အပိုင်း (၆၅)
ချင်ရှီးသည် နောက်တစ်နေ့နံနက် စောစောနိုးပြီး တစ်ခုခုစားရန် ပြင်နေစဉ် လုကျဲ့ထျန်းက သူ့လက်ထဲတွင် နံနက်စာနှင့်အတူ ပြန်လာခဲ့သည်။
"နိုးပြီလား"
လုကျဲ့ထျန်းသည် မနက်စာကို စားပွဲပေါ်တင်လိုက်သည်။
"မြန်မြန်စားလိုက်"
ချင်ရှီးက မျက်တောင်ခတ်ပြီး ပြော၏။
"အရမ်းကောင်းတာဘဲ"
လုကျဲ့ထျန်းက စကားမပြောဘဲ ပြုံးရုံသာပြုံးနေ၏။
ချင်ရှီးသည် အမြန်ရေဆေးကြောကာ စားရန် ထွက်လာခဲ့သည်။ ထိုင်ပြီးနောက် ဘူးကိုဖွင့်လိုက်သည်။ ထိုထဲတွင် စားစရာအများကြီးမရှိသည်ကိုတွေ့လိုက်ရသဖြင့် လုကျဲ့ထျန်းကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။
ချင်ရှီး၏အကြည့်ကို လုကျဲ့ထျန်းက အာရုံခံမိသည်။
"မင်းက လွယ်လွယ်နဲ့ ခရီးပန်းပြီး ပျို့အန်တတ်တယ်လေ။ ဒါကြောင့် အများကြီး မပေးချင်ဘူး"
"ကျေးဇူးတင်ပါတယ်"
ချင်ရှီးက ပြုံးပြီး ဂျုံယာဂုပူပူလေး တစ်ငုံသောက်လိုက်သည်။
လုကျဲ့ထျန်းသည် သူမ စားနေတာကို အလေးအနက်ထားကြည့်ပြီး တိတ်တိတ်လေး သက်ပြင်းချရင်း "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလုံးကို လုံးဝ မလိုချင်ခဲ့ပါချေ။
စားပြီး တစ်ဝက်လောက်မှာ ချင်ရှီးက တစ်ခုခုကို သတိရသွားပြီး လုကျဲ့ထျန်းကို လှည့်ကြည့်လိုက်သည်။
"နင် ငါ့အတွက်ဘဲ ဝယ်လာတော့ ကလေးတွေအတွက်က ဘယ်မှာလဲ"
လုကျဲ့ထျန်း : "မနေ့က သူတို့ကိုပြောထားပြီးသား။ ရှောင်ဟိုင်က ဆိုင်ကိုသွားစားလိမ့်မယ်။ ဆိုင်က အစားအစာတွေက စိတ်ချရပါတယ်။ ပြီးရင် ရှောင်ဟူးက အမြွာတွေအတွက် လာပို့ပေးမယ်"
အစည်းအဝေးက ခြောက်နာရီမှာဖြစ်ပြီး ကလေးတွေထချိန်က ရှစ်နာရီ သို့မဟုတ် ကိုးနာရီထိုးလောက်တော့မည်။ (အစည်းအဝေးမသွားခင်) စားစရာတွေ ကြိုတင်စီစဉ်ထားပေမဲ့ အေးသွားလောက်မည်ဖြစ်ရာ ထိုအချိန်မှသာ ဟေးဟူးကို ခဏလောက် ပြန်ခိုင်းပြီး ပို့ခိုင်းလိုက်မည်သာ။
"ဒါဆို နင် စားပြီးပြီလား"
ချင်ရှီးက ထပ်မေးသည်။
လုကျဲ့ထျန်းက "အွန်း" လို့ ပြောပြီး သူ့လက်ထဲက သတင်းစာကို ဆက်ဖတ်နေသည်။
ချင်ရှီးသည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်ကာ ဘာမှဆက်မပြောတော့ဘဲ စားပြီးသည်နှင့် အမြန်အဝတ်အစားလဲ၍ ဆံပင်ဖြီး မျက်ခုံးမွှေးဆွဲကာ နှုတ်ခမ်းများကို ခြယ်သလိုက်၏။
သူမ သပ်ရပ်စွာပြင်ဆင်ပြီးနောက် လုကျဲ့ထျန်းသည် ခါတိုင်းထက်ပိုမိုလှပသော ချင်ရှီးကို လှည့်မကြည့်ဘဲမနေနိုင်တော့ချေ။
အများအားဖြင့် ချင်ရှီးသည် သူမကိုယ်ကို ကောင်းမွန်စွာ ၀တ်စားဆင်ယင်လေ့ရှိပြီး အတန်းသွားသည့်အခါ အမြဲတမ်း လှပနေသော်လည်း အလွန်ပေါ့ပါးသော မိတ်ကပ်ကိုသာ အမြဲပြင်ဆင်လေ့ရှိပြီး သူမ၏ နှုတ်ခမ်းနီအရောင်သည်လည်း အလွန်တောက်ပခြင်းမရှိပေ။
သို့သော် ယနေ့တွင် သူမသည် အနီရောင်နှုတ်ခမ်းနီကို ခြယ်သထားပြီး သူမ၏ မျက်ခွံများတွင် အခြားအရောင်များခြယ်သထားသည်။ လုကျဲ့ထျန်းဟာ သူမ ဘယ်နေရာမှာ ပြောင်းလဲသွားတယ်ဆိုတာကို မပြောနိုင်ပေမဲ့ သူမဟာ ပိုကြည့်ကောင်းနေတာကြောင့် မိတ်ကပ်ကို အလေးအနက်ထားလိမ်းထားတယ်ဆိုတာကိုသာသိနိုင်သည်။
"ကြည့်ကောင်းရဲ့လား"
လုကျဲ့ထျန်းက သူမကို တစ်ချိန်လုံးကြည့်နေတာကိုမြင်တော့ ချင်ရှီးက သူမရဲ့ခန္ဓာကိုယ်ပေါ်ကအဝတ်တွေကို ပွတ်သပ်ပြီး လှည့်ကြည့်လိုက်သည်။
ခြေသံရှည် လေကာအင်္ကျီတွင် ပခုံးနှင့် ခါးပုံသဏ္ဍာန်က ပေါ်လွင်ပြီးရှည်လျားသော်လည်း ခေတ်ဆန်သည်။ အထည်သည် ထူသော်လည်း မဖောင်းဘဲ အလွန်ပျော့ပျောင်းသွယ်လျသည်။သားရေဖိနပ်လေးတွေနှင့် တွဲဝတ်ထားတာ အရမ်းမိုက်သည်။
လည်ပင်းတစ်ဝိုက်ရှိ အဝါနုရောင်ပဝါသည် မှိုင်းရင့်သောအဝတ်အစားများမှ သယ်ဆောင်လာသည့် ဖိနှိပ်မှုကို သက်သာစေသည်။
သပ်ရပ်လှပသောဆံပင်နှင့်မိတ်ကပ်သည် ချင်ရှီး၏အလှကို ပိုမိုမြင့်မားစေပါသည်။ သူမ၏ အရပ်ရှည်ပြီး ပြီးပြည့်စုံသောရုပ်ပုံနှင့်တွဲဖက်လိုက်သောအခါ သူမသည် ဓာတ်ပုံများထဲကမော်ဒယ်တစ်ဦးဖြစ်သည်ဟုဆိုခြင်းသည်ပင် ချဲ့ကားခြင်းမဟုတ်နိုင်တော့ပါ။
လုကျဲ့ထျန်း၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွား၏။
"လှတယ်"
ချင်ရှီးကလှတယ်ဆိုတာ သူအမြဲသိပေမဲ့ ဒီနေ့တော့ ဝတ်ကောင်းစားလှနှင့်မို့ ပိုလှပါသည်။
ချင်ရှီးသည် ကျေနပ်စွာပြုံးကာ မှန်ရှေ့တွင် ဆံပင်ကိုသေချာပြင်ဆင်ရန် သွားလိုက်သည်။ အမျိုးသမီးတွေဟာ အလှတရားကို အမြဲမြတ်နိုးကြပြီး ထိုအရာက သူတစ်ပါးအတွက်မဟုတ်ဘဲ သူတို့ကိုယ်သူတို့အတွက်သာဖြစ်ပါ၏။
သူမ၏ရုပ်သွင်ကိုကြည့်ရင်း လုကျဲ့ထျန်းသည် အနည်းငယ် ထိုင်မရထမရဖြစ်နေသည်။
"မင်းဘယ်တွေ လျှောက်လည်မှာလဲ"
ချင်ရှီးသည် လုကျဲ့ထျန်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှားယွင်းနေခြင်းကို သတိပြုမိခြင်း မရှိခဲ့ဘဲ ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။
"မသိဘူး မော့လင်က စစ်းနော့နဲ့တွေ့ဖို့ စီစဉ်ပေးတာ။ ငါတို့သွားစရာရှိတာကတော့ ဒါဘဲ”
လုကျဲ့ထျန်းက ဘာတွေတွေးနေမှန်းမသိဘဲ ချင်ရှီးကို စိုက်ကြည့်ရင်း သူ့မျက်နှာမှ လေးနက်တဲ့အမူအရာက ပြန်လည်လျော့ကျသွား၏။
ချင်ရှီးသည် ဆံပင်တွေကို သေချာပြင်ဆင်ပြီး လှည့်ကြည့်လိုက်တော့ ကြောင်တက်တက်ရှိနေသည့် လုကျဲ့ထျန်းကိုတွေ့ပြီး ခဏရပ်ကာမေး၏။
"နင်ဘာတွေတွေးနေတာလဲ။ တပ်ထဲမသွားသေးဘူးလား"
လုကျဲ့ထျန်းက သတိပြန်ဝင်လာပြီး နံရံပေါ်က နာရီကို မော့ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
“သွားတော့မယ်"
လုကျဲ့ထျန်းသည် သူ့အင်္ကျီကိုဝတ်ပြီး ဦးထုပ်ကို ကောက်ကိုင်လိုက်ကာ အပြင်ထွက်သွားပြီး တံခါးဝမှာ ရပ်လိုက်ပြန်သည်။
“မင်း အပြင်ထွက်ပြီးလျှောက်လည်တဲ့အခါ သတိထားပါ။ တစ်ယောက်တည်း မနေပါနဲ့။ ဒါက မင်းရဲ့ ပထမဆုံး မြို့ကိုသွားတဲ့အချိန်မို့ လမ်းပျောက်မသွားအောင် သတိထားပါ”
ခဏလောက်ရပ်ပြီး သူက ဆက်ပြောသည်။
“မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေကိုလည်း သတိပြုပါ"
"ဟမ်...ဟုတ်ပြီ ငါသိပါပြီ"
ချင်ရှီးက ပြန်ဖြေပြီးနောက် အထူးပြုလုပ်ထားတဲ့ သားရေအိတ်ကိုယူဖို့ အခန်းထဲကို ဝင်သွားသည်။
သူ့ဆိုလိုရင်းကို သူမ လုံးဝနားမလည်တာကိုမြင်တော့ လုကျဲ့ထျန်းက အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ ကိုယ့်အဆင့်အတန်းနှင့် ကိုယ့်ရပ်တည်ချက်ကြောင့် ရှင်းရှင်းလင်းလင်းပြောပြဖို့ကလည်း ခက်တာမို့ လက်လျှော့လိုက်ရုံပါဘဲ။
သူ အပြင်ထွက်သွားရင် သူတို့သုံးယောက် လျှောက်လည်ကြတဲ့အခါ လူဆိုးတွေရဲ့နှောင့်ယှက်ခံရမှာလားဆိုတာကို ဆက်တွေးနေမိ၏။
လုကျဲ့ထျန်းသည် တောက်လျှောက်တွေးတောနေခဲ့ပြီး နောက်ဆုံးတွင် သူလိုက်နာရမည့် အတွေးတစ်ခု ပေါ်လာသည်။
သူသည် မိမိကိုယ်ကို နှိမ့်ချစွာ ပြုံးလိုက်ပြီး တပ်ထဲသို့ဝင်သွားပြီးနောက် ဤရှုပ်ယှက်ခတ်သော အတွေးများကို ပယ်ချကာ ထိုအကြောင်း ထပ်မတွေးတော့ပေ။
ချင်ရှီးဆီသို့ မောလင့်လည်း ရောက်လာသည်။
မော့လင်သည် အလွန်လှပစွာ ၀တ်စားဆင်ယင်ထားပြီး ချင်ရှီး၏ လေကာအင်္ကျီနှင့်ဆင်တူကာ အရောင်အနည်းငယ်သာကွဲပြားလျက် ညီအစ်မများ၏၀တ်စားဆင်ယင်ပုံနှင့်တူ၏။
(*ခပ်ဆင်ဆင် ဝတ်စားဆင်ယင်ထားသည်ဟု ဆိုလိုသည်)
မော့လင်သည် ချင်ရှီးကိုမြင်သောအခါ လက်နှစ်ဖက်ကို လှမ်းကိုင်လိုက်ပြီး မျက်နှာကို စိုက်ကြည့်သည်။
"အာ....ဒီနေ့ မင်းရဲ့မိတ်ကပ်က အရမ်းလှတယ်။ ဒီအညိုရောင် မျက်ဝန်းခြယ်တဲ့ဆိုးဆေး (*eyeshadow) ကို သဘာဝကျကျဖြစ်အောင် ဘယ်လို လိမ်းတာလဲ။ ငါရောသုံးလို့ရမလား"
"ဒီအရောင်လိုမျိုးမရရင် အချိန်တိုအတွင်း မီးခိုးရောင်မိတ်ကပ် ဖြစ်သွားလိမ့်မယ်”
“မင်းရဲ့ နှုတ်ခမ်းနီကရော ဘာတံဆိပ်လဲ။ အနီရောင်က သိပ်ပြီး ပြောင်လက်ရဲတင်းမနေဘူး။ အရောင်ကလည်း အရမ်းလှတယ်”
သေချာပါသည်။ အမျိုးသမီးတွေကသာ အမျိုးသမီးတွေကို နားလည်ကြသည်။ လုကျဲ့ထျန်းကို မေးသောအခါ "ကြည့်ကောင်းသည်" ဟုသာပြောသော်လည်း မော့လင်သည် ချင်ရှီး၏ မိတ်ကပ်လိမ်းခြယ်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို မြင်တွေ့နိုင်သည်။
"နောက်မှ မင်းကိုမိတ်ကပ်လိမ်းနည်းသင်ပေးမယ်"
ချင်ရှီးက မော့လင်ကို ပြုံးပြသည်။
"နှုတ်ခမ်းနီတံဆိပ်က အရေးမကြီးပါဘူး။ အရေးကြီးတာက အရောင်အမျိုးမျိုးကို တွဲစပ်တတ်ဖို့ဘဲ"
"အွန်း... ဒီလိုကြောင့်ကိုး..."
မော့လင်က ရုတ်တရက် သဘောပေါက်သွားသည်။
"ဒီလိုမျက်လုံးခြယ်ဆိုးဆေးနဲ့နှုတ်ခမ်းနီပုံစံမျိုးကို မမြင်ဖူးတော့ ဒါက နိုင်ငံခြားကလာတဲ့ တံဆိပ်အကြီးကြီးလို့ ထင်ခဲ့တာ"
တံခါးပေါက်မှာရပ်ထားတဲ့ ကားထဲမှ လူချောတစ်ယောက်က ပြတင်းပေါက်ကို လျောချလိုက်ပြီး မော့လင်ကို အော်ပြောလိုက်သည်။
"အပြင်မှာအေးနေပြီ။ ကားပေါ်တက်ပြီးမှ စကားပြောရအောင်"
ချင်ရှီးက တစ်ချက်ကြည့်လိုက်ပြီး မော့လင်ဆီကို ခေါင်းလှည့်လိုက်သည်။
"ဒါက မင်းကိုပိုးပန်းတယ်ဆိုတဲ့ တစ်ယောက်လား"
မော့လင်က သဘောကျစွာပြုံးပြီး ခေါင်းညိတ်သည်။
"ဟုတ်တယ်။ သူက ချန်လန်ပါ။ အားလပ်ရက်မှာ သူ့မွေးရပ်မြေကို ပြန်မလို့။ သူက ငါတို့အတွက်မြို့ကို မောင်းပို့ပေးပြီးရင် ရထားပြန်စီးလိမ့်မယ်"
ချင်ရှီးက သူ့အိတ်ကို ယူပြီး ပိတ်လိုက်ကာ အိမ်တံခါးဝမှာရှိနေတဲ့ ကားအကြောင်း မော့လင်ကို လှမ်းမေးသည်။
“ဒီကားကရော ဘယ်ကလဲ”
“မြို့က သူငယ်ချင်းတစ်ယောက်ဆီက ငှားပေးတာ"
မော့လင်က ရှင်းပြသည်။
"အိုး..."
ချင်ရှီး နားလည်သွားသည်။ ဤကားသည် သူတို့အတွက် အထူးငှားထားသော ကားဖြစ်သည်။ မဟုတ်ရင် ခရိုင်ထဲမှာ ရထားစီးပြီး မြို့ကိုသွားရမည်ဖြစ်၏။
မော့လင်က ချင်ရှီးကြောင့် အနည်းငယ်ရှက်သွားသည်။
"အမ်... မြို့ကနေ တိုက်ရိုက်ဘတ်စ်ကားရှိတယ်။ ခရိုင်ထဲမှာ ပြောင်းရွှေ့စီစဉ်ပြီး စီးလို့ရပေမဲ့ တော်တော်အခက်အခဲရှိတယ်။ ဒီလိုဘဲ သွားကြရအောင်"
" ငါ ဘာမှမမေးပါဘူး။ မင်းကဘာလို့ဒီလောက်အလျင်အမြန်ရှင်းပြနေတာလဲ"
မော့လင်က ရှက်ဒေါသထွက်သွားပြီး ချင်ရှီးရဲ့လက်မောင်းကို လွှတ်လိုက်သည်။
"အိုး.... ငါမင်းကိုမပြောတော့ဘူး။ ကားပေါ်တက်လိုက် အပြင်မှာ အေးနေတယ်”
ကားပေါ်တက်ပြီးနောက် မော့လင်က သူတို့အား တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပေးပြီး ချင်ရှီးနှင့် ချန်လန်က တစ်ယောက်နှင့်တစ်ယောက် တရားဝင် သိသွားကြသည်။
ချန်လန်နှင့် လုကျဲ့ထျန်းတို့သည် စရိုက်သဘာဝ လုံးဝကွဲပြားပါသည်။ သူသည် သွက်လက်ရွှင်မြူးပြီး မော့လင်ကို အမြဲတမ်း ရယ်မောစေနိုင်သည်။
ထို့အပြင် သူသည် အလွန်ချင့်ချိန်တတ်သည်။ သူတို့ ပင်ပန်းနေသည်ကို မြင်သောအခါတွင် ကားရေဒီယိုကို ဖွင့်ကာ ဂီတချယ်နယ်ကို ချိန်ညှိလျက် ပျော်ပျော်ပါးပါးဖြစ်စေ၏။
ချင်ရှီးက လှမ်း၍အကဲခတ်ကြည့်လိုက်တော့ ဒီလူက တော်တော်ကောင်းသည်။ အရေးကြီးဆုံးကတော့ သူက မော့လင်အတွက် လိုက်ဖက်တဲ့လူပါဘဲ။
သူ့ရဲ့နူးညံ့သိမ်မွေ့မှုက သူရဲဘောကြောင်တာမျိုးမဟုတ်ဘဲ မော့လင်ရဲ့ သဘောထားနောက်ကိုလိုက်ပြီး လေးစားလိုစိတ်ရှိသည်။
မော့လင်ကိုယ်တိုင်က သူမကိုယ်တိုင်အတွက်သာ ဦးစားပေးဦးမည်ဖြစ်ပြီး အချစ်ရေးအား အလိုက်သင့်သာရှိစေမည်ဟုပြောခဲ့ပေမဲ့ ချန်လန်နှင့် လိုက်လျောညီထွေဖြစ်တာကိုကြည့်ပြီးနောက် လေထုက အရမ်းလိုက်ဖက်ညီလွန်းနေသည်ကို ချင်ရှီး အကဲခတ်မိသည်။
ချန်လန်သည် မော့လင်ကို စူးစိုက်ပြီးလေးနက်သောမျက်လုံးများဖြင့် ကြည့်နေတတ်ကာ သူသည် သူမအား မသိလိုက်ဘာသာ စွဲဆောင်နေသကဲ့သို့ တိတ်တဆိတ်ဖြင့် သူ့မျက်လုံးများဖြင့် လိုက်ကြည့်နေတတ်သည်။
သို့သော် မော့လင်က သူ့ကိုပြန်ကြည့်သောအခါတွင် သူသည် ပုံမှန်အတိုင်းပင်နေကာ မော့လင်အား ကိုးရို့ကားယား မဖြစ်စေရန် ထိန်းသိမ်းဆင်ခြင်ပေးတတ်ပုံက ချင်ရှီးကိုပင် လက်ဖျားခါလောက်စေသည်။ ဒီလူနှစ်ယောက်၏ အချစ်ရေးဟာ အနာဂတ်မှာ တကယ်အောင်မြင်လာလိမ့်မည်။
အတန်ကြာအောင် ကားစီးပြီးနောက် ချင်ရှီးသည် အနည်းငယ် နေထိုင်မကောင်းဖြစ်လာကာ ထိုင်ခုံပေါ် မှိန်းရင်းပက်လက်လန်ကာ နှစ်ယောက်သားအား အာရုံစိုက်မှုကို ရပ်တန့်လိုက်သည်။
ချင်ရှီးသည် ဘယ်အချိန်ထိ အိပ်ပျော်သွားမှန်းမသိလိုက်ပါဘဲ မျက်လုံးတွေ ပြန်ဖွင့်လိုက်သောအခါ မြို့ထဲရောက်လုနီးပါး ဖြစ်နေပါပြီ။
"မင်းက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ မင်းနိုးလာတဲ့အခါ ဟိုကိုတောင် ရောက်လောက်ပြီ"
မော့လင်က နောက်ပြောင်သည်။
ချင်ရှီးက သူမပါးစပ်ကို ဖုံးကာ သမ်းလိုက်ရင်း ညည်းသွားသည်။
"ပြောမနေနဲ့တော့ ငါ့မှာ လှုပ်ရှားမှုရှိရင် မူးဝေအော့အန်တတ်တဲ့ ခန္ဓာကိုယ်ရှိတယ်"
ချင်ရှီးသည် အမှန်တကယ် အဝေးကြီးကို ခရီးမသွားချင်ပါ။
'ခံစားရတာ မလွယ်လှဘူး'
မကြာမီ ကားသည် မြို့ထဲသို့ မောင်းဝင်လာပြီး ချင်ရှီးသည် ပြတင်းပေါက်မှ စူးစူးစိုက်စိုက် လှမ်းကြည့်ရာ မြို့တော်သည် အလွန်သာယာလှသည်ကို တွေ့လိုက်ရသည်။ အထပ်မြင့် အဆောက်အအုံများ ရှိသော်လည်း အနည်းငယ်မျှသာရှိပြီး အထပ်များသည် နောက်ပိုင်း မျိုးဆက်များလောက် မဆိုးဝါးလှသေးပါ။
ခရိုင်နှင့်မြို့တော်ကို နှိုင်းယှဉ်ပါက ဒီမှာကအလွန်ချမ်းသာပြီး လမ်းပေါ်တွင် ဈေးဆိုင်မျိုးစုံရှိလျက် ကားအစီးရေလည်း များပြားကာ မြို့တွင်းတွင် ဖက်ရှင်ကျကျ အဝတ်အစားများ ပိုမိုဝတ်ဆင်လာကြသည့် လူများလည်း ရှိသည်။
ချင်ရှီးသည် ပတ်ဝန်းကျင်ကို စိုက်ကြည့်နေကာ ထိုခေတ်မြို့ကြီးကို သဘောကျနေသည်။
ချန်လန်က သူတို့ကို ထားပြီးမထွက်သွားခင် စုန့်စစ်းနော့၏ အထည်ဆိုင်တံခါးထိ လိုက်ပို့သည်။
"ဒီမှာဘဲ"
မော့လင်သည် စတိုးဆိုင်၏ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။
"ကားထဲမှာ အကြာကြီး ထိုင်နေရလို့ ပင်ပန်းနေပြီ"
ချင်ရှီးလည်း မျှော်ကြည့်လိုက်ရာ "နွီယန် အထည်ဆိုင်" ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။
ဆိုင်သည် အလွန်ကျယ်ဝန်းပြီး ဆိုင်နှစ်ဆိုင် ချိတ်ဆက်ထားသည်။ လမ်းဘက်ရှိ ပြတင်းပေါက်များကို မှန်သားဖြင့် ပြုလုပ်ထားပြီး လှပသောအဝတ်များနှင့် ဦးထုပ်များကို ၀တ်ဆင်ထားသည့် အရုပ်များရှိသည်။
“ဝင်ကြရအောင် ဝင်ကြရအောင်”
မော့လင်က ချင်ရှီးကို ဆွဲကာ စတိုးဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။
ဆိုင်ထဲမှာ လူတော်တော်များရှိနေသည်။ ဆိုင်အကူအဖြစ် အမျိုးသမီးနှစ်ယောက်က စောင့်နေကြသည်။ အခုအချိန်မှာ သူတို့အားလုံး ဖောက်သည်တွေကို လက်ခံနေကြပြီး ချင်ရှီးတို့နှစ်ယောက်ကို တွေ့ပြီးသည်နှင့် နှုတ်ဆက်ကြသည်။
"မင်္ဂလာပါ။ ပတ်ပတ်လည်ကို လိုက်ကြည့်လို့ရပါတယ်။ ကြိုက်တာတွေ့ရင် လှမ်းခေါ်ပြီး စမ်းကြည့်လို့လည်းရပါတယ်"
ထို့နောက် သူမသည် ပန်းပွင့်ဝတ်စုံကို ဆက်လက်ကိုင်ဆောင်ကာ ထိုဖောက်သည်နှင့် စတင်ညှိနှိုင်းပေးသည်။ တစ်ချိန်တည်းတွင် အခြားသော ဖောက်သည်များနှင့်လည်း ဆက်ဆံပေးကာ မေးမြန်းမှုများကို ဖြေကြားပေးသည်။
"လူတွေအများကြီးရှိတယ်"
ဆိုင်၏အလှဆင်မှု၊ နွေးထွေးသောဖော်ရွေမှု၊ အမျိုးမျိုးသောအလှဆင်ထားသည့်အပင်များ၊ ဗီရိုများသည်လည်းလိုက်ဖက်ကာ အလွန်ထူးခြားသည်ကိုကြည့်ရှုမိသည်။
အဝတ်အစားတွေကို ကြည့်လိုက်ရင် အမျိုးအစားတွေ အများကြီးရှိပြီး စတိုင်တွေကလည်း အရမ်းဆန်းသစ်ကာ အခုခေတ်စားနေတဲ့ စတိုင်လ်တွေ အများကြီးရှိနေတာ အံ့သြစရာမရှိတော့ပါ။
"မင်းရဲ့သူဌေးက ဘယ်မှာလဲ။ သူ ဒီမှာ မရှိဘူးလား"
မော့လင်က ဝန်ထမ်းလေးကို မေးသည်။
"ကျွန်မတို့ သူဌေးက ဈေးဝယ်ထွက်သွားတာပါ။ မကြာခင် ပြန်လာပါလိမ့်မယ်။ မင်းနဲ့ပတ်သက်တာတွေရှိလား"
ဝန်ထမ်းတစ်ဦးက ပြန်ပြောသည်။
"ငါက သူ့သူငယ်ချင်းပါ။ ဒီနေ့..."
မော့လင်က စကားမဆုံးခင်မှာ တံခါးကို တွန်းဖွင့်လိုက်သံကို သူမ ကြားလိုက်ရသည်။ သူမ နောက်ကို လှမ်းကြည့်လိုက်တော့ စုန့်စစ်းနော့ကို မြင်လိုက်ရသည်။
"စစ်းနော့"
မော့လင်က ပြုံးပြီး သူမကို ခေါ်သည်။
မော့လင်ကိုမြင်တော့ စုန့်စစ်းနော့က ချက်ချင်းပြုံးပြီး လက်ထဲက ပစ္စည်းတွေကို ကောင်တာပေါ်တင်ကာ သူမကို ပွေ့ဖက်လိုက်သည်။
"ဟေး... နောက်ဆုံးတော့ မင်းဒီကိုရောက်နေပြီ"
မော့လင်ကို ပွေ့ဖက်ပြီးနောက် လွှတ်လိုက်ပြီး သူ့နောက်က ချင်ရှီးကို ကြည့်လိုက်ပြီး တောက်ပတဲ့ မျက်လုံးတွေနှင့် မေးသည်။
"ဒါက မင်းအရင်ကပြောတဲ့ ဒီဇိုင်နာဆိုတဲ့ ချင်ရှီးလား....မင်္ဂလာပါ"
"မင်္ဂလာပါ"
ချင်ရှီးက ပြုံးပြီး လက်ကိုဆန့်လိုက်သည်။
"ငါက ချင်ရှီးပါ"
စုန့်စစ်းနော့သည် လက်ကို ပြုံးပြုံးလေး ဆုပ်ကိုင်လိုက်ပြီး ဝမ်းသာအားရ ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။
မော့လင်က ဒေါသကြီးဟန်ဆောင်ပြီးပြောသည်။
"ကောင်းပြီလေ ချင်ရှီးကိုတွေ့ရဖို့အတွက် မင်းက ငါ့ကို ဒီကိုလာဖို့ခေါ်လိုက်တာပေါ့လေ"
စုန့်စစ်းနော့က ပြုံးပြီးပြန်ဖြေသည်။
"ဒါတော့ မဟုတ်ပါဘူး။ မင်းနဲ့ငါက ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာကြတာဘဲကို"
ချင်ရှီးက သူတို့နှစ်ဦး၏ ပေါင်းသင်းဆက်ဆံပုံကိုကြည့်ကာ ဆက်ဆံရေး အလွန်ကောင်းရမည်ကို သိလိုက်သည်။
"မစားရသေးဘူးမို့လား သွားစားရအောင်...သွားစားရအောင်။ စားပြီးရင် အားလုံးအကြောင်းပြောကြမယ်"
စုန့်စစ်းနော့က ချက်ချင်းခေါင်းလှည့်ပြီး ဆိုင်ကိုကြည့်ထားဖို့ ဝန်ထမ်းလေးတွေကို ညွှန်ကြားပြီး ချင်ရှီးတို့ကို ခေါ်သွားလိုက်သည်။ သူကိုယ်တိုင်ထွက်လာပြီး တက္ကစီကိုတားလိုက်ကာ မြို့ရဲ့အကျော်ကြားဆုံးစားသောက်ဆိုင်ကို သွားလိုက်ကြသည်။
_***_