အပိုင်း (၃၇)
ဘီစကွတ်စားပြီးနောက် လုကျဲ့ထျန်းသည် ဟေးဟူးနှင့် အခြားတပ်သားကို ခေါ်သွားသည်။
ကားပေါ်မတက်ခင် လုကျဲ့ထျန်းသည် ပြတင်းပေါက်ကနေခေါင်းငုံ့ပြီး ချင်ရှီးကိုပြောသည်။
" မင်းက အသေးအမွှားလေးတွေကိုဘဲ အရင်လျှော်ထားဦး။ အိပ်ယာခင်းနဲ့ စောင်အဖုံးတွေအတွက်က မနက်ဖြန်နေ့လည်ဆို ငါအားတယ်"
ချင်ရှီးက ပြုံး၍ ခေါင်းညိတ်ပြပြီး သူတို့ထွက်သွားတာကို ကြည့်နေသည်။
အနီးအနားက ကြည့်ရှုသူများသည် ဤမြင်ကွင်းကို မြင်သောအခါ အဓိပ္ပာယ်ပါသော "ကျွတ်…ကျွတ်…ကျွတ်"ဟူ၍ စုတ်သတ်နေသည့်အသံများ ပြုလုပ်ကြသည်။
"ကြည့်စမ်း တပ်မှူးလုက သူ့မိန်းမကို ဘယ်လောက်ချစ်လဲ"
"ဆောင်းရာသီမှာ ရေအေးပြီး အဝတ်လျှော်ရခက်မှာကို စိုးရိမ်လို့ အဝတ်လျှော်စက်ဝယ်ပေးခဲ့တာ"
"ဘာလို့ ငါအမျိုးသားကတော့ ဒီလောက်ဂရုစိုက်နွေးထွေးပေးတာမျိုးမလုပ်ရတာလဲ။ ဒါမှမဟုတ် ငါများ ရူးသွားခဲ့လို့လား"
"သူ(မ)က တပ်မှူးလုကို လက်ထပ်လိုက်တာ ဘဝကအရမ်းကောင်းသွားတာဘဲ။ အစားအသောက်၊ အဝတ်အစားအတွက် စိတ်ပူစရာ မလိုဘူး။ ကလေးသုံးယောက်ကလည်း ဉာဏ်ကောင်းလွန်းတယ်။ ဘဝကတကယ်ကောင်းတယ်"
ချင်ရှီးသည် လူတိုင်းကို ဂရုမစိုက်တော့ဘဲ တံခါးကိုပိတ်ပြီး လှည့်ကာ အိမ်ထဲပြန်ဝင်သွားသည်။
"ကျွတ်…"
တစ်ယောက်ယောက်က အထင်အမြင်သေးပြီး မျက်လုံးပြူးကာပြောသည်။
"သူ(မ)က တစ်နေကုန် တံခါးကို အမြဲပိတ်နေတယ်။ ဘာကိုဂရုစိုက်နေလဲ မသိဘူး။ ငါတို့မိသားစုဝင်းထဲမှာ သူခိုးတွေ ရှိနေလို့လား"
တစ်ချို့လူတွေက သူပြောတာကို သဘောတူပုံရပြီး တစ်ချို့ကတော့ သူ့ကိုလှောင်ရယ်ကြသည်။
'နိုးနိုးကြားကြားရှိတော့ရော ဘာဖြစ်သလဲ။ မိသားစုခြံဝင်းအတွင်းမှာ လျှို့ဝှက်အန္တရာယ်မရှိဘူးလို့ ဘယ်သူကအာမ,ခံနိုင်လို့လဲ'
ချင်ရှီး အခန်းထဲပြန်ရောက်သောအခါ အဝတ်လျှော်စက်ပတ်ပတ်လည်တွင် နဂါးနှင့်ဖီးနစ်အမြွာများက စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ချင်ရှီး : "ညစ်ပတ်တဲ့အဝတ်အစားတွေ ယူလာပြီး စမ်းကြည့်ကြမယ်"
အမြွှာနှစ်ယောက်က ခုန်ထပြီး ချင်ရှီးရဲ့ နံဘေးကို ပြေးလာကာ ညစ်ပတ်နေတဲ့ အဝတ်တွေကိုယူဖို့ သူမနှင့်အတူ လိုက်သွားသည်။
ချင်ရှီးသည် လွန်ခဲ့သော နှစ်ရက်က အဝတ်မလျှော်ရသေးပါ။ ထို့ကြောင့် အဝတ်လျှော်စက်သည် ခိုင်ခံ့မှုရှိမရှိ၊ လှည့်ပတ်ပုံ မှန်မမှန်၊ သန့်ရှင်းစွာလျှော်ဖွတ်မှုရှိမရှိ စစ်ဆေးကြည့်ရန် အရန်သင့်ပင်။
ရာသီဥတုကအေးလို့ အဝတ်အစားတွေက နေ့တိုင်း လဲလှယ်မဝတ်ပေမဲ့ အတွင်းဝတ်တွေကတော့ ရက်ပိုင်းနှင့်တင် လဲဝတ်ရသည်။ လုမိသားစုတွင် လျှော်ဖွပ်မထားဘဲဝတ်သောအဝတ်အစားများ မရှိပေ။ ချင်ရှီးသည် သန့်ရှင်းခြင်းကို နှစ်သက်သည်။ သူမ အဝတ်လျှော်တိုင်း အဝတ်အစားများစွာရှိကာ လျှော်ရန်နှစ်နာရီကြာသည်။
လုကျဲ့ထျန်းသည် ယခင်က အဝတ်လျှော်စက်ဝယ်နိုင်ရန်လမ်းကြောင်းကို တစ်ခါမျှမရှာဖွေနိုင်ခဲ့ဘဲ ချင်ရှီးမှာ ပိုက်ဆံနှင့် လက်မှတ်ကို အားကိုးရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သို့သော် လုကျဲ့ထျန်းသည် အဝတ်အစားများလျှော်ဖွပ်ရာတွင် မကြာခဏကူညီပေးသောကြောင့် ချင်ရှီးသည် အဝတ်လျှော်စက်ဝယ်ရန်ကိစ္စကို ခေတ္တရပ်ထားခဲ့သည်။
မူလက သူမသည် ယခုနှစ်တွင် အဝတ်လျှော်စက်ကို မရနိုင်တော့ဟုတွေးကာ စွန့်လွှတ်ခဲ့သော်လည်း လုကျဲ့ထျန်းသည် စကားတစ်ခွန်းမှမပြောဘဲ ဝယ်ချလာဖို့ မမျှော်လင့်ခဲ့ပေ။
ချင်ရှီးသည် အဝတ်လျှော်စက်ထဲသို့ ညစ်ပတ်သောအဝတ်တစ်အုပ်ထည့်ကာ ဆပ်ပြာမှုန့်နှင့်ရေဖြင့်လောင်းကာ ခလုတ်ကိုဖွင့်လိုက်ရာ အဝတ်လျှော်စက်သည် ချက်ချင်းအလုပ်လုပ်လာသည်။
"ဟူး…ဟူး…ဟူး"
နဂါးနှင့်ဖီးနစ်လေးတို့သည် ကုလားထိုင်ပေါ်တွင်ရပ်ကာ အဝတ်လျှော်စက်လည်နေခြင်းကိုကြည့်နေကြသည်။ ချင်ရှီးက ခလုတ်ကိုထောက်လိုက်သည်နှင့် အဝတ်နှင့်ရေများသည် အလွန်ဆန်းကြယ်သော ဘောလုံးတစ်လုံးအဖြစ် တွန့်လိမ်ကောက်ကွေးသွားကြသည်။
"အံ့ဩစရာဘဲ။ သူ့အလိုလို ရွေ့လျားသွားနိုင်တယ်နော်"
"မေမေက အဝတ်မလျှော်တော့ဘူးပေါ့"
"ဒီနည်းနဲ့ဆို ငါတို့နဲ့ကစားဖို့ အချိန်ပိုရလာလိမ့်မယ်"
အန်အန်းသည် စိတ်လှုပ်ရှားစွာ ခုန်လိုက်၍ ချင်ရှီးကထိတ်လန့်တကြား ကမန်းကတန်း သူမ ကိုထိန်းလိုက်ရသည်။
"အန်အန်း…"
အသိစိတ်ဝင်လာသော အန်အန်းသည် ချင်ရှီးကို လေးလေးနက်နက်မျက်နှာဖြင့် ကြည့်ကာ အမြန်တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် မေမေ။ သမီးက ကုလားထိုင်ပေါ်ကနေ ခုန်မချသင့်ဘူး။ နောက်တစ်ခါထပ်မလုပ်တော့ပါဘူး"
အန်အန်းကိုကြည့်ရသည်မှာ သူ့ကိုယ်သူ ဆိုးသွမ်းသောကလေးမှန်းသိ၍ တောင်းပန်နေသလို ပြုမူချင်တဲ့စိတ်ကြောင့် ချင်ရှီးသည် ချော့မော့သည့်မျက်နှာဖြင့် အန်အန်း၏ နှာတံလေးကို ချုပ်တည်းရာမဲ့စွာ တို့ထိလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"မင်း လဲကျသွားရင် နာကျင်ရလိမ့်မယ်"
အန်အန်းသည် ခေါင်းညိတ်ပြီး ကုလားထိုင်ပေါ်မှ အသာအယာဆင်းကာချင်ရှီး၏ကို ပွေ့ဖက်ပြီး သူမ၏ မျက်နှာပေါ်တွင် နူးညံ့ပြီး ချစ်စရာကောင်းသော အပြုံးဖြင့်ကြည့်နေသည်။
ချင်ရှီးသည် သူမ၏စိတ်ထဲတွင် သက်ပြင်းချမိသည်။ အန်အန်းသည် ဉာဏ်ကောင်းလွန်းပြီး လိုက်လျောညီထွေနေတတ်ကြောင်း သူမ သိသည်။ အမှားတစ်ခုခုလုပ်မိသည်ကို သိသောအခါ ချက်ချင်းတောင်းပန်ပြီး ကလေးလေးလို ပြုမူပြလိုက်ရာ ခွင့်မလွှတ်ဘဲနေလိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပေ။
အရေးကြီးဆုံးအချက်မှာ ချင်ရှီးအတွက် ကူကယ်ရာမဲ့ပြီး ကျေနပ်အားရစေသည့်အပြုအမူကတော့ သူမသည် တူညီသောအမှားကို ဘယ်တော့မှ နှစ်ကြိမ်မလုပ်မိခြင်းဖြစ်သည်။
"သွားကစားကြတော့။ မေမေက အတွင်းခံဘောင်းဘီကို လျှော်ပေးထားမယ်"
ချင်ရှီးက သူတို့နှစ်ဦး၏ခေါင်းကို ပွတ်သပ်လိုက်သည်။
"သမီးက အဝတ်လျှော်စက်ကို ကြည့်ချင်တယ်"
အန်အန်းသည် အဝတ်လျှော်စက်ကို အလွန်သိချင်နေသေးသောကြောင့် သဘာဝကျစွာပင် သူမ အပြင်မထွက်ချင်ပေ။
ချင်ရှီးကငြင်းသည်။
"ဟင့်အင်း။ မင်းက အရမ်းအရပ်ပုနေတယ်။ လူကြီးတွေ အနားမှာ မရှိတဲ့အချိန် မင်း ကုလားထိုင်ပေါ်မှာ တစ်ယောက်တည်း ရပ်နေရင်း မတော်တဆ ပြုတ်ကျလို့ အဝတ်လျှော်စက်ထဲ ပြုတ်ကျပြီး တစ်ခါတည်း လည်သွားရင် ဘယ်လိုလုပ်မလဲ"
အန်အန်းသည် ချင်ရှီး၏လက်မောင်းကို လှုပ်ရမ်းကာ စူးစူးစိုက်စိုက် ကြည့်နေသည်။
"မေမေ ...သားက သတိထားပြီး ကြည့်ပါ့မယ်"
ဖျင်ဖျင်သည်လည်း သမင်တစ်ကောင်လို ကြည်လင်သော မျက်လုံးကြီးများဖြင့် ချင်ရှီးကို ကြည့်ကာ သူ့မျက်လုံးများတွင် မျှော်လင့်တောင်းတချက်များ ပြည့်နှက်နေသည်။
ချင်ရှီးက ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်ကာ သူတို့ကို ကုလားထိုင်ပေါ် မတ်တပ်ရပ်ခိုင်းပြီး လက်တစ်ဖက်နှင့် ထိန်းထားပေးသည်။ အဝတ်လျှော်စက်ရပ်သွားချိန်မှာတော့ အင်္ကျီကို အခြားလက်တစ်ဖက်နှင့် ကောက်ယူလိုက်သည်။
ချင်ရှီးက အဝတ်ကော်လာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး အမြွှာနှစ်ယောက်ကို လှမ်းဆွဲလိုက်သည်။
"အဝတ်လျှော်စက်က လှည့်လာပြီဆို အန္တရာယ်များတာမို့ မြန်မြန်လုပ်"
အမြွာနှစ်ယောက်က ဘာကြောင့်မှန်းမသိပေမဲ့ နှစ်ယောက်သား အမြှုပ်နည်းနည်းရှိနေသည့် ရေစိုအဝတ်အစားကို ကိုင်ဆွဲထားကြသည်။
ချင်ရှီးသည် သူမ၏ခွန်အားကို သင့်လျော်သလောက် ဖြေလျော့ကာ အဝတ်လျှော်စက်ကို ဖွင့်လိုက်ကာ ရောနှောထားသောအဝတ်များကို လှည့်ပတ်စေ၏။ နဂါးနှင့်ဖီးနစ်အမြွာများသည် ကြီးမားသောဆွဲငင်နေသည့်စွမ်းအားကို ခံစားလိုက်ရပြီး အလွန်ထိတ်လန့်သွားကြသည်။
ဖျင်ဖျင်သည် ဆွဲထားသောအဝတ်စကို လွှတ်ချလိုက်ပြီး အန်အန်းက ထပ်ခါထပ်ခါ အော်ဟစ်လိုက်သည်။ ချင်ရှီးက သူတို့ကို လက်တစ်ဖက်နှင့် တင်းတင်းကြပ်ကြပ်ထိန်းကိုင်ကာ အဝတ်အစားတွေကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အန်အန်းကို အဝတ်စကိုင်ထားသည်ကို လွှတ်ချခိုင်းလိုက်သည်။
အန်အန်းက ချက်ချင်းဘဲ သူမကိုင်ထားသည့် အဝတ်အစားတွေကို လွှတ်လိုက်ပြီး အဝတ်လျှော်စက်အနားကို လှမ်းဆွဲချင်ပေမဲ့ မဝံ့ရဲဘဲ ချင်ရှီးရဲ့လက်ကိုသာ နောက်ပြန်ဆွဲကိုင်ထားလိုက်သည်။
"အဝတ်လျှော်စက်ရဲ့အစွမ်းက ကြောက်စရာကောင်းလား"
ချင်ရှီးက အဝတ်လျှော်စက်အဖုံးကို ပိတ်ကာ နှစ်ယောက်သားကို ဘေးတိုက်ကြည့်၍ မေးလိုက်သည်။
နဂါးနှင့်ဖီးနစ်အမြွာတွေရဲ့ မျက်နှာလေးတွေက ဖြူဖျော့သွားကာ အားနည်းစွာ ခေါင်းညိတ်ကြသည်။
"မင်းတို့ မတော်တဆ ပြုတ်ကျပြီး ဒီအဝတ်အစားကို ဆွဲလိုက်မိရင် နာကျင်သွားမှာ သေချာတယ်"
ချင်ရှီးက အဝတ်တွေကိုင်ထားသည်ကို ဖြည်လိုက်ကာ လက်ပေါ်က ရေတွေကို ခါချလိုက်ပြီး အမြွာတွေကို လေးလေးနက်နက် ကြည့်သည်။
"ငါ တခြားအဝတ်လျှော်ဖို့ ခြံထဲသွားတဲ့အချိန် မင်းတို့က ဒီမှာကျန်နေခဲ့ပြီး ကြည့်နေမယ်ဆို အရမ်းအန္တရာယ်များတယ်"
"အဝတ်လျှော်စက်က လှည့်နေမှသာ ထိခိုက်နာကျင်စေမှာလားလို့ မမေးနဲ့ဦးနော်။ ဒီထဲမှာ ရေတွေအများကြီးရှိတယ်။ မင်းတို့က ရေမကူးနိုင်ဘူး။ ပြုတ်ကျပြီး ရေနစ်သွားရင် ဘယ်လိုလုပ်ကြမလဲ”
ချင်ရှီးက အဆိုပါ ဖြစ်နိုင်ချေရှိသည်များကို ခြိမ်းခြောက်လိုက်ကာ ရှင်းလင်းပြောကြားလိုက်သည်။ ကလေးများသည် ဘာမှနားမလည်ဘဲ မတော်တဆမှုဖြစ်ပါက ကယ်ဆယ်ရန်အတွက် အချိန်နှောင်းသွားတတ်ပေ၏။
အမြွှာနှစ်ယောက်က ခေါင်းညိတ်ပြသည်။ အဝတ်လျှော်စက်က အစွမ်းထက်လွန်းသဖြင့် သူတို့က ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
“မေမေ သားတို့ မကြည့်တော့ဘူး"
ဖျင်ဖျင်သည် အဝတ်လျှော်စက်ကို အနည်းငယ်ကြောက်သွားသလို ခံစားလိုက်ရသည်။
ချင်ရှီးက သူတို့နှစ်ယောက်ကို ပွေ့ဖက်ကာ မြေကြီးပေါ်ချပေးလိုက်ပြီး နှစ်သိမ့်သည်။
"မင်းတို့ကြည့်လို့ရတယ်။ ဒါပေမယ့် လူကြီးတစ်ယောက်နဲ့အတူရှိနေရမယ်။ အဝတ်လျှော်စက်ကို မင်းတို့ အံ့သြလို့ရတယ်။ ဒါပေမဲ့ အရမ်းကြောက်စရာမလိုဘူး။ ဒါက လူလုပ်စက်ပစ္စည်းတစ်ခုဘဲ။ ဒါကစနစ်တကျလည်ပတ်နေတယ်ဆိုရင် စက်ကောင်းတစ်ခုဖြစ်ပြီး အထောက်အကူကောင်းဖြစ်လိမ့်မယ်။ နောက်ခါတွေမှာ ထပ်ကြည့်ဖို့ အချိန်တွေရှိပါသေးတယ်။ မင်းတို့အားလုံး ပေါင်မုန့် မစားချင်ဘူးလား။ ခဏနေ မုန့်လုပ်ပေးဖို့ အချိန်ရတော့မယ်"
အမြွာတွေရဲ့ အမူအရာက နောက်ဆုံးတော့ ပြေလျော့သွားပြီး ပြုံးနေတဲ့ မျက်နှာများဖြစ်လာသည်။
"ကောင်းပြီ။ အနာဂါတ်မှာ မင်းတို့တွေ အဝတ်လျှော်စက်ကိုကြည့်ဖို့ မင်းတို့နဲ့အတူ ဖေဖေ့ကို စောင့်ခိုင်းပေးမယ်"
ကလေးများက လှမ်းအော်ကြသည်။
" မေမေ မေမေ့ရဲ့လက်မှာ ဆပ်ပြာအမြှုပ်တွေရှိနေတယ်"
ချင်ရှီးသည် တမင်တကာ လက်ဆွဲနှုတ်ဆက်သည့် လက်ဟန်ခြေဟန်လုပ်လိုက်သည်။ အမြွာများသည် ကြောက်လန့်တကြား အော်ဟစ်ကာ ပုန်းရှောင်ကြသည်။ ခဏလောက် ကစားပြီးနောက် ချင်ရှီးက သူတို့နှစ်ယောက်အဆင်ပြေနေတာကိုတွေ့တော့ အတွင်းခံဘောင်းဘီကို ရေဆေးဖို့ထွက်လာခဲ့သည်။
"မေမေ ဒါတွေကို အဝတ်လျှော်စက်ထဲကို ဘာလို့ မထည့်တာလဲ"
အန်အန်းသည် ချင်ရှီး အဝတ်လျှော်သည့်နောက်လိုက်သွားရင်း စပ်စုသည်။
“အတွင်းခံဘောင်းဘီက ခန္ဓာကိုယ်မှာ ၀တ်ထားရပြီး ငါတို့ခန္ဓာကိုယ်ရဲ့ သီးသန့်အစိတ်အပိုင်းတွေကို ကာကွယ်ပေးတယ်”
ချင်ရှီးက ရှင်းပြသည်။
"အဝတ်လျှော်စက်ထဲမှာ မမြင်ရတဲ့ ညစ်ပတ်တဲ့အရာတွေ ရှိနေတယ်။ အဲ့ဒီအရာတွေပါလာရင် ခန္ဓာကိုယ်ထဲကိုတောင် ရောက်သွားနိုင်တယ်"
အန်အန်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး ဖျင်ဖျင်က ဆက်မေးသည်။
"မမြင်ရတဲ့ညစ်ပတ်တဲ့အရာတွေက ဘာတွေလဲ။ ဘာလို့ အပြင်ဝတ်တွေကျတော့ အဆင်ပြေပြီး အတွင်းခံတွေကတော့ မရတာလဲ"
"ဟုတ်တယ် ဟုတ်တယ် ဘာဖြစ်လို့လဲ"
နှစ်ယောက်စလုံးက စပ်စုတဲ့ ကလေးလေးတွေ ဖြစ်သွားကြသည်။
ချင်ရှီးက ထပ်ရှင်းပြသည်။
"မမြင်ရတဲ့ညစ်ပတ်တဲ့အရာတွေက ဘတ်တီးရီးယားပိုးမွှားတွေဖြစ်ပြီး လူတွေကို ဖျားနာစေနိုင်တယ်"
"ဘတ်တီးရီးယားတွေကဘာလဲ။ ဘာလို့လူတွေကို ဖျားစေရတာလဲ"
ချင်ရှီး : "မင်းတို့ကြီးလာရင် ဇီဝဗေဒအတန်းကို သင်ယူရလိမ့်မယ်”
သူမဟာ အချိန်အတော်ကြာအောင် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာမဟုတ်ဘဲ ရှင်းပြရင်တောင် ကလေးတွေက အခုအရွယ်မှာ နားမလည်နိုင်ကြပါ။
"ဇီဝဗေဒအတန်းဆိုတာ ဘာလဲ။ ကြီးလာရင် သင်ရမှာလား"
"မကြီးပြင်းလာရင်ရော အဆင်ပြေလား။ ငါက မကြီးပြင်းချင်ဘူး"
အမြွာတွေက အချင်းချင်းကြည့်လိုက်ပြီး စကားတွေ မရေမတွက်နိုင်အောင်ပြောနေကြသည်။ ချင်ရှီး ဘာဘဲပြောပြော တစ်ယောက်ပြီးတစ်ယောက် မေးခွန်းတွေ မေးကြကာ သူတို့အားလုံးမှာ နားမလည်နိုင်တဲ့ ပြဿနာအသစ်တွေ ကြုံလာရလိမ့်မည်ဖြစ်သည်။
ချင်ရှီးက ဒီအကြောင်းအရာကို ဆက်မလုပ်နိုင်တော့ဘူးဆိုတာ သိလိုက်သည်။
"မင်းတို့မှာ မေးခွန်းတွေ အရမ်းများနေတယ်။ ငါမဖြေနိုင်တော့ဘူး။ မင်းတို့ကို ပိုက်ဆံတစ်သိန်းနဲ့ သူများဆီရောင်းလိုက်တော့မယ်။ နောက်ရက်ကျမှ မင်းတို့ဖေဖေနဲ့ အစ်ကို့ကို ရှင်းပြခွင့်ပေးခိုင်းလိုက်မယ်။ ကဲ… အဝတ်လျှော်ဖို့ အာရုံစိုက်ပါရစေဦး”
အဖြေမရသော အမြွာနှစ်ယောက်သည် အနည်းငယ် ငြိမ်သက်သွားကြပြီး သူမကို အနှောက်အယှက်မပေးတော့ဘဲ စာအုပ်တွေကြည့်ဖို့ သွားလေကြသည်။
သူတို့လေးတွေကို မောင်းထုတ်ပြီးနောက် ချင်ရှီးသည် သက်ပြင်းတစ်ချက်ချကာ အဝတ်လျှော်ရန် ခေါင်းကို ငုံ့ထားလိုက်သည်။
ဒီအရွယ်ကလေးတွေက ပြဿနာရှာတတ်တဲ့ အရွယ်လေးတွေဖြစ်ကာ အမြွှာလေးတွေက ပြဿနာရှာတတ်ခြင်းမရှိဘဲ အိမ်မှာအနေများကာ အေးအေးဆေးဆေး နေတတ်ကြသည်။
အဝတ်လျှော်ပြီးနောက် ချင်ရှီးက ခြံထဲမှာ အခြောက်လှန်းပြီး ကြက်သွန်မြိတ်တွေကို လှီးဖြတ်၍ ဘေးအိမ်က အန်တီကျောင်းဆီ ပို့ပေးသည်။
ခဏကြာတော့ အန်တီကျောင်းသည် ဟင်းနုနွယ်ရွက်တစ်ဆုပ်စာနှင့်အတူရောက်လာပြီး ခြံထဲမှာ လှန်းထားသည့်အဝတ်အစားတွေကို လှမ်းကြည့်ရင်း အံ့သြတကြီးဖြင့်ပြောသည်။
"ဘယ်လောက်ကြာပြီလဲ။ မင်းလျှော်ထားတာ အရမ်းများနေပြီဘဲ"
ချင်ရှီး : များတယ်မလား။ အဝတ်တွေကို ရေထဲပစ်ထည့်လိုက်ယုံဘဲ။ အရမ်းအဆင်ပြေတယ်”
အန်တီကျောင်းက တုန်လှုပ်သွားသော်လည်း စကားအနည်းငယ်ပြောကာ သက်ပြင်းချလိုက်သည်။
"ဒီရက်ပိုင်း ရာသီဥတု သာယာမယ်လို့ ရေဒီယိုကနေ ကြားတယ်။ ဒါကြောင့် မနက်ဖြန် အိပ်ယာခင်းနဲ့စောင်တွေကို လျှော်ပြီး နေပူထဲ အခြောက်ခံမယ်"
ချင်ရှီးက အန်တီကျောင်းရဲ့ ဟင်းနုနွယ်ရွက်ကို ယူလိုက်သည်။
"အန်တီ မနက်ဖြန် အိပ်ယာခင်းတွေနဲ့ စောင်တွေကို ဒီကိုယူလာလိုက်။ အတူတူ လျှော်လိုက်မယ်။ မနက်ဖြန် ကျဲ့ထျန်းလည်း အိမ်မှာရှိနေမှာမို့ သူ့ကိုစောင့်ခိုင်းလိုက်ပါ။ တစ်နေ့တာအားလပ်မှုလေးကို ခံစားလိုက်"
အန်တီကျောင်းသည် သူမလက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းလိုက်သည်။
“ရပါတယ် ငါ့ဘာသာလျှော်လိုက်မယ်။ နင်ငါ့ကို ဘာလို့ ယဉ်ကျေးရတာလဲ"
ထို့နောက် တံခါးကိုတွန်းဖွင့်လိုက်သည်။
ထိုစဉ် ကျန်းချွေ့သည် ပန်းသီးနှစ်လုံးနှင့် လှမ်းဝင်လာသည်။
"အန်တီကျောင်းက မင်းကို ယဉ်ကျေးနေပေမဲ့ ငါတော့ မင်းကို မယဉ်ကျေးတော့ဘူးနော်"
"အန်တီမလျှော်ရင် ငါလျှော်လိုက်မယ်"
ကျန်းချွေ့သည် ပန်းသီးနှစ်လုံးကို ချင်ရှီး၏ လက်ထဲသို့ထည့်ကာ ပြုံးပြီး မျက်လုံးများကိုမှိတ်ပြကာပြောသည်။
"ရှောင်ချင် ဒီပန်းသီးကို ယူပါ။ ထောက်ပံ့ရေးနဲ့စျေးကွက်ရှာဖွေရေးအေဂျင်စီတစ်ခုကနေ မနေ့ကမှ ဝယ်လာတာ "
"မနက်ဖြန် အိပ်ယာခင်းနဲ့ စောင်တွေကို လျှော်ကြမယ်။ ငါ့မိသားစုလည်း လျှော်ရဦးမယ်"
ချင်ရှီးသည် အသံတိတ်သွားပြီး အန်တီကျောင်းလည်း အံ့အားသင့်သွားသည်။ 'ပန်းသီးနှစ်လုံးလောက်နဲ့ အဝတ်လျှော်စက်တွေကို ငှားချင်နေတယ်ပေါ့လေ'
ချင်ရှီးက စကားပြောချင်ပေမဲ့ အန်တီကျောင်းက သူမ လက်ကို ကိုင်ထားသည်။
အန်တီကျောင်းသည် ချင်ရှီးရဲ့လက်ထဲက ပန်းသီးကိုယူပြီး ကျန်းချွေ့ကို ပြန်ထည့်ပေးလိုက်သည်။
"ငါမလျှော်ဘူးလို့ ဘယ်သူပြောတာလဲ။ ဒီပန်းသီးနှစ်လုံးကို ပြန်ယူသွား။ ငါ အရင်လျှော်မယ်"
"ဟေး…ဒါဆို ငါလည်း..."
"ရှောင်ချင် မင်းရဲ့အဝတ်လျှော်စက်က အသစ်စက်စက်ဘဲ။ ဒီအန်တီက အဲဒါကို ဘာတန်ကြေးမှမပေးဘဲသုံးဖို့ ရှက်လွန်းတယ်။ ဒီလိုဆို ဘယ်လိုလဲ… ကုန်ကျစရိတ်အတွက် မင်းကို ဆင့် ၅၀ ပေးမယ်"
အန်တီကျောင်းသည် သူမ အိတ်ကပ်ထဲက ပိုက်ဆံတွေကို ထုတ်လိုက်ကာ ပြုံးပြပြီး ချင်ရှီးကို ထည့်ပေးလိုက်သာ်။
"အိပ်ယာခင်းနဲ့ စောင်တွေက ကြီးလွန်းတော့ ကြာအောင်လျှော်ဖို့ လိုလိမ့်မယ်"
ချင်ရှီးသည် အန်တီကျောင်းကိုကြည့်စဉ် အန်တီကျောင်းက သူမကို မျက်စိမှိတ်ပြလေရာ သူမ ချက်ချင်းပြုံးပြကာ အန်တီကျောင်းနှင့်အတူ သရုပ်ဆောင်လိုက်သည်။
"အိုး.…ကောင်းပြီလေ"
အန်တီကျောင်းသည် ကျန်းချွေ့ကိုကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
"မင်းရော အ၀တ်လျှော်ချင်လား"
ကျန်းချွေ့သည် ချက်ချင်း ခေါင်းခါလိုက်သည်။
"ငါ ဘာလို့ အ၀တ်လျှော်ရမှာလဲ။ ငါ့ကလေးက အိမ်မှာရှိတုန်းဆိုတော့ အိမ်အရင်ပြန်လိုက်ဦးမယ်"
ကျန်းချွေ့သည် ပြောပြီးသည်နက် လှည့်ထွက်သွားတော့သည်။ လမ်းလျှောက်ရင်း ချင်ရှီးကို လျှို့ဝှက်စွာ တံတွေးထွေးလိုက်သည်။
'အဝတ်လျှော်ဖို့ ဆင့်ငါးဆယ်လား။ ငွေရှာချင်လွန်းလို့ ရူးသွပ်သွားပြီဘဲ။ ဆင့်ငါးဆယ်ဆိုတာ ဆားသုံးထုပ်တောင် ဝယ်နိုင်တယ်"
_***_