အပိုင်း (၇)
လုချိုင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ဗိုက်ကိုဆုပ်ကိုင်ကာ ခေါင်းပေါ်တွင် ချွေးများစီးကျနေသည်။ စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် လုကျဲ့ထျန်း၏တစ်ကိုယ်လုံးတွင် နတ်ဆိုးရောင်ဝါများ ပျံ့နှံ့ထွက်ပေါ်လျက်ရှိသည်ကို မြင်လိုက်ရရာ ကြောက်ရွံ့ခြင်းပေလော သို့တည်းမဟုတ် နာကျင်ခြင်းကြောင့်ပေလော မသဲကွဲစွာ မျက်နှာပျက်သွားသည်။
တစ်ခုခုပြောချင်သော်လည်း စကားတစ်ခွန်းမဆိုဘဲ ရုတ်တရက် ထွက်ပေါ်လာသည့် လုကျဲ့ထျန်းနှင့် သူ့နောက်ကွယ်မှာ ပုန်းနေသည့် ချင်ရှီးကို ကြည့်နေလိုက်ရုံသာတတ်နိုင်သည်။
လုကျဲ့ထျန်းပြန်ရောက်လာတာကို ချင်ရှီးမြင်လိုက်ရာ ဒီကိစ္စပြေလည်သွားတော့မည်ကို ခန့်မှန်းမိလိုက်၏။
သူမသည် လုကျဲ့ထျန်းဆီ လျှောက်သွားကာ သူ၏လက်မောင်းကိုကိုင်၍ လုချိုင်ကိုငုံ့ကြည့်လိုက်သည်။
"ဒါက ငါ့ခင်ပွန်းဘဲ။ နောင်တစ်ချိန်မှာ မင်းငါ့ကို ထပ်နှောက်ယှက်ရင်တော့... ဟွန့်..."လုချိုင်၏ ရုပ်ဆိုးနေပြီးသား မျက်နှာက ပိုလို့တောင် ညိုမဲသွားသည်။
လုကျဲ့ထျန်း၏ပခုံးပေါ်၌ *ကြယ်သုံးလုံးပါသော ဘားတန်းနှစ်ခုကို သူတွေ့လိုက်ရပြီး ကြမ်းတမ်းရိုင်းစိုင်းစွာ မပြောရဲတော့ပေ။
(*T.N - ရာထူးကိုဆိုလိုပါတယ်)လုကျဲ့ထျန်း၏လက်မောင်းကိုကိုင်ထားသည့် ချင်ရှီးအားကြည့်လိုက်ပြီး သူမက သူ့ကိုလက်မထပ်ဘူးဟု ခေါင်းမာမာပြောနေရသည့်အကြောင်းအရင်းက သူမ ဘာကိုဆိုလိုလဲဆိုသည်ကို နောက်ဆုံးတော့ နားလည်သွားရသည်။
သို့သော် ဤအခြေအနေသို့ရောက်သောအခါမှတော့ လုချိုင်က ချင်ရှီးကို လက်လွှတ်ရန် ဆန္ဒမရှိပါချေ။ သူ ဒီကိစ္စကို စီစဉ်နေသည်မှာ ကြာပြီဖြစ်သည်။
ချင်ရှီး၏ဖက်တွယ်ခြင်းကိုခံထားရသော လုကျဲ့ထျန်းသည် အစပိုင်းတွင် တောင့်တင်းနေသေးသော်လည်း ယခုအခါ ထိုအမူအရာကို ကျင့်သားရသလိုဖြစ်သွားပြီး သူမသည် ထိုလူအားရည်ရွယ်ချက်ရှိရှိ သူတို့နှစ်ယောက်၏ဆက်ဆံရေးအား ပြသနေခြင်းဖြစ်သည်ကို နားလည်သောကြောင့် သူဘာမျှမပြောခဲ့ပေ။