(အပိုင်း ၆၃)
ချင်ရှီးသည် အလွန်အံ့သြသွားသော်လည်း ဟွမ်ယွိလန်၏အသွင်အပြင်ကိုမြင်လျှင် သူမ မလိမ်မှန်းသိသည်။
"ပြောပါဦး။ ဘာဖြစ်တာလဲ"
ဟွမ်ယွိလန်က အေးစက်စွာပြောလိုက်ပြီး တုကောကောကို စိုက်ကြည့်နေသည်။
တုကောကောသည် ခေါင်းကိုမော့ပြီး ဟွမ်ယွိလန်ကို အပြစ်ကင်းစွာ ပြန်ကြည့်သည်။
"သမီးကို လူသစ်ဆိုပြီး အနိုင်ကျင့်လို့ရမယ်ထင်နေကြတာ"
"ဒါဆို မင်းသူ့ကို ရိုက်လိုက်တာလား"
ဟွမ်ယွိလန်က ခေါင်းကိုက်သွားသည်။
"မဟုတ်ဘူး မဟုတ်ဘူး အန်တီ"
အန်အန်းက တုကောကောအတွက် ဝင်ပြောပေးသည်။
"ဖျင်ဖျင်က ကောင်မလေးနဲ့ ပိုပိုတူလာပြီလို့ သူတို့ကပြောပြီး ကောကောကိုလည်း ဝိုင်းဟားကြတယ်"
ဖျင်ဖျင်ကလည်း ကောကောအတွက် ရှင်းပြပေးသည်။
" သူတို့ဘေးနားက ရွှံ့တွေနဲ့ သားအဝတ်တွေပေါ် ပက်တယ်။ ကောကောက သူတို့ကို ရိုက်နှက်တော့ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ရွှံ့တွေကို သားလည်ပင်းကိုထိအောင်ပစ်ကြတယ်။ အစ်မကိုလည်း ပစ်ကြတယ်။ ကောကောက ကူညီပေးတာပါ"
ဖျင်ဖျင်သည် သူ့ထက်နည်းနည်းပိုပုတဲ့ တုကောကောကို တစ်ချက်ကြည့်လိုက်တော့ မျက်လုံးတွေက ကြည်နူးမှုအပြည့်ရှိနေသည်။
"ကောကောက အရမ်းအစွမ်းထက်တယ်။ သူ(မ)က ခြောက်နှစ်နဲ့ ခုနစ်နှစ်အရွယ် ကလေးနှစ်ယောက်ကို သူ့(မ)ဘာသာ ရိုက်နှက်နိုင်တယ်"
ဟွမ်ယွိလန်သည် သူ၏ ချီးကျူးစကားကြောင့် ဆွံ့အသွားရ၏။
"...."
ချင်ရှီးသည် ဟွမ်ယွိလန်၏ စကားမဲ့သော အမူအရာကိုမြင်လိုက်ရပြီး သူမကသာ ဆက်ပြောလိုက်သည်။
"ရပါတယ်။ ဒါ ကောကော အမှားမဟုတ်ပါဘူး။ ကောကောက အရမ်းအစွမ်းထက်တယ်။ အနိုင်ကျင့်ခံရမှာကို မကြောက်ဘူးဆိုတော့ အရမ်းကောင်းပါတယ်"
ဟွမ်ယွိလန်သည် လေးလေးနက်နက် သက်ပြင်းချရင်းပြောသည်။
"သိပါတယ်။ ဒါပေမဲ့ သူ(မ)က အသက်ကြီးလာတဲ့အခါ မဆင်မခြင်လုပ်ပြီး ခွန်အား အားကိုးနဲ့ အခြားသူတွေကို လျစ်လျူရှုလိုက်မှာကို စိုးရိမ်မိတယ်။ နောင်တစ်ချိန်မှာ ခေါင်းမာတဲ့ ပြိုင်ဘက်ကို တွေ့လာရင် ဒါမှမဟုတ် အချစ်ကို ယုံကြည်မှုလွန်ကဲလာခဲ့ပြီး စိတ်ထိခိုက်သွားရင် ဘာလုပ်ကြမလဲ"
တုကောကောက ကြားဝင်ဖြတ်ပြောသည်။
"မေမေ စိတ်မပူပါနဲ့။ ဘယ်လိုနည်းနဲ့မှ ခိုက်ရန်ဖြစ်ပွားဖို့ကို အလျင်စလိုလုပ်မှာ မဟုတ်ဘူး"
ဒါက အခြေအနေပေါ်မူတည်ပြီး လုပ်ရတာပါ။ သေချာပေါက် မိုက်မိုက်မဲမဲလုပ်တာမျိုး မဟုတ်ရပါဘူး။
ဟွမ်ယွိလန်က တိတ်ဆိတ်သွားပြီး တုကောကောကို အန္တရာယ်ရှိတဲ့ မျက်လုံးတွေနှင့် ကြည့်ရင်းပြောသည်။
"ဘာဘဲဖြစ်ဖြစ် ရန်မဖြစ်ရဘူး။ စည်းကမ်းဟောင်းအတိုင်း လိုက်နာပြီး အက္ခရာတွေ အကြိမ်တစ်ရာ ကူးယူလိုက်ပါ"
တုကောကောက သက်ပြင်းတိုတိုချလိုက်သည်။
"ကောင်းပါပြီ"
ဟွမ်ယွိလန်က သူမကို စူးစူးရဲရဲစိုက်ကြည့်ရင်း အခုက တစ်စုံတစ်ယောက်ရဲ့အိမ်မဟုတ်ရင် တုကောကောကို လွယ်လွယ်ဖြင့် ဘယ်တော့မှ အလျော့ပေးလိုက်မှာ မဟုတ်ဘူးလို့ တွေးမိသည်။
"အန်တီ..."
အန်အန်းသည် ဟွမ်ယွိလန်ထံသို့ ခြေလှမ်းနှစ်လှမ်း လှမ်းလာသည်။
"ကောကောက သမီးတို့ကို ကူညီဖို့ ရန်ဖြစ်ခဲ့တာပါ။ သူ့(မ)ကို အပြစ်မတင်ပါနဲ့ "
"အက္ခရာတွေကို အကြိမ်တစ်ရာရေးရမှာက အများကြီးဘဲ"
ဖျင်ဖျင်က ဟွမ်ယွိလန်ကို မျက်ရည်ဝဲနေသော မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေ၏။
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဟွမ်ယွိလန်က သူတို့ကိုကြည့်ရင်း စိတ်နည်းနည်းပျော့သွားသည်။ တုကောကောက အမြွှာတွေကိုကြည့်ရင်း တုန်လှုပ်သွားပြီး ပြတ်သားတဲ့အမူအရာနှင့်ပြောသည်။
"ဖျင်ဖျင် အန်အန်း မင်းတို့က တကယ်ကို ဖြောင့်မတ်တယ်။ ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ မင်းတို့ကို အနိုင်ကျင့်တဲ့သူတွေရှိရင် ငါ့ကို လာရှာလိုက်"
တုကောကောသည် အစ်ကိုကြီးတစ်ယောက်လို ပြုမူနေသည်ကို မြင်လိုက်ရပြီး ဟွမ်ယွိလန်ရဲ့ သွေးပေါင်ချိန်ကတောင် ပြန်တက်လာသလိုခံစားလိုက်ရကာ သူမရဲ့ နှလုံးသွေးကြောတွေ တင်းမာလာပြန်သည်။
"မင်းကိုလိုက်ရှာခိုင်းနေတာလား...ဟမ်... မင်းကိုလိုက်ရှာခိုင်းနေတာလား"
ဟွမ်ယွိလန်သည် တုကောကောကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။
"အကြိမ်တစ်ရာ စာရေးခိုင်းတာတောင် နောက်ထပ်အမှားလုပ်ရဲသေးတယ်ပေါ့"
ဟွမ်ယွိလန်၏ ဒေါသအကြည့်ကို မြင်လိုက်ရတော့ အမြွှာနှစ်ယောက်စလုံးက သူတို့ကြောင့် အပြစ်ပေးခံရတယ်လို့ ခံစားရပြီး အနည်းငယ် စိတ်ညစ်သွားကြသည်။
တုကောကောသည် ဟွမ်ယွိလန်ကို လျစ်လျူရှုထားသော်လည်း ဖျင်ဖျင်နှင့် အန်အန်းကို တစ်ယောက်ပြီးတစ်ယောက် ဆွဲခေါ်ကာ ပြောသည်။
"ရပါတယ်။ ငါ ဒါတွေ ကူးရေးတာ ကျွမ်းကျင်ပါတယ်"
" ဒီလောက်ဆို တော်တော့။ ငါလည်းပြန်တော့မယ်။ နောက်နေ့မှ ပြန်လာခဲ့မယ်"
ဟွမ်ယွိလန်သည် မတ်တပ်ထရပ်လိုက်ပြီး တုကောကော၏ ဒဏ်ရာကို ဆေးကြောသန့်စင်ရန် ပြန်ခေါ်သွားသည်။
ချင်ရှီးက ကမန်းကတန်း ထရပ်လိုက်ပြီး ဗီရိုထဲက ဆီစိမ်စက္ကူနှင့် ထုပ်ထားတဲ့ ပေါင်မုန့်ကို ထုတ်ယူလိုက်သည်။
"မနေ့က ငါကိုယ်တိုင် ဖုတ်ထားတဲ့ မုန့်ကို ကောကောစားဖို့ အိမ်ပြန်ယူသွားလိုက်"
ဟွမ်ယွိလန်က ခြင်းတောင်းကိုယူကာ ရွှေဝါရောင်ပေါင်မုန့်ကိုထည့်လိုက်သည်။
"မင်းရဲ့လက်ရာက တကယ်ကောင်းတယ်။ ငါ့မှာ ပဲနီမုန့်ကျန်နေသေးလို့ မနက်ဖြန်မှ ယူလာပေးပါ့မယ်”
ချင်ရှီးက မုန့်ဖုတ်ရန်အတွက် ဟွမ်ယွိလန်ကို ပြောပြပေးခဲ့ဖူးပြီး နောက်ပိုင်းတွင် သူမသည် အိမ်တွင် မီးဖိုငယ်ကိုလည်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ချင်ရှီးက ပြုံးကာ သဘောတူလိုက်ပြီး ဟွမ်ယွိလန်နှင့် တုကောကောလည်း အိမ်ပြန်သွားကြသည်။
တုကောကောက ဟွမ်ယွိလန်နှင့် လက်တွဲထားတာကို ဖြုတ်ဖို့ လှမ်းလိုက်ပေမဲ့ ဟွမ်ယွိလန်က ကြိမ်းမောင်းသည်။
"ငါ့ကို ကိုင်ထား။ မင်းကိုယ်မင်း ကြည့်စမ်း၊ ရွှံ့တွေအပြည့် ပေနေတယ်။ မင်း ငါ့ကို ဆွဲဖြုတ်ဖို့ ဆန္ဒရှိသေးတာလား"
တုကောကောက တောင်းပန်လိုက်သည်။
"ခွင့်လွှတ်ပါ"
ဟွမ်ယွိလန်သည် ရှေ့ကို အမြန်လျှောက်သွားသည်။ တုကောကောကလည်း အရှိန်မြှင့်လိုက်ကာ နောက်က တန်းလန်းလိုက်ရသည်။ သူတို့နှစ်ယောက် အချင်းချင်း ပြေးတန်းလိုက်တမ်းဆော့နေသလိုပင်။
ချင်ရှီးသည် တံခါးဝမှ လှမ်းကြည့်ကာ အလွန်ရယ်စရာကောင်းသည့်ထိုအဖြစ်ကို တွေ့လိုက်ရသည်။
"မေမေ မေမေ သမီးတို့ကို အဝတ်သန့်သန့် ရှာပေးပါဦး"
အန်အန်း၏အော်သံသည် အခန်းတွင်းမှ ထွက်ပေါ်လာပြီး ချင်ရှီးသည် သူမ၏မျက်နှာပေါ်ရှိ အပြုံးကို ဖိနှိပ်လိုက်ကာ မျက်နှာထားတည်တည်ဖြင့် အထဲသို့ ဝင်လာခဲ့သည်။
သူတို့အမှားမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရုံဘဲ ရှိသေးပေမဲ့ အခုလေးတင်မှ လဲဝတ်သွားတဲ့ အဝတ်တွေက အရမ်းညစ်ပတ်လာပြီး ရန်ဖြစ်ကြပြန်ပြီမို့ သွန်သင်ဖို့ လိုပါသေးသည်။
ချင်ရှီး အခန်းထဲ ဝင်လာသည်နှင့် အမြွာများသည် သူမ၏ အပြုအမူကို မြင်ပြီးနောက် ချက်ချင်းပင် ချော့မော့သော အပြုံးကို ပြသကြသည်။
"မေမေ သမီးတို့ မှားသွားပါတယ်။ တကယ်ဆို ရန်မဖြစ်သင့်ပါဘူး။ သူတို့က သမီးကို တွန်းတယ်ဆိုရင် ကောကောကို ဆွဲခေါ်လာပြီး မောင်လေးနဲ့အတူ ပြန်ပြေးလာပြီး ပြောသင့်ပါတယ်"
အန်အန်းရဲ့ အပြုအမူကိုမြင်တော့ ဖျင်ဖျင်ကလည်း ဝင်ပြောသည်။
“မေမေ နောင်မှာ သားကိုမိန်းကလေးနဲ့တူတယ်လို့ မပြောကြဖို့ ယောက်ျားလေးအဝတ်အစားတွေ ဝတ်ပေးပါ"
'မင်းရဲ့အမှားတွေကိုဘဲ တိုက်ရိုက်ဝန်ခံပါ' လို့ သူမ ဘယ်လိုပြောရမလဲ....
ချင်ရှီးက စိတ်ထဲမှ သက်ပြင်းချကာ မျက်နှာနှင့်လက်ဆေးရန် ရေနွေးသွားခပ်ကာ ယောက်ျားလေးအဝတ်အစားများအကြောင်း မပြောဖြစ်သေးပေ။
ဖျင်ဖျင်ရဲ့ မျက်နှာပေါ်က ကလေးအဆီတွေဟာ မှေးမှိန်မသွားသေးဘဲ ကောင်မလေးတစ်ယောက်လို ရုပ်ရည်ရှိပြီး သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကလည်း ဆိတ်ငြိမ်ပြီး လိမ္မာရေးခြားရှိတာကြောင့် အဝတ်အစားကြောင့်မဟုတ်ဘဲ အပြုအမူအရ ဒီလိုပြောဆိုကြခြင်းဖြစ်သည်။
အခြားသူများ၏ အတင်းအဖျင်းကြောင့် ကိုယ့်စိတ်ကြိုက်ရွေးချယ်စရာများကို ပြောင်းလဲရန် မလိုအပ်ပါဘူး။
"ဒီလိုအဝတ်အစားမျိုးကို ကြိုက်လား"
ချင်ရှီးက အရုပ်ပုံကလေးတွေပါတဲ့ သူ့အဝတ်အစားတွေကို ညွှန်ပြရင်းမေးတော့ ဖျင်ဖျင်က ခဏတုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်သည်။
"အခြားသူတွေရဲ့ နှစ်သက်ရာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ်မကြိုက်တဲ့အရာတွေကို အတင်းလုပ်ယူပြီး ကိုယ်တိုင် ပြောင်းလဲပစ်ဖို့ မလိုပါဘူး"
ချင်ရှီးက တစ်ကြိမ်ထက်မက လေးနက်စွာ ပြောပြသည်။
"ကိုယ့်ကိုယ်ကို သူများတွေရဲ့ လွှမ်းမိုးမခံပါနဲ့ နားလည်ရဲ့လား"
အခုချိန်မှာ ရိုးရိုးရှင်းရှင်းအဝတ်အစားတွေဝတ်လို့ မိန်းကလေးနှင့်တူတယ်လို့ ပြောကြပေမဲ့ အဝတ်အစားတွေလဲဝတ်ပြီးရင်လည်း မိန်းကလေးလို ဥပဓိရုပ်ရှိတယ်လို့ ပြောနေကြဆဲဖြစ်ဦးမည်ပင်။
လူတစ်ဦးသည် တစ်စုံတစ်ခုကို မကြိုက်သည့်အတွက် အကြောင်းပြချက်အမျိုးမျိုးကို အမြဲရှာဖွေနိုင်ပါလိမ့်မည်။
ဖျင်ဖျင်၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ရှိနေသော်လည်း အန်အန်းက နားလည်ကြောင်းပြောသည်။
ချင်ရှီးသည် အန်အန်းကို ကြည့်လိုက်ရာ သူမ၏ ကြည်လင်ပြီး လေးနက်သော မျက်လုံးများကို မြင်လိုက်ရပြီး ပြုံးမပြဘဲမနေနိုင် ဖြစ်သွားသည်။
ဖျင်ဖျင်က သူ့ခေါင်းကို အကြာကြီးငုံ့ထားပြီး ညစ်ပတ်နေတဲ့အဝတ်တွေကို လဲဝတ်ပြီးနောက် ပြောသည်။
“ကျွန်တော်လည်း နားလည်ပါတယ်”
ချင်ရှီးက သူ့ခေါင်းလေးကို ကိုင်လိုက်သည်။
“မင်း နားမလည်ရင်လည်း ကိစ္စမရှိပါဘူး။ အချိန်ယူကြရအောင်"
ဖျင်ဖျင်က ချင်ရှီးကို မော့ကြည့်ပြီးပြော၏။
"သူတို့မကြိုက်ရင်လည်း ကိစ္စမရှိပါဘူး ဟုတ်တယ်မလား"
ချင်ရှီးက ပြုံးပြီး ခေါင်းညိတ်သည်။
"ဟုတ်တယ်"
ဖျင်ဖျင်က ပြုံးလိုက်သည်။ ချင်ရှီးကို လေးလေးစားစား ကြည့်ပြီး ချစ်စဖွယ်ပြောသည်။
"ကျေးဇူးတင်ပါတယ် မေမေ"
ချင်ရှီးသည် ချစ်စဖွယ်လေး၏ အကြည့်ကို မထိန်းနိုင်ဘဲ သူ့အနားသို့ တိုးကပ်လာပြီး မျက်နှာလေးကို နမ်းလိုက်သည်။
"ရပါတယ်ကွယ် "
ချင်ရှီးသည် အနည်းငယ်ရှက်ရွံ့နေကာ ပျော်ရွှင်စွာပြုံးပြနေသည့် ဖျင်ဖျင်ကိုကြည့်ရင်း ရုတ်တရက် မှင်သက်ဝမ်းသာအံ့ဩသွားရသည်။
သူမအနေဖြင့် ဖျင်ဖျင်က ဇာတ်ကြောင်းဆီမှထိန်းချုပ်ခံထားရဖို့ မမျှော်လင့်ထားပေမဲ့ အခု အသံတစ်ခုကို ကြားလိုက်ရတာကြောင့် လုံးဝလွတ်မြောက်သွားပြီလို့ ဆိုလိုပါ၏။
'လုကျဲ့ထျန်းလို (ဇာတ်ကြောင်းထိန်းချုပ်မှုကနေ) နိုးထလာပြီလား...'
"အား...သမီးလည်း နမ်းချင်တယ်"
အန်အန်းက ပြေးလာပြီး ချင်ရှီးအနား မျက်နှာငယ်လေးကို ပင့်တင်လိုက်သည်။
သူမ၏ မျှော်လင့်ချက်ထားသောအမူအရာကိုမြင်တော့ ချင်ရှီးသည် ထပ်တွေးမနေတော့ဘဲ သူမကိုလည်း နမ်းလိုက်သည်။ အန်အန်းက ကျေနပ်သွားပြီး သူမနှင့်ဖျင်ဖျင်က ရယ်မောလိုက်သည်။
ဖျင်ဖျင်သည် မူရင်းစာအုပ်၏ ထိန်းချုပ်ထားမှုကို ဖယ်ရှားလိုက်နိုင်သည်။ အန်အန်းကရော....ကုချင်းဟိုင်ကရော....ဘယ်လိုများလဲ။ မော့လင် တုန်းကတော့ (ထိန်းချုပ်မှုပြတ်တောက်သွားတဲ့)အသံကို သူမ မကြားခဲ့ရပါ။ ဒါကို သူမ ကြားခွင့်မရတာကြောင့်လား ဒါမှမဟုတ် လုံးလုံး မနိုးထနိုင်သေးဘူးလား။
ချင်ရှီးသည် အနည်းငယ် အံ့အားသင့်သွားသလို ခံစားလိုက်ရကာ ပထမဆုံးနိုးထလွတ်မြောက်သူက ဖျင်ဖျင်ဖြစ်သည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
ချင်ရှီးသည် သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး အန်အန်း၏ ခေါင်းပေါ်ရှိ ဗလာနေရာကို ဝှေ့ယမ်းလိုက်ရာ ဘာမှမရှိဘဲ အတိုင်းသားဖြတ်ကျော်သွားသည်။
'ဘာမှ မထိမိဘူး'
ချင်ရှီးသည် မိန်းမောနေပြီး ကြောင်အ,နေသလို ခံစားရသည်။ ချင်ရှီးသည် သူမ၏ စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေသော အတွေးများကို လွှင့်ပစ်လိုက်ကာ ထပ်တွေးမနေတော့ဘဲ နဂါးနှင့်ဖီးနစ်များအတွက် အဝတ်လဲပေးကာ ရွှံ့ပေသော အဝတ်အစားများကို ရေစိမ်ထားလိုက်သည်။
နေ့လယ်စာစားပြီးနောက် အမြွာနှစ်ယောက်သည် အတူတူ တစ်ရေးတစ်မော အိပ်ကြပြီး သုံးနာရီကြာအောင် တစ်ချက်ကလေးမှ မနိုးဘဲ အိပ်ကြသည်။
ချင်ရှီးသည် သူတို့ကို နှိုးခါနီးမှာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရပြီး သူတို့နှစ်ယောက်လုံး တစ်ချိန်တည်း အော်ဟစ်လိုက်ကြပြီး မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ကြသည်။
နဂါးနှင့်ဖီးနစ်အမြွှာတို့သည် ထိတ်လန့်တကြားဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ ပွေ့ဖက်လိုက်ကြသည်။ ချင်ရှီးက သူတို့ကို ပွေ့ဖက်ကာ ကျောကိုပွတ်သပ်ပေးရင်း နှစ်သိမ့်စကားဆိုသည်။
"မင်းတို့ အိပ်မက်ဆိုးမက်တာလား။ အခုနိုးပြီဆိုတော့ အဆင်ပြေပါတယ်"
အမြွာများသည် စကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက် ချင်ရှီး၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားကြကာ သူမ၏ နွေးထွေးမှုမှ ယူဆောင်လာခဲ့သော လုံခြုံသည့် ခံစားချက်ကို ခံစားရသည်။
မကြာခင်မှာ အမြွှာနှစ်ယောက် ငြိမ်သက်သွားကြပြီး ချင်ရှီးက ထပ်မေးသည်။
"မင်းတို့ အိပ်မက်ဆိုးမက်တာလား"
အမြွာနှစ်ယောက်က ခေါင်းညိတ်ပြပြီး အန်အန်းက ခေါင်းကို ထိလိုက်ကာ ဆံပင်တွေကို ကြက်တောင်လို ဆွဲဆုပ်လိုက်ပြီးပြောသည်။
"ဒါပေမဲ့ ပြန်သတိမရချင်ဘူး။ အရမ်း စိတ်မသက်မသာ ခံစားရစေတယ်”
"ကျွန်တော်လည်း သိပ်မမှတ်မိဘူး။ ဒါပေမဲ့ နည်းနည်းတော့ မှတ်မိနေပုံပါဘဲ"
ဖျင်ဖျင်သည် အန်အန်းကို ကြောက်ရွံ့မှုနှင့်အတူ ပွေ့ဖက်ထားကာ လက်မလွှတ်ဘဲ အန်အန်းကို ကြည့်နေသည်။
"ငါတို့ကို သေလုအောင် ချည်နှောင်ထားတဲ့ ချည်မျှင်ပေါင်းများစွာနဲ့ ရောထွေးနေတယ်။ ငါ့ကိုချည်ထားတဲ့ကြိုးကရုတ်တရက်ပြတ်သွားပြီး ကောင်းကင်ကနေ ပြုတ်ကျသွားပေမဲ့ အစ်မကိုတော့ ရစ်ပတ်ထားတုန်းဘဲ"
ချင်ရှီးက မျက်လုံးတွေကို မှိတ်လိုက်မိပြီး ဒီလို ထူးဆန်းတဲ့အိပ်မက်ကို အိပ်မက်မက်ဖို့ မမျှော်လင့်ထားပေ။
ဖျင်ဖျင်က ခေတ္တရပ်ပြီး အန်အန်းကို လွှတ်လိုက်ကာ သူမ ကိုယ်ပေါ်ရှိ ချည်မျှင်ကို ချိုးဖျက်ရန် ကြိုးစားလိုက်သကဲ့သို့ သူမကို လက်နဲ့သပ်ချနေ၏။
ဖျင်ဖျင်သည် အိပ်မက်ကြောင့် စိတ်ဒုက္ခရောက်နေသေးသည်ကို မြင်လိုက်ရသဖြင့် ချင်ရှီး၏ အမူအရာသည် လေးနက်လာကာ ခဏမျှ စဉ်းစားပြီးနောက် သူမသည် သူ့လုပ်သည့်အတိုင်း အန်အန်းကို လက်ဖြင့်ဝှေ့ယမ်းလိုက်သည်။
"ငါ မင်းကို ကူညီပေးမယ်"
ဖျင်ဖျင်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူ့အမူအရာက လေးနက်၍ အာရုံစူးစိုက်မှုရှိစွာဖြင့် အန်အန်းကို နာခံစွာထိုင်ခိုင်းကာ လက်ဖြင့်ဝှေ့ယမ်းသပ်ချကြသည်။
အချိန်အတော်ကြာ ဝှေ့ယမ်းပြီးနောက် ချင်ရှီးသည် ဘာမှ မခံစားရသော်လည်း အန်အန်း၏ အမူအရာ ပြေလျော့သွားသည်ကို မြင်လိုက်ရသဖြင့် သူမလည်း သက်သာရာရသွားသည်။
ချင်ရှီးသည် ကုတင်ဘေးတွင်ထိုင်ကာ စကားစပြောရန်ပြင်လိုက်သော်လည်း အန်အန်း၏ ရင်ဘတ်အောက်ခြေပေါ်ရှိ အဝတ်စချည်မျှင်တစ်ခု ကို အမှတ်တမဲ့တွေ့လိုက်ရသောကြောင့် ဖယ်ထုတ်ရန် လက်ဆန့်လိုက်သည်။
လျှပ်တစ်ပြတ်လှုပ်ရှားမှုဖြင့် လက်ခုံနှင့် (ချည်မျင်ကို)ထိလိုက်ပြီး ရှုံ့တွနေသော အဝတ်အစားများကို သေသပ်အောင်ပါ လုပ်ပေးရန် ကြိုးစားလိုက်သည်။
ဤအခိုက်အတန့်တွင် ချင်ရှီးသည် တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရပြီး လက်ခုံကိုဖယ်လိုက်ရာ ဘာမှရှိမနေခဲ့ပေ။ (ချည်မျှင်ရှိမနေခဲ့ပေ)
ချင်ရှီးက ခေတ္တရပ်လိုက်ပြီး သူမ၏စိတ်က အနည်းငယ်မှိန်းမောသွားကာ သူမလက်ကို အန်အန်း၏ရင်ဘတ်ဆီသို့ အစမ်း ဆန့်ထုတ်လိုက်သော်လည်း ဘာမှမထိနိုင်ပေ။
'ထင်ယောင်ထင်မှားဖြစ်တာလား'
ဖျင်ဖျင်သည် ချင်ရှီး၏ လှုပ်ရှားမှုများကို နားမလည်သော်လည်း သူ့တွင် ရှိခဲ့ဖူးသော အိပ်မက်နှင့် စွဲထင်နေသည့် မြင်ကွင်းများကို သတိရကာ အန်အန်း၏ ရင်ဘတ်ပေါ် လက်ကို အကြိမ်အနည်းငယ်မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။
'အိပ်မက်ထဲမှာတုန်းက အစ်မရဲ့ ဒီနေရာမှာ ချည်ကြိုးထူကြီးတစ်ခုရှိတယ်...'
"ခလွမ်း..."
ရင်းနှီးတဲ့အသံက ချင်ရှီးကို ရပ်တန့်သွားစေသည်။
"အာ့"
အန်အန်းက ရုတ်တရက် အသံတိုးတိုးဖြင့် အော်လိုက်သည်။
“ဘာဖြစ်တာလဲ”
ချင်ရှီးက စိတ်လှုပ်ရှားစွာ မေးသည်။
"မသိဘူး"
အန်အန်းက ခေါင်းခါလိုက်ပြီးပြောသည်။
"ဒါပေမဲ့ အရမ်းသက်သာသွားသလို ခံစားရတယ်"
ချင်ရှီးက သူမရဲ့ ရှုပ်ထွေးတဲ့ အမူအရာနှင့် ခံစားချက်တွေကို ဖုံးကွယ်လိုက်ပြီး ဖျင်ဖျင်ကို ကြည့်သည်။
"မင်း တစ်ခုခု ခံစားရလား"
ဖျင်ဖျင်က ခေါင်းခါပြသည်။
"ဟင့်အင်း"
"မင်းတို့တွေ စိတ်ချင်းဆက်သွယ်မှုရှိတယ်မလား။ မင်းအစ်မ တစ်ခုခုမှားနေပြီလို့ မင်းခံစားမိလား"
ချင်ရှီးက မေးလိုက်တယ်။
"စိတ်ချင်းဆက်သွယ်မှုလား"
ဖျင်ဖျင်သည် ဤစကားကို ပထမဆုံးအကြိမ်ကြားလိုက်ရပြီး အန်အန်းကလည်း အလွန်သိချင်နေသည်။
ချင်ရှီးက သူတို့ကို ရှင်းပြပြီးနောက် သူတို့ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
"ငါတို့မှာ စိတ်ချင်းဆက်သွယ်မှုရှိတာ အံ့သြစရာကောင်းလိုက်တာ"
"အစောက တစ်ခုခု ခံစားရလား"
ချင်ရှီးက ထပ်မေးသည်။
"ဒီလိုပါဘဲ... "
ဖျင်ဖျင်က သင့်တော်တဲ့ ဖော်ပြချက်ကို မရှာနိုင်ခင် အချိန်အတော်ကြာအောင် တွေးနေသည်။
"နေ့ခင်းဝတ်အင်္ကျီကို ချွတ်ပြီး ညအိပ်ဝတ်နဲ့ ပြောင်းရသလိုမျိုး အဆင်ပြေပါတယ်"
ချင်ရှီးက နားလည်ပါသည်။
"ဒါက အရမ်းသက်သောင့်သက်သာရှိတာလား။ တစ်ကိုယ်လုံးပေါ့ပါးနေသလို ခံစားရတာမျိုး”
“ဟုတ်တယ် ဒါဘဲ”
အမြွာများက တညီတညွတ်တည်းပြောသည်။
ချင်ရှီးသည် အတွေးကမ္ဘာထဲ ပျောက်ဆုံးသွားသည်။ အမြွာများက ဤအရာများအကြောင်း အိပ်မက်မက်လိမ့်မည်ကို မတွေးခဲ့ဖူးပါ။ ဖျင်ဖျင်က အန်အန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ချည်ကြိုးကို မည်သို့ဖြတ်မည်ကိုလည်း မတွေးခဲ့ဖူးပါ။
ချင်ရှီး ဘာတွေတွေးနေလဲ မသိပေမဲ့ လေးနက်တဲ့ အမူအရာကြောင့် အမြွာနှစ်ယောက်က သူမကို မနှောင့်ယှက်ဘဲ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေသည်။
ခဏကြာတော့ အန်အန်းက ပြောသည်။
“မေမေ သန့်စင်ခန်းသွားချင်တယ်”
အန်အန်း ပြောတာကြားပြီးနောက် ချင်ရှီးက အာရုံတွေပြန်ရလာကာ နှစ်ယောက်သားအား အင်္ကျီကို အမြန်ဝတ်ဖို့ ကူညီပေးလိုက်သည်။
နေ့ခင်းတွင် ကုချင်းဟိုင်က ကျောင်းမှပြန်ရောက်သောအခါ ချင်ရှီးက သူ့ကို ဆိုဖာပေါ်ဆွဲတင်ကာ ထိုင်ခိုင်းလိုက်သည်။
"မေမေ ဘာဖြစ်လို့လဲ"
ကလေးနှစ်ယောက်က သူ့ရင်ဘတ်တဝိုက်မှာ လက်လေးတွေကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ကုချင်းဟိုင်က သံသယတွေအပြည့်နှင့်မေးသည်။
"မင်းတို့ ဘာလုပ်နေတာလဲ"
"အစ်ကို စိတ်လျှော့ပါ"
အန်အန်းက ပြုံးပြပြီး ဖျင်ဖျင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
ကုချင်းဟိုင်သည် သူတို့ကိုစကားမပြောတော့ဘဲ ကြည့်၍သာနေပြီး ချင်ရှီးကို အကူအညီတောင်းသည်။
"မေမေ"
ဒါပေမဲ့ ချင်ရှီးက လက်ကို ဝှေ့ယမ်းပြလိုက်တာကြောင့် အမြွှာနှစ်ယောက်က သူ့ပတ်ဝန်းကျင်ကို ဆက်လက်ဝှေ့ယမ်းနေကြပြီး ကုချင်းဟိုင်က စကားလုံးဝမပြောဖြစ်လိုက်ပါဘူး။
ခဏအကြာတွင် အမြွာများ မောပန်းလာသည်ကိုမြင်ပြီး ကုချင်းဟိုင်၏ မှုန်မှိုင်းမှိုင်းမျက်လုံးများ တောက်ပလာသည်။
" လုံလောက်ပြီလား"
အမြွာနှစ်ယောက်က ချင်ရှီးကိုကြည့်ကာ ချင်ရှီက ခေါင်းညိတ်ပြမှသာ ကုချင်းဟိုင်က သက်ပြင်းချလျက် အမြန်ထွက်ပြေးသွားသည်။
ချင်ရှီးက ကုချင်းဟိုင်၏ကျောကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
'ကုချင်းဟိုင်က ဘာလို့ မတုံ့ပြန်တာလဲ။ ဒါကို(ချည်ကြိုးပြတ်သွားတဲ့ တုံ့ပြန်မှုမျိုးကို) အန်အန်းကတော့ လုပ်နိုင်ခဲ့တယ်။ စိတ်ချင်းဆက်သွယ်မှုကြောင့်များလား'
'သူတို့နှစ်ယောက်က အမြွှာတွေဖြစ်ကြ ပြီး စိတ်ချင်းဆက်သွယ်မှုလည်းရှိတယ်။ တစ်ယောက်က နိုးထလာရင် နောက်တစ်ယောက်ကလည်း နိုးထလွတ်မြောက်လာနိုင်တယ်။ ဖျင်ဖျင်ကများ ချိုးဖျက်ပေးနိုင်မှာလား'
ပဟေဠိဖြစ်နေသော ချင်ရှီးသည် အကြောင်းရင်းကို မသိနိုင်သောကြောင့် သူမသည် ဤကိစ္စကို နှလုံးသားထဲတွင်သာ သိမ်းဆည်းထားပြီး ကုချင်းဟိုင်ကို ပိုအာရုံစိုက်ထားသည်။
"အစ်ကို သက်သာသွားပြီလား။ ငါတို့ လုပ်တာ အောင်မြင်ခဲ့လား"
ဖျင်ဖျင်က မေးရာ အန်အန်းကခေါင်းညိတ်ပြီး တုံ့ပြန်သည်။
"ဖြစ်နိုင်မှာပေါ့။ အခုလေးတင် သူပြေးတာ ဘယ်လောက်မြန်လဲ ကြည့်လိုက်စမ်းပါ။ သူ အမြန်ထွက်သွားတယ်"
ဖျင်ဖျင်က အန်အန်းကို ကြည့်ပြီးပြောသည်။
"အစ်မ မင်းစကားပြောတဲ့အခါ (လေယူလေသိမ်းက) ကောကောနဲ့ ပိုတူလာတယ်"
အန်အန်းက သူ့ကိုပြန်လှည့်ကြည့်သည်။
"ဟုတ်လား"
ဖျင်ဖျင်က လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
အန်အန်းက မယုံပါ။
"မဖြစ်နိုင်ပါဘူး"
ဖျင်ဖျင် : "တကယ်ပါဆို မင်းအခုပြောတာကိုတင် ကြည့်လိုက်ဦး။ ကောကောပြောတဲ့ ပုံစံအတိုင်းအတူတူဘဲ"
အန်အန်းက မှင်တက်သွား၏။
"အာ...ဘာလို့ ဒီလိုဖြစ်တာလဲ ငါလည်းမသိဘူး ဘာလုပ်ရပါ့"
အန်အန်းက ချင်ရှီးကို ချက်ချင်း အကူအညီတောင်းလိုက်သည်။
"မေမေ မေမေ သမီးက အမြဲတမ်း ကောကောလို စကားပြောနေတာလား"
ချင်ရှီးက သူမ အာရုံတွေဆီ ပြန်ရောက်သွားပြီး စိုးရိမ်တဲ့ မျက်နှာလေးဖြစ်နေသည့် သူမကို ကြည့်ပြီး ရယ်မောလိုက်သည်။
"အဆင်ပြေပါတယ်"
"ကောင်းပြီ"
အန်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
ချင်ရှီးက ပြုံးနေ၏။
သူတို့တွေ မကြာခဏ အတူတူရှိကြလျှင် သူတို့၏ လေယူလေသိမ်းများ ပြောင်းလဲလာမည်မှာ မလွဲမသွေပင်။ အရှေ့မြောက်ပိုင်း လေယူလေသိမ်းသည် အမှန်တကယ် မှော်ဆန်လှပြီး အနည်းနှင့်အများ စကားဝဲသည့်ဘက်လိုက်သွားမည်ဖြစ်သည်။
ဒါပေမဲ့ အဲ့ဒါက ပြဿနာကြီး မဟုတ်ပါဘူး။ မိသားစုက မန်ဒရင်းဘာသာစကားကို ပြောသေးတဲ့အတွက် လုံးဝကြီး စကားဝဲသည့်ဘက်လိုက်သွားမှာ မဟုတ်ပါ။
ချင်ရှီးသည် အမြွာများကို အပြုံးဖြင့် ကြည့်နေသည်။ အမှန်မှာ အရှေ့မြောက် ဘက်ဒေသိယစကားသည် အလွန်စိတ်ဝင်စားစရာကောင်းသည်မဟုတ်လော။ အရမ်းချစ်စရာကောင်းပါ၏။
_***_