျော်နေခဲ့သည်။

ဒီကျောက်တုံးကြီးဟာ နောက်ဆုံးတော့ စိတ်ခံစားချက်အာရုံတွေကို ခံစားလာတတ်ပေပြီဘဲ။

_***_

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Donde viven las historias. Descúbrelo ahora