အပိုင်း (၅၄)
ဤအရပ်တွင် ဆောင်းရာသီက အရမ်းအေးပြီး ကလေးတွေက သစ်ဥသစ်ဖုများရှာဖို့ တောင်ပေါ်ကို မတက်နိုင်ဘဲ နွေရာသီမှာလို ရေကူးပြီး ငါးဖမ်းဖို့ မြစ်ထဲလည်းမဆင်းနိုင်ရာ သူတို့မှာ ဘာမှလုပ်စရာမရှိပါ။
ဖေဖေလုနှင့် လုကျဲ့ထျန်းတို့သည် ကလေးငယ်များအားခေါ်၍ ရေခဲပြင်စကိတ်စီးခြင်းနှင့် ငါးဖမ်းရန်အတွက် မြစ်ရေခဲပြင်ကို ရိုက်ချိုးခြင်းများပြုကာ ပျော်ရွှင်စွာဖြင့် ငါးများကို ပြန်လည်သယ်ဆောင်လာကြသည်။ ချင်ရှီးသည် ထိုငါးများအား အရသာအမျိုးမျိုးဖြင့် ချက်ပြုတ်ပေးသောကြောင့် ကလေးငယ်များရော လူကြီးများကိုပါ ရွှင်မြူးစေ၏။
တစ်ပတ်အတွင်း ချင်ရှီးချက်ပြုတ်ထားသည်မှာ ငါးချဉ်၊ ငါးစွပ်ပြုတ်၊ ငါးချိုချဉ်၊ ငါးပေါင်း၊ ငါးကြော်၊ တို့ဟူးငါးစွပ်ပြုတ်စသည်ဖြင့်... စားရသည်မှာ ငြီးငွေ့စရာမရှိလှပါ။ သူတို့အားလုံး အခြားအသားမစားဘဲ တစ်ပတ်လောက် ငါးစားပြီးတာတောင် လူတိုင်းက ငြီးငွေ့တယ်လို့ မခံစားရဘဲ ချင်ရှီးက နောက်တစ်မျိုး ဘာပြန်လုပ်နိုင်ဦးမလဲဆိုတာကို စောင့်မျှော်နေကြဆဲပင်။
ချင်ရှီးလည်း သူတို့ကြောင့် အခက်တွေ့နေရပြီး လှည့်ကွက်များကိုသာအသုံးပြု၍ ဆက်လက်ချုပ်ပြုတ်နေရလေသည်။ သူတို့က ငါးဖမ်းသူများပြားပြီး ဖမ်းရခက်သည်အထိဖြစ်လာမှသာ လက်လျော့လိုက်ကြသည်။
ပထမလ၏ ဆယ့်ငါးရက်နေ့တွင် မီးပုံးပွဲတော်ရှိပြီး ခရိုင်တွင် *ယန်းကိုအကပွဲများလည်းရှိသည်။ လုမိသားစုတစ်စုလုံး မနက်စောစော ထမင်းစားပြီးနောက် ယန်းကိုအကကြည့်ရန် ခရိုင်သို့ အမြန်သွားကြသည်။
(*ယန်းကို - တရုတ်ရိုးရာ ကျေးလက်အကတစ်မျိုးဖြစ်ပါတယ်)
ခရိုင်မြို့ထဲမှာ လူတွေများလျက်ရှိသည်။ လမ်းတွေမှာ လူတွေက အပြည့်ဖြင့် တကယ့်ကို စည်ကားလှသည်။ နွေဦးပွဲတော်ကာလ ရထားဘူတာလိုဘဲ အနီးနားက မြို့နယ်၊ ရွာကလူတွေလည်း လာကြသည်။
ကလေးတွေကို လူကြီးတွေက ပွေ့ဖက်ဆွဲခေါ်ကြပြီး လူတိုင်းက လည်ပင်းကို ဆန့်တန်းလျက် ခေါင်းညိတ်ပြကာ မျက်နှာပေါ် အပြုံးများပြည့်နေကြသည်။ ဒီအချိန်ဟာ အပန်းဖြေအနားယူဖို့ ရှားရှားပါးပါး အချိန်တစ်ခုပါဘဲ။
လုကျဲ့ထျန်းသည် အန်အန်းကိုပွေ့ဖက်ထားပြီး ဖေဖေလုက ဖျင်ဖျင်ကို ပွေ့ဖက်ထား၍ ချင်ရှီးနှင့်လုယောင်တို့က ကုချင်းဟိုင်ကို တွဲခေါ်ထားကာ မေမေလုနှင့်အတူ လူအုပ်ထဲသို့ တွန်းတိုးကာ ရှေ့ဆုံးတန်းသို့ ပြေးသွားကြသည်။
များမကြာမီတွင် မောင်းသံ၊ စည်သံ၊ နှဲသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးသည် ပို၍ပင် ဆူညံလာကာ ကလေးငယ်များ၏ ရင်ခုန်သံများလည်း ပျံ့နှံ့သွားလေသည်။
တံပိုးခရာများ၊ စည်များ၊ မောင်းများ ကိုင်ဆောင်ထားသော အဖွဲ့သည် ရှေ့တွင် လျှောက်သွားနေသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပိုးနီရောင်ကို ၀တ်ဆင်ထားပြီး တူရိယာများကိုင်ဆောင်လျက် ပိုးနီပန်းများကိုလည်း ဆင်ယင်ထားကြသည်။ ပွဲလမ်းသဘင်က အလွန်ကြည့်ကောင်းလှသည်။
တူရိယာမှုတ်သူကမှုတ်၊ ထုသူကထုဖြင့် အဆုံးမရှိ ဆူညံသံကိုကြားသောအခါတွင် လူတိုင်းကို တုန်လှုပ်အံ့ဩစေခဲ့သည်။
"ဝိုး…"
အမြွှာနှစ်ယောက်က အံ့ဩလျက်ရှိကြသည်။
ကြီးစိုးနေသော တူရိယာသံသည် မောင်းသံ၊ စည်သံ၊ နှဲသံများဖြင့် လိုက်ဖက်ပြီး ကျယ်လောင်စွာမြည်ဟီးနေသည်။ ယန်းကိုအကအဖွဲ့သည် ဖြည်းညှင်းစွာ လျှောက်သွားကာ အသံသည် ပိုကျယ်လောင်လာသည်။
ချင်ရှီးတို့အရှေ့သို့ ရောက်ရှိလာသောအခါတွင် တီးဝိုင်းနောက်ကွယ်တွင်ရှိသော အနီရောင်နှင့် အစိမ်းရောင်ခြယ်မျက်နှာများက ကလေးများကို ဆွဲဆောင်လျက်ရှိသည်။ သူတို့သည် ထူထဲသောမိတ်ကပ်လိပ်ထားပြီး ပိုးနီရောင်တောက်တောက်ဝတ်ဆင်ကာ ပရိတ်သတ်ကြီးနှင့်အတူ ခြေတစ်လှမ်းချင်း လျှောက်ကာ ခေါင်းကို မြင့်မြင့်မြောက်ထားသည်။
ချင်ရှီးသည် ကုချင်းဟိုင်၏လက်ကို ဆုပ်ကိုင်ထားပြီး လက်မလွှတ်ဝံ့သောကြောင့် ဆူညံသံကိုကာကွယ်ဖို့ နားရွက်ကိုဖုံးရန် လက်တစ်ဖက်သာဆန့်နိုင်ခဲ့သည်။ လူတစ်ဒါဇင်ကျော်ရှိသော အဖွဲ့တစ်ဖွဲ့တွင် နှဲမုတ်သူများစွာရှိကာ အသံက ကျယ်လောင်လွန်းလှသည်။
နှဲ၏ အမိုက်စားအသံသည် သူမ၏ ဦးနှောက်ကို စူးစူးရှရှခံစားရစေပြီး ချင်ရှီးသည် သူမ၏ နားကို မအုပ်ထားဘဲ မနေနိုင်ခဲ့ချေ။
ချင်ရှီးသည် တီးဝိုင်းက အဝေးထွက်ခွာသွားသောအခါ အနည်းငယ် စိတ်သက်သာရာရသွားသည်။
ယန်းကိုအကကိုသာ အလေးအနက်ထား၍ သူတို့၏မိတ်ကပ်ကို ပုံကြီးချဲ့ပြင်ဆင်ထားပုံမှာ ဖော်ပြရခက်သော်လည်း ၎င်းအချင်းအရာသည် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပြီး နောင်လာနောက်သားများ မြင်တွေ့ရန် ခက်ခဲလှသည်။
အရုပ်ခေါင်းကြီး၀တ်ထားသူတွေ၊ ခုန်၍ခါးလွယ်ဗုံတီးသူတွေ၊ အရှည်တစ်မီတာထက်ပိုတဲ့ခြေတံရှည်တွေပေါ် လမ်းလျှောက်သူတွေ၊ တမင်တကာ ရုပ်ဆိုးဟန်ဆောင်သူတွေ စသဖြင့် စုံလင်လှသည်။
အဖွဲ့ပေါင်းစုံကို ကြည့်ရှုနေသော ချင်ရှီးသည် လုံးဝ စွဲဆောင်ခံလိုက်ရသည်။
ရောင်စုံပိုးထည်များက ခုန်လွှား ပျံသန်းနေလျက်၊ မောင်းသံနှင့် စည်သံများကြား ကခုန်နေခြင်းက အလွန်ထူးခြားပါသည်။ ထိုအရာက တကယ့်ရိုးရာ ယန်းကိုအကဖြစ်သည်။
မိုဘိုင်းလ်ဖုန်းရှိလျှင် ချင်ရှီးသည် ဤအရာများကို မှတ်တမ်းတင်လိုလှသည်။ အလွန်စိတ်ဝင်စားစရာကောင်းပြီး တုန်လှုပ်အံ့ဩစရာကောင်းလှသည်။
ယန်းကိုအကအဖွဲ့သည် နှေးကွေးစွာ လမ်းလျှောက်၍သရုပ်ပြသော်လည်း တစ်နာရီအတွင်းပြီးစီးပါ၏။
လူတွေဟာ ဖြည်းညှင်းစွာ လူစုခွဲကြပြီး အခုလေးတင်ပြီးသွားသော ယန်းကိုအကကို မြူးမြူးကြွကြွနှင့် ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောနေကြသည်။
ချင်ရှီးတို့သည် ဈေးသို့လိုက်သွားခဲ့ပြီး သူမ နှလုံးသားထဲတွင် မပြီးဆုံးသေးသော စီးပွားရေးတွက်ကိန်းအချို့ရှိနေဆဲဖြစ်သော်လည်း ဈေးသို့ရောက်သောအခါတွင် ဈေးထဲတွင် ဈေးဆိုင်များဖွင့်လှစ်ထားသည့် လူအများအပြားကိုတွေ့လိုက်ရသောအခါတွင် ချက်ခြင်းအာရုံပြောင်းသွားခဲ့သည်။
ချက်ပြုတ်ရတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါးတွေ၊ အသားတွေ၊ နေ့စဉ်သုံးပစ္စည်းတွေနှင့် အဝတ်အစားတွေရှိသည်။
"အာ.…လူတွေ အများကြီးဘဲ"
လုယောင်တို့သည် အသစ်ဖွင့်လှစ်ထားသော စျေးကွက်စနစ်တွင် ဆိုင်ခန်းများစွာရှိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
မေမေလုသည် မြင်သာစွာချိတ်ဆွဲထားသော ဆိတ်သားများနှင့်ဝက်သားများကိုကြည့်လိုက်သည်။ လူတစ်စုက သားသတ်ရုံအနီးတွင် စုရုံးလျက်ရှိသည်။
"အသားတွေ အများကြီးရှိတယ်။ လက်မှတ်မလိုဘဲ ကိုယ်တိုင်ရွေးဝယ်လို့ရတယ်"
"ကောင်းလိုက်တာ။ ဒီလိုသာဆို ထောက်ပံ့ရေးနဲ့စျေးကွက်ရှာဖွေရေးသမဝါယမလုပ်ငန်းက ဆက်ပြီးလည်ပတ်နိုင်ပါ့ဦးမလား"
"ဖြစ်နိုင်ဦးမှာပါ"
ဖေဖေလုသည် ဖျင်ဖျင်ကိုတွဲခေါ်လျက် ခြောက်သွေ့နေသော နှုတ်ခမ်းကိုသပ်လျက် စကားဆက်ပြောသည်။
"သမဝါယမက အစိုးရပိုင်ဖြစ်ပြီး ထောက်ပံ့ပစ္စည်းလည်း ပေါပေါကြွယ်ကြွယ်ရှိတော့ ဆက်လက်ရပ်တည်နိုင်လောက်ဦးမှာပါ"
"(လိုအပ်တဲ့ပစ္စည်းတွေကို) ကိုယ်တိုင်စိတ်ကြိုက်ရှာဖွေပြီးဝယ်မလား။ ဒါမှမဟုတ် အခြားသူရဲ့သိမ်းဆည်းစုဆောင်းထားတဲ့အထဲကမှ (လက်မှတ်ခွင့်ပြုချက်ဖြင့်သာလျှင်) ဝယ်ယူမလား…ဒီလိုလူတွေကတော့ တဖြည်းဖြည်းနည်းသွားမယ်ထင်တယ်"
လုယောင်က ဂရုတစိုက်တွေးကြည့်ပြီးနောက် ပြောလိုက်သည်။
လုကျဲ့ထျန်းကလည်း ထောက်ခံသည်။
"ဒါဖြစ်သင့်တာဘဲလေ"
"လက်ရှိမူဝါဒက မပြောင်းလဲဘူးဆိုရင် ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးသမဝါယမဟာ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ခက်ခဲတဲ့အခြေနေကို ရင်ဆိုင်လာရနိုင်မယ်လို့ ငါလည်းထင်တယ်"
မေမေလုကလည်း သူမ၏အတွေးကို အခိုင်အမာထုတ်ဖော်ပြောဆိုလေသည်။
သမဝါယမအဖွဲ့တွင် ဝန်ထမ်းများသည် ဆိုးရွားသောမျက်နှာထားနှင့် ကြောက်စရာကောင်းလှသော သဘောထားများ ရှိကြသည်။ ဤနေရာမှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဦးစီးသူများသည် သူတို့ပစ္စည်း မဝယ်လျှင်ပင် ပြုံးရယ်ကာ နေကြဆဲပင်။
"အပြင်မှာဝယ်မယ်ဆို လက်မှတ်မလိုဘူး။ စျေးလျှော့ခိုင်းလို့လည်းရတယ်။ မြန်မြန်ဆန်ဆန်ဘဲ တွေးကြည့်စမ်းဦး။ နောက်ပိုင်းမှာ လူတိုင်းက ထောက်ပံ့ရေးနဲ့စျေးကွက်ရှာဖွေရေးသမဝါယမကိုသွားဖို့ ဆန္ဒရှိကြမှာ မဟုတ်ဘူး။ သူတို့ နောက်ဆို ဒေဝါလီခံသွားရတော့မယ်"
ချင်ရှီးသည် မေမေလုကို အံ့အားသင့်စွာ ကြည့်ရင်း သူမမျက်လုံးတွေက မေမေလုသည် အမှန်တရားကို ဒီလောက်ရက်ရက်စက်စက်ပြောနိုင်မယ်လို့ မမျှော်လင့်ထားပေ။ သို့သော် သူမ ပြောတာ မှန်ပါသည်။
“မဖြစ်နိုင်ပါဘူး”
ဖေဖေလုသည် ခေါင်းခါလိုက်ပြီး ဆက်ငြင်းသည်။
“ရောင်းလိုအားနဲ့စျေးကွက်ရှာဖွေရေးသမဝါယမကို နိုင်ငံတော်က ကျောထောက်နောက်ခံပြုထားတာ”
ဖေဖေလုက နိုင်ငံတော်ကို အရမ်းယုံကြည်နေ၏။
မေမေလုသည် စိတ်တိုစွာမျက်လုံးလှန်လိုက်ရင်း သူနှင့် ငြင်းခုံနေမည့်အစား ဈေးဆိုင်အသေးလေးများတည်ထောင်ထားကြသည့်သူများကို ဂရုတစိုက် စောင့်ကြည့်လေ့လာနေလေတော့သည်။
မိသားစုသည် ဈေးဝယ်ထွက်ရင်း နောက်ဆုံးတွင် အကြောင်းပြချက်မရှိဘဲ ပစ္စည်းအများအပြားကို ဝယ်ခဲ့ကြသည်။ မေမေလုသည် ပစ္စည်းများကို ကျောခိုင်းလိုက်သည်။
“မဝယ်ချင်ပေမဲ့ လက်မှတ်တွေမလိုဘဲ ဝယ်လို့ရတော့ စဝယ်မိတဲ့အခါ ထိန်းမရတော့ဘူး"
ထို့နောက် ချင်ရှီးရဲ့အနားကို ရုတ်တရက်ရောက်လာသည်။
"ရှီးရှီး စောစောကပြောခဲ့တဲ့ ဆိုင်တန်းအကြောင်း ထပ်ပြောပြပါဦး"
ဖေဖေလုက လှမ်းကြည့်သည်။
"မင်းက ဆိုင်လေး ဖွင့်ချင်နေတာလား"
မေမေလုက ရင်ထဲထိသွားသည်။
"အဲ့ဒီဆိုင်တွေကို မတွေ့ဘူးလား။ လူအရမ်းများပြီး ခဏနေတော့ ပိုက်ဆံတွေ အများကြီးရလာတယ်။ ဆိုင်လေးတစ်နေရာဝယ်ထားသရွေ့ မြို့ထဲမှာ ဆိုင်သေးသေးလေးဖွင့်ထားမယ်။ အိမ်မှာဘဲနေရင်း ပိုက်ဆံရှာလို့ရတယ်"
ဖေဖေလု : "ဒါကမလွယ်ဘူးလို့ ရှီးရှီးကပြောတယ်လေ။ အဓိကအကြောင်းအရင်းက ဆိုင်နေရာ ဝယ်ရခက်လို့ဘဲ"
"နည်းလမ်းဆိုတာ လူတွေက စဉ်းစားရတာပါ"
မေမေလုက အင်မတန် သွေးဆူနေ၏။
"ငါအသက်မကြီးသေးပါဘူး။ နောက်ထပ်နှစ်အနည်းငယ်လောက် အလုပ်လုပ်နိုင်သေးတယ်။ အပိုဝင်ငွေရှာထားပြီး အသက်ကြီးလာတဲ့အခါ ပိုကောင်းတဲ့ဘဝနဲ့ နေထိုင်သွားနိုင်တယ်"
ချင်ရှီးသည် မေမေလု၏ စိတ်နေစိတ်ထားနှင့်စရိုက်ကို အရမ်းသဘောကျမိ၍ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြီးပြောသည်။
"မေမေ မှန်ပါတယ်။ နည်းလမ်းတွေအကုန်လုံးကို လူတွေက တွေးကြရတာပါ။ ဘယ်လိုဝယ်ရမလဲဆိုတာ စဉ်းစားကြည့်ရအောင်"
"ဟုတ်တယ် ဟုတ်တယ်။ ရှီးရှီးက ပိုကောင်းတယ်။ ကျွန်မအတွက် နည်းလမ်းရှာနည်းကိုလည်း သိတယ်"
မေမေလုသည် ဖေဖေလုကို မျက်စောင်းလေးထိုးလိုက်သည်။
ဖေဖေလုက မသက်သာစွာ ပြောရှာသည်။
"ငါမင်းကိုစိတ်မဆိုးပါဘူး။ ငါမင်းကိုပြောနေတာက မလွယ်ဘူးဆိုတာလေးပါ"
မေမေလု : "သိပါတယ်။ စျေးဆိုင်တွေ အများကြီးမရှိသေးတာကို တွေ့လိုက်ရတယ်။ ဘာလို့မဝယ်နိုင်ရမှာလဲ"
"ကျဲ့ထျန်းတစ်ယောက်လုံးက အိမ်မှာရှိတာလေ(မိသားစုဝင်လေ)။ အချိန်တန်ရင် သူနဲ့အတူ သွားပြီးမေးလို့ရမယ်။ သင့်တော်တဲ့ တစ်ခုခုကို ရှာတွေ့နိုင်ပါတယ်”
ချင်ရှီးက ခဏလောက်စဉ်းစားပြီး ပြောသည်။
“(ရနိုင်မဲ့)လမ်းကြောင်းကို အတည်ပြုပြီးရင် မေမေ့ကိုအကြောင်းကြားလိုက်မယ်။ ဒါမှမဟုတ် ဆွေမျိုးမိသားစုမှာ အားကိုးအားထားပြုလို့ရတဲ့ အငယ်မျိုးဆက်လေးတွေရှိရင် အဲ့ဒီအချိန်မှာ ပစ္စည်းတွေကို ခရိုင်ကနေယူဖို့ သူတို့ကို ငှားရတာ ပိုလွယ်လိမ့်မယ်။ ဒီလိုဆို ဒုက္ခသက်သာလိမ့်မယ်"
ချင်ရှီးက မေမေလုကို အကြံပေးတော့ မေမေလုက အရမ်းပျော်သွားပြီး လုယောင်ကိုပါ ချင်ရှီးနှင့် ဆွေးနွေးဖို့ ခေါ်လိုက်သည်။
“ဘာဘဲဖြစ်ဖြစ် ဇာတိဒေသမှာဆိုရင်တော့ စတိုးဆိုင်ကို ငှားစရာ မလိုဘူး။ အိမ်မှာ အခန်းဖွဲ့ပြီး နမူနာမျိုးစုံ သိမ်းဆည်းဖို့ စင်ကြီးတစ်ခု ဆောက်ပြီး ပစ္စည်းတွေ သိုလှောင်ဖို့ အခန်းဖွဲ့မယ်။ အချိန်တန်ရင် ဇာတိခံတွေသိလာပြီး စီးပွားရေးက သူ့အလိုလိုဖြစ်လာလိမ့်မယ်"
"(ပစ္စည်းသယ်ဖို့ လူငှားထားတာကြောင့်) ပစ္စည်းတွေဝယ်ဖို့ မြို့ကိုသွားစရာလည်း မလိုဘူး။ လူတိုင်းအတွက် ကျေနပ်စရာကောင်းမယ်လို့ ယုံကြည်ပါတယ်"
ချင်ရှီးရဲ့စကားတွေကို နားထောင်ပြီးနောက် မေမေလုသည် ဘာရောင်းရမလဲဆိုတာ တွေးနေသည်။
"ဟင်းချက်ပစ္စည်းထုတ်ကုန်စက်ရုံကို သွားကြည့်လို့ရတယ်။ ပဲငံပြာရည်၊ ရှာလကာရည်နဲ့ ဆားတို့လိုပစ္စည်းတွေ ရနိုင်တယ်"
လုယောင် : "အိမ်သာသုံးစက္ကူလည်း ရနေပြီ"
"ဘာရောင်းစရာရှိသေးလဲ စဉ်းစားကြည့်"
မေမေလုသည် အနောက်ဘက်က ကပ်လျှောက်နေတဲ့ လုကျဲ့ထျန်းနှင့် ဖေဖေလုကိုကြည့်ပြီး စဉ်းစားဖို့ ပြောလိုက်သည်။
ချင်ရှီး : "နေ့စဥ်သုံးပစ္စည်း အသေးအမွှားလေးတွေ ရောင်းရတာ ကောင်းပါတယ်။ အစမှာ နည်းနည်းလျော့ပြီး ဝယ်ရမယ်။ ပြီးတော့ ကုန်ပစ္စည်း အမျိုးအစားတွေ ဖြည်းဖြည်းချင်း ထပ်ထည့်လို့ရတယ်"
"ဟုတ်တယ်။ ရောင်းအားကောင်းလား ဆိုတာ စမ်းကြည့်ရမယ်"
မေမေလု၏ မျက်လုံးများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လင်းလက်နေသည်။
သူမသည် ယခင်က ရင်သွေးများကို ပြုစုစောင့်ရှောက်ရန် အလွန်အလုပ်များခဲ့ပြီး ဇာတိမြို့သို့ ပြန်ရောက်သောအခါတွင် စိတ်သက်သာရာရကာ ပျင်းရိငြီးငွေ့ဖွယ်မရှိဟု ခံစားခဲ့ရသည်။ ယခု သူမသည် ရုန်းကန်လှုပ်ရှားရခြင်း၏ ဦးတည်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အလုပ်များနေရခြင်းကသာ သူမကို အလွန်ပြည့်စုံစေသည်ဟု ခံစားရသည်။
ထိုနေ့ အိမ်ပြန်ရောက်သွားတော့ မေမေလုသည် အခန်းကို သပ်ရပ်အောင် ပြင်ဆင်ပြီး ဆိုင်ထွက်ဖို့ နေရာရှာသည်။
နောက်တစ်နေ့တွင် လုကျဲ့ထျန်းသည် ချင်ရှီးကို စိတ်ဆိုးလျက် ခရိုင်မြို့သို့ပြန်သွားရပြီး စက်ရုံတစ်ခုစီ၏ အခြေအနေကို သီးခြားစီမေးမြန်းစုံစမ်းခဲ့ရ၏။
ပမာဏအနည်းငယ်သာ လိုချင်ကြောင်း ကြားသိရသောအခါ စက်ရုံအများစုက လက်ဝှေ့ယမ်းကာ ငြင်းဆိုကြသည်။ပမာဏနည်းလွန်းသဖြင့် အရောင်းအ၀ယ်လုပ်ဖို့ တွန့်ဆုတ်ကြသည်။ စက်ရုံတွေမှာ အမှာစာတွေ အများကြီးရှိပြီး ဒါဇင်လောက်သာရှိသည့် အရောင်းအ၀ယ်တွေကတော့ မထိုက်တန်ပါဘူး။
ချင်ရှီးသည် ဤရလဒ်ဖြစ်လာမည်ကို သိသောကြောင့် သူမသည် လုကျဲ့ထျန်းနှင့်အတူ ထပ်သွားလေသည်။
သူတို့နှစ်ဦးသည် မြို့တွင်းသို့သွားခဲ့ကြပြီး မြို့တွင်းရှိ စက်ရုံအများစုမှ ငြင်းဆိုခဲ့ကြသော်လည်း အချို့မှာမူ စက်ရုံမှ အရောင်းသမားက သူတို့ဘာသာ အော်ဒါလက်ခံလိုသောကြောင့် လက်ခံကြသည်။
(*မှောင်ခိုဈေးကွက်ကို ဆိုလိုတာဖြစ်ပါတယ်)
ချင်ရှီးတို့သည် ကုန်ပစ္စည်းကို ရနိုင်ပြီး ထိုအရောင်းဝန်ထမ်းများက သူတို့အမည်ဖြင့် ရောင်းဝယ်ဖောက်ကားလိုသည်။ ချင်ရှီးက ဤသည်ကိုကြားသည်နှင့် ဖြစ်ပျက်နေတာကို သိလိုက်ရ၍ သူမ တုံ့ဆိုင်းသွားပြီး ငြင်းလိုက်သည်။ ဒါက အန္တရာယ်များသည်။ သူမသည် နောက်ထပ် နေရာများသို့ သွားကြည့်ချင်သေးသည်။
ချင်ရှီးသည် သူမဘာသာ စီးပွားရေးလုပ်ရင် မကြောက်ဖို့သေချာပေမဲ့ သူမဟာ ပစ္စည်းရှာဖို့ဘဲ ကူညီပေးတာဖြစ်ပြီး အနာဂတ်မှာ ဒီကိစ္စကို ဆက်လက်လုပ်ကိုင်မည့်သူက မေမေလုဖြစ်သည်။ အခန့်မသင့်လျှင် အရမ်းဒုက္ခဖြစ်ရလိမ့်မည်။ ရိုးရိုးသားသားလမ်းကြောင်းကိုသာ လက်ခံရလိမ့်မည်။
ထို့ကြောင့် ချင်ရှီးက ထွက်သွားပြီး တခြားစက်ရုံကို ဆက်သွားသည်။
အလုပ်များတဲ့နေ့တစ်နေ့ပြီးနောက် ချင်ရှီးတို့သည် ခေတ္တတည်းခိုသည့်နေရာသို့ပြန်သွားကြသည်။
ခက်ခဲမယ်ဆိုတာ သူမ သိပေမဲ့ ဒီလောက်ခက်ခဲမယ်လို့ သူမ မမျှော်လင့်ထားပါဘူး။ ဒီစက်ရုံတွေက အဲ့ဒါကို မလုပ်ချင်ကြဘူးလေ။ ဘယ်သူမဆို ကိုယ့်နာမည်နှင့် စီးပွားရေးလုပ်ချင်ကြတာ အဆန်းမဟုတ်ပေမဲ့ ချင်ရှီးကတော့ မှောင်ခိုဈေးကွက်ကို သဘောမတူပါ။
ချင်ရှီးသည် ကုတင်ပေါ်လဲချလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ ကုန်ပစ္စည်းရမဲ့ အရင်းအမြစ်ကို မြို့ထဲမှာ ရှာတာ အကောင်းဆုံးပါ။ အဝေးကြီးမှာဆိုလျှင် မေမေလုက ပစ္စည်းတွေ မဝယ်နိုင်ဖြစ်လာလိမ့်မည်။ အသက်ကြီးလာသော်လည်း လုပ်ရဲကိုင်ရဲသေးရင်တောင် မိသားစုက အဆင်ပြေမှာ မဟုတ်ပါ။
လုယောင်ဟာ ကျောင်းတက်နေရဆဲဖြစ်ပြီး ဖေဖေလုက ကျန်းမာရေးမကောင်းမွန်တာကြောင့် ခရီးရှည်ကြီးနှင့် ပင်ပန်းနွမ်းနယ်မှုကို သည်းမခံနိုင်ပေ။ ကုန်ပစ္စည်းဝယ်ဖို့ ရှန်းကျန့်မြို့ကစျေးကိုသွားရမည်ဆိုလျှင် အရမ်းရှုပ်ထွေးရလိမ့်မည်။
"ကလစ်"
တံခါးမှ အသံထွက်လာပြီး လုကျဲ့ထျန်းဝင်လာသည်။ ချင်ရှီးသည် ကုတင်ပေါ်တွင် လှဲနေကာ မျှော်လင့်ချက်မဲ့စွာမေးလိုက်သည်။
"နင် သဘောတူတဲ့ ကုန်ထုတ်လုပ်သူကို ရှာတွေ့ပြီလား"
လုကျဲ့ထျန်း : "မတွေ့ဘူး"
ချင်ရှီး သက်ပြင်းချရင်း သူဒီလိုဖြစ်မယ်ဆိုတာ သိပါ၏။
"ဒါပေမဲ့ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေကို တွေ့ခဲ့တယ်။ သူက အခု သယ်ယူပို့ဆောင်ရေးမှာ လုပ်နေတယ်။ သယ်ယူပို့ဆောင်ရေးယာဉ်တန်းဖွဲ့ဖို့ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို ရှာထားပြီး ရှန်းကျန့်မြို့က ကုန်ပစ္စည်းတွေကို အထူးတလည် ပြန်သယ်ပေးတာတဲ့"
လုကျဲ့ထျန်းက ပြုံးလျက်ပြောသည်။
"အရင်က ငါက သူ့အဖွဲ့ခေါင်းဆောင်လေ။ ဆက်ဆံရေးက မဆိုးပါဘူး။ သူ ငါတို့အကြောင်းကို ကြားပြီးတာနဲ့ ပစ္စည်းတွေဝယ်ပြီး ငါတို့ဆီ ပြန်ပို့ပေးဖို့သဘောတူတယ်"
ချင်ရှီးက ရုတ်တရပ် ထထိုင်လိုက်သည်။ “တကယ်လား”
လုကျဲ့ထျန်းက ပြုံးနေ၏။
“ဟုတ်တယ် အမှန်ဘဲ"
ချင်ရှီးက ချက်ချင်းပြုံးလိုက်သည်။
"ဒါက ကောင်းတယ်။ ဒါပေမဲ့ သူ့အတွက် အရမ်းဒုက္ခရောက်နေမလား"
"သူ တပ်ထဲမှာတုန်းက ဒုက္ခတွေအများကြီးပေးခဲ့တယ်။ ငါက အဲ့ဒါတွေကို ဖြေရှင်းပေးခဲ့ရတယ်။ အခု သူ့ကို ဒုက္ခရောက်အောင် လုပ်လိုက်တာ ကောင်းတယ် "
လုကျဲ့ထျန်းက ရယ်နေသည်။
" ဟိုမှာ စျေးကွက်မျိုးစုံရှိပြီး ၀ယ်လိုအားကလုံလောက်တယ်။ အချိန်ရောက်ရင် သူ မြို့ထဲမှာ ပစ္စည်းတွေဝယ်သယ်ပြီး ခရိုင်ကို ပြန်ပို့ပေးမယ်။ မေမေက သူတို့ဆီကနေ ခရိုင်ထဲမှာ လိုက်ကောက်လို့ရတယ်"
"ဟုတ်ပြီ။… နင့်မှာ ရဲဘော်တွေ အများကြီးရှိတာဘဲ။ ငါမတွေးမိလိုက်ဘူး။ နောက်ဆုံးတော့ နင့်ရဲ့ ရဲဘော်တွေကို အားကိုးရတယ်"
"နင့်မှာ အရည်အချင်းရှိတဲ့ ရဲဘော်ဘယ်နှစ်ယောက်ရှိလဲ ငါ့ကိုပြောပါဦး။ တွက်ကြည့်ထားရအောင်"
ချင်ရှီးက သူ့ကို နောက်ပြောင်လိုက်သည်။
လုကျဲ့ထျန်းသည် ခဏလောက်စဉ်းစားပြီး အလေးအနက် ပြောသည်။
"အများကြီးမဟုတ်ပါဘူး။ တစ်ရာ့ရှစ်ဆယ်ဘဲ"
ချင်ရှီးက အံ့အားသင့်သွားသည်။
"ဒါဆို နင်က တကယ်ကို အံ့သြစရာကောင်းတာဘဲ။ နေရာတော်တော်များများမှာ ရဲဘော်ကောင်းတွေကို လက်ဝယ်ပိုက်ထားနိုင်တာ"
လုကျဲ့ထျန်းသည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးပြလိုက်သည်။
ကိစ္စပြေလည်သွားပြီးနောက် ချင်ရှီးက စိတ်အေးလက်အေးဖြစ်သွားသည်။
"ထမင်းသွားစားရအောင် ငါဗိုက်ဆာနေတာကြာပြီ" "
"အနီးနား အရှေ့မြောက်ဘက်မှာ စားသောက်ဆိုင်ကို ငါတွေ့ထားတယ်။ စမ်းကြည့်ရအောင်"
ချင်ရှီးက အနည်းငယ် လောဘတက်သွားသည်။
"ကောင်းပြီ"
လုကျဲ့ထျန်းကတော့ သဘာဝကျစွာဘဲ မငြင်းဆိုပါဘူး။
ရလဒ်အနေဖြင့်ကတော့ တည်းခိုဆောင်က ထွက်လာပြီး ဂိတ်ပေါက်ကို လှမ်းကြည့်လိုက်တော့ လူနှစ်ယောက်နှင့် ဆုံမိကြသည်။
ထိုသူသည် ယခင်က လုကျဲ့ထျန်းထံမှ သင်ခန်းစာပေးခြင်းခံလိုက်ရသူပင်။ သူသည် သားရေဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး မိတ်ကပ်နှင့်အနီရောင်တောက်တောက်နှုတ်ခမ်းနီများဖြင့် ဖက်ရှင်ကျကျ ဆံပင်ကောက်ကောက်ရှိသော အမျိုးသမီးတစ်ဦးကို ပွေ့ဖက်ထားသည်။
လုချိုင်သည် ယခင်ကထက် ပိုမိုလှပနေသော ချင်ရှီးကိုတွေ့တော့ အံ့အားသင့်သွားသည်။
"ချင်ရှီး"
ချင်ရှီးက သူ့အား လျစ်လျူရှုကာ လုကျဲ့ထျန်း၏လက်မောင်းကို လှမ်းဆွဲလျက် ခြံတံခါးမှ လှည့်ထွက်ခဲ့သည်။
"ချင်ရှီး"
သူမ ထွက်သွားတာကိုမြင်တော့ လုချိုင်သည် သူ့လက်မောင်းကို ကိုင်ထားသည့် အမျိုးသမီးကို လွှတ်လိုက်ပြီး သူမကို နှင်ထုတ်လိုက်လေသည်။
"ချင်ရှီး…မတွေ့တာကြာပြီနော်"
လုချိုင်က ချင်ရှီးကိုတားလိုက်ပြီး သူ့မျက်နှာမှာ စိတ်ခံစားချက်တွေ ပြည့်နှက်နေပြီး သူ့မျက်လုံးများကလည်း ချစ်ခင်စိတ်တွေရှိနေ၏။
လုကျဲ့ထျန်းက မျက်မှောင်ကြုတ်နေပြီး ချင်ရှီးက စိတ်ပျက်စွာ မျက်လုံးလှန်လိုက်မိသည်။
'လုချိုင် နင်ရူးနေလား။ နင် ဘယ်သူ့ကို ဒီလိုအမူအရာ လာပြနေတာလဲ။ သူတို့ ဆက်ဆံရေးကရော ဘယ်လိုလဲဆိုတာ မသိဘူးလား…အရူးဘဲ'
ဒီလိုမြို့ကြီးတစ်မြို့မှာ မိုက်မဲတဲ့ အမျိုးသားဇာတ်လိုက်ကို တွေ့နိုင်တယ်ဆိုတာ မူရင်းဇာတ်ကြောင်းကြောင့်လား။ ဒါမှမဟုတ် သူမ ကံမကောင်းတာလား။
တကယ့်ကို ကံဆိုးတာဘဲ။
_***_