အပိုင်း (၅၁)
ညစာသည် အလွန်အရသာရှိပြီး အရောင်အသွေးနှင့်မွှေးရနံ့များ ပြည့်နှက်နေသည်။ ထမင်းစားပြီးနောက် လုယောင်သည် ချင်ရှီးကို အားပေးထောက်ခံသည့် အမာခံမိန်းကလေးဖြစ်သွားပြီး သူမနှင့် တစ်ချိန်လုံး စကားပြောလာ၏။
မေမေလုသည် ချင်ရှီးကို သူမသမီးအဖြစ် ဆက်ဆံခဲ့ပြီး အလွန်စိုးရိမ်ဂရုစိုက်၏။
ယောင်းမ၊ ယောက္ခမနှင့် ချွေးမတို့ ပေါင်းသင်းဆက်ဆံရေးကောင်းကြပြီး မိသားစုအငွေ့အသက်က အရမ်းသာယာလျက်ရှိသည်။ ညနေစောင်းတော့ မိသားစုတစ်စုလုံး အသီးအနှံတွေစားပြီး စကားစမြည်ပြောရင်း ပျော်ရွှင်စွာ ထိုင်နေကြသည်။
လုကျဲ့ထျန်းနှင့် ဖေဖေလုသည် ဖဲချပ်ကစားနေကြစဉ် ကုချင်းဟိုင်က အလေးအနက်ထားကြည့်နေသည်။
အပူပေး၍ရသော ကုတင်ပေါ်တွင် လေးထောင့်ပုံစံ စားပွဲငယ်လေးတစ်ခုရှိပြီး ဖရဲစေ့နှင့်မြေပဲပန်းကန်၊ လိမ္မော်သီးနှင့်ပန်းသီးပန်းကန်ပြားတို့ရှိသည်။ အမြွာများသည် စားပွဲပေါ်ရှိ ဖရဲစေ့များကို တစ်စေ့ပြီးတစ်စေ့ခွာစားကြသည့်အပြင် မေမေလုထံမှ လိမ္မော်သီးများကိုလည်း ရံဖန်ရံခါစားကြသေးသည်။
ချင်ရှီးနှင့် လုယောင်တို့သည် နံရံကို မှီ၍ ဤနေရာတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် အတင်းအဖျင်းများအကြောင်း မေမေလုပြောနေတာကို နားထောင်နေကြသည်။
ချင်ရှီးသည် ဤကဲ့သို့သော လေထုကို အလွန်နှစ်သက်သည်။ သူမ၏ တစ်ကိုယ်လုံး တည်ငြိမ်အေးချမ်းကာ နှုတ်ခမ်းကလည်း တစ်ချိန်လုံး ပြုံးနေခဲ့သည်။
စကားစမြည်ပြောရင်း ချင်ရှီးဘက်သို့ လှည့်ကာ မေမေလုက ရုတ်တရက်မေးသည်။
"ရှီးရှီး အဲ့ဒီအဝတ်အစားတွေချုပ်ရင်း ပိုက်ဆံရှာတာက ဘယ်သူမှ မင်းကို မတိုင်ဘူးမဟုတ်လား"
ချင်ရှီးသည် မေမေလုက ဘာကြောင့် ရုတ်တရက် မေးလာတာလဲဆိုတာ မသိပါ။
"ဟင့်အင်း အခုက ပြုပြင်ပြောင်းလဲရေးနဲ့ပွင့်လင်းမြင်သာမှုတွေလုပ်လာတာကြောင့် တိုင်းပြည်က ပြည်သူတွေကို ကိုယ်ပိုင်စီးပွားရေးလုပ်ခွင့်ပေးထားတယ်။ ငါ့ကို တိုင်ဖို့ဆိုတာ ဥပဒေနဲ့မညီဘူး”
“ဟမ်…”
မေမေလုသည် (စကားပြောလိုဟန်ဖြင့်) လျှာကို လိပ်လိုက်သည်။
“ဘာဖြစ်လို့ပါလိမ့်။ ဒီမှာ တစ်ယောက်ယောက်က မြို့က ပစ္စည်းတွေဝယ်ပြီး ပြန်ရောင်းတာ။ အတိုင်ခံရပြီး ဖမ်းမိသွားလို့ ပစ္စည်းတွေသိမ်းခံရပြီး ဒဏ်ငွေပေးဆောင်လိုက်ရတယ်”
မေမေလုက မျက်မှောင်ကြုတ်ကာ ပြောသည်။
“သူ့အိမ်မှာ ဖျားနာနေတဲ့ ကလေးတစ်ယောက်ရှိတယ်။ တစ်ပြားမှမမြတ်ဘဲ သူ့ဥစ္စာတွေတောင် ဆုံးရှုံးသွားရတယ်"
ချင်ရှီး : “သူက ဘာရောင်းတာလဲ။ ဘယ်မှာရောင်းတာလဲ”
မေမေလု : "ခွက်တွေ၊ သွားတိုက်ဆေးတွေ၊ ဖိနပ်တွေ၊ နေ့စဉ်သုံးပစ္စည်းတွေပေါ့။ ကျောင်းရှေ့မှာ ဈေးဆိုင်တစ်ခုလုပ်ပြီးတော့ရောင်းတာ"
"မှောင်ခိုဈေးကွက်လည်းမဟုတ်ပါဘူး။ သူတို့ရောင်းတဲ့ပစ္စည်းတွေက သာမန်အရာတွေမို့ ဘာဖြစ်တာလဲဆိုတာ မှန်းဆလို့မရဘူး"
ချင်ရှီးသည် ကြံစည်မှုအကြောင်းအရာအချို့ကို ရုတ်တရက်စတင်တွေးမိပြီး ဤကိစ္စသည် ဤမျှမရိုးရှင်းနိုင်ဟု မှန်းဆမိသည်။
"အဲဒါပြဿနာမရှိဘူးလား"
မေမေလုက အံ့ဩသွားရသည်။
"ဒါပေမဲ့ သူ ဒဏ်ငွေဆောင်လိုက်ရပြီး ရဲကလည်း ပစ္စည်းတွေကို သိမ်းသွားခဲ့တယ်"
"ရဲလား"
ချင်ရှီးက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"တကယ်လို့ ပြစ်မှုမြောက်ရင်တောင် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဗျူရိုရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိနေရမှာ။ ရဲက ဘာလို့ ဖမ်းရတာလဲ”
“တကယ်လား”
မေမေလုသည် မယုံကြည်နိုင်စွာ မေးလိုက်သည်။
"တကယ်ပါ"
ချင်ရှီးက ရှင်းပြသည်။
"ပြုပြင်ပြောင်းလဲရေးနဲ့ ပွင်းလင်းမြင်သာမှုတွေလုပ်ပြီးနောက်မှာ စက်မှုနဲ့ကူးသန်းရောင်းဝယ်ရေးဗျူရိုတွေကို ပြန်လည်ထူထောင်ခဲ့တယ်။ သူတို့က အားလုံး တာဝန်ယူရတယ်။ ပြည်သူ့လုံခြုံရေးက(ရဲ) တရားဥပဒေစိုးမိုးရေးကို တာဝန်ခံရတယ်။ ဘာလို့ တခြားကိစ္စကို ဝင်စွက်ဖက်ရတာလဲ"
ဒီထင်မြင်ချက်တွေကို ကြားတော့ မေမေလုသည် သူမပေါင်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
"ဟေး… ဒါ တကယ်ရှုပ်ထွေးတာဘဲ"
လုယောင်သည် အနည်းငယ် စပ်စုသွားချင်သွားသည်။
"မေမေ သေချာရှင်းပြပေးပါဦး"
မေမေလုက ရှင်းပြ၏။
"ငါကြားတာတော့ သူ အရင်က ပစ္စည်းတွေရောင်းတုန်းက အဆင်ပြေတယ်တဲ့။ ဖိနပ်တွေရောင်းပြီး နှစ်ရက်အကြာမှာ အတိုင်ခံလိုက်ရတာ။ ဒါတစ်ယောက်ယောက်က ချောက်တွန်းတာမဟုတ်လား"
“ဟမ်…ဘာဖြစ်လို့လဲ”
လုယောက်က နားမလည်ပေ။
“တိုင်တဲ့သူက ဖိနပ်ရောင်းတဲ့ အခြားတစ်ယောက်လား"
"ဖြစ်နိုင်တယ်"
မေမေလုသည် စိုးရိမ်တကြီး မျက်နှာထားဖြင့် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
“စက်ရုံမှာ အလုပ်လုပ်ရတဲ့အတွက် လူတိုင်း ဂုဏ်ယူကြပေမဲ့ ကိုယ်တိုင်ရောင်းတဲ့ လုပ်ငန်းရှင်တွေက အဲ့ဒီအလုပ်သမားတွေထက် အများကြီး ငွေပိုရတယ်”
မေမေလုသည် ဖရဲစေ့ကို စားပြီး ဆက်ပြောသည်။
“အခုတော့ ကိုယ်ပိုင်လုပ်ငန်းရှင်က နည်းနည်းဘဲ ရှိသေးတယ်ဆိုတော့ ကျေနပ်စရာပါဘဲ။ ကုန်ပစ္စည်းသေးသေးလေးတွေနဲ့ စျေးရောင်းတဲ့ဆိုင်တစ်ခုထူထောင်ပြီး ငွေရှာနိုင်တယ်။ တူညီတဲ့ကုန်ပစ္စည်းကိုရောင်းရင် ပြိုင်ဆိုင်မှုရှိလာပြီးမဟုတ်လား”
လုယောင်က ဝမ်းသာအားရဖြင့် ပြောသည်။
“မေမေ မင်းသိမယ်လို့ မထင်ထားဘူး။ အတွေးအမြင်လည်း အရမ်းပွင့်လင်းတယ်။ အခြားလူတွေက စီးပွားရေးလုပ်တဲ့သူတွေကို ရှုံ့ချကြတယ်”
ချင်ရှီးသည် ရယ်မောရင်း မေမေလုက ဒီလောက်အထိ ပွင့်လင်းဖို့ မမျှော်လင့်ထားပါ။
မေမေလုသည် ရယ်မောရင်းပြောသည်။
“အဲဒီဆိုင်တွေကိုသွားကြည့်ဖို့ ခရိုင်ကို သွားသေးတယ်။ အလုပ်ကကောင်းမယ်ဆိုရင် လူတွေလည်းလာကြလိမ့်မယ်။ မင်း ဒုတိယဦးလေးရဲ့သူဌေးကို မေးကြည့်မယ်။ လက်ကားဈေးက အရမ်းစျေးသက်သာပြီး အကျိုးရှိတယ်တဲ့။ ဒါပေမဲ့ အချိန်တော့ကြာတယ်"
“အလုပ်လုပ်တာ တစ်နှစ်မပြည့်သေးဘူး။ မင်းရဲ့ဒုတိယဦးလေးက TV လည်း ဝယ်ပြီးသွားပြီ။ အိမ်ဟောင်းကို ဖြိုချပြီး ပြန်ဆောက်တော့မယ်"
မေမေလုသည် ဖဲကစားနေတဲ့ ဖေဖေလုကို တစ်ချက်ကြည့်လိုက်သည်။
"မင်းအဖေ ကျန်းမာရေးမကောင်းတော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ခိုင်းဖို့ အနားယူခိုင်းရမယ်။ ငါလည်း ကုန်ပစ္စည်းတွေဝယ်ပြီး ဈေးဆိုင်တစ်ခုဖွင့်မယ်"
လုယောင်က ပွင့်ပွင့်လင်းလင်းရယ်မောပြီး ပြောသည်။
"မေမေ မင်းက တကယ်တော်တဲ့ သူရဲကောင်းဘဲ။ အံ့သြစရာကောင်းလိုက်တာ"
ချင်ရှီးကလည်း အလိုက်သင့်စွာပင် သုံးယောက်သား ရယ်မောလိုက်ကြသည်။
ချင်ရှီးက ခဏရပ်ပြီးနောက် ဆက်ပြောသည်။
"တကယ်တော့ ဝယ်တဲ့လမ်းကြောင်းကို ရှာတွေ့ပြီးရင် ပစ္စည်းတွေကို တစ်ယောက်ယောက်က မင်းဆီပြန်ပို့ပေးနိုင်ပြီဆိုတာနဲ့ အမေက အိမ်မှာ ဆိုင်သေးသေးလေးဖွင့်လို့ရပြီ"
မေမေလု၏ မျက်လုံးတွေက တောက်ပလာသည်။
"ဒါပေါ့။ မှန်တယ်"
"ဒါပေမဲ့ ကုန်ပစ္စည်းပြန်ပို့ပေးနိုင်မဲ့သူက ဘယ်သူမှမရှိဘူး"
လုယောင်က တွေးလိုက်သည်။
ချင်ရှီး : "မေမေ ဒုတိယဦးလေးမိသားစုက ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးလုပ်တာလဲ။ ပစ္စည်းတွေဘယ်မှာဝယ်လဲ။ သူကိုယ်တိုင် ပစ္စည်းတွေယူတာလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က လာပို့ပေးလား"
"သူက ပစ္စည်းဝယ်ဖို့ ရှန်းကျန့်ကိုသွားရတယ်။ ခရိုင်ထဲမှာ ဝယ်ပြီးရင် အထည်တွေအကုန်လုံးကို ကိုယ့်ဘာသာကိုယ် ပြန်ယူခဲ့ရပုံဘဲ။ အဲ့ဒီကို ရက်အတော်ကြာသွားပြီး ပြန်လာတိုင်း ကိုယ်အလေးချိန်ပေါင်အနည်းငယ်ကျသွားတတ်တယ်…လွယ်တော့မလွယ်ဘူး”
မေမေလုက သက်ပြင်းချလိုက်သည်။
'ဘယ်အရာမှလုပ်ရတာ မလွယ်ပါဘူး'
ချင်ရှီးက အနည်းငယ် မျက်မှောင်ကြုတ်ကာ ယခုခေတ်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့သည် ခေတ်နောက်ကျလွန်းပြီး အဝေးပြေးလမ်းများကို ပြုပြင်မွမ်းမံရန်မှာ အလွန်ခက်ခဲလှသည်။ ဒါကို သူမ အရင်က မတွေးခဲ့မိပေမဲ့ အခုတော့ ရုတ်တရက် သတိရသွားသည်။
မူလက စွန်းလီလိ၏ မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ပြီးနောက် အထည်များကို သက်သာသောစျေးနှုန်းဖြင့် မှာကြားနိုင်ခြင်း ရှိ၊မရှိကို သိရှိရန် စဉ်းစားထားသည်။ ယခုအခါ ဤနည်းဖြင့် စဉ်းစားကြည့်ပါက အထည်များကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်သော်လည်း တပ်ဝင်းအတွင်းသို့ သယ်ယူရန် ခက်ခဲမည် ဖြစ်သည်။
ကုန်ပစ္စည်းတစ်ခုခုကိုပို့ဖို့ အချိန်အတော်ကြာပြီး ကုန်ကျစရိတ်က မသက်သာလှပါဘူး။
ချင်ရှီးက သက်ပြင်းအနည်းငယ်ချလိုက်သည်။
"ကုန်ပစ္စည်းပို့တာက တကယ်ခက်တာဘဲ"
မေမေလုသည် နောင်တရပြီး နှမြောစိတ်အပြည့်ဖြင့်ပြောသည်။
"ရှောင်ထျန်းကသာ တပ်မှာမရှိခဲ့ဘဲ စီးပွားရေးလုပ်မယ်ဆို ငါ ဆိုင်သေးသေးလေး ရောင်းရနိုင်တယ်"
"ဒါဆို ကျွန်တော် တပ်ကထွက်လိုက်တော့မယ်"
လုကျဲ့ထျန်းက ရုတ်တရတ် ကြားဖြတ်ဝင်ပြောလိုက်ပြီး လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
မေမေလုသည် လုကျဲ့ထျန်းကို ခက်ထန်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းလုပ်တာ ငါ့ကို အရမ်းထိတ်လန့်သွားစေတယ်"
လုကျဲ့ထျန်းသည် သူ့မျက်နှာပေါ်တွင် အပြစ်ကင်းစင်သောအမူအရာဖြင့် ကုတင်အနားတွင် ထိုင်နေသည်။ သူက လိမ္မော်သီးတစ်လုံးကို လှမ်းကိုင်လိုက်သည်။
"ဒီမှာ ထိုင်နေတာ ကြာပါပြီ။ မင်းတို့က လေးလေးနက်နက် ပြောနေတာကြောင့်ပါ"
ချင်ရှီးတို့သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပေမဲ့ သူတို့တွေ တကယ်ကို သတိမထားမိခဲ့ကြပါဘူး။
"မေမေ ကျွန်တော် တပ်ကနေထွက်လိုက်မယ်ဆို မင်းဘယ်လိုထင်လဲ"
လုကျဲ့ထျန်းက လိမ္မော်သီးကိုစားရင်း ပြောလိုက်သည်။
သူ့စကားကြောင့် လူအများအပြား အံ့အားသင့်သွားခဲ့ကြပြီး သူသည် အလေးအနက်ထားပြောနေသည်လား နောက်ပြောင်နေသည်လား မသိကြပေ။
ချင်ရှီးက တပ်ဝင်းထဲက အိမ်ကိုခုမှပြန်မွမ်းမံထားလို့ ဒီအတိုင်း ထားခဲ့ရပြီး တကယ်ပြန်လာခဲ့ရရင် ဆုံးရှုံးမှုကြီးဘဲဟုတွေးကာ မျက်လုံးကိုမှိတ်ထားလိုက်တယ်။
'ဟာသကြီးတစ်ခုလိုပါလားနော်…'
မေမေလုသည် နည်းနည်းတော့ စိတ်လှုပ်ရှားနေသည်။ သူ့သားက အသက်ဆယ့်ရှစ်နှစ်မှာ တပ်ထဲဝင်ခဲ့သည်။ အခုဆို ဆယ်နှစ်တောင် ရှိသွားပြီဖြစ်ကာ အချိန်ကြာကြာ မတွေ့ရတာ နှစ်အတော်ကြာနေပြီ။ သူ့ကို အရမ်းလွမ်းနေခဲ့ရသည်။
ကျဲ့ထျန်းက ကလေးမွေးပြီးနောက် မေမေလုဖြစ်စေ လုယောင်ဖြစ်စေ ကလေးထိန်းရန် တပ်သို့သွားခဲ့သည်။ အထူးသဖြင့် လုယောင်ဟာ တက္ကသိုလ်တက်နေပြီး တခြားနေရာတွေကို သွားနေရကာ တစ်နှစ်မှာနှစ်ကြိမ်သာ အိမ်ပြန်နိုင်သည်။ ဖေဖေလုကတော့ အိမ်မှာ တစ်ယောက်တည်းနေပြီး မေမေလုလည်း စိတ်မကောင်းဖြစ်ရသည်။
လုကျဲ့ထျန်းက အပြစ်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ ရိုးရှင်းစွာဖြင့်သာ တပ်ကထွက်လာခဲ့မယ်ဆိုရင်…
မေမေလုသည် တကယ်ကို ရင်ထဲထိသွား၏။
သူမသည် ခဏမျှ တုံ့ဆိုင်းသွားကာ ရုတ်တရက် သက်ပြင်းချလိုက်သည်။
"တကယ်လို့ အကျိုးဆက်တွေကို တွေးကြည့်မယ်ဆိုရင် လုပ်ငန်းတစ်ခုစဖို့ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အမေက မင်းကို စောင့်ဖို့ အကြံပေးချင်တယ်။ လက်ရှိ ပတ်ဝန်းကျင်အနေအထားက သိပ်မဖော်ရွေသေးဘူး။ မူဝါဒပြန်ပြောင်းသွားပြီး ပုံမှန်အလုပ်မရှိရင် ဘာလုပ်နိုင်မလဲ”
“မေမေ လုပ်ငန်းလိုင်စင်တွေ ချပေးနေပြီ။ စည်းမျဉ်းစည်းကမ်းအမျိုးမျိုးကိုလည်း မြှင့်တင်နေပြီး နိုင်ငံတော်က ကိုယ်ပိုင်လုပ်ငန်းရှင်တွေကို စီးပွားရေးလုပ်ဖို့ အားပေးနေတယ်”
လုယောင်သည် ဤကဏ္ဍနှင့်ပတ်သက်၍ အလွန်အကောင်းမြင်မိသည်။
"မေမေသိပါတယ်။ ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် ပိုက်ဆံဆုံးရှုံးမှာကို ငါစိုးရိမ်နေတုန်းဘဲ။ မင်းအစ်ကိုမှာ ကလေးသုံးယောက်ရှိတယ်။ လွယ်လွယ်ဆုံးဖြတ်လို့ ဘယ်ဖြစ်မလဲ။ ကလေးသုံးယောက်က ပြုစုပျိုးထောင်ဖို့ မလွယ်ဘူး"
(အဆင်မပြေခဲ့ပါက)ထိုအချိန်တွင် လုကျဲ့ထျန်းနှင့် ချင်ရှီးတို့က ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရမည့်အစား တည်ငြိမ်သော လက်ရှိအလုပ်က ပိုကောင်းသည်ဟု မေမေလုထင်မိပါသည်။
လုကျဲ့ထျန်းသည် တပ်ရင်းမှူးဖြစ်ပြီး သူသည် တစ်လအတွက် ထောက်ပံ့ကြေးများစွာရှိသောကြောင့် ကောင်းစွာနေထိုင်နိုင်သည်။
အားလုံးသိကြတဲ့အတိုင်း ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုဟာ နှစ်နှစ်လောက်သာရှိသေးသည်။ သို့သော် လူတိုင်းက ဒါကို ကျင့်သုံးနေကြတယ်ဆိုတာလည်း သိသာပါသည်။
ချင်ရှီးသည် သတ္တိရှိလှ၍ လုကျဲ့ထျန်းနှင့်အတူ သို့မဟုတ် သူမကိုယ်တိုင် ကျယ်ပြန့်သော အသိုင်းအဝိုင်းဆီသို့ရောက်သွားကာ သူတို့သည် ကိုယ်ပိုင်အစွမ်းအစများဖြင့် ချမ်းသာလာမည်မှာ သေချာသော်လည်း သူမ ဘာမှ မပြောသေးပေ။
ဒီခေတ်မှာ ချမ်းသာဖို့ ဖြစ်နိုင်ပေမဲ့လည်း မလွယ်ပါဘူး။ အလုပ်ကြိုးစားမှုနှင့် အတွေ့အကြုံတွေလည်း အများကြီးလိုပါသည်။
ချင်ရှီးသည် သက်သောင့်သက်သာလေးသာ ရှိနေချင်ပြီး ခွေးလိုရုန်းကန်မနေချင်တော့ပါဘူး။
ချင်ရှီးသည် ထိုအရာကိုတွေးကာ လုကျဲ့ထျန်းကို လှည့်ကြည့်ရင်း သူ့စိတ်ထဲတွင် ဘာတွေးနေသည်ကို မသိနိုင်ခဲ့ပေ။
သူတကယ် စီးပွားရေးလုပ်ချင်ရင်တော့ သူ့နောက်ကို လိုက်ဖို့ကလွဲလို့ ရွေးစရာမရှိတော့ပါဘူး။
သူမ မလုပ်နိုင်တော့တာမဟုတ်ပါဘူး။ မလုပ်ချင်ယုံလေးပါဘဲ။
ဖေဖေလုသည် လုကျဲ့ထျန်အား သူဘာလုပ်ချင်သည်ကိုကြားလို၍ စိုက်ကြည့်နေသည်။
လူအားလုံး၏ အာရုံစိုက်မှုအောက်တွင် လုကျဲ့ထျန်းသည် လိမ္မော်သီးတစ်လုံးကို အေးအေးဆေးဆေးအခွံခွာနေ၏။
"ကျွန်တော်က ပေါ့ပေါ့ပါးပါးပြောနေတာပါ။ တပ်ကထွက်ပြီး စီးပွားရေးလုပ်ဖို့ ပြန်လာချင်တယ်ဆိုရင် နောက်ထပ်နှစ်နှစ်စောင့်ရမယ်။ ကျွန်တော်က အခုဆို လုပ်သက် ဆယ်နှစ်တောင်ရှိပြီ။ နှစ်နှစ်နေပြီးလို့ ဆယ့်နှစ်နှစ်ဆိုရင်တော့ အလုပ်ပြောင်းချင်ရင် တပ်က ကျွန်တော့်အတွက် ကောင်းကောင်း စီစဉ်ပေးမှာ ဖြစ်သလို တပ်ကထွက်ရင်လည်း ခွင့်ပြုမှာဘဲ။ အခုချိန် မထွက်သေးဘဲ တပ်ထဲမှာနေလိုက်တာက အကျိုးကျေးဇူးတွေ တိုးလာလိမ့်မယ်”
လုကျဲ့ထျန်းသည် လိမ္မော်သီးအနည်းငယ်ကို ပါးစပ်ထဲသို့ ပေါင်းထည့်လိုက်သည်။
"အချိန်တန်ရင် ထပ်ပြောကြရအောင်။ အလျင်စလို မရှိပါဘူး"
မေမေလုသည် သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ။ ငါတို့ နောက်မှပြောမယ်"
ရွေးချယ်စရာတွေ စဉ်းစားဖို့ အချိန်ရှိသေးတာမို့ အလျင်စလိုမရှိတော့ပါပေ။
ဖေဖေလုက အေးချမ်းစွာပြောသည်။
"ဘာဘဲဖြစ်ဖြစ် မင်းသေချာစဉ်းစားပြီး ပြည့်စုံအောင် ကြိုတင်ပြင်ဆင်ထားရမယ်"
လုကျဲ့ထျန်းက ခေါင်းညိတ်သည်။
"ဟုတ်ကဲ့ စိတ်မပူပါနဲ့"
လုကျဲ့ထျန်းက အားကိုးလို့မရတဲ့လူမဟုတ်မှန်း ဖေဖေလုကလည်း သိသောကြောင့် သူက အပိုမပြောတော့ဘူး။
ဤအကြောင်းအရာသည် ပြီးဆုံးသွားပြီး လူတိုင်းက အခြားအကြောင်းအရာများကို ပြောဆိုကြသည်။
ခဏအကြာ အမြွှာများသည် ပင်ပန်းစပြုလာကာ မျက်လုံးဖွင့်ရန်မစွမ်းနိုင်တော့ဘဲ အလွန်အမင်း အိပ်ငိုက်လာကာ အိပ်ပျော်သွားကြသည်။
လုမိသားစုတွင် အခန်း ၃ ခန်း ရှိပြီး အားလုံးမှာ သီးသန့်ကုတင်မပါသော အပူပေးကုတင်များဖြစ်ကြသည်။
မေမေလုသည် အမြွှာများ အိပ်ငိုက်လွန်းနေပြီကို မြင်သောကြောင့် သူမသည် သူတို့ကို ဤနေရာတွင် အိပ်စေကာ သူမနှင့်လုယောင်တို့က အတူ လိုက်အိပ်ကြသည်။
ဖေဖေလုနှင့် ကုချင်းဟိုင်က အခန်းတစ်ခန်းမှာအိပ်ပြီး လုကျဲ့ထျန်းနှင့် ချင်ရှီးတို့အတွက် အခြားအခန်းကို ပေးထားခဲ့သည်။
"ကလေးကို ပြုစုရတာ ပင်ပန်းနေပြီလား။ အခုပြန်လာတဲ့အချိန် ကလေးကို ငါတို့နဲ့အတူ အိပ်ခိုင်းလိုက်မယ်။ မင်းတို့ နှစ်ယောက် ကောင်းကောင်း အနားယူကြပါ"
မေမေလုက ရယ်မောပြီး လုကျဲ့ထျန်းကို တံခါးအပြင်ဘက် တွန်းထုတ်ကာ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
လုယောင်လည်း ရယ်မောလိုက်ပြီး တံခါးကို အမြန်ပိတ်ဖို့ မေမေလုကို တိုက်တွန်းလိုက်သည်
" မြန်မြန်လုပ်လေ။ အစ်ကိုကြီးနဲ့ ယောင်းမကို မနှောင့်ယှက်ပါနဲ့တော့။ နှစ်ယောက်သားအတွက် သီးသန့် ကမ္ဘာတဲ့လား။ ဒါ ကောင်းတဲ့ ဖော်ပြချက်ဘဲ"
မေမေလုသည် အပြုံးဖြင့် တံခါးကိုပိတ်လိုက်သည်။
တံခါးအပြင်ဘက်တွင် လုကျဲ့ထျန်းနှင့် ချင်ရှီးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်လည်း နှစ်ယောက်လုံး စကားမပြောကြပေ။
ချင်ရှီး၏ အဆင်မပြေလှသော မျက်လုံးများကို မြင်လိုက်ရတော့ လုကျဲ့ထျန်းက ပြောသည်။
"အဖေနဲ့ရှောင်ဟိုင်တို့ဆီ သွားအိပ်လိုက်တော့မယ်"
ချင်ရှီးက မီးပိတ်ထားတဲ့ ဒုတိယအခန်းကို ကြည့်လိုက်ပြီး သက်ပြင်းနည်းနည်းချလိုက်သည်။
"အားလုံးအိပ်ကြတော့မယ်။ မေ့လိုက်ပါတော့။ အဲ့လိုလုပ်ရင် ငါတို့ကို သံသယရှိလာလိမ့်မယ်"
လုကျဲ့ထျန်း၏ မျက်တောင်များ တုန်ခါသွားကာ နှလုံးခုန်သံများလည်း ရုတ်တရက် မြန်လာရလေပြီ။
"ကောင်းပြီလေ"
_***_