အပိုင်း (၅၇)
ရွာသားများသည် လုမိသားစု၏အိမ်ကို စူးစမ်းလိုစိတ်ဖြင့် ဝင်လာကြပြီး အခန်းတွင်းရှိ စင်မြင့်ပေါ်မှ အရာများစွာကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အံ့ဩသွားကြသည်။
ကြီးမားသောစင်များကို အခန်းအလယ်တွင်ထားရှိပြီး အိမ်ရှိ အမျိုးမျိုးသော ပစ္စည်းအားလုံးကို အခြားအတွင်းခန်းတွင်ထားကာ စားပွဲများ၊ ကုလားထိုင်များ၊ ထိုင်ခုံများနှင့် ဗီဒိုများသာ အပြင်ဘက်တွင် ကျန်ရှိတော့သည်။
အတွင်းခန်းဆီသို့ ဦးတည်သော တံခါးကို ပိတ်ထားပြီး အခြားလူများမဝင်စေရန် ကန့်လန့်ကာတစ်ခု ရှိနေသေးသည်။
ကျန်ပစ္စည်းများကို ချင်ရှီးတို့ အိပ်သည့်အခန်းတွင် သိမ်းဆည်းထားပြီး သူတို့ တပ်ဝင်းအတွင်းသို့ ပြန်သွားပါက အခန်းကို ပြန်လည်ပြင်ဆင်မည်ဖြစ်သည်။
ကလေးများသည် အတွင်းခန်းထဲတွင် ဆော့ကစားနေကြပြီး လူကြီးများက ဤနေရာတွင် ကုန်ပစ္စည်းများကို ကြည့်နေကြသည်။ လူအများအပြား တိုးဝင်လာသဖြင့် အခန်းထဲတွင် ချက်ချင်းပင် စည်ကားလာသည်။
"ဒီမျက်နှာသုတ်ပုဝါ ဘယ်လောက်လဲ"
"မေမေ မေမေ သကြားလုံးလိုချင်လို့" ကလေးတစ်ယောက်က စင်ပေါ်က သကြားလုံးဘူးကို လက်ညှိုးထိုးပြသည်။
"ရှာလကာရည်ကဘယ်လောက်လဲ။ ငါ့အိမ်က ရှာလကာရည် ကုန်လုနီးပါးဖြစ်နေပြီ"
စင်ပေါ်တွင် ပစ္စည်းများကို ပိတ်ဆို့ရန် မှန်ကောင်တာတပ်စင်ထားခြင်းမရှိသော်လည်း လူတိုင်းက မထိကြဘဲ ကုန်ပစ္စည်းယူပေးတာကို စောင့်ကာ အလွန်ရိုးသားကြသည်။
လူတိုင်းက စျေးနှုန်းကို အလျင်စလိုမေးကြပြီး မေမေလုကလည်း ထပ်ခါတလဲလဲပြန်ဖြေပါသည်။ ပစ္စည်းတွေဟာ ရောင်းလိုအားနှင့်စျေးကွက်ချဲ့ထွင်ရေးသမဝါယမတွင်ရှိသည့် ပစ္စည်းများနည်းတူဖြစ်ကာ တစ်ချို့အရာတွေက ပိုဈေးသက်သာတယ်လို့ကြားတဲ့အခါ လူအများက ချက်ချင်းဆိုသလို ရောက်လာကြပြီး ပစ္စည်းတွေ ရွေးချယ်ဝယ်ယူလာကြသည်။
"ငါပိုက်ဆံမယူခဲ့ဘူး နောက်မှပေးလို့ရမလား"
အိမ်နီးချင်းအဒေါ်က မေမေလုကိုမေးသည်။
သူတို့အားလုံးသည် ဇာတိခံအချင်းချင်းများဖြစ်ကြပြီး ဘဝတစ်ဝက်စာအတွက် အချင်းချင်း ဆက်ဆံခဲ့ကြဖူးပါသည်။ထုံးစံအတိုင်း မေမေလုသည် မသင့်လျော်ကြောင်း အတင်းငြင်းဆိုရန် မဖြစ်နိုင်ပေ။
"ကောင်းပြီ"
မေမေလုသည် သူမအား ပစ္စည်းများကို ပေးခဲ့ပြီး ငွေယူရန် မေ့ပျောက်ခြင်းမဖြစ်အောင် ကာကွယ်ရန်အတွက် မှတ်စုစာအုပ်တွင် ရေးမှတ်သည်။
တခြားသူတွေကလည်း ဒါကိုမြင်တဲ့အခါ သူတို့က အကြွေးစာရင်းမှတ်ထားပေးပြီး ပစ္စည်းတွေအရင်ဝယ်ကြဖို့ တောင်းဆိုလာကြသည်။ မေမေလုက လူအနည်းငယ်ကို သဘောတူပေမဲ့ လူတော်တော်များများကိုတော့ ငြင်းပယ်ခဲ့သည်။
"ဘာလို့လဲ။ တခြားသူတွေအတွက် အကြွေးစာရင်းကိုကြိုမှတ်ပေးထားရင် ငါ့အတွက်လည်း လုပ်ပေးရမှာပေါ့"
ငြင်းပယ်ခံရသူက ဒေါသတကြီး စိုက်ကြည့်နေသည်။
မေမေလုသည် မျက်လုံးပြူးပြီး ဆူပူကြိမ်းမောင်းလေသည်။
“မင်းမှာ ပိုက်ဆံမှမရှိတာ။ မင်းမိန်းမလက်ထဲမှာလည်း တစ်ပြားမှမရှိဘူး။ မင်းတို့ ဝယ်ချင်တာမှန်သမျှအတွက် မင်းတို့ချွေးမဆီဖုန်းဆက်ကြတာမို့ ငါ မင်းတို့ကိုအကြွေးနဲ့ မရောင်းပေးနိုင်ဘူး"
အဲ့ဒီနောက်မှာတော သူ့ကို အပြင်ကို မောင်းထုတ်လိုက်သည်။
“သွား သွား ငါ့လုပ်ငန်းကို မနှောင့်ယှက်နဲ့”
လုမိသားစုက ဤဇာတိသေးသေးလေးဝယ် ပထမတန်းစား မိသားစုကြီးဖြစ်ပြီး သူတို့သားက တပ်ရင်းမှူးလည်း ဖြစ်သည်။ ရပ်ရွာလူကြီးနှင့် သူ့မိသားစုက ဆက်ဆံရေး အလွန်ကောင်းပြီး သူတို့ကလည်း သြဇာကြီးသည်။
ထို့အပြင် သူမ၏သားသည် အခုအခါ အိမ်တွင်ရှိနေဆဲဖြစ်ပြီး စောင့်ကြည့်နေသည်။ ထို့ကြောင့် ထိုယောက်ျားက မောင်းထုတ်ခံရသောအခါ ပြန်မတုံ့ပြန်ဝံ့သောကြောင့် စိတ်ဓာတ်ကျ၍သာ ကျန်ရစ်ခဲ့သည်။
သူသည် မည်ကဲ့သို့ အကျင့်မျိုးဖြစ်သည်ကို လူတိုင်းသိကြပြီး ဤအချင်းအရာနှင့်ပတ်သက်၍ မည်သူမျှ စကားများများစားစား မပြောကြဘဲ သူ့အကြောင်းကို မကျေမနပ်မဖြစ်ကြပေ။
ထိုလူတွေက ပစ္စည်းတွေယူပြီး အိမ်ပြန်ခါနီးမှာ မေမေလုက မှတ်စုစာအုပ်ကိုင်၍ သတိပေးလိုက်သည်။
“မြန်မြန် ပိုက်ဆံ ပေးရမယ်နော်။ မဟုတ်ရင် မှတ်စုစာအုပ်ထဲမှာ မှတ်ထားပြီးသားမို့ နောက်တစ်ခါ မင်းတို့ကို မရောင်းတော့ဘူး"
"ငါတို့သိပါတယ်"
ဤသည်ကိုမြင်တော့ ချင်ရှီးက စိတ်အေးလက်အေးဖြစ်သွားရသည်။ မေမေလုက သူမစိတ်ထဲမှာ အစီအစဉ်တကျ ရှိနေပုံရတာကြောင့် သူမ အရမ်းစိုးရိမ်နေစရာ မလိုပါဘူး။
ရိုးရိုးသားသားပြောရရင် မေမေလုက တမူထူးခြားသည့်(ထက်မြတ်ကောင်းမွန်သည့်) အမျိုးသမီးမို့ လူတော်တော်များများက ပစ္စည်းလာဝယ်ကြသည်။ သူမသည် အလုပ်များနေသော်လည်း သူမ၏ မျက်လုံးများက လူတိုင်းကို အမြဲကြည့်နေပြီး စျေးနှုန်းကို ဖြေဆိုရာတွင်လည်း အမှားအယွင်းမရှိခဲ့ပေ။
မိသားစုဝင်တိုင်းကတော့ အရမ်းစိုးရိမ်ကြပြီး သူမကို ကူညီချင်နေကြတုန်းပင်။
လူတွေအများကြီး တစ်အုပ်ပြီးတစ်အုပ်ရောက်လာကြသည်။ ဒီမနက်မှာတော့ အနီးအနားက မိသားစုတိုင်းနီးပါး မေမေလုဖွင့်တဲ့ဆိုင်ကို အရမ်းသိချင်နေကြသည်။
မူလက လာကြည့်ဖို့သာ လာခဲ့ပေမဲ့ ဒီလောက်ဝယ်တဲ့လူ များများစားစားတွေ့ဖို့ မမျှော်လင့်ထားဘဲ လက်မှတ်တွေလည်းမလို၊ အကုန်အကျလည်းမများတဲ့အပြင် စျေးလည်းမကြီးတာကြောင့် တစ်ချို့အရာတွေဝယ်လိုက်ကြဖို့ မစောင့်နိုင်ကြတော့ပေ။
တစ်မနက်လုံး မေမေလု၏အိမ်မှာ လူတွေပြည့်ကျပ်နေသည်။ တစ်ချို့လူတွေက စိတ်လှုပ်ရှားစွာဖြင့် ပစ္စည်းတွေဝယ်ကြပြီး စကားစမြည်ပြောဖို့ အိမ်ထဲမှာနေခဲ့ကြသည်။
ထမင်းစားချိန်နီးနေပြီမို့ အားလုံးချက်ပြုတ်ဖို့ အိမ်ပြန်သွားကြရာ မေမေလုက လွတ်လွတ်လပ်လပ်ပြန်ဖြစ်သွားသည်။
မေမေလုက စကားတွေအရမ်းပြောလိုက်ရပြီး သူ့အသံက နည်းနည်းတော့ပြာနှမ်းနေပြီဖြစ်ရာ ရေအများကြီးမသောက်ရင် လည်ချောင်းနာတော့မည်။
ဒါပေမဲ့ လည်ချောင်းပြဿနာကို သူမ ဂရုမစိုက်အားဘဲ စိတ်လှုပ်ရှားစွာဖြင့် ပိုက်ဆံပုံးကိုထုတ်ကာ စားပွဲပေါ်တင်လျက် ငွေကို စတင်ရေတွက်တော့သည်။
ပိုက်ဆံတွေ ရေတွက်နေတာမြင်တော့ အခြားမိသားစုဝင်များက သူမအား မနှောင့်ယှက်ကြတော့ပေ။ ရေတွက်ပြီးနောက် မေမေလုသည် အံ့အားသင့်ကာ ဝမ်းသာသွားသည်။
"အများကြီးဘဲ"
လုယောင်က ပြုံးနေသည်။
"ဒါဘဲလေ… မရောင်းရမှာကို စိတ်မပူပါနဲ့ဆို"
ဖေဖေလုကလည်း စကားဝင်ပြောသည်။
"ကုန်ကျစရိတ်အရင်းငွေကလည်း အရမ်းဈေးကြီးတယ်။ ပစ္စည်းအားလုံး မကြာခင် ရောင်းကုန်တော့မှာလား”
မနေ့က တွက်ချက်ထားသည့်အရ ကုန်ပစ္စည်းအားလုံး ရောင်းချပြီးပါက ကုန်ကျစရိတ်နှင့်သယ်ယူခ ဖယ်ထားလိုက်လျှင် အမြတ်ငွေ ယွမ် ၃၀၀ ကျော် ရရှိနိုင်သည်။
"လူတိုင်းက ဝယ်ပြီးလုနီးပါးဖြစ်နေပြီ။ အနာဂတ်မှာ ရောင်းအားက အရမ်းနှေးသွားလိမ့်မယ်"
ချင်ရှီးက ပြောသည်။
လုယောင် : "မဆိုးပါဘူး။ လအနည်းငယ်လောက် အချိန်ယူရောင်းရရင်တောင် တစ်လမှာ ယွမ်ဆယ်ဂဏန်းလောက်ရနိုင်တယ်"
ဖေဖေလုက သက်ပြင်းချလိုက်သည်။
"ဒီလောက်များတဲ့လူတွေ စီးပွားရေးလုပ်နေကြတာ မဆန်းပါဘူးလေ..."
စျေးနှုန်းချိုသာစွာဖြင့် အရင်းသွင်းပြီး မြင့်မားသောစျေးနှုန်းဖြင့် ပြန်ရောင်းချပါက အမြတ်အလွန်ကြီးနိုင်ပါသည်။ ယခုလို ဈေးချိုချိုနှင့်ရောင်းတာကလည်း ဘာဘဲဖြစ်ဖြစ် ငွေရှာလို့ရပါသေးသည်။
"အရင်တုန်းကတော့ အရောင်းအ၀ယ်မလုပ်သင့်ဘူးလို့ ယူဆခဲ့တာ"
ဖေဖေလုက ခေါင်းခါမပြနိုင်လောက်အောင်ပင်။
“အခုတော့ နိုင်ငံတော်က လူတိုင်းကို စီးပွားရေးလုပ်ဖို့ အားပေးနေပါပြီ"
ချင်ရှီးက အပြုံးဖြင့်ပြောသည်။
“ဈေးကစားတာ၊ သိုလှောင်ထားတာ၊ အတုအပပြုလုပ်တာနဲ့ အရည်အသွေးညံ့ ကုန်ပစ္စည်းရောင်းချတာ စတဲ့ ရာဇ၀တ်မှုကျူးလွန်တာတွေကတော့ တရားမဝင်သေးဘူး”
ချင်ရှီးက လုကျဲ့ထျန်းကို လှည့်ကြည့်လိုက်သည်။
"ငါတို့ ဒီမိသားစုဆိုင်ငယ်လေးအတွက် လုပ်ငန်းလိုင်စင်ကို ဘယ်တော့ရမှာလဲ"
လုကျဲ့ထျန်း : "မနက်ဖြန် ငါ လောင်ကျိုးကို လာပို့ခိုင်းထားတယ်"
ချင်ရှီး : "ကောင်းတယ်။ ငါတို့မှာ လိုင်စင်ရှိတယ်ဆိုရင် တရားဝင်စီးပွားရေးလုပ်နေတာမို့ စိတ်ပူစရာမလိုတော့ဘူး"
မေမေလုက လုကျဲ့ထျန်းကို ရှောင်ကျိုးအားအရမ်းကျေးဇူးတင်ကြောင်းပြောခိုင်းကာ ကုန်သည်နှင့်လုပ်ငန်းလိုင်စင်ကို လျှောက်ထားဖို့ အစွမ်းကုန်စိတ်အားထက်သန်နေ၏။ ထို့နောက် သူမသည် ပျော်ရွှင်စွာပြောသည်။
"မင်းတို့အိမ်မှာရှိလို့ ငါ မြန်မြန်ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။ မဟုတ်ရင် ငါ အဲ့ဒါကို မတွေးရဲတော့ဘူး။ ရှီးရှီး မေမေက တကယ်ကို ကျေးဇူးတင်ချင်ပါတယ်"
ချင်ရှီးကပြုံးနေသည်။
"ထမင်းချက်ကြရအောင်။ ကလေးတွေလည်း ဗိုက်ဆာနေလောက်ပြီ"
မေမေလုက ခေါင်းညိတ်ပြပြီး ပိုက်ဆံတွေကို ဖယ်လိုက်ကာ လုကျဲ့ထျန်းနှင့် ဖေဖေလုကို ပစ္စည်းတွေသယ်လာပြီး ထပ်ဖြည့်ပေးဖို့ တောင်းဆိုကာ ချင်ရှီး၊ လုယောင်တို့နှင့်အတူ မီးဖိုခန်းကို သွားလေသည်။
"မေမေက မင်းကို အနားယူဖို့ ပြောချင်ပေမဲ့ မင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကောင်းတယ်။ မင်း နှစ်ရက်နေရင် ပြန်တော့မယ်။ အဲ့ဒါကို တွေးမိရင် အဆင်မပြေဘူး"
မေမေလုက အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။
"မေမေက ယောင်းမနဲ့ခွဲဖို့ ဝန်လေးနေတာလား ဒါမှမဟုတ် သူ(မ)ချက်နေတဲ့ အစားအစာတွေကိုလား"
လုယောင်က ရယ်မောကာ မေးလိုက်သည်။
မေမေလုက လုယောင်ကို ကြည့်သည်။
"ဟုတ်ပါတယ် မင်းရဲ့ယောင်းမကို ငါမလွမ်းချင်ပါဘူး။ မင်းတို့အတူရှိတဲ့အချိန် သူ(မ)ချက်တဲ့ အရသာရှိတဲ့အစားအစာတွေကို အမြဲစားနိုင်ဖို့ မင်းလည်းဆန္ဒရှိနေပုံရပါတယ်"
လုယောင်က သက်ပြင်းချလိုက်သည်။
"တစ်လလောက်ကြာအောင် ငါ့ယောင်းမချက်တဲ့လက်ရာတွေစားရင်း လျှာကအကျင့်ပျက်သွားတော့ ကျောင်းသွားတဲ့အခါ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး"
"ငါ အံသြမိပါရဲ့။ ဟင်းခတ်အမွှေးအကြိုင်တွေက အတူတူ၊ ဟင်းချက်နည်းတွေက အတူတူပါဘဲ။ ဒါပေမဲ့ အရသာက ဘာလို့ ဒီလောက်တောင် မတူရတာလဲ"
မေမေလုက ဒီမကောင်းဆိုးဝါးလိုအကြောင်းပြချက်ကို မယုံပါဘူး။ အင်္ကျီလက်တွေကိုလှန်တင်ပြီး ချင်ရှီးကို ကြည့်လိုက်သည်။
"ရှီးရှီး လာ…သင်ကြည့်ရအောင်။ အရသာရှိတဲ့ ထမင်းဟင်းကို မချက်နိုင်ဘူးဆိုတာ မယုံဘူး"
ချင်ရှီးက ပြုံးပြီး ချက်ပြုတ်နည်းကို သင်ပေးလိုက်သည်။
ထိုအချိန်တွင် မေမေလု၊ လုယောင်နှင့် ချင်ရှီးတို့သည် ချက်ပြုတ်နည်းကို အချိန်အတော်ကြာ သင်ယူခဲ့ကြပြီး အရသာလည်း ကောင်းမွန်လာကြသော်လည်း ချင်ရှီး၏ ချက်ပြုတ်မှုလက်ရာနောက်သို့အမှီလိုက်ရန် ဝေးကွာနေသေးသဖြင့် သူတို့တွေ မည်သည့်အဆင့်မှာ မှားသွားသည်ကို မသိကြပါ။
ဟုတ်ပါသည်။ ချင်ရှီးကတော့ ရွှေလက်ချောင်းဆုကြောင့်ဖြစ်မှန်းသိပေမဲ့ သူမ မပြောနိုင်တာကြောင့် မိုက်မဲတုံးအဟန်ဆောင်ပြီး သူတို့ကို ဂရုတစိုက် သင်ပေးသည်။
သူတို့သည် အလွန်လေးလေးနက်နက်ရှိကာ ချင်ရှီးကလည်း စိတ်ရှည်စွာသင်ပေး၏။ ချင်ရှီးသည် လုမိသားစုကို အလွန်နှစ်သက်သည်။ ဤနေရာတွင် တစ်လတာနေထိုင်ရင်း စိတ်အေးလက်အေး ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် မေမေလုသည် သူမကို တကယ်ချစ်ပြီး လုယောင်နှင့် ပေါင်းသင်းရန်လည်း အလွန်လွယ်ကူပါသည်။ တွယ်ကပ်နေတတ်တဲ့ ညီမလေးတစ်ယောက်လိုပါပင်။
ဖေဖေလုက ချင်ရှီးကို စကားအများကြီးမပြောသော်လည်း ချင်ရှီးကို အလွန်ဂရုစိုက်ဆဲဖြစ်သည်။
အရင်တစ်ချိန်က နှင်းတွေကျလာပြီး မြေပြင်က ဆီးနှင်းပါးပါးလေးတွေ ဖုံးလွှမ်းလျက် အေးခဲသွားတဲ့အခါ ချင်ရှီးဟာ လမ်းလျှောက်ရင်း ချော်လဲလုနီးပါး ဖြစ်သွားသည်။ ဖေဖေလုက ဤသည်ကိုမြင်သောအခါတွင် ဂေါ်ပြားတစ်ချောင်းယူ၍ ရေခဲများအားလုံးကို ရိုက်ခွဲကာ ချိုင်းထောက်အဖြစ်သုံးရန် သင့်တော်သောတုတ်တစ်ချောင်းကိုရှာကာ အပြင်ဘက်လမ်းလျှောက်လာသည့်အခါတွင် လဲကျမသွားစေရန်အတွက် ဒါကို ထောက်ပြီးအသုံးပြုရန်ပြောခဲ့သည်။
ချင်ရှီးက သူတို့ကို အရမ်းသဘောကျပါသည်။
သူမသည် အနာဂတ်တွင် လုကျဲ့ထျန်းနှင့် လမ်းခွဲမည်ဆိုလျှင်တောင် မေမေလုနှင့် အခြားသူများထံ သွားရောက်လည်ပတ်ဆဲဖြစ်လိမ့်မည်။
မေမေလုတို့ ချက်ပြုတ်နေသည်ကို သေသေချာချာစောင့်ကြည့်နေသော ချင်ရှီးသည် အသီးအရွက်များပြင်ဆင်နေရင်း တွေးတောကာ စိတ်ပျက်စပြုလာသည်။
လုကျဲ့ထျန်းသည် မကြာသေးမီက အနည်းငယ် ထူးဆန်းနေခဲ့သည်ဟု ထင်မြင်နေမိသည်... ယောက်ျားနှင့် မိန်းမကြားက ဆက်ဆံရေးမျိုးရှိလာသောအခါ သူ့ရဲ့ပုံစံက မှားယွင်းနေပုံရသလိုမျိုး ချင်ရှီး ခံစားမိသော်လည်း အများကြီးမတွေးမိပါ။
လုကျဲ့ထျန်းသည် အလုပ်ရှင်ကောင်းတစ်ဦးဖြစ်ပြီး သူ့အတွက် အလုပ်လုပ်ပေးရသည်မှာ အလွန်လွယ်ကူပြီး ငွေရှာရန် အခွင့်အလမ်းကိုလည်း ပံ့ပိုးပေးသည်။
သူက သူမကို တကယ်သဘောကျသွားရင် ခက်ချေပြီ။ နောင်မှာ ထွက်သွားခွင့်မပြုရင် ဘာလုပ်ရမလဲ။ သူတို့နှစ်ယောက်စလုံးက ဒီစာချုပ်ဟာ အဖြစ်သဘောသာ ချုပ်ဆိုထားတဲ့ စာချုပ်တစ်ခုသာဖြစ်ပြီး အနာဂတ်မှာ တစ်ခုခုဖြစ်ခဲ့ရင် တစ်ယောက်ကိုတစ်ယောက် ဒုက္ခရောက်အောင် ခြိမ်းခြောက်နိုင်ပေမဲ့ တကယ်တမ်းကျတော့ ဥပဒေကြောင်းအရ သက်ရောက်မှုမရှိဘူးဆိုတာ နားလည်ကြပါ၏။
လုကျဲ့ထျန်းကသာ တကယ်လက်မလွှတ်ဘူးဆိုရင် ချင်ရှီးလည်း ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး။
'ဒါပေမဲ့ သူက ဒီလိုလူမျိုးတော့ မဖြစ်သင့်ဘူး...'
ချင်ရှီးက သက်ပြင်းနည်းနည်းချလိုက်သည်၊၊ လုကျဲ့ထျန်းက တော်တော်ကောင်းပါသည်။ ဒါ့ပြင် သူက အမျိုးသားဇာတ်လိုက်ဖြစ်သေး၏။ မျက်နှာ၊ ရုပ်ရည်၊ ဥပဓိရုပ်၊ မိသားစု အားလုံးက ကောင်းမွန်ပါသည်။ ဇာတ်ကြောင်းထိန်းချုပ်မှုကနေ သူ့ကိုယ်သူ နိုးထလာစေနိုင်ပြီး အခြားကိစ္စများကတော့ အတော်အဆင်ပြေပုံရသည်။
ယနေ့ခေတ်မှာတောင် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမရှိကြဘဲ ခိုင်မာတဲ့အခြေခံဆက်ဆံရေးရှိကြတဲ့ စုံတွဲတွေ အများကြီးရှိပါသည်။
ချင်ရှီးက သူ့အပေါ် (ချစ်သူတစ်ဦးလို) ချစ်ခင်မှုမရှိပေမဲ့ သူငယ်ချင်းများကြားကဆက်ဆံရေးဖြင့် သူ့ကို အလုပ်ရှင်သူဌေးအဖြစ် လုံးဝမှတ်ယူထားတာကြောင့် တကယ်ကို ချစ်ခြင်းမေတ္တာမရှိခဲ့ပါ။
ချင်ရှီးသည် ထိုအကြောင်းကို စဉ်းစားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
'မေ့လိုက်ပါတော့။ သူဘာမှ မပြောလောက်ပါဘူး။ မိုက်မဲတုံးအပြီး မသိချင်ယောင်ဆောင်နေမယ်ဆို သူကလည်း(ဦးတည်ရည်မှန်းချက်ကို) ညွှန်ပြဖော်ထုတ်မှာ မဟုတ်လောက်ပါဘူး။ (ဖြစ်ပျက်ရမဲ့) သဘာဝတရားက လမ်းကြောင်းမှန်ပေါ် ရောက်ပါစေတော့'
အနာဂါတ်မှာ ခံစားချက်တွေရှိလာခြင်းအကြောင်းပြောကြတဲ့အခါ သူမမှာ သူ့အပေါ် ခံစားချက်မရှိရင် အတင်းအကြပ်မလုပ်လောက်ဘဲ ကျန်နေတဲ့ ဘဝတစ်လျှောက်လုံး ဒီအတိုင်းလေးသာ ကုန်ဆုံးသွားနိုင်မှာပါ။ မူရင်းစာအုပ်ရဲ့ ဇာတ်ကွက်ကလည်း မစသေးပါဘူးလေ။
'ဒါမှမဟုတ် အနာဂတ်မှာ သူက အခြားတစ်ဦးကို ချစ်မိသွားရင်ကော…အချိန်ယူပြီး စောင့်ကြည့်ရလိမ့်မယ်'
ချင်ရှီးက သေချာတွေးတောပြီးနောက် ထပ်တွေးမနေတော့ဘဲ အသီးအရွက်တွေကို လေးလေးနက်နက် ကောက်ယူလိုက်သည်။
ဘေးအခန်းမှာ ကုန်ပစ္စည်းတွေ ဖြည့်ပေးနေတဲ့ လုကျဲ့ထျန်းကတော့ ရှင်းရှင်းလင်းလင်း စီစဉ်ထားတဲ့အနာဂတ်အကြောင်းကို မသိလိုက်ပါဘူး။
… ... …
နောက်တစ်နေ့တွင် ကျိုးခိုင်းရွှမ်သည် ကုန်စုံဆိုင်၏ လုပ်ငန်းလိုင်စင်ကိုရယူရန် ကူညီပေးခဲ့ပြီး မေမေလု၏ဆိုင်ငယ်လေးသည် တရားဝင်လမ်းကြောင်းမှန်ပေါ်ရောက်လာပြီဖြစ်သည်။
နှစ်ရက်အကြာတွင် လုကျဲ့ထျန်းသည် ဌာနမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး အိမ်ကို လုံးဝပြန်လည်ပြုပြင်ပြီး၍ တပ်ဝင်းသို့ ပြန်ရမည့်အချိန်ရောက်လာသည်။
လုကျဲ့ထျန်းသည် ရထားလက်မှတ်ရရန်သွားယူခဲ့ပြီး မေမေလုက အိမ်တွင် ချင်ရှီးအား ပစ္စည်းများထုပ်ပိုးရန်ကူညီပေးခဲ့သည်။
သူတို့ ဒီလိုပြန်လာပြီး အကြာကြီးနေနိုင်ဖို့ဆိုတာ အရင်က သူမ မတွေးဝံ့တဲ့အရာဖြစ်ပြီး အများကြီးထပ်တောင်းဆိုလို့မရပါဘူး။
"ဒီတစ်ခါတော့ အားလပ်ရက်တွေ အများကြီးယူပြီးသွားပြီ။ ကျဲ့ထျန်းက အနာဂတ်မှာ အားလပ်ရက်မရှိလောက်တော့ဘူးထင်တယ်။ နောက်နှစ် တရုတ်နှစ်သစ်ကူးမှာ ပြန်မလာနိုင်တော့ဘူး"
ချင်ရှီးက မေမေလု၏လက်ကိုဆွဲပြီး ပြောလိုက်သည်။
"ကျန်းမာရေးကို ဂရုစိုက်ပြီး ပစ္စည်းတွေရောင်းတာလည်း ဂရုစိုက်ပါ။ တကယ်မလုပ်နိုင်တော့ဘူးဆိုရင် တစ်ယောက်ယောက်ကို ငှားလိုက်… အရမ်းမပင်ပန်းစေနဲ့"
မေမေလုက မျက်ရည်တွေကို သုတ်လိုက်ပြီး ချင်ရှီးရဲ့လက်ကို ပုတ်လိုက်သည်။
"စိတ်မပူပါနဲ့ ငါတို့အဆင်ပြေပါတယ်။ ကျဲ့ထျန်းက အလုပ်များနေတယ်။ မင်းက ကလေးတွေနဲ့ တစ်ယောက်ထဲ အလုပ်ကို ကြိုးကြိုးစားစား လုပ်ရတာမို့ သူအလုပ်က ပြန်လာတဲ့အခါ ကောင်းကောင်း အမိန့်ပေးပြီး ခိုင်းလို့ရတယ်"
ချင်ရှီးက သဘောတူသည်။
"သူ့ကို သေချာ ညွှန်ကြားပြီး ခိုင်းမှာပါ"
မေမေလုက လုကျဲ့ထျန်းကိုလည်း ပြောခဲ့သေး၏။
"ရှီးရှီးက မင်းကို အလုပ်လုပ်ခိုင်းရင် လုပ်ပေးလိုက်။ အလုပ်တွေအကုန် သူ့(မ)ကို မလုပ်ခိုင်းနဲ့ ကြားလား"
လုကျဲ့ထျန်း : "သူ(မ)ကို ပြောထားပြီးသားပါ။ မေမေ စိတ်မပူပါနဲ့"
မေမေလုသည် ချင်ရှီးကို စကားအနည်းငယ်ပြောပြီး ကလေးများကို ပွေ့ဖက်ကာ ငုံ့လျက် နမ်းလိုက်ပြီး မိဘစကား နားထောင်ကာ ကောင်းကောင်းကြီးပြင်းလာစေရန် ပြောသည်။
ဖျင်ဖျင်က ချက်ချင်းငိုတော့ရာ အန်အန်းကလည်း ငိုတော့သည်။ ကုချင်းဟိုင်လည်း မျက်လုံးတွေနီရဲပြီး အရမ်းတွန့်ဆုတ်သွားသည်။
ကလေးတွေ ငိုနေတာကို မြင်တော့ မေမေလုက မျက်ရည်တွေ စီးကျလာပြန်သည်။
လုယောင်က ချင်ရှီးကို ဘူးသေးလေးပေးလိုက်သည်။
"မင်း ငါ့အစ်ကိုနဲ့ မင်္ဂလာဆောင်တုန်းက ငါ မရှိဘူး။ ငါလည်း အဲ့ဒီတုန်းက မသိခဲ့ရဘူး။ ဒါက ငါ့ဆီက မင်္ဂလာလက်ဆောင်ပါ။ မင်းကြိုက်မယ်လို့ထင်ပါတယ်။ ငွေရောင်နားကပ်သေးသေးလေးပါ"
ချင်ရှီး : "ခရိုင်မှာ နောက်ဆုံးအခေါက်သွားတုန်းက ဝယ်ခဲ့တာလား"
လုယောင်က ပြုံးပြီး ခေါင်းညိတ်သည်။
"ယောင်းမ ကြိုက်လား"
ချင်ရှီးမှတ်မိပါသေးသည်။ သူတို့ ခရိုင်ကို သွားကြတုန်းက လုယောင်သည် စာအုပ်သွားဝယ်မယ်လို့ ပြောပြီး ခဏလောက် ထွက်သွားခဲ့သည်။ ဒါပေမဲ့ ဒါကို ဝယ်ဖို့ သူမ မမျှော်လင့်ထားပါဘူး။
ချင်ရှီးက နားကပ်ကို ချက်ချင်းတပ်လိုက်သည်။
"ကြည့်ကောင်းရဲ့လား"
လုယောင်က အားတက်သရော ခေါင်းညိတ်သည်။
"ကြည့်ကောင်းတယ်"
ချင်ရှီးက ပြုံးပြီး ပွေ့ဖက်လိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ငါ အရမ်းကြိုက်တယ်"
လုယောင်သည် ဤပွေ့ဖက်မှုကြောင့် အနည်းငယ်ရှက်သွားသည်။
"ယောင်းမကိုလည်း ငါ သဘောကျပါတယ်"
လုကျဲ့ထျန်းက သူတို့နှစ်ယောက်ကို ကြည့်ပြီး ချင်ရှီးရဲ့ နားရွက်ကို ကြည့်လိုက်သည်။ သေးငယ်ပြီး နူးညံ့သိမ်မွေ့သော ငွေရောင်ပန်းပွင့်ကိုပင် တွေးကြည့်မိလိုက်သည်။
"ကောင်းပြီ။ နောက်ကျနေပြီမို့ သွားကြစို့"
မေမေလုက ရှိုက်ကာ လက်ပြနှုတ်ဆက်သည်။
"ရထားမမီနိုင်ရင် ဆိုးသွားလိမ့်မယ်"
လုကျဲ့ထျန်းက ခရီးဆောင်အိတ်ကို ယူသွားပြီး ချင်ရှီးက ကလေးတွေကို ဆွဲခေါ်လိုက်သည်။
လုမိသားစုက သူတို့တွေ ဖြည်းညှင်းစွာ ထွက်သွားကြတာကို ကြည့်၍ ကျန်ရစ်ခဲ့လေသည်။
_***_