အပိုင်း (၁၉)
ညနေပိုင်းတွင် ချင်ရှီးက သူမက ကျောင်းသို့ အလုပ်ဝင်ခွင့်ရပြီး ဂီတဆရာဖြစ်လာကြောင်း ညစာစားပွဲ၌ လူတိုင်းအား ပြောပြလိုက်သည်။
အမြွှာနှစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမသည် ဤမျှလောက် အစွမ်းထက်မည်ဟု မမျှော်လင့်ထားပေ။
"ချင်ရှီး ချင်ရှီး မင်း ငါတို့အတွက် သီချင်းဆိုပေးနိုင်မလား"
အန်အန်းက ချင်ရှီးကို မျှော်တလင့်လင့်ဖြင့်ပြောသည်။
"ငါတို့မကြားဘူးသေးဘူး"
ဖျင်ဖျင်ကလည်း ထပ်ခါထပ်ခါ ခေါင်းညိတ်ပြပြီး သူလည်း နားထောင်ချင်နေသည်။
ကုချင်းဟိုင်က စကားမပြောပေမဲ့ သူ့မျက်လုံးတွေက ချင်ရှီးကို ဆက်တိုက်ကြည့်နေသည်။
မျက်နှာချင်းဆိုင်ဘက်ရှိ လုကျဲ့ထျန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။
"မင်း အင်္ဂလိပ်ဆရာလုပ်ရမှာ မဟုတ်ဘူးလား။ ဂီတဆရာ ဘယ်လိုဖြစ်လာတာလဲ"
ကလေးများက အော်ဟစ်ကြပြန်သည်။
"အင်္ဂလိပ်လား"
"ချင်ရှီး မင်းက အင်္ဂလိပ်လိုလည်း ပြောတတ်တယ်လား အံ့သြစရာဘဲ"
ကုချင်းဟိုင်သည်လည်း အံ့သြသွားသည်။
ချင်ရှီးက နေ့ခင်းဘက် ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပြီး လုကျဲ့ထျန်းကိုမေးသည်။
"လီချန်းချန်ကို သိလား"
လုကျဲ့ထျန်းက ခေါင်းညိတ်သည်။
"ငါ့ ဆရာမရဲ့ တူမလေးပါ။ တက္ကသိုလ်မတက်ခင် နှစ်နှစ်လောက် တပ်ထဲမှာတာဝန်ထမ်းဆောင်သေးတယ်။ နောက်မှ ဘာဖြစ်သွားလဲမသိဘူး"
ချင်ရှီးက မနက်ဖြန် အန်တီကျောင်းကို မေးမယ်လို့ တွေးထားလိုက်သည်။ လီချန်းချန်က သူမကို ထူးထူးဆန်းဆန်း ကြည့်ကာ တိုးတိုးလေးပြောပြီး နားမလည်နိုင်တဲ့ ရန်ငြိုးတွေ ရှိနေတယ်လို့ အမြဲလိုလို ခံစားနေရသည်။
ချင်ရှီးသည် ရုတ်တရက် စိတ်အားထက်သန်လာကာ လုကျဲ့ထျန်းကိုကြည့်လိုက်သည်။
"သူမက မင်းကို ကြိုက်နေတာမဟုတ်ဘူးလား"
ကလေးတွေရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကာ အစားစားတာကို ရပ်လိုက်ပြီး အားလုံးက လုကျဲ့ထျန်းကို မျှော်ကြည့်နေကြသည်။
လုကျဲ့ထျန်း၏မျက်နှာသည် မည်းမှောင်သွားသည်။
"ကလေးတွေရှေ့မှာ မင်းဘာတွေပြောနေတာလဲ။ ငါက သူနဲ့ဘာမှမဆိုင်ဘူး။ ငါသူ့ကို နှစ်ကြိမ်ဘဲတွေ့ဖူးတယ်"
ချင်ရှီးက "အိုး" ဟု ဘာသိဘာသာနဲ့ ရေရွက်ကာ ခေါင်းကိုလှည့်ပြီး ကလေးတွေကို ပြောလိုက်သည်။
"လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး"
ဖျင်ဖျင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
"တကယ်လား"
ချင်ရှီးက ပြုံးပြီး ခေါင်းညိတ်သဘောတူသည်။
"ဟုတ်တာပေါ့"
"သဘောကျတယ်ဆိုတာ တကယ်တော့ လူတွေ ဒါမှမဟုတ် အရာဝတ္ထုတွေအပေါ် ကောင်းမွန်တဲ့စွဲလမ်းမှု ဒါမှမဟုတ် စိတ်ဝင်စားမှုရှိခြင်းပါဘဲ။ တစ်ခါတစ်ရံမှာ သဘောကျတာက ဖြူစင်တဲ့ စိတ်ဝင်စားမှု၊ ဒါမှမဟုတ် တခြားသူတွေက လှပပြီး ရုပ်ရည်ကောင်းတာကြောင့်စိတ်ဝင်စားမှုဖြစ်နိုင်တယ်။ ဒါတွေက လူတွေရဲ့ ပုံမှန်သဘာဝအတိုင်း ဇီဝကမ္မတုံ့ပြန်မှုပါဘဲ။ အဲဒါက သဘောကျတယ်ဆိုတဲ့ စိတ်ခံစားမှုတစ်ခုဘဲ”
အမြွှာများ၏မျက်လုံးများသည် နားလည်သလိုပင် အာရုံစိုက်၍နားထောင်နေကြသော်လည်း တကယ်တော့ နားမလည်ကြပေ။
ဒီခေတ်က လူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့ ဆန္ဒမရှိကြပေမဲ့ ချင်ရှီးက ကလေးတွေကို အရမ်းရှက်ရွံ့တာမျိုးမဖြစ်စေချင်ဘဲ သူတို့ရဲ့ခံစားချက်တွေကို ကောင်းကောင်းထုတ်ဖော်တတ်အောင် သင်ပေးချင်သည်။
ကလေးသုံးယောက်က ဒီကိစ္စကို အရင်က တစ်ခါမှ မကြားဖူးဘဲ ချင်ရှီး ပြောတာကို ရုတ်တရက် ကြားလိုက်တဲ့အခါ ရှက်ရွံ့သွားပေမဲ့ ရုတ်တရက် သဘောပေါက်သွားသည်။
အန်အန်းက သူမလက်လေးကို မြှောက်လိုက်ပြီး တောက်ပတဲ့ မျက်လုံးတွေနဲ့ မေးသည်။
"ဒါဆို ငါက အရသာရှိတဲ့ အစားအစာတွေနဲ့ လှပတဲ့ အဝတ်အစားတွေကို ကြိုက်တာကရော ပုံမှန်ဘဲလား"
ချင်ရှီးက ပြုံးပြီးပြန်ဖြေသည်။
"ဟုတ်တာပေါ့"
အန်အန်းက ဆက်ပြောသည်။
"ငါ့သူငယ်ချင်းတွေရှေ့မှာ မင်း ချုပ်ပေးထားတဲ့ ငါ့အဝတ်အစားအသစ်ကို ချပြရတာလည်းကြိုက်တယ်"
ချင်ရှီးက ပြန်ဖြေသည်။
"ဒါက ပုံမှန်ပါဘဲ။ ဒါပေမယ့် ဒီလိုထုတ်ပြဖို့တော့ ကန့်သတ်ချက်ရှိရမယ်။ လွန်လွန်ကဲကဲ ကြွားဝါပြတာက သူငယ်ချင်းတွေက မင်းကို မုန်းသွားလိမ့်မယ်"
အန်အန်းက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်သည်။
"ငါသိပြီ။ လီလိက သူ့ဦးလေးဆီက ပြန်သယ်လာတာတွေကို လာပြဖူးပြီး ငါတို့အားလုံးက သူမကို မုန်းတီးကြတယ်လေ"
ထို့နောက် အန်အန်းက လူကြီးတစ်ယောက်လို သက်ပြင်းချသည်။
"ငါလည်း အဲ့လိုလုပ်ခဲ့မိတာဘဲ။ ငါရဲ့ ၀တ်စုံအသစ်ကြောင့် သူမ စိတ်ဆိုးသွားတာ သိသာပါတယ်။ ငါ တစ်ချိန်လုံး လိုက်ပြနေတုန်းကတော့ သူမက ဒေါသမထွက်ပါဘူး”
အဆုံးမှာတော့ သူမနဲ့ ယှဉ်ပြိုင်ပြီးရန်မဖြစ်နိုင်သည့် ဖျင်ဖျင်ကို သူမက တွန်းထုတ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ချင်ရှီးက အန်အန်းကို ကြည့်လိုက်သည်။
“ဒါဆို ကြွားဝါဖို့ဆိုတာ အဆင်မပြေဘူး မဟုတ်လား”
အန်အန်းက အားတက်သရော ခေါင်းညိတ်သည်။
“ဟုတ်တယ်။ လီလိလို မဖြစ်ချင်ဘူး။ လူတိုင်းက သူမနဲ့ ကစားရတာ မကြိုက်ဘူး”
"တော်တယ်"
ချင်ရှီးက ပြုံးပြီး သူမကိုကြည့်သည်။
"တကယ်တော့ မင်း တကူးတကလိုက်ပြစရာမလိုပါဘူး။ မင်းက ဝတ်စုံအသစ်ဝတ်ထားတာကို လူတိုင်း မြင်ကြပြီမို့ လိုက်ပြနေစရာ မလိုတော့ဘူး"
ဖျင်ဖျင်က ခေါင်းညိတ်သည်။
"ငါနဲ့အတူဆော့ကြတဲ့ ကောင်မလေးတွေအားလုံးက ငါတို့ရဲ့ ဝတ်စုံအသစ်ကို တစ်ချက်ကြည့်လိုက်ပြီး အရမ်းလှတယ်လို့ ပြောကြတယ်"
အန်အန်းသည် ဖျင်ဖျင်၏နှုတ်ခမ်းများကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်ပြောသည်။
"ငါသိခဲ့ရင် လီလိကို ပြမှာမဟုတ်ဘူး။ ဖျင်ဖျင် တောင်းပန်ပါတယ်။ မင်းကိုနာကျင်စေခဲ့တယ်"
ဖျင်ဖျင်က ပြုံးပြီးပြောသည်။
"ရပါတယ်။ အဲဒါ ငါ့မမ အပြစ်မဟုတ်ဘူး"
အန်အန်းဟာ သူမကိုယ်သူမ နည်းနည်းလေး အပြစ်တင်နေတုန်းဖြစ်ပြီး ထိုအချိန်တုန်းက သူမ ထိန်းထိန်းသိမ်းသိမ်းနေခဲ့ရင်၊ လီလိရှေ့မှာ မကြွားဝါဘဲနေခဲ့ရင် ကောင်းမှာဘဲလို့ ခံစားမိနေသည်။
နဂါးနှင့်ဖီးနစ်လို အမြွှာများကို ကြည့်ရင်း ချင်ရှီး၏ နှလုံးသား အရည်ပျော်သွားသည်။
'ချစ်ဖို့ကောင်းလိုက်တာ'
"မှန်တယ်။ အဲ့ဒါ အန်အန်းရဲ့အမှားမဟုတ်ဘူး။ အန်အန်းက မောင်လေးကို ကာကွယ်ဖို့ သတ္တိရှိတယ်လေ"
ချင်ရှီးက အန်အန်း၏ ခေါင်းကို ထိလိုက်ကာ နှစ်သိမ့်ပေးလိုက်ပြီး ချက်ချင်းဆိုသလို ရယ်မောလိုက်သည်။
"မြန်မြန်စား၊ အေးလာပြီ"
"အင်း"
အန်အန်း : "ငါ ဒီနေ့ ဟင်းကို ကြိုက်တယ်။ ချင်ရှီးကိုလည်း ကြိုက်တယ်"
"ငါရောဘဲ ကြိုက်တယ်"
ဖျင်ဖျင်ကလည်း နောက်ကလိုက်၍ ဝန်ခံကာ အဆက်မပြတ် ပြုံးလျက်ရှိသည်။
ကုချင်းဟိုင်က သူတို့ တစ်ယောက်ကို တစ်ယောက် ချီးကျူးတာကို ကြည့်ပြီး နှလုံးသားထဲမှာနေ၍ တိတ်တိတ်လေးနှာမှုတ်လိုက်သေးသည်။ သို့သော် သူ့မျက်လုံးများတွင်တော့ မနာလိုအားကျမှုနှင့် ဆုံးရှုံးမှု အရိပ်အယောင်များ ရှိနေပုံရသည်။
လုကျဲ့ထျန်းက သူတို့ကို ကြည့်ပြီးတော့ ချင်ရှီးကို ထပ်ကြည့်ရင်း သူမမှာ ကလေးတွေကို သွန်သင်ပေးမဲ့နည်းလမ်းတွေရှိတယ်လို့ တွေးလိုက်သည်။
ကလေးများသည် ညဘက်အိပ်ရန် လူကြီးများ၏ အကူအညီမလိုအပ်ဘဲ နာခံမှုဖြင့် အိပ်ယာဝင်ကာ ခဏလောက်ကစားပြီးနောက် ကုချင်းဟိုင် ပုံပြင်ပြောပြမည်ကို စောင့်ဆိုင်းနေမည်ဖြစ်သည်။
ချင်ရှီး ရေဆေးသန့်စင်ပြီးနောက် သူမသည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး လီချန်းချန်ကို အကြောင်းပြချက်မရှိဘဲ တွေးမိကာ သူမက အလွန်ထူးဆန်းသည်ဟု အမြဲတွေးနေမိသည်။
မကြာမီပင် အိပ်ငိုက်လာကာ တဖြည်းဖြည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ထဲတွင် ချင်ရှီးသည် ယခင်က သူမ၏ ဝိညာဉ်ကို System မှ ကမ္ဘာငယ်လေးကို ဖယ်ထုတ်ပေးခဲ့ရာနေရာဖြစ်သည့် ဟင်းလင်းပြင်သို့ ရုတ်တရက် ရောက်လာသည်။
ချင်ရှီးက အနည်းငယ် အံ့သြသွားပြီး သူမ ဘာကြောင့် ဒီကို ထပ်ရောက်လာမှန်းမသိပေ။
"System"
"System"
ချင်ရှီးက အကြိမ်ကြိမ် အော်ခေါ်ပေမဲ့ ဘယ်သူမှ ပြန်မဖြေဘဲ သူမ ဒီကနေ ဘယ်လိုထွက်ရမလဲဆိုတာ လိုက်ရှာရင်းနဲ့ ဟင်းလင်းပြင်ဟာ ရုတ်တရက် တောက်ပလာပြီး စာအုပ်ကြီးတစ်အုပ် ပေါ်လာသည်။
ချင်ရှီး အနည်းငယ် လန့်သွားပြီး စာအုပ်ကြီးရှိရာ လှမ်းသွားလိုက်သည်။
စာအုပ်မှာ နာမည်မရှိသလို ဗလာဖြစ်နေသည်။ ချင်ရှီးက အစမ်းသဘောဖွင့်ကြည့်တော့ သူမလက်နဲ့ ထိလိုက်တဲ့အခါ သူ့အလိုလို လှန်မိသွားသည်။
ချင်ရှီးသည် လန့်ဖျပ်သွားပြီး ထိုအရာကိုကြည့်ရန် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။
စာအုပ်၏စာမျက်နှာများသည် စာမျက်နှာတစ်ခုပေါ်တွင် ဖြည်းညှင်းစွာရပ်တန့်သွားကာ ၎င်းပေါ်ရှိ စကားလုံးများသည် ရွှန်းလဲ့သောရွှေရောင်အလင်းတန်းများ ထွန်းတောက်ကာ အလင်းတန်းတစ်ခုအဖြစ်စုစည်း၍ ချင်ရှီး၏စိတ်ထဲသို့ ပျံ့လွင့်သွားခဲ့သည်။
ချင်ရှီးသည် ဟင်းလင်ပြင်နေရာလွတ်တွင် မူးလဲသွားကာ ရုတ်တရက် မျက်လုံးဖွင့်ကာ ထထိုင်လိုက်သည်။
လုမိသားစု၏အခန်းထဲတွင် သူမ ရှိနေသေးသည်ကိုတွေ့သောအခါ ဘေးကိုကြည့်၍ စိတ်သက်သာရာရသွားသည်။
ချင်ရှီးသည် အနည်းငယ် အသက်ပြင်းပြင်းရှူကာ ကုတင်ပေါ်တွင် ပြန်အိပ်လိုက်သည်။
မမျှော်လင့်ဘဲ လုကျဲ့ထျန်းသည်လည်း စာအုပ်ထဲက လူတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် အစပိုင်းတွင် သူမ ရွေးချယ်ခဲ့သော မိထွေးဇာတ်ကြောင်းစာအုပ်နှင့်မတူပါ။
ချင်ရှီးဝင်ရောက်လာသည့်စာအုပ်က လုချိုင်နှင့် လက်ထပ်ရမည်ဖြစ်ပြီး လုကျဲ့ထျန်း၏ဇာတ်ကြောင်းစာအုပ်မှာ "တပ်မှူးရဲ့ ကြင်သူသက်လျာအလှလေး"ဆိုသည့် မိထွေးဇာတ်ကြောင်းစာအုပ်၏ ဒုတိယမြောက် ဇာတ်လမ်းဆက်ဖြစ်သည်။
စာအုပ်နှစ်အုပ်သည် အချိန်ကာလတစ်ခုတည်းကို အခြေခံထားသောကြောင့် တစ်နည်းနည်းဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ သို့သော် ဇာတ်လမ်းများက တစ်ခုနဲ့တစ်ခု အနှောင့်အယှက်မရှိဘဲ နှစ်နေရာလုံးမှာ သီးသန့်ဖြစ်ပျက်နေကြသည်။
ချင်ရှီးနှင့် လုကျဲ့ထျန်းတို့ တွေ့ဆုံမိတဲ့အထိ System က သတိမထားမိခဲ့ပါ။တစ်ချက်ကြည့်လိုက်ပြီးနောက် Systemက တစ်ခုခုမှားနေပြီဆိုတာကို တွေ့ရှိခဲ့ပြီး သူမကို သတိပြုမိစေဖို့ အိပ်မက်ထဲမှာ စာအုပ်တစ်အုပ်ကို ပေးပို့ခဲ့ခြင်းဖြစ်သည်။
ထိုစာအုပ်ထဲတွင် လုကျဲ့ထျန်းသည် အမျိုးသားဇာတ်ဆောင်ဖြစ်ပြီး လီချန်းချန်သည် အမျိုးသမီးဇာတ်ဆောင်ဖြစ်၍ မော့လင်သည် ဇာတ်ပို့အဆင်သာသာ အမျိုးသမီးလေးဖြစ်သည်။
မော့လင်သည် ကြီးပြင်းလာသော ကလေးသုံးယောက်ကို မမွေးချင်သောကြောင့် လုကျဲ့ထျန်းနှင့်ကွာရှင်းခဲ့ပြီး နောက်ပိုင်းတွင် တပ်၏နောက်ထပ်တပ်ရင်းခေါင်းဆောင်တစ်ဦးနှင့် လက်ထပ်ခဲ့ကာ ကလေးသုံးဦးရရှိခဲ့သည်။
ထိုအချိန်တွင် လီချန်းချန်နှင့် လုကျဲ့ထျန်းတို့သည်လည်း နောက်အိမ်ထောင်ပြုကြသည်။ မော့လင်သည်လည်း ကလေးမွေးဖွားပြီး မိသားစုနှစ်စုသည် တပ်အတွင်း အသစ်တည်ဆောက်ထားသော မိသားစုအဆောက်အအုံတွင် အချင်းချင်း ယှဉ်တွဲနေထိုင်ကြကာ ယှဉ်ပြိုင်မှု စတင်ခဲ့ကြသည်။
မော့လင်သည် နူးညံ့သိမ်မွေ့ပြီး အခက်အခဲများကို သည်းမခံနိုင်သော်လည်း လီချန်းချန်က နူးညံ့သိမ်မွေ့ပြီး သန်မာသူဖြစ်သည်။
လီချန်းချန်သည် ကလေးသုံးယောက်ကို သန်မာကြံ့ခိုင်စေရန် ပြုစုပျိုးထောင်ပေးခဲ့သော်လည်း မော့လင်မိသားစုမှ ကလေးသုံးဦးသည် မကြာခဏ အားနည်းကာ ဖျားနာကြသည်။
လုမိသားစု၏ အကြီးဆုံးသားသည် သူ ကြီးပြင်းလာသောအခါ အထူးစစ်သားဖြစ်လာသည်။ ဒုတိယကလေးသည် ငွေ ကြယ်ပွင့်ဖြစ်လာပြီး တတိယကလေးမှာ ပြည်တွင်းပြည်ပတွင် လူသိများသော ဒီဇိုင်နာဖြစ်လာခဲ့သည်။
မော့လင်ရဲ့ ကလေးသုံးယောက်ကတော့ တော်တန်ယုံရိုးရိုးရှင်းရှင်းဘဝနှင့် အစားအသောက်၊ ဆန်၊ ဆီ၊ ဆားတို့ဖြင့်သာ နေ့စဉ်နဲ့အမျှ အဆင့်ဆင့် ဖြတ်သန်းနေထိုင်ကြရသည်။
မော့လင်သည် ထိုအချိန်က ကွာရှင်းပြတ်စဲခြင်းမလုပ်သင့်ကြောင်း၊ မိသားစုနှစ်ခု၏ဘဝသည် လုံးဝကွဲပြားသွားသည်ဟု လူအများက ဝိုင်းဝန်းပြောကြသည်။
ဤစာကိုဖတ်ပြီးနောက် ချင်ရှီးသည် ရယ်ချင်လုနီးပါးဖြစ်ခဲ့သည်။ လုမိသားစုမှ ကလေးသုံးဦးသည် ကျန်းမာရေးကောင်းမွန်ပြီး လုကျဲ့ထျန်း၏လစာမှာ မြင့်မားသည်။ မော့လင်သည် ကလေးသုံးယောက်ကို မွေးဖွားခဲ့သည်။ ထို့ပြင် သူမ ခင်ပွန်းလစာ၏ ထက်ဝက်ကျော်ကို သူ့မိသားစုကို ထောက်ပံ့ပေးခဲ့သည်။ ထို့အတွက် ကလေးများသည် လိုအပ်သော အာဟာရကို ရနိုင်ခြင်းမရှိသောကြောင့် အမြဲဖျားနေခဲ့ရသည်။
လုမိသားစုမှ ကလေးသုံးယောက်သည် ဥာဏ်ရည်ထက်မြက်ပြီး လီချန်းချန်ကလည်း မမိုက်မဲသလို အကျင့်ဆိုးများကို ရည်ရွယ်ချက်ရှိရှိ သင်ကြားပေးခြင်းလည်း မရှိပေ။ သူမသည် လုကျဲ့ထျန်းကိုလည်း အလွန်နှစ်သက်သည်။ ကလေးများသည် ဖော်ရွေပြီး နွေးထွေးသော မိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းလာကာ ပါရမီရှင်များဖြစ်လာရန်မှာ သဘာဝကျပါသည်။
မော့လင်ကတော့ မတူညီသောဘဝရှိသည်။ သူမ၏ခင်ပွန်း ဖူတိမော်သည် မိဘဝတ္တရားမကျေပွန်သူဖြစ်ကာ အိမ်တွင်းအကြမ်းဖက်မှုပြုတတ်သောသူလည်းဖြစ်သည်။
(*T.N _ ဖူတိမော် ဆိုတဲ့အမည်က Harry Potter ဇာတ်လမ်းထဲက Lord Voldemort ရဲ့အမည်ကို တရုတ်လိုခေါ်တာနဲ့ ခပ်ဆင်ဆင်ဘဲရယ် 🤣)
မော့လင်သည် မူလက နူးညံ့သိမ်မွေ့သော မိန်းကလေးဖြစ်ပြီး သူတို့နှစ်ဦးက လုံးလုံးမလိုက်ဖက်ဘဲ နေ့တိုင်းဆူညံရန်ဖြစ်နေကာ ကလေးတွေက အထိအခိုက်မခံနိုင်သည့် ပျော့ညံ့ညံ့လေးများဖြစ်လာသည်။ သူမသည် ကလေးသုံးယောက်ကို တစ်ကိုယ်တည်းထိန်းသိမ်းစောင့်ရှောက်ပျိုးထောင်ရန် သန်မာလွန်းသည်။ ချင်ရှီးသည် သူမအား အံ့သြဖွယ်ကောင်းလောက်အောင် ချီးကျူးစကားဆိုမိသည်။
ဒါ့ပြင် အဲ့ဒီကလေးသုံးယောက်က မဆိုးပါ။ သူတို့က လုမိသားစုရဲ့ ကလေးသုံးယောက်လောက် မထူးချွန်ပေမဲ့ သာမန်လူတွေသာဖြစ်သည်။
ဤစာရေးဆရာသည် နှိုင်းယှဥ်ရန်မစဉ်းစားဘဲ ရိုးရိုးရှင်းရှင်းသာ ရေးခဲ့သည်။ ဇာတ်ကွက်များစွာသည် ယုတ္တိမတန်ဘဲ *ပိုးကောင်များစွာက ကောင်းကင်ယံတွင် ပျံဝဲနေသည်ကိုမြင်နိုင်ပါသည်။
(*T.N_ ဇာတ်လမ်းဟာကွက်တွေအများအပြား သိသိသာသာရှိနေတယ်လို့ ဆိုလိုတာပါ)
လုကျဲ့ထျန်းသည် ထိုအချိန်က အမြွှာများကို မွေးစားခဲ့သည့် အကြောင်းရင်းကိုလည်း သူမ သိပါသည်။ စာရေးသူသည် သူ့အား “မိမိကိုယ်ကို စိတ်ရောကိုယ်ပါသန့်ရှင်းအောင်ထားရန်” ဆိုသည့် အခြေအနေကို အလိုရှိသောကြောင့် လုံးလုံးလျားလျား ညစ်ပတ်သော လူယုတ်မာမဖြစ်စေရန် ဖြစ်သည်။
တကယ်တော့ သူက အရမ်းဖြူစင်ပြီး ကြင်နာတတ်သူပါ။ လုကျဲ့ထျန်းသည် မော့လင်းနှင့်လက်ထပ်ခဲ့ပြီး သူတို့အတူတကွဆုံတွေ့ကြရသည့် အကြိမ်အရေအတွက်က လက်တစ်ဖက်တောင်မပြည့်ပေ။
'ဒါက ဘာအတွက်တုန်း။ …အိမ်ထောင်သည်ဘဝ မရှိ…လို့သာ ရိုးရိုးရှင်းရှင်းရေးပြီး လုကျဲ့ထျန်းကို အဆုံးစွန်း “စင်ကြယ်သူ” ဖြစ်အောင် ဘာလို့မရေးလိုက်သေးလဲ'
နောက်ပိုင်းတွင် လုကျဲ့ထျန်းနှင့် လီချန်းချန်တို့သည် တစ်ယောက်နှင့်တစ်ယောက် ခံစားချက်များ ရှိခဲ့ကြသည်။ လီချန်းချန်သည် သူမက လုကျဲ့ထျန်းအတွက် ပထမဆုံးမိန်းကလေး မဟုတ်၍ မနာလိုဝန်တိုနေပါကြောင်း အခန်းများစွာကို ရေးသားခဲ့သည်။ ချင်ရှီးသည် စာရေးသူက ထိုအခန်းများကို ထည့်သွင်းထားခြင်းသည် နှစ်ဦးကြားဆက်ဆံရေးတိုးတက်မှုအတွက် သီးသန့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို သိရှိလာခဲ့သည်။ ထိုအချိန်တွင် ချင်ရှီးသည် ဒါကိုမြင်လိုက်သောအခါ သူမမျက်လုံးများလည်လိုက်ကာ တကယ်ကို အော့အန်ချင်သွားသည်။
'ဆက်ဆံရေးကို မြှင့်တင်မယ်ဆိုရင်တောင် ဒီနည်းလမ်းကိုမသုံးပါနဲ့လား'
အကယ်၍ သူမသည် စာဖတ်သူဖြစ်ပါက အနုတ်လက္ခဏာဆောင်သော အမှတ်ကို သာပေးလိမ့်မည်။
'ယောကျ်ားတစ်ယောက်က အိမ်ထောင်ပြုထားခဲ့ပြီး ကလေးမရှိရင် သန့်စင်သေးတယ်လို့ခေါ်တာ ဘာကြီးလဲ။ စာရေးသူရဲ့ အတွေးအခေါ်က တစ်စုံတစ်ရာ မှားယွင်းနေတာများလား'
ချင်ရှီးက လုကျဲ့ထျန်းကို သနားသလိုလို ခံစားသွားရသည်။ သူမနဲ့လက်ထပ်လိုက်တာကြောင့် ဇာတ်ကွက်တွေ ပျက်စီးသွားရပြီ။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူမကတော့ လုချိုင်ကိုလက်မထပ်ခဲ့ရပေ။ သူမရဲ့ ဇာတ်ကြောင်းစာအုပ်က ပိုလို့တောင် ဒေါသဖြစ်စရာကောင်းပါသေးသည်။ လုချိုင်၏အမေက ထိုစိတ်ညစ်ညူးစဖွယ်ဇာတ်ကြောင်း၏ အဓိကတံခါးပေါက်ကြီးပင်။
အာရုဏ်မတက်မီအချိန်တွင် ချင်ရှီးသည် ဆက်လက်အိပ်မပျော်နိုင်သောကြောင့်ထလိုက်သည်။
အိမ်သာကပြန်လာပြီးနောက် လုကျဲ့ထျန်းနှင့်ဆုံသည်။ ချင်ရှီး စောစောထသည်ကိုမြင်တော့ လုကျဲ့ထျန်း အနည်းငယ်အံ့သြသွားသည်။
"ဒီနေ့ အစောကြီးထတာလား"
ချင်ရှီးက အနည်းငယ်တုံ့ဆိုင်းသွားပြီးမှဖြေလိုက်သည်။
"အိပ်မက်ဆိုးမက်ပြီး အိပ်မပျော်တော့လို့"
လုကျဲ့ထျန်းက စိုးရိမ်စိတ်ဖြင့် မေးသည်။
" အိပ်မက်ဆိုးလား အဆင်ပြေရဲ့လား"
ချင်ရှီးက ရွှတ်နောက်နောက်နဲ့ပြောလိုက်သည်။
" ငါတို့ ကမ္ဘာကြီးကို အိပ်မက်မက်ခဲ့တယ် ... "
ရင်းနှီးတဲ့ လျှပ်စစ်ရှော့ခ်ဓာတ်လိုက်မှုကရောက်လာပြီး ချင်ရှီးက တုန်လှုပ်သွား၍ သူမခန္ဓာကိုယ်က ပျော့ခွေလာကာ ထိန်းမနိုင်သိမ်းမရ လဲကျသွားခဲ့သည်။ လုကျဲ့ထျန်းက သူမကို အမြန် ကူညီလိုက်သည်။
"ဘာဖြစ်နေတာလဲ"
လုကျဲ့ထျန်းက ချင်ရှီးကို စိုးရိမ်တကြီးကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ချင်ရှီးကို လုကျဲ့ထျန်းက ထိုင်ခုံပေါ်ထိုင်ဖို့ ကူညီပေးပြီးတော့ သူမရဲ့အားအင်များ ပြန်လည်ရရှိလာသည်။
"အဆင်ပြေပါတယ်။ ငါ့မှာ သွေးတွင်းသကြားဓာတ်နည်းနေတာဖြစ်မယ်။ တစ်ခုခုစားလိုက်မယ်"
ချင်ရှီးက လုကျဲ့ထျန်းကို ဝှေ့ယမ်းပြလိုက်သည်။ ချင်ရှီး၏ဖြူဖျော့သောမျက်နှာကိုမြင်လိုက်ရတော့ လုကျဲ့ထျန်းသည် အနည်းငယ်စိုးရိမ်နေသေးသည်။သူသည် ချင်ရှီးကို ထိုင်ပြီးအနားယူရန်ပြောကာ သူမအတွက် သကြားရေတစ်ခွက်ပြင်ရန် မီးဖိုချောင်သို့သွားသည်။
ချင်ရှီးက သကြားရည်ချိုချိုလေး တစ်ငုံသောက်လိုက်သည်။ သကြားရေကို အသာသောက်ပြီးနောက် လျှပ်စစ်ရှော့ခ်လိုတုန်လှုပ်ရမှုကြောင့်ဖြစ်လာသော ဒဏ်က ပျောက်သွားပြီး သူမ၏မျက်နှာသည်လည်း သွေးရောင်ပြန်လွှမ်းလာသည်။ လုကျဲ့ထျန်းလည်း စိတ်သက်သာရာရသွားသည်။
"မနက်စာအရင်စားရအောင်"
ချင်ရှီးက ခေါင်းညိတ်ကာ ပေါ့ပေါ့တန်တန်ဖြင့် ဤကမ္ဘာသည် စာအုပ်ကမ္ဘာဖြစ်သည်ကိုထုတ်မပြနိုင်တော့ကြောင့် သိလိုက်သည်။
ချင်ရှီးသည် ရဲရင့်စွာပြုမူကာ သူမ၏စကားကို သတိထားခွဲခြား၍ အစမ်းသဘောပြောလိုက်သည်။
"ငါ တီဗွီဇာတ်လမ်းထဲမှာ ပိတ်မိနေခဲ့တာကို အိပ်မက်မက်တယ်။ တီဗီမှာ ရေးထားတဲ့ ဇာတ်ညွှန်းကို လျှောက်ရင်း တီဗီဇာတ်ညွှန်းထဲက လူတစ်ယောက်ဖြစ်သွားတယ်။ ဒါကို မလုပ်ချင်ပေမဲ့ ကိုယ့်ကိုယ်ကိုလည်း မထိန်းချုပ်နိုင်တော့ဘူး"
ချင်ရှီးက သက်ပြင်းတစ်ချက်ချကာ လုကျဲ့ထျန်းကိုကြည့်ရင်း ဆက်ပြောသည်။
"အိပ်မက်က သိသိသာသာရှင်းရှင်းလင်းလင်း ဖြစ်နေလို့ ငါ့ကို လန့်နှိုးစေတယ်"
လုကျဲ့ထျန်း၏ အမူအရာ ပြောင်းသွားတာကိုမြင်တော့ ချင်ရှီးရဲ့ နှလုံးလည်း လှုပ်ခါသွားရသည်။
"ဘာဖြစ်တာလဲ"
"ဟင့်အင်း"
လုကျဲ့ထျန်းက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ချင်ရှီးကို ထူးထူးဆန်းဆန်း တစ်ခုခုပြောလိုက်သည်။
"ငါ အမြဲ ထူးဆန်းသလို ခံစားရတယ်။ အရင်က ငါက ငါမဟုတ်ဘူးလို့ အမြဲခံစားနေရတယ်"
လုကျဲ့ထျန်းက သူ့နဖူးကို ပွတ်သပ်ပြီး ပြောသည်။
"အခု မင်းပြောတာကို ကြားတော့ ငါအရင်က တစ်စုံတစ်ယောက်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ခံရသလိုမျိုးဆိုတာကို ငါ ရုတ်တရက် သဘောပေါက်သွားတယ်"
ချင်ရှီး အနည်းငယ် အံသြသွားသည်။
'လုကျဲ့ထျန်းက တစ်ခုခု မှားနေပြီဆိုတာ သိထားပြီးပြီလား'
သူက ဇာတ်ကြောင်းထဲကနေ နိုးလာပြီလို့ မမျှော်လင့်ထားမိပေ။ 'သူက ဇာတ်ကောင်ဒီဇိုင်းရဲ့ထိန်းချုပ်မှုကနေလွတ်မြောက်လိုတာလား'
လုကျဲ့ထျန်းက ရုတ်တရက် ပြုံးလိုက်သည်။
"ဒါပေမယ့် အားလုံးပြီးသွားပြီ။ ငါ အရင်ကလိုမဟုတ်တော့ဘူး။ ပေါ့ပေါ့ပါးပါး ခံစားနေရတယ်"
"ခလွမ်း..."
ချင်ရှီး ရုတ်တရက် တစ်စုံတစ်ခု ကွဲအက်သံကို ကြားလိုက်ရပြီး လုကျဲ့ထျန်းကို မော့ကြည့်လိုက်သည်။ ဘာမှမတွေ့ဘဲ ဗလာကျင်းနေရာ မှင်တက်အံ့ဩသွားသည်။
"နင် အခုလေးတင် ဘာသံမှ မကြားလိုက်ဘူးလား"
ချင်ရှီးက အစမ်းသဘောမေးကြည့်သည်။
လုကျဲ့ထျန်း အနည်းငယ် အံ့ဩသွားသည်။
"ဘာသံလဲ"
"တစ်ခုခု ပြတ်ကျပျက်စီးသွားသလိုမျိုး"
ချင်ရှီးက သေချာစဉ်းစားပြီးပြောသည်။
လုကျဲ့ထျန်းက ခေါင်းယမ်းလိုက်ပြီး ချင်ရှီးကို စိတ်ပူနေတဲ့အမူအရာဖြင့်ကြည့်လိုက်သည်။
"မင်း ခဏလောက် အိပ်လိုက်ပါလား။ နေ့လည်စာစားဖို့လည်း ဆိုင်ကိုဘဲသွားလိုက်မယ်။ မင်း ကောင်းကောင်း အနားယူလိုက်"
ဒီကာလအတွင်း ချင်ရှီးသည် နေ့တိုင်းအားလပ်ချိန်မရှိခဲ့ပေ။ သူမသည် အိမ်သန့်ရှင်းရေး၊ အဝတ်လျှော်၊ ချက်ပြုတ်ပြီး အဝတ်အစားများချုပ်၍ စာအုပ်ဖတ်ကာ ကလေးများကို ပြုစုစောင့်ရှောက်ပေးသည်ကို လုကျဲ့ထျန်း မြင်ခဲ့ရသည်။
ချင်ရှီးက ခေါင်းညိတ်ပြသည်။
"ကောင်းပါပြီ"
သူမ ဒီနေ့ အလုပ်မလုပ်ချင်သလိုခံစားရပြီး ဒီကမ္ဘာကြီးနဲ့ လုကျဲ့ထျန်းရဲ့ လက်ရှိအခြေအနေကို အရမ်းသိချင်နေသည်။
"နောက်ကျနေပြီ။ ငါအရင်သွားတော့မယ်"
လုကျဲ့ထျန်းက ချင်ရှီးကို နှုတ်ဆက်လိုက်ပြီး တံခါးဝကိုထွက်သွားကာ ချင်ရှီးကို တစ်ဖန်လှည့်ကြည့်လိုက်သည်။
"နေ့လည်မှာ ဆိုင်က အစားအသောက်တွေ ယူလာခဲ့မယ်"
"အိုး..ကောင်းပါပြီ"
ချင်ရှီးက အားနည်းဖျော့တော့နေသည့်အသံဖြင့် ပြန်ဖြေသည်။
တံခါးပိတ်သံနှင့်အတူ လုကျဲ့ထျန်းလည်းထွက်သွားသည်။
ချင်ရှီးသည် ခဏတာ ထိုင်စဉ်းစားနေပြီး ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။
'ပြတ်ကျပျက်စီးသွားတဲ့အသံ… လုကျဲ့ထျန်းကို ထိန်းချုပ်ထားတဲ့ ကြိုးပြတ်သွားတာ ဖြစ်နိုင်လား။ သူ ဇာတ်ကြောင်းထဲကနေ နိုးထလွတ်မြောက်သွားပြီလား။ဇာတ်ကွက်က လုံးဝ ထိန်းမနိုင်သိမ်းမရ ပျက်သွားပြီလား'
ချင်ရှီးက သက်ပြင်းတစ်ချက်ချကာ ခုံပေါ်တွင် လှဲလျောင်းလိုက်သည်။ ဇာတ်ကွက်မထိခိုက်ရင် နောက်တစ်ယောက်ရှာဖို့ မလိုဘူးမလား။
'လုကျဲ့ထျန်းနှင့်ဆိုရင် အလုပ်လုပ်ရတာကောင်းတယ်။ ကောင်းကောင်းစားသောက်ရတယ်။ ကလေးတွေထိန်းရတာကလည်း အထူးတလည် မပင်ပန်းဘူး။ အခြားတစ်ယောက်ကိုသာ ထပ်ရှာရရင် သူကလည်း ဇာတ်လမ်းထဲမှာရှိတဲ့သူ ဒါမှမဟုတ် ကြိုတင်သတ်မှတ်ထားတဲ့ မိုက်မဲတဲ့ဉာဏ်ရည်နဲ့ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်နေမယ်ဆို တကယ်ရူးသွားလိမ့်မယ်'
'လီချန်းချန်နဲ့...'
ချင်ရှီးရဲ့ အမူအရာက လေးနက်လာပြန်တယ်။ မနေ့က သူမဟာ လီချန်းချန်နဲ့ အချိန်အတော်ကြာအောင် အတူရှိခဲ့သေးသည်။ သူမဟာ စာအုပ်ထဲကလို နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်ထက်မြက်သူ မဟုတ်ပေမဲ့ သူမဟာ ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူဝင့်ကြွားဟန်ရှိကာ နည်းနည်း စမတ်ကျသူဖြစ်သည်။
ချင်ရှီးသည် ထိုင်ခုံပေါ်မှ ရုတ်တရက် ခုန်ထလာပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
'ဇာတ်ကြောင်းရဲ့ အတွင်းပိုင်းလမ်းကြောင်းဦးတည်ပုံက ပြောင်းလဲသွားတာ ဖြစ်နိုင်မလား။ ပြန်လည်မွေးဖွားလာတာလား။ ကမ္ဘာကူးပြောင်းလာတာလား'
ပြန်လည်မွေးဖွားခြင်းကဲ့သို့ မဟုတ်ပါက သူမသည် လုကျဲ့ထျန်းနှင့်နီးစပ်လာပြီး ကလေးသုံးယောက်မိခင်ဖြစ်လာမည်ဖြစ်သည်။ နောက်ဆုံးတွင် ကာလအတန်ကြာ လုကျဲ့ထျန်းနှင့် အတူလက်တွဲပြီး သဘောကျနှစ်သက်မှုများကိုရရှိလာပေလိမ့်မည်။
အကယ်၍ သူမသည် ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်ဆိုပါက သူမသည် အရင်ဘဝတွင် လုကျဲ့ထျန်းကိုလက်ထပ်ခဲ့ပေလိမ့်မည်။ မူရင်းစာအုပ်၏အမျိုးသမီးဇာတ်လိုက်သည် လုကျဲ့ထျန်းကို အမှန်တကယ် အလွန်ချစ်ပါသည်။
တကယ်ဘဲ ပြန်လည်မွေးဖွားလာတဲ့ အချိန်ခရီးသွားခြင်းသက်သက်လား ဒါမှမဟုတ် ဇာတ်လမ်းကိုသိပြီး စာအုပ်ကနေတစ်ဆင့် ကူးပြောင်းတာလားဆိုတာတော့ သူမ မသိနိုင်ပါ။
'ထပ်စောင့်ကြည့် ထပ်ကြည့်စောင့်ရင် သိလာလိမ့်မယ်'
ချင်ရှီးက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမကို ထပ်ပြီး နှောက်ယှက်လာမည်ကိုတော့ မလိုလားပေ။ မဟုတ်ပါက သူမကို လွှတ်ထားမည်မဟုတ်ပါ။
'ငါ့ကို ထိပါးလာရင်တော့ မင်းရဲ့အလုပ်ကို ထိခိုက်မိတာအတွက် ငါ့ရဲ့ရိုင်းရိုင်းစိုင်းစိုင်းလုပ်တာကို အပြစ်မတင်ပါနဲ့'
… … …
နေ့လည်တွင် လုကျန်းထျန်းသည် အိမ်မပြန်ဘဲ ဆိုင်သို့သွားခဲ့ရာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
"ဟင်… မင်း ဒီနေ့ နေ့လည်စာစားဖို့ အိမ်မပြန်ဘူးလား"
ကွပ်ကဲရေးမှူးကျန်းက သူ့ကို နေ့လည်စာဝယ်ဖို့ တန်းစီနေတာ တွေ့ရတော့ နည်းနည်း အံ့သြသွားသည်။
"ချင်ရှီး ဒီနေ့ နေမကောင်းဘူး။ ငါ ထမင်းဝယ်ပြီးရင် ပြန်မှာ"
လုကျဲ့ထျန်းက ရှင်းပြသည်။
ကွပ်ကဲရေးမှူးကျန်းက ပြုံးစစဖြင့်ကြည့်နေ၏။
လုကျဲ့ထျန်းက မရှင်းပြတော့ဘဲ ခေါင်းညိတ်လိုက်သည်။ အိမ်ထောင်ရေး သဘောတူညီချက်ကို သူတို့နှစ်ယောက်သာ သိထားရင် ပိုကောင်းပါသည်။
လုကျဲ့ထျန်းသည် စားစရာတွေ အများကြီးဝယ်၍ ပြန်သွားသည်ကို တပ်မိသားစု အသိုင်းအဝိုင်းက လူတော်တော်များများက တွေ့လိုက်ကြသည်။ လုကျဲ့ထျန်း၏ကျောကိုကြည့်၍ စပြီး အတင်းပြောကြတော့သည်။
"တပ်မှူးလုရဲ့ ဇနီးအသစ်က တစ်ခုခုဘဲ။ သူ့ကို မြန်မြန်ချုပ်ထားနိုင်ပြီ။ အခုဆို သူက ထမင်းစားဖို့တောင် အိမ်ကို ပြန်တတ်နေပြီ ကျွတ်.ကျွတ်"
"ဒီ အမျိုးသမီးက အံ့သြစရာဘဲ"
လုကျဲ့ထျန်း အိမ်ပြန်ရောက်သောအခါ အန်အန်းသည် ချက်ချင်းထလာပြီး သူ့ကို ပွေ့ဖက်လိုက်သည်။
"ဖေဖေ ဘယ်လိုအစားအစာတွေ စားရမှာလဲ။ ဆိုင်ကြီးကြီးကလား ဒါမှမဟုတ် ဆိုင်သေးသေးလေးလား"
လုကျဲ့ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"စားရတာကတောင် ကောင်းနေပြီ။ ဇီဇာမကြောင်ရဘူး"
တကယ်တော့ အန်အန်းက အခု ယောက်ျားလေးဖြစ်မယ်ဆိုရင် လုကျဲ့ထျန်းက သူမ ပြောလိုက်သည့်စကားကြောင့် စိတ်ဆိုးလိမ့်မည်ဖြစ်သည်။
လုကျဲ့ထျန်း မျက်မှောင်ကြုတ်သည်ကိုမြင်လိုက်ရသော်လည်း အန်အန်းသည် မကြောက်ဘဲ သူ့ပေါင်ပေါ်တက်လာသည်။
"မေးကြည့်ယုံပါ။ သမီးက ဇီဇာကြောင်တာမဟုတ်ပါဘူး"
လုကျဲ့ထျန်းက သက်ပြင်းချလိုက်ပြီး သူမခါးကိုပွေ့ချီလိုက်ကာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။
"ချင်ရှီး ဘယ်မှာလဲ"
အန်အန်းသည် လုကျဲ့ထျန်း၏လည်ပင်းကို ပွေ့ဖက်လိုက်သည်။
"ဖျင်ဖျင်ကို စာဖတ်ပြနေတာ"
"မင်းကရော ဘာလို့ စာမဖတ်တာလဲ"
လုကျဲ့ထျန်းက အန်အန်းကို ဘေးတိုက်ကြည့်လိုက်သည်။
အန်အန်းသည် လုကျဲ့ထျန်းကိုကြည့်ကာ ပြန်ဖြေသည်။
“သမီးက စာမဖတ်ချင်ဘူး"
လုကျဲ့ထျန်းက အနည်းငယ် အကူအညီမဲ့သွားရသည်။ အန်အန်းသည် ရဲရင့်ပြီး တက်ကြွကာ စာအုပ်များဖတ်ရတာကို မကြိုက်ပေ။ ဖျင်ဖျင်ကတော့ အများအားဖြင့် ရှက်တတ်ပြီး အေးအေးဆေးဆေးဖြင့် စာအုပ်တွေကြည့်တာ၊ ပုံတွေဆွဲရတာကို နှစ်သက်သည်။
"မင်း အစ်ကိုကြီးကရော"
"ကျောင်းပိတ်ရက်အတွက်ပေးထားတဲ့ အိမ်စာလုပ်နေတယ်"
"မင်းနဲ့ ဖျင်ဖျင်နဲ့လည်း နောက်နှစ်ကျောင်းတက်ရမယ်"
အန်အန်းက ချက်ခြင်းတွန့်ဆုတ်သွားပြီး သူမ ခေါင်းကို လုကျဲ့ထျန်းရဲ့လည်ပင်းမှာ မြှုပ်ထားလိုက်ကာ မကြားချင်ယောင်ဆောင်လိုက်သည်။
သူတို့ကိုမြင်တော့ ချင်ရှီးက ပြုံးပြီးမေးသည်။
"ဘာတွေပြောနေကြတာလဲ"
လုကျဲ့ထျန်းက အန်အန်းကို ပွေ့ထားရာမှ ချလိုက်သည်။
"သူတို့ နောက်နှစ် သူငယ်တန်းတက်သင့်ပြီလို့ပြောနေတာ"
ဖျင်ဖျင်က မျက်လုံးတွေ တောက်ပနေပေမဲ့ အန်အန်းက နှုတ်ခမ်းစူနေသည်။
"တစ်နှစ်ကျန်သေးတယ်လေ ဖေဖေ နောက်နှစ်မှ ပြောရအောင်ပါ"
အန်အန်းက သူ့လက်တွေကို ဆန့်တန်းပြီး လုကျဲ့ထျန်းခြေထောက်ပေါ်တင်ကာ စကားလွှဲဖို့ကြိုးစားသည်။
"ဖေဖေ ဗိုက်ဆာနေပြီ မြန်မြန်စားရအောင်"
လုကျဲ့ထျန်း အနည်းငယ် အကူအညီမဲ့သွားသော်လည်း ချင်ရှီးက ကျယ်လောင်စွာရယ်မောလိုက်သည်။
သူမ လက်ထဲရှိပစ္စည်းများကိုချ၍ ထကာ လုကျဲ့ထျန်း၏လက်ထဲမှ ထမင်း၊ဟင်းများကိုယူကာ လက်ရေဆေးခိုင်းလိုက်သည်။
လုကျဲ့ထျန်းသည် ဤအကြောင်းအရာကို ပြောနေခြင်းအား ရပ်လိုက်သည်ကို မြင်လိုက်ရသည်နှင့် အန်အန်းသည် သက်ပြင်းတစ်ချက်ချကာ ချင်ရှီးကို အမီလိုက်နိုင်ရန် အော်ဟစ်အကူအညီတောင်းလိုက်သေးသည်။
နေ့လယ်စာစားပြီးနောက် ချင်ရှီးသည် အခန်းဒီဇိုင်းကို စတင်ရေးဆွဲသည်။ သူမသည် တစ်ချိန်လုံး အလုပ်များနေပြီး ယခုအခါ အားလပ်နေပြီဖြစ်သောကြောင့် မြန်မြန်လုပ်ရမည်။
သူမသည် အခန်းကျဉ်းလေးတွင် အိပ်နေရသော်လည်း အနည်းငယ် ကျဉ်းကျပ်နေသေးသည်။ အခန်းကျဉ်းလေးထဲတွင် ပြတင်းပေါက်မရှိသဖြင့် ချင်ရှီးသည် သူမအိပ်သောအခါတွင် အသက်ရှူမဝသလို ခံစားရသည်။
အိပ်တဲ့အချိန် တံခါးဖွင့်ထားရမှာကို သိပ်သဘောမကျပါ။ လုကျဲ့ထျန်းနှင့်သူမက နာမည်ခံစုံတွဲများသာဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် မတော်တဆတွေ့မြင်လိုက်ရတာဟာ ရှက်စရာကောင်းလွန်းလှပေလိမ့်မည်။
သို့သော်လည်း ချင်ရှီးသည် အတွင်းခန်းဒီဇိုင်းအကြောင်းကို အနည်းငယ်သိယုံမျှသာသိပြီး စေ့စေ့စပ်စပ်နားမလည်ပါ။ထို့ပြင် အပြင်အဆင်ကို ကြီးကြီးမားမားပြောင်းလဲရန် မလွယ်ကူသောကြောင့် ဖြည်းညှင်းစွာသာ လုပ်ဆောင်နိုင်သည်။
ကျောင်းစဖွင့်ချိန်က တစ်နေ့ထက်တစ်နေ့ နီးကပ်လာပါပြီ။
ကုချင်းဟိုင်သည် ကျောင်းစစချင်းတွင် စတုတ္ထတန်းသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ သူသည် ချင်ရှီးမှပြုလုပ်ပေးထားသော အဝတ်အစားအသစ်ကို ၀တ်ဆင်ထားပြီး ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေးသမဝါယမတွင် သူမ ဝယ်ပေးခဲ့သော ဖိနပ်များလည်းရှိသေးသည်။
ထို့အပြင် သူသည် ဤအချိန်အတောအတွင်း ကောင်းကောင်းစားရပြီး စိတ်ပူပင်စရာလည်းမရှိသောကြောင့် ကုချင်းဟိုင်၏မျက်နှာသည် ပြည့်ဖြိုးနေကာ တက်ကြွပြီး ချောမောနေသည့် ကလေးငယ်ပုံစံပေါက်နေသည်။
ဖျင်ဖျင်နှင့် အန်အန်းတို့သည် လောဘတကြီး မျက်လုံးလေးများဖြင့် လွယ်အိတ်လွယ်ထားသော ကုချင်းဟိုင်နှင့် လွယ်အိတ်ပေါ်မှာ ချုပ်ပေးထားသည့် အရုပ်ကလေးကို စိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့အတွက်လည်း တစ်ခုစီလုပ်ပေးရန် ချင်ရှီးကို ပူဆာကြသည်။
သူတို့လေးတွေ နောက်နှစ် ကျောင်းတက်တဲ့အခါ ပိုကောင်းတဲ့တစ်ခု လုပ်ပေးမည်ဟု ချင်ရှီးက နှစ်သိမ့်ပေးလိုက်သည်။
ထိုစကားထွက်လာသည်နှင့် တပြိုင်နက် အန်အန်းသည် အကျပ်ရိုက်သွားရသည်။
ချင်ရှီးသည် အမြွှာများကို ကုချင်ဟိုင်းအား ကျောင်းပို့ရန် အတူတကွ ခေါ်သွားကာ ကုချင်းဟိုင်က အတန်းထဲသို့ ဝင်သွားသောအခါတွင် သူမသည် အမြွှာများကို သူငယ်တန်းသို့ ခေါ်သွားပြီး အထဲမှာ ဆော့ကစားနေကြသည့် ကလေးများနှင့် ကလေးကစားသည့်လျှောများကို ပြပေးလိုက်သည်။
အန်အန်းသည် လျှောကြီးကိုကြည့်ကာ ချက်ခြင်းပင် စိတ်လှုပ်ရှားသွားသည်။သူမ ကျောင်းတက်ရန် မငြင်းဆန်တော့ဘဲ ယခုနှစ်တွင်ပင် စာရင်းသွင်းချင်သွားသည်။
ချင်ရှီးက မေးမြန်းပြီးနောက်တွင် ဤနေရာတွင် သူငယ်တန်းအတွက် အတန်းငယ်တစ်ခုသာရှိပြီး အတန်းငယ်မှလက်ခံသော ကလေးများ၏ အနည်းဆုံးအသက်မှာ ငါးနှစ်ဖြစ်၍ အမြွှာများကို နောက်နှစ်အထိ စောင့်ရမည်ဖြစ်သည်။
အန်အန်းသည် မပျော်မရွှင်ဖြစ်သွား၍ ချင်ရှီး အနည်းငယ် အံသြသွားသည်။ ချင်ရှီးက သူတို့အား ကလေးကစားသည့်လျှောကိုကြည့်စေပြီးနောက် ထွက်သွားကြသည်။ ကျောင်းထဲဝင်လာတဲ့ ကလေးတွေ ငိုနေတာကိုမြင်ရင် သူတို့ ကြောက်ရွံ့ထိတ်လန့်သွားပြီး သူငယ်တန်းမတက်ချင်တော့မှာစိုးလို့ အတန်းထဲကိုခေါ်မပြဝံ့ပေ။
ချင်ရှီးသည် ဂီတဆရာတစ်ဦးဖြစ်သည်။ ကျောင်းစတက်သည့်နေ့သည် သူမနှင့် မသက်ဆိုင်ပါ။ သူမသည် သတင်းပို့ရန်၊ ရုံးနှင့်ရင်းနှီးရန်၊ အတန်းချိန်ဇယားတစ်ခုရယူရန်သာလိုသည်။
နေ့ခင်းဘက် ကျောင်းသွားတဲ့အခါ ကျုံးချန်နှင့်တွေ့ပြီး နှစ်ယောက်သား အချိန်အတော်ကြာ စကားစမြည်ပြောကြသည်။
ကျူံးချန်သည် ချင်ရှီး၏ ရှည်လျားသောဝတ်စုံကို အလွန်စိတ်ဝင်စားနေသည်။ သူမကိုယ်တိုင်ပြုလုပ်ထားသည်ကို သိရှိပြီးနောက် သူမ၏လက်စွမ်းကြောင့် သူမအား ထပ်ခါတလဲလဲ ချီးကျူးခဲ့ပြီး အချိန်ရသောအခါတွင် ဆိုင်မှာ ညစာအတူစားရန် သဘောတူပြီးနောက် ခွဲခွာခဲ့ကြသည်။
သူငယ်ချင်းအသစ်များဖွဲ့ထားသော ချင်ရှီးသည် သူမ၏မျက်နှာပေါ်တွင် အပြုံးဖြင့် အလယ်တန်းနှင့် အထက်တန်းကျောင်းရှိရာသို့ ဆက်လက်တက်သွားခဲ့ပြီး လူများစွာနှင့် တွေ့ဆုံကာ လူမှုအသိုင်းအဝိုင်းတစ်ခုရှိရန်အတွက် ပြင်ဆင်ရသေးသည်။
'အိမ်မှာ နေ့တိုင်းထိုင်နေရတာက ပျင်းစရာကောင်းတယ်'
ချင်ရှီးသည် ရုံးခန်းသို့ သတင်းပို့ရန် သွားကာ သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ပေါင်းသင်းရန် လွယ်ကူကြောင်း တွေ့ရှိရသဖြင့် သူမ စိတ်သက်သာရာ ရသွားသည်။
ဂီတဆရာမှာ ဂီတစာအုပ်တစ်အုပ်တောင် မရှိပေ။ ဘာသင်ပေးရမလဲဆိုတာကို ဂီတဆရာကသာ အဆုံးအဖြတ်ပေးနိုင်သည်။
သူမ အပြင်ထွက်ပြီးတာနဲ့ ယောက်ျားလေးဆရာတစ်ယောက်နှင့် တွေ့လိုက်ရသည်။ ချင်ရှီးက သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ခဲ့ပေမဲ့ တစ်ဖက်လူက အေးစက်စက် ခေါင်းညိတ်ပြပြီး ရုံးခန်းထဲကို လျှောက်သွားသည်။
ချင်ရှီးရဲ့မျက်နှာပေါ်က အပြုံးတွေက အေးစက်သွားပြီး စဉ်းစားနေမိသည်။
'ဘာဖြစ်တာလဲ။ သူက အရမ်း မာနကြီးတာများလား'
_***_