Chapter 43

4K 403 1
                                    

အပိုင်း (၄၃)



နှင်းများထူထပ်စွာကျနေပြီး တစ်ခွင်လုံး နှင်းများဖြင့် ဖုံးလွှမ်းနေကာ နေရာတိုင်းတွင် ကြီးမားများ‌ပြားသော အဖြူထည်များသာ ရှိနေသည်။

နှင်းဖြူဖြူတွင် ချင်ရှီး၏ အပြာရောင်ဝတ်စုံနှင့် တောက်ပသောအပြုံးတို့သည် အလွန်ထင်ရှားနေပါသည်။ လုကျဲ့ထျန်း ထွက်လာသောအခါတွင် သူမသည် နှင်းများနှင့် ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို မြင်လိုက်ရပြီး ခဏတာ အံ့သြသွားမိသည်။ ဒီလို ကလေးဆန်တဲ့ ချင်ရှီးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။

ထို့ကြောင့် လုကျဲ့ထျန်းသည် တိတ်တဆိတ်ရပ်နေခဲ့ကာ သူမက မြေပြင်ပေါ်သို့ ဂရုတစိုက်ခြေလှမ်းသွားခဲ့ပုံ၊ နှင်းထုများကို နင်းရသည်က အသံတိုးဖျော့ဖျော့ထွက်သည်ကိုတွေ့သောအခါ တမင်လိုက်‌နင်းနေပုံ၊ နှင်းများဖုံးလွှမ်းသွားပြီးနောက် ကိုယ်ပေါ်ရှိ နှင်းပွင့်များကို လှုပ်ခါရန် ခေါင်းနှင့် လက်များကို ယမ်းလျက်ရှိပုံတို့ကို ကြည့်ရှုနေသည်။

လုကျဲ့ထျန်းသည် သူမကို စောင့်ကြည့်နေရသည်က အလွန်စိတ်ဝင်စားစရာကောင်းသည်ကို တွေ့ရှိခဲ့ရပြီး ချင်ရှီးက အလွန်ချစ်စရာကောင်းသည်ဟုလည်း ခံစားခဲ့ရသည်။ ယခုအချိန်တွင် သူမသည် မီးရှူးမီးပန်းများ၏ အငွေ့အသက်များဖြင့် ခါတိုင်းနှင့် လုံးဝမတူသလိုပင်။

ချင်ရှီးသည် အလွန်သိတတ်ပြီး အလွန်ထက်မြက်ကာ ဆင်ခြင်တုံတရားရှိသူဖြစ်သည်။ လုကျဲ့ထျန်းသည် သူမက ဤနေရာမှ ထွက်သွားတော့မည်ဟု မကြာခဏ ခံစားရပြီး သူမက လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားပုံရသည်။

လုကျဲ့ထျန်းသည် သူ့မှာ မေးပိုင်ခွင့်မရှိတာကြောင့် ဘယ်တော့မှ မမေးခဲ့ပါ။ လုကျဲ့ထျန်းက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပါသည်။

ယနေ့ နှင်းထုများအကြားတွင် ချင်ရှီး၏ ဤကဲ့သို့ဘက်ခြမ်းကို မြင်လိုက်ရတော့ လုကျဲ့ထျန်းသည် သူမက နှင်းများကိုမြင်လျှင် စိတ်လှုပ်ရှားတတ်သော သာမန်အမျိုးသမီးလေးများနှင့် အတူတူပင်ဖြစ်သည်ကို သိလိုက်ရသည့်အတွက် မှင်သက်သွားမိသည်။

ချင်ရှီးက သူ့ကို လှည့်ကြည့်လိုက်သည့်အခါ သူမရဲ့မျက်နှာပေါ်က အပြုံးတွေတောင့်ခဲသွားတာကိုတွေ့လိုက်ရတော့ သူမဟာ ပုံမှန်အခြေအနေ ဆင်ခြင်တုံတရားနှင့် ထက်မြတ်သည့် ရိုးရိုးရှင်းရှင်းအသွင်အပြင်ကို အမြန်ပြန်ရောက်သွားပြီဆိုတာ သိလိုက်သည်။

သူမက ချောင်းဟန့်လိုက်ပြီး အပြင်ကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။
"နှင်းတွေအရမ်းကျနေတယ်နော်"

လုကျဲ့ထျန်းသည် ချင်ရှီးကို ကြည့်ရင်း သူ့အမူအရာပြောင်းသွားကာ သူ့မျက်နှာပေါ်က အပြုံးတွေပျောက်ကွယ်သွားပြီး မျက်လုံးတွေမှိန်သွားသည်။

လုကျဲ့ထျန်းက စကားမပြောသောအခါ ချင်ရှီးသည် ပိုပိုပြီးရှက်လာသလို ခံစားရသည်။ နှင်းများကိုမြင်ရလို့ အရမ်းစိတ်လှုပ်ရှားနေပြီး ကိုယ့်ကိုယ်ကို မထိန်းနိုင်လိုက်ဘဲ မိုက်မဲရူးနှမ်းတဲ့ပုံကို မြင်လိုက်ရစေမိပြီ။

ချင်ရှီး၏ ခြေဖဝါးများ လှုပ်ရှားသွားကာ ဖိနပ်အတွင်းရှိ ခြေချောင်းများသည် မနေနိုင်စွာ အကြိမ်အနည်းငယ် ကွေးကောက်သွားရသည်။

'ဘာလို့ စကားမပြောတာလဲ။ ဒါက တကယ့်ကို ရှက်စရာကောင်းလိုက်တာ'

ချင်ရှီးသည် ဤအငွေ့အသက်ကို မကြိုက်တော့ဘဲ လက်ကိုပွတ်ကာ လှည့်၍ အိမ်ထဲသို့ပြန်ဝင်ပြီး ဤအခြေအနေမှ လွတ်မြောက်ရန် ပြင်ဆင်လိုက်သည်။

ဒါပေမဲ့ သူမ လှည့်ကြည့်လိုက်တော့ လုကျဲ့ထျန်းက မြေပြင်ကနေ နှင်းခဲတစ်ခဲကို တူးဆွယူနေတာကို တွေ့လိုက်ရသည်။

"ဗတ်…"

နှင်းဘောလုံးက ချင်ရှီးကို ထိမှန်သွားသည်။

ကြီးကြီးမားမား မထိခိုက်သော်လည်း ချင်ရှီး၏ မျက်လုံးများသည် အံ့ဩစွာပြူးကျယ်သွားရသည်။
"နင်ဘာလုပ်နေတာလဲ"

လုကျဲ့ထျန်းသည် စကားမပြောသေးဘဲ မျက်ခုံးပင့်ကာ ချင်ရှီးကို ပြုံးပြ၍ မြေပြင်မှ နှင်းများကို ဆက်လက်တူးယူနေလေသည်။

"အား…"
သူ့လှုပ်ရှားမှုကိုမြင်တော့ ချင်ရှီးက အနိမ့်နိမ့်ဖြင် အော်ဟစ်လိုက်ပြီး မသိစိတ်က ငုတ်တုတ်ထိုင်ချလိုက်သည်။
"မင်းငါ့ကိုပစ်ရဲလား… ငါ့ကိုပစ်ကြည့်စမ်း..."

"ဗတ်…"
နောက်ထပ် နှင်းဘောလုံးက ချင်ရှီးကို ရိုက်ခတ်သွားပြန်သည်။

"အား…"
ချင်ရှီးသည် ခေါင်းမော့ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
"လုကျဲ့ထျန်း…"

လုကျဲ့ထျန်းက သူ့ပါးစပ်ထောင့်ကို ကော့၍ပြုံးကာ ရည်ရွယ်ချက်ရှိရှိနှင့် တုံပြန်လိုက်သည်။
"ဟမ်…"

"ဗတ်…"
လုကျဲ့ထျန်းသည် လျင်မြန်သော အရှိန်ဖြင့် ချင်ရှီး၏ ရုတ်တရက်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ နှင်းဘောလုံးက တံခါးကိုထိမှန်ပြီး တံခါးနားမှာ ထိုင်နေတဲ့ မိန်ချုံကို လန့်ဖျပ်သွားစေပြီး သူရဲ့ အမြီးကအမွေးတွေကို ထောင်ထစေ၏။

"မြောင်…"

"နင်က ရှောင်ဖို့တောင် သတ္တိရှိနေတယ်ပေါ့လေ"
လုကျဲ့ထျန်းက သူမ၏တိုက်ခိုက်မှုမှ လွတ်သွားတာကိုမြင်တော့ ချင်ရှီးက ဒေါသအရမ်းထွက်ပြီး နှင်းဘောလုံးကို ထပ်ကိုင်လိုက်ကာ ခေါင်းကို မြှောက်လိုက်ချိန်မှာတော့ နောက်ထပ် နှင်းဘောလုံးတစ်လုံးက သူမကို လှမ်းရိုက်မိပြန်သည်။

"လု..ကျဲ့..ထျန်း…"
ချင်ရှီး ဒေါသထွက်သွားပြီး လုကျဲ့ထျန်းကို အရူးအမူး တိုက်ခိုက်ပါတော့သည်။

လုကျဲ့ထျန်းသည် ရည်ရွယ်ချက်ရှိရှိ ရှောင်တိမ်းခဲ့ခြင်းမဟုတ်သော်လည်း နှင်းဘောလုံးက သူ့လည်ပင်းကို တိုက်ရိုက်ထိမှန်သွားသည်။ သူသည် အအေးဒဏ်ကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် သူ့လက်ထဲမှ နှင်းဘောလုံးကို အမြန်ချလိုက်ပြီး အင်္ကျီကော်လာကိုဖွင့်ရန် လက်ကိုဆန့်လိုက်သည်။

ချင်ရှီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အဝတ်အစားထဲမှ နှင်းတွေခါထုတ်နေချိန် နှင်းတွေကို အရူးအမူး တူးယူ၍ နှင်းခဲတွေကို ဆက်လက်ပစ်ပေါက်နေ၏။
" နင့်ကို ထိအောင် လုပ်ပစ်မယ်"

လုကျဲ့ထျန်းသည် နှစ်ကြိမ်ထပ်၍ နှင်းဘောလုံးနှင့်တိုက်ခိုက်ခံရပြီးနောက် သူ့ကော်လာကို ဆက်လက်မပြင်တော့ဘဲ နှင်းများယူရန် ကိုယ်ကို ငုံ့ကိုင်းလိုက်သည်။ ချင်ရှီးက ထိုအရာကိုမြင်သောအခါတွင် သူမသည် နှင်းဘောလုံးများကို အသင့်ပြင်ဆင်ထားတော့သည်။ ဤသို့ဖြင့် အချိန်အတန်ကြာ နှစ်ယောက်သား ဆော့ကစားရင်း ပျော်ရွှင်နေကြသည်။

ချင်ရှီးက တော်တော်ခံလိုက်ရပြီး လုကျဲ့ထျန်းကို အနိုင်မယူနိုင်ခဲ့ပါ။ ဒေါသအရမ်းထွက်နေပေမဲ့ သူမ မျက်လုံးတွေက တောက်ပနေပြီး အပြုံးတွေနှင့် ပြည့်နေသည်။

ကလေးများသည် အိပ်ရာမှထချိန် ထူထပ်သောနှင်းများကြောင့် အံ့အားသင့်ရန် အချိန်မရမီတွင် ချင်ရှီးနှင့် လုကျဲ့ထျန်းတို့က နှင်းဘောလုံးတိုက်ပွဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးများ ပြူးကျယ်သွားကာ တံခါးဝတွင် အံ့ဩတကြီး မှိန်းခနဲ ရပ်နေကြ၏။

"ရှောင်ဟိုင် ဒီကို မြန်မြန်လာ"
ချင်ရှီးက သူတို့ကို လက်ပြပြီးခေါ်သည်။
"မင်းတို့အဖေကို အတူတူရိုက်ရအောင်"

ကလေးတွေက လုကျဲ့ထျန်းကို လှည့်ကြည့်လိုက်တော့  ပြုံးပြုံးရွှင်ရွှင်နှင့် နှင်းဘောလုံးပစ်နေတာကို တွေ့လိုက်ရပြီးနောက် ချက်ချင်း ထအော်ကြသည်။

"ဖေဖေ"

ကလေးသုံးယောက်က သူတို့ရဲ့ဖိနပ်ကိုစီးဖို့တောင် မစောင့်နိုင်တော့ဘဲ နှင်းဘောလုံးတိုက်ပွဲမှာ ပါဝင်ဖို့ ခြံထဲကို အပြေးအလွှားသွားကြသည်။ လူလေးယောက်က လုကျဲ့ထျန်း တစ်ယောက်တည်းကို ဝိုင်းထားကြသည်။

အန်တီကျောင်း ထွက်လာတော့ ချင်ရှီးက လုကျဲ့ထျန်းနှင့် နှင်းဘောလုံးတိုက်ပွဲလုပ်ဖို့ ကလေးတွေကို ခေါ်ထားတာကိုတွေ့တော့ လန့်သွားပြီး ရယ်မောကာ သူတို့နှစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးတွေနှင့် ဆော့ကစားနေတာကို ကြည့်နေခဲ့သည်။

သူတို့သည် အစပိုင်းတွင် လုကျဲ့ထျန်းကိုသာ ဝိုင်းတိုက်ကြဆဲဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လာကြသည်။ ကစားပြီးနောက် လုကျဲ့ထျန်းသည် ကလေးငယ်များကို နှင်းထုထဲသို့ ပစ်ချဟန်ဆောင်ကာ ပွေ့ဖက်ထားသည်။ ကလေးများက ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်နေကြသည်။

ကုချင်းဟိုင်သည် လုကျဲ့ထျန်းက ကောက်ချီလိုက်တဲ့အခါ သူ အံ့အားသင့်သွားခဲ့ပြီး တုံ့ပြန်ဖို့ အချိန်မရခင်မှာဘဲ နှင်းထုထဲ ပစ်ချခံလိုက်ရပြီး နှင်းတစ်လုတ်စာ စားလိုက်ရသည်။

ချင်ရှီးသည် အံ့အားသင့်သွားသော်လည်း လုကျဲ့ထျန်းက ဆင်ခြင်နိုင်စွမ်းရှိသည်ကို ယုံကြည်ပါ၏။ ကုချင်းဟိုင်သည် လုံးဝပြုတ်ကျခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးလှဲချခြင်းဖြစ်ကာ ချက်ချင်း မတ်တပ်ရပ်၍ ကစားပွဲကို ဆက်လက်ကြည့်ရှုနိုင်၏။

"အစ်ကို…"

"ဟားဟားဟားဟား"

အမြွှာနှစ်ယောက်က သူ့ခန္ဓာကိုယ်နှင့် ပါးစပ်တစ်ခုလုံး နှင်းတွေပေနေပြီး နှင်းထုတွေကနေ ထလာတဲ့ ကုချင်းဟိုင်ကိုကြည့်ကာ ရယ်ကြသည်။

ကုချင်းဟိုင်သည် မယုံကြည်နိုင်စွာ မတ်တပ်ထရပ်ပြီး နှင်းများကိုထွေးထုတ်၍ လုကျဲ့ထျန်းကို ဒေါသတကြီးအော်လိုက်သည်။
"ဖေဖေ"

သူ့အဖေက ကလေးတွေကို စနောက်ခြောက်လှန့်ဖို့ အမြွာတွေကို လုပ်ပေးသလို လေထဲမှာ မြှောက်လွှင့်ပေးယုံဟု ထင်ခဲ့ပေမဲ့ ဒီလို နစ်နာဆုံးရှုံးမှုကို ခံလိုက်ရမယ်လို့ မျှော်လင့်မထားခဲ့ပါ။

လုကျဲ့ထျန်းက သူ့ကို ပြုံးပြုံးလေးကြည့်ပြီး ရှင်းပြသည်။
"မင်းက အရမ်းလေးနေတယ်။ ငါ မင်းကို ခဏလောက်တောင် မပွေ့ထားနိုင်တော့ဘူး"

ကုချင်းဟိုင်ကတော့ ထိုစကားကို မယုံပါဘူး။ ပျော်ရွှင်နေတဲ့ စိတ်ကလေးက တစ်စက္ကန့်အတွင်းမှာဘဲ သူ့အဖေကြောင့် ပြောင်းလဲသွားရပြီ။ 

ကုချင်းဟိုင်သည် ရှက်ရွံ့သွားပြီး နှင်းလက်တစ်ဆုပ်စာကြီးကို ဆုပ်ကိုင်ကာ အင်အားအကြွင်းမဲ့ တင်းတင်းကျပ်ကျပ် ညှစ်ထုတ်ပြီးနောက် လုကျဲ့ထျန်းကို အပြင်းအထန် ပစ်ပေါက်ပါတော့သည်။

လုကျဲ့ထျန်းသည် ကုချင်းဟိုင်၏ဘေးတွင်ရပ်နေပြီး အကွာအဝေးက အလွန်နီးကပ်နေသည်။ ဤတစ်ကြိမ်တွင် သူ ဆိုးဆိုးရွားရွား ပစ်ပေါက်ခံရပြီးနောက် မျက်ခုံးပင့်ကာ ကုချင်းဟိုင်ဆီ ရောက်လာသည်။

ကုချင်းဟိုင်၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားပြီး လုကျဲ့ထျန်းထံ ဖမ်းမိမခံချင်ဘဲ အမြန်ထွက်ပြေးသွားသည်။

လုကျဲ့ထျန်းသည် ရပ်တန့်မသွားမီ ဟန်ဆောင်ခြေလှမ်းနှစ်လှမ်းလောက်လှမ်းကာ လိုက်ဖမ်းဟန်ဆောင်သည်။ ကလေးများအားလုံး မောပန်းနေသည်ကို မြင်လိုက်ရသဖြင့် ခဏတာ ဆော့ကစားပြီးနောက် အနားယူရန် အခန်းသို့ ပြန်ခေါ်သွားသည်။

"ဟားဟားဟား"
ကလေးများသည် နှင်းတွေပေကျံလျက် တံခါးဝမှာရပ်နေကြပြီး ရယ်မောနေကြတုန်းပင်။ သူတို့လေးတွေ အရမ်းပျော်နေပြီး အစောပိုင်းက ပျော်ရွှင်မှုကို သတိရနေကြဆဲဖြစ်သည်။

"ကလေးတွေရဲ့ အဝတ်တွေရေစိုနေပြီ။ အဝတ်လဲပြီး လျှော်လိုက်တော့"

လုကျဲ့ထျန်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ နှင်းများကို ပေါ့ပေါ့ဆဆ ပွတ်သပ်ကာ ချင်ရှီးကိုကြည့်လိုက်သည်။

"မနက်စာသွားဝယ်လိုက်မယ်"

"ကောင်းပြီ "
ချင်ရှီးသည် လုကျဲ့ထျန်းကို ပြုံးပြုံးလေးကြည့်နေသည်။

လုကျဲ့ထျန်း ထွက်သွားပြီးနောက် ချင်ရှီးက သူ့ကို ထီးယူဖို့ ပြောချင်ပေမဲ့ ဒါက မြောက်ပိုင်းဒေသဖြစ်ပြီး ဇာတိခံတွေက နှင်းကျချိန်မှာ ထီးမဆောင်းကြကြောင်း သတိရလိုက်သည်။

ချင်ရှီးသည် မြောက်ပိုင်းနှင့်တောင်ပိုင်းကြား ခြားနားချက်များစွာကို နားလည်ခဲ့ပြီး အရာများစွာကိုလည်း သင်ယူခဲ့ရသည်။

ချင်ရှီးက ကလေးတွေကို အခန်းထဲပြန်ခေါ်သွားပြီး အဝတ်အစားလဲ၍ သကြားညိုဂျင်းပြုတ်ပြုတ်သည်။

များမကြာမီတွင် လုကျဲ့ထျန်းသည် အသားတုံးကြီးများ၊ မုန့်စိမ်းချောင်းများနှင့် ပဲနို့များနှင့်အတူ ပြန်လာခဲ့သည်။ ဆာလောင်နေသော ကလေးများသည် အလွန်အရသာရှိစွာ စားကြသည်။ ထမင်းစားပြီးနောက် လူကြီးများကို ပန်းကန်များနှင့်တူများ စုဆောင်းရန် ကူညီပေးကြသည်။

လုကျဲ့ထျန်းက ပန်းကန်ဆေးပြီး ကုချင်းဟိုင်က ချင်ရှီးကို မီးသွေးတုံးများခွဲရန် ကူညီပေးသည်။ နဂါးနှင့်ဖီးနစ်လေးတို့က မီးဖိုဘေးမှာ ထိုင်နေပြီး ချင်ရှီးက  မီးဖိုရန် ပြင်ဆင်နေတာကို စောင့်ကြည့်နေကြသည်။

“အမေ ဒီနေ့ ဘာချက်မှာလဲ။ အရသာရှိရဲ့လား"

ချင်ရှီးက လောဘကြီးတဲ့ကြောင်နှစ်ကောင်ကို ကြည့်ပြီး ပြုံးသည်။
"အခုလေးတင် စားပြီးပြီမဟုတ်လား။ ဒီနေ့ ငါ ပြတင်းပေါက်တွေမှာ စာတမ်းတွေကို တွဲချိတ်တွေနဲ့ ချိတ်ဖို့စီစဉ်ထားတယ်"

(*တရုတ်နှစ်သစ်ကူးဆို အိမ်တွေမှာ စာရွက်တွေချိတ်ကြတာ၊ ကပ်ကြတာမျိုးကို ဆိုလိုပါတယ်)

အရသာရှိတဲ့ အစားအစာတွေ မဟုတ်ပေမဲ့ အမြွာတွေကတော့ ပျော်ရွှင်နေကြဆဲပင်။

"မေမေရေးထားတာလား ဒါမှမဟုတ် ဖေဖေလား"

ဖျင်ဖျင်က လုကျဲ့ထျန်း ရေးနေတာကို တွေ့ခဲ့ရသည်။

ချင်ရှီး : "ဟုတ်တယ် မင်းတို့အဖေ။ ဒါပေမဲ့ မင်းတို့ကို စက္ကူပန်းပွားတွေ ဖြတ်ကူဖို့ ဖွားဖွားကျောင်းအိမ်ကို ခေါ်သွားပေးမယ်"

"ကောင်းပြီ"
အန်အန်းက ပီတိဖြစ်ကာ စိတ်လှုပ်ရှားနေမိသည်။

"သားတို့လည်း ဖြတ်လို့ရတာလား"
ဖျင်ဖျင်က လှမ်းမျှော်ကြည့်သည်။

အိမ်မှာ ကတ်ကြေးသေးသေးလေးတစ်ချောင်းရှိတယ်ဆိုတာ ချင်ရှီး သတိရမိလို့ ခေါင်းညိတ်လိုက်သည်။
"မင်းလက်ကို ကိုင်ပြီး စက္ကူပန်းပွားကူညှပ်ပေးမယ်"

အမြွှာနှစ်ယောက်က အရမ်းစိတ်လှုပ်ရှားသွားသည်။
"ကောင်းလိုက်တာ မေမေ။ မင်းက အကောင်းဆုံးဘဲ"

ပန်းကန်ဆေးနေတဲ့ လုကျဲ့ထျန်းက ခေါင်းကိုလှည့်ပြီး သူတို့ကို တစ်ချက်ကြည့်လိုက်သည်။
"အခုဝယ်လာတာ‌တွေ စားပြီးသွားကြတော့ ဖေဖေက အကောင်းဆုံး မဟုတ်တော့ဘူးပေါ့လေ"

အမြွာနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တစ်ညီတစ်ညွတ်တည်း သံပြိုင်ပြောလိုက်သည်။
"ဖေဖေနဲ့‌မေမေက အကောင်းဆုံးဘဲ"

မီးသွေးသယ်လျက် အခန်းထဲကိုဝင်လာသော ကုချင်းဟိုင်က လေးလေးနက်နက် မျက်နှာထားဖြင့်မေးသည်။

"အစ်ကိုကရော"

အန်အန်းက သူမတင်ပါးပေါ် လက်တင်လိုက်ပြီး အရင်ဦးအောင်ပြောသည်။ 
"အစ်ကိုက အဆိုးဆုံးဘဲ။ သူက အမြဲတမ်း ငါ့ကို အနိုင်ကျင့်နေတယ်"

ကုချင်းဟိုင်က ဆို့နင့်သွားပြီး စကားမပြောနိုင်ဘဲ မီးသွေးကို အရင်ချလိုက်သည်။
"အစ်ကိုက မင်းကို အရမ်းချစ်လို့ ကျီစားနေတာပါ။ တခြားသူတွေကိုဆို ကျီစားရတာ မကြိုက်ဘူး"

အန်အန်းက သူ့ကို စွေပြီးကြည့်သည်။
"မင်းရဲ့ သဘောကျမှုက နည်းနည်းတော့ မူမမှန်ဘူး"

ချင်ရှီးက ကျယ်လောင်စွာ ရယ်မောပြီး လုကျဲ့ထျန်းသည်လည်း အန်အန်း၏ အရွယ်ရောက်ပြီးတဲ့ အသွင်အပြင်ကို အတုခိုးထားသည့်ပုံစံအား ကြည့်ပြီး မရယ်ဘဲမနေနိုင်ခဲ့ပါ။ ကုချင်းဟိုင်က ပြန်လည်ချေပချင်သော်လည်း စကားရှာမတွေ့၍ အနည်းငယ်ရှက်နေ၏။

"မင်းက နေ့တိုင်း လူကြီးလေးတစ်ယောက်လို ဘယ်လိုလုပ်ရမလဲဆိုတာဘဲ သိတယ်"
ကုချင်းဟိုင်က သူ့လက်ကို ဆန့်တန်းပြီး အန်အန်း၏ မျက်နှာကို လက်ညိုးနှင့် သုတ်လိုက်သည်။
"မင်း အဲ့ဒါတွေ ဘယ်ကသင်ယူခဲ့တာလဲဆိုတာ ငါမသိတော့ဘူး"

"အား…"
အန်အန်းသည် ကုချင်းဟိုင်၏ လက်မဲမဲကိုကြည့်ပြီး ချက်ချင်း စိတ်လွတ်ကိုယ်လွတ်အော်လိုက်သည်။
"မင်း ငါ့ကို ထပ်ပြီး အနိုင်ကျင့်နေတာဘဲ။ မေမေ မင်း ပြောကြည့်ဦး။ အစ်ကိုက ငါ့ကို အနိုင်ကျင့်နေတာဘဲ မဟုတ်လား"

အန်အန်းက ကုချင်းဟိုင် တို့ထိထားသည့် နေရာကို သုတ်ရန်  သူမလက်ကို ဆန့်ထုတ်လိုက်သည်။

ကုချင်းဟိုင်က အခုတင် သူမကိုထိလိုက်ကာ သူမက ချင်ရှီးကို ချက်ချင်း တိုင်တန်းပြီး ကုချင်းဟိုင်ကို ရှင်းထုတ်လိုက်သည်။

ကုချင်းဟိုင် အကြောက်ဆုံးအရာက လုကျဲ့ထျန်းမဟုတ်ဘဲ ချင်ရှီး ဆိုတာကို သူမ သိပါသည်။

"ရှောင်ဟိုင်"
ချင်ရှီးက ကုချင်းဟိုင်ကို ကြည့်လိုက်သည်။
"မင်းညီမကိုဘာလို့အမြဲအနိုင်ကျင့်စနောက်နေရတာလဲ။ နောက်မှ ငိုတဲ့အခါ မင်း သူ့(မ)ကိုချော့နေရမယ်"

ကုချင်းဟိုင်က အန်အန်းကို နှုတ်ခမ်းတွေတွန့်ကွေးကာပြုံးပြ၍ လုကျဲ့ထျန်း၏ နံဘေးကို လျှောက်သွားပြီး လက်ရေဆေးဖို့စောင့်နေသည်။

အန်အန်းက သူ့ကို ဒေါသတကြီးစိုက်ကြည့်နေ၏။
"မင်းငါ့ကိုအရင်အနိုင်ကျင့်တာ"

ကုချင်းဟိုင် : "မင်းကိုအနိုင်ကျင့်တာမဟုတ်ပါဘူး။ ငါမင်းကိုချစ်လို့ပါ"

အန်အန်းက မေးစေ့ကိုမြှောက်ကာနေ၏။
"ဒါဆို ငါမင်းကိုမလိုချင်ဘူး။ ငါ့ကို မကြိုက်နဲ့တော့ သူများတွေကို အနိုင်ကျင့်လိုက်”

ကုချင်းဟိုင်က : "မဟုတ်ဘူးလေ။ ငါက မင်းကိုဘဲ ချစ်တာကို။ မင်းတစ်ယောက်တည်းက ငါ့ညီမလေ"

အန်အန်းက သူ့ကို စိုက်ကြည့်ပြန်သည်။
"မင်းက သိပ်နုံအလွန်းတယ်။ မင်းချစ်တဲ့ တစ်ယောက်ယောက်က ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ မင်းကြီးလာရင် ဇနီးရလာမှာ မဟုတ်ဘူး"

ကုချင်းဟိုင်က သူ့လက်ကိုဆေးပြီး ခေတ္တရပ်လိုက်သည်။
"သော်သော်ရဲ့အိမ်သွားပြီး TV တွေလျှောက်ကြည့်ပြန်ပြီမလား"

ပြောပြီးသည်နက် မီးဖိုနေတဲ့ ချင်ရှီးကို လှည့်ကြည့်လိုက်သည်။
" မေမေ အခုဆို အရမ်းအေးလာပြီး နှစ်သစ်က မကြာခင် ရောက်တော့မှာ။ သူတို့ကို သွားကြည့်ဖို့ ခွင့်မပြုနဲ့တော့"

အန်အန်းသည် ဖျင်ဖျင်ကို ကျော်ဖြတ်ကာ ကုချင်းဟိုင်ထံသို့ အမြန်ပြေးသွားပြီး သူ့အဝတ်အစားများကို ဆွဲကိုင်လိုက်သည်။
"ငါတို့ တီဗီကြည့်တာကို မင်းက ဘာတွေ စိတ်အနှောင့်အယှက်ဖြစ်နေတာလဲ"

ကုချင်းဟိုင်က ထိတ်လန့်သွားသော်လည်း အန်အန်းကို လျစ်လျူရှုလိုက်ပြီး လုကျဲ့ထျန်းကိုကြည့်သည်။ 
"ဖေဖေ TVမဝယ်ပါနဲ့။ အန်အန်းက တခြားသူတွေရဲ့အိမ်မှာ ကြည့်ခဲ့ပြီးရင် ခဏနေတော့ ရှုပ်ထွေးတဲ့အရာတွေ အများကြီးကို သိလာတယ်။ သားတို့မိသားစုကသာဝယ်ထားလိုက်ရင် သူ(မ)က တစ္ဆေဘယ်လိုဖြစ်တယ်ဆိုတာကစ သိလာမလား မသိဘူး”

အန်အန်းက တကယ်ကို ဒေါသဖြစ်ပြီး သူမတစ်ကိုယ်လုံးကို ကုချင်းဟိုင်၏ ခန္ဓာကိုယ်ပေါ် ဆွဲတင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကာ နှစ်ယောက်သား ရန်ဖြစ်ကြသည်။

ဖျင်ဖျင်သည် ဤမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းချကာ မြေပြင်ပေါ်ရှိ မီးသွေးကို ကောက်ကိုင်လျက် ကျွမ်းကျင်စွာ နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ကာ အပြစ်မဲ့သူများကို မထိခိုက်စေရန် ဤစစ်မြေပြင်မှ ထွက်ခွာသွားလေတော့သည်။

ချင်ရှီးနှင့် လုကျဲ့ထျန်းတို့သည် အခန်းတွင်း လှည့်ပတ်သောင်းကျန်းနေကြသည့် ကလေးများကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြသည်။

_***_

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Donde viven las historias. Descúbrelo ahora