အပိုင်း (၆၉)
ချင်ရှီးဟာ ဒဏ်ရာရပြီးနောက် လှုပ်ရှားသွားလာမှုက အကန့်အသတ်ရှိသွားသည်။ သူမရဲ့ မိသားစုက သူမကို ပျက်စီးလွယ်တဲ့ ကြွေရုပ်တစ်ရုပ်လို သဘောထားပြီး ဘာမှလုပ်ခွင့်မပေးပါဘူး။
ကလေးနှစ်ယောက်က နေ့တိုင်း အိမ်အလုပ်တွေ အပြေးအလွှား လုပ်ကြပြီး သူမအား ကောင်းကောင်းအနားယူဖို့အတွက် တင်းမာတဲ့မျက်နှာထားနှင့်ပြောပြီး လက်ဖြင့်ခွံ့ကျွေးတဲ့အထိ ချဲ့ကားလုပ်နေကြသည်။
ချင်ရှီးသည် မရယ်နိုင် မငိုနိုင်ဖြစ်ရရှာသည်။ လက်ဖဝါးများ ခြစ်ရှမိသော်လည်း သူမ၏ လက်ချောင်းများမှာ ကောင်းမွန်ပါသည်။ ပတ်တီး၏ အနေအထားသည် လက်ချောင်းလှုပ်ရှားမှုကို အလွန်အကျွံ မထိခိုက်စေဘဲ ထမင်းစားရန် ဇွန်းကို အသုံးပြုနိုင်ပါသေးသည်။
ကုချင်းဟိုင်သည် ကျောင်းကပြန်လာတိုင်း ကစားဖို့ မထွက်သွားတော့ပါဘူး။ အိမ်စာတွေပြီးတဲ့အခါ အမြွှာနှစ်ယောက်နှင့်အတူ ကူညီလုပ်ကိုင်ပေးကာ အစားအစာဝယ်ရန် ဆိုင်ကိုသွားသည်။ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ကြမ်းပြင်သုတ် စသဖြင့် လုပ်ကိုင်ပေးသည်။
ချင်ရှီးဒဏ်ရာရသွားသည်ကို ကြားလိုက်ရသဖြင့် သူမကို အထူးလာရောက်ကြည့်ရှုသည့် ဟွမ်ယွိလန်သည် အလွန်ဉာဏ်ကောင်းသည့် ကလေးသုံးယောက်ကိုမြင်ကာ မနာလိုဖြစ်မိရသေးသည်။
"မင်းက ကလေးတွေကို ဘယ်လို သင်ပေးလိုက်မှန်းကို မသိနိုင်သေးဘူး။ သူတို့က ဉာဏ်ကောင်းလွန်းတယ်။ ငါ့ ကောကောကတော့ နေ့တိုင်း အကြင်နာကင်းမဲ့နေပါရော"
ဟွမ်ယွိလန်သည် လူကြီးလေးတွေလို လှည့်ပတ်ပြေးလွှား အလုပ်ရှုပ်နေကြသော အမြွှာလေးကို ကြည့်ပြီး ချစ်ခြင်းမေတ္တာများ သိုဝှက်ထား၍ မရနိုင်လေပြီ။
"ကောကောက ငယ်ပါသေးတယ်။ သူ(မ) ကြီးပြင်းလာတဲ့အခါ ဉာဏ်ရည်ထက်မြက်လာလိမ့်မယ် သူက အရမ်း နာခံတတ်သူပါ"
ချင်ရှီးက တုကောကော၏ အများရဲ့အဆိုးမြင်ဝါဒကိုဂရုမစိုက်တတ်ဘဲ ရိုးသားတတ်တဲ့စရိုက်ကို နှစ်သက်ပါသည်။
သူမဟာ သာမန်ကလေးတစ်ယောက်လိုဖြစ်ပြီး အမြွှာလေးတွေကသာ တကယ်ကို ဉာဏ်ရည်ထက်မြက်လွန်းနေသောကြောင့်ဖြစ်သည်။
"သူ(မ)လား... လိမ္မာမှာ"
ဟွမ်ယွိလန်က လှောင်ပြောင်လိုက်သည်။
"သူ(မ)က နေ့တိုင်း ပုန်ကန်နေတာ မင်းမသိဘူး။ ဒီမှာနေတာတောင် မကြာသေးဘူး။ အေးအေးဆေးဆေး ကစားဖို့ ထွက်သွားတယ်။ တစ်ယောက်ချင်းစီ သစ်ပင်ပေါ်တက်ဖို့ဆိုပြီး တခြားကလေးတွေကိုလည်း ခေါ်သွားတာ"
ဟွမ်ယွိလန်က သူမရဲ့ ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ရင်း တွေးမိကာ ခေါင်းကိုက်သွားရသည်။
"ကလေးတော်တော်များများက ဒီလောက်မြင့်တဲ့သစ်ပင်ကို တက်ခဲ့ကြတယ်။ ကောကောက အပေါ်ဆုံးမှာတောင် ရှိနေသေးတယ်။ မဆင်းနိုင်တော့လို့ အခြားတစ်ယောက်ယောက်ကို ခေါ်ရတဲ့အထိဘဲ"
ချင်ရှီးက ရယ်မောလိုက်တော့သည်။
"ကောကောက အရမ်းသတ္တိရှိတာဘဲ "
"ဟုတ်တယ်မဟုတ်လား။ အရမ်းသွက်လွန်းအားကြီးတယ်"
ဟွမ်ယွိလန်သည် နာခံမှုရှိသော ဖျင်ဖျင်ကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။
"ငါ့ကောကောကသာ မင်းတို့ထက်ဝက်လောက် ကောင်းရင်ကောင်းမယ်။ နေ့တိုင်းစိတ်ပူရအောင် လုပ်နေတယ်"
ချင်ရှီး : "သူတို့တွေက လိုက်ဖက်ညီတဲ့ ကိုယ်ရည်ကိုယ်သွေးရှိလို့ အရမ်းကောင်းတာဘဲ"
သူတို့နှစ်ယောက်က နေ့ခင်းပိုင်းအထိ မိသားစုကိစ္စတွေ စကားစမြည်ပြောဖြစ်ကြသည်။
ချင်ရှီးသည် ယခင်အချိန်တွင် အိပ်ရာထကာ အဝတ်အစားလဲ ပြင်ဆင်၍ ကျောင်းသွားပြီး တေးဂီတသင်တန်းများ ဝင်စရာ မရှိသောကြောင့် ခွင့်တောင်းရန် မလိုအပ်ပေ။ ခွင့်တောင်းရင် လစာကို နုတ်လိုက်မည်ဖြစ်ရာ သွားလိုက်တာက ပိုကောင်းသည်။ ဘာဘဲဖြစ်ဖြစ် စာသင်ခန်းထဲရောက်ရင် ထိုင်ပြီး စကားပြောလို့ရသေးသည်။
ဟွမ်ယွိလန်သည် ကလေးများကို ကစားရန် သူမအိမ်သို့ ခေါ်သွားကာ ချင်ရှီးအား စိတ်သက်သာရာရသွားစေသည်။
ချင်ရှီး အတန်းဝင်ရန်အတွက် ကျောင်းသွားသောအခါ မတွေ့တာကြာပြီဖြစ်သော လီချန်းချန်နှင့် မထင်မှတ်ဘဲ တွေ့ဆုံလိုက်ရသည်။
လီချန်းချန်က သူမကိုစောင့်နေပုံရပြီး သူမ ပေါ်လာတာကိုမြင်တော့ ချက်ချင်းရောက်လာသည်။
"ဟေး ဘာဖြစ်တာလဲ အဆင်ပြေလား"
သူမက စိုးရိမ်ဟန်ဆောင်နေတာကိုမြင်တော့ သူမက ဘာလုပ်ချင်နေပြန်ပြီကိုမသိတာကြောင့် ချင်ရှီးက သူမကို ပြုံးပြလိုက်သည်။
"လဲကျသွားရုံတင်ပါ။ ခဏလောက်ဆို အဆင်ပြေလာလိမ့်မယ်"
ထို့နောက် သူမက လီချန်းချန်အား ကိစ္စရှိမရှိမေးမြန်းလိုက်သည်။
လီချန်းချန် : "မကြာသေးခင်က တပ်က ပေကျင်းမှာ ပညာသင်ဖို့ လူရွေးတာ ခေါင်းဆောင်လုက ငြင်းလိုက်တယ်ဆို။ ဒီလို အခွင့်ကောင်းကို သူဘာလို့ငြင်းလိုက်တာလဲ"
ချင်ရှီး အနည်းငယ် အံ့သြသွားသည်။
"ဘာလို့ ပေကျင်းကို စာသင်ဖို့ သွားရတာလဲ"
လီချန်းချန်းလည်း ထိတ်လန့်သွားသည်။
"မင်း မသိဘူးလား"
သို့သော် မကြာခင်မှာဘဲ သူမက အပြုံးကြီးကြီး ပြုံးလိုက်သည်။
"ခေါင်းဆောင်လုက မင်းကို မပြောခဲ့ဘူးဘဲ။ ဟေး....ဒီလောက်ကြီးကျယ်တဲ့အကြောင်းကို မင်းကိုဘာလို့မပြောခဲ့တာပါလိမ့်နော်"
လီချန်းချန်၏ အတွင်းစိတ်က အားရဝမ်းသာဖြစ်နေပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သိပ်ကောင်းပုံမရဘူးလို့ တွေးလိုက်မိသည်။
ချင်ရှီးက ဘာမှပြန်မပြောဘဲ လီချန်းချန်ကို ပြုံးရုံသာပြုံးပြလိုက်သည်။
"ဒီအကြောင်းပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။ ငါပြန်တဲ့အခါ သူ့ကိုမေးကြည့်ပြီး သူ့ကို ပညာသင်သွားစေအောင် ဆွဲဆောင်ဖို့ကြိုးစားရမယ်"
လီချန်းချန်ကလည်း ဆက်ပြော၏။
"ပြောရမယ်ဆိုရင် ဒီအခွင့်အလမ်းက ရှားတယ်။ သူ့ကို အထက်ပိုင်းက ရွေးထားပြီးသား။ ဒါကြောင့် မင်းပြန်သွားပြီး သူ့ကို သေချာ စည်းရုံးလိုက်ပါ"
ချင်ရှီး : "နောက်ကျနေပြီ။ ငါအတန်းအရင်သွားတော့မယ်"
လီချန်းချန်က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး ပြုံး၍ပြောသည်။
"ကောင်းပြီ။ ဖြည်းဖြည်းသွားပါ။ နောက်တစ်ခါ ထပ်မလဲစေနဲ့"
ချင်ရှီးသည် သူမအား လျစ်လျူရှုပြီး ချိုင်းထောက်ကိုမှီကာ သင်ကြားရေးအဆောက်အဦးဆီသို့ လျှောက်သွားခဲ့သည်။ သူမ အပေါ်ထပ်ကို တက်တော့မယ်အချိန် သူမ ခေါင်းကိုလှည့်ပြီး လီချန်းချန်၏ သွက်သွက်လက်လက် ခြေလှမ်းတွေကိုကြည့်ကာ နှုတ်ခမ်းကို တွန့်ကွေးလိုက်မိသည်။
ပထမတော့ သူမသည် ဇာတ်ကွက်အခြေအနေအကြောင်း မတွေးခဲ့မိသော်လည်း ပေကျင်းတွင် လေ့လာသင်ယူမှုအကြောင်း လီချန်းချန်က ပြောလာသောအခါ ချင်ရှီးက လုကျဲ့ထျန်းသည် မူရင်းစာအုပ်ဇာတ်ကွက်တွင် ထိုပညာသင်ကြားရေးကာလကြောင့် လီချန်းချန်နှင့် တွဲဖြစ်သွားခြင်းဖြစ်ကြောင်းသတိရမိသည်။
'ဒီအခြေအနေက ဘယ်လိုများလဲ'
ချင်ရှီးဟာ အဲ့ဒီအချိန်ရဲ့ ဇာတ်ကွက်အကြောင်းအရာကို သေသေချာချာ မမှတ်မိတော့ပါ။
ထိုအချိန်က အဖြစ်အပျက်မှာ လီချန်းချန်က အနိုင်ကျင့်ခံရလုနီးပါးဖြစ်နေပုံရပြီး လုကျဲ့ထျန်းက သူမကို ကယ်တင်ခဲ့သည်။ လီချန်းချန်၏ အဝတ်အစားတွေ စုတ်ပြတ်လုနီးပါးဖြစ်သွားသောအခါ အမြင်မသင့်တော်သောကြောင့် လုကျဲ့ထျန်းက သူ့အဝတ်အစားတွေကို ပေးခဲ့သည်။
ကောလဟာလများက လျင်မြန်စွာပြန့်နှံ့သွားပြီး လီချန်းချန်က လုကျဲ့ထျန်းကို အမြဲသဘောကျနေခဲ့ကာ သူကနူးညံ့သိမ်မွေ့သောကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်၍ သူမဘက်ကပင် သူ့ကို တက်ကြွစွာ လိုက်၍ပိုးပန်းခဲ့သည်။
လုကျဲ့ထျန်းသည် သူမက မဆိုးဘူးလို့ ခံစားမိတဲ့အတွက် သူနှင့်အချိန်အတော်ကြာတွဲခဲ့ပြီး နောက်ဆုံးမှာတော့ သူမကို ချစ်မိသွားခဲ့ပြီး အောင်မြင်စွာ လက်ထပ်နိုင်ခဲ့ခြင်းဖြစ်၏။
ယခုအခါ လီချန်းချန်သည် မူရင်းဇာတ်လမ်းမှ ဇာတ်လိုက်မင်းသမီးမဟုတ်တော့ဘဲ ကူးပြောင်းလာသူတစ်ဦးဖြစ်သည်။ လုကျဲ့ထျန်းသည်လည်း ဇာတ်ကွက်ထိန်းချုပ်ခံရမှုမှ လွတ်မြောက်ကာ ပညာသင်ကြားရေးစေလွှတ်ခံရမှုကိုပင် ငြင်းဆိုထားသည်။
ချင်ရှီးသည် အပေါ်ထပ်သို့ တဖြည်းဖြည်းခြေလှမ်းပြီး ရွေ့သွားကာ ဤဇာတ်ကွက်က ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သူမ၏ နှလုံးသားထဲတွင် တွေးနေမိသည်။
'သူမကရော အမှန်တကယ် ရှောင်ရှားနိုင်ပြီး ဇာတ်ကွက်ထိန်းချုပ်ခံရမှုကို လုံးဝလွတ်သွားအောင် လုပ်နိုင်ပါ့မလား'
အတန်းဆင်း ခေါင်းလောင်းသံမြည်ပြီးနောက် ချင်ရှီးသည် စာသင်ခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။ ထိုအကြောင်းကို တွေးမနေတော့ဘဲ ယခင်အတန်းချိန်မှ ဆရာမကို နှုတ်ဆက်ပြီး ခုံတန်းလျားတစ်ခုရှာ၍ထိုင်ရန် စာသင်ခန်းထဲသို့ ဝင်သွားသည်။
... .... ....
ညနေခင်းမှာ ကလေးတွေကို အိပ်ခန်းထဲသွားပြီး ကစားကြဖို့ခိုင်းကာ ချင်ရှီးက လုကျဲ့ထျန်းကို ခေါ်ပြောသည်။
"အထက်လူကြီးတွေက ပေကျင်းကို စာသင်ဖို့လွှတ်မယ်လို့ ကြားတယ်။ မင်းက ငြင်းလိုက်တာလား"
လုကျဲ့ထျန်းက ခေါင်းညိတ်ပြသည်။
"မနက်မှ မင်းကို ဒီကိစ္စကိုပြောပြဖို့ စီစဉ်ထားတာ"
ချင်ရှီးသည် လီချန်းချန်က သူမဆီလာပြီးပြောသည့်ဖြစ်စဉ်ကို သေချာစဉ်းစားကြည့်မိသည်။ သူမတွင် သတင်းပေး ကောင်းကောင်းရှိလောက်သည်ပင်။ မနက်ခင်းကမှ ဖြစ်ပျက်သည့်အကြောင်းကို နေ့လည်ခင်းမှာ သူမအား လာပြောနိုင်သည်။ နည်းနည်းတော့ အစွမ်းထက်လှသည်ပင်။
"ဘာလို့ မသွားတာလဲ"
လုကျဲ့ထျန်း၏ အမူအရာသည် ခါတိုင်းကဲ့သို့ အေးဆေးတည်ငြိမ်နေပြီး ဤကိစ္စသည် မနက်ဖြန်မနက်စားရမည့် ဟင်းအစီအစဉ်လိုအသေးအဖွဲကဲ့သို့ ပေါ့ပါးနေပုံရပြီး ကြီးကြီးမားမားဖြစ်ဟန်တော့မဟုတ်ပေ။
"မင်း ဒဏ်ရာရထားလို့ပါ။ စိတ်မပူပါနဲ့ စာသင်ဖို့ အခွင့်အလမ်းတွေ ရှိနေတုန်းဘဲ။ ဒီတစ်ခါ မသွားရင်လည်း ကိစ္စမရှိပါဘူး"
ချင်ရှီးက စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို တိုက်ရိုက်ကြည့်နေ၏။ လုကျဲ့ထျန်းသည် သူမကို ဒီလိုပုံစံမြင်ရသောအခါ မကြာမီ စိတ်မသက်မသာဖြစ်လာရသည်။
လုကျဲ့ထျန်းက သူမဘေးမှာလာထိုင်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
ချင်ရှီးက သူ့ကို စိုက်ကြည့်နေဆဲပင်။
"မင်းက တော်တော်လေးကောင်းတာဘဲ။ နည်းနည်း စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်လာပြီ"
လုကျဲ့ထျန်း : "မင်းဘာပြောလိုက်တာလဲ။ ငါ... အခု ရှင်းရှင်းလင်းလင်း မကြားလိုက်ရသေးဘူး"
ချင်ရှီးက ခွီးကနဲ ရယ်လိုက်ပြီး အသံနည်းနည်းမြှင့်၍ ထပ်ပြောလိုက်သည်။
"မင်းက တော်တော်လေးကောင်းတာဘဲ။ နည်းနည်း စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်လာပြီ"
လုကျဲ့ထျန်းသည် မသိစိတ်အရ ပြုံးလိုက်မိပြီး သူ့မျက်လုံးတွေမှာ အံ့သြပြီး မယုံနိုင်စိတ်တွေ ပြည့်နှက်နေကာ ကလေးလေးလိုဖြစ်သွားလျက် ခဏတာလောက် သူမကို ဘယ်လိုပြန်ပြောရမှန်းကို မသိတော့ပါဘူး။
သူ၏ ထုံထိုင်းသွားသော အသွင်အပြင်ကိုကြည့်ပြီး ချင်ရှီးသည် ပြုံးကာ မျက်လုံးကို လန်လိုက်မိသေး၏။
"ဒါဆို..."
လုကျဲ့ထျန်းက စကားပြောရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သူ့သတ္တိများကို ဆင့်ခေါ်လိုက်သည်။
"ဒါဆို ငါတို့ အတုအယောင်ကို အစစ်အမှန်ဖြစ်လာအောင် လုပ်ကြမလား"
ချင်ရှီးကသူ့ကို အပြုံးလေးနှင့်ကြည့်ပြီး နူးညံ့သိမ်မွေ့သောလေသံဖြင့် ရက်စက်ကြမ်းကြုတ်သောစကားများကိုပြောလိုက်သည်။
"ငါမလုပ်နိုင်ဘူး"
လုကျဲ့ထျန်း၏နှလုံးသားသည် စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုများပြည့်နေပြီး ထိုစကားလုံးများသည် သူ့နှလုံးသားကို ချက်ချင်းအေးစက်သွားစေခဲ့သည်။
"..."
'... ဒါဘဲလား'
လုကျဲ့ထျန်းက အဆင်မပြေတဲ့ လေထုအငွေ့အသက်တွေကို သက်သာစေဖို့ ရယ်ချင်ပေမဲ့ သူ မလုပ်နိုင်ခဲ့ပါဘူး။
သူ ချင်ရှီးကို မေးလိုလှပါ၏။
'သူက စိတ်လှုပ်ရှားစရာကောင်းတယ်လို့ မပြောခဲ့ဘူးလား...ဘာကြောင့် သဘောမတူရတာလဲ'
လုကျဲ့ထျန်းသည် ဒီအခြေအနေကို အခွင့်ကောင်းယူကာ သူ့ချစ်ခြင်းမေတ္တာကို ဝန်ခံပြီး ပိုင်းခြားထားတဲ့အလွှာကို လုံးဝထိုးဖောက်ပစ်ရမလား ဒါမှမဟုတ် ဖားတွေကို ရေနွေးပူပူနှင့်ပြုတ်သလို ခပ်ဖြည်းဖြည်းချင်းဘဲ ဆက်လက်ပိုးပန်းရမလားမသိနိုင်တော့။ သို့သော် သူတို့ဟာ အသိမိတ်ဆွေတွေလိုတောင် ဆက်ဆံရေးလေးမရှိတော့ရင်ရော.....
ထိုအချိန်တွင် ချင်ရှီးစကားပြောတာကို ကြားလိုက်ရသည်။
"အခုတော့ မင်းက နည်းနည်းလေးဘဲ ဆွဲဆောင်နိုင်သေးတာ။ ဒီဆွဲဆောင်မှုလေးတွေက ငါ့ကို အတုအယောင်ကနေ အစစ်အမှန်ဖြစ်လာဖို့ဆိုပြီး စာချုပ်ဖျက်သိမ်းဖို့ မလုံလောက်သေးဘူး။ ဒါကြောင့် မင်းကို မြန်မြန်ချစ်သွားအောင် မင်းကြိုးစားဖို့လိုသေးတယ်"
ချင်ရှီးက ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး လုကျဲ့ထျန်းကို မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။
"မင်းကိုချစ်လာအောင် လုပ်နိုင်ဖို့ အခွင့်ကောင်းပေးထားတယ်။ မင်း ဆုပ်ကိုင်နိုင်မလားဆိုတဲ့ အပေါ်မှာဘဲ မူတည်တယ်"
သူမအနေဖြင့် ဇာတ်ကွက်တွေက တကယ် ပြိုလဲကျသွားမလားဆိုတာ စောင့်ကြည့်ရဦးမည်။
အကယ်၍ ဤအဓိကဇာတ်ဆောင်ဖြစ်သူ လုကျဲ့ထျန်းသည် ဇာတ်ကွက်ထိန်းချုပ်မှုမှ လွတ်ကင်းသွားကာ ဤကာလအတွင်း သူမ သူ့ကို ပိုနှစ်သက်လာပါက အတုအယောင် (အိမ်ထောင်ရေး) တစ်ခုကိုဘဲ ဆက်လက်ဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်တော့ပါ။
လုကျဲ့ထျန်းသည် အနာဂတ်မျိုးဆက်များ အတွက်ပင်လျှင် ကောင်းမွန်သော ချစ်သူနှင့်ခင်ပွန်းအမျိုးအစား ဖြစ်နိုင်ပြီး ကျန်ဘဝတစ်လျှောက်လုံး သူနှင့်အတူ မကုန်ဆုံးဘဲနေနိုင်ရန် မဖြစ်နိုင်ပေ။
အားလုံးပြီးဆုံးသွားပြီလို့ ထင်နေတဲ့ လုကျဲ့ထျန်းက တခြားဘက်မှာမျှော်လင့်ချက်ပန်းတွေ ပွင့်လာလိမ့်မယ်လို့ မထင်ထားမိပေ။ ဒီကြီးမားတဲ့ အံ့အားသင့်မှုကြောင့် သူ အနည်းငယ် မှင်တက်သွားသည်။
လုကျဲ့ထျန်းသည် အမြန် မတ်တပ်ထရပ်ကာ ပြန်ထိုင်ချလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် ပုံမှန် တည်ငြိမ်ပြီးအေးဆေးသောအသွင်အပြင်က ပျောက်ဆုံးသွားရသည်။
လုကျဲ့ထျန်းက ပြန်ထိုင်ချလိုက်ပြီး ချင်ရှီးကိုကြည့်သည်။
"ငါကြိုးစားပါ့မယ်"
ချင်ရှီးက လုကျဲ့ထျန်း၏ လေးနက်တဲ့အမူအရာကိုကြည့်ပြီး လှိုက်လှိုက်လှဲလှဲ ရယ်မောမိသည်။
"ကောင်းပါပြီ"
လုကျဲ့ထျန်းလည်း ရယ်မောလိုက်ပြီး သူ့မျက်လုံးများသည် နူးညံ့မှုနှင့် မေတ္တာအပြည့်တို့ဖြင့် အလင်းရောင်များ တောက်ပလျက်ရှိနေသည်။
_***_