Chapter 17

5.4K 557 0
                                    

အပိုင်း (၁၇)

အတော်အတန်ကြီးသည့် ကလေးဖြစ်ဖြစ်၊ ကလေးငယ်များဖြစ်ဖြစ် ချင်ရှီး၏ မည်းမှောင်နေသောမျက်နှာကို ကြည့်ပြီး ချင်ရှီးကို သိသိသာသာပင် ကြောက်ရွံ့သွားကြသည်။
   
ချင်ရှီး ဒေါသထွက်လျှင် အခြားသူများကို ကြောက်ရွံ့ခြင်းမရှိတော့ဘဲ ကျိန်ဆဲခြင်း သို့မဟုတ် ရိုက်နှက်ခြင်းတို့ကို သတိထား ဂရုစိုက်မနေတတ်တော့ပေ။ သူမ၏ အေးစက်၍ သာမာန်ဆန်လွန်းသော လေသံကို မြင်လိုက်ရတော့ ကလေး အားလုံး ကြောက်ရွံ့သွားကြသည်။

သူတို့လေးတွေက ငယ်ရွယ်သေးပြီး ဒေါသထွက်သောအခါ ငြိမ်သက်နေခြင်းက မည်မျှထိကြောက်စရာကောင်းသည်ကိုမသိကြချေ။ သို့သော် ကလေးတွေရဲ့ ပင်ကိုယ်အသိစိတ်က အန္တရာယ်ရှိသည်ဆိုတာကိုတော့ ခံစားနိုင်ကြသည်။

သူတို့အားလုံး တိတ်ဆိတ်နေတာကိုမြင်တော့ ချင်ရှီးက ဖျင်ဖျင်ကိုလှည့်ကြည့်လိုက်သည်။ သူ့မျက်နှာနဲ့ နှုတ်ခမ်းတွေက ဖုန်တွေဖုံးနေတာကို တွေ့လိုက်ရပြီး အမြန်သေချာကြည့်တော့ နှုတ်ခမ်းကွဲတာကလွဲလို့ သူ့ပါးစပ်ထဲမှာ ကြီးကြီးမားမား ဘာဒဏ်ရာမှမရှိမှန်း မြင်လိုက်ရပြီး သူမ ပို၍ သက်တောင့်သက်သာခံစားလိုက်ရသည်။

သူမနှင့်အတူ သယ်ဆောင်လာသော လက်ကိုင်ပုဝါကို ထုတ်၍ ပေပွနေသော မျက်နှာလေးကို သုတ်ပေးလိုက်ပြီး မတ်တပ်ရပ်ခိုင်းကာ သွေးထွက်နေသော ပါးစပ်ကို ဖုံးအုပ်ပေးလိုက်သည်။

"ဘာဖြစ်တာလဲဆိုတာပြောပြ"
ချင်ရှီးက ကုချင်းဟိုင်နှင့် ပိန်ပိန်ပါးပါးကောင်လေးကို ကြည့်သည်။

"ညီမလေးကို အနိုင်ကျင့်တာ"
နှစ်ယောက်စလုံးက ဒေါသတကြီးအော်ကြသည်။

"ငါနဲ့ ဖျင်ဖျင်ကို အရင်အနိုင်ကျင့်တာ သူ့ညီမ။ လီလိက ငါ့ရဲ့အဝတ်အစားကအရုပ်လေးကို ဆွဲယူချင်တာ သူမကိုမပေးတော့ ဖျင်ဖျင်ရဲ့ အနီရောင်ပန်းပွင့်လေးကို လာလုတယ်" 
ဆံပင်ကျစ်ဆံမြီးတွေပြေနေတဲ့ အန်အန်းက ဘေးနားတွင်ရှိသည့်  မျက်ရည်စက်ကလေးတွေနဲ့ ကလေးမကို စိုက်ကြည့်နေသည်။ ထို့နောက် ချင်ရှီးအား ထပ်ပြောပြသည်။

"သူမက ရွှံ့တွေနဲ့ကစားနေတာမို့ ဖျင်ဖျင်က သူ့ကိုမထိခိုင်းဘူး။ သူမက အရမ်းထိကြည့်ချင်နေတော့ ဖျင်ဖျင်က ထွက်ပြေးတယ်လေ။ အဲ့ဒါကို သူမက ဖျင်ဖျင်ကို တွန်းတော့ ဖျင်ဖျင်ရဲ့နှုတ်ခမ်းတွေ သွေးထွက်သွားရတာ"

ချင်ရှီး အနည်းငယ် အံ့သြသွားပြီး အန်အန်းသည် ဤမျှလောက် ချက်ကျလက်ကျပြောတတ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ အန်အန်းက အကြောင်းတရားနှင့် အကျိုးဆက်ကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သော်လည်း ယခုက သူမ၏ထက်မြက်မှုကို စဉ်းစားရမည့်အချိန်မဟုတ်သေး၍ ချင်ရှီးက ဘေးက ကလေးကို လှည့်ကြည့်လိုက်သည်။ 
“အန်အန်းပြောတာ မှန်လား”

လီလိက သူမကို ကြောက်နေပြီမို့ ဘာစကားမှ မပြောရဲပေ။ ချင်ရှီးက သူမအား မေးလိုက်သောအခါတွင် ချက်ချင်း မျက်ရည်ကျလာကာ သူမအမေကို လှမ်းခေါ်ခိုင်းတော့သည်။

သတင်းကြားတော့ လူကြီးတွေကလည်း အပြေးအလွှား ပြေးလာကြပြီး သူတို့ထဲမှာ လီလိ၏ အမေလည်း ပါသည်။ သူမကလေး အရမ်းငိုနေတာကိုမြင်တော့ စိတ်တွေပူပြီး လီလိကို ပွေ့ဖက်ဖို့ ပြေးသွားသည်။
"ဘာဖြစ်တာလဲ။ ဘယ်လိုဖြစ်လို့လဲ။ ကောင်းသွားပြီနော် မငိုနဲ့တော့..."

သို့သော် ကလေးမလေးက သူမကိုမြင်တော့ ပိုလို့တောင် ငိုလာသည်။ လီလိ၏မိခင်က ချင်ရှီးကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။
"ဘာကိစ္စဖြစ်ကြတာလဲ"

ချင်ရှီးက သူမကို တစ်ချက်ကြည့်လိုက်ပြီး အန်အန်းပြောပြသည့်စကားကို ထပ်ခါပြောပြသော်လည်း ထိုအမျိုးသမီးက ပါးစပ်ကို ချက်ချင်းဖွင့်ကာ ထိုသို့မဖြစ်နိုင်ကြောင်း ပြောသည်။
"ငါ့ကလေးက အရမ်းကောင်းတဲ့သူပါ"

"ဖျင်ဖျင်ကို တွန်းလိုက်တာ လီလိဘဲ။ လူတိုင်း မြင်တယ်"
အန်အန်းက သူ့ဘေးနားက ကလေးများကို လှည့်ကြည့်လိုက်ကာ အမြန်မေးလိုက်သည်။
"မြင်လိုက်ကြတာ ဟုတ်တယ်မလား"

ဤရက်ပိုင်းများတွင် ချင်ရှီးက အရသာရှိသည့်မုန့်များ အများအပြားလုပ်တတ်ပြီး အန်အန်းက သူမသူငယ်ချင်းလေးတွေကို အဆာပြေမုန့်တွေ ဘယ်လောက်ကောင်းကြောင်းပြသသည့်အနေဖြင့် ပေးဝေခဲ့သေးသည်။ အဲ့ဒီမတိုင်ခင်ကလည်း ဖျင်ဖျင်က ချိုမြိန်သည့် ကန်စွန်းဥပန်ကိတ်တွေကို အားလုံးထံ မျှဝေခဲ့ပါသေးသည်။

မကြာသေးမီက ကလေးများသည် အမြွှာများနှင့် ဆော့ကစားခြင်းကို နှစ်သက်ကြပြီး သူတို့လေးတွေက အလွန်ရေပန်းစားလျက်ရှိသည်။ ဒီနေ့ သူတို့ဟာ အ၀တ်အစားလှလှလေးတွေဝတ်ပြီး အပြင်ကိုထွက်လာကြတဲ့အခါ ကလေးတစ်စုကိုတောင် ဆွဲဆောင်နိုင်ခဲ့ပါသေးသည်။ ထို့ကြောင့် လီလိက ဒေါသထွက်ပြီး (မနာလိုပြီး) ဖျင်ဖျင်ကို တွန်းချ၍ လဲကျသွားခြင်းဖြစ်သည်။

အန်အန်းက ထိုမေးခွန်းကို မေးတဲ့အခါ ကလေးတွေအားလုံးက တစ်ညီတစ်ညာတည်းဖြေကြသည်။
“ဟုတ်တယ် လီလိ လုပ်တာ”

လီလိရဲ့မိခင်မျက်နှာက အေးခဲသွားရပြီး အသက်ရှူပင်ကြပ်သွားရ၏။ 
“ကလေးတွေ ရန်ဖြစ်ကြတာက ပုံမှန်ပါဘဲ။ လီလိ ဖျင်ဖျင်ကို တောင်းပန်လိုက်”

လီလိက နစ်နာသူလို တအိအိဖြင့် ငိုနေပြီး သူမက မတောင်းပန်ချင်ပေ။
“မတောင်းပန်ဘူး။ အန်အန်းကလည်း ငါ့ကို မတောင်းပန်ဘူး”

လီလိရဲ့ အမေက စိတ်လှုပ်ရှားသွားပြီး သူမသမီးကို အမြန်ငုံ့ကြည့်လိုက်ရာ အဝတ်များစုတ်ပြဲနေသည်ကို တွေ့လိုက်ရသည်။ 
"အန်အန်း မင်း လီလိရဲ့အဝတ်တွေကို စုတ်ဖြဲထားတာကို ကြည့်စမ်း။ ကလေးမလေးက အရမ်းရက်စက်တာဘဲ။ လီလိကို တောင်းပန်လိုက်"

အန်အန်းက လက်နှစ်ဖက်ကို တင်ပါးပေါ်တင်ကာ အော်လိုက်သည်။
"ဘာလို့တောင်းပန်ရမှာလဲ။ ဖျင်ဖျင်ကို အရင်အနိုင်ကျင့်တဲ့အတွက် သူမကို ရိုက်နှက်ရတာ ထိုက်တန်တယ်"

ဖျင်ဖျင်ကို သွေးထွက်အောင်လုပ်တဲ့သူအား အန်အန်းက ဘာကြောင့် ခွင့်လွှတ်ပေးလိုက်ရမည်နည်း။

"မင်း..."
လီလိရဲ့အမေက စိတ်တွေတိုပြီး တစ်ခုခုပြောဖို့လုပ်ပေမဲ့ ချင်ရှီးက ဖြတ်ပြောလိုက်သည်။

"မင်းက ပညာတတ်တစ်ယောက်ဖြစ်ပြီး ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ"
ချင်ရှီးက လှောင်ပြောင်လိုက်သည်။
"မင်းရဲ့ကလေးက ဖျင်ဖျင်ကိုသာ အရင်မတွန်းဘူးဆိုရင် အန်အန်းက သူမကို ရိုက်နှက်နိုင်ပါ့မလား။ မင်း တောင်းပန်ခိုင်းချင်ရင် မင့်ကလေးရဲ့လုပ်ရပ်ကို အရင်ချင့်ချိန်စဉ်းစားရမယ်။ မင်းရဲ့ကလေးက ဖျင်ဖျင်ကို အရင်တောင်းပန်ပြီးရင် အန်အန်းကလည်း သဘာဝကျကျ သူမကို တောင်းပန်လိမ့်မယ်"

"မင်းကဘယ်သူလဲ။ ဘာကိစ္စရှိလို့ ဝင်ပါနေတာလဲ"
လီလိ၏မိခင်သည် ချင်ရှီးကိုမသိပေ။  သူမကို ပြစ်တင်ပြောဆိုနေတာတွေ့တော့ မခံမရပ်နိုင်အောင် စိတ်ဆိုးသွားသည်။

သူမဘေးက ချင်ရှီးကိုသိတဲ့လူက စကားမပြောနိုင်ခင်မှာ အန်အန်းက ချင်ရှီးလက်ကို ဆုပ်ကိုင်လိုက်ပြီးပြန်ဖြေသည်။
“သူမက ငါ့အမေ”

ချင်ရှီးကို မြင်ဖူးပေမဲ့ ဘယ်သူမှန်းမသိကြသည့်လူတွေက အနည်းငယ် အံ့အားသင့်သွားကြသည်။ သူမက လုကျဲ့ထျန်း၏ ဇနီးအသစ်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

ချင်ရှီးက အန်အန်းရဲ့လက်ကို ကိုင်ထားလိုက်သည်။
"ဟုတ်တယ်။ ငါက သူတို့ရဲ့အမေ။ ဒါကြောင့် ငါ့မှာ ဒီကိစ္စကို ဝင်စွက်ဖက်ခွင့်ရှိတယ်"

လီလိရဲ့အမေက ချင်ရှီးကို စိုက်ကြည့်နေပြီး ချင်ရှီးက သူမကို စကားပြောဖို့ စိတ်မ၀င်စားဘဲ ငုံ့ပြီး ဖျင်ဖျင်ကိုအုပ်ပေးထားသည့် လက်ကိုင်ပုဝါကို ယူကြည့်လိုက်သည်။
'လာစမ်း! သွေးတွေအပြည့်စွန်းထင်းနေတဲ့လက်နဲ့ ဒဏ်ရာရသွားတဲ့ ပါးစပ်ကို အားလုံးမြင်အောင် ပြ‌ရသေးတာပေါ့'

"ဒီလိုသွေးထွက်အောင် အနာတရဖြစ်သွားရတာ မြင်ရဲ့လား။ မင်း ကလေးက တောင်းပန်သင့်တာဆိုတာမှန်လား"

"အိုး… သွေးတွေ အရမ်းများနေတယ်"

"ဆေးထည့်ဖို့ ကလေးကို မြန်မြန်ခေါ်သွားတော့လေ"

ကလေးရဲ့လက်တွေက သေးသေးလေးဖြစ်ပြီး နေရာတိုင်းမှာ သွေးတွေစွန်းထင်းနေပုံကတော့ အရမ်းကြောက်စရာကောင်းပြီး ပတ်ဝန်းကျင်ကလူတွေကို ထိတ်လန့်သွားစေသည်။

ချင်ရှီးက လီလိကိုကြည့်လိုက်သည်။
"လီလိ မင်းက ဖျင်ဖျင်ရဲ့ပါးစပ်ကို ဒဏ်ရာရအောင်လုပ်ထားတာလေ။ မင်း တောင်းပန်သင့်တာမဟုတ်ဘူးလား"

လီလိက ဖျင်ဖျင်နှင့် ချင်ရှီးကို ကြည့်ရင်း ထိတ်လန့်လွန်းသဖြင့် သူမအမေနောက်သို့ ပုန်းနေသော်လည်း ဤအခြေအနေတွင် ရှောင်လွှဲ၍မရနိုင်တော့ပေ။

လီလိ၏၏မိခင်က သူမအား တွန်းထုတ်ပြီးနောက် လီလိက ပါးစပ်ကိုဖွင့်ကာ ဖျင်ဖျင်အား အသံနိမ့်နိမ့်ဖြင့် တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်။ ငါတမင်လုပ်တာမဟုတ်ပါဘူး"

ဖျင်ဖျင်ရဲ့ပါးစပ်က နာကျင်နေဆဲဖြစ်ပြီး သူမနဲ့ စကားမပြောချင်သောကြောင့် လုံးဝပြန်မဖြေပေ။

လီလိရဲ့အမေက တစ်ခုခုပြောချင်ပေမဲ့ ချင်ရှီးက ဖျင်ဖျင်ကို ပွေ့ချီပြီး အစောကရောက်လာကြသည့်သူများထဲမှ တစ်ဦးဖြစ်သည့် အန်တီကျောင်းဆီကို ပို့ပေးလိုက်သည်။
"အန်တီကျောင်း ဖျင်ဖျင်ကို သန့်ရှင်းရေးလုပ်ပြီး ဆေးပေးခန်း ခေါ်သွားပေးပါ။ ငါ ဒီမှာ ခဏနေခဲ့မယ်"

အန်တီကျောင်းက ဖျင်ဖျင်ကို ပွေ့ချီလိုက်သည်။
"စိတ်မပူနဲ့ ငါသူ့ကိုခေါ်သွားလိုက်မယ်"

ဖျင်ဖျင်သည် အန်တီကျောင်း၏ပခုံးပေါ်တွင်မှီနေကာ ချင်ရှီးကို အလွန်အစွမ်းထက်မြက်သည်ဟုထင်မိ၍ တစ်ချိန်လုံး စိုက်ကြည့်နေသည်။

"အန်အန်း"
ချင်ရှီးက အန်အန်းကို ကြည့်လိုက်ရာ အန်အန်းက ချက်ချင်း သဘောပေါက်သွားပြီး ပြတ်ပြတ်သားသား တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်။ မင်းက ဖျင်ဖျင်ကို တွန်းပြီး နာကျင်စေရင်တောင် ငါမင်းကို မထိသင့်ဘဲ လူကြီးတွေကိုသာ ခေါ်သင့်တယ်"

ချင်ရှီး : "..."
ချင်ရှီးက အန်အန်းကို ဒီလောက်အဓိပ္ပါယ်ကျကျ စကားပြောတတ်လိမ့်မည်ဟု အမှန်တကယ်မသိခဲ့ပေ။

အနီးကပ်ကြည့်လိုက်ရာ သူမမျက်လုံးတွေက ဖြူစင်ရိုးသားနေဆဲဖြစ်တာကို တွေ့လိုက်ရ၍ သူမဘာမှမပြောနိုင်ဘဲ ချက်ချင်းတိတ်ဆိတ်သွားရသည်။

မမျှော်လင့်ဘဲ အန်အန်းသည် ဓားထက်ထက်လျှာကလေးနဲ့ ကလေးမလေးတစ်ဦးဖြစ်နေ၏။

သေချာပါသည်။ လီလိရဲ့အမေကလည်း ထိုတောင်းပန်မှုကြောင့် မျက်နှာပျက်သွားသည်။

သို့သော်လည်း အန်အန်းက တောင်းပန်နေခြင်းသာဖြစ်သည်။ အားလုံးက ဒီနေရာမှာအတူတူရှိနေကြပြီး စောင့်ကြည့်နေကြသည်။ ထို့ပြင် လုကျဲ့ထျန်းက တပ်ရင်းမှူးဖြစ်သည်။ လီလိရဲ့အမေက ဘာမှပြန်မပြောနိုင်တော့ဘဲ သားအကြီးဆုံးကိုသာကြည့်နေလိုက်သည်။

"မင်းဘာလို့ထပ်ပြီး ရန်ဖြစ်ရတာလဲ"

"ကုချင်းဟိုင်က လီလိကို အနိုင်ကျင့်တယ်"
ဝူဟောက်က မပြတ်မသားအသံဖြင့် ရှင်းပြသည်။

သူတို့က ပြေးခုန်ပစ်တမ်း ကစားနေကြစဉ် ကလေးတစ်ယောက်ကရောက်လာပြီး အခြားကလေးများရန်ဖြစ်နေကြတယ်လို့ ပြောတဲ့အတွက် ကလေးတစ်စုက စောင့်ကြည့်ဖို့ လိုက်သွားကြသည်။

ဝူဟောက် ရောက်သွားသည့်အခါ ကုချင်းဟိုင်က သူ့ညီမလီလိကို တွန်းထုတ်လိုက်ပြီး မြေပြင်ပေါ်တွန်းချနေတာကို မြင်လိုက်ရတော့ သည်းမခံနိုင်တော့တဲ့အတွက် ကုချင်းဟိုင်နှင့် ရန်ဖြစ်ရခြင်းဖြစ်သည်။

ဝူဟောက်သည် အတော်လေးပိန်လှီသောကြောင့် ကုချင်းဟိုင်ကို လုံးဝမတိုက်ခိုက်နိုင်ပေ။ လက်သီးနှစ်ချက်ထိုးပြီးနောက်တွင် သူ့ကိုကူညီရန်ရောက်လာသော သူငယ်ချင်းများကိုခေါ်လိုက်သည်။

ထို့နောက် သူတို့သည် ကုချင်းဟိုင်နှင့် မျှမျှတတ ရန်မဖြစ်နိုင်ကြသောအခါ တစ်ဦးချင်းရန်ဖြစ်မှုမှသည် အုပ်စုတိုက်ပွဲသို့ အချိန်တိုအတွင်း ပြောင်းလဲသွားကာ ရန်ပွဲက မပြီးဆုံးနိုင်တော့ပေ။

တပ်ဝင်းထဲက ကောင်လေးတစ်ယောက်က ရန်ဖြစ်ပြီး ရိုက်နှက်ခံရတာ သာမာန်ဖြစ်ပေမဲ့ လီလိရဲ့အမေက အရမ်းစိတ်ဆိုးသွားသည်။ သားဖြစ်သူရဲ့ ပါးစပ်ကွဲသွားတာကိုမြင်တော့ ဒေါသတကြီးနဲ့ ကုချင်းဟိုင်ကိုပြောသည်။ 
“သူ့ပါးစပ်ထောင့်က ကွဲသွားပြီ။ တိုက်ခိုက်မှုက အရမ်းပြင်းလိုက်တာ။ အတော်ရက်စက်တာဘဲ သွားကြစို့"

ကုချင်းဟိုင်၏ နှုတ်ခမ်းများလည်း အနည်းငယ် ကွဲသွားပြီး စကားပြောရန် အချိန်မရသေးမီ ချင်ရှီးက အရင်ပြောလိုက်သည်။ 
"ဒါဆို ငါ့တို့ဖျင်ဖျင်လည်း ပါးစပ်က သွေးတွေထွက်နေတယ်လေ။ မင်း ဒီလောက် အဖြစ်သည်းမနေနဲ့။ မင်း မိသားစုဝင်လုပ်တာကိုတော့ ခွင့်လွှတ်လိုက်မယ်။ သူများကလုပ်လာရင်တော့ မရဘူးဆိုတဲ့သဘောပေါ့လေ ဟုတ်လား"

"မင်း"
လီလိအမေက ချင်ရှီးကို စိုက်ကြည့်နေသည်။

ချင်ရှီးက မကြောက်မရွံ့ပြန်ကြည့်သည်။
"ငါပြောတာမှားသွားလို့လား။ မင်းဒီကိုရောက်လာတာနဲ့ ဘာဖြစ်တာလဲလို့မေးတော့ မင့် သမီးက ဖျင်ဖျင်ကို အနိုင်ကျင့်တယ်လို့ ငါပြောခဲ့တယ်။ ကလေးတွေက ရန်ဖြစ်တာပုံမှန်ဘဲလို့ မင်းပြောတယ်လေ။ မင့် သမီးရဲ့အဝတ်အစားတွေ စုတ်ပြဲနေတာတွေ့တော့ မင်းက အလျော့မပေးနိုင်တော့ဘဲ အန်အန်းကို ဒေါသထွက်လိုက်သေးတယ်။ နောက်ဆုံး မင့် သမီးက အရင်လုပ်ခဲ့တာကို သိလိုက်ရတော့မှ ရပ်သွားတယ်။ အခု မင့်သားရဲ့ပါးစပ်က ကွဲသွားတာမြင်တော့ ငါ့ကလေးကို လာအော်တယ်။ မင့် ပါးစပ်မှာ အပေါက်ကြီးကြီးရှိနေရင် ငါ အပ်နဲ့ချုပ်ပေးနိုင်တယ်။ မင်းကို မသတ်ပါဘူး ဟုတ်ပြီလား"

ချင်ရှီးက လီလိ၏မိခင်ကို အေးဆေးတည်ငြိမ်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"ငါတို့အားလုံးက ပညာတတ်လူရည်မွန်တွေမို့ ငါတို့ စကားပြောတဲ့အခါ အကျိုးအကြောင်းသင့်အောင် လုပ်သင့်တာပေါ့"

လီလိ၏အမေက ချင်ရှီးပြောတာကြားသည့်အခါ မျက်နှာတစ်ခုလုံး ဖြူ‌ရော်သွားကာ ဒေါသအရမ်းထွက်ပြီး မချေပနိုင်လောက်အောင် ဖြစ်သွားသည်။ သူမသည် ရုတ်တရက် ရှက်သွားကာ မည်သို့မှပင် မတုံ့ပြန်နိုင်ဘဲ ချင်ရှီးကို တင်းမာစွာစိုက်ကြည့်ကာ လီလိနှင့် ဝူဟောက်ကို အိမ်သို့ ဆွဲခေါ်သွားသည်။

"တစ်နေ့မှာ ဒုက္ခရောက်မယ်မှန်း ငါသိတယ်။ ငါ မင်းတို့ကို မတားနိုင်ဘူး။ ရန်ဖြစ်လိုက် နေ့တိုင်းသာရန်ဖြစ်နေလိုက်ကြ"

ချင်ရှီးက သူမသည် ကလေးများအပေါ် ဒေါသတွေထုတ်နေတာကိုကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်ကာ ဘာဆိုဘာမှ မပြောချင်တော့ပေ။

လူတိုင်းသည် ထိုအဖြစ်အပျက်ကိုကြည့်ရှုပြီး သူတို့၏သားသမီးများကို ချက်ချင်းခေါ်ဆောင်သွားကြသည်။ တစ်ချို့ကတော့ နှစ်ယောက်၊ သုံးယောက်စုရုံးကြပြီး လုကျဲ့ထျန်း၏ဇနီးသစ်အကြောင်း အတင်းအဖျင်းပြောကြလေသည်။

လီလိအမေပြောသမျှကို စကားလုံးအနည်းငယ်ဖြင့် ရှင်းရှင်းလင်းလင်း ပြန်ပြောနိုင်ခဲ့ပြီး လှောင်ပြောင်ခဲ့သည်။ သူမ၏ အနေအထိုင်နှင့် အမူအရာသည် အံ့သြဖွယ်ကောင်းလှသည်။ ကျေးလက်ကလူနဲ့ လုံးဝမတူလှဘဲ သူမက လုံးဝမရိုးရှင်းလှပါ။

ချင်ရှီးနှင့် ဤကိစ္စအကြောင်းသည် တပ်ဝင်းအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူအများက ချင်ရှီးအကြောင်း သိချင်လာကြသည်။

ဟုတ်ပါသည်။ ပိုပြီးတော့ ပြန့်နှံ့လာတာကတော့ ချင်ရှီးဟာ အဝတ်အစားလုပ်တဲ့နေရာမှာ တော်တဲ့သူဖြစ်ကြောင်းပင်။

လီလိတွင် ဖက်ရှင်ကျကျ ၀တ်ဆင်တတ်သည့် မြို့ကြီးတစ်မြို့မှာ ကြီးပြင်းနေထိုင်သော ဦးလေးတစ်ဦးရှိသည်။ အမြွှာများ၏အဝတ်အစားအသစ်ကြောင့် ကလေးများ ရန်ဖြစ်ကြရသည်ကို သိကြရသောအခါ လူတော်တော်များများက မျက်မြင်တွေ့ခဲ့ကြသည့် လူတွေကို အဝတ်အစားလေးတွေက ဘယ်လောက်ဆန်းသစ်ပြီး လှလဲဆိုတာကိုမေးကြသည်။ ကလေးနှစ်ယောက်က တီဗွီမှာပါသည့် မော်ဒယ်လေးတွေလို ၀တ်စားထားကြသည်ဟု သိရသောအခါ နှလုံးသားတွေပင် လှုပ်ရှားသွားကြသည်။

နောက်ပိုင်းတွင် ကုချင်းဟိုင်က စစ်ဝတ်စုံနှင့် အလွန်ဆင်တူသော ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ထိုအင်္ကျီတွင် သိုးမွေးဖြင့် ထိုးထွင်းထားသော ကြယ်ငါးပွင့်သဏ္ဍာန်လေးကိုတွေ့ရသောအခါ လူအများက သူမထံမှ သင်ယူလိုကြသည်။

ဟုတ်ပါသည်။ ထိုအရာတွေအားလုံးက နောက်ပိုင်းမှာ ဖြစ်ပျက်ခြင်းသာ။

ယခုလက်ရှိတွင် ချင်ရှီးသည် အန်အန်းနှင့် ကုချင်းဟိုင်ကို ဆွဲခေါ်ကာ အိမ်ဆီသို့ ဦးတည်ပြန်သွားကြသည်။

အန်အန်းသည် တိုက်ပွဲတွင်အောင်နိုင်သူ စစ်ဗိုလ်ချုပ်လေးတစ်ဦးနှင့် တူလှသည်။ သူမ၏ ဆံပင်များက ညစ်ပတ်နေသော်လည်း အပေါ်အောက်ခုန်ကာ ခေါင်းကို မြင့်မြင့်မော့ထား၍ ပျော်ရွှင်မှုကို လုံးဝမတားဆီးနိုင်ပေ။

"ချင်ရှီး ချင်ရှီး မင်းက အရမ်းအံ့သြဖို့ကောင်းတာဘဲ"
အန်အန်းက ချင်ရှီးရဲ့လက်ကို ကိုင်လိုက်ပြီး ညင်သာစွာ ယမ်းလိုက်သည်။

ချင်ရှီးက သူမကိုကြည့်ပြီး ရယ်မောလိုက်သည်။
"မင်းက အရမ်းတော်တယ်။ မင်းရဲ့မောင်ငယ်ကို ကာကွယ်ဖို့ သတ္တိရှိတယ်။  မင်းက အရမ်းထက်မြက်တယ်။ အကြောင်းအရာတွေကိုလည်း ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တယ်"

ချင်ရှီးက မတွန့်တိုဘဲ သူမကို ပြတ်ပြတ်သားသား ချီးကျူးလိုက်သည်။
"တခြားကလေးတွေထက်ပိုပြီး အရမ်းဉာဏ်ကောင်းတယ်။ မင်းက သတ္တိအရှိဆုံးဘဲ။ ထရပ်ပြီး ရှင်းရှင်းလင်းလင်းပြောနိုင်တယ်။ ပြီးတော့ မင်းက ဘက်မလိုက်ဘူး။ ဘာကိုမှမဖုံးကွယ်ဘဲ အမှန်အတိုင်းပြောခဲ့တယ်။ အရမ်းကောင်းတယ်။ မင်း ကျောင်းတက်တဲ့အခါ ကျောင်းမှာ ကျောင်းသားကောင်းဆုကို သေချာပေါက် ဆွတ်ခူးနိုင်လိမ့်မယ်”

သူမစကားကို ကြားပြီးနောက် အန်အန်း၏ မျက်လုံးများ တောက်ပလာကာ ပါးစပ်ကိုမပိတ်နိုင်ဘဲ ပြုံးနေတော့၏။
“တကယ်လား တကယ်လား။ ငါ အရမ်းတော်တာလား"

“ဟုတ်တာပေါ့”
ချင်ရှီးက ပြုံးပြီး ပြန်ပြောသည်။

'ကလေးတွေဆိုတာ ပိုချီးကျူးပေးသင့်တယ်'

ချီးမွှမ်းပြီးနောက် ချင်ရှီးက အန်အန်းကို ဆုံးမပဲ့ပြင်လိုက်သည်။
"အန်အန်းက မောင်လေးကို ကာကွယ်တာ တော်တယ်။ ဒါပေမယ့် လူတိုင်းနဲ့ ဒီလိုလုပ်ဖို့ အဆင်မပြေဘူး။ သူတို့ နာသွားရင် ဘယ်လိုလုပ်မလဲ။ တခြားကလေးတွေက မင်းကိုကြောက်လို့ မင်းနဲ့ ကစားတာကို ရပ်လိုက်နိုင်တယ်"

ချင်ရှီးက အန်အန်းကို ငုံ့ကြည့်လိုက်တော့ သူမရဲ့ အပြုံးတွေ မှိန်ဖျော့လာတာကို တွေ့လိုက်ရပြီး သူမရဲ့ အမူအရာက လေးနက်လာတာကြောင့် ရပ်လိုက်ပြီး ဒူးထောက်လိုက်သည်။

"မင်း အရမ်းဝမ်းနည်းနေလား။ ဒါဏ်ရာရောရသေးလား"

အန်အန်းက ခေါင်းညိတ်ပြရင်း မျက်ရည်တွေ ဝဲလာသည်။

ချင်ရှီးက သူမကို လေးလေးနက်နက်ကြည့်သည်။
"ဒါဆို မင်းထိခိုက်လာရင် ဖျင်ဖျင်ထိခိုက်တာကို မင်းမြင်ရသလိုဘဲ မိသားစုတွေကလည်း မင်းအတွက် ဝမ်းနည်းရလိမ့်မယ်"

"ငါအဲ့လို မဖြစ်ချင်ဘူး..."
အန်အန်း၏ နှာခေါင်းမှနှာရည်များရော၊ မျက်ရည်များပါ စီးကျလာသည်။ သူမ အရမ်း စိတ်မသက်မသာဖြစ်နေပြီး လီလိကို အပြေးအလွှား ရိုက်နှက်မိလို့ လူတိုင်းကို ဝမ်းနည်းမနေစေချင်ပေ။

"ဒါဆို နောင်မှာ မင်း ရန်မဖြစ်တော့ဘူး မဟုတ်လား။ ဒီလိုမျိုး ထပ်ဖြစ်ရင် ဖျင်ဖျင်ကိုခေါ်ပြီး ပြေးလာလို့ရတယ်။  လူကြီးတစ်ယောက်ကို ပြောပြပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။ အဆင်ပြေလား"
ချင်ရှီးက မေးသည်။

ဒီနေ့က ကံကောင်းသည်ဟုဆိုရမည်။ ကလေးတော်တော်များများ အတူတူ ရန်ဖြစ်ကြသော်လည်း ကောင်လေးတွေက အများအပြား ထိခိုက်ဒဏ်ရာရတာ မရှိ‌ပေ။ သူတို့ရန်ဖြစ်သည့်အရှိန်က မြင့်,မြင့်လာပြီး တစ်စုံတစ်ယောက်ကသာ သူတို့ကိုမထိန်းနိုင်ခဲ့ရင် တကယ်အကြီးအကျယ်ဖြစ်ကြလိမ့်မည်။ အငြင်းအခုံဖြစ်တာ၊ တစ်ဦးချင်းရန်ဖြစ်တာက အဆင်ပြေသည်။ အုပ်စုလိုက် ရန်ဖြစ်တာကတော့ လုံးဝကို အန္တရာယ်များလွန်းသည်။

အန်အန်းသည် ခေါင်းညိတ်ရင်း ပါးပြင်တွင် မျက်ရည်များ စီးကျလာသည်။ အန်အန်းသည် အလွန်ချစ်ဖို့ကောင်းပြီး မျက်လုံးကြီးကြီးများ၊ မျက်ရစ်နှစ်ထပ်၊ မျက်တောင်ရှည်များနှင့် အလွန်လှပသော မျက်နှာအသွင်အပြင်ရှိသော သူမသည် ချစ်စရာကောင်းသော ကလေးလေးဖြစ်သည်။

သူမ၏ဆံပင်များက ညစ်ပတ်နေပြီး သူမ၏မျက်နှာသည် ဖုန်မှုန့်များ စွန်းထင်းနေသေးကာ ယခုအချိန်တွင် သူမသည် ဝမ်းနည်းစွာ ငိုကြွေးနေပုံက အသံမထွက်ဘဲ မျက်ရည်ကျနေသည့် ကြောင်လေးတစ်ကောင်လိုပင် ချင်ရှီး၏ နှလုံးသားသည်လည်း ပျော့ပျောင်းသွားခဲ့သည်။

ချင်ရှီးက မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး သူမကို ကောက်ချီလိုက်၍ နောက်ကျောကို ပါးပါးလေး ပွတ်သပ်လိုက်သည်။
"အနာဂတ်မှာ ဘာလုပ်ရမယ်ဆိုတာ သိရင်ရပြီ။ ငါတို့အန်အန်းလေးက ဉာဏ်အမြော်အမြင်ရှိပြီး ချစ်ဖို့ကောင်းတဲ့ ကလေးဘဲ မဟုတ်လား"

"အွန်း"
နှာသံကြောင့် သူမ၏အသံက ပိုနူးညံ့ပြီး ချစ်ဖို့ကောင်းနေသည်။ ချင်ရှီးက ပြုံးပြီး နှစ်သိမ့်ပေးသည်။
"မငိုနဲ့တော့ မင်းဆံပင်ကို ပြန်ချည်ပြီး မင်းအတွက် လှပတဲ့ ဆံပင်ပုံစံလုပ်ပေးမယ်"

"ဟုတ်"
အန်အန်းက ငိုတာကို ရပ်လိုက်ပြီး ချင်ရှီးရဲ့လည်ပင်းကို ပွေ့ဖက်လိုက်ကာ သူမပုခုံးပေါ်မှီ၍ သူမနှလုံးသားထဲမှာ မထင်မှတ်ဘဲ သက်သာရာရသွားသည်။

သူတို့နောက်ကို တစ်ချိန်လုံးလိုက်နေခဲ့သည့် ကုချင်းဟိုင်က သူတို့ပြောတာကို နားထောင်ပြီး ရုပ်ဆိုးတဲ့အမူအရာနဲ့ ချင်ရှီးကို ကြည့်နေသည်။

'သူမက အန်အန်းကို နှစ်သိမ့်ပေးပြီး ပညာပေးနေပေမဲ့ သူ့ကိုကျတော့ ဂရုမစိုက်ဘူးပေါ့လေ... သူမ ငါ့ကို ဒေါသထွက်သွားတာလား။ အစောက ငါ ပြောလိုက်တဲ့စကားကြောင့်လေ...'

ကုချင်းဟိုင်သည် နောင်တရသွား၍ သူ တစ်ခုခုရှင်းပြချင်သော်လည်း ဘယ်လိုပြောရမှန်းကို မသိတာကြောင့် သူမနောက်ကို တိတ်တဆိတ် လိုက်နေနိုင်ခဲ့သည်။

အိမ်ပြန်ရောက်ပြီးနောက် အန်အန်းကို ညွှန်ကြားထားခဲ့ကာ ချင်ရှီးသည် ကျန်းမာရေးဌာနသို့ လိုက်သွားခါနီးတွင် အဝါရောင်နှင့် အဖြူရောင်ဆေးများ လိမ်းထားသည့် ဖျင်ဖျင်နှင့်အန်တီကျောင်းတို့ ပြန်လာသည်ကို တွေ့လိုက်ရသည်။

"အန်တီကျောင်း"
ချင်ရှီးက ဖျင်ဖျင်ကို လှမ်းပွေ့လိုက်ပြီး အန်တီကျောင်းကို လေးလေးနက်နက် ကျေးဇူးတင်လိုက်သည်။
"တကယ်ကို ဒုက္ခပေးမိတာဘဲ။ မနက်ဖြန်ည ညစာစားဖို့ ငါ့အိမ်ကို လာခဲ့ပါ။ ကျဲ့ထျန်းက မင်းကိုခေါ်ပြီး ထမင်းအတူစားဖို့ အလေးအနက်ပြောကျ"

အန်တီကျောင်းနှင့် သူတို့အားလုံးက မိသားစုဖြစ်သောကြောင့် ချင်ရှီးက သူမထံသို့ အစားအစာများကို အကြိမ်အနည်းငယ် ပို့ဆောင်ပေးခဲ့ပြီး အရသာမှာ အံ့သြစရာကောင်းလောက်အောင်ဖြစ်ရာ ညစာအတူစားဖို့ ငြင်းဆန်ရမည့်အကြောင်းရင်းကို သူမ မပြောနိုင်ပေ။

"ကောင်းပြီလေ။ မင်းရဲ့ဟင်းလျာတွေကို စမ်းကြည့်ချင်နေတာကြာပြီ။ မင်းအရင်ယူလာတဲ့ အာလူးစွပ်ပြုတ်တွေက အရမ်းအရသာရှိတယ်။ ငါရဲ့ အဖိုးကြီးကျန်းကတောင် ငါ ဘာလို့ ညစာစားဖို့အတွက်ဆိုင်ကို သွားချင်ရတာလဲလို့ အံ့သြနေတာ"

ထို့နောက် အန်တီကျောင်းက ဆက်ပြောသည်။
" မင်းကိုအမှန်တိုင်းပြောရရင်တော့ မင်းရဲ့ ဟင်းချက်စွမ်းရည်က ဆိုင်ငယ်လေးထဲက စားဖိုမှူးတွေထက် အများကြီး ပိုကောင်းတယ်"

ချင်ရှီးက ရယ်မောလိုက်သည်။
"ဒါဆို မနက်ဖြန်ည မင်း ငါ့ရဲ့ ဟင်းချက်စွမ်းရည်ကို မြည်းစမ်းကြည့်နိုင်ပြီ"

အန်တီကျောင်းကလည်း ရယ်မောလိုက်သည်။ ထို့နောက် ဖျင်ဖျင်၏ဒဏ်ရာသက်သာကြောင်း၊ ပေါ့ပေါ့ပါးပါးအစားအစာသာ စားရမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း နေကောင်းလာမည်ဖြစ်ကြောင်းပြောကာ ချက်ပြုတ်ရန် အိမ်ပြန်သွားသည်။

ချင်ရှီးသည် ဖျင်ဖျင်ကို အခန်းထဲသို့ခေါ်ဆောင်သွားပြီး သူ၏ဒဏ်ရာကို အသေအချာကြည့်ကာ မပြင်းထန်ကြောင်း၊ အရေပြားဒဏ်ရာတစ်ခုမျှသာဖြစ်ကြောင်း တွေ့ရှိသဖြင့် သက်သာရာရသွားသည်။

"နာသေးလား"
ချင်ရှီးက ဖျင်ဖျင်၏ ခေါင်းလေးကို ထိလိုက်သည်။

ဖျင်ဖျင်သည် နာခံမှုရှိစွာ ခေါင်းညိတ်၍ သနားစရာကောင်းစွာ ကြည့်နေသည်။ သူ့မျက်လုံးတွေ နီရဲနေပြီး ရောင်နေသေးတာကို တွေ့လိုက်ရတော့ ချင်ရှီးက ရေအေးသွားယူပြီး မျက်နှာသုတ်ပုဝါဖြင့် ခဏလောက် သုတ်လိုက်သည်။

ချင်ရှီးသည် ဖျင်ဖျင်၏ မျက်နှာနှင့်လက်ကို ဆေးကြောပြီး အဝတ်အစားလဲရန် ပြင်ဆင်သည်။ လဲကျခြင်းကြောင့် အဝတ်အစားသစ်များပေါ်တွင် ရွှံ့များစွာ စွန်းထင်းကုန်သည်။

ညစ်ပတ်သောအဝတ်အစားအသစ်ကိုကြည့်လိုက်တော့ ဖျင်ဖျင်၏မျက်လုံးများက နီရဲလာပြန်သည်။
"ညစ်ပတ်သွားပြီ..."

'သူ ဒီအဝတ်အစားကို အရမ်းကြိုက်ပြီး ဝတ်ပြီး,ပြီးချင်းမှာပင် ညစ်ပတ်သွားရပြီ'

ချင်ရှီးက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
" ရပါတယ်။ ရေဆေးပြီးရင် သန့်ရှင်းသွားမှာ။ မနက်ဖြန် မင်းဆက်ဝတ်လို့ရတယ်" 
ပြောပြီးသည်နှင့် ချင်ရှီးက ဖျင်ဖျင်ကို စားပွဲပေါ်က ပန်းသီးများပေးလိုက်ကာ ကုချင်းဟိုင်ဆီ လွှတ်လိုက်သည်။ 
"အစ်ကိုကို့ ရေဆေးခိုင်းလိုက်နော်။ အရင်စားထားနှင့်ကြ။ ငါ အခုချက်လိုက်ဦးမယ်"

ဖျင်ဖျင်သည် ပန်းသီးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားပြီး ချင်ရှီးက ဒေါသထွက်ဖို့ ရည်ရွယ်ချက်မရှိကြောင်း မြင်လိုက်တာကြောင့် ခုံပေါ်ကနေ လျောဆင်းလိုက်ပြီး ကုချင်းဟိုင်ကိုသွားရှာသည်။

ချင်ရှီးသည် မှောင်စပြုနေပြီဖြစ်သော ကောင်းကင်ကိုကြည့်ကာ မီးဖိုချောင်သို့ ပြန်သွား၍ ချက်ချင်းချက်ပြုတ်လိုက်သည်။

ခရမ်းချဉ်သီးနှင့် ကြက်ဥရောထားတဲ့ လက်လှိမ့်ခေါက်ဆွဲကို စားချင်နေသေးပေမဲ့ အခုတော့ အချိန်မရှိတော့ပေ။

ချင်ရှီးသည် ကြက်သွန်ဖြူကို အခွံခွာကာ ကြက်သွန်နီကို လှီးဖြတ်ပြီး ခရမ်းချဉ်သီးများကိုကြော်ကာ ခေါက်ဆွဲပြုတ်ပြုလုပ်ရန် စီစဉ်လိုက်သည်။

ဟင်းရည်ချက်ပြုတ်နေစဉ် ချင်ရှီးသည် သခွားသီးများကို ရောမွှေပြီးနောက် ဖယ်ထားစဉ် လုကျဲ့ထျန်းပြန်ရောက်လာသည်။

လုကျဲ့ထျန်း ပြန်ရောက်လာသည်ကိုမြင်တော့ ကုချင်းဟိုင်သည် ပန်းသီးကို ချက်ချင်းလက်ထဲကချကာ မတ်တပ်ထရပ်၍ သူ့အနားသို့ လျှောက်သွားပြီး သူ့ကို ဂရုတစိုက်ကြည့်သည်။

“ဖေဖေ…”

လုကျဲ့ထျန်းက အပြန်လမ်းမှာ အုပ်စုဖွဲ့တိုက်ခိုက်နေတဲ့ ကလေးတွေအကြောင်း ကြားခဲ့တာကြောင့် သူက “စည်းကမ်းဟောင်းတွေ” ကိုထပ်ပြောတော့မည်ကို သိသည်။

ကုချင်းဟိုင်သည် မျက်လွှာချကာ အိမ်မှာရှိသည့် သစ်သားတုတ်ကို သွားယူ၍ လုကျဲ့ထျန်းအား ကမ်းပေးလိုက်သည်။

ဖျင်ဖျင်နှင့် အန်အန်းတို့က ပန်းသီးတွေ ဆက်မစားကြတော့ဘဲ ကုချင်းဟိုင်ထံ အလျင်အမြန် လျှောက်လာကြသည်။

"ဖေဖေ အစ်ကိုကို ခွင့်လွှတ်ပေးလိုက်ပါ။  သူက သမီးတို့ကို ကာကွယ်ဖို့ ရန်ဖြစ်ခဲ့တာ!"
အန်အန်းက လုကျဲ့ထျန်း၏ခြေထောက်ကို ပွေ့ဖက်ကာ တောင်းပန်လိုက်သည်။

"အဖေ အစ်ကိုကို မထိနဲ့"
ဖျင်ဖျင်ရဲ့ ပါးစပ်က ကွဲသွားတာကြောင့် စကားတောင် ကောင်းကောင်းမပြောနိုင်တော့ဘဲ မျက်ရည်တွေ စီးကျလာသည်။

လုကျဲ့ထျန်းက သူတို့ကို တစ်ချက်ကြည့်လိုက်သည်။
"မင်း သူတို့ကို ကာကွယ်ပေးတာ တော်တယ်။ ချီးမွမ်းထိုက်တယ်။ ဒါပေမဲ့ ရန်ဖြစ်တာက မှားတယ်။ အမှား တစ်ခုခုလုပ်ရင် အပြစ်ပေးခံရလိမ့်မယ်"

လုကျဲ့ထျန်းက အမြွှာနှစ်ယောက်ကို ကြည့်လိုက်သည်။
“ဒါပေမဲ့ သူတို့ကို ကာကွယ်ဖို့အတွက်ဖြစ်တာကြောင့် မင်းကို နှစ်ကြိမ်ဘဲ ရိုက်မယ်”

အမြွှာနှစ်ယောက်က သက်ပြင်းချလိုက်သည်။ သူတို့အစ်ကိုအတွက် သုံးကြိမ်ထက်မများတဲ့ ရိုက်ချက်က အဆင်ပြေပါသည်။ သူတို့သည် အရင်က အရိုက်မခံရဖူးတာကြောင့် နှစ်ချက်ဘဲဆိုရင်တောင် အရမ်းနာမှန်း မသိကြပေ။

လုကျဲ့ထျန်းက သူ့လက်ကို မြှောက်လိုက်ရာ ကုချင်းဟိုင်က လက်ကို နာခံစွာဆန့်လိုက်ပြီး လက်ဖဝါးကို မြှောက်လိုက်တယ်။

လုကျဲ့ထျန်း :  "ဘယ်လက်"

ကုချင်းဟိုင်သည် လက်ကို နာခံစွာ ပြောင်းလိုက်သည်။

"ဗျန်း…"

ကုချင်းဟိုင်သည် သူ့လက်ချောင်းများကို အထိန်းအကွပ်မဲ့စွာ ကွေးထားသော်လည်း လေထဲတွင် မလှုပ်မယှက် ထားထားဆဲပင်။

အသံကြောင့် အမြွှာနှစ်ယောက်လုံး လန့်သွားပြီး နှစ်ယောက်စလုံး တုန်လှုပ်သွားသည်။

ဘေးအခန်းက မီးဖိုချောင်မှာရှိနေတဲ့ ချင်ရှီးက မုန့်နှစ်ကို ခဏလောက် ဆုပ်နယ်နေစဉ် အရမ်းကျယ်တဲ့ အသံကိုကြားနေရသည်။

'တင်ပါးကို ရိုက်တာက ပိုကောင်းတယ်။  တင်ပါးအရေပြားက ပိုထူပြီးရိုက်ဖို့အတွက်ဆိုရင် လက်ကိုရိုက်တာထက် ပိုသင့်တော်တယ်'
ချင်ရှီးသည် လှည့်ပြီး လုကျဲ့ထျန်းနှင့် စကားပြောဖို့ စဉ်းစားလိုက်သည်။

"ဗျန်း…" နောက်တစ်ချက် ထပ်ရိုက်သည်။

ကုချင်းဟိုင်၏ လက်ဖဝါးများသည် နီရဲနေပြီး ရောင်နေသော်လည်း သူဘာမှ မပြောပါ။

လုကျဲ့ထျန်းက သူ့ကို ကြည့်လိုက်သည်။
"မှားမှန်း သိပြီလား"

ကုချင်းဟိုင်က မျက်လုံးကို မှိတ်ထားလိုက်သည်။
"သိပါပြီ"

ချင်ရှီး အန်အန်းကို ဆုံးမနေသည့်အချိန်ကတည်းက ရန်ဖြစ်တာက မှားယွင်းသည့်လုပ်ရပ်မှန်း သူနားလည်သွားသည်။

"ဘာလုပ်သင့်လဲ"
လုကျဲ့ထျန်းက မေးသည်။

"ညီ၊ ညီမငယ်တွေကို ကာကွယ်ဖို့ဆိုရင်တောင် ရန်ပွဲကို အသုံးမပြုသင့်ပါဘူး"
ကုချင်းဟိုင်က ပြန်ပြောသည်။

လုကျဲ့ထျန်း : "ဒါက လုံးဝ မလုံခြုံဘူး။ အင်အားသုံးပြီး ဖိနှိပ်ထားတဲ့သဘောဖြစ်ပြီး ဒဏ်ရာဖြစ်နိုင်ခြေလည်းရှိတယ်။ ရန်ပွဲနဲ့ ပြဿနာကို ဖြေရှင်းတာက အမိုက်မဲဆုံးလုပ်ရပ်ဘဲ"

ကုချင်းဟိုင်က လုကျဲ့ထျန်းကို မော့ကြည့်ပြီး ခေါင်းညိတ်ပြသည်။
"နားလည်ပါပြီ"

ချင်ရှီးက ပြုံးပြီး ခေါင်းကို ခါယမ်းကာ ပန်းကန်လုံး တစ်လုံးလုံးကို ကောက်ယူလိုက်သည်။
"ခေါက်ဆွဲစားချင်တဲ့ သူရှိလား။ ငါ ခေါက်ဆွဲလုပ်နေတယ်"

အမြွှာနှစ်ယောက် အံ့အားသင့်သွားကာ မီးဖိုခန်းဆီသို့ ချက်ချင်း ပြေးလိုက်ကြသည်။
"စားချင်တယ်… စားချင်တယ်"

ကုချင်းဟိုင်က လုကျဲ့ထျန်းကိုကြည့်လိုက်ရာ သွားခွင့်ပြုသဖြင့် ကုချင်းဟိုင်ကလည်း ထွက်သွားသည်။

လုကျဲ့ထျန်းသည် ခြံဝင်းထဲသို့ ရေသွားဆေးရန် သွားသောအခါ ပြတင်းပေါက်မှတစ်ဆင့် ချင်ရှီးအား ခေါက်ဆွဲအိုးကြီးတစ်လုံးနှင့် ရပ်နေသည်ကို တွေ့လိုက်ကာ သူမလက်ထဲတွင် ခေါက်ဆွဲကို မီးဖိုချောင်သုံးဓားဖြင့် ဆက်လက်ခုတ်ဖြတ်နေသည်။

မီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ သေးငယ်သော မုန့်ညက်အပိုင်းအစများသည် အိုးထဲသို့ ပျံတက်သွားကာ လှုပ်ရှားမှုတစ်ခုလုံးသည် တိမ်များနှင့် စီးဆင်းနေသောရေများကဲ့သို့ ချောမွေ့ပြီး သိမ်မွေ့လှပကာ ကလေးငယ်များကိုပင် ချက်ချင်းပင် အံ့အားသင့်သွားစေသည်။

"အံ့သြစရာဘဲ။ ချင်ရှီး ချင်ရှီး ငါလည်း သင်ချင်တယ်"
အန်အန်း၏ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သော အသံကထွက်လာသည်။

"မင်း ကြီးလာရင် မီးဖိုချောင်သုံးဓားကို ဘယ်လိုသုံးရမယ်ဆိုတာ သင်ယူရမယ်။ မဟုတ်ရင် မင်း ကိုယ့်ကိုယ်ကို နာကျင်စေလိမ့်မယ်"

"ဒါဆို အချိန်တန်ရင် ငါ့ကို သင်ပေးရမယ်နော်"

ချင်ရှီးက ပြုံးပြီးသဘောတူလိုက်သည်။
"အဲ့ဒီအခါ မင်း သင်ယူချင်သေးရင် ငါမင်းကို သေချာပေါက် သင်ပေးမယ်"

လုကျဲ့ထျန်းက သူတို့ကို ကြည့်ရင်း ပြုံးစိစိနဲ့ဖြစ်နေ၏။

မီးဖိုချောင်ထဲက ချင်ရှီးကတော့ လုကျဲ့ထျန်းသာ အခြားတစ်ယောက်ယောက်ကို ချစ်မိသွားပြီဆိုရင် ထွက်သွားတော့မယ်လို့ တွေးနေဆဲပင်။

အကယ်၍ သူမသည် Systemနှင့် မချိတ်ဆက်တော့ပါက၊ သို့မဟုတ် System မှာချို့ယွင်းချက်တစ်ခု တွေ့ရှိပါက၊ သို့မဟုတ် သူမသည် တစ်သက်တာလုံး မိထွေးဖြစ်ရန် မလိုအပ်ပါက သူမလည်း ထွက်သွားရမည်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် အန်အန်းသည် သင်ယူလိုဆဲဖြစ်ပါက ချင်ရှီးက သူမကို သင်ပေးဖို့ရာ ငြင်းမည်မဟုတ်ပေ။

ချင်ရှီးသည် သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ဖယ်ထုတ်လိုက်ပြီး အိုးထဲတွင် ခေါက်ဆွဲများကို ဂရုတစိုက်မွှေကာ ဟင်းခတ်အမွှေးအကြိုင်များ ထည့်လိုက်သည်။

ပူပူနွေးနွေးပြုတ်ထားတဲ့ ခေါက်ဆွဲတစ်ပန်းကန်ဟာ တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး ပျော်ရွှင်မှုကို ချန်ထားပေးနိုင်လေသည်။

အမြွှာများသည် ကုချင်းဟိုင်အား သူတို့အတွက် ပုံပြင်စာအုပ်များဖတ်ပြရန် နှောက်ယှက်နေကြပြီး ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် တကယ့်မိသားစုကဲ့သို့ ရိုးရိုးရှင်းရှင်းနှင့် နွေးထွေးစွာ ပန်းကန်များကို သန့်ရှင်းရေးလုပ်နေကြသည်။

ပန်းကန်ဆေးနေစဉ်မှာ လုကျဲ့ထျန်းက ရုတ်တရက် ချင်ရှီးကိုပြောသည်။
"ကျေးဇူးတင်ပါတယ်"

ချင်ရှီးကပခုံးတွန့်လိုက်သည်။
"ဒါက ငါလုပ်သင့်တဲ့အရာဘဲလေ။ ငါအရင်က ပြောပြီးပြီ"

လုကျဲ့ထျန်းက သဘောတူကြောင်း ခေါင်းညိတ်ပြသည်။
"မမှားပါဘူး။ နောက်ဆုံးတော့ ကလေးထိန်းဆိုတာ ဘာကြီးလဲ။ ကလေးထိန်းက မလုပ်နိုင်တဲ့အရာကို မင်းလုပ်နိုင်တာဘဲ" 

ထို့နောက် ချင်ရှီးကို ဘေးတိုက်ကြည့်ရင်း ရွှတ်နောက်နောက်နဲ့ ပြောသည်။
"ကလေးထိန်းက ဒီလိုမဟုတ်ဘူး"

ချင်ရှီးက မေးစေ့ကို အနည်းငယ်မြှောက်လိုက်ပြီး သူ့ချီးကျူးချက်ကို လက်ခံလိုက်တယ်။

လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးပြလိုက်သည်။

… … …

လုမိသားစုမှာ သာယာလှပတဲ့ အချိန်တွေရှိနေပေမဲ့ တစ်ချို့လူတွေမှာတော့ ရှုပ်ထွေးတဲ့ခံစားချက်တွေ ရှိနေပါသည်။

ကျောင်းသွားတက်ရာမှ ပြန်လာသော လီမိသားစုမှ လီချန်းချန်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး သူမအမေပြောခဲ့သည့် အတင်းစကားကို ပြန်သတိရကာ စိုးရိမ်စိတ်များနေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

"လုကျဲ့ထျန်းက နောက်အိမ်ထောင်ပြုနိုင်ပါ့မလား။ ဒါက နည်းလမ်းကျမနေဘူး"

သူမက နှစ်လလောက် စာလေ့လာဖို့သွားပြီးပြန်လာတော့ အားလုံးပြောင်းလဲသွားတာကိုတွေ့လိုက်ရသည်။

"နောက်ဆုံးတော့ ဘာဖြစ်သွားလဲ"

" ချင်ရှီးဆိုတာ ဘယ်သူလဲ"

"လုကျဲ့ထျန်းက ဘာကြောင့် ရုတ်တရက်လက်ထပ်ခဲ့တာလဲ"

လီချန်းချန်သည် အသံတိုးတိုးဖြင့် ညည်းညူရင်း ခေါင်းကိုငုံ့ကာ မျက်လုံးများလည်း မှိုင်းညို့နေပြီး သူမ ဘာတွေ တွေးနေမှန်း မသိနိုင်ပေ။

_***_





၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)حيث تعيش القصص. اكتشف الآن