အပိုင်း (၂၁- ဒုတိယပိုင်း)
ဖျင်ဖျင်နှင့် အန်အန်းတို့ဟာ အခုချိန်မှာ အရမ်းကို ဆင်တူနေကြဆဲဖြစ်ပြီး နှစ်ယောက်စလုံးက ချစ်စရာကောင်းလွန်းနေသည်။ သူတို့နှစ်ယောက်လုံးက တူညီတဲ့အဝတ်အစားကို ၀တ်ကြပြီး ဆံပင်ပုံစံသာတူရင် အမြွှာတွေဖြစ်တယ်ဆိုတာ ဘယ်သူမှ သံသယရှိမှာမဟုတ်ပါ။
တစ်ခုတည်းသော ခြားနားချက်မှာ ဖျင်ဖျင်သည် ပျော်ရွှင်စွာ ပြုံးလိုက်သောအခါတွင် ပါးစပ်ထောင့်တွင် ပါးချိုင့်လေးသေးသေး ရှိသော်လည်း အန်အန်းမှာ လုံးဝမရှိပေ။
"ဘာအတွက် ကျေးဇူးတင်ပါတယ်လို့ပြောနေတာလဲ"
အန်အန်းသည် အမြောက်ကျည်ငယ်တစ်ခုလို အမြန်ပြေးလာပြီး မည်သူ့ကိုမျှ မတိုက်မိအောင် ချင်ရှီးရှေ့တွင် အရှိန်တန့်လိုက်သည်။
"မွေးနေ့လက်ဆောင်အကြောင်းပြောနေတာ"
ချင်ရှီးက သူမကိုကြည့်ရင်းဖြေသည်။
"ဖျင်ဖျင်ကို ရောင်စုံခဲတံနဲ့ ပုံပြင်စာအုပ်တစ်အုပ်ပေးမယ်။ မင်းရော မွေးနေ့လက်ဆောင်အတွက် ဘာလိုချင်လဲ"
"အာ… လက်ဆောင်လား"
အန်အန်းသည် အံ့ဩသွားသော်လည်း ချက်ချင်းပြန်ဖြေသည်။
" စကတ်လှလှလေး တစ်ထည် လိုချင်တယ်"
ချင်ရှီးက တခစ်ခစ်ရယ်လိုက်ပြီး သူမသဘောတူခါနီးတွင် သူမက ထပ်ပြောပြန်သည်။
"မဟုတ်ဘူး မဟုတ်ဘူး။ ငါ့မှာ ဝတ်စုံအသစ်ရှိသေးတယ်ဆိုတော့ ကိတ်မုန့်ရမလား။ တီဗီထဲကလို တစ်လုံးမျိုးကို ရနိုင်မလား"
အန်အန်းက ချင်ရှီးကို မျှော်လင့်တကြီးကြည့်သည်။
"အဲ့လိုမုန့်မျိုး မင်းလုပ်ပေးနိုင်မလား"
" ရတာပေါ့…ဒါပေမယ့် ဒါက လက်ဆောင်မဟုတ်ဘူး"
"ဘာလို့လဲ..."
အန်အန်းက အနည်းငယ်စိတ်ပျက်သွားသော်လည်း အခြားအရာကိုထပ်ပြောသည်။
"ကောင်းပြီလေ။ ဒါဆိုလည်း မင်း သကြားလုံးတို့ ကန်စွန်းဥတို့ ပန်းသီးတို့နဲ့ဘဲ ထပ်လုပ်လို့ရပါတယ်"
သူမ၏ ဆင်ခြင်တုံတရားရှိသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ချင်ရှီးသည် သူမ၏ စိတ်နှလုံးသားလေး ပျော့ပျောင်းသွားရသည်။
"မင်းတို့အတွက် ကိတ်မုန့်လုပ်ဖို့ ငါစီစဉ်ထားတယ်။ ဒါကြောင့် အဲ့ဒါကို လက်ဆောင်လို့ မသတ်မှတ်ဘူး။ အထူးလက်ဆောင်အဖြစ် တောင်းလို့ရသေးတယ်"
အန်အန်းက ဒီစကားကြားတော့ ချက်ချင်းပင် ဝမ်းသာသွားပြီး သူမရဲ့ မျက်လုံးတွေ တောက်ပလာပြန်သည်။
"ဒါဆို အဖေတို့တွေ လေ့ကျင့်ရေးလုပ်နေကြတာကိုကြည့်ချင်တယ်"
ချင်ရှီး အနည်းငယ် အံ့အားသင့်သွားသည်။
"ဘာလို့ သူတို့ကို တွေ့ချင်ရတာလဲ"
အန်အန်းက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး သူမရဲ့ လက်နှင့်ခြေလေးတွေကို မြေကြီးပေါ်မှာ ဝှေ့ယမ်းရင်းပြောသည်။
“အရင်က သစ်ပင်ပေါ်မှာ စွန်,တင်သွားသွားတုန်းက ဦးဦးဟေးဟူးက သစ်ပင်ပေါ်တက်ပြီး ယူပေးတာ။ ဒီလောက်မြင့်တဲ့ ပလက်ဖောင်းပေါ်မှာ လေ့ကျင့်နေတဲ့အချိန် လက်ဗလာနဲ့ အမြင့်ကို တက်ကြတယ်လို့ ငါကိုပြောဖူးတယ်"
အန်အန်းသည် ခြေထောက်တစ်ဖက်ကိုမြှောက်၍ လက်ကို ပြင်းပြင်းထန်ထန် မြှောက်ပြလိုက်တော့ သူမတစ်ကိုယ်လုံး တလှုပ်လှုပ်နဲ့ လဲကျလုနီးပါး ဖြစ်သွားသည်။
ကံကောင်းထောက်မစွာ လုကျဲ့ထျန်းက အချိန်ကိုက်ဝင်လာပြီး သူမကို ထိန်းကူပေးလိုက်သည်။
လုကျဲ့ထျန်းက သူမပြောတာကိုကြားသည့်အခါ ကောက်ချီလိုက်ပြီး လေထဲမှာ မြှောက်၍ လွှတ်လိုက်ပြီး ဖမ်းလိုက်ကာ ထပ်ခါထပ်ခါ ဆော့ကစားပေးလိုက်သည်။
"အား.…"
အန်အန်းက အော်ဟစ်ရယ်မောပြီး နောက်တစ်ကြိမ် ထပ်လုပ်ဖို့ အော်ပြောသည်။
လုကျဲ့ထျန်းသည် သူမနှင့် အချိန်အတော်ကြာ ကစားပေးပြီး မတ်တပ်ရပ်ရင်း ရယ်မောနေခဲ့သည်။
လုကျဲ့ထျန်းက ဖျင်ဖျင်ကို ကြည့်လိုက်သည်။ သို့သော် ဖျင်ဖျင်သည် ချက်ချင်း သူ့လက်များကို အထပ်ထပ်အခါခါ ဝှေ့ယမ်းကာ ငြင်းလိုက်သည်။
"မလိုချင်ဘူး မလိုချင်ဘူး"
'ဒါကစိတ်လှုပ်ရှားစရာကောင်းလွန်းတယ် သူမကြိုက်ဘူး'
လုကျဲ့ထျန်းက သူ့ကိုကြည့်ပြီးပြောသည်။
"မင်း တကယ်မကစားချင်ဘူးလား"
ဖျင်ဖျင်က ခေါင်းကို အထပ်ထပ်အခါခါခါယမ်းကာ ခဲတံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ခေါင်းကိုငုံ့ကာ ဆက်၍ပုံဆွဲလိုက်သည်။
လုကျဲ့ထျန်းသည် အနည်းငယ် ကူကယ်ရာမဲ့သွားသော်လည်း ဖျင်ဖျင်၏ ရွေးချယ်မှုကို လေးစားပြီး သူ့ကို ကစားရန် အတင်းအကြပ် မလုပ်ခဲ့ပေ။
ကုချင်းဟိုင်သည် ထိုင်ခုံပေါ်တွင်ထိုင်ကာ စာအုပ်ဖတ်နေပြီး လုကျဲ့ထျန်း၏ အကြည့်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး ငြင်းရန် စဉ်းစားနေချိန်တွင် လုကျဲ့ထျန်းသည် သူ့ခေါင်းကို တိုက်ရိုက်လှည့်သွားကာ သူ့ကို ထပ်မကြည့်တော့တာကို မြင်လိုက်ရသည်။
ကုချင်းဟိုင် : "...……"
ချင်ရှီးသည် လုကျဲ့ထျန်းကို စိုက်ကြည့်ရာ ချင်ရှီး၏ အကြည့်ကိုနားလည်၍ လုကျဲ့ထျန်းက သူ့ကို လှည့်ကြည့်ကာ ရှင်းပြသည်။
"မင်းက အသက်ကြီးပြီ။ ငါ မမြှောက်နိုင်တော့ဘူး "
ကုချင်းဟိုင်ကလည်း ချက်ချင်းပြန်ဖြေသည်။
"ဒါမျိုး ကစားရတာလည်း မကြိုက်ပါဘူး"
သူက ဒေါသထွက်နေသလား ရှက်နေသလားဆိုတာတော့ မသိနိုင်ပါ။
'ငါ ဒါမျိုးကို သေတဲ့အထိတောင် ကစားမှာ မဟုတ်ပါဘူး။ ကလေးဆန်လိုက်တာ'
ထို့နောက် စာအုပ်ကိုကိုင်ကာ အဝေးကို လျှောက်သွားလိုက်သည်။
လုကျဲ့ထျန်းသည် ချင်ရှီးကိုကြည့်ပြီး ပခုံးတွန့်ပြသည်။ ချင်ရှီးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပိတ်သွားသော တံခါးကို ကြည့်ကာ မရယ်ဘဲမနေနိုင်တော့ပေ။
ကုချင်းဟိုင်သည်လည်း သူ့နာမည်ကို *ကုအော့ကျောင်းဟု ပြောင်းလဲသင့်ပေသည်။
(*T.N_ 傲娇{အော့ကျောင်း} ဆိုတာ အပြင်ဘက်မှာခက်ထန်မာကျောဟန်ရှိပြီး စိတ်နှလုံးနူးညံ့သိမ်မွေ့သူလို့ဆိုလိုပါတယ်)
"ဒါဆို (မွေးနေ့လက်ဆောင်က) အဆင်ပြေရဲ့လား"
အန်အန်းက ငြိမ်သက်သွားပြီး ချင်ရှီးနှင့် လုကျဲ့ထျန်းကို လှမ်းကြည့်လိုက်ပြီးမေးသည်။
"ငါ့ မွေးနေ့လက်ဆောင်အဖြစ် ရမလား"
လုကျဲ့ထျန်း : "ရတယ်"
"ရေး....."
အန်အန်းက ခုန်ပေါက်နေသည်။
ချင်ရှီးက သူမကိုမေးသည်။
"မင်း ကိုယ်ခံပညာသင်ရတာကို ကြိုက်လား"
အန်အန်းက ခေါင်းညိတ်သည်။
" အဲ့ဒါမျိုးလုပ်တာက ကြည့်ကောင်းပြီး အစွမ်းထက်တယ်"
ထို့နောက် ခေတ္တရပ်ပြီးနောက် အန်အန်းက ခေါင်းကို မော့ကာမေးသည်။
"ငါ သင်ယူလို့ရမလား ဖျင်ဖျင်ကို ကာကွယ်ပေးလို့ရတယ်"
ဖျင်ဖျင်ကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမဆို သူမအစ်ကိုရဲ့အကူအညီမပါဘဲ သူမဘာသာ ရိုက်နှက်နိုင်လိမ့်မည်။
အစ်ကိုအကြီးဆုံးက သူတို့နှစ်ယောက်အတွက် ရန်ဖြစ်တဲ့အခါတိုင်း အစ်ကိုကြီးကဘဲ အမြဲအရိုက်ခံရတာကို သူမ မမြင်ချင်တော့ဘူး။
အန်အန်းသည် သူမ၏ လက်သီးသေးသေးလေးကို ဆုပ်လိုက်ပြီး ချင်ရှီးကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်နေသည်။
လုကျဲ့ထျန်းက မျက်ခုံးပင့်လိုက်သည်။
"ကောင်းပြီ သင်ပါ"
ချင်ရှီးက ခွင့်ပြုသည်။
"ဒါပေမဲ့ မင်းကို ဖျင်ဖျင်ကို ကာကွယ်ပေးစေချင်တာကြောင့်ဘဲတော့ မဟုတ်ဘူး။ ငါ မင်းကို သင်ယူစေချင်တယ်။ မင်းမှာ တခြားသူတွေဆီကနေ အနိုင်ကျင့်မခံရအောင် ကာကွယ်နိုင်တဲ့ စွမ်းရည်ရှိမယ်လို့ ငါမျှော်လင့်တယ်"
လောကကြီးက အမျိုးသမီးတွေအပေါ် အမြဲတမ်း ရက်စက်ကြမ်းကြုတ်တတ်တယ်မဟုတ်လား။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ သင်ယူတာ ကောင်းပါသည်။
"ကောင်းပြီ"
လုကျဲ့ထျန်းက ခေါင်းညိတ်သည်။
"ဖျင်ဖျင်လည်း အတူတူ လေ့ကျင့်ပါ။ ဖေဖေ မင်းတို့ကို သင်ပေးမယ်"
ကုချင်းဟိုင်ကိုတော့ ငယ်ငယ်လေးကတည်းက လုကျဲ့ထျန်းက လေ့ကျင့်ပေးခဲ့ပြီး တပ်ဝင်းထဲကို နှစ်အတော်ကြာ ပြေးခဲ့ရတယ်။ လက်ဝှေ့နှင့် ကွန်ဖူးကန်ခြင်းတို့ကိုလည်း စတင်သင်ကြားပေးခဲ့ဖူးသည်။
ကုချင်းဟိုင်သည် ဤကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်ခြင်းမျိုးကို တစ်ကြိမ်လျှင် အနည်းငယ်စီမျှ တိုက်ခိုက်နိုင်သည်။ သူအပြင်ထွက်ကစားတိုင်း ကုချင်းဟိုင်၏ ကိုယ်ကာယစွမ်းရည်က အံ့မခန်းဖြစ်တယ်ဆိုတာ အားလုံးသိကြတဲ့အတွက် သူ့နောက်ကို လိုက်ကစားလိုကြတဲ့ ကလေးအမြောက်အများရှိသည်။
အန်အန်းက ရွှင်မြူးနေပေမဲ့ ဖျင်ဖျင်ကတော့ သက်ပြင်းချလိုက်သည်။ သူက အားကစားလုပ်ရတာကို သိပ်မကြိုက်ပါ။
ဖျင်ဖျင်သက်ပြင်းချတာကိုမြင်တော့ ချင်ရှီးကနှစ်သိမ့်သည်။
"ဖျင်ဖျင် လေ့ကျင့်ခန်း များများလုပ်ရင် မင်းခန္ဓာကိုယ်က ပိုသန်မာလာလိမ့်မယ်"
အန်အန်းကသာ သူ့ကို အတူတူကစားဖို့ မဆွဲထုတ်ဘူးဆိုရင် ဖျင်ဖျင်ကိုယ်တိုင်က ဘယ်တော့မှ အစပြုပြီး အပြင်ထွက်ကစားမှာ မဟုတ်ပါဘူး။ အတူတူကစားဖို့ အပြင်ထွက်ရတာကိုလည်း နည်းနည်းတော့ သဘောမကျပါ။
ဖျင်ဖျင်က ခေါင်းညိတ်ပြသည်။
"နားလည်ပါတယ်"
ချင်ရှီးကပြုံးသည်။ သူက အားကစားကို မကြိုက်သော်လည်း နာခံမှုရှိစွာ သဘောတူသည်။
"အစကတော့ နောက်နှစ်မှာ စဖို့ ရည်ရွယ်ထားပေမဲ့ မင်းတို့က အရင်တောင်းဆိုမယ်ဖို့ မမျှော်လင့်ထားမိဘူး"
လုကျဲ့ထျန်းက အန်အန်းရဲ့ ခေါင်းကို ပွတ်သပ်ပြီး ချင်ရှီးကို ကြည့်သည်။
"ခဏအပြင်သွားလိုက်ဦးမယ်"
ချင်ရှီးက သူသည် စန်းကူးကိစ္စ ဖြေရှင်းတော့မည်ကို သိလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ကလေးများသည် ယခု သူထွက်သွားမည့်အကြောင်းကို အတော်လေး ဂရုမစိုက်ကြပေ။ ယခု သူပြောတာကို ကြားတော့ သူတို့လက်ကို ဝှေ့ယမ်းပြီး သူတို့ဖာသာ ဆက်မဆော့ကြခင် “ ဖေဖေ တာ့တာ” လို့ပြောလိုက်ကာ ပေါ့ပေါ့တန်တန် နှုတ်ဆက်လိုက်ကြသည်။
လုကျဲ့ထျန်းသည် ဤမြင်ကွင်းကိုကြည့်ရင်း အနည်းငယ်စိတ်ပျက်သွားသည်ဟု ခံစားမိသော်လည်း မကြာမီ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ကလေးများသည် ယခင်ကပင် သူ့အား မည်မျှ အားကိုးအားထားမပြုကြောင်း ယခုမှ သဘောပေါက်လာခဲ့ရသည်။
ယခုမှစ၍ မိမိ၏အချိန်ကို အာရုံစိုက်ပြီး မိသားစုကို အချိန်ပိုပေးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ပြီး၊ သူသည် ယခင်ကကဲ့သို့ စားသောက်ခြင်း နှင့် အိပ်စက်ခြင်းကို အလုပ်ထဲတွင် ကုန်ဆုံးစေတာမျိုး ထပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
ယခုအခါ သူ့ကို ဘယ်သူကမှ ထိန်းချုပ်လို့မရနိုင်တော့ဘူး။
… … …
ချင်ရှီးသည် ဝမ်ရှို့ရှို့ကို လုကျဲ့ထျန်းက ဘယ်လိုဆက်ဆံခဲ့လဲ မသိသလို သိလည်း မသိချင်ပါ။ သူမ ပြန်မလာတော့ဘဲ ကိစ္စကပြေလည်သွားသည်။ ဒါကြောင့် ချင်ရှီးက ဒီကိစ္စကို ဘေးဖယ်ထားလိုက်တော့သည်။
ကျောင်းဒုတိယနေ့တွင်လည်း အတန်းမရှိသောကြောင့် ချင်ရှီးသည် ကျောင်းသို့သွားကာ ကိစ္စအချို့ပြုလုပ်၍ ပြန်လာခဲ့သည်။
တတိယနေ့၌ ချင်ရှီးတွင် အတန်းနှစ်တန်းသာရှိပြီး မနက်ပိုင်းတွင် တတိယတန်းနှင့် နေ့လည်ပိုင်းတွင် ဒုတိယတန်းဖြစ်သည်။
ချင်ရှီးစောစောထဖို့ မလိုပါဘူး။ အချိန်ကျလာတဲ့အခါ အပြင်ထွက်လို့ ရအောင် သပ်သပ်ရပ်ရပ်ပြင်ဆင်ထားလိုက်သည်။
ချင်ရှီးသည် စာအုပ်ကိုပင် မယူခဲ့ဘဲ လက်ဗလာဖြင့် စာသင်ခန်းထဲသို့ ဝင်လာသည်။
ကလေးတွေက ဆရာမ လာနေတာကို တွေ့တော့ တီးတိုးတီးတိုး ပြောတာကို ရပ်လိုက်သည်။ အတန်းခေါင်းဆောင်က “အားလုံးထကြ” ဟုအော်ကာ ကျောင်းသားများအားလုံး မတ်တပ်ရပ်၍ “မင်္ဂလာပါ ဆရာမ” ဟုနှုတ်ဆက်ကြသည်။
"မင်းတို့အားလုံး ထိုင်ပါ"
ချင်ရှီးက ပြုံးပြီး သူမလက်ကို မြှောက်ပြလိုက်သည်။
ကျောင်းသားများသည် ထိုင်ကာ အနီးကပ်သေချာကြည့်သောအခါ ဆရာမသည် အလွန်နုနယ်ပြီး လှပသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရပြီး သူတို့၏ နှလုံးသားများသည် ချက်ချင်းပင် တက်ကြွလာသည်။
"ဒါဟာ ငါတို့ ပထမဆုံး ဆုံဖူးတာဖြစ်တယ်။ ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါက မင်းတို့ရဲ့ ဂီတဆရာမ ငါ့နာမည်က ချင်ရှီးပါ"
ချင်ရှီးက မြေဖြူခဲကို ကောက်ကိုင်လိုက်ပြီး ကျောက်သင်ပုန်းပေါ်မှာ သူမနာမည်ကို ရေးလိုက်သည်။
ကျောင်းသားတွေက ချင်ရှီးရဲ့ လက်ရေးစာလုံးတွေကို ကြည့်ပြီး သူမရဲ့ လှပတဲ့ စကတ်ရှည်နဲ့ နူးညံ့လှသည့် ကျစ်စမြီးကျစ်ထားတဲ့ ဆံပင်တွေကို ကြည့်တဲ့အခါ သူမဟာ ပွင့်လင်းပြီး ဖက်ရှင်ကျသူတစ်ယောက်ဆိုတာ သိသာပါသည်။
မိန်းကလေးများ၏ မျက်လုံးများသည် ချင်ရှီး၏ ခန္ဓာကိုယ်ပေါ်တွင် တဝဲလည်လည် ဖြစ်နေသော်လည်း ယောက်ျားလေးများသည် ငြီးငွေ့လာပြီး ထိုင်နေသည့် ကိုယ်ဟန်အနေအထားများကို ဖြေလျှော့ကာ စိတ်တွေ လျော့လာကြသည်။
"အမျိုးသားနေ့ဟာ တစ်လခွဲပဲ လိုတော့တာမို့ ကျောင်းက တပ်ကပြုလုပ်တဲ့ပွဲမှာ ပါဝင်ဖျော်ဖြေဖို့ ကောင်းမွန်တဲ့ အတန်းသားတွေကို ရွေးပေးရမယ်"
ချင်ရှီးက ကျယ်လောင်တဲ့အသံနှင့်ပြောလိုက်သည်။
"မင်းရဲ့ အတန်းပိုင် ဆရာမ ကျန်းယန်လီက မင်းတို့ကို သီချင်းဆိုဖို့လူရွေးခိုင်းထားတယ်။ တစ်တန်းလုံး အောင်ပွဲခံပြီး တပ်ကို ဖျော်ဖြေချင်သလား”
ကျောင်းသားများ၏ မျက်လုံးများ ပြူးကျယ်သွားကာ အသီးသီး ရွှင်မြူးကာ “ဟုတ်ကဲ့” ဟု ကျယ်လောင်စွာ ပြန်ဖြေကြသည်။
အားလုံးက တပ်ခြံဝင်းအတွင်းရှိ ကလေးများဖြစ်ကြသည်။ သူတို့ရွေးခံရရင် မျက်နှာပွင့်လိမ့်မည်။
ကောင်လေးတွေက မပျင်းကြတော့ဘဲ အော်ဟစ်ကြရင်း စာသင်ခန်းက ရုတ်တရက် ဆူညံသွားသည်။
ချင်ရှီးသည် စားပွဲပေါ်ရှိ ကျောက်သင်ပုန်း ခဲဖျက်ကို ကောက်ကိုင်လိုက်ပြီး ပြင်းထန်စွာ ရိုက်လိုက်သဖြင့် ဖုန်မှုန်များ ထွက်လာသည်။
ချင်ရှီး၏အမူအရာမှာ ပြင်းထန်တင်းမာနေသည်။
"ဆူညံသံကဘာလဲ။ ဟင်းသီးဟင်းရွက်ဈေးလား"
စားပွဲခုံကိုထိသွားတဲ့ ကျောက်သင်ပုန်းခဲဖျက်ရဲ့ ကျယ်လောင်တဲ့အသံကြောင့် လူတိုင်းက ထိတ်လန့်သွားပြီး ချက်ချင်းငြိမ်ကျသွားကြသည်။ သူတို့က ဘာမှမပြောဘဲ ချင်ရှီးကို မျက်တောင်ခတ်ပြီး ကြည့်လိုက်ကြသည်။
ကျောင်းသားများသည် သူတို့၏ ဆရာများကို အလိုက်သင့် ဆက်ဆံတတ်ကြသည်။ မည်သည့်ဆရာက စကားပြောရလွယ်ကူပြီး မည်သည့် အစွမ်းထက်သည်ဟု အလွယ်တကူ ခံစားနိုင်သည်။ ဂီတဆရာမသည် နူးညံ့သိမ်မွေ့ပုံပေါက်သော်လည်း အမှန်တကယ်တော့ တင်းကြပ်လွန်းသဖြင့် ကျောင်းသားများသည် ချက်ချင်းပင် သတိထား ပြုမူကြသည်။
သူတို့တွေ အကျင့်စာရိတ္တကောင်းမွန်စွာ ပြုမူနေတာကိုမြင်တော့ ချင်ရှီးက ပြုံးပြီးပြောသည်။
"မင်းတို့ ဘယ်အတန်းတက်နေနေ မင်းတို့က လေးနက်ရမယ်။ အနိမ့်ဆုံး စာသင်ခန်းစည်းကမ်းက လိုအပ်နေသေးတယ် မဟုတ်လား။ ငါတို့ တစ်ယောက်ကိုတစ်ယောက် လေးစားကြရမယ်။ မင်းတို့ အတန်းထဲမှာ မဆူကြနဲ့။ ငါ မင်းတို့ကို လေးလေးနက်နက် သင်ပေးမယ်။ မင်းတို့ မနာခံရင် ဒါမှမဟုတ် မလေ့လာချင်ဘူးဆိုရင် ငါ့ကို တိုက်ရိုက်ပြောလို့ရတယ်"
ချင်ရှီက ပြုံးပြီး စိုက်ကြည့်နေသည်။
"တခြားဆရာတွေကို သီချင်းဆိုဖို့လူရွေးမဲ့အစီအစဉ်ကိုပေးလိုက်မယ်။ မင်းတို့ရဲ့ဆရာကလည်း လိုချင်သလို တခြားအတန်းကသူတွေလည်း လိုချင်တယ်။ သူတို့တွေ ရွေးချယ်ဖို့ အာရုံစိုက်ပါစေ”
ဒီစကားထွက်လာပြီးတာနဲ့ ကျောင်းသားတွေရဲ့ နှလုံးခုန်သံတွေ ကျယ်လောင်လာခဲ့သည်။ သတင်းကောင်းကို သိခဲ့ရသော်လည်း အခြားအတန်းများကိုတော့ ပေါပေါပဲပဲ အခွင့်အရေးမပေးလိုက်ချင်ကြပါ။
ထိုအချိန်မှစကာ လူတိုင်းက တည့်တည့်မတ်မတ်ထိုင်ကြပြီး သူတို့ရဲ့ သဘောထားတွေကို ပြင်လိုက်ကြသည်။ ဤမြင်ကွင်းကို ကြည့်လိုက်တော့ ချင်ရှီးသည် သူမ၏ နှလုံးသားထဲတွင် ကျေနပ်စွာ ပြုံးလိုက်သည်။ သူမက ကျန်းယန်လီကိုကူညီတာဖြစ်သည်။ တခြားဆရာတွေက သူမကို အကူအညီမတောင်းသလို အခြားအတန်းတွေကလည်း စွန့်စားပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ လုံးဝအစီအစဉ်မရှိပါ။
ကျန်းယန်လီသည် ပထမအကြိမ် အတန်းပိုင်ဆရာမဖြစ်ပြီး ကောင်းမွန်စွာ လုပ်ချင်သောကြောင့် သူမအား အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။
ထုံးစံအတိုင်း ချင်ရှီးသည် သူမအား ငြင်းဆိုမည်မဟုတ်ပါ။ သူတို့အားလုံးကို သီချင်းများ သင်ပေးချင်သောကြောင့် ဤအစီအစဉ်က သင်ကြားရေးကို ကြန့်ကြာမနေဘဲ ကောင်းစွာသင်ပေးနိုင်မည်ဖြစ်သောကြောင့် အဘယ်ကြောင့် မလုပ်ဘဲနေရမည်နည်း။
ချင်ရှီးက လက်ခုပ်တီးလိုက်သည်။
"ငါသင်ပေးမဲ့ သီချင်းက အသစ်တစ်ပုဒ်ဖြစ်တယ်။ ချင်ယုံချန်နဲ့ လီကုယီတို့ရေးစပ်ထားပြီး ကျန်းလီက သီဆိုပေးထားတဲ့ မျိုးချစ်စိတ်ရှိတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်။ နာမည်က "ငါနဲ့ငါရဲ့အမိမြေ" လို့ခေါ်ပါတယ်။ အဲ့ဒါကို တစ်ခေါက်လောက် သီဆိုပြမယ်။ သီချင်းစာသားကို ကူးရေးပြီးမှ သင်ယူရမယ်”
ကျောင်းသားများသည် ချင်ရှီးကို မျှော်လင့်တကြီးကြည့်ကာ နားစွန့်ထားကြသည်။
သံစဉ်အကူမပါဘဲ ချင်ရှီးက ပါးစပ်ကိုဖွင့်ပြီး သီဆိုလိုက်သည်။
သာယာလှပတဲ့ သီဆိုသံကို ကြားလိုက်ရပြီး ကျောင်းသားတွေရဲ့ မျက်လုံးတွေလင်းလာပြီး ဂရုတစိုက် နားထောင်လာကြသည်။
သီချင်းက မခက်ပါဘူး။ နေရာတော်တော်များများမှာ သံနေသံထားက ဆင်တူပါသည်။ ချင်ရှီးက ဒုတိယပိုဒ်ကို သီဆိုတဲ့အခါ ကျောင်းသားတချို့က တိတ်တဆိတ် လိုက်ဆိုကြသည်။
သီချင်းပြီးသွားတဲ့အခါ ကျောင်းသားတွေက ချင်းရှီကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် လက်ခုပ်တီးကာ သီချင်းကိုသင်ပေးဖို့ မျှော်လင့်နေကြသည်။
သီချင်းလေးက လှသလို စာသားလည်းကောင်း၍ လူတိုင်းကြိုက်ကြသည်။
ချင်ရှီးက ပြုံးပြီးပြောသည်။
"လက်ခုပ်သံအတွက် ကျေးဇူးတင်ပါတယ်။ ငါက သီချင်းစာသားတွေကို ဖတ်ပြမယ်။ အားလုံးက အလွတ်ကျက်ထားသင့်တယ်"
ကျောင်းသားများသည် ဖောင်တိန်နှင့် စာရွက်များကို ထုတ်ကာ မှတ်တမ်းတင်ကြသည်။
လူတိုင်းအလွတ်ကျက်ပြီးနောက် ချင်ရှီးသည် ကျောင်းသားများကို သီချင်းဆိုရန် စတင်သင်ကြားသည်။ သီချင်းသည် စွဲစွဲမြဲမြဲဖြစ်ပြီး အကြိမ်အနည်းငယ်ကြာပြီးနောက် ကျောင်းသားများသည် ချင်ရှီးနှင့်အတူ အဖွင့်အပိုင်းကို သီဆိုနိုင်သွားသည်။
ချင်ရှီး၏ သင်ကြားမှုမှာ လူတိုင်း၏ အသံထွက်ဝါကျကို မှန်ကန်အောင် ညှိပေးလေသည်။
တစ်ပတ်လျှင် ဂီတအတန်း နှစ်ခုသာရှိပြီး အမျိုးသားနေ့သည် တစ်လခွဲသာ လိုတော့သောကြောင့် အတန်းလေးတန်းသာရှိသဖြင့် အချိန်က အရမ်းကြပ်သည်။ချင်ရှီးက သူတို့ကို မှန်ကန်တဲ့ သီချင်းဆိုနည်းကို သင်ပေးပြီး သူတို့ဘာသာပြန်ပြီး လေ့ကျင့်ခွင့်ပေးလိုက်သည်။
ဤကိစ္စတွင် သူတို့က မမှားယွင်းကြပါ။ အစပိုင်းတွင် သူတို့သီဆိုခဲ့သည့်အသံအနေအထားသည် မှားယွင်းသော်လည်း အချိန်အတော်ကြာအောင် သီချင်းဆိုပြီးနောက် ပြုပြင်ရန် ခက်ခဲသောကြောင့် ချင်ရှီးက သူတို့အား အချိန်ပိုယူစေချင်သည်။
ကံကောင်းထောက်မစွာ ဤသီချင်းသည် မခက်ခဲဘဲ စာသားကလည်း ကောင်းမွန်သည်။ အတန်းတစ်ချိန်ပြီးနောက် လူတိုင်းသည် ပထမပိုဒ်ကို ကောင်းစွာသီဆိုနိုင်ကြသည်။
စာသင်ခန်းမှ အတန်းဆင်းရန် ခေါင်းလောင်းသံ မြည်လာသောအခါ ချင်ရှီးက သူတို့အား အစမ်းလေ့ကျင့်ထားရန်ပြောကာ စာသင်ခန်းမှ ထွက်လာခဲ့သည်။
သူမ ထွက်လာပြီးနောက် ဘေးအခန်း စာသင်ခန်းထဲက ဝူယုံမင်းထွက်လာတာကို တွေ့လိုက်ရသည်။ လူနှစ်ယောက် မျက်လုံးချင်းဆိုင်မိပြီး ဘယ်တစ်ဖက်ကမှ ဂရုမစိုက်ကြပေ။
ဘာဘဲဖြစ်ဖြစ် ဝူယုံမင်းက သူ့ကို စကားမပြောဘဲတော့ ချင်ရှီးက သူ့ကိုနှုတ်မဆက်ချင်ပါ။
ချင်ရှီးက သူ့ကို လျစ်လျူရှုလိုက်တာကို မြင်တော့ ဝူယုံမင်းက သူမက သက်ကြီးရွယ်အိုတွေနဲ့စီနီယာတွေကို မလေးစားဘူးလို့ တိတ်တဆိတ်တွေးပြီး စိတ်ဆိုးသွားသည်။
ဝူယုံမင်းသည် ချင်ရှီး၏ဆံပင်ကိုကြည့်ရာ အပြာရောင်ခေါင်းစည်းဖြင့် ကျစ်ထားသောပုံစံကိုတွေ့သောအခါ ပို၍ပင်မထီမဲ့မြင်ပြုလာသည်။
'မလွယ်ပါဘူး။ တိုင်းပြည်က ဖွံ့ဖြိုးနေပြီ။ တိုင်းတစ်ပါးသားတွေရဲ့ ၀တ်စားဆင်ယင်မှုကိုဘဲ စဉ်းစားနေတာ... ဟမ့်'
ချင်ရှီး ထွက်သွားသည်ကို ကျောင်းသားများက မြင်သောအခါ အနည်းငယ် တုန်လှုပ်သွားကြသည်။
"အချိန်က ဘယ်လို မြန်ရတာလဲ။ ဒီအတန်းက မိနစ် ၄၀ လောက် ကြာတာမဟုတ်ဘူးလား"
လီလျန်းက ထိုင်ခုံဖော်ကို လက်ဖြင့်ပုတ်ပြီးမေးသည်။
"သေချာပါတယ် မင်းနာရီကိုကြည့်လိုက် အချိန်မှန်လား"
ကျန်းမင်က သူ့လက်ကို မြှောက်လိုက်ပြီး လက်ကောက်ဝတ်ပေါ်ရှိ နာရီကိုကြည့်ဖို့ သူ့လက်ကို ဆွဲထုတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မှန်တယ်"
"ဒါဆို ဘာလို့လဲ မြန်လိုက်တာ အတန်းထဲမှာ အရမ်းအိပ်ငိုက်တာလည်းမဖြစ်ဘူး"
ကျောင်းသားအချို့က ဆူညံစပြုလာကာ ကျောင်းသားတော်တော်များများ ပဲ့တင်ထပ်ပြီး ဆုညံအော်ဟစ်နေကြသည်။
ရှေ့ဆုံးတန်းရှိ အတန်းခေါင်းဆောင်ဖြစ်သူ လီယွမ်က သူမ၏ မျက်လုံးများကို လှပစွာ မှိတ်ထားကာ ဝင်ပြောသည်။
"ဒါက တစ်ခုခုကို အာရုံစိုက်နေတာကြောင့် အချိန်တွေ ကုန်သွားမှန်း မင်းမသိလိုက်တာ။ အခု မင်း အာရုံမစိုက်တော့တာကြောင့် သဘာဝအတိုင်း ခံစားရလာလိမ့်မယ်။ အချိန်တွေ နှေးကွေးသွားပြီလေ"
"မင်းအတန်းထဲမှာ အိပ်တာလား။ အတန်းထဲမှာ မင်းဘာလို့ ဂရုတစိုက်နားမထောင်တာလဲ"
ကျန်းယွမ်က လေးနက်တဲ့အမူအရာနဲ့ သူ့ကိုကြည့်သည်။
သူ့အမူအရာကိုမြင်တော့ လီလျန်းက သူ့ခေါင်းကို အမြန်အုပ်လိုက်ပြီးပြောသည်။
"မင်းပြောတာမှားတယ် ငါ ဘာမှမလုပ်ဘူး"
လီယွမ်ကလည်း သူ့ကို ဂရုမစိုက်ပေ။
"ငါပြန်သွားပြီး ဖေဖေ့ကိုပြောပြီး ရိုက်ခိုင်းမယ်"
"အခု ဆရာမ သင်ပေးတဲ့အတိုင်း သီချင်းဆိုနိုင်ပြီလား။ ဒါမှမဟုတ် ငါ သင်ပေးရမလား ဖေဖေ့ကို မပြောပါနဲ့"
"ရပါတယ်၊ သင်ပေးစရာ မလိုဘူး" "
"လီလျန်း ငါ့ကိုသင်ပေးပါ"
'ကောင်းလိုက်တာ'
အခြားတစ်ယောက်က ဝင်ပြောလိုက်သဖြင့် လီလျန်းက ရည်ရွယ်ချက်ရှိရှိ စိတ်မရှည်ဟန်ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဘေးနားက ကြည့်နေကြတဲ့ ကျောင်းသားတွေက ကျယ်လောင်စွာ ရယ်မောကြပြီး မျက်နှာမှာ တောက်ပတဲ့ အပြုံးတွေကိုယ်စီနှင့်ရှိနေကြသည်။
_***_