Chapter 47

3.6K 359 1
                                    

အပိုင်း (၄၇)



ရထားပေါ်တက်ပြီးနောက် နေရာကိုရှာတွေ့သွားသော လုကျဲ့ထျန်းသည် ခရီးဆောင်အိတ်ကိုချကာ လှည့်ကြည့်၍ ချင်ရှီးနှင့်ကလေးများကို ဦးစွာအထဲသို့ဝင်စေခဲ့သည်။

သူတို့နေရာတွင် ပျော့ပျောင်းသော ကုတင်လေးခုပါရှိပြီး အပြင်ဘက်လှုပ်ရှားမှုမှ သီးခြားခွဲထားရန် ပိတ်နိုင်သော လျှောတံခါးများပါရှိသည်။ အတွင်းစားပွဲများကို အဖြူရောင် စားပွဲခင်းများဖြင့် ဖုံးအုပ်ထားပြီး အပြာနုရောင် ဇာလိုက်ကာများကို ပြတင်းပေါက်တွင် ချိတ်ဆွဲထားကာ အိပ်ယာခင်းများနှင့် စောင်အဖုံးများကလည်း အညစ်အကြေး ကင်းစင်ပါသည်။

ပတ်ဝန်းကျင်သည် အလွန်ကောင်းမွန်သောကြောင့် ချင်ရှီးသည် တခဏတာ မှင်တက်သွားသည်။

ချင်ရှီးက ကလေးတွေကို ကုတင်ပေါ်တင်ပြီး ထိုင်ခိုင်းလိုက်သည်။ သူမက ကျောပိုးအိတ်ကို ချွတ်လိုက်ပြီး ပခုံးပေါ်တင်ထားတဲ့ အိတ်ကိုဖွင့်လျက် အပူခံခွက်ကို ထုတ်လိုက်သည်။

လုကျဲ့ထျန်းသည် ခရီးဆောင်အိတ်နှစ်လုံးကို ကုတင်အောက်တွင်ထည့်ကာ ချင်ရှီးမှပေးသော ခွက်ကိုယူ၍ အဖုံးဖွင့်ပြီး အနည်းငယ်သောက်လိုက်သည်။

ကလေးများသည် ရေသောက်ပြီးနောက် လှည့်၍ ရေခွက်ကို ချင်ရှီးအား ပေးကာ ပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။ ချင်ရှီးသည် ပုလင်းအဖုံးကိုပြန်ပိတ်ကာ ကုတင်ဘေးတွင် ထိုင်လျက် အနားယူလိုက်သည်။

ခဏကြာတော့ ရထားက ရွေ့လာပြီး ဘယ်သူမှ ဒီနေရာကို မလာတော့ပေ။ ချင်ရှီးက လုကျဲ့ထျန်းကို အံ့သြတကြီး မေးသည်။
"မင်း လက်မှတ်ဘယ်နှစ်စောင် ဝယ်ခဲ့တာလဲ။ ဘာလို့ ဘယ်သူမှ ဒီနေရာကိုမလာတာလဲ"

လုကျဲ့ထျန်း : "လက်မှတ်သုံးစောင်ဘဲ မစ္စတာလီကို ကူညီဝယ်ခိုင်းလိုက်တာပါ။ လူသိပ်မရှိလို့ဖြစ်နိုင်ပါတယ်"

ထို့အပြင် ပျော့ပျောင်းသည့်ကုတင်ပါသော လက်မှတ်များသည် ဝယ်ရလွယ်ကူသည်မဟုတ်ပေ။ သင့်တွင် ပိုက်ဆံရှိလျှင်ပင် ထိုလက်မှတ်တို့ကို လွယ်လွယ်ကူကူ ဝယ်နိုင်မည်မဟုတ်ပေ။ မဟုတ်ရင် မစ္စတာလီဆီ အကူအညီတောင်းဖို့သွားစရာမလိုပါ။

ချင်ရှီးက နည်းနည်းတော့ ပျော်သွားသည်။ ဘယ်သူမှ မလာဘူးဆိုရင် လမ်းတစ်လျှောက်မှာ အများကြီး အနားယူနိုင်လိမ့်မည်။ ထိုအရာကိုတွေးပြီး ချင်ရှီးကပြောလိုက်သည်။
"ဒါဆို မင်းကို ကျေးဇူးတင်ပါတယ်"

"ရပါတယ်"
လုကျဲ့ထျန်းက ခေတ္တရပ်လိုက်ပြီး ပြောသည်။
"ငါ ဂရုစိုက်ပါ့မယ်။ စိတ်မပူပါနဲ့"

လုကျဲ့ထျန်းသည် လိမ္မော်သီးတစ်ထုပ်ကို ထုတ်ယူပြီး ချင်ရှီးအား ပေးသည်။
"မင်း အဆင်မပြေရင် နည်းနည်းစားလိုက်"

ချင်ရှီးက နောက်တစ်ကြိမ် ရထားပြန်စီးရတာကို ကြောက်နေမိသည်။

ချင်ရှီးသည် ပြုံးပြုံးရွှင်ရွှင်နှင့်ပြောလိုက်သည်။
"ဒီရထားမှာက ငါတို့လူတွေချည်းဘဲမို့ အနံ့ဆိုးတွေ မရှိဘူး၊ ငါခေါင်းမူးမှာမဟုတ်ပါဘူး"

ရလဒ်အနေနှင့်ကတော့ ဒီစကားတွေပြောပြီး သိပ်မကြာခင်မှာဘဲ ရထားကတုန်ခါလာတဲ့အခါ ချင်ရှီးရဲ့ ရင်ဘတ်က တင်းကျပ်လာသည်။

ကလေးများသည် စားပွဲဝိုင်းလေးတွင် ထိုင်ကာ ရယ်မောလျက် စကားပြောဆိုနေကြပြီး ရထားအကြောင်း သိချင်စိတ်အပြည့်ဖြင့်ရှိနေကြသည်။ ချင်ရှီးက သူတို့၏ မတူညီသောအမူအရာကို မနာလိုစွာ ကြည့်နေလေသည်။

'ဒီကိုယ်ခန္ဓာမှာ ဘာကိစ္စရှိလို့ ကား/ရထားတွေ ဆောင့်ခုန်တုန်လှုပ်သွားတဲ့အခါ မသက်မသာ ခံစားရပြီး အရမ်းကြောက်စရာကောင်းနေရတာလဲ'

လုကျဲ့ထျန်းက ချင်ရှီး၏ မျက်နှာမှာ တစ်ခုခု လွဲမှားနေတာကို သတိထားမိသွားသည်။
"ဘာဖြစ်နေတာလဲ။ အဆင်မပြေဘူးလား"

ကလေးတွေက စကားစမြည်ပြောနေတာကို ချက်ချင်းရပ်လိုက်ပြီး ချင်ရှီးကို လှည့်ကြည့်လိုက်သည်။
"မေမေ ဘာဖြစ်နေတာလဲ"

ချင်ရှီးက သူမ ရင်ဘတ်ကို ပွတ်သပ်ပြီး ရှင်းပြသည်။
"အဆင်ပြေပါတယ်။ ငါ နည်းနည်း မူးနေတော့ ခဏနေမှ အဆင်ပြေသွားလိမ့်မယ်"

လုကျဲ့ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမမျက်လုံးတွေကိုကြည့်ပြီး နည်းနည်းတော့ စိတ်ပူသွားသည်။ ကားပေါ်မှာ အလွန်အမင်းမူးသွားခဲ့ဖူးတဲ့ ချင်ရှီးက ဘယ်လောက် ပျော့သလဲဆိုတာ သူသိပါသည်။

ကုချင်းဟိုင်သည် စားပွဲပေါ်ရှိ လိမ္မော်သီးကို ကောက်ကိုင်လိုက်ပြီး အခွံနွှာ၍ ချင်ရှီးကို ပေးလိုက်သည်။
"မေမေ ပျို့အန်ချင်စိတ် သက်သာရာရအောင် ဒီဟာကို စားလိုက်ပါ"

ချင်ရှီးက ပြုံးပြုံးလေး ကိုင်လိုက်ပြီး စားလိုက်သည်။
"နည်းနည်းဘဲ ခံစားရတာပါ။ ရင်ဘတ်ထဲမှာ အောင့်နေတော့ နည်းနည်းမူးနေတာ မဖျားပါဘူး"

"ဒါဆို ဖေဖေ ရထားတံခါးဖွင့်ပေးပါ"
အန်အန်းက လုကျဲ့ထျန်းကို ညွှန်ကြားလိုက်ပြီး ချင်ရှီး၏ နံဘေးကို သွားပြီး လက်နှင့် ကျောပေါ်ကိုပုတ်ပေး၏။

ဖျင်ဖျင်သည် လိမ္မော်ခွံကိုယူကာ ချင်ရှီးရှေ့တွင် လိမ္မော်ခွံ၏ မွှေးရနံ့ကို ရစေရန် ကြိုးစားပေးနေသည်။

ချင်ရှီးသည် သူမ၏မျက်ခုံးနှင့် မျက်လုံးများပေါ်တွင် အပြုံးများဖြင့် ကြည့်နေသည်။
"ငါနေကောင်းပါတယ်။ မင်းတို့တွေ ထိုင်ကြ။ ငါအဆင်ပြေတယ်" 

ဒီလိုပြောတာကြားတော့မှ အမြွာနှစ်ယောက်က အမြန်ထိုင်လိုက်ကြသည်။

ချင်ရှီးသည် ကုတင်ပေါ်တွင် လှဲလျောင်း၍မှီနေသည်။ ချင်ရှီးသည် ကလေးများ၏ ကြင်နာမှုကို လက်ခံကာ နာခံမှုဖြင့် စောင်တစ်ထည်နှင့် ခြုံလွှမ်းလျက်နေ၏။

ဖျင်ဖျင်သည် သူမဘေးမှာ ထိုင်နေပြီး အန်အန်းက ကုချင်းဟိုင်နှင့်အတူထိုင်ဖို့ ပြေးလာသည်။
"အစ်ကို ငါ့ကို စိတ်ဆိုးရအောင်မလုပ်ပါနဲ့။ မေမေက နေမကောင်းဘူးဆို‌တော့ အနားယူဖို့လိုတာမို့ ငါတို့ ငြိမ်နေဖို့လိုတယ်"

ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် ထိုစကားကြောင့် ရယ်မောကြပြီး ကုချင်းဟိုင်ကလည်း ရယ်လျက်ဒေါသထွက်နေပါသည်။ သူ အန်အန်းကို ကျီစယ်ဖိုု့ရည်ရွယ်ချက်နှင့်မဟုတ်ဘဲ နှောင့်ယှက်ခြင်းသက်သက်လုပ်ဖို့ဆိုတာ သူ့အတွက် ယုတ္တိမရှိပါ။

ထို့ကြောင့် ကုချင်းဟိုင်သည် သူ့လက်ကို ဆန့်တန်းကာ အန်အန်း၏ခါးကို လှမ်းတို့လိုက်သည်။ အန်အန်းသည် ကုချင်းဟိုင်၏လက်ကို အဝေးသို့ ပုတ်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်သည်။
"အစ်ကို"

ကုချင်းဟိုင်သည် ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းကို ပွတ်သပ်ရင်း နာခံစွာ ထိုင်ချလိုက်ပြီး သူမကို စနောက်နေခြင်းအား ရပ်လိုက်သည်

သူမအကို၏ နာခံမှုကိုမြင်တော့ အန်အန်းက ခေါင်းကိုလှည့်ပြီး ငြီးတွားလိုက်သေးသည်။
"တကယ်ပါဘဲ "

ချင်ရှီးသည် ဤမြင်ကွင်းကို အင်မတန် သဘောကျသွားသည်။ အန်အန်း၏ လူကြီးပုံစံဟန်ပန်က အရမ်းချစ်စရာကောင်းရာ ကုချင်းဟိုင်က သူမကို ကျီစားလေ့ရှိသည်မှာ အံ့သြစရာမဟုတ်ပါ။ အန်အန်းလေးက ဒေါသတကြီးဖြစ်နေဟန်ကလည်း သဘောကျစရာပင်။

အချိန်အတော်ကြာပြီးနောက် သူတို့သည် ပြေးလွှားဆော့ကစားနိုင်ခြင်းမရှိဘဲ ဆူညံနေသော ရထားပေါ်တွင်သာနေနိုင်သောကြောင့် ကလေးများသည် ရထားကို စိတ်မဝင်စားတော့ဘဲ စကားပြောနေတာကို ရပ်လိုက်ကြသည်။

ကုချင်းဟိုင်သည် အနည်းငယ်ပျင်းတဲ့အတွက် သူ့ကျောင်းလွယ်အိတ်ထဲက သင်ရိုးညွှန်းတမ်းစာအုပ်တွေကို လိုက်ရှာဖတ်နေသည်။ ဒါကိုမြင်တော့ အန်အန်းဟာ ငုံ့ကြည့်လိုက်ရာ သူတို့အားလုံးဟာ မရင်းနှီးတဲ့ ဇာတ်ကောင်တွေဖြစ်နေတာ တွေ့ရတော့ စိတ်ဝင်စားမှု ပျောက်သွားသည်။

အန်အန်း၏ ငြီးငွေ့သောအကြည့်ကို မြင်လိုက်ရသဖြင့် ဖျင်ဖျင်သည် သူတို့အတွက် အထူးပြုလုပ်ထားသည့် ကြောင်ပုံအိတ်ထဲမှ ခဲတံတစ်ချောင်းကို ထုတ်ကာ အန်အန်းကို ကြည့်လိုက်သည်။

ဖျင်ဖျင်က အန်အန်းကိုကြည့်ပြီး ဘာမှပြန်မပြောပေမဲ့ အန်အန်းက သူ ဘာကိုဆိုလိုမှန်းသိပြီး "ကောင်းပြီ" လို့ပြောပြီး ဖျင်ဖျင်နှင့်အတူ ပုံဆွဲဖို့လာသည်။

ဤမြင်ကွင်းကိုကြည့်နေသူ ချင်ရှီးသည် သူမ၏မျက်ခုံးကိုပင့်ကာ လုကျဲ့ထျန်းကို ဘေးတိုက်ကြည့်လိုက်ရာ အမြွာများကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

လုကျဲ့ထျန်းသည် ချင်ရှီးကို လှည့်ကြည့်လာပြီး ချင်ရှီးက အမြွာများကို မေးဆတ်ပြရာ သူကလည်း ခေါင်းငြိမ့်သည်။

ဤမြင်ကွင်းကိုမြင်လိုက်ရသော ကုချင်းဟိုင်သည် အနည်းငယ်မှင်တက်သွားသည်။ အန်အန်းနှင့် ဖျင်ဖျင်တို့သည် စိတ်ချင်း၊ ခံစားချက်ချင်း အဆက်အသွယ်ရှိသောကြောင့် စကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်သော်လည်း အဖေနှင့်အမေက စကားမပြောဘဲ မည်သို့နားလည်နိုင်မည်နည်း။

'ဒါက ဘာကို ဆိုလိုတာလဲ။ ဖေဖေက မေမေပြောချင်တာကို နားလည်တာလား'

ကုချင်းဟိုင်က မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများက လူလေးယောက်ကို အပြန်ပြန်အလှန်လှန် လှည့်ကြည့်ရင်း ထိုအကြောင်းကို ပိုတွေးလေလေ သူသည် ပြစ်ပယ်ခြင်းခံထားရသည်ဟု ခံစားလာရလေလေဖြစ်သည်။ သူတို့အားလုံးက အတွဲတွေဖြစ်ကြပြီး သူတစ်ယောက်တည်း ဘာမှနားမလည်နိုင်ဘူး။ နည်းနည်းတော့ ဒေါသထွက်စရာကောင်းလှသည်။

ကုချင်းဟိုင်သည် သူတို့ကို လေးလေးနက်နက် သတိပြုမိပေမဲ့ ခဏကြာတော့ သူဘာမှ နားမလည်နိုင်တော့ဘဲ အတွေးကို စွန့်လွှတ်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။

အရင်က ကြီးကြပ်ရေးမှူးကျန်းရဲ့ စားပွဲမှာ စိတ်ပညာစာအုပ်တစ်အုပ် တွေ့ဖူးပြီး ပိုက်ဆံအလုံအလောက်ချွေတာ၍ သူ့ဘာသာသူ ဝယ်လိုက်ဖူးသည်။

ကုချင်းဟိုင်သည် ကျယ်ပြန့်စွာ တွေးတောနေပြီမှန်းပင် မသိသော ချင်ရှီးသည် အမြွာများ၏ စေ့စေ့စပ်စပ် နားလည်မှုကိုကြည့်ပြီး သူမစိတ်ထဲတွင် အနည်းငယ် သက်ပြင်းချလိုက်သည်။

သူမ အရင်က သတိမထားမိခဲ့ဘူး။ အမြွှာလေးတွေက တကယ်ဘဲ စိတ်ချင်းဆက်နေကြသည်ဘဲ။ ချင်ရှီးသည် သူတို့နှစ်ဦးက စကားပြောရန် မလိုအပ်ကြောင်းကို တစ်ကြိမ်ထက်ပို၍ ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့သည် တစ်ဖက်သား၏ ဆိုလိုရင်းအဓိပ္ပါယ်ကို တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်သည် သို့မဟုတ် တစ်ဖက်လူ၏ စိတ်ခံစားချက်ကို ခံစားနိုင်ကြသည်ပင်။

တစ်ခါက အန်အန်းတစ်ယောက်တည်း အပြင်ထွက်ပြီး ဖျင်ဖျင်က အိမ်မှာ ပန်းချီဆွဲရင်းနေရစ်ခဲ့သည်။ ဖျင်ဖျင်က ပန်းချီဆွဲတာကို ကောင်းကောင်းလုပ်ထားပေမဲ့ ရုတ်တရက်ဆိုသလို ပုံဆွဲနေသည့် စက္ကူစကို ပစ်ချလိုက်ပြီး ချင်ရှီးကို ထိတ်လန့်တကြားဖြစ်စေသည်အထိ ပြေးထွက်သွားခဲ့ဖူးသည်။

ချင်ရှီးလည်း ပြေးထွက်လာပြီးနောက် တံခါးအပြင်ဘက်က မြေပြင်မှာ အန်အန်းလဲကျနေတာကို မြင်လိုက်ရပြီး လက်တွေ ဒူးတွေ ပွန်းပဲ့ကုန်၏။

အန်အန်းက ငိုသံထွက်မလာပေမဲ့ ဖျင်ဖျင်က ချက်ချင်းသိပြီး အလျင်အမြန်ရှာဖို့ ပြေးထွက်သွားသည်။ ချင်ရှီးက ဒီအခြေအနေကို အံ့သြသွားရသည်။

အချိန်အတိုင်းအတာတစ်ခုအထိ ဂရုတစိုက်လေ့လာကြည့်ပြီးနောက် ချင်ရှီးသည် အမြွှာများတွင် စိတ်ချင်းဆက်နေပုံရှိရသည်မှာ အလွန်ထူးဆန်းကြောင်း တွေ့ရှိခဲ့သည်။

သူတို့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုမရှိကြောင်းကို ခဏတာစောင့်ကြည့်တွေ့ရှိပြီးနောက် ချင်ရှီးသည် စောင့်ကြည့်ခြင်းကိုရပ်တန့်ကာ သူတို့ကို ကိုယ်ပိုင်လမ်းစဉ်အတိုင်းသာ လွှတ်ပေးခဲ့သည်။

....   ....   ....

လက်မှတ်စစ်ဆေးရေးမှူးသည် လက်မှတ်များကို ပုံမှန်စစ်ဆေးခဲ့ပြီး လုကျဲ့ထျန်းနှင့်တကွ အခြားသူများ၏ လက်မှတ်များမှန်ကန်ကြောင်း အတည်ပြုပြီးနောက် နောက်ရထားတွဲဆီသို့ သွားလေသည်။

များမကြာမီ ညဘက်တွင် ချင်ရှီးသည် ရထားတုန်ခါမှုကြိမ်နှုန်းကို ကျင့်သားရလာပြီး မသက်မသာ ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။

ရထားပေါ်ရှိဝန်ထမ်းသည် ညစာရောင်းရန် တွန်းလှည်းကိုတွန်းလာသည်။ ချင်ရှီးသည် ထိုအစားအသောက်ကိုကြည့်ကာ သူမ၏ကိုယ်ပိုင်ယူလာသော ပဲပိစပ်မုန့်များနှင့် ထမင်းများကိုသာ ထုတ်ထုတ်သည်။

ဟင်းတွေကပူတဲ့အခါ အရသာရှိပေမဲ့ အေးတဲ့အခါလည်း အရသာက မဆိုးပါဘူး။ သို့သော်လည်း ရထားပေါ်ယူလာဖို့အထိတော့ အဆင်မပြေပါ။

ယခုမူ ရာသီဥတုက အလွန်အေးနေပြီး မုန့်လုံးများနှင့် ထမင်းများသည် အလွန်အေးသောကြောင့် ချင်ရှီးသည် ထိုအရာများအားစားပြီးနောက် ကလေးငယ်များ ဝမ်းပျက်မည်ကို စိုးရိမ်နေသည်။

လုကျဲ့ထျန်းသည် ပစ္စည်းများကိုယူကာ တစ်စုံတစ်ယောက်အား အပူပေးခိုင်းရန်အတွက် ထမင်းစားခန်းသို့ သွားရန်ပြင်သည်။

"တစ်ယောက်ယောက်က ကူညီမှာလား" ချင်ရှီး အနည်းငယ် သံသယဝင်သွားသည်။

"ဟုတ်တယ်"

လုကျဲ့ထျန်းက သူ့ပစ္စည်းတွေကိုယူပြီး ထွက်သွား၍ သိပ်မကြာခင်မှာဘဲ မုန့်ပူပူတွေနှင့် ကြက်ဥပြုတ်ပန်းကန်လုံးကြီးတစ်လုံးကို ယူလာပြီး ပြန်လာခဲ့သည်။

ချင်ရှီးက အနည်းငယ် အံ့အားသင့်သွားသည်။
"ဒါတွေက ဒီထမင်းစားခန်းမှာ မရောင်းပါဘူး"

လုကျဲ့ထျန်းက အစားအသောက်တွေကို စားပွဲပေါ်တင်ပြီး ရှင်းပြသည်။
"ရဲဘော်တစ်ယောက်နဲ့ ဆုံခဲ့ပြီး သူတို့ရဲ့ဝန်ထမ်းတွေက ဒါကိုစားတာမို့ ငါတို့ကို ပေးလိုက်တာ"

ထမင်းစားခန်းက အခကြေးငွေဖြင့် အစားအသောက်ကိုမှာယူနိုင်သည်။ လုကျဲ့ထျန်းသည် မူလက တစ်ခုခုကိုမှာပြီး မုန့်တွေကို အပူပေးခိုင်းဖို့ စီစဉ်ခဲ့ပေမဲ့ သူ့ အရင်ကအသိမိတ်ဆွေတစ်ယောက်နှင့် ဆုံမိဖို့ မမျှော်လင့်ထားမိပေ။ ယခုတော့ ပိုက်ဆံကုန်စရာ မလိုတော့ပါ။

"တိုက်ဆိုင်လိုက်တာ"
ချင်ရှီးက ကလေးတွေကို မြန်မြန်စားခိုင်းပြီး လွယ်အိတ်ထဲမှ ဖုတ်ထားတဲ့ ဘီစကွတ်ဗူးကိုထုတ်ပြီး လုကျဲ့ထျန်းကို ပေးသည်။
"ပန်းကန်လုံးကို ပြန်ပေးတဲ့အခါ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ပေးလိုက်ပါ ”

လုကျဲ့ထျန်းကယူထားပြီး နောက်မှ ပြန်ပေးဖို့ ရည်ရွယ်လိုက်သည်။

"အဲ့လူနဲ့ဘယ်လိုသိတာလဲ"
ချင်ရှီးက ထမင်းစားရင်း မေးသည်။

"ငါနဲ့အတူ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတစ်ယောက်က ခြေထောက်ဒဏ်ရာရခဲ့တယ်။ အဲ့ဒါက သူ့ရဲ့နေ့စဉ်ဘဝကို မထိခိုက်စေပေမဲ့ ပြင်းထန်တဲ့လေ့ကျင့်ရေးတွေ မလုပ်နိုင်တော့တဲ့အတွက် အနားယူခဲ့ရတယ်"

လုကျဲ့ထျန်းက ပဲပိစပ်ထည့်သွင်းထားသည့် ပေါင်မုန့်ကို အလုတ်ကြီးကြီးကိုက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ မုန့်က ချိုမြပေမဲ့ မဆီမဆိုင် ပဲပိစပ်က အရသာကို နည်းနည်းလေးမှိတ်ဖျော့သွားစေသည်။

ချင်ရှီး : "ဒါဆို ငါတို့ သူ့ကို နောက်ထပ် အနှောက်အယှက်ပေးရတော့မယ်။ ငါတို့ ကံကောင်းလိုက်တာ"

လုကျဲ့ထျန်းက ပြုံးသည်။
"ဟုတ်တယ်"

ထမင်းစားပြီးသည်နှင့် လုကျဲ့ထျန်းက ပန်းကန်တွေကို ဆေးကြောပြီး ဘီစကွတ်တွေနှင့်အတူ ပန်းကန်ကို တခြားသူဆီ ပြန်ပေးဖို့သွားသည်။

ဆယ်မိနစ်ခန့်အကြာတွင် သူပြန်လာသောအခါ နောက်ထပ် ပန်းသီးနှစ်လုံးကို ယူလာသည်။

"ဘီစကစ်ကို မြည်းစမ်းပြီးတာနဲ့ ပန်းသီးနှစ်လုံးထပ်စားခိုင်းလိုက်တယ်"

လုကျဲ့ထျန်းက နည်းနည်းတော့ ကူကယ်ရာမဲ့နေဟန်ပင်။ 
"မင်းလုပ်ထားတာလို့ ငါပြောပေမဲ့ သူက ငါ့ကို မနာလိုဖြစ်နေတုန်းဘဲ"

ချင်ရှီးက လုကျဲ့ထျန်းကို ကြည့်ပြီး ရယ်နေသည်။
"မင်းကို မနာလိုတာတဲ့လား။ လွန်လွန်းတာပေါ့"

လုကျဲ့ထျန်းက ပြုံးနေ၏။
“ဟုတ်တယ်”

အဘယ်ကြောင့်ဆိုသော် ချင်ရှီးနှင့် သူ၏ ဆက်ဆံရေးကို သူတို့ မသိသောကြောင့် ဖြစ်သည်။

ချင်ရှီးသည် သူ့အပြုံးက အနည်းငယ်ထူးဆန်းသည်ကို မြင်လိုက်ရပြီး အသေအချာကြည့်ရန်ပြင်သော်လည်း လုကျဲ့ထျန်းသည် လှည့်ကြည့်ကာ သူ့အိတ်ထဲမှ သစ်သီးဓားတစ်ချောင်းကို ရှာ၍ ပန်းသီးကို အခွံနွှာပြီး ကလေးများအတွက် အပိုင်းပိုင်းဖြတ်လိုက်သည်။

ချင်ရှီးသည် သေချာကြည့်လိုက်သော်လည်း လုကျဲ့ထျန်း၏အမူအရာမှာ ဘာအမှားအယွင်းမှမရှိသည်ကိုတွေ့လိုက်ရသောကြောင့် သူ့အား အာရုံစိုက်ခြင်းကိုရပ်လိုက်သည်။

ကလေးများနှင့် ချင်ရှီး စကားပြောနေတာကိုမြင်တော့ လုကျဲ့ထျန်း၏မျက်လုံးများ အနည်းငယ်မှေးမှိန်သွားခဲ့သည်။

ဟုတ်ပါသည်။ သူမဟာ ထပ်တူထပ်မျှ ခံစားသိမြင်လွယ်သူဖြစ်နိုင်ပေမဲ့ သူမ ကိုယ်တိုင်က ဒီဆက်ဆံရေးကို ထပ်ပြီး မတိုးတက်ချင်တာဖြစ်ပါလိမ့်မည်။

လုကျဲ့ထျန်းသည် အလျင်စလိုမရှိဟု တွေးကာ သူ့စိတ်ထဲတွင် သက်ပြင်းချကာ အချိန်ယူရန် ပြင်ဆင်လိုက်သည်။

ရထားသည် ညဘက်တွင် ရပ်တန့်ခြင်းမရှိသောကြောင့် ရထားခန်းတွင် ချင်ရှီးနှင့် ကလေးများသာရှိပြီး လုကျဲ့ထျန်း အနီးတွင် ချင်ရှီးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ အိပ်ရာထသောအခါ ချင်ရှီးသည် ကလေးများကို မျက်နှာသစ်ပေးရန်ခေါ်သွားကာ လုကျဲ့ထျန်းသည် သူ၏ ရဲဘော်ကို ရှာဖွေရန် ထမင်းစားခန်းသို့ အစားအစာများ ယူသွားခဲ့သည်။

ထမင်းစားနေကြတုန်း ရထားအရှိန်က ရုတ်တရက်နှေးသွားပြီး ဘူတာရုံမှာ အမြန်ရပ်သွားသည်။

တစ်ချို့က ရထားပေါ်ကဆင်းပြီး တစ်ချို့က ရထားပေါ် တက်ကြသည်။ ကလေးတွေက ပြတင်းပေါက် အပြင်ဘက်မှာ အိတ်ကြီးကြီးတွေနှင့်လူအများစည်ကားနေတာကို စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ စားစရာက အရသာ မကောင်းတော့ စိတ်ဝင်တစားမရှိလှပါ။

ချင်ရှီးက ကလေးတွေကို မြန်မြန်စားဖို့ တိုက်တွန်းလိုက်ပြီး ထမင်းစားပြီးတဲ့အခါ တစ်ယောက်ယောက်က သူတို့အခန်းထဲကို ဝင်လာတာကို တွေ့လိုက်ရသည်။

မျက်မှန်တပ်ထားသော အဘွားကြီးတစ်ဦးသည် အလွန်လှပသော ကလေးမလေးတစ်ဦးကို ဦးဆောင်၍ ကလေးသုံးယောက်နှင့်အတူရှိသော ချင်ရှီးကို ကြည့်ကာ သာမန်မျက်စိဖြင့်တောင် မြင်နေရသည့် သက်ပြင်းတစ်ချက်ကို သိသိသာသာ ရှိုက်လိုက်၏။

"မင်္ဂလာပါ"
ချင်ရှီးသည် သူတို့ကို အရင်နှုတ်ဆက်ပြီး ဝင်လာဖို့ နေရာစီစဉ်လိုက်သည်။

_***_

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Où les histoires vivent. Découvrez maintenant