အပိုင်း (၄၅)
ကျန်းချွေ့က အပြင်မှာ ဆဲဆိုနေသေးပေမဲ့ လုမိသားစုကတော့ ထမင်းစားဖို့ စားပွဲဝိုင်းမှာ စုရုံးနေကြသည်။
ကလေးတွေက စားသောက်ပြီးသည်နှင့် ထွက်ပြေးမသွားဘဲ ချင်ရှီးကို အလုပ်တွေ ကူလုပ်ပေးကြသည်။
သူတို့အားလုံးဟာ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေဖြစ်ပြီး ဘာကိုမှ အလကား မစားသောက်ကြပါဘူး။
ချင်ရှီးသည် ဤကလေးငယ်အုပ်စု၏ ဘာကိုမှဂရုမစိုက်ဘဲ ခုန်ပေါက်နေကြတတ်သည့် ငယ်ရွယ်နုပျိုသောအားမာန်ကို ခံစားလိုက်ရကာ သူမ၏ စိတ်ခံစားချက်များ တိုးတက်လာသည်။ ထို့ကြောင့် သူမသည် ရွှေဖရုံသီးကြီးကြီးကို ရေဆေးပြီး လှီးဖြတ်၍ ကြက်ဥ၊ ဂျုံမှုန့်၊ သကြားနှင့်ရောကာ ချိုမြိန်သော ရွှေဖရုံသီးမုန့်ကို ဖုတ်လိုက်သည်။
ကလေးများသည် ရွှေဖရုံသီးမုန့်ကိုစားပြီး လုမိသားစု၏ သားသမီးများဖြစ်ချင်သည်ဟု တွေးတောရင်း အရသာရှိသော အစားအစာများကို နေ့တိုင်းစားရမည့်အကြောင်းပါ တွေးနေကြသည်။
ညဘက်တွင် ကုချင်းဟိုင်သည် ထပ်စားချင်သေးသော သူငယ်ချင်းများကို နှင်ထုတ်လိုက်သည်။ သူတို့လေးတွေ အိမ်ပြန်ရောက်တော့ အိမ်မှာ ပစ္စည်းတစ်ချို့ မရှိဘူးဆိုတာကို မိဘတွေသိသွား၍ သူတို့အားမိသွားကြ၏။
အဆုံးမှာတော့ မိဘတွေက သူတို့လုပ်ရသည့် အကြောင်းရင်းတရားနှင့် သူတို့ရချင်သည့်အကျိုးတရားကိုသိပြီး ချက်ချင်း ဖမ်းကာ ရိုက်နှက်ကြသည်။
"အိမ်မှာ စားစရာမရှိလို့ တခြားသူတွေအိမ် နေ့တိုင်သွားစားတာလား ဟမ်"
"တစ်ခါနှစ်ခါတော့ အဆင်ပြေတယ်။ ဒါပေမဲ့ မင်းက အဲ့ဒီကို ထပ်ခါထပ်ခါ သွားစားနေတယ်။ တရုတ်နှစ်သစ်ကူးပွဲကျင်းပနေဆဲသူတွေလို မင်းက စိတ်အားထက်သန်နေသေးလို့လား"
"မနေ့ကတင် ထပ်မသွားတော့ဖို့ ငါပြောတယ်မဟုတ်လား။ မင်းက ထပ်သွားသေးတယ်ပေါ့"
"ကောင်စုတ်လေး မင်းအမေက မင်းကိုလက်ဆောင်ကောင်းကောင်းမပေးလို့ အခု မင်းထပ်သွားစားတယ်ပေါ့လေ။ မင်း ပြန်ဝင်စားဖို့ တော်တော်စိတ်အားထက်သန်နေတာလား"
(*မင်းကို မရိုက်ရသေးလို့ ဒီလောက်ရဲတင်းနေတာလား ဟုဆိုလိုပါတယ်)
"မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"
ထိုနောက် တစ္ဆေညည်းသံတွေနှင့် ဝံပုလွေအော်သံတွေဟာ အိမ်တိုင်းဆီကနေ ထပ်ထွက်လာတော့လေသည်။
ကန်းချွမ်နှင့် ဝမ်မင်ယွမ်တို့သည်သာ ရိုက်နှက်ခြင်းမခံရသောသူများဖြစ်ပြီး ပြစ်တင်ရှုတ်ချခြင်းသာခံခဲ့ရပြီး သူတို့၏မိဘများသည် ကုချင်းဟိုင်၏အိမ်သို့ ထပ်မံလိုက်ပါ၍ စားသောက်ခြင်းမပြုရန် တင်းတင်းကျပ်ကျပ်တားမြစ်ထားသည်။
နောက်တစ်နေ့တွင် ကလေးများ၏မိဘများသည် လုမိသားစု၏အိမ်သို့ လက်ဆောင်များစွာဖြင့် လာကြသည်။
ချင်ရှီးသည် အပိုယဉ်ကျေးခြင်းမရှိဘဲ သူတို့ကို အပြုံးဖြင့် နှုတ်ဆက်ပြီး ပစ္စည်းများကို လက်ခံပြီးနောက် သူမ ဖုတ်ထားသော ဘီစကွတ်နှင့် ရနံ့မျိုးစုံလက်ဖက်ရည်များဖျော်ပေးသည်။ ကလေးမိခင်များသည် အစားအစာကို မြည်းစမ်းပြီးမှသာ ကလေးများသည် အဘယ်ကြောင့် အရှက်မဲ့စွာ စားသောက်လာခဲ့ကြသည်ကို သိရှိနားလည်လာကြသည်။
စကားစမြည်ပြောဆိုပြီးနောက်တွင် ချင်ရှီးသည် ကောလာဟလများကဲ့သို့ မာနမကြီးဘဲ ချစ်စရာကောင်းပြီး မောက်မာခြင်းလည်းမရှိကြောင်း တွေ့ရှိသဖြင့် လုမိသားစုအိမ်သို့ လာရောက်လည်ပတ်သူဦးရေ တဖြည်းဖြည်း တိုးလာခဲ့သည်။
ချင်းရှီသည် နောက်ထပ်သူငယ်ချင်းအနည်းငယ်ရှိလာပြီးနောက် ချုပ်ထည်အပ်သူများ များစွာကိုလည်း လက်ခံရရှိခဲ့သည်။ နှစ်သစ်ကူးပြီးနောက် ချင်ရှီးကို အဝတ်အစားများပြုလုပ်ခိုင်းကာ နွေဦးရာသီတွင်ဝတ်ကြမည်ဖြစ်သည်။
မူလက ချင်ရှီးသည် ချည်ထိုးပဝါများပြုလုပ်၍ ပိုက်ဆံရှာချင်ခဲ့သော်လည်း အစီအစဉ်အပြောင်းအလဲများကြောင့် လိုက်လျောညီထွေမဖြစ်နိုင်ဟု သူမ မတွေးမိခဲ့ပါ။ စုန့်စစ်းနော့သည် အခြားနေရာများသို့ ခရီးသွားနေပြီး မော့လင်နှင့် သူမတို့လည်း အလုပ်များနေကြသည်။
ချင်ရှီးနှင့် အန်တီကျောင်းတို့သည် ယက်လုပ်ထားသော ပုဝါအနည်းငယ်ကို ကိုယ်ပိုင်မိသားစုအတွက် ဝတ်ဆင်ထားလိုက်ကြသည်။
နေ့ရက်တွေ ကုန်လွန်လာပြီး မကြာခင် နှစ်သစ်ကူးကာလက ကုန်ဆုံးပေတော့မည်။
နံနက်စာစားပြီးနောက် ချင်ရှီးသည် ကလေးများကိုခေါ်ကာ လုကျဲ့ထျန်းနှင့်အတူ ဖက်ထုပ်လုပ်သည်။
ရာသီဥတုကအေးပြီး မစားနိုင်တဲ့ ဖက်ထုပ်တွေကို အိတ်တွေနှင့် အပြင်မှာ ချိတ်ထားပါက နာရီအနည်းငယ်အတွင်း မာကျောတဲ့ အဖုအထစ်လေးတွေအဖြစ် အေးခဲသွားနိုင်သည်။ နောက်မှ စားချင်ရင် ပြန်ယူသွားပြီး ချက်ပြုတ်နိုင်၍ အလွန်အဆင်ပြေသည်။
နေ့လယ်တွင် ဖက်ထုပ်စားပြီးနောက် ကလေးများသည် အပြင်မထွက်တော့ဘဲ ချင်ရှီးကို အလုပ်ကူလုပ်ကာ ညနေအတွက် အရံဟင်းလျာများကို ပြင်ဆင်ပေးရန်အတွက် အိမ်တွင်နေကြသည်။
ကုချင်းဟိုင်သည် အလုပ်တွင် အမှန်တကယ် ကူညီပေးနိုင်သော်လည်း အမြွှာများသည် ပန်းကန်ဆေးခြင်း၊ ပစ္စည်းရွှေ့ခြင်းနှင့် အလုပ်ကိစ္စအသေးအမွှားများကိုသာ ကူညီပေးနိုင်သည်။
ချင်ရှီးက သူတို့ကို တစ်ချို့အရာတွေကို လုပ်ဖို့လည်း အထူးတလည် ညွှန်ကြားထားသည်။
လုကျဲ့ထျန်းသည် တရုတ်နှစ်သစ်ကူးအတွက် အားလပ်ရက် သုံးရက်ရှိ၍ တရုတ်ပြက္ခိန် ပထမလ၏ ဒုတိယနေ့အထိ တပ်သို့မသွားရပေ။ ပုံမှန်ဆို အားလပ်ချိန် မပေးနိုင်သော အလုပ်မအားသည့်သူဖြစ်၍ ယခုအခါ အိမ်မှာသာနေ၍ ချင်ရှီးကို မပင်ပန်းရအောင် ကူညီပေးနိုင်ခဲ့သည်။
သူမသည် ဟင်းငါးမျိုးချက်ထားကာ တစ်မိသားစုလုံး အတူတူ ထမင်းကောင်းကောင်း စားခဲ့ကြသည်။
ယခုနှစ် နှစ်သစ်ကူးညစာစားပွဲသည် လုကျဲ့ထျန်းနှင့် ကလေးသုံးဦးအပေါ် အလွန်အမင်း သက်ရောက်မှုကောင်းစေခဲ့ပြီး အသက်ကြီးသည်အထိ မည်သည့်အခါမျှ မမေ့နိုင်ခဲ့ကြပေ။
ထိုနေ့က အရသာရှိတဲ့ ကြက်၊ ဘဲ၊ ငါးနှင့် အသီးအရွက်တွေ၊ မွှေးကြိုင်တဲ့ အချိုပွဲတွေ၊ ခပ်တုံးတုံးမျက်နှာနှင့် စားနေသည့် ကြောင်နက်လေး၊ အမြဲတမ်း နူးနူးညံ့ညံ့ ပြုံးပြတတ်တဲ့ ချင်ရှီးကိုလည်း မေ့ထားလို့ မရပါ။ ဒါတွေအားလုံးဟာ သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာ မြတ်နိုးစရာ အမှတ်တရတွေဖြစ်သည်။
နှစ်သစ်ကူးညစာစားပွဲအပြီးတွင် ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် ကလေးများကို ကစားရန် ခေါ်သွားကြပြီး လူကြီးများနှင့် ညဘက်ကြည့်ချင်သည်ဟု ဝါကြွားထားသောကလေးများသည် ဆယ်နာရီနောက်ပိုင်းတွင် မျက်လုံးမဖွင့်နိုင်ကြတော့ဘဲ အိပ်ငိုက်လာကြသည်။
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် သူတို့၏ အဝတ်အစားများကို ပေါ့ပေါ့ပါပါး ချွတ်ကာ အိပ်ယာပေါ်တင်ပေး၍ အိပ်ခန်းကြီးတွင် အတူတကွထားပေးခဲ့ကာ တိတ်တဆိတ် ထွက်သွားပြီး သူတို့ကို မနှောင့်ယှက်တော့ချေ။
ဧည့်ခန်းရှိ မီးဖိုသည် တောက်လောင်နေဆဲဖြစ်သည်။ ချင်ရှီးသည် မီးကို ပိုပူလာစေရန်အတွက် မီးညှပ်များနှင့် ထိုးပြီးနောက် လက်ဖက်ရည်နှစ်ခွက်ကို ဖျော်ကာ ထိုင်ခုံပေါ်တွင်ထိုင်၍ လုကျဲ့ထျန်းနှင့် စကားစမြည်ပြောနေ၏။
ခဏအကြာတွင် ချင်ရှီးသည် လုကျဲ့ထျန်းအား နှစ်ကုန်အကျဉ်းချုပ်အစီရင်ခံစာကို ပေးခဲ့ပြီး နှစ်သစ်တွင် ကလေးများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်းပါ ပြောကြားခဲ့သည်။
လုကျဲ့ထျန်းသည် မူလက အလွန်ပျော်ရွှင်နေသော်လည်း သူမ ပြောပြသော ဤအရာကြောင့် စိတ်ဆိုးသွားခဲ့ရသည်။ သူသည် စိတ်နှလုံးထဲတွင် ခိုကိုးရာမဲ့ သက်ပြင်းချလိုက်မိသည်။
"တကယ်တော့ မင်းဒီလိုဖြစ်စရာ မလိုပါဘူး.......
ဒါက အလုပ်သက်သက်တစ်ခုဘဲဖြစ်နေတာဘဲ။ ငါထင်တာက ငါတို့ဆက်ဆံရေးက သိပ်မဆိုးတော့ဘူးများလားလို့"
ချင်ရှီးသည် လုကျဲ့ထျန်းကို မျက်လုံးပြူးပြီးကြည့်လိုက်သည်။
"သူငယ်ချင်းတွေဆိုရင်လည်း အလုပ်ကိစ္စနဲ့ပတ်သက်ရင် ရှင်းရှင်းလင်းလင်း ရှင်းရမှာပေါ့"
လုကျဲ့ထျန်းက စကားမပြောခင် စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်နေခဲ့တာကို တွေ့ရသည်။
"ကောင်းပြီ…ငါနားလည်ပါတယ်"
သူပြောတာကိုကြားတော့ ချင်ရှီးက ပြုံးလိုက်သည်။
"ဒီဇိုင်းပုံဆွဲထားတာက အဆင်သင့်ဖြစ်ပြီ။ ငါ မင်းကို ပြမယ်"
လုကျဲ့ထျန်းသည် သူမကို လှမ်းကြည့်ရင်း လက်ကိုမြှောက်ကာ မနေနိုင်စွာ ကိုယ့်နဖူးကိုပွတ်သပ်နေမိပြီး နောက်မှ သဘောပေါက်သွားသည်။ သူက ချင်ရှီးကို ချစ်မိသွားပေမဲ့ သူမကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။
လုကျဲ့ထျန်းက ချင်ရှီးကို ပထမဆုံးအကြိမ်တွေ့တုန်းက မြင်ကွင်းကို တွေးပြီး သက်ပြင်းချမိသည်။
တကယ်လို့ သူတို့ သဘောတူစာချုပ်မချုပ်ခဲ့ကြရင် ကိစ္စတွေက ဒီလောက်ရှုပ်ထွေးမှာ မဟုတ်ဘူး။ သို့သော်လည်း ချင်ရှီးသည် သူ့ကို စိတ်မဝင်စားကြောင်း သူသိသောကြောင့် ယခုဆက်ဆံရေးကို ချိုးဖျက်ရန် မဝံ့ရဲတော့ပေ။
ဒါပေမဲ့ အဲဒီတုန်းက စာချုပ်မရှိခဲ့ရင် သူနှင့် ချင်ရှီးတို့လည်း အတူတူနေဖို့ မဖြစ်နိုင်သလို သူလည်း သူမကို သဘောကျမှာ မဟုတ်ပေ။
အကြောင်းတရားတိုင်းမှာ အကျိုးတွေရှိနေတတ်ပါ၏။ လုကျဲ့ထျန်းဟာ တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းသာချပြီး သူ့နှလုံးသားထဲမှာ အနာဂတ်ကို ဖြည်းညင်းစွာ စီစဉ်ထားလိုက်သည်။ သူ့မှာ အချိန်ရှိပါသေးသည်။ နောက်နှစ်နှစ်အတွင်းမှာ ချင်ရှီး၏စိတ်တွေကို အရည်ပျော်စေပြီး နှလုံးသားကို အနိုင်ယူနိုင်လိမ့်မယ်လို့ သူမျှော်လင့်ပါသည်။
လုကျဲ့ထျန်း၏ မျက်လုံးများသည် မှောင်မိုက်သောညတစ်ခုလို တဖြည်းဖြည်း နက်မှောင်လာသည်။
"ကလစ်"
ချင်ရှီးသည် သူမ၏ အိပ်ခန်းမှ ထွက်လာပြီး လုကျဲ့ထျန်း၏ဘေးတွင် ပျော်ရွှင်စွာ ထိုင်ကာ သူ့ကို ဒီဇိုင်းပုံတစ်ခုပြီးတစ်ခု မိတ်ဆက်ပေးသည်။
လုကျဲ့ထျန်းသည် ဆက်လက်မတွေးတော့ဘဲ ဒီဇိုင်းပုံများကိုကြည့်ရန် ချင်ရှီးကို နားထောင်လိုက်သော်လည်း သူ့မျက်လုံးများက ချင်ရှီးအပေါ် အမြဲကျရောက်နေပြီး ထိန်းချုပ်နိုင်စွမ်းမရှိပေ။
ချင်ရှီးသည် အချိန်အတော်ကြာ မိတ်ဆက်ပေးပြီး လုကျဲ့ထျန်းကို မျှော်လင့်ချက်အချို့နှင့် ကြည့်သည်။
"နင်ဘယ်လိုထင်လဲ"
လုကျဲ့ထျန်းက အနည်းငယ်ပြုံးလိုက်သည်။
"အရမ်းကောင်းတယ်။ တချို့ဒီဇိုင်းတွေက အရမ်းမိုက်တယ်"
ချင်ရှီးသည် ပရိဘောဂအကြောင်း များစွာသိလိမ့်မည်ဟု မမျှော်လင့်ထားပါ။
ချင်ရှီး : "ဒါဆို ကလေးတွေရော ကြိုက်မယ်လို့ ထင်လား"
လုကျဲ့ထျန်းက ခေါင်းညိတ်သည်။
"ဒါပေါ့"
"ဒါက တစ်ခုလုံးကိုဖြိုချပြီး ပြန်ဆောက်ဖို့ကြီးမားတဲ့ ပရောဂျက်ကြီးတစ်ခုလိုဘဲ။ အပြင်အဆင်ကို လုံးဝပြောင်းပစ်လုနီးပါးပေါ့"
ချင်ရှီးက အနည်းငယ် စိတ်ရှုပ်သွားသည်။
"ဒါဆို ငါတို့ ဘယ်မှာနေမှာလဲ"
လုကျဲ့ထျန်းသည် အချိန်အတော်ကြာ စဉ်းစားပြီး ပြောသည်။
"ဒီရက်အနည်းငယ်အတွင်းအဆင်သင့်ဖြစ်ရင် ကလေးတွေကို ပထမလမှာ ငါတို့ မွေးရပ်မြေကို ပြန်ခေါ်သွားမယ်။ အိမ်ကို အလှဆင်ပြီးတာနဲ့ ပြန်လာခဲ့မယ်"
ချင်ရှီး လန့်ဖျပ်သွားသည်။
"ဟင့်အင်း"
သူမသည် အိမ်ကို အမြန်ပြန်ဆောက်ချင်သော်လည်း လုကျဲ့ထျန်းက ဒီလောက် အလျင်လိုမည်ဟု မမျှော်လင့်ထားဘဲ သူမ ဒီဇိုင်းပြောလိုက်သည်နှင့် ရက်အနည်းငယ်အတွင်း လုပ်တော့မည်။
သူမက မယုံကြည်နိုင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေရာ လုကျဲ့ထျန်းသည် ပါးစပ်ထောင့်ကို အပေါ်သို့ကွေးကာ ပြုံးပြလိုက်သည်။
"ဒါက ငါ့မိဘတွေအတွက်လည်း အံ့သြစရာဖြစ်တာပေါ့"
ချင်ရှီးက သူမ ရင်ဘတ်ကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" နင်ခွင့်ရက်တောင်းလို့ရမလား "
လုကျဲ့ထျန်း : "တစ်နှစ်ရဲ့ ပထမဆုံးလမှာဆို အဆင်ပြေပါတယ်။ ငါ နှစ်အတော်ကြာအောင် ကောင်းကောင်း ခွင့်ရက်မယူရသေးဘူး။ အနားယူဖို့ တောင်းဆိုတာရပါတယ်။ ဒီအခွင့်အရေးကို အချိန်ယူလိုက်ပြီး ငါ့မိဘတွေ၊ သားသမီးတွေနဲ့ အတူတူကုန်ဆုံးရမှာပေါ့"
'ဟုတ်တာပေါ့။ ဒါ့အပြင်.....'
လုကျဲ့ထျန်းသည် နောက်ဆက်တွဲ ထိုစကားများကို မပြောဝံ့သော်လည်း ချင်ရှီးကို အလေးအနက်ထားကြည့်လိုက်သည်။
"တရုတ်နှစ်သစ်ကူးပွဲကျင်းပတဲ့ ကာလဆိုတော့ လက်မှတ်ရနိုင်ပါ့မလား။ ကလေးပါတော့ အိပ်ခန်းပါတဲ့လက်မှတ်ရနိုင်လိမ့်မယ်"
ချင်ရှီးက အရမ်းစိတ်လှုပ်ရှားနေပေမဲ့ စိုးရိမ်နေပြန်သည်။
"အရမ်းအလျင်လိုနေတော့ အိမ်ပြင်ဖို့ တပ်ထဲမှာ တစ်ယောက်ယောက်ရှိလား။ တရုတ်နှစ်သစ်ကူးအတွက် အလုပ်ခေါ်တာတွေလက်မခံဘူး မဟုတ်လား"
"တပ်မှာ ထုတ်လုပ်ရေးနဲ့ဆောက်လုပ်ရေးတပ်တွေရှိတယ်။ လျှောက်လွှာတင်လို့ရတယ်။ တစ်ချို့က သီးသန့်အခကြေးငွေပေးရမယ်။ တစ်ချို့က စေတနာရှိသလောက်ပေးရမယ်။ သူတို့အားလုံးက ပရော်ဖက်ရှင်နယ်တွေပါဘဲ။ စီမံကိန်းနဲ့အပြင်အဆင်ကို ကောင်းကောင်းရှင်းပြပေးလိုက်ရင် ပြီးပြည့်စုံအောင် တည်ဆောက်နိုင်မှာ သေချာပါတယ်"
"လက်မှတ်နဲ့ပတ်သက်ပြီးတော့ ငါစုံစမ်းထားလိုက်မယ်"
"မနက်ဖြန် အလုပ်စဖို့ လူကောင်းတစ်ယောက်ကို ရှာတွေ့ရင် ငါတို့ ခရီးသွားဖို့ လက်မှတ်တစ်ခုလောက် စီစဉ်နိုင်ပါပြီ"
"ငါ ရှောင်ဟူးကို ပရိဘောဂတွေကို ရှင်းပေးဖို့ လူတစ်ယောက်ကို ဖုန်းဆက်ခိုင်းလိုက်မယ်။ အချိန်တန်ရင် မင်း ထမင်းချက်ထားပြီး သူ့တို့ကို စားသောက်ဖို့ ဆုချပေးလိုက်ပါဦး"
"ပရိဘောဂတွေနဲ့ တခြားရှုပ်ထွေးတဲ့ ပစ္စည်းတစ်ချို့ကို အန်တီကျောင်းနဲ့ ငါ့ရဲ့ ရဲဘော်တွေဆီမှာ ထားနိုင်မလားလို့ ငါစီစဉ်လိုက်ဦးမယ်။ စိတ်မပူပါနဲ့"
ချင်ရှီး၏ မျက်လုံးများ တောက်ပလာကာ လုကျဲ့ထျန်းသည် အမှန်တကယ် ယုံကြည်စိတ်ချရပြီး စွမ်းဆောင်နိုင်သူဖြစ်သည်။ စိတ်ပူစရာ မလိုတော့ဘဲ ခုတော့ အဆင်ပြေသွားပါပြီ။
"ဒါဆို မင်းဘဲဆုံးဖြတ်လိုက်တော့"
ချင်ရှီးသည် ကလေးများကိုသာ ဂရုစိုက်ကာ အိမ်တွင်ရှိသောအရာများကို သန့်ရှင်းရေးလုပ်၍ အခြားဘာကိုမှ မစိုးရိမ်တော့ပေ။
"ကောင်းပြီ"
လုကျဲ့ထျန်းက ချင်ရှီးကိုပြုံးပြီး စကားပြောသည်။
ဆယ့်နှစ်နာရီထိုးပြီးနောက် အပြင်ဘက်တွင် မီးရှူးမီးပန်းပစ်သံများ ဆက်တိုက် မြည်ဟီးလာသည်။
လုကျဲ့ထျန်းသည် တံခါးအပြင်ဘက်တွင် မီးရှူးမီးပန်း ကြိုးရှည်များကို ပစ်ဖောက်ရန် ချင်ရှီးကိုလည်း ခေါ်ဆောင်သွားသည်။ ထို့နောက် မီးရှူးစက္ကူအကြွင်းအကျန်များကို ဂရုမစိုက်ဘဲ အိပ်ရာဝင်ရန် ပြင်ဆင်ပြီးနောက် အခန်းထဲသို့ တည့်တည့်ဝင်သွားသည်။
အခန်းထဲပြန်ရောက်တော့ ကလေးတွေကိုကြည့်လိုက်ရာ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပြီး မီးပန်းပစ်သံကြားတာတောင် လုံး၀မနိုးကြပါ။
ချင်ရှီးသည် အထူးပြုလုပ်ထားသော စာအိတ်အနီသုံးလုံးကို ထုတ်ယူကာ တစ်လုံးစီတွင် ယွမ်ငွေအနည်းငယ်စီထည့်ကာ ခေါင်းအုံးအောက်တွင် ဂရုတစိုက် ဖိပြီးနောက် ခြေဖျားထောက်၍သွားလိုက်သည်။
ချင်ရှီးထွက်လာပြီးနောက် လုကျဲ့ထျန်းက ဧည့်ခန်းထဲမှာ ရှိနေတာကိုတွေ့တော့ သူမက နှုတ်ဆက်လိုက်သည်။
"စောစောအိပ်ပါ"
လုကျဲ့ထျန်းက ပြန်ဖြေပြီးနောက် ချင်ရှီးက သူ့ကို တစ်ယောက်တည်းထားခဲ့ကာ အခန်းထဲပြန်သွားခဲ့သည်။
အိပ်ယာခင်းတွေပြောင်းပြီး အိပ်ဖို့ပြင်သည်။ ချင်ရှီးသည် ကုတင်ကိုထိရန် လက်ကိုဆန့်ထုတ်ကာ လျှပ်စစ်အပူပေးစောင်နွေးနွေးလေးရှိနေသည်ကိုတွေ့သဖြင့် ကုတင်ပေါ်သို့တက်လိုက်သည်။
လှဲချလိုက်ပြီးသည်နက် ခေါင်းအုံးအောက်က အသံထွက်လာပြီး ချင်ရှီးက ခေါင်းကိုမြှောက်လိုက်ပြီး ခေါင်းအုံးကို ပွတ်သပ်လိုက်သည်။
ရလဒ်အနေဖြင့် ခေါင်းအုံးက အသံထွက်လာသည်။
ချင်ရှီးသည် ခေါင်းအုံးကို ကောက်ကိုင်လိုက်ပြီး ထိုနေရာတွင် စာအိတ်အနီတစ်အိတ်ရှိနေသည်ကို တွေ့ရတော့ အံ့အားသင့်သွားသည်။ စာအိတ်အနီကို ကောက်ကိုင်ကြည့်လိုက်တော့ ထိုစာအိတ်က သူမကိုယ်တိုင်လုပ်ထားတဲ့ စာအိတ်ထက် ပိုလှတာကို တွေ့လိုက်ရသည်။
စာအိတ်အနီကိုဖွင့်ကာ အတွင်းမှ ယွမ်ငါးဆယ်အသစ်စက်စက်ကို ထုတ်ယူပြီး မျက်ခုံးပင့်လိုက်မိသည်။ ဤက ကံကောင်းစေရန်ပေးသည့်ငွေလား သို့မဟုတ် နှစ်ကုန်ဆုကြေးလား။ ဒါပေမဲ့ လုကျဲ့ထျန်းက သူမကို ပေးလိုက်တဲ့အတွက် ဒါက သူမဟာဘဲပေါ့။
ချင်ရှီးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် စာအိတ်အနီထဲသို့ ပိုက်ဆံပြန်ထည့်ကာ ခေါင်းအုံးအောက်ကို တစ်ဖန်ဖိထားကာ ပျော်ရွှင်စွာ အိပ်မောကျသွားလေသည်။
'လုကျဲ့ထျန်းက ငါ့ထက် အသက်ကြီးတယ်။ ဒါကြောင့် သူ့အတွက် စာအိတ်အနီကို ပြင်ဆင်ပေးစရာမလိုဘူး ဟုတ်တယ်မလား'
'ရက်ရောတဲ့ သူဌေးတစ်ယောက်ရှိရတာ အရမ်းကောင်းတာဘဲ'
_***_