အပိုင်း (၃၅)
နို၀င်ဘာလတွင် မြို့တော် X ၏ အပူချိန်သည် နေ့နှင့်ည အလွန်ကွာခြားသည်။ နေရောင်တောက်ပလာသောအခါတွင်လက်ရှည်အင်္ကျီပါးပါးများကို ၀တ်ဆင်နိုင်သော်လည်း နေဝင်သည်နှင့် အပူချိန် ချက်ချင်းကျဆင်းသွားသည်။
ချင်ရှီးသည် မိသားစုအတွက် အင်္ကျီဟောင်းများနှင့် အထူအပါးများကို စစ်ဆေးကာ ဆောင်းရာသီအဝတ်အစားများကို စတင်ပြင်ဆင်သည်။
ချင်ရှီးက အင်္ကျီကိုထုတ်ပြီး ကလေးတွေကို စမ်းကြည့်ခိုင်းပေမဲ့ သူတို့ထဲကတစ်ခုမှ ကောင်းကောင်းဝတ်လို့မရတော့ပါ။
ဤကာလအတွင်း သူတို့သည် ကောင်းကောင်းစားကြပြီး ပိုထွားလာကြသည်။ ယခင်နှစ်များက အဝတ်ဟောင်းများကိုဝတ်လိုက်သောအခါ ဆူဖြိုးသော ဘောလုံးကဲ့သို့တင်းကျပ်ပြီး အတွင်းအဝတ်အစားတစ်ချို့ဝတ်ရသည်ဆိုလျှင် ကိုယ်လက်လှုပ်ရှားဖို့တောင် ခက်ခဲလှသည်။
"အိုက်တယ်"
အန်အန်းသည် အဝတ်အစားများစွာကို ၀တ်ဆင်ပြီးနောက် မသက်မသာဖြင့် ခန္ဓာကိုယ်ကို လိမ်လိုက်သည်။ ချင်ရှီးက သူမကို အမြန်ချွတ်ပေးကာ ပုံမှန်အဝတ်အစား ဝတ်ခွင့်ပြုလိုက်သည်။
"နည်းနည်းသေးပုံရတယ်"
ဖျင်ဖျင်က သူ မဝတ်နိုင်သော ပန်းပွင့်အင်္ကျီကြီးကို ဆွဲယူလာသည်။
"အင်း…သေးလွန်းတယ်"
ချင်ရှီးက အခြားဂျာကင်အင်္ကျီကို ထုတ်လိုက်ပြီး အင်္ကျီနှင့်ကော်လာဖတ်များတွင် ချုပ်ရာများရှိနေသည်ကို တွေ့လိုက်ရသည်။
ဤအင်္ကျီများအားလုံးကို ပြုပြင်မွမ်းမံထားပုံရသည်။ ချင်ရှီးသည် သေသေချာချာ စစ်ဆေးကြည့်ရာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပြုလုပ်ထားပုံရသည့် အင်္ကျီလက်ပြတ်များနှင့် ဘောင်းဘီများတွင် ထင်ရှားသော ချုပ်ရာအမှတ်အသားများ ရှိနေခဲ့သည်။
'ပိုထူတဲ့အဝတ်အစားတွေ ပြန်လုပ်ရမဲ့ပုံဘဲ'
ဗီရိုကိုပြန်ကြည့်လိုက်တော့ တခြားအဝတ်အစားတွေက ကောင်းနေသေးပြီး ဝတ်လို့ရသည်ဆိုတော့ အားလုံးကို ပြန်ပြင်စရာမလိုအပ်ချေ။
ချင်ရှီးစိတ်ထဲမှာ အမွှေးလေးများနှင့် အနွေးအင်္ကျီလုပ်ရန် အကြံတစ်ခုရပြီး အဝတ်အစားတွေအားလုံးကိုခေါက်ကာဗီရိုထဲမှာ ပြန်ထည့်ထားလိုက်သည်။
အနီးနားမှာ ကြက်၊ဘဲ မွေးမြူစက်ရုံတွေ မရှိတဲ့အတွက် ဘဲနှင့်ငန်းတွေက ရှာရခက်တာမို့ ထိုအရာများကိုရှာဖို့ မြို့ကိုသာသွားနိုင်သည်။ ထို့အပြင် သူမသည် များများစားစား မလိုချင်သောကြောင့် သူမအား ရောင်းပေးရန် အနှောက်အယှက်ကြီးကြီးမားမားဖြစ်မည်မဟုတ်ပေ။
'အမွှေးတွေ ပိုယူရမလား။ အင်္ကျီအပိုတွေအများကြီးလုပ်ပြီး ရောင်းရမလား'
ချင်ရှီးသည် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ ဒါက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုယ်ပိုင်ဂျာကင်စက်ရုံရှိပေမဲ့ အဝတ်အစားတွေက အရုပ်ဆိုးပြီးအရွယ်ရောက်ပြီးသူတစ်ဦးဝတ်ဖို့ဆိုလျှင် ငါးဆယ်ကျော်ကုန်ကျပြီး ဈေးကြီးလှသည်။
ယနေ့ခေတ်တွင် ပြည်သူများသည် ဆောင်းရာသီတွင် စစ်အင်္ကျီများဝတ်ဆင်ရသည်ကို ဂုဏ်ယူနေကြဆဲဖြစ်သည်။ ထူပြီးနွေးထွေး၍ လေးနက်သော စစ်အင်္ကျီများ အားလုံးသည် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များဖြစ်ပြီး ထိုအရာများက သာမန်လူများအတွက် ရရှိနိုင်ရန် ခက်ခဲသည်။
လုကျဲ့ထျန်းမှာလည်းရှိပြီး သူ့အတွက် စိတ်ပူစရာ မလိုပေမဲ့ ကလေးတွေကတော့ မဖြစ်နိုင်ပါဘူး။
ချင်ရှီးသည် ယခုနှစ်တွင် အင်္ကျီများ ပြုလုပ်သင့်သည်ဟုတွေးကာ သက်ပြင်းချ၍ နောက်နှစ်တွင် အဝတ်အစားကို ပိုမိုအာရုံစိုက်ပါက လာမည့်နှစ်ကုန်တွင် သေချာပေါက် ပိုမိုကောင်းမွန်လာမည်ဖြစ်သောကြောင့် ထိုအချိန်တွင်လည်း ပြုလုပ်ရမည်ဖြစ်သည်။
သူမ၏ ကိုယ်ပိုင်အင်္ကျီလေးအပါအဝင် ကလေးသုံးယောက်အတွက် အထည်၊ ချည်နှင့်အချိန်တွေကို ဖြုန်းတီးနိုင်ပါသည်။ ချင်ရှီးသည် မူလက သိုးမွှေးကို စုဆောင်းကာ ချည်ထိုးရန် စီစဉ်ခဲ့သော်လည်း ယခုအခြေအနေတွင်တော့ မေ့ထားလိုက်ကြပါစို့။
ချင်ရှီးက မျက်လုံးလေးမှိတ်ပြီး အန်တီကျောင်းကို တွေးတောမိသည်။
ချည်ထိုးတာ အရမ်းတော်တဲ့သူတွေ တပ်ထဲမှာရှိရမယ်။ သူတို့ကို ပုံစံတစ်ချို့ ထိုးခိုင်းပြီးတော့ ခရိုင် ဒါမှမဟုတ် မြို့ကိုရောင်းဖို့ပို့ရင်ကောင်းမလား'
'မော့လင်ရဲ့ညီအစ်မကောင်း စုန့်စစ်းနော့က ခရိုင်ထဲမှာ အထည်ဆိုင်ဖွင့်နေတာမဟုတ်လား။ အဲ့ဒီမှာ သူ့(မ)ဆီကို ပစ္စည်းပို့ထားပြီး ရောင်းရမလား'
'ဒါပေမဲ့ ဆွယ်တာအင်္ကျီထိုးတာက အရမ်းဒုက္ခများတယ်။ ပဝါဆိုရင်ကော ဘယ်လိုလဲ'
နောက်ပိုင်းမျိုးဆက်တွေမှာ ပုဝါရှည်၊ ပုဝါတို၊ သိုးမွှေးထူထူနှင့် ပျော့ပျောင်းသောပဝါစသည့်ဖြင့် အမျိုးအစားများစွာရှိသည်။
အမျိုးအစားများပြားလှသော ချည်ထိုးအပ်များနှင့် ချည်မျှင်များလည်းရှိသေးသည်။ ငါးရိုးအပ်များ၊ ချည်မျှင်ချုပ်ရိုးစပ်များ၊ ချစ်သူ့ကြယ်သီး၊ အသဲကွဲကြယ်သီးနှင့် ကွန်ယက်နီလှိုင်းတွန့်စသည်ဖြင့် အမျိုးအမျိုးအစားစားရှိသည်။
နောက်ပိုင်း မျိုးဆက်တွေမှာတော့ ကိုယ့်ဖာသာချည်ထိုးကြတဲ့ ခေတ်ရေစီးကြောင်းတစ်ခု ရှိလာသည်။ သူမ၏ အပေါင်းအဖော်ညီမများကလည်း နေ့တိုင်းလေ့လာပြီး ချည်ထိုးတတ်ကြသည်။
ချင်ရှီးသည် ထိုချည်ထိုးနည်းများကို သေသေချာချာ တွေးတောကာ သူမ၏ စိတ်ထဲတွင် မှတ်ဥာဏ်များ ပျံ့နှံ့လျက် မကြာမီ နည်းလမ်းမျိုးစုံ ထွက်ပေါ်လာသည်။
သူမ၏ယခင်ဘဝသည် အမှတ်ရစရာများကို သိမ်းဆည်းထားသကဲ့သို့ ဖြစ်နေသော်လည်း ယခုအခါ ချင်ရှီးသည် ထိုမှတ်ဉာဏ်တို့ကို ပေါ့ပေါ့ဆဆ ရှာဖွေနေကာ အမှတ်တရများကို ပြန်လည်သိမ်းဆည်းသွားရမည်ဖြစ်သည်။ ဦးနှောက်သည် ကွန်ပျူတာတစ်လုံးကဲ့သို့ဖြစ်ပြီး မှတ်ဉာဏ်အားလုံးကို အဓိကအခန်းကဏ္ဍတွင် သိမ်းဆည်းထားသည်။ သူမ ပြန်ရှာဖွေပါက ထိုအရာများကို အပြည့်အဝပြသလိမ့်မည်ဖြစ်သည်။
ထိုနည်းစနစ်က System က စီစဉ်ပေးထားသည်လား ဒါမှမဟုတ် ဘယ်လိုဖြစ်လာသည်လဲဆိုတာကို သူမ မသိပါ။ အရင်က ဒီလိုပုံစံမျိုး မကြုံဖူးပါ။ ချင်ရှီးသည် လွန်ခဲ့သောနှစ်ရက်က ကိတ်မုန့်လုပ်နေစဉ်တွင် ဂျယ်လီဓာတ်ပါသောအမှုန့်ကို သာမန်ဂျုံမှုန့်နှင့် အစားထိုးရန်အတွက် ကစီဓာတ်အချိုးကို ပြန်လည်စဉ်းစားပုံဖော်ရန် ကြိုးစားနေချိန်ကမှ ဒီမှတ်ဉာဏ်၏ ထူးဆန်းသော အလုပ်လုပ်ပုံကို သတိထားမိခြင်းပင်။
အရင်က သူမ ဒီလိုတွေးဖို့ မလိုအပ်တဲ့အတွက် သူမ သတိမထားမိခဲ့တာလည်းဖြစ်နိုင်သည်။
ဟင်းချက်တဲ့အခါ မှတ်ဉာဏ်က ချက်ချင်းထွက်လာပေမဲ့ ချင်ရှီးက ထိုအဖြစ်အပျက်သည် ရွှေလက်ချောင်းဆုကြောင့်ဟု ထင်တဲ့အတွက် သိပ်မစဉ်းစားမိခဲ့ပါ။
ဤမှတ်ဉာဏ်စနစ်သည် အလွန်အစွမ်းထက်သည်။ ချင်ရှီးသည် ကလေးဘဝအမှတ်တရများနှင့် မတော်တဆ တစေ့တစောင်း မြင်မိသမျှကိုပင် အချိန်အနည်းငယ်ပိုကြာသည်ကလွဲ၍ အလွယ်တကူ ပြန်ဖော်ထုတ်နိုင်သည်။ ခံစားချက်က နက်ရှိုင်းရင် မှတ်ဉာဏ်က မြန်မြန်ဆန်ဆန် ပေါ်လာလိမ့်မည်ဖြစ်သည်။
ချင်ရှီးသည် ပဝါထိုးနည်းကို ကောင်းစွာမမှတ်မိသောကြောင့် မှတ်ဉာဏ်ကို ပြန်လည်တူးဆွလိုက်သည်။ ပြန်သတိရပြီးနောက် သူမသည် အရှုပ်အထွေးများကို ဂရုတစိုက်ချရေးပြီး နှလုံးသွင်းမှတ်သားလိုက်သည်။
မော့လင်ရဲ့ ကိုယ်ပိုင်အလုပ်ပြီးချိန်၌ သူတို့ မြို့ကိုအတူတူသွားတဲ့အခါ စုန့်စစ်းနော့ရဲ့ဆိုင်ကို အရင်သွားပြီးရှာကြည့်ရမည်။
သူမ အလုပ်ကို တကယ်အောင်မြင်ချင်ရင် တစ်ယောက်ယောက်ကိုရှာရလိမ့်မည်။ အချိန်က နည်းနေပေမဲ့ အမြတ်နည်းနည်းတော့ရနိုင်ပါသေးသည်။
ချင်ရှီး၏ စိတ်ကူးအစီအစဉ် ပြီးဆုံးပြီးနောက် သူမသည် ပျော်ရွှင်စွာ ထကာ အလုပ်သွားသည်။
နေ့ခင်းဘက်မှာတော့ အန်တီကျောင်းက ကန်စွန်းဥတောင်းတစ်တောင်းကို လာပို့ပေးသည်။
"ငါ့ဆွေမျိုးတွေက ဒီမနက် ကန်စွန်းဥအိတ်ကြီးတစ်လုံး ယူလာပေးတယ်။ နေ့လည်က ၂ ခါပြန်ပြုတ်ထားတာ အရမ်းမွှေးတယ်"
ခြင်းတောင်းထဲရှိ ကန်စွန်းဥများ အများအပြားကို ချင်ရှီးမြင်လိုက်သောအခါ အံ့အားသင့်သွားသည်။
"ဒါက အရမ်းများတယ်"
ကန်စွန်းဥတွေက အရမ်းကြည့်ကောင်းပြီး အရည်အသွေးကောင်းပုံပေါ်သည်။
အန်တီကျောင်းသည် ခြင်းတောင်းကို ချင်ရှီးရဲ့လက်ထဲကို ထည့်ပေးလိုက်သည်။
"ငါ့ကို ယဉ်ကျေးနေစရာမလိုဘူး။ ဒါတွေပုတ်သိုးသွားပြီး လွှင့်ပစ်လိုက်ရမှာစိုးရိမ်မိတယ်"
ချင်ရှီးက စကားအနည်းပြောချင်သေးသော်လည်း အန်တီကျောင်းက သူမ တွေးနေတာတွေကို နားလည်ပြီး သူမ စကားမဆက်ခင် အရင် ပြောလိုက်သည်။
" ရပါတယ်။ ကန်စွန်းဥက လွန်ခဲ့တဲ့နှစ်ရက်က မင်းတို့လာပေးတဲ့ ကိတ်မုန့်နဲ့နှိုင်းရင် ဘယ်လောက်များ တန်ဖိုးရှိပါ့မလဲ ကျွတ်…ကျွတ်။ ငါတို့ လူအိုကြီးကျန်း ဝယ်စားတဲ့ကိတ်မုန့်တောင် တစ်လုံးကို ယွမ် ၂၀ ကျော်နဲ့ ရောင်းတယ်"
"ဒါက ငါကိုယ်တိုင်လုပ်ထားတာပါ။ ဈေးကြီးပေးဝယ်ရတာ မဟုတ်ပါဘူး"
ချင်ရှီးက ကန်စွန်းဥတွေကို ယူလိုက်ပြီး အလေးချိန်ကို ခံစားပြီးနောက် မြေကြီးပေါ်ပြန်ချထားလိုက်သည်။ အလေးချိန်က တော်တော့်ကိုပါသည်။
"ဒီပစ္စည်းက စျေးမကြီးဘူး"
အန်တီကျောင်းသည် ဒေါသထွက်ဟန်ဆောင်ပြီး လက်ကိုဝှေ့ယမ်းပြသည်။
"မင်း ထပ်ငြင်းရင် ငါစိတ်ဆိုးရလိမ့်မယ်။ ငါတို့မိသားစုနှစ်စုက အပြင်လူတွေမဟုတ်ဘူး။ ဒါက ကန်စွန်းဥနည်းနည်းဘဲ"
အန်တီကျောင်းရဲ့ စကားက ဒီအဆင့်ကို ရောက်နေပြီဖြစ်လို့ ချင်ရှီးက မငြင်းဘဲ ပြုံးပြုံးလေးကျေးဇူးတင်လိုက်သည်။
အန်တီကျောင်းက ချင်ရှီးကိုကြည့်ကာ ပြုံးနေပြီး သူမ၏ ကိုယ်ပိုင်သားသမီးတွေကို ကြည့်နေသလိုမျိုး ကြည်နူးနေ၏။
"ဘာလို့ မင်းက အန်တီ့ကို အဲ့သလောက် ယဉ်ကျေးနေရတာလဲကွယ်"
နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးနောက် ချင်ရှီးကမေးလိုက်သည်။
"အန်တီကျောင်း ငါတို့တပ်မိသားစုထဲက အဒေါ်တွေအားလုံး အင်္ကျီတွေကို ကိုယ်တိုင်ချည်ထိုးကြသလား"
အန်တီကျောင်းက ခေါင်းညိတ်သည်။
"ဟုတ်တယ်။ ကိုယ်တိုင်ချည်ထိုးတာ ဘာကိစ္စရှိလို့လဲ တစ်ခုခုမှားလို့လား။ သင်ချင်လို့လား အန်တီသင်ပေးမယ်လေ"
အန်တီကျောင်းက အရမ်းစိတ်အားထက်သန်နေသည်။
ပဝါများရောင်းသည့်ကိစ္စကို မဆုံးဖြတ်ရသေးဘဲ ထိုအကြောင်းပြောပြရန် အစီအစဉ်မရှိသော်လည်း နမူနာအနည်းငယ် လိုအပ်သောကြောင့် သူမ၏အစီအစဉ်ကို အန်တီကျောင်းအား ရှင်းပြသည်။
အန်တီကျောင်းသည် ချင်ရှီးက ကလေးတွေအတွက် အင်္ကျီလုပ်တာအပါအဝင် သူမမှာ ဒီဇိုင်းများစွာရှိပြီး စျေးကွက်မှာရောင်းဖို့စီစဉ်ထားတာကိုကြားတာကြောင့် ချက်ချင်းလက်ခုပ်တီးလိုက်သည်။
"လုပ်ကြမယ်။ ဒါကလွယ်ပါတယ်။ ငါတို့မှာ မိသားစုငယ်လေးဘဲရှိတယ်။ ဒါကြောင့် အဝတ်အစားအများကြီး လုပ်စရာမလိုဘူး။ ဆောင်းရာသီမှာ ငါ လုပ်စရာမရှိဘူး။ ဒါကြောင့် ကလေးထိန်းရင်းနဲ့ ချည်ထိုးနေတာ"
အန်တီကျောင်းက စိတ်အားထက်သန်စွာ မေးသည်။
"မင်းက ဘယ်လိုပုံစံမျိုးလုပ်ချင်လဲ။ ချည်ထိုးနည်းတွေ အများကြီးကို သိတယ်”
အန်တီကျောင်း၏ အမူအရာကို ကြည့်ပြီး သူမ သဘောကျသည်ကို သိသဖြင့် ချင်ရှီး ပြုံးနေမိသည်။
“သိုးမွှေးကြမ်းနဲ့ ချောင်ချောင်ချိချိပုံစံမျိုး ထိုးတာတဲ့ပုံစံကို စိတ်ကူးထားတယ်။ အဲ့ဒါတွေက ရိုးရှင်းတယ်။ ပုံစံတွေ အများကြီးပါပြီး ပိုခေတ်မီတယ်။ မြို့ထဲက အထည်ဆိုင်တွေမှာ ရောင်းသင့်တယ်။ လူငယ်တွေ ကြိုက်ကြလိမ့်မယ်”
အခုလက်ရှိ ပဝါတွေမှာ ပုံစံများစွာရှိပေမယ့် တင်းတင်းကျပ်ကျပ် ချည်ထိုးထားကြသည်။ သိုးမွေးကြမ်းနှင့် ချောင်ချိချိထိုးနည်းပုံစံတွေက နောက်ပိုင်းမျိုးဆက်တွေမှာ အလွန်ခေတ်စားပါသည်။
"ကောင်းပြီ။ ငါ့မှာ သိုးမွေးကြမ်းတွေအများကြီးရှိတယ်။ မင်းလာကြည့်"
အန်တီကျောင်းက ချင်ရှီးကို အိမ်လိုက်ကြည့်ရန် ခေါ်သည်။
ချင်ရှီးက ပြုံးကာ ခေါင်းညိတ်လျက် အိမ်ထဲသို့ လှမ်းအော်လိုက်သည်။
"ဖျင်ဖျင် အန်အန်း ငါ ဖွားဖွားကျောင်းရဲ့အိမ်ကို သွားမလို့ မင်းတို့လိုက်မလား"
မကြာခင်မှာ အန်အန်းသည် ဖျင်ဖျင်ကို ဆွဲခေါ်ကာ ပြေးထွက်လာပြီးနောက် အန်တီကျောင်းကို ချိုသာစွာပြုံး၍နှုတ်ဆက်သည်။
"ဖွားဖွားကျောင်း…"
အန်တီကျောင်းက ကလေးနှစ်ယောက်ကို မြင်တော့ ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ကောင်းပြီ အဖွားတို့အိမ်ဆီ သွားရအောင်။ အိမ်မှာ မင်းတို့စားဖို့ ဘီစကွတ်တွေ အဖွားက ယူလာပေးမယ်"
ချင်ရှီးက ကန်စွန်းဥတွေကို ခြံထဲမှာထည့်ပြီး တံခါးကိုပိတ်ကာ ကလေးတွေကို အန်တီကျောင်းရဲ့အိမ်ဆီ ခေါ်သွားလိုက်သည်။
ဒီဘက်ခေတ်မှာတော့ လူတိုင်းက အရမ်းရိုးရှင်းပါသည်။ တပ်ဝင်းထဲမှာ တပ်သားတွေရဲ့ မိသားစုဝင်တွေနှင့် ပြည့်နေပြီး သူခိုးမရှိသလို အပြင်ထွက်တဲ့အခါ တံခါးကို သော့ခတ်မထားတဲ့သူတွေလည်း ရှိပါသည်။
အပြင်ထွက်လျှင် တံခါးပိတ်သော ချင်ရှီးသည် ဤနေရာတွင် အလွန်သတိထားနေသည့်သူပင်ဖြစ်၏။ ကျောင်းမိသားစုသည် အိမ်တွင် မီးလင်းဖိုတစ်ခု တပ်ဆင်ထားပြီးဖြစ်သည်။ ချင်ရှီးသည် ထူထဲသော မီးခိုးခေါင်းတိုင်ကြီးကို ကြည့်လိုက်ရာ အနည်းငယ် အံ့သြသွားသည်။
"ဒါက အစောကြီးကတည်းက မီးထည့်ထားပြီလား"
ချင်ရှီး၏အမေးကို အန်တီကျောင်းက ပြန်ဖြေသည်။
“မင်းမှာ ကလေးတွေရှိရင် မနက်နဲ့ ညနေစောစောမှာ ခဏလောက် မီးထည့်ထားလိုက်။ မဟုတ်ရင် အခန်းက အေးသွားလိမ့်မယ်”
ချင်ရှီးက ခေါင်းညိတ်လိုက်သည်။ မကြာသေးမီက ရာသီဥတု အပူချိန်အတက်အကျက အရမ်းမြန်နေသည်။ မနက်ပိုင်းနှင့် ညနေပိုင်းတွေမှာ အရမ်းအေးနေပါသေးသည်။ ကလေးက အသက်တစ်နှစ်ကျော်သာရှိသေးပြီး ခံနိုင်ရည်က အတော်လေးကို အားနည်းနေကာ မီးဖိုကလောင်ကျွမ်းပြီး အနွေးဓာတ်ရနေတာက ကောင်းပါသည်။
အန်တီကျောင်းက နဂါးနဲ့ဖီးနစ်လေးတို့ကို ဘီစကွတ်တွေကို ပေးခဲ့ပြီး သူတို့ကလည်း မငြင်းကြချေ။ သူတို့နှစ်အိမ်သည် အလွန်ရင်းနှီးကြပြီး အထူးသဖြင့် ချင်ရှီးသည် မကြာသေးမီက ရောက်လာသောအခါတွင် မိသားစုနှစ်စုသည် မကြာခဏ အစားအစာများ ပေးပို့လေ့ရှိကြပြီး အမြွာတို့သည် အန်တီကျောင်းပေးသည့်မုန့်က အထူးစျေးမကြီးသရွေ့ သူတို့စားချင်သလို စားလို့ရပါသည်။
သို့သော် အန်တီကျောင်း၏အိမ်မဟုတ်ဘဲ တခြားသူရဲ့အိမ်ဖြစ်ခဲ့ရင် အမြွှာတွေက ဒီလိုအပြုအမူမျိုးလုပ်မှာမဟုတ်ပါ။
"ကျေးဇူးတင်ပါတယ် ဖွားဖွား"
အမြွှာနှစ်ယောက်က ဘီစကွတ်ကိုယူကာ အန်တီကျောင်းကို ချိုသာစွာပြုံးပြသည်။
ကလေးတွေကို သဘောကျသော အန်တီကျောင်းက ပိုလို့ပင်ရယ်မောနေသည်။
"ဖွားဖွား ညီလေးက ဘယ်မှာလဲ။ ပြန်အိပ်နေပြီလား"
ဖျင်ဖျင်က မုန့်စားနေရင်း မေးသည်။
"ဟုတ်တယ် ဒီကလေးက အရမ်းပျင်းတတ်တာ အိပ်ရတာလည်း ကြိုက်တယ်"
ဒါကိုကြားတော့ ဖျင်ဖျင်က သူ့အသံကို လျှော့ပြီးပြောသည်။
"ဒါဆို သူနိုးလာတဲ့အခါမှ သူနဲ့ ကစားမယ်"
"ကောင်းပြီ၊ ကောင်းပြီ"
အန်တီကျောင်းက သူတို့အတွက် ရေသောက်ဖို့ပါ ခပ်ပေးထားပြီး သိုးမွေးယူဖို့ အိပ်ခန်းကို သွားသည်။
အန်တီကျောင်းသည် သိုးမွှေးပုံကြီးတစ်ပုံနှင့် ထွက်လာသည်။ ချင်ရှီးသည် သိုးမွှေးအထူကိုမြင်ပြီး မမှန်သေးဘူးဟု တွေးလိုက်သည်။ အထူဆုံးက အရမ်းပါးနေသည်။ သူမ လိုချင်သည့် ပုံစံက ဒီခေတ်မှာ မရှိပါ။
"ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေး သမဝါယမမှာ ဒီ့ထက် ပိုထူတာမျိုးရှိသလား"
ချင်ရှီးက မကျေနပ်သေးစွာ မေးသည်။
အန်တီကျောင်း : "ဒီထက် ပိုထူပေမဲ့ သိပ်တော့မထူဘူး"
ချင်ရှီး စိတ်ထဲမှာ သက်ပြင်းချကာ သိုးမွှေးကို ကောက်ကိုင်လိုက်ပြီး နူးညံ့မှုကို ခံစားလိုက်ရသည်။
သူမ မကျေနပ်သေးတာကိုမြင်တော့ အန်တီကျောင်းက မေးသည်။
"ဘယ်လောက်ထူတာလိုချင်လဲ"
ချင်ရှီး : "ပိုထူလေ ပိုကောင်းလေဘဲ"
အန်တီကျောင်းက တစ်ချက်တွေးကာ ပြောသည်။
"ဒါတွေအကုန်ထူပါတယ်။ ပြီးတော့ အရမ်းကြီးထူတာလည်း တစ်ခါမှ မတွေ့ဖူးဘူး"
ချင်ရှီးသည် ဒီရလဒ်ဖြစ်လာမယ်ဆိုတာသိထားပြီး သူမ အရမ်းစိတ်ပျက်မနေတော့ပေ။
"ရပါတယ်။ အဲ့ဒီအချိန်ကျ ကြိုးနည်းနည်းလောက်ကို ပူးတွဲပြီးထိုးလိုက်ရင် အဆင်ပြေသွားမှာပါ"
"မနက်ဖြန် အထည်နဲ့ချည်တွေဝယ်ဖို့ ခရိုင်ကို သွားမယ်။ မနက်ဖြန် ဟင်းရွက် ဝယ်ချင်သေးလား"
အန်တီကျောင်းက သူမ လက်ကို ဝှေ့ယမ်းပြသည်။
"မနေ့ကဘဲ သွားခဲ့တယ်။ ဟင်းရွက်ခင်းထဲမှာ ဂေါ်ဖီက ရင့်နေတော့ မသွားတော့ဘူး"
ချင်ရှီးက သူမဟင်းရွက်ခင်းက ဟင်းသီးဟင်းရွက်တွေကိုတွေးပြီး ပြုံးလိုက်မိသည်။
"ငါ့ဟင်းရွက်ခင်းမှာ ကြက်သွန်မြိတ်တွေ ဖြတ်လို့ရနေပြီ။ နောက်မှ ပို့ပေးလိုက်မယ်"
အန်တီကျောင်းက ပြုံးပြီးသဘောတူသည်။
"ဟုတ်ပြီ။ လောင်ကျန်းက ဖက်ထုပ်စားချင်နေတာ၊ ဒါကြောင့် ကြက်သွန်မြိတ်နဲ့ ကြက်ဥတွေသုံးပြီး လုပ်လိုက်ဦးမယ်"
သူတို့နှစ်ယောက် စကားပြောပြီး ရယ်မောရင်း အပြင်မှာ ကားသံနှင့် တစ်ယောက်ယောက် စကားပြောသံအပါအဝင် လှုပ်ရှားမှုများစွာကို ရုတ်တရက် ကြားလိုက်ရတယ်။
အန်တီကျောင်းက အနည်းငယ် စပ်စုချင်သွားသည်။
"သူတို့ ဒီမှာ ဘာလုပ်နေတာပါလိမ့်"
ချင်ရှီး : "တစ်ချက်လောက် ထွက်ကြည့်ရအောင်။ ထမင်းချက်ရမှာဆိုတော့ ငါလည်း အိမ်ပြန်ရတော့မယ်လေ"
နှစ်ယောက်သား အမြွှာတွေနှင့်အတူ ထွက်လာကြသည်။ သူတို့နှစ်ယောက် ခြံဝင်းထဲက ထွက်လာတော့ လုကျဲ့ထျန်းက ပုံးအကြီးကြီးတွေ ရွှေ့နေတာကို တွေ့တော့ ရုတ်တရက် အနည်းငယ် အံ့သြသွားသည်။
"ဒါက ဘာအတွက်လဲ"
_***_
Zawgyi