အပိုင်း ၁၈၂ /အပိုင္း ၁၈၂

927 84 1
                                    

Unicode

အပိုင်း ၁၈၂



ချန်ကုန်းကုန်းက ယွဲ့ဝမ်အိမ်တော်မှ စာဖတ်ခန်းထဲသို့ အစားအသောက် ယူလာပေးသည်

“ဝမ်ရယ်…”

စားပွဲနောက်မှာထိုင်နေတဲ့ ယွဲ့ဝမ်က စုတ်တံချခါနီးမှာ ချန်ကုန်းကုန်းရဲ့အသံကိုကြားတော့ အားစိုက်လွန်သွားပြီး စုတ်တံ ဂျွတ်ခနဲ ကျိုးသွား၏။

ချန်ကုန်းကုန်းက သံသယနှင့် ခေါင်းမော့လာကာ

“ဝမ်ရယ် စာကြည့်ခန်းထဲမှာ တစ်နေ့လုံးထိုင်နေခဲ့တာ တစ်ခုခု စားချိန်တန်ပါပြီ”

“ကောင်းပြီ”

ယွဲ့ဝမ်က ကျိုးသွားတဲ့ စုတ်တံကို ဂရုမထားဘဲ ဘေးမှာ ချထားလိုက်ပြီး အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေသည်။ ထို့နောက် အထိန်းတော်ချင်း ပို့လာတဲ့ စာကို ပိတ်ထားလိုက်သည်။

ချန်ကုန်းကုန်း ယွဲ့ဝမ်ကို ချိန်ဆအကဲခတ်ကြည့်ရာ မျက်မှောင်မကြုတ်ထားသော်လည်း သူ့အမူအရာက ပိုပြီးရှုပ်ထွေးနေတာကို တွေ့လိုက်ရသည်။ စိုးရိမ်မှု၊ စိတ်မသက်မသာဖြစ်မှုအပြင် သူ့အကြည့်တွင် ရွှင်မြူးမှုအရိပ်တစ်ခုပါ ရှိနေပုံရသည်။ လောင်ချင်းက စာထဲမှာ ဘာတွေများ ‌ရေးပို့လိုက်လို့ ဝမ်ရယ်မှာ ဒီလိုအမူအရာမျိုးရှိနေရတာလဲ။

“ဝမ်ရယ် လောင်ချင်းက စာထဲမှာ ဘာတွေရေးလိုက်လို့ စိတ်အလိုမကျဖြစ်နေတာလဲ ဒီအစေခံ သိပါရစေ"

ယွဲ့ဝမ်က စုတ်တံလဲလိုက်ပြီး ထိုစကားတွေ ကြားတော့ သူ့လက်က ထပ်အားစိုက်မိပြီး စုတ်တံထပ်ကျိုးပြန်သည်။ သူက အမူအရာကင်းမဲ့စွာနဲ့ ကျိုးသွားတဲ့တစ်ခုကို ဘေးမှာ ပစ်ချလိုက်ပြီး

“ဒီစုတ်တံအစုံကို ဘယ်သူ ဝယ်လာခဲ့တာလဲ။ တော်တော် မကောင်းတာပဲ၊ ဝယ်တဲ့သူရဲ့ လစာကို တစ်လဖြတ်မယ်။ ဉီးလေးချန်လည်း စိုးရိမ်မနေပါနဲ့ သွားနားသင့်ပြီ”

ချန်ကုန်းကုန်းက ခေါင်းညိတ်သည်
“ဟုတ်ကဲ့ပါ ဝမ်ရယ်”

စာဖတ်ခန်းက ထွက်လာရင်း ချန်ကုန်းကုန်း ယွဲ့ဝမ်ရဲ့စကားတွေကို ပြန်တွေးကြည့်နေမိသည်။

***

ယွီဟိန်က မျက်လုံးပြူးကျယ်စွာ ငြင်းဆိုလာ၏။
“ကျွန်တော် အဲ့ဒီစုတ်တံအစုံ ဝယ်တုန်းက သခင်က သုံးရလွယ်တယ်လို့ ချီးမွမ်းခဲ့တာ မဟုတ်ဘူးလား။ အခုကျ ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို လစာ လျှော့ရတာလဲ”

သူ့အဖို့ ပိုက်ဆံအများကြီးရဖို့ဆိုတာ မလွယ်ကူဘူး။ ပိုက်ဆံလည်းစုချင်သေးတယ်။ ပိုက်ဆံစုထထာရင် သူ့အနာဂတ်ဇနီးလောင်းကို လက်ထပ်တဲ့အခါ သုံးလို့ရပြီ။

မိန်းမစိုးချန်က နှာတွန့်သည်

“ဝမ်ရယ်က ကောင်းတယ်လို့ပြောရင် ကောင်းတာပဲ။ မကောင်းဘူးဆို သေချာပေါက် မကောင်းလို့ပဲ။ မင်းက ဘာလို့ အထွန့်တက်နေရတာလဲ။ မင်းလည်း ယွီယိ ကိစ္စရပ်တွေကို ဘယ်လိုကိုင်တွယ်တယ်ဆိုတာ ကြည့်ပြီး သင်ယူသင့်တယ်”

“ချန်ကုန်းကုန်းပဲ စောစောက ယွီယိက အစားအသောက်တွေ ဖြုန်းတီးတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား”

“ငါ ဘယ်တုန်းက ပြောလို့လဲကွ! ငါက မင်းအကြောင်းပဲ ပြောနေတာ”

ချန်ကုန်းကုန်းက ပြောပြီးပြီးချင်း လက်နောက်ပစ်ကာ သူ့အခန်းဆီ ထွက်သွားတော့သည်။ အခုချိန်မှာ ဝမ်ရယ်ရဲ့ အပြုအမူကို သူ ပြန်တွေးကြည့်ရင်း မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။

ဖြစ်နိုင်တယ်! အဲ့တာနဲ့ တူတယ်။ အခုကစပြီး သူ အိမ်တော်ကို သေသေချာချာလေး ဂရုစိုက်ဖို့လိုပြီ။ ဘယ်သူသိမှာလဲ! သိပ်မကြာခင် ဒီမှာ သခင်မတစ်ယောက် ရှိရင်ရှိလာမှာ၊ မိန်းကလေးမုက ငယ်သေးပုံပေါက်တယ်ဆိုပေမယ့် ကိစ္စမရှိပါဘူးလေ။ သူမကို ပြုစုပျိုးထောင်ပြီးမှ လက်ထပ်လို့ရတာပဲ။

နောက်ရက်မနက်အစောပိုင်းတွင် ယွဲ့ဝမ်က ယွီဟိန်နဲ့ ယွီယိကို ခေါ်လိုက်သည်

“ဒီစာနှစ်စောင်ထဲက ဒီတစ်ခုက အထိန်တော်ချင်းအတွက်၊ အခြားတစ်ခုက မိန်းကလေးမုယွမ်ယောင်အတွက်။ ယွီယိ မင်းဒါကို အမြန်သွားပို့လိုက်”

“ဟုတ်ကဲ့၊ သခင်”

ယွဲ့ဝမ်က ခေါင်းညိတ်ပြလိုက်ပြီး သူ့အကြည့်က မုယွမ်ယောင်ဆီပို့မယ့်စာထံရောက်သွားပြီး ခဏကြာ စိုက်ကြည့်နေခဲ့ပြီးနောက်မှ ထပ်ပြောလာသည်

“ယွီဟိန်၊ ယွီရှီမြို့နဲ့ အနောက်ပိုင်းကွမ်းတုံဒေသကြား နယ်စပ်မှာ စောင့်နေဖို့ လူတွေ ချက်ချင်း လွှတ်လိုက်၊ ငါ့နာမည်နဲ့ လက်ဖက်ခြောက်ကုန်စည်သယ်လာတာ တွေ့ရင် အဲ့ဒီကုန်စည်တွေကို အနောက်ပိုင်းကွမ်းတုံဒေသရောက်တဲ့အထိ ကာကွယ်ပေးရမယ်"

“ဟုတ်ကဲ့ သခင်”

ယွီဟိန် နားမလည်နိုင် ဖြစ်သွားသည်

“သခင် အထိန်းတော်ချင်းက ဘာလို့ ဒီကို လက်ဖက်ခြောက်တွေ ပို့ရတာလဲ”

အနောက်ပိုင်းကွမ်းတုံဒေသမှာ ရနိုင်တဲ့ အစားအစာက များများစားစား မရှိပေ။ ယွဲ့ဝမ်လက်အောက်က တပ်သားတွေဆို ဗိုက်ထဲမှာ ဆီနဲ့ရေတောင် သိပ်ရှိတာမဟုတ်။ သူတို့ လက်ဖက်ရည်သောက်လေ ဗိုက်ပိုဆာလေ ဖြစ်လိမ့်မည်။ အထိန်းတော်ချင်း အစားအသောက်အချို့လည်း ပို့လိုက်ကောင်းပါရဲ့။

ယွဲ့ဝမ် မျက်မှောင်ကြုတ်သွားကာ သူ့ရဲ့အေးစက်တဲ့အကြည့်က ယွီဟိန်ဆီ ကျရောက်လာခဲ့သည်

“အထိန်းတော်ချင်း ငါ့ဆီ လက်ဖက်ခြောက်ပို့တာက ဘာမှားနေလို့လဲ။ ပန်ဝမ်ကတော့ လက်ဖက်ခြောက်ပို့တာ ကောင်းတယ်လို့ ထင်တာပဲ!”

(ပန်ဝမ် - ဘုရင့်မျိုးနွယ်တွေက သူတို့ကိုယ်သူတို့ပြောတဲ့ အသုံးအနှုန်းပါ)

ယွီဟိန် တွန့်ဆုတ်သွားကာ အမြန် ဦးညွတ်လိုက်သည်
“ဟုတ်ကဲ့ ဒီငယ်သားကလည်း ကောင်းတယ်လို့ ထင်ပါတယ်”

ထိုအခါမှသာ ယွဲ့ဝမ်ခေါင်းညိတ်လာပြီး မျက်လုံးထဲမှ အေးစက်မှုလည်း အနည်းငယ် လျော့ပါးသွားသည်။

“လုပ်စရာရှိတာ လုပ်ချေ”

“ဟုတ်ကဲ့ သခင်”

အားလုံးထွက်သွားပြီးနောက် ယွဲ့ဝမ်က အထိန်းတော်ချင်း ပို့လိုက်တဲ့စာကို စားပွဲအောက်က အံဆွဲထဲ ဂရုတစိုက်ထည့်ထားလိုက်သည်။

လျိုလျန်ရဲ့လူတွေက အလွန်အလျင်အမြန် လှုပ်ရှားကြသည်။ ဒါ့အပြင် ရှစ်လပိုင်းအကုန် ဆောင်းဦးကောက်ရိတ်သိမ်းချိန် ပြီးပြီးချင်းက ကောက်နှံအလျှံအပယ်ပေါချိန်ဖြစ်ပြီး ဈေးလည်း သက်သာသည်။ များမကြာခင်မှာပဲ မုယွမ်ယောင်‌ တောင်းဆိုထားတဲ့ ဆန်စပါးတွေ ဝယ်ယူလို့ပြီးသွားပြီး အထိန်းတော်ချင်းပြောတဲ့နေရာဆီ ပို့ဆောင်လိုက်သည်။

သိုလှောင်ရုံမှာ ကောက်နှံအိတ်တွေ အပြည့်ဖြစ်သွားတာကို မြင်တော့ အထိန်းတော်ချင်း စိတ်ထဲ နွေးထွေးသွားရသည်။ အရင်က သူ အခြားလူတွေရဲ့အာရုံစိုက်လာမှာ စိုးတာကြောင့် ကျန်းနန်မှာ ဖြည်းဖြည်းချင်း အခြေချကာ လှုပ်ရှားမှုတိုင်းတွင် အတိုင်းအဆနဲ့ သတိထားခဲ့ရသည်။ သူ အနောက်ပိုင်းကွမ်းတုံဒေသဆီကို ဆန်၊ ဂျုံ၊ စပါးတွေတောင် မပို့ရဲခဲ့ပေ။ ယခု မုယွမ်ယောင်က လက်ဖက်ရွက်တွေ လတ်ဆတ်စေဖို့ဆိုပြီး နာမည်သုံးခဲ့သည်။ ပြောင်းပြန်အနေနဲ့ ချောင်းမြောင်းနေတဲ့ မျက်လုံးတွေရဲ့ အာရုံစိုက်မှုကို မခံခဲ့ရချေ။

မုယွမ်ယောင် ရထားလုံးပေါ်က ဆင်းလာကာ အိမ်နှင့်ခြံဝန်းမြင်ကွင်းကို အကဲခတ် ကြည့်လိုက်သည်။ သူမ မနေနိုင်ဘဲ စိတ်ပျက်သွားသည်။ ဒီနေရာက ကျင်းရှို့ဉယျာဉ်လောက် လှလိမ့်မယ်လို့ သူမ ထင်ထားခဲ့တာပင်။ ဝင်လိုက်တော့မှ အိမ်ဘေးမှာ ကြီးမားကျယ်ပြန့်တဲ့ စိုက်ပျိုးမြေတွေရှိကြောင်း သိလိုက်ရသည်။ လူနေခြံဝန်းကတော့ အနည်းငယ်သာရှိပြီး သိမ်နုပ်၊ နှိမ့်ချပုံရသည်။

မုယွမ်ယောင် ရောက်လာတာ မြင်တော့ အထိန်းတော်ချင်း ချက်ချင်း လူတွေကို ဦးဆောင်လျက် သူမကို နှုတ်ဆက်လာသည်

“နှုတ်ဆက်ပါတယ် မိန်းကလေးမု”

“အထိန်းတော်ချင်း အလွန် ယဉ်ကျေးနေဖို့ မလိုပါဘူး။ အစားအသောက်တွေ ပို့လို့ရပြီလား”

“ကျုပ် သေချာ စစ်ဆေးကြည့်ပြီးပါပြီ ပြဿနာ မရှိဘူး”

“ကောင်းပြီ ဒါဆို စကြတာပေါ့”

မုယွမ်ယောင်က ပြောင်ဝင်းနေတဲ့ ဆန်ခေါက်ဆွဲကစလို့ အခြောက်ခံထားတဲ့ဟင်းသီးဟင်းရွက်နဲ့ ချင်းတွေအထိ အကုန်လုံး သေချာကြည့်ရှုသည်။ ပြီးနောက် ကြော်လှော်ရာမှာ တာဝန်ရှိတဲ့သူတွေကို အာရုံစိုက်သင့်တဲ့အရာတွေ ပြောပြပြီး သူတို့တွေ ချင်းလက်ဖက်လှော်တာကို စောင့်ကြည့်ပြန်သည်။ ပြဿနာမရှိဘူးဆိုတာကို အတည်ပြုပြီးနောက် ဘေးကအခန်းမှာ အနားယူဖို့ အထိန်းတော်ချင်းနောက်ကနေ သူမ လိုက်လာခဲ့သည်။

“အထူးတလည် လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေး”

အစကနေ ခုချိန်ထိ လေးနာရီနီးပါး အချိန်ကုန်ဆုံးပြီး ဖြစ်သည်။ သူတောင် ဘေးမှာရပ်ကြည့်နေရုံနဲ့တင် ပင်ပန်းသလို ခံစားရတာ၊ မုယွမ်ယောင်လို မိန်းမငယ်လေးဆိုရင် ပြောမနေပါနဲ့တော့။

“ဘာမှရယ် မဟုတ်ပါဘူး။ လှော်တဲ့အဆင့်မှာ မကောင်းဘူးဆိုရင် အကုန်ပျက်စီးသွားနိုင်တယ်။ အထူးတလည် ကြည့်ပြီးမှ ကျွန်မ စိတ်ချနိုင်မယ်လေ။ နောက်နောင် လူကြီးမင်းလည်း အထူးတလည် အာရုံစိုက်ပေးပါနော်"

အထိန်းတော်ချင်း အမြန်ပဲ ခေါင်းညိတ်သည်

“ကျေးဇူးပြုပြီး စိတ်ချပါ မိန်းကလေး။ ကျုပ် သေချာပေါက် တစ်ယောက်ယောက်လွှတ်ပြီး တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခိုင်းလိုက်ပါမယ်”

မုယွမ်ယောင် ထိုနေရာဆီ နှစ်ကြိမ်ထပ်လာပြီး ချင်းလက်ဖက်ရွက်လှော်ကို ဂရုတစိုက် စစ်ဆေးကြည့်ရှုသည်။ ပြဿနာမရှိဘူးဆိုတာ သိရမှ စိတ်ချသွားကာ နီယွင်ဖန်းနှင့် ပူးရှန့်လုံက ကိစ္စရပ်တွေကို ပိုအာရုံစိုက်နိုင်သွားသည်။ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ အဝတ်အထည် အမှာစာတွေအတွက် မုယွမ်ယောင်က စတင်ချုပ်လုပ်ဖို့ လူတွေကို အမိန့်ပေးလိုက်သည်။ လက်ပန်းထိုးသမတွေရဲ့ အကူအညီနဲ့ ဆယ်ရက်တာ အချိန်တိုလေးအတွင်းမှာ ဝတ်စုံနှစ်ဆယ် ချုပ်လုပ်ပြီးစီးသွား၏။ သို့သော် ဘုရင်ခံကတော်နှင့် သခင်မကျင်းအတွက် သူမ ကိုယ်တိုင် အဝတ်အစားချုပ်လုပ်ပေးဖို့ လိုသေးသည်။ သူမက အဝတ်အစားတွေကို အလွန်လျင်မြန်စွာ ချုပ်လုပ်နိုင်တာကြောင့် အချိန် သိပ်မယူပေ။

သူမက ချုပ်လုပ်ပြီးတဲ့ အဝတ်အစားတွေကို ပေးပို့ပြီးပြီးချင်း သခင်မကျင်းက လက်ပန်းထိုးနည်း သင်ယူရန် နောက်ထပ်တစ်သုတ် ရောက်လာပြီဆိုတဲ့အကြောင်း သူမကို အကြောင်းကြားလာသည်။ ဒါပေါ့ ဒီအုပ်စုက ချိုင်ယွဲ့ဆိုင်က လက်ပန်းထိုးသမတွေပင်။

မုယွမ်ယောင်က အထူးတလည် ဆက်ဆံတာမျိုး မလုပ်ပေ။ ပထမတပည့်တွေကိုပဲ ထိုလက်ပန်းထိုးသမတွေအား အရင် သင်ကြားပေးရန်ပဲ ပြောလိုက်သည်။ သူမ အံအားသင့်သွားရသည်က တင်းယွဲ့လန်က လက်ပန်းထိုးနည်းတွေ သင်ပေးမယ်လို့ စကားစလာခြင်းပင်။

မုယွမ်ယောင်က ခေတ္တစဉ်းစားပြီးနောက် ပျော်ရွှင်စွာ သဘောတူလိုက်သည်။ ဒါပေမယ့် သခင်မတင်းက ကောလာဟလတချို့ကြားပြီး စိတ်အနှောင့်အယှက်ဖြစ်နေမှာ စိုးရိမ်တာကြောင့် အရိပ်အမြွက်ပေးလိုက်သည်

“သခင်မ၊ အဲ့ဒီလူတွေအကုန်လုံးက ဒီကို လက်ပန်းထိုးနည်းသင်ဖို့ ရောက်လာကြတာ၊ တစ်ယောက်ယောက်က မဆင်မခြင်ပြုမူမယ်ဆိုရင် ချက်ချင်း နှင်လွှတ်လိုက်ပါ”

တင်းယွဲ့လန်က သူမစကားတွေရဲ့ အနက်အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်၍ စိတ်ထဲပျော်ရွှင်သွားသည်။

“ကျေးဇူးတင်ပါတယ် မိန်းကလေးမု၊ အချို့အရာတွေက နားထောင်လို့မကောင်းပေမယ့် အထပ်ထပ် ကြားရတဲ့အခါ ထုံသွားတယ်။ ဒါကြောင့် မင်းလည်း ဆက်ပြီး ဂရုစိုက်မနေပါနဲ့”

တင်းယွဲ့လန်မျက်နှာပေါ်က အပြုံးကို ကြည့်ပြီး မုယွမ်ယောင် စိတ်ထဲတွင် သနားစိတ် ဝင်မိသည်။ အရင်က မီးလို တောက်ပရဲရင့်တဲ့ သခင်မတင်းက ပြန်မလာနိုင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမ မီးထဲမှာ ပျောက်ကွယ်သွားသည်လား၊ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ အသစ်တဖန် မွေးဖွားတာလား။ သူမ နောက်တစ်ခုကို ရွေးချယ်ဖို့ပဲ စိတ်ရင်းနဲ့ မျှော်လင့်မိသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now