အပိုင်း (၁၃)
"အနံ့အရမ်းမွှေးတာဘဲ"
ဖျင်ဖျင်၏လက်ချောင်းများကို ကစားနေသော အန်အန်းသည် ရနံ့၏ရင်းမြစ်ကိုရှာဖွေရန် ချက်ခြင်းကြည့်လိုက်သောအခါ ချက်ပြုတ်နေသော ချင်ရှီးကိုတွေ့လိုက်ရကာ တုံ့ဆိုင်းစွာဖြင့် မီးဖိုခန်းထဲသို့ဝင်သွားလိုက်သည်။
ချင်ရှီးက အသံကြားသော်လည်း နောက်ပြန်လှည့်မကြည့်ဘဲ လှီးထားသော ခရမ်းချဉ်သီးများကို ဆီဒယ်အိုးထဲသို့ထည့်ကာ မွှေကြော်လိုက်သည်။
"ရှဲ...ရှဲ...ရှဲ"
ခရမ်းချဉ်သီးနှင့် ဆီရောစပ်သွားသော အသံသည် တစ်ခန်းလုံး ပြန့်နှံ့နေပြီး ရနံ့များ လွင့်ပျံလာကာ အန်အန်းကို ရှေ့သို့ ပို၍ပင် တိုးသွားစေလိုက်သည်။
ချင်ရှီးသည် ဆားများကို ဇွန်းဖြင့်ယူကာ ဟင်းကြော်နေစဉ်တွင် သူမသည် ခေါင်းကိုလှည့်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။ သူမသည် အန်းအန်ကိုတွေ့သောအခါ အနည်းငယ်ပြုံးလိုက်သည်။
"ဗိုက်ဆာပြီလား"
အန်အန်းက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
ချင်ရှီးက သူမကို မောင်းမထုတ်သည့်အတွက် မီးဖိုဘေးမှာ ရပ်လိုက်ပြီး ခေါင်းကို အိုးရှိရာဘက်သို့ စောင့်ငဲ့၍ ကြည့်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
"ခရမ်းချဉ်သီးနဲ့ ကြက်ဥ"
"အဲ့ဒါက ဘာလဲ"
အန်အန်း၏ မျက်လုံးများ အနည်းငယ်ကျယ်လာသည်။
“မစားဖူးဘူးလား”
ချင်ရှီး အနည်းငယ် အံ့သြသွားသည်။
"အဖွား မလုပ်ကျွေးဖူးဘူး"
အန်အန်းက သိချင်လွန်းလို့ အိုးထဲမှာ ဘာတွေပါလဲဆိုတာ ဆက်ကြည့်ဖို့ ကြိုးစားလိုက်သည်။
သို့သော် သူမသည် အလွန်ပုသောကြောင့် မီးဖိုအနားသို့ လက်ဖြင့်သာ လှမ်းနိုင်ကာ ဘာမှမမြင်ရပေ။
အန်အန်း အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် ရုတ်တရက် သူမ လေထဲမြှောက်တက်သွား၏။
"အား…"
ချင်ရှီးက ချက်ချင်း ခေါင်းကို လှည့်ကြည့်လိုက်သည်။ လုကျဲ့ထျန်းက လက်တစ်ဖက်စီတွင် ကလေးနှစ်ယောက်ကိုပွေ့ထားပြီး သူမဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်တွင် ကုချင်ဟိုင်းသည် တစ်စုံတစ်ခုကို ရှာဖွေနေဟန်ဆောင်သော်လည်း သူ့မျက်လုံးထောင့်မှ သူမကို စိုက်ကြည့်နေသည်။
ချင်ရှီးသည် ရယ်မောကာ သူတို့ကို လျစ်လျူရှုပြီး ဆက်လက်ချက်ပြုတ်နေလိုက်သည်။
ခရမ်းချဉ်သီးများ ကျက်သွားသောအခါ ချင်ရှီးသည် အိုးထဲသို့ ရေနွေးထည့်ကာ လုံလောက်ခါနီးပြီဟု ယူဆကာ အိုးကိုဖုံး၍ ရေပွက်ပွက်ဆူအောင်စောင့်လိုက်သည်။
ချင်ရှီးသည် ပန်းကန်လုံးတစ်လုံးနှင့် ဂျုံမှုန့်တစ်ဝက်ကို ယူပြီးနောက်အသုံးပြုရန် ဘေးဖယ်ထားပြီး နောက်ထပ်အိုးသေးသေးတစ်ခုကိုရှာ၍ သန့်စင်လိုက်ကာ အခြားမီးဖိုပေါ်တွင်တင်ပြီး ပေါက်စီများကြော်ရန် အသင့်လုပ်ထား၏။
ပေါက်စီတွေရှိနေသည်က ဘယ်လောက်ကြာပြီမှန်းမသိနိုင်ပေ။ အရမ်းမာလွန်းတဲ့အတွက် ကြော်စားဖို့သာ လုပ်နိုင်တော့သည်။
ချင်ရှီးသည် ဆီများများစားစားမရှိသည်ကို မြင်သောကြောင့် သူမ အလွန်အကျွံမသုံးခဲ့ပါ။ ယနေ့ခေတ်တွင် ဆီသည် ဈေးမပေါဘဲ ဝယ်ရန်အတွက် လက်မှတ်များလည်း လိုအပ်ပါသည်။
ချင်ရှီး၏ လှုပ်ရှားမှုများသည် ပြတ်သားပြီး သပ်ရပ်၍ အလွန်ကျွမ်းကျင်လှသည်။ လုကျဲ့ထျန်းနှင့် ကလေးများသည် သူမက ပေါက်စီများ၊ ဟင်းသီးဟင်းရွက်များဖြင့် အရံဟင်းလေးများဖြစ်အောင် ရောစပ်ထားသည်ကို ကြည့်ရှုခဲ့ကြသည်။ သူမသည် မျက်လုံးတစ်ချက်မမှိတ်ဘဲ ငြိမ်သက်ကာ စည်းစနစ်တကျကျလုပ်ဆောင်နေသည်က ဆွဲဆောင်မှုအပြည့်ရှိနေသည်။
ကုချင်းဟိုင်သည် ဟင်းချက်ရာတွင်လည်း အလွန်ကြည့်ကောင်းနေနိုင်ကြောင်း ပထမဆုံးအကြိမ် သိလိုက်ရသည်။ နားမလည်နိုင်လောက်အောင် ဆွဲဆောင်မှုတစ်ခုရှိနေသဖြင့် သူမကို ဆက်လက်ကြည့်နေရန် ဆွဲဆောင်ခံလိုက်ရသည်။
ချင်ရှီးသည် ပေါက်စီများကျော်ပြီးသောအခါ အခြားပန်းကန်တစ်ခုထဲသို့ ဆီလောင်းထည့်ကာ အသင့်ထားထားသော ကြက်သွန်နီနှင့် အသီးအရွက်များကို ထပ်မံကြော်လိုက်သောအခါ အသံများပြန်လည်ထွက်ပေါ်လာသည်။ ကုချင်းဟိုင်သည် ထိုအသံကို ကြားလိုက်သောအခါတွင် ရုတ်တရက် သူ့အာရုံများ ပြန်ရောက်လာသည်။
သူသည် လုကျဲ့ထျန်း လည်ပင်းကို ပွေ့ဖက်ထားသည့် ဖျင်ဖျင်နှင့် အန်အန်းကို ကြည့်ပြီး ချင်ရှီးအား မျက်တောင်မခတ်စတမ်းကြည့်နေသည့် လုကျဲ့ထျန်းကိုပါ လှမ်းကြည့်လိုက်သည်။
'ချင်ရှီးမှာ မှော်အစွမ်းတွေရှိတာဖြစ်ရမယ်။ ငါက မီးဖိုချောင်ထဲက အရာတွေအတွက် ဘယ်တော့မှ စိတ်မရှည်တာ သိသာထင်ရှားပါရဲ့နဲ့ သူမကိုကြည့်နေဖို့ စွဲဆောင်ခံလိုက်ရတယ်။ အဆိပ်ပြင်းလိုက်တာ'
ကုချင်းဟိုင်သည် ပန်းကန်များနှင့် တူများကိုယူရန် ဘေးနားသို့ အမြန်သွားကာ မီးဖိုဘက်ကို အကြောင်းရင်းမသိစွာ မကြည့်ဝံ့တော့ပေ။
ချင်ရှီးသာ သူဘာတွေတွေးနေသလဲဆိုတာသိရင် သူမ အကျယ်ကြီး ရယ်နေမှာ သေချာပါသည်။ နောက်ပိုင်းမျိုးဆက်တွေမှာ ချက်ပြုတ်ခြင်းနှင့်ပတ်သက်ပြီး အများအပြား ရေပန်းစားလာရသည်က အကြောင်းအရင်း တစ်ခုတော့ ရှိရမည်ပင် မဟုတ်လား။ ချက်ပြုတ်ခြင်းတွင် မှော်ပညာမရှိပေမဲ့ လူတွေကို ပြုစားပြီး ပျော်စရာကောင်းစေမည့် လျှို့ဝှက်နည်းလမ်း အနည်းငယ်တော့ ရှိကြစမြဲပင်။
မိနစ် ၂၀ မပြည့်ခင်မှာဘဲ ချင်ရှီးက ချက်ပြုတ်လို့ပြီးကာ စွပ်ပြုတ်အိုးကို ထမင်းစား စားပွဲပေါ်တင်လိုက်သည်။
လုကျဲ့ထျန်းသည် ဟင်းအိုးကြီးသယ်လာသည့် သူမကို လှမ်းကြည့်ရင်း ကလေးနှစ်ယောက်ကို တိတ်တဆိတ် လက်နှစ်ဖက်မှချကာ လက်ဆေးပြီး စားခိုင်းသည်။
မူလက (ဟင်းအိုးတွေရွှေ့ကူပေးတာကို) သူလုပ်မယ်လို့ပြောခဲ့ပေမယ့် ချင်ရှီးက သူမ ကိုယ်တိုင်လုပ်ခဲ့သည်။
ကုချင်းဟိုင်က စားပွဲပေါ်က ချက်ပြုတ်ထားသည့်ဟင်းကို စိုက်ကြည့်ရင်း *အန်တီမော့က အိုးကိုသယ်လာရင် အပူကြောင့် မှောက်ကြသွားလိမ့်မယ်။ သူမက ပူမှာ မကြောက်ဘူးလား။ ဒါကြောင့် စွပ်ပြုတ်အိုးကို တိုက်ရိုက်သယ်လာတာလား ဟူ၍ တွေးနေမိသည်။
(*T.N အန်တီမော့က ပထမဇနီးဖြစ်ပါတယ်)
ကုချင်းဟိုင်က နှုတ်ခမ်းစူလိုက်ပြီး အိုးရဲ့ အပူချိန်ကိုသိရန် ထိကြည့်ဖို့ လက်လှမ်းလိုက်ပေမဲ့ ချင်ရှီးက သတိပေးလိုက်သည်။
"ဒါကို မထိနဲ့ အရမ်းပူနေတယ်။ မင်းလက်ကို မြန်မြန်ဆေးပြီး စားဖို့ ပြင်လိုက်"
ကုချင်းဟိုင်က သူမကို ကြည့်လိုက်သည်။
"မင်းက ပူမှာကို မကြောက်ဘူးလား"
ပြောပြီးနောက် သူ စိတ်မသက်မသာဖြစ်သွားသည်။ သူမကို ဂရုစိုက်သလို ပုံစံဖြစ်သွားရသည် မဟုတ်လား။
ချင်ရှီး : "လက်ကိုင်နေရာက မပူဘူးလေ"
ကုချင်းဟိုင် : "…"
'မေ့ပစ်လိုက်ပါတော့'
ကုချင်းဟိုင်က အနည်းငယ်ရှက်ပြီး စိတ်ဆိုးသွားကာ ချင်ရှီးနှင့် စကားမပြောတော့ဘဲ လှည့်ထွက်ကာ လက်ဆေးရန်အတွက် သူ့ခြေလှမ်းများကို မြန်မြန်ဆန်ဆန် လှမ်းသွားလေသည်။
ချင်ရှီးက သူ့နောက်ကျောကို ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်။ ဒီသခင်ငယ်လေးက အလွန်ထက်မြက်သော်လည်း သူ့စရိုက်က နည်းနည်းတော့ အဆင်မပြေပုံရသည်။
လုကျဲ့ထျန်းနှင့် ကလေးတွေက လက်ဆေးပြီးနောက် စားပွဲပေါ်တင်ထားသော ပန်းကန်လုံးထဲက ဟင်းများကို ကြည့်ရင်း ဇွန်းကို ချက်ချင်းကောက်ယူလိုက်ကြသည်။
"အနီ၊ အဝါ၊ အစိမ်း၊ အဖြူ"
အန်အန်းသည် ဇွန်းဖြင့် ပန်းကန်ကို ညွှန်ပြပြီး မျက်လုံးများ ကွေးညွတ်ကာပြုံးနေ၏။
" အရောင်အသွေးစုံပြီး လှပတဲ့ ဟင်းချိုလေး"
လုကျဲ့ထျန်း : "အင်း အင်း မြန်မြန်စားတော့"
အန်အန်းက ဇွန်းဖြင့် လှမ်းယူလိုက်ပြီး ဂရုတစိုက်မှုတ်ပြီးနောက် ပါးစပ်ထဲသို့ထည့်လိုက်သည်။ တစ်ငုံသောက်ပြီး အန်အန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
"အရသာရှိလိုက်တာ"
ဖျင်ဖျင်လည်း ခေါင်းညိတ်ပြီးသဘောတူသည်။
"စားလို့ကောင်းတယ်"
ကုချင်းဟိုင်က စကားမပြောသော်လည်း ခေါင်းမထောင်ဘဲ ဆက်၍သောက်လိုက်သည်။
ဟင်းချိုသည် ပေါ့ပေါ့ပါးပါးရှိသည်။ ခရမ်းချဉ်သီး၏ အရသာသည် အချဉ်၏ အရိပ်အမြွက်မျှဖြင့် အပေါ့အငန်မျှတနေသည်။ လတ်လတ်ဆတ်ဆတ် ဂျုံမှချက်ချင်းလုပ်ထားသည့် ခေါက်ဆွဲလေးတွေက အရမ်းဝါးလို့ကောင်း၍ အသီးအရွက်တွေက ပျော့ပြဲနေခြင်းမရှိပေ။
ဟင်းချိုတစ်ဇွန်းထပ်သောက်လိုက်သည်။ ကြက်ဥနှင့်ရောထားသော ခေါက်ဆွဲမျှင်လေးများက ပါးစပ်ထဲရောက်သွားသည့်အခါ နူးညံ့၍ တစ်ချိန်တည်းမှာတင် မာကျောပြီး အင်မတန်ကောင်းသည့် အရသာကိုဖြစ်ပေါ်လာစေသည်။
လုကျဲ့ထျန်းသည် စွပ်ပြုတ်ကို ပန်းကန်လုံးကြီးဖြင့် နှစ်ခါလောက်သောက်လိုက်ပြီး ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
"ကောင်းတယ်"
သူ့တစ်ကိုယ်လုံး နွေးထွေးကာ သက်တောင့်သက်သာ ခံစားလိုက်ရသည်။
ရွှေဝါရောင်လွှမ်းကာ ကြွပ်ကြွပ်ကြော်ထားတဲ့ ပေါက်စီချပ်ပြားတွေကို လတ်ဆတ်တဲ့ အသီးအရွက်ကြော်တွေနဲ့ တွဲစားလိုက်သည်။
လုကျဲ့ထျန်းသည် ဟင်းရည်ပန်းကန်လုံးကြီးနှစ်လုံးကို ဆက်တိုက်သောက်ပြီး မုန့်ကြော်ပန်းကန်တစ်ဝက်ကိုပါစားပြီးနောက် ရပ်လိုက်သည်။ ခါတိုင်းထက် ပိုစားသော ကလေးများကို ကြည့်လိုက်ကာ ချင်ရှီး၏ ချက်ပြုတ်မှုစွမ်းရည်က တကယ်ကောင်းသည်ဟုတွေးကာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြန်သည်။
ပေါက်စီကြော်နှင့် အသီးအရွက်မွှေကြော်တွေဟာ သာမန်အစားအစာတွေထက် ပိုသာလွန်ကောင်းမွန်သည့်အရာမဟုတ်သော်လည်း သူမဟာ အရသာရှိစွာ ချက်ပြုတ်နိုင်သည်။
"အေ့"
ဖျင်ဖျင်က ညင်သာစွာ လေချဉ်တက်လိုက်၏။
အန်အန်းသည် ပန်းကန်ပြားပေါ်ရှိ နောက်ဆုံးလက်ကျန်ကိုကြည့်ကာ ကောက်ယူစားချင်သော်လည်း မစားနိုင်တော့ဘဲ မျက်နှာတစ်ပြင်လုံးတွင် "မသက်မသာဖြစ်နေပြီ" ဟု ရေးထားဟန်က အထင်းသားပေါ်နေသည်။
ကုချင်းဟိုင်သည် တစ်ချက်ကြည့်လိုက်ပြီး ကြော်ထားသော ပေါက်စီများကိုယူကာ အသီးအရွက်အနည်းငယ်ကို ရောမွှေပြီး ပါးစပ်ထဲ မျိုချလိုက်သည်။
အန်အန်းသည် ကုချင်းဟိုင် စားသောက်ပြီးသည်နှင့် ခေါင်းကိုလှည့်ပြီးပြောသည်။
"မနက်ဖြန် ဒါကိုထပ်လုပ်ပေးလို့ရမလား"
ချင်ရှီးက သူမကို ပြုံးပြုံးလေးကြည့်ရင်းမေးသည်။
"မနက်ဖြန် မင်းတို့အတွက် ပိုအရသာရှိတာ လုပ်ပေးမယ်"
ကလေးသုံးယောက်လုံးက ချင်ရှီးကို မျှော်လင့်ချက်အပြည့်နဲ့ကြည့်ရင်း မျက်လုံးများက တခဏအတွင်းမှာဘဲ လင်းလက်သွားကြသည်။
"ဘာလဲ" စားပွဲကို စိတ်လှုပ်ရှားစွာ ကုတ်ဖဲ့လိုက်ကြသေးသည်။
"ဒီနေ့ထက် ပိုအရသာရှိတာလား"
"မင်းတို့ ငါ့လက်ရာကို မြည်းကြည့်ပြီးပြီဘဲ။ အားလုံးက အရသာရှိတယ်မလား"
ချင်ရှီးက သူတို့ကို ပြုံးပြုံးလေး ကြည့်သည်။
"ငါ မနက်ဖြန် အိမ်ထဲမှာ သန့်ရှင်းရေး လုပ်မယ်။ မင်းတို့ ငါ့ကိုကူညီရင်ညနေခင်းမှာ ကန်စွန်းဥတွေနဲ့ပန်းသီးတွေကို ဆုချမယ်"
စပ်စုတတ်သောကလေးမလေး အန်အန်း : "ဘယ်လိုမျိုးလဲ"
အချိုတွေစားရတာကြိုက်တဲ့ ဖျင်ဖျင် : "ချိုချိုလေးလား"
ကုချင်းဟိုင် : "မင်း ငါတို့ကို အလုပ် လုပ်ပေးဖို့ ညွှန်ကြားချင်နေတာလား"
"ညွှန်ကြားတာ မဟုတ်ဘူး။ မင်းတို့ရဲ့အကူအညီကို တောင်းနေတာ။ လူတွေအများကြီးရှိရင် ခွန်အားကလည်း အရမ်းကောင်းတယ်။ မင်းတို့ ငါ့ကိုကူညီရင် ငါသန့်ရှင်းရေးလုပ်တာ စောစောပြီးလိမ့်မယ်။ မင်းတို့ မကူညီရင်လည်း ကိစ္စမရှိပါဘူး။ ငါကိုယ်တိုင် ဖြည်းဖြည်းချင်း ရှင်းနိုင်ပေမဲ့ အရမ်းကြာနေတော့ ညဘက်မှာ နည်းနည်းဘဲစားကြရမှာပေါ့"
ကုချင်းဟိုင် : "မင်းဟာက သွေးဆောင်မှုနဲ့ ခြိမ်းခြောက်မှုလုပ်နေတာဘဲ"
ချင်ရှီးက သူ့ကို ပြုံးပြုံးလေးကြည့်ပြီး တမင်တကာ မေးသည်။
"ဒါဆို မင်း လှည့်စားခံမှာလား"
"မင်းက အမိန့်မပေးချင်ဘူး..."
ကုချင်းဟိုင်က စကားမဆုံးခင်မှာ အငယ်နှစ်ယောက်က လက်နှစ်ဖက်ကို မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။
"ငါက လှည့်စားခံလိုက်မယ်"
"ငါလည်း ကန်စွန်းဥနှင့် ပန်းသီးတွေ စားချင်တယ်"
ကုချင်းဟိုင်က ကလေးနှစ်ယောက်ကို ကြည့်ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
'လူမိုက်နှစ်ယောက် သူများဆီက လှည့်စားခံနေရတာတောင် အရမ်းစိတ်လှုပ်ရှားနေကြတုန်း'
ချင်ရှီး : "ကောင်းပြီ မနက်ဖြန် အတူတူ အလုပ်ကြိုးစားကြရအောင်"
"ကောင်းပြီ"
အန်အန်းက စိတ်မရှည်စွာ လက်ကလေးကို ဝှေ့ယမ်းလိုက်သည်။
ဖျင်ဖျင်က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ ပြုံးလိုက်သည်။
မည်သည့်အရာအတွက်မဆို အမြဲစိတ်လှုပ်ရှားပျော်ရွှင်နေတတ်သော အန်အန်းနှင့် သိသာထင်ရှားစွာ ရှက်တတ်ပြီး ဆိတ်ဆိတ်နေတတ်သော ဖျင်ဖျင်ကို ကြည့်လိုက်သောအခါ ချင်ရှီးသည် အမွှာများကြားတွင် ကွာခြားချက်ကြီးကြီးမားမားရှိနေသည်ဟု တွေးလိုက်မိသည်။
"ရှောင်ဟိုင် မင်းရဲ့ညီ၊ညီမငယ်တွေနဲ့ကစားလိုက်ဦးနော်"
ချင်ရှီးက ကလေးသုံးယောက်ကို လွှတ်လိုက်ပြီး လုကျဲ့ထျန်းက ပန်းကန်တွေကို သန့်ရှင်းရေးလုပ်ဖို့ ကူညီသည်။
ခဏလောက်စဉ်းစားပြီးနောက် ချင်ရှီးနှင့် “ရန်ပွဲ” လုပ်တော့မည့် ကုချင်ဟိုင်းသည် ချင်ရှီးစကားရပ်သွားသည်ကို တွေ့လိုက်ရတော့ ရင်ခံသွားရသည်။
သူက နှာမှုတ်လိုက်ပြီး ဖျင်ဖျင်နှင့် အန်အန်းတို့၏ နှုတ်ခမ်းတွေကို သုတ်ပေးလိုက်ပြီး တံခါးမှ ဆွဲခေါ်သွားသည်။
သူထွက်သွားတာကိုမြင်တော့ ချင်ရှီးက ပြုံးလိုက်သည်။
လုကျဲ့ထျန်းက ချင်ရှီးကို တစ်ချက်ကြည့်လိုက်သည်။
"မင်း သူ့ကို စနောက်ရတာ ကြိုက်နေတာလား"
"ဟမ်"
ချင်ရှီးက ပန်းကန်များကို ရေဆေးဇလုံထဲထည့်ကာ တွေးနေမိသည်။
'ကလေးတွေက စနောက်ကစားဖို့ဘဲမလား'
လုကျဲ့ထျန်းက ရယ်မောကာ ပန်းကန်ဆေးနေစဉ်တွင် ချင်ရှီးအား ကလေးသုံးယောက်အကြောင်း အသေးစိတ် မိတ်ဆက်ပေးသည်။
သူတို့သုံးဦးသည် စစ်သားများ၏ မိဘမဲ့ကလေးများဖြစ်ကြသည်။ ကုချင်းဟိုင်ကို မည်သူမျှ ဂရုမစိုက်၍ လုကျဲ့ထျန်းက တာဝန်ယူရန် အစပြုလိုက်ရာမှ အမွှာလေးများကိုပါ သူ့အိမ်တံခါးဝသို့ လျှို့ဝှက်စွာလာထားခြင်းခံလိုက်ရသည်။ နောက်ဆုံးတွင် မည်သူမည်ဝါဖြစ်သည်ကို သိရှိခဲ့ရသော်လည်း ပြန်မပို့နိုင်တော့ပေ။
သူတို့သည် ကွယ်လွန်သွားသော လုကျဲ့ထျန်း၏ ခေါင်ဆောင်ဟောင်းတစ်ဦးရဲ့ ကလေးများဖြစ်သည်။ ခေါင်းဆောင်ဟောင်း၏ဇနီးသည် ကလေးမွေးဖွားခဲ့ပြီး ကလေးကို သူ့မိသားစုထံ လွှဲပြောင်းပေးရန် သူ၏မွေးရပ်မြေသို့ ပြန်သွားခဲ့သည်။
သို့သော် ခေါင်းဆောင်၏ မွေးရပ်မြေတွင် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး နယ်ခံထက်ဝက်ကျော်မှာ ထိခိုက်ဒဏ်ရာနှင့် သေဆုံးခြင်းများ အများအပြားရှိခဲ့ကာ ခေါင်းဆောင်၏ မိဘများလည်း ကွယ်လွန်သူ စာရင်းတွင် ပါဝင်ခဲ့သည်။
ခေါင်းဆောင်၏ဇနီးသည် ငယ်သေးပြီး အသက်သုံးဆယ်ပင်မပြည့်သေးပါ။ ကလေးနှစ်ယောက်နှင့်အတူ တစ်ကိုယ်တော်မိခင် မလုပ်နိုင်သဖြင့် လုကျဲ့ထျန်း၏အိမ်တံခါးဝတွင် ကလေးများကို တိတ်တဆိတ် ထားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များက သူမကို တွေ့ရှိပြီး လုကျဲ့ထျန်းက ကလေး၏ ထောက်ပံ့ကြေးနှင့် အဖွဲ့ခေါင်းဆောင်၏ ပင်စင်အားလုံးကို ပေးခဲ့သော်လည်း သူမသည် ကလေးစောင့်ရှောက်ရမည်ထက် သေသာသေလိုက်ချင်သည်။
လုကျဲ့ထျန်းသည် ထိုအချိန်တွင် အိမ်ထောင်ပြုထားပြီးဖြစ်သည်။ သေချာသည်မှာ ဇနီးသည် မော့လင်က သဘောမတူနိုင်ဘဲ ငွေမလုံလောက်သောကြောင့် သားသမီးများကို အဘယ်ကြောင့် ပြုစုပျိုးထောင်ရမည်နည်း။ တပ်ဖွဲ့ဝင်များအား အခြားသူ၏နေအိမ်ကို ရှာဖွေစေလိုက်သည်။
တပ်က တခြားသူကို ရှာတွေ့ခဲ့ပေမဲ့ ကလေးတွေကိုခေါ်ပြီး ရက်အနည်းငယ်အကြာမှာတော့ သူ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရ၍ ကလေးများကို ပြန်ပေးလာသည်။
လုကျဲ့ထျန်းဟာ သူ့ရဲ့ တာဝန်ကနေ ပြန်လာခဲ့ပြီး ကလေးနှစ်ယောက်ကို ဘယ်သူကမှ မလိုချင်တာကို တွေ့လိုက်ရတဲ့အတွက် စိတ်ပျော့သွားပြီး သူတို့ကို ပြန်ခေါ်ပြီး မွေးစားလိုက်သည်။
မော့လင်းသည် သူနှင့် အကြီးအကျယ်ရန်ဖြစ်ခဲ့ပြီး မကြာမီတွင် ကွာရှင်းခဲ့သည်။
ထိုအရာကိုကြားတော့ ချင်ရှီးက လုကျဲ့ထျန်းကို လေးလေးနက်နက် ကြည့်လိုက်ပြီး သူမသာဆိုလျှင်လည်း ကွာရှင်းလိမ့်မယ်ဟု တွေးလိုက်သည်။
'လက်ထပ်ပြီးတာနဲ့ တာဝန်ထမ်းဆောင်ဖို့သွားရတယ်။ တစ်နှစ်ခွဲလောက်ကြာတော့မှ ပြန်လာတယ်။ အိမ်ပြန်ရောက်တော့လည်း အရမ်းအလုပ်များနေသေးတယ်။ ခဏကြာတော့ နှစ်လသားအရွယ် ကလေးအမွှာကို ပြန်ခေါ်လာပြီးမွေးလိုက်တယ်ပေါ့'
လုကျဲ့ထျန်းသည် ချင်ရှီး၏မျက်လုံးများကို နားမလည်ဘဲ ချောင်းဟန့်ကာ ဆက်ရှင်းပြလေသည်။
" ကလေးတွေကိုလည်း ပစ်မထားရက်ဘူးလေ… ဟုတ်တယ်မလား"
ချင်ရှီးက သူမမျက်လုံးတွေကို မှိတ်ပြီး သက်ပြင်းချလိုက်သည်။
"ဖြစ်နိုင်ပါ့မလား။ တပ်က သူတို့ကို အစာမကျွေးဘဲထားမှာ မဟုတ်ဘူး။ မိသားစုတစ်အိမ်အိမ်မှာ၊ အနီးနားက ခရိုင်ကလူတွေမှာ ရှာမှာပေါ့။ သင့်တော်တဲ့ မိသားစုကောင်းကို ရှာမတွေ့နိုင်ဘူးလို့ မယုံဘူး”
လုကျဲ့ထျန်းသည် ဤအရာကိုသိသော်လည်း ထိုအချိန်မှာ မသိနိုင်သော အကြောင်းပြချက်ဖြင့် ဖျင်ဖျင်နှင့် အန်အန်းကို ချက်ချင်းမွေးစားခဲ့လိုက်သည်။
ယခုပြန်စဉ်းစားကြည့်တော့ ထိုအချိန်က သူဘာကြောင့် စိတ်လှုပ်ရှားနေမှန်း သူ မသိနိုင်ပါ။ အင်မတန်ထူးဆန်းလှပါ၏။
_***_