အပိုင်း (၁၂)
လုမိသားစု၏ ကလေးသုံးယောက်သည် ခြံဝင်းထဲမှ ပြေးထွက်လာပြီး တံခါးဘေးရှိထောင့်တွင် ထိုင်ချလိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"အစ်ကို၊ အခု ငါတို့ ဘာလုပ်သင့်လဲ"
အန်အန်းက ခေါင်းကုတ်လိုက်သည်။
"လူတိုင်းကပြောသလိုလည်း မဟုတ်ဘူးနော်"
ဖျင်ဖျင်က ခေါင်းညိတ်သည်။
"ငါတို့ကို အစာအငတ်ခံထားပြီး မနှိပ်စက်ဘူးဆိုတာကိုတောင် ကျိန်ဆိုခဲ့သေးတယ်။ ငါတို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ပြောတာဖြစ်မယ်"
ကုချင်းဟိုင်က သူ့ပါးစပ်ကိုဖွင့်ပြီး ခဏလောက် တုံ့ဆိုင်းသွားကာ ချက်ချင်းဘဲပြောလိုက်သည်။
"လူကြီးတွေက ဟန်ဆောင်တဲ့နေရာမှာ အကောင်းဆုံးဘဲ။ သူမကို လွယ်လွယ်မယုံကြနဲ့။ ငါတို့က သူငယ်ချင်းတွေလို့ သူမ ပြောတယ်မဟုတ်လား သူငယ်ချင်းလို ဆက်ဆံကြရအောင်”
အဖေရဲ့ ပထမဇနီးကလည်း ထိုအချိန်က သူ့အား ကောင်းကောင်းဂရုစိုက်ပါ့မယ်လို့ မပြောခဲ့ပေဘူးလား။ အစတုန်းကတော့ တော်တော်ကောင်းပေမယ့် နောက်ပိုင်းကျတော့ စိတ်မရှည်တော့ပေ။ ညီ၊ ညီမငယ်များ ရောက်ရှိလာသည်နှင့်အမျှ သူမသည် သူ့ဖခင်ကို ကွာရှင်းရန်ပင် သည်းမခံနိုင်တော့ပေ...။ ကုချင်းဟိုင်သည် ဘာမှနားမလည်သော ညီ၊ညီမငယ်များကို ကြည့်ကာ ဒီလူက ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မလဲဆိုသည်ကို တစ်ကိုယ်တည်း တွေးကြည့်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အငယ်လေးများကို ကောင်းစွာကာကွယ်ပေးရမည်။ ဖျင်ဖျင်နှင့် အန်အန်းတို့သည် လေးနှစ်သာရှိသေးပြီး အကြောင်းအရာများစွာကို မသိကြသေးပေ။ အစ်ကိုကြီးပြောသောစကားကို နားထောင်ရုံသာတတ်နိုင်ပြီး သူပြောသမျှကို လိုက်လုပ်ကြမည်သာ။
ဘေးအိမ်က အန်တီကျောင်းက နိုးလာတဲ့မြေးလေးကို ပွေ့ချီပြီး အပြင်ထွက်တော့ ကလေးသုံးယောက်သား ငုတ်တုတ်ထိုင်နေကြပြီး ခေါင်းချင်းဆိုင်လျက် အကြိတ်အနှယ်ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရ၍ ရယ်မောလိုက်မိသည်။
"ဖျင်ဖျင်၊ အန်အန်းနဲ့ ရှောင်ဟိုင် မင်းတို့ ဘာလုပ်နေကြတာလဲ"
အန်တီကျောင်းက သူတို့ကို အော်ပြောလိုက်သည်။
ကလေးသုံးယောက်က မတ်တပ်ထရပ်ပြီး သူတို့ခန္ဓာကိုယ်မှာ မရှိတဲ့ ဖုန်မှုန့်တွေကို ပွတ်သပ်ခါသုတ်လိုက်ပြီး အန်တီကျောင်းရဲ့ နံဘေးကို ပြေးသွား၍ သူတို့ရဲ့ နှစ်နှစ်အရွယ် ညီလေး *တပေါင်ကို ရယ်စရာကောင်းတဲ့ မျက်နှာတွေနဲ့ လှောင်ပြောင်စနောက်ကြသည်။
(*T.N - တပေါင် {大宝}လို့ ချစ်စနိုးအမည်ပေးထားတာကြောင့် အဲ့ဒီကလေးက သူ့မိသားစုရဲ့ သားဦးကလေးဖြစ်နိုင်ပါတယ်)
"ဟီးဟိ..ခစ်..ခစ်"
တပေါင်သည် လုမိသားစုမှ ကလေးသုံးယောက်ကို မကြာသေးမီက မကြာခဏတွေ့ဖူးပြီး သူနှင့် အလွန်ရင်းနှီးလာကြသည်။ ဤအချိန်တွင် သူတို့က စနောက်လိုက်သည်နှင့် တပေါင်က ချက်ချင်းပင် ရယ်မောသွားသည်။
ကလေး လေးယောက်ကို ကြည့်လိုက်တော့ အန်တီကျောင်းစိတ်ထဲမှာ အရမ်းနူးညံ့နေသလို ခံစားလိုက်ရသည်။ ထို့နောက် ကုချင်းဟိုင်ကိုကြည့်ရင်း မေးလိုက်သည်။
"အဆင်ပြေရဲ့လား။ မင်း မေမေအသစ်ကိုမြင်ပြီးပြီလား ဘယ်လိုခံစားရလဲ"
ကုချင်းဟိုင်က မျက်တောင်တစ်ချက်ခတ်ပြီး ပြန်ဖြေသည်။
"သူမက ကျွန်တော်စိတ်ကူးထားသလိုပုံစံ မဟုတ်ဘူး"
ယောက်ျားတစ်ယောက်ဟာ သူတစ်ပါးနောက်ကွယ်မှာ တခြားသူတွေကို မကောင်းမပြောသင့်ဘူးလို့ လုကျဲ့ထျန်းက သူတို့အား ဆုံးမဖူးပြီး ဖွားဖွားလုကလည်း တခြားသူတွေရဲ့နောက်ကွယ်မှာ အတင်းအဖျင်းပြောတာဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ အခိုင်အမာပြောဖူးတာကို သူ မှတ်မိသေးသည်။ အန်တီကျောင်းက အနည်းငယ် အံ့ဩသွား၏။
" မတူဘူးလား။ မင်းက ဘယ်လိုစိတ်ကူးထားတာလဲ"
ကုချင်းဟိုင်က တုံ့ဆိုင်းစွာပြောသည်။
"မပြောတတ်ဘူး။ ဒီလိုပုံစံမျိုး ပထမဆုံးအကြိမ် တွေ့ဖူးတာဘဲ "
အန်တီကျောင်းက အံ့သြသွားသည်။ ကုချင်းဟိုင်က ဘယ်လိုဖော်ပြရမှန်းမသိသောကြောင့် ဆက်မေးစရာ မတွေ့သဖြင့် အန်တီကျောင်းကလည်း ရိုးရိုးရှင်းရှင်းပင် မေးနေတာကို ရပ်လိုက်သည်။ နောက်မှ သူမဘာသာ တစ်ချက်လောက် ကြည့်ကြည့်ဖို့ တွေးလိုက်မိသည်။ လုမိသားစုမှ ကလေး သုံးယောက်သည် တပေါင်နှင့် ခဏတာ ကစားကြပြီး ဖျင်ဖျင်သည် ရုတ်တရက် သန့်စင်ခန်း သွားလိုသောအခါတွင် အန်တီကျောင်းက ကုချင်းဟိုင်အား အိမ်သို့ အမြန်ခေါ်သွားခိုင်းပြီး သူမလည်း တပေါင်နှင့်အတူ အိမ်ပြန်သွားသည်။
နေ့ခင်းဘက်တွင် အန်တီကျောင်းသည် သူမခြံအတွင်းရှိ ဟင်းရွက်ခင်းများမှ ဟင်းသီးဟင်းရွက်အချို့ကို ဆွဲထုတ်ကာ သခွားသီးအနည်းငယ်နှင့် ခရမ်းချဉ်သီးနှစ်လုံးကိုခူး၍ ခြင်းထဲထည့်ကာ လုမိသားစု၏ အိမ်တံခါးကို ခေါက်လိုက်သည်။
ချင်ရှီးသည် အိပ်ပျော်နေဆဲဖြစ်၍ တံခါးဖွင့်ပေးသည့်သူက လုကျဲ့ထျန်းသာဖြစ်သည်။ ချင်ရှီး နေမကောင်းလို့ အနားယူနေသည်ဟု ကြားရသောအခါ အန်တီကျောင်းက နည်းနည်းသနားမိပေမဲ့ သိပ်ဂရုမစိုက်ဖြစ်ပေ။ ဘာပဲဖြစ်ဖြစ် အခုကစပြီး ဒီမှာဘဲ နေတော့မှာမို့ အမြဲတမ်း မြင်နေရလိမ့်မည်။ အန်တီကျောင်းက လုကျဲ့ထျန်းကို ဟင်းရွက်ခြင်းတောင်း ပေးလိုက်သည်။
"မင်းအိမ်မှာ ဟင်းချက်စရာ ဘာမှမရှိဘူးမို့လား။ ဒါတွေ အရင်ချက်စားလိုက်ကြ"
လုကျဲ့ထျန်းကလည်း မငြင်းဘဲ အန်တီကျောင်းကို လေးလေးနက်နက် ကျေးဇူးတင်လိုက်သည်။ သူ အမေ့အိမ်ပြန်သွားချိန် ကလေးသုံးယောက်က အိမ်နီးနားချင်းတွေရဲ့အိမ်မှာ စားသောက်ကြပေမဲ့ အန်တီကျောင်းရဲ့အိမ်ကတော့ သူတို့ အလည်အပတ်သွားကြတာအများဆုံးနေရာဖြစ်သည်။ သူမသည် ယခင်က ဖျင်ဖျင် နေမကောင်းဖြစ်သည်ကို ပြုစုစောင့်ရှောက်ပေးခဲ့ပြီး လုကျဲ့ထျန်းက သူမအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
လုကျဲ့ထျန်း၏ အသွင်အပြင်ကို မြင်လိုက်ရတော့ အန်တီကျောင်းက ရယ်မောလိုက်သည်။
"ငါက မင်းအမေရဲ့ ဝမ်းကွဲဆွေမျိုးပါကွယ်။ ငါတို့အားလုံးက မိသားစုအတူတူပါဘဲ။ မင်းဘာစကားတွေပြောနေတာလဲ။ ကောင်းပြီ ငါအရင်ပြန်လိုက်ဦးမယ်။ အိမ်မှာ တပေါင်က တစ်ယောက်တည်း ကျန်သေးတယ်။ ခြင်းတောင်းကို ကလေးတွေကို လာပို့ခိုင်းလိုက်"
တကယ်တော့လည်း ဒီဝမ်းကွဲက ကလေးတွေကို ပြုစုပေးရတာ ခက်ခဲပင်ပန်းရှာပါသည်။ လုမိသားစု၏ ကလေးသုံးယောက်ကို ပြုစုစောင့်ရှောက်ရန် အလွန်အားစိုက်ပေးနေသည်မှာ မေမေလုကို မျက်နှာသာပေးလိုခြင်းဖြစ်ပြီး နောက်တစ်ချက်ကတော့ ကလေးတွေကို အမှန်တကယ် သနားစာနာ၍ဖြစ်ပါ၏။
လုကျဲ့ထျန်းသည် ကျေးဇူးတင်စကားပြောပြီးနောက် အန်တီကျောင်း ထွက်သွားတာကိုကြည့်ပြီး တံခါးပိတ်ကာ အခန်းထဲပြန်ဝင်သွားသည်။
အပြင်က လှုပ်ရှားသံကြားတော့ ချင်ရှီးလည်း လန့်နိုးလာသည်။ တစ်ခဏတာ ကောင်းမွန်စွာ အိပ်စက်ပြီးနောက် သူမသည် ပိုမိုသက်တောင့်သက်သာ ခံစားရပြီး အဝေးကို ခရီးထွက်ခြင်းကြောင့် မလွှဲသာမရှောင်သာရရှိလာမည့် ပင်ပန်းနွမ်းနယ်မှုသာ ကျန်ရှိတော့၏။
ချင်ရှီးသည် လျင်မြန်စွာထလိုက်သည်။ ထိုမှသာ အခန်းတွင်းရှိ ပရိဘောဂများကို ဂရုတစိုက်ကြည့်ရှုရန် အချိန်ရလာခဲ့သည်။ အခန်းသည် သေးငယ်ပြီး တစ်ဒါဇင်စတုရန်းမီတာသာရှိကာ ပစ္စည်းများစွာ ထားရှိခြင်းမရှိပါ။ ဗီရိုကြီးတစ်ခု၊ စားပွဲငယ်နှင့် ကုတင်တစ်လုံးသာရှိသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ချင်ရှီးသည် ထကာ တံခါးဖွင့်၍ အခန်းထဲမှ ထွက်စဉ် လုကျဲ့ထျန်းဝင်လာသည်နှင့်တိုးလေသည်။
လုကျဲ့ထျန်းက ချင်ရှီးကိုကြည့်လိုက်သည်။
"ဘယ်လိုနေသေးလဲ"
ချင်ရှီးက သမ်းဝေလိုက်သည်။
"နေလို့ပိုကောင်းလာပါပြီ"
ထို့နောက် ကလေးတွေကို မတွေ့တာကြောင့် သူတို့ဘယ်သွားလဲလို့ မေးလိုက်သည်။
"ခြင်းတောင်းကို အန်တီကျောင်းဆီပြန်ပို့ပေးဖို့ ခိုင်းလိုက်တယ်"
လုကျဲ့ထျန်းက အန်တီကျောင်းက ဘယ်သူလဲဆိုတာနှင့် မိသားစုနဲ့ သီးခြားဆက်ဆံရေးကိုပါ ရှင်းပြလေသည်။
ချင်ရှီးက သိရှိကြောင်း ခေါင်းညိတ်ပြသည်။
"ဒါဆို အန်တီကျောင်းကို နောက်ခါ အိမ်မှာထမင်းလာစားဖို့ ဖိတ်လိုက်ဦးလေ။ သူမကို ကျေးဇူးတင်ရမှာပေါ့"
ချင်ရှီး၏ ဟင်းချက်လက်ရာအကြောင်းကို တွေးကြည့်မိတော့ လုကျဲ့ထျန်းက အမှန်တကယ်ပင် လောဘကြီးမိပါ၏။
"ဟုတ်ပြီလေ"
"မင်းကို အိမ်တစ်ဝိုက် လိုက်ပြပေးမယ်လေ"
"ကောင်းပါပြီ"
လုကျဲ့ထျန်းက ချင်ရှီးကို ဂရုတစိုက်နဲ့ ခေါ်ပြသော်လည်း သူက ပစ္စည်းတော်တော်များများ ဘယ်နေရာမှာရှိလဲဆိုတာကိုပင် မသိချေ။
ချင်ရှီးသည် မနက်ဖြန်တွင် အိမ်ကို သပ်ရပ်အောင်ပြင်ဆင်ပြီးနောက်မှသူမဘာသာ စူးစမ်းလေ့လာဖို့ ဆုံးဖြတ်လိုက်သည်။
အိမ်နှစ်လုံးသည် အလွန်ကျယ်ပြီး စုစုပေါင်း စတုရန်းမီတာ တစ်ရာ့ငါးဆယ် ကျယ်ဝန်းသည်။ အိပ်ခန်းကျယ်ကြီးတစ်ခန်းနှင့် အိပ်ခန်းငယ် နှစ်ခန်း၊ (ညအိပ်)ဧည့်သည်အတွက်တစ်ခန်းနှင့် စာကြည့်ခန်းငယ်တို့ ရှိသည်။
အိပ်ခန်းကျယ်တွင် ကုတင်နှစ်လုံးပါရှိပြီး ကလေးသုံးယောက် အတူတူအိပ်ကြသည်။ လုကျဲ့ထျန်းနှင့် မေမေသည် တစ်ခန်းစီအိပ်ကြပြီး ကျန်အခန်း(ဧည့်သည်ခန်း)သည် စတိုခန်းဖြစ်သွားသည်။
အိမ်ပြင်ဆင်ထားသည့်ပုံစံက တော်တော်ထူးဆန်းသည်။ အိပ်ခန်းတွေအကုန်လုံးက ဆက်လျက်ရှိပြီး အလယ်မှာ ဧည့်ခန်းကလည်း မကျယ်ပေ။ ပြွတ်ကြပ်သိပ်နေသည့် ခံစားချက်ပင်ရ၏။
နံဘေးက မီးဖိုခန်းကလည်း သေးငယ်မနေပါချေ။ ထမင်းစားခန်းက ဧည့်ခန်းထက်တောင် ပိုကျယ်သေးရာ ချင်ရှီးက လုံးဝသဘောမကျပေ။
"ဒီအိမ်ကို ဘယ်သူဒီဇိုင်းဆွဲတာလဲ" 'ထူးဆန်းလိုက်တာ'
လုကျဲ့ထျန်း : "စစ်တပ်အရာရှိရဲ့ ဇနီးက သူ့ဘာသာသူ ဒီဇိုင်းဆွဲထားတာ။ အဲဒီတုန်းက လူတိုင်းက ဒီအိမ်ကို မကြိုက်ကြဘူး။ ဒါကြောင့် ငါယူထားလိုက်တာ။ အရင်ကတော့ ငါ့အတွက် ဈေးသက်သာတယ်လေ"
ချင်ရှီးက နှုတ်ခမ်းကိုတွန့်ကွေးကာ သူ့အား ကြည့်လိုက်ပြီးနောက် ခဏအကြာ မေးလိုက်သည်။
"အနာဂတ်မှာ ငါ အခန်းတွေကို ထပ်ပြင်လိုက်မယ်။ … ဒါမှမဟုတ် အခုကစပြီး ငါတို့အားလုံး ဒီမှာဘဲနေမှာလား"
သူမ၏မျက်နှာပေါ်တွင် ထင်ရှားသော သဘောမကျမှုကို မြင်လိုက်ရသဖြင့် လုကျဲ့ထျန်းကမေးလိုက်သည်။
"မင်းဘာလုပ်ချင်လဲ"
"ဒီမှာကြာကြာနေမယ်ဆိုရင် ငါသေချာပြန်ပြီး ပြုပြင်ချင်တယ်။ ဒီအပြင်အဆင်က ထူးဆန်းလွန်းတယ်။ ဒီလောက်ကျယ်တဲ့နေရာကို ဖြုန်းတီးပစ်လိုက်တာဘဲ"
ချင်ရှီးဟာ သူမကိုယ်ကို အတင်းအကြပ်ဖိအားပေးရတာကို(သည်းခံပြီးနေထိုင်ရသည်ကို) နှစ်သက်တဲ့လူတော့ မဟုတ်ပါပေ။ သူမတွင် လုပ်နိုင်စွမ်းရှိနေပါလျှင် ဘာကြောင့်များ သူမကိုယ်ကို ပိုပြီးသက်တောင့်သက်သာရှိအောင် မနေဘဲနေရမည်နည်း။
လုကျဲ့ထျန်း : "စစ်တပ်ရဲ့ အဆောက်အဦးအသစ်က အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီ။ ငါ့မှာ အိမ်ရာတွေခွဲဝေရရှိဖို့ ရှိသေးတယ်"
ချင်ရှီးက တအံ့တဩမျက်တောင်ခတ်လိုက်သည်။
'ဒါက မင်းရဲ့ ဆုချီးမြှင့်ခံရတာမျိုးလား'
ချင်ရှီးက သူ့ကို လက်မထောင်ပြလိုက်သည်။
"အသစ်ဆောက်ထားတဲ့ အထပ်မြင့်တိုက်ခန်းတွဲအဆောက်အဦးလား"
"ဟုတ်တယ်"
ချင်ရှီးသည် ရုပ်မြင်သံကြားတွင် ကြည့်ခဲ့ဖူးသော အထပ်မြင့်တိုက်ခန်းတွဲတွင်နေထိုင်သူ၏ဘဝအကြောင်းတွေးလိုက်မိသောအခါ တိုက်ခန်းတွဲမှာ နေထိုင်ခြင်းက အလွန်မွန်းကြပ်လွန်းသည်။ တစ်ခုတည်းသောမိသားစုခြံဝင်း၏နှစ်သိမ့်မှုကား အဘယ်မှာရှိမည်နည်း။
ချင်ရှီးကပြောသည်။
"အဲဒီအခါကျရင် နင်နဲ့ ကလေးတွေနေဖို့ အတွင်းခန်းဒီဇိုင်းကို ငါဆွဲလိုက်မယ်။ အဲ့ဒီအခါကျမှ အလှဆင်တာဖြစ်ဖြစ် ပြောင်းရွှေ့တာဖြစ်ဖြစ် ငါတို့ အတူတူရွေးချယ်လို့ရတယ်"
လုကျဲ့ထျန်းအနေဖြင့် သဘာဝကျစွာ ကန့်ကွက်စရာအကြောင်းမရှိပေ။ တကယ်တော့ သူလည်း ခြံဝင်းနဲ့အိမ်မှာနေရတာကို ပိုကြိုက်ပါသည်။
"နောက်နှစ် အစောပိုင်းမှာ အဆောက်အဦးသစ်က ပြီးလိမ့်မယ်။ ငါတို့အတူတူ သွားကြည့်ကြမယ်"
ချင်ရှီးက ဘာမှမပြောရသေးခင် တံခါးကဝင်လာတဲ့ ကလေးတွေက မေးလိုက်ကြသည်။
"ဘာလဲ ဘာကြည့်မှာလဲဟင်"
အန်အန်းသည် အလွန်သွက်လက်ပြီး နက်နက်နဲနဲမေးရန်အတွက် လုကျဲ့ထျန်း အနားသို့ တိုးဝင်လာကာ စူးစမ်းလိုစိတ်ဖြင့် မေးခွန်းထုတ်သည်။
"အိမ်အသစ်လေ"
လုကျဲ့ထျန်းက ရှင်းပြသည်။
"သားတို့ ရွှေ့ကြတော့မှာလား"
ဖျင်ဖျင်က အနည်းငယ် အံ့ဩစွာမေးသည်။
ကုချင်းဟိုင်ကတော့ အဆောက်အဦးသစ်တည်ဆောက်မှုအကြောင်းကိုသိပြီးသားဖြစ်ကာ လုကျဲ့ထျန်းက ဒီအကြောင်းအရာကို အသေအချာရှင်းပြရန် မျှော်လင့်နေသည်။
လုကျဲ့ထျန်းသည် ကလေးများ၏ စိတ်အားထက်သန်သော မျက်လုံးများကို ကြည့်လိုက်သည်။
"အဲ့ဒီအချိန်ကျရင် ချင်ရှီးက ဒီဇိုင်းဆွဲလိမ့်မယ်။ အဲ့နေရာမှာ ပြင်ဆင်ပြီးရင် အိမ်အသစ်သို့ ပြောင်းရွှေ့ဖို့ အားလုံးအတူတူ ရွေးချယ်နိုင်တယ်"
"သမီးတို့ရော ရွေးလို့ရတာလား "
အန်အန်းက အရမ်းအံ့သြသွားသည်။
"သမီးတို့က ကလေးတွေလေ ရွေးလို့ရပါ့မလား"
ချင်ရှီးက ပြုံးပြီးပြောသည်။
"မင်းတို့ ကလေးတွေကရော ဒီမိသားစုရဲ့ အစိတ်အပိုင်းဖြစ်လို့ မင်းတို့ရော ရွေးနိုင်တာပေါ့"
"ဝိုး" အန်အန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ နားမလည်နိုင်စွာ စိတ်လှုပ်ရှားလာသည်။
ဖျင်ဖျင်သည်လည်း ဘာကို စိတ်ကူးယဉ်နေမှန်းမသိစွာ အံ့ဩနေသည်။
ကုချင်းဟိုင်သည် တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ သတိပြုလိုက်မိပြီး မေးမြန်လေသည်။
"လူနည်းစုက လူအများစုရဲ့သဘောထားကို နာခံရတယ်ဆိုတာဟုတ်လား။ တကယ်ဘဲ အဲ့သလို ယူဆကြသလား"
ချင်ရှီးက ခေါင်းညိတ်ပြသည်။
"ဟုတ်တာပေါ့"
လုကျဲ့ထျန်းလည်း သဘောတူညီစွာ တုံ့ပြန်တာကို တွေ့ရတော့ ကုချင်းဟိုင်၏ အမူအရာ ပြောင်းသွားပြီး သူ့ရင်ထဲမှာရော မျက်လုံးများကပါ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ဖြစ်သွားသည်။
'သူတို့ သုံးယောက် စည်းလုံးနေသရွေ့ သူတို့ လိုချင်တာ ရွေးလို့ရတယ်လို့ ဆိုလိုတာမဟုတ်လား'
ကလေးများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုကြပြီး လုကျဲ့ထျန်းက ချင်ရှီးသည် မီးဖိုချောင်ထဲသို့ ဝင်သွားသည်ကို ကြည့်ကာ နောက်မှလိုက်လာခဲ့သည်။
ယခုက နောက်ကျနေပြီဖြစ်ကာ ညစာစားချိန်ရောက်နေလေပြီ။
ချင်ရှီးသည် မီးဖိုချောင်သုံးဗီရိုကို ဖွင့်ကာ ပါ၀င်ပစ္စည်းများကို ဖြည်းဖြည်းချင်း စစ်ဆေးကြည့်သည်။ ဆန်၊ ခေါက်ဆွဲနှင့် ကြက်ဥများ အများအပြားရှိသော်လည်း ယခုအခါ ထမင်းချက်ရန်နှင့် ခေါက်ဆွဲပြုတ်ရန်က အချိန်နှောင်းသွားပေလိမ့်မည်။
ချင်ရှီးကိုယ်တိုင်လည်း ဗိုက်ဆာနေပြီဖြစ်ရာ ကလေးတွေကိုဆိုလျှင် မပြောပါနဲ့တော့။ မြန်မြန်လေး တစ်ခုခုလုပ်ရမှာမည်ပင်။
"ဒီည ခေါက်ဆွဲခြောက် ချက်ရအောင်"
လုကျဲ့ထျန်းက အကြံပြုသည်။
ချင်ရှီးက ခေါင်းယမ်းကာ ငြင်းလိုက်သည်။ သူမသည် ခေါက်ဆွဲခြောက်ကို မကြိုက်ပါ။ ခေါက်ဆွဲ၏ နူးညံ့လွန်းသော အရသာက သူမကို မသက်မသာဖြစ်စေသည်။
'မစားနိုင်ရင် မစားဘဲနေတာ ကောင်းတယ်'
ဗီရိုထဲမှာ အနည်းငယ်မာနေပြီဖြစ်သည့် ပေါက်စီတစ်ထုပ်ရှိသည်။ ချင်ရှီးက ထိုအရာကို ထုတ်ပြီး အနံ့ခံကြည့်ကာ စားလို့ရသေးသည်ဆိုတာ သေချာအောင် လုပ်ပြီးမှ ယူလိုက်သည်။
" ခရမ်းချဉ်သီးနဲ့ ကြက်ဥစွပ်ပြုတ်လုပ်မယ်။ ပြီးရင် ပေါက်စီတွေကို ကြော်ပြီး အသီးအရွက်လေးထည့်မယ်။ ဒါဆို မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မယ်"
လုကျဲ့ထျန်းက ချက်ပြုတ်နည်းကို မသိသော်လည်း ချင်ရှီးရဲ့ ချက်ပြုတ်စွမ်းရည်ကိုတော့ ယုံကြည်သည့်အတွက် သူ မကန့်ကွက်တော့ပေ။
"ငါချက်ပြုတ်ပြီးရင် နင်က ပန်းကန်တွေဆေးပေးရမယ်"
ချင်ရှီးက လုကျဲ့ထျန်းကို သတိပေးသည်။
လုကျဲ့ထျန်းက ခေါင်းညိတ်သည်။
"ကောင်းပြီလေ"
စာချုပ်ထဲမှာ ထိုအကြောင်းအရာကလည်း ပါပါသေးသည်။ အကယ်၍ လုကျဲ့ထျန်းက အလုပ်မရှုပ်သည့်အခါမျိုးတွင် ချင်ရှီး၏ အိမ်မှုကိစ္စတွေကို ကူညီလုပ်ကိုင်ပေးရမှာဖြစ်သည်။
လုကျဲ့ထျန်းကလည်း ဤအကြောင်းကို စကတည်းက သိထားသောကြောင့် ယခုအခါ ကောင်းစွာလက်ခံလိုက်ခြင်းဖြစ်သည်။
သူက စိတ်၀င်စားစွာ လက်ခံပေးတာကိုမြင်တော့ ချင်ရှီးက ချက်ချင်းဘဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကလေးတွေနဲ့သွားနေလိုက်။ အစားအသောက်တွေ မကြာခင် အဆင်သင့်ဖြစ်တော့မှာ"
လုကျဲ့ထျန်းက နာခံစွာထွက်သွားပြီး တံခါးကိုဖွင့်လိုက်သည်နဲ့ပင် ကလေး သုံးယောက်သားကို တွေ့လိုက်ရပါတော့သည်။ မီးဖိုချောင်တံခါးမှာ ကလေးတွေက မှီတွယ်၍ ချောင်းနားထောင်နေကြခြင်းဖြစ်သည်။
"မင်းတို့ ဒီမှာဘာလာလုပ်ကြတာလဲ"
"ဒီည ဘာစားရမလဲဆိုတာ ကြည့်ရအောင်လို့ပါ"
ကုချင်းဟိုင်သည် ချင်ရှီး၏ကျောပြင်ကို စိုက်ကြည့်ကာ အလွန်စိတ်လှုပ်ရှားစိုးရိမ်နေသည်။
သူမကလည်း အခြားအန်တီတစ်ယောက်လိုမျိုး ဟင်းသီးဟင်းရွက်တွေနှင့် ဟင်းအိုးကို မီးလောင်အောင်ပါ လုပ်ပစ်လိုက်မလားဆိုတာ မသိနိုင်ဘူးလေ...
"ဟုတ်တယ်။ ညစာ ဘာစားရမလဲ ကြည့်ရအောင်လို့"
"အင်း…အင်း"
ဖျင်ဖျင်နှင့် အန်အန်းတို့ကလည်း သံယောင်လိုက်၍ဖြေကြသည်။ အစ်ကိုကြီး၏ စိတ်ထဲမှ စိုးရိမ်နေသည့်အတွေးများကို သိပင်မသိကြ။
ကုချင်းဟိုင်၏ ထိတ်လန့်သောအကြည့်ကို မြင်လိုက်ရသည်နှင့် လုကျဲ့ထျန်းသည် ချက်ချင်းနားလည်လိုက်သော်လည်း သူ ဘာမှပြန်မပြောဘဲ ချင်ရှီးချက်ပြုတ်နေသော ဟင်းချက်နည်းကို တိတ်တဆိတ်ကြည့်ကာ သူတို့နှင့်အတူ တံခါးဝတွင်ရပ်နေလေသည်။
ချင်ရှီးလုပ်ချင်သည့်အရာသည် ရှုပ်ထွေးသော အစားအစာမဟုတ်သောကြောင့် ပါဝင်ပစ္စည်းများကို အမြန်ပြင်ဆင်လိုက်သည်။ သူမသည် အိုးကိုသန့်ရှင်းစေပြီး အပူပေးရန်အတွက် ဂက်စ်မီးဖိုကိုဖွင့်ကာ မီးတောက်အောင်ပြင်ဆင်သည်။
ကုချင်းဟိုင်၏ အာရုံစူးစိုက်မှုအောက်တွင် ချင်ရှီးသည် မီးဖိုချောင်သုံးဓားကို ကောက်ကိုင်လိုက်ပြီး အခွံနွှာထားသော ကြက်သွန်နီစိမ်းကို ဓားဖြင့်အနည်းငယ်လှီးဖြတ်ကာ ထို့နောက် မီးဖိုချောင်သုံးဓားကို အဝေးမှာပြန်ထားလိုက်သည်။
ကုချင်းဟိုင်သည် ချင်ရှီးက ခေါင်းမမော့ဘဲ ကြက်သွန်စိမ်းကို ဘေးသို့ ပစ်ချလိုက်သည်ကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်ကာ အံ့သြစွာ မအော်နိုင်မီတွင် အိုးထဲမှ ရှဲခနဲမြည်သံကို ကြားလိုက်ရသည်။
ဆီပူပူတွင် ကြော်ထားသော ကြက်သွန်နီစိမ်း၏ မွှေးပျံ့သောရနံ့သည် မကြာမီ နှာခေါင်းထဲသို့ ရောက်ရှိလာတော့သည်။
_***_
T.N - ကုချင်းဟိုင်လေးက အများကြီးစိုးရိမ်နေရှာတာပါကွယ်။