အပိုင်း (၂၄)
စာသင်ခန်းထဲတွင် တစ်ယောက်မှမရှိသောကြောင့် ချင်ရှီးက ကုချင်းဟိုင်အား ဖြစ်ပျက်ခဲ့သမျှကို မေးလိုက်သည်။
ကုချင်းဟိုင်က တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး ကြမ်းပြင်ကိုသုတ်ရင်း ဒီနေ့မွန်းလွဲပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြသည်။
မကြာသေးမီက ချင်ရှီး၏ ကောလဟာလတွေ ထွက်ပေါ်လာခဲ့သည်။ ကျောင်းသားတစ်ချို့က သူတို့မိဘတွေ အိမ်မှာ စကားပြောတာကို နားထောင်ပြီး ကျောင်းမှာ စကားပြန်ပြောတတ်ကြသည်။
ကျောက်ဟောင်ရန်က သူတို့ထဲက တစ်ယောက်ဖြစ်၏။ ကုချင်းဟိုင်က စာကောင်းကောင်းလေ့လာပြီး အားကစားလည်း အရမ်းကောင်းတာကြောင့် ကုချင်းဟိုင်ကို အမြဲတမ်း မနာလိုနေခဲ့သည်။
ကျောက်ဟောင်ရန်သည် ကုချင်းဟိုင်က အရာတော်တော်များများမှာတော်ကြောင်းကို မယုံကြည်ပါ။ သူက ပိုသန်မာသည်ဟု ထင်မြင်မိပြီး ကုချင်းဟိုင်၏ ဘာမှမထူးခြားတဲ့ အသွင်အပြင်ကို အမြဲတမ်း ရှုံ့ချ၍ ရန်လိုနေတတ်ပြီး သူလုပ်သမျှမှာ သူ့ကို လွှမ်းမိုးချင်နေသည်။
သူသည် လူယုတ်မာတစ်ယောက်ဖြစ်ပြီး ကုချင်းဟိုင်လောက် တိုက်ခိုက်နိုင်စွမ်းမရှိသည့်အတွက် သနားစရာပင်။ ကျောက်ဟောင်ရန်ထက် ကုချင်းဟိုင်နှင့် ကစားလိုတဲ့သူတွေက ပိုများနေရာ ကျောက်ဟောင်ရန်က အလွန်စိတ်ဆိုးဒေါသထွက်မိသည်။
သူတို့နှစ်ယောက်လုံးရဲ့အဖေတွေက တပ်ရင်းမှူးတွေဖြစ်ပြီး ကျောက်ဟောင်ရန်က အခြားသူတွေလို လုကျဲ့ထျန်း၏အရှိန်အဝါကို ကြောက်ရွံ့မနေပါ။ ကျောက်ဟောင်ရန်က ဘာမှလုပ်စရာမရှိတဲ့အခါတိုင်း ကုချင်းဟိုင်ကို ရန်စောင်နေတတ်ပေမဲ့ ကုချင်းဟိုင်က သူ့ကို ဂရုမစိုက်ပါ။
မကြာသေးမီက ကျောက်ဟောင်ရန်သည် တစ်နေရာ၌ ကောလဟာလများကြားသိခဲ့ရပြီး သူသည် မိဘမဲ့ဖြစ်သည်ကို သိလိုက်ရသည်။
ကုချင်းဟိုင်သည် အစပိုင်းတွင် သည်းခံခဲ့သော်လည်း ကျောက်ဟောင်ရန်က ချင်ရှီးသည် နေ့တိုင်း လှပစွာ ၀တ်စားဆင်ယင်ပြီး အပြင်မှ လူများကို ဖြားယောင်းသွေးဆောင်နေကာ ချင်ရှီးက လုကျဲ့ထျန်းနဲ့ ဘယ်လိုကြောင့် လက်ထပ်ခဲ့လဲလို့မေးလာသည်။ ကုချင်းဟိုင်က ချင်ရှီးနှင့် လုကျဲ့ထျန်းအကြောင်းပြောနေတာကို ကြားတော့ သူ သည်းမခံနိုင်တော့ပေ။
ရလဒ်အနေနဲ့ ကုချင်းဟိုင် ဒေါသထွက်နေတာကိုတွေ့တော့ ကျောက်ဟောင်ရန်က ပိုလို့တောင် စိတ်လှုပ်ရှားသွားပြီး ပေါပေါပဲပဲစကားများ ဆက်ပြောလာသည်။
ကုချင်းဟိုင်က သူ့ကို ရိုက်နှက်ဖို့ မထိန်းထားနိုင်တော့ဘဲ နောက်ဆုံးမှာ အတန်းဖော်တွေက အတန်းပိုင်ဆရာမ ဝမ်လင်လင်ကိုခေါ်ပြီး ဆွဲထုတ်ခိုင်းခဲ့ရသည်။ ဘာကြောင့် ရန်ဖြစ်နေကြတာလဲလို့ သူတို့နှစ်ယောက်ကို မေးခဲ့ပေမဲ့ နှစ်ယောက်လုံးက ဘာမှမပြောပါ။
ဝမ်လင်လင်က မေးခွန်းတွေမမေးတော့ဘဲ သူတို့နှစ်ယောက်ကို သင်ခန်းစာပေးပြီး စင်္ကြံမှာရပ်ခိုင်း၍ ကာယအတန်းတက်ခွင့်မပေးတဲ့အပြင် စာသင်ခန်းကို သန့်ရှင်းရေးလုပ်ရန် ဒဏ်ရိုက်ခဲ့သည်။
သန့်ရှင်းရေးလုပ်ပြီး သိပ်မကြာခင်မှာဘဲ ကျောက်ဟောင်ရန်က ညစ်ပတ်ပြီး ကုချင်းဟိုင်ကို ခြိမ်းခြောက်နေ၍ ထပ်ပြီး ခိုက်ရန်ဖြစ်ပွားကြခြင်းသာ။
ထို့နောက် ချင်ရှီးပေါ်လာသည်။
ချင်ရှီးသည် သူ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် သူမသည် ကုချင်းဟိုင်၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"လူတစ်ယောက်ကို ရိုက်မိတာက မှားနေပြီ။ ဒါပေမဲ့ ဒီတစ်ခါ မင်း အဲ့ဒီလူကို ကောင်းကောင်းရိုက်ခဲ့တယ်လို့ ငါထင်တယ်"
ကုချင်းဟိုင်သည် မျက်လုံးမှိတ်တုတ်မှိတ်တုတ်ဖြင့် ချင်ရှီးကို ကြောင်တက်တက်နှင့် ကြည့်နေသည်။ ရန်ဖြစ်တာက ကောင်းတယ်လို့ တစ်ယောက်ယောက်ဆီကနေ ပထမဆုံးကြားဖူးတာဖြစ်သည်။
"မင်း သူ့ကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချင်ခဲ့တာမဟုတ်မှန်း ငါသိပါတယ်။ သူက ငါတို့ကို ဆဲဆိုလိုက်တာဘဲ။ မင်းလုပ်တာ မှန်ပါတယ်။ မင်းရဲ့မိသားစုကို ကာကွယ်ချင်တာဘဲလေ"
ချင်ရှီးက ဆက်ပြောသည်။
"သူ့ရဲ့ လုပ်ရပ်က ဆိုးလွန်းတယ်။ ဒါက ကျောင်းဝင်းအတွင်း အနိုင်ကျင့်မှုဘဲ။ မင်း ဒါကို သည်းခံရင် နောင်မှာ သူက ဒီထက်ပိုပြီး လုပ်လာလိမ့်မယ်။ မင်းကို အနိုင်ကျင့်ဖို့ တခြားလူတွေကိုတောင် ခေါ်ဆောင်လာလိမ့်မယ်"
ကုချင်းဟိုင်က အတွေးတွေ ပြည့်နေပေမဲ့ သူ စကားတစ်ခွန်းမှ မပြောဘဲ နားထောင်နေသည်။
“ရန်ဖြစ်ခြင်းနဲ့ ပြဿနာကို ဖြေရှင်းတာက ဝေဖန်မှုတွေကို ချန်ထားခဲ့လိမ့်မယ်။ ဒါပေမဲ့ တကယ်ကို အထိရောက်ဆုံးဘဲ”
ချင်ရှီးက ပြုံးလျက်ပြောသည်။
“ဆရာတစ်ယောက်အနေနဲ့ ဒါကို မှားတယ်လို့ ငါပြောမယ်။ တခြားနည်းနဲ့ ဖြေရှင်းလို့ရတယ်။ စိတ်ချယုံကြည်ရတဲ့ ဆရာနဲ့ မိဘတွေကိုရှာရမယ်။ ဒါပေမဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ မင်းကို ငါပြောမယ်။ မင်း လုပ်သင့်တဲ့အလုပ်ကို ကောင်းကောင်းလုပ်ခဲ့တာဘဲ"
"မင်းသူ့ကို အပြင်းအထန်ရိုက်ရင် မင်းနဲ့ထပ်ပြီး ရှုပ်ဝံ့တော့မှာမဟုတ်ဘူး။ တစ်ဖက်သားက မင်းကိုကြောက်ရွံ့ဖို့ကောင်းတယ်လို့ ထင်စေဖို့၊ တစ်ခါတစ်ရံမှာ အကြမ်းဖက်မှုကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ အကြမ်းဖက်မှုကို အသုံးပြုတာက အံ့ဖွယ်အကျိုးသက်ရောက်မှုဖြစ်စေတယ်။ ငါ့ကို စော်ကားရင် ငါပြန်တိုက်ခိုက်မယ်။ မင်းမှန်တယ်။ ဒါပေမဲ့ မင်းလုပ်ခဲ့တာက မမှန်ဘူး "
"မင်း အဲဒါကို လုံးဝသည်းခံထားနိုင်ရမယ်။ အတန်းပြီးတဲ့အခါ အမျိုးသားတွေကြားက ရန်ပွဲအတွက် လူရှင်းတဲ့နေရာကို ခေါ်သွားပြီး ဒီကိစ္စကို ဖြေရှင်းလို့ရတယ်။ ဒီတော့ တာဝန်ခံဆရာက မင်းကို အပြစ်ပေးမှာ မဟုတ်တော့ဘူး ဟုတ်တယ်မလား"
ကုချင်းဟိုင်က မျက်တောင်ခတ်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒီလိုဖြစ်ဖို့မမျှော်လင့်ထားပါဘူး။ စိတ်မြန်သွားမိတယ်"
ချင်ရှီးသည် ချောင်းဟန့်ကာ ကုချင်းဟိုင် အနီးသို့ တမင်ရွှေ့ပြီး သူ့နားထဲတွင် တိုးတိုးလေးပြောသည်။
"ဟုတ်ပါပြီ။ ဒါကို တိတ်တိတ်လေး ပြောပြမယ်။ ဒါပေမဲ့ မင်းအဖေကို သိခွင့်မပြုနဲ့။ မဟုတ်ရင် ငါက မကောင်းတာတွေသင်ပေးနေတယ်လို့ ပြောလိမ့်မယ်"
ကုချင်းဟိုင်က သူ့နှုတ်ခမ်းတွေကို ပွတ်သပ်ပြီး အနည်းငယ် ပြုံးပြ၍ သူမသဘောအတိုင်း ခေါင်းညိတ်ပြကာ ချင်ရှီးကို ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ အလင်းရောင် တဖျပ်ဖျပ် လင်းလက်နေသည်။
ချင်ရှီးက သူ့ခေါင်းကို နောက်တစ်ကြိမ် ပွတ်လိုက်သည်။
"ဒုက္ခဖြစ်အောင် အစပျိုးမှုတွေ မလုပ်နဲ့။ မိသားစုကိုပြောရမှာကို မကြောက်နဲ့။ အနာဂတ်မှာ ဘာဘဲဖြစ်ဖြစ် အန္တရာယ်ကို တစ်ယောက်တည်း မခံယူနဲ့။ မင်းမိသားစုကို ပြန်ပြော။ အတူတူ ဖြေရှင်းကြရအောင် ”
ကုချင်းဟိုင်က ခေါင်းညိမ့်ပြီး နို့နှင့် ပျားရည်များဖြင့် လုပ်ထားတဲ့ ကိတ်မုန့်လေးကို စားရသလိုမျိုး ချိုမြိန်တယ်လို့ တွေးလိုက်မိသည်။
"မင်းတစ်ကိုယ်လုံးမှာ ရခဲ့တဲ့ ဒဏ်ရာတွေကို ကြည့်ကြည့်လိုက်။ မင်း ကြည့်မကောင်းတော့ဘူး"
ချင်ရှီးက ကုချင်းဟိုင်ကို အနည်းငယ် ရှက်ရွံ့သွားအောင် ကျီစားလိုက်သည်။
ဒါပေမဲ့ သူက လေးလေးနက်နက်ပြန်ဖြေသည်။
"ငါအဆင်ပြေပါတယ်။ သူ့ကို ရည်ရွယ်ချက်ရှိရှိ ထိုးလိုက်တာ။ သူ့ကို ပိုနာနာရိုက်လိုက်တယ်"
ပြောပြီးသည်နက် သူက ချင်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ဒေါသထွက်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်မှာကိုလည်း စိုးရိမ်နေသည်။
ချင်ရှီးက ရယ်မောလိုက်သည်။
"ဒါကို ငါမြင်ပြီးပြီလေ။ မင်းအဖေက မင်းကို သင်ပေးခဲ့တာမဟုတ်လား… ဆိုလိုတာက ဒါကို သူ သဘောတူတယ် မကြောက်နဲ့"
ကုချင်းဟိုင်သည် ထိုစကားကြားသောအခါ ချက်ချင်း ရယ်မောလိုက်ရာ သူ့မျက်နှာပေါ်ကဒဏ်ရာကို ဆွဲဖြဲလိုက်သလိုဖြစ်သွားပြီ ထပ်မရယ်နိုင်တော့ပေ။
ချင်ရှီးသည် ကုချင်းဟိုင်၏ ဒဏ်ရာကို စစ်ဆေးခဲ့ပြီး အရေပြားဒဏ်ရာမျှသာဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ့အား ရုံးခန်းသို့ ဆွဲခေါ်သွားသည်။
"သွားရအောင်။ မင်းရဲ့အတန်းပိုင်ဆရာမနဲ့တွေ့မယ်"
ကျောင်းသားတွေကို ဘာမှသေချာမမေးဘဲ ဒဏ်ရိုက်သည်။ ဒီလို တာဝန်မဲ့တဲ့ အတန်းပိုင်ဆရာတွေ များလွန်းတာကြောင့် ကျောင်းဝင်းအတွင်း အနိုင်ကျင့်မှုတွေ အများအပြား ရှိနေခြင်းပင်။
ချင်ရှီးသည် ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် သတ်သေမှု၊ စိတ်ရောဂါနှင့် ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် ရုပ်ရည်သွင်ပြင်ပင် ပြောင်းသွားရသည့် ကျောင်းသားများနှင့်ပတ်သက်သော သူမ၏ယခင်ဘဝက အွန်လိုင်းတွင်ဖတ်ခဲ့ရသမျှ အချက်အလက်များကို တွေးကြည့်မိသောအခါ ချင်ရှီးသည် ဒေါသမထွက်ဘဲမနေနိုင်တော့ပေ။
ကုချင်းဟိုင်သာ အားနည်းနေပါက သူသည် ထိုသူတို့ထဲမှ တစ်ယောက် ဖြစ်လာနိုင်သည်။
နောက်ပိုင်းတွင် ကျောင်းအုပ်ကြီးထံသို့ အကြံပြုစာတစ်စောင်ရေးပြီး ဆရာ၊ ဆရာမများသည် ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို အထူးဂရုပြုကာ သူတို့ကို မကြာခဏ ရိုက်နှက်အပြစ်ပေးခြင်းများ မပြုပါရန်ပြောရမည်။ သန့်ရှင်းရေးအတွက် အပြစ်ပေးတာက ကောင်းပါသည်။ သို့သော် စင်္ကြံမှာ ရပ်ပြီး အတန်းတက်ခွင့်မပေးဘဲ ဒဏ်ရိုက်ခံရမှာတဲ့လား။
လီချန်းချန်ပြောသွားသည့်စကားများကိုပြန်တွေးကြည့်လျှင် သူမအတွက် မကောင်းဘူးဟုထင်နေမိသည်။ (လီချန်းချန်က) မူလတန်းကို စာသင်တာမဟုတ်၍ ဂရုစိုက်စရာတော့မလိုပေ။ မဟုတ်လျှင် သူမက ကောင်းကင်ဘုံအရှင်သခင်ဖြစ်နေလျှင်တောင် (သူမကိုတိုက်ခိုက်လာလျှင်) သူမကလည်း ပြန်လည်တုံ့ပြန်လိုက်မည်ပင်။
ရုံးခန်းသို့ရောက်ပြီးနောက် ချင်ရှီးသည် အထဲမှာ လူအနည်းငယ်သာရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် အကြံကောင်းတစ်ခုရပြီး အမူအရာပြောင်းကာ တံခါးခေါက်လိုက်သည်။
"ခွင့်ပြုပါ ကုချင်းဟိုင်ရဲ့ အတန်းပိုင်ဆရာမက ဒီမှာရှိလား။ ငါမင်းကိုမေးချင်တာတစ်ခုရှိတယ်"
ဝမ်လင်လင်သည် ထိုစကားကိုကြားသောအခါ တံခါးကိုကြည့်ရန် ခေါင်းမော့လိုက်သောအခါ ကုချင်းဟိုင်နှင့် ခေတ်ဆန်စွာဝတ်စားထားသည့်အမျိုးသမီးတို့ဖြစ်သည်ကိုတွေ့လိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။
တခြားဆရာတွေကလည်း ခေါင်းမော့ပြီး သူတို့နှစ်ယောက်ကို စူးစူးစိုက်စိုက်ကြည့်ကြသည်။
ဝမ်လင်လင်က မေးလိုက်သည်။
"မင်းကဘယ်သူလဲ"
"ငါက ကုချင်းဟိုင်ရဲ့အမေပါ။ နေ့ခင်းဘက်မှာ ငါ့ကလေးက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေတယ်လို့ လီချန်းချန်ဆီက ကြားတယ်။ ဒါကိုကြည့်ဖို့ ဒီကိုလာခဲ့တဲ့အချိန်မှာ… ဘယ်သူကထင်မှာလဲ...တစ်ခြားသူရဲ့ရန်ပွဲကို ဘယ်သူကရော ကြားချင်မှာလဲ။ တစ်ဖက်ကလေးက ဒေါသတကြီးပြောနေတာ ငါကမြေခွေးမတစ်ကောင်ဖြစ်ပြီး ငါ့မိသားစုဝင် လုကျဲ့ထျန်းကို ဦးထုပ်စိမ်းဆောင်းပေးနေတဲ့အပြင် ကုချင်းဟိုင်ကိုလည်း နှိပ်စက်နေတယ်တဲ့"
ဝမ်လင်လင်က အံ့သြသွားပြီး ကျောက်ဟောင်ရန်က ဒီလိုပြောလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ ချင်ရှီးကလည်း ဒီလောက် ရှက်ရွံ့ခြင်းကင်းစွာ ရဲရဲတင်းတင်းပြောဖို့ပါ မမျှော်လင့်ထားပေ။
အခြားဆရာတွေကလည်း အံ့သြတကြီးဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အကြည့်ချင်းဖလှယ်နေကြသည်။
ချင်ရှီးက လေးလေးနက်နက် သက်ပြင်းချသည်။
"ဒီကလေးက ဘယ်ကကြားဖူးတာလဲဆိုတာ ငါမသိဘူး။ သူက ငယ်သေးတယ်။ ဒါကြောင့် ဒီလို လူယုတ်မာတွေလို ပြောနေတာကို သူ့မိသားစုဝင်တွေ သိသွားရင် ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းနေမှာပါလိမ့်။ တကယ်တော့ ငါက ဒီလိုမဟုတ်ပါဘူး။ နောက်ကျမှ တပ်ထဲဝင်လာတာမို့ လူတိုင်းက ငါ့ကိုမသိကြပေမဲ့ ငါနဲ့ရင်းနှီးပြီးရင် လူတိုင်းသိလာကြလိမ့်မယ်"
ချင်ရှီးက ကုချင်းဟိုင်ကို ကြည့်လိုက်တော့ ကုချင်းဟိုင်ရဲ့ မျက်လုံးတွေက အရမ်းနီရဲလာပြီး သူ့အမူအရာက အရမ်းဝမ်းနည်းပြီး နာကျင်နေဟန်ရှိသည်။
"ဘာတွေဖြစ်နေကြတာလဲ"
ကျုံးချန်သည် ပင်ပန်းနေသော အမူအယာဖြင့် တံခါးပေါက်မှ ဝင်လာသည်။
"ကုချင်းဟိုင်ကို မိဘမဲ့လို့ပြောပြီး သူက မိဘမဲ့အဖြစ်နဲ့ မွေးစားခံထားရတဲ့အကြောင်းကို ဖော်ထုတ်သင့်တယ်လို့ လည်းပြောခဲ့သေးတယ်… "
ချင်ရှီးက ခေတ္တရပ်ပြီးမှ စကားဆက်ပြောသည်။
“တပ်မိသားစုလူတိုင်းက ကုချင်းဟိုင်ရဲ့ဝိသေသလက္ခဏာကို သိကြတယ်။ သူကိုယ်တိုင်တောင် သိတယ်။ သူ့အဖေက တိုင်းပြည်အတွက် သူ့အသက်ကို စတေးခဲ့တာဆိုတာ သိသာထင်ရှားပြီးသား။ သူ့ကို ငယ်ငယ်လေးကတည်းက ငါ့မိသားစု လုကျဲ့ထျန်းက မွေးစားခဲ့တာ ဒါဖြင့် သူဘာကြောင့် မိဘမဲ့ဖြစ်ရဦးမှာလဲ။၊ သူ ဘာလို့ ဒီလိုအနိုင်ကျင့်ခံရတာတောင်မှ သူ့ကို ဆိုးသွမ်းတဲ့ အသွင်အပြင်နဲ့ရန်ဖြစ်ခဲ့သလိုမျိုး သီးခြားခွဲထားပြီးဒဏ်ခတ်ရတာလဲ”
ကုချင်းဟိုင်သည် မူလက နစ်နာသူလိုဟန်ဆောင်နေသော်လည်း ယခုတွင် ချင်ရှီးက သူ့အတွက် ခုခံကာကွယ်ပေးနေသံကြားတော့ သူ့နှာခေါင်းက ချဉ်လာပြီး မျက်ရည်တွေဝိုင်းလာသည်။
ရုံးခန်းရှိ ဆရာများသည် ခေါင်းငုံ့ကာ တိတ်တိတ်ဆိတ်ဆိတ် ငိုနေသော ကုချင်းဟိုင်ကို ကြည့်၍ ကူကယ်ရာမဲ့ ဝမ်းနည်းပူဆွေးနေကြသည်။
"တကယ်လား ဒါဆို အရမ်းလွန်နေပြီ။ ဒီလိုမျိုးပြောနေတဲ့သူက ဘယ်သူ့ ကလေးလဲ"
"ဘယ်သူက နောက်ကွယ်မှာ ဒီလိုစကားတွေဖြန့်ထားပြီး ကလေးက နားထောင်လို့ရအောင်လုပ်ရတာလဲ "
ဝမ်လင်လင်က နေ့လည်ခင်းတွင် ကုချင်းဟိုင်နှင့်ကျောက်ဟောင်ရန်တို့ ရန်ဖြစ်တာကို ပြန်တွေးမိပြီး ကျောက်ဟောင်ရန်က အတင်းအဖျင်းပြောနေသည့်အကြောင်းကို သူမ သိလိုက်ရသောအခါ ရုတ်တရက် ခေါင်းကိုက်လာသည်။
"ဆရာမ ကလေးက အတန်းခေါင်းဆောင်လို့ကြားတယ် ဟုတ်လား"
ချင်ရှီးက ဝမ်လင်လင်ကို ကြည့်သည်။
ဝမ်လင်လင်က ခေါင်းညိတ်သည်။
"ဒါသာမှန်ရင် စုံစမ်းစစ်ဆေးမှုတွေရှင်းပြီးရင် သူ့ကိုအတန်းခေါင်ဆောင်ရာထူးကနေ ဖယ်လိုက်မယ်"
"ဒါဆို ငါစိတ်ချနိုင်ပါတယ်။ အတန်းခေါင်းဆောင်က ကျောင်းသားတွေရဲ့ ကိုယ်စားလှယ်ဘဲ"
ချင်ရှီးက ဒီကိစ္စနှင့် ဆက်နွယ်ပြီး နောက်အကြောင်းအရာကို ပြောသည်။
"နေ့လည်ခင်းမှာ ရန်ဖြစ်ကြလို့ စင်္ကြံမှာ ရပ်ခိုင်းတယ်ဆိုတာ ဆရာမလီချန်းချန်ဆီက ကြားတယ်"
ချင်ရှီးက ဝမ်လင်လင်ကိုကြည့်၍ပြောသည်။
"မိန်းကလေးလီက ကျွန်မကို ပြန်ရောက်တဲ့အခါ ကလေးအတွက် သင်ခန်းစာတွေ ပြန်ပြီးသင်ပေးဖို့ ပြောခဲ့တယ်။ သူက စင်္ကြံမှာရပ်နေရတာမို့ သင်ခန်းစာတွေ နားမထောင်လိုက်ရဘူးတဲ့။
ဆရာမဝမ်…နောက်တစ်ခါ မင်းရဲ့ အတန်းသားတွေကို မတ်တပ်ရပ်ခိုင်းရင်စာသင်ခန်းထဲမှာ မတ်တပ်ရပ်ခိုင်းပေးပါ။ အပြင်မှာ စာသင်ချိန်ကို နားထောင်ရတာ စာနားလွယ်ဖို့ မလွယ်ဘူး။ ငါ့ ကလေးတွေအတွက် အင်္ဂလိပ်စာပြန်သင်ပေးဖို့ တတ်နိုင်ပေမဲ့ တခြားကျောင်းသားတွေက သင်ယူဖို့ မလွယ်ဘူး။ နည်းနည်းနောက်ကျသွားလိမ့်မယ်..."
ဝမ်လင်လင်သည် ချင်ရှီး၏ပကတိရိုးသားဖြူစင်ဟန် မျက်နှာကို ကြည့်ကာ သူမမျက်နှာက ရုပ်ဆိုးသွား၏။ ရုံးခန်းကို လှမ်းကြည့်လိုက်တော့ အားလုံးက သူမကို စိုက်ကြည့်နေတာကိုမြင်တော့ သူမ ရှက်ရွံ့သလို ခံစားလိုက်ရသည်။
သူမသည် မရပ်မနား အကြံပြုနေဆဲဖြစ်သော ချင်ရှီးကို ကြည့်ကာ ကုချင်းဟိုင်ကို မတ်တပ်ရပ်ဖို့ အပြစ်ပေးခြင်းအတွက် သူမကို တမင်အပြစ်တင်နေသလားဟုတွေးနေမိသည်။
အခြားဆရာများသည် ရိုးသားမှုအပြည့်ရှိသော ချင်ရှီးကိုကြည့်ကာ မျက်နှာမကောင်းသော ဝမ်လင်လင်ကိုကြည့်၍ သူတို့နှုတ်ခမ်းပေါ်မှ အပြုံးကို ထိန်းထားကြသည်။
ဝမ်လင်လင်သည် ဆရာမ၏ ဆွေမျိုးဖြစ်သည်ဟူသောအချက်ကို အားကိုးကာ မျက်နှာထားတည်တည်ဖြင့် တစ်နေ့လုံး ရုံးခန်းထဲတွင် လေလွင့်နေတတ်သည်။ နေရာတကာမှာ စိတ်တိုင်းမကျဖြစ်ကာ ကလေးတွေကိုလည်း စိတ်မရှည်ဘဲ ဒေါသကြီး၍ မာနကြီးသေးသည်။
သူတို့သည် သူမကို မစော်ကားချင်ကြသောကြောင့် နှစ်ပေါင်းများစွာ ဒေါသကို မျိုသိပ်ထားခဲ့ကြသော်လည်း ချင်ရှီးသည် ယနေ့အခွင့်အရေးကို ဆုပ်ကိုင်ကာ သူမအား အရှက်ခွဲမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့အတွက် ဒီပွဲကိုကြည့်ရတာ အရမ်းမိုက်သည်။
ကျုံးချန်သည် ချင်ရှီးက ဝမ်လင်လင်၏ကိုယ်ပိုင်လက္ခဏာကို မသိကြောင်း ခန့်မှန်းထားမိသောကြောင့် သူမအား စကားအလွန်အကျွံမပြောမိစေရန်၊ အခြားသူများကို မစော်ကားမိစေရန် အမြန်သတိပေးမည်ဖြစ်သည်။
သို့သော် သူမ စကားပြောရန် အချိန်မရသေးမီတွင် ချင်ရှီးသည် စကားရပ်လိုက်သည်။ သူမသည် အလွန်တိုင်းတာချင့်ချိန်တတ်ပြီး မကောင်းသောစကားပြော၍ ဝမ်လင်လင်ကို အပြစ်မတင်ခဲ့ပေ။
ချင်ရှီးက ကလေးတွေ ခိုက်ရန်ဖြစ်ပွား လို့ ဆရာမက သင်ခန်းစာပေးခဲ့တယ်လို့ ရည်ညွှန်းနေပေမဲ့ တကယ်တော့ ဝမ်လင်လင်က လူတွေကို စကားတစ်ခွန်းမှ မမေးဘဲ အပြစ်ပေးခဲ့တာကို သူမက ထောက်ပြနေတာဖြစ်ကြောင်း သိသာပါသည်။
သူမ ကလေးတွေအတွက် အင်္ဂလိပ်စာသင်ပေးဖို့တတ်နိုင်ပေမဲ့ တခြားကျောင်းသားတွေကတော့ မတတ်နိုင်တာကြောင့် ကလေးတွေကို အပြစ်ပေးတာကို စာသင်ခန်းထဲမှာလုပ်သင့်တယ်လို့ ဝမ်လင်လင်ကို အကြံပြုသည်။ ဒါက ကျောင်းသားတွေကို ဆိုးဆိုးရွားရွား ဒဏ်ခတ်ပြုမူခဲ့တယ်ဆိုတဲ့ နောက်ထပ်အရိပ်အမြွက်ပါဘဲ။
ချင်ရှီးက ဝမ်လင်လင်ကို စကားအနည်းငယ်ပြောပြီး ရှက်သွားအောင်လုပ်နိုင်ခဲ့သည်။ အခြားဆရာများကလည်း တစ်ချိန်တည်းမှာ ဝမ်းသာတုန်လှုပ်သွားကြသည်။
သူမသည် ထက်မြက်ပြီး ချင့်ချိန်နည်းကို သိသည်။ မကြောက်တတ်သလို သွက်သွက်လက်လက်နှင့် ပြောဆိုလုပ်ဆောင်တတ်သည့် အစွမ်းထက်သူလည်းဖြစ်သည်။
ပြဇာတ်ကောင်းကိုကြည့်ရင်း အမျိုးသမီးဆရာမများက သူမ၏အဝတ်အစားနှင့် ဆံပင်ပုံစံကို စူးစူးဝါးဝါး စိုက်ကြည့်ရင်းတွေးနေကြသည်။ မကြာသေးမီက ကောလာဟလများစွာ ထွက်ပေါ်လာခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ သူမသည် အလွန်လှပပြီး ဝတ်စားဆင်ယင်မှုကောင်းသည်။ ဘယ်သူက မနာလိုမဖြစ်ဘဲနေမည်နည်း။
ငယ်ငယ်ရွယ်ရွယ်နှင့် လှလှပပဖြစ်နေတာကိုလည်း မုန်းတီးကြပြီး ရဲရင့်တဲ့အတွက်လည်း မနာလိုဖြစ်ကြလိမ့်မည်။
ချင်ရှီးက သူမကို လူတိုင်းက ဘယ်လိုထင်ကြလဲဆိုတာကို ဂရုမစိုက်ပါ။ ဝမ်လင်လင်ရဲ့ မျက်နှာက ပိုနက်မှောင်လာတာကို မြင်လိုက်ရတော့ သူမ စကားရပ်သွားသည်။ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူမသည် ကောလာဟလဖြန့်သည့်ကိစ္စကို ဖြေရှင်းပြီးနောက် ကုချင်းဟိုင်ကို ခေါ်သွားကာ ရုံးခန်းတွင်းမှ ထွက်ခွာသွားသည်။
လူနှစ်ယောက်ထွက်သွားပြီးနောက် ဝမ်လင်လင် ဘာပြန်ပြောရမှန်းကို မသိတော့ဘဲ အားလုံးက သူမကို ကြည့်နေတယ်လို့ ခံစားလိုက်ရသည်။
သူမ ရုတ်တရက်ထရပ်ကာ ကျောက်ဟောင်ရန်ကို ရှာဖွေချင်ပြီး ဤကိစ္စနှင့်ပတ်သတ်၍ အမှန်တရားကို အတည်ပြုချင်မိသည်။
သူမ ထွက်သွားတာကိုမြင်တော့ ရုံးခန်းထဲက ဆရာတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ကြပြီး ချင်ရှီးရဲ့စကတ်နဲ့ အရမ်းစကားပြောတတ်တဲ့အကြောင်းကို ဆက်ပြီး စု၍ဆွေးနွေးကြသည်။
"ဒါက တပ်မှူးကျောက်ရဲ့ဇနီးလို့ ထင်တယ်။ သူမက အမြဲတမ်း ဘာမှလုပ်စရာမရှိတဲ့အခါ အတင်းအဖျင်းပြောရတာကို ကြိုက်တယ်။ တစ်စုံတစ်ယောက်ရဲ့ မိသားစုကိစ္စက သူမဆီရောက်သွားရင် နောက်နေ့ အားလုံး သိကြလိမ့်မယ်။ သူမ ပြောတာကို ကျောက်ဟောင်ရန် သိလိုက်တာကြောင့် ကုချင်းဟိုင်နဲ့ရန်ဖြစ်ကြတာဖြစ်မယ်"
"ကုချင်းဟိုင်က မိဘမဲ့ဖြစ်တာကြောင့် ကျောက်ဟောင်ရန်က အဲ့ဒါကိုကြားပြီးရင် နားလည်မှုလွဲသွားနိုင်တယ်"
"ဒါဆို မိသားစုပတ်ဝန်းကျင်က အရမ်းအရေးကြီးနေသေးတာဘဲ။ ဟမ်း… မိဘတွေက ကလေးတွေအတွက် အကောင်းဆုံးစံပြပုဂ္ဂိုလ်တွေဘဲ။ သူတို့အပေါ် လွှမ်းမိုးလွန်းတယ်”
“အဲဒါက တကယ့် ရာဇ၀တ်မှုဘဲ”
“ဘယ်လောက်ဘဲ နားလည်မှုလွဲပါစေ။ တခြားသူတွေကို တိုက်ခိုက်ပြီး အနိုင်ကျင့်ဖို့ ဒါမျိုးကို သုံးလို့မရဘူး။ ချင်ရှီး ပြောတာ မှန်တယ်။ အဲ့ဒါက အနိုင်ကျင့်တာဘဲ။ ကလေးရဲ့ စိတ်ကျန်းမာရေးမှာ ပြဿနာရှိလာလိမ့်မယ်”
“ဒီထက်ပိုပြီး အာရုံစိုက်ကြည့်ရအောင်။ ဘယ်ကလေးက အနိုင့်ကျင်နေလဲ။ တစ်ခုခုဖြစ်သွားရင် အားလုံးပြီးသွားလိမ့်မယ်”
"ဒါဆို ငါ့အတန်းထဲမှာ အမြဲရန်ဖြစ်တတ်တဲ့ ကလေးတစ်ယောက်ရှိတယ်။ ဒီလိုပြောလို့ရမလား…အနိုင်ကျင့်တာဘဲလား"
"ဟေး အနိုင်ကျင့်တာဘဲဖြစ်ဖြစ်၊ အနိုင်ကျင့်ခံရတာဘဲဖြစ်ဖြစ် ကောင်းကောင်းသိရအောင် ဂရုစိုက်ထားရမယ်"
လူငယ်ဆရာအချို့က စကားစမြည်ပြောကြပေမဲ့ အလွန်မထီမဲ့မြင်ပြုနေကြသည့် လူအချို့လည်းရှိသည်။
'ရန်ပွဲတစ်ခုဘဲ မဟုတ်လား။ နောက်ပြီး စိတ်ရောဂါတဲ့။ ဆရာတွေက စီမံခန့်ခွဲသင့်တာတွေကို စီမံနိုင်ပေမဲ့ သူတို့ရဲ့ စိတ်ခံစားချက်ကိုတော့ ဘယ်လိုလုပ် လုပ်ပေးနိုင်မှာတဲ့လဲ'
'…ကြောင်သူတော်လုပ်နေတယ်…ဟမ့်'
_***_