Unicode
အပိုင်း ၃၁၂ - နန်းတော်ထဲသို့ဝင်ခြင်း
နောက်တစ်နေ့မနက်မှာ မုယွမ်ယောင်ကစောစောထပြီး ကိုယ့်ကိုယ်ကိုယ်လန်းဆန်းအောင်လုပ်လိုက်သည်။
သူမက မနေ့ကတည်းက အဝတ်အစား ရွေးထားပြီးသားဖြစ်သည်။ ဝတ္တရားတွေရှိပေမယ့် ရှောင်ကြဉ်သင့်တာတွေကိုရှောင်ကြဉ်ဖို့ ပေါ့ပေါ့ပါးပါးကြီးပဲ ဝတ်သွားလို့မဖြစ်တာမို့ သူမက ငွေရောင်အနားကွပ်ထားတဲ့ မက်မွန်ဖျော့ရောင်ဝတ်စုံကိုပြင်ထားသည်။ ဆံထိုးက ထိပ်မှာပန်းပွင့်လေးတွေပါတဲ့ သစ်ခွပုံစံဆံထိုးလေးဖြစ်သည်။ နားဆွဲကလည်း သစ်ခွပုံစံသေးသေးလေးမို့ အဝတ်အစားနဲ့လိုက်ဖက်ပြီး လန်းဆန်းတဲ့အငွေ့အသက်ကိုပေးနေသည်။
အဝတ်အစားနဲ့လက်ဝတ်ရတနာ ဝတ်ဆင်ပြီးသွားတော့ မုယွမ်ယောင်က မှန်ရှေ့မှာထိုင်ပြီး ပါးပေါ်မျက်နှာချေလိမ်းလိုက်သည်။
စုချင်က မုယွမ်ယောင်ရဲ့နောက်မှာရပ်ပြီး သူ့သမီးရဲ့ပါးနှစ်ဖက်ကိုကြည့်နေ၏။ ဒဏ်ရာမရှိတဲ့တစ်ဖက်က ကျောက်စိမ်းကိုဖွေးကာ ပန်းပွင့်လိုနူးညံ့နေပြီး တစ်ဖက်မှာတော့ လက်ငါးချောင်းရာကြီးထင်းနေတာမို့ မြင်ရသူကို ရင်နာစေသည်။
“ယောင်အာ ဒါနည်းနည်းမသင့်တော်ဘူးလားလို့”
မုယွမ်ယောင်က ကိုယ့်ပါးကိုယ်ကိုင်ရင်း သေချာကြည့်နေသည်။ ခဏကြာတော့ သူမက စိတ်ကျေနပ်စွာနဲ့ခေါင်းညိတ်လိုက်သည်။
“ဘာမသင့်တော်တာမှမတွေ့ပါဘူး အဆင်ပြေပါတယ်”
စုချင်က စိုးရိမ်မှုတွေကို စိတ်ထဲမှာပဲ ထိန်းချုပ်ထားလိုက်သည်။ မုယွမ်ယောင်နဲ့မနက်စာအတူစားပြီးတဲ့နောက်မှာ အချိန်နီးနေပြီမို့ မုယွမ်ယောင်ကို အပြင်ထိလိုက်ပို့ပေးသည်။
သူတို့တွေထွက်လာတော့ တံခါးမှာရပ်နေတဲ့ ချီမော့မော့ကို တွေ့လိုက်ရသည်။ ဘယ်ကတည်းက စောင့်နေတာလဲမသိပေမယ့် ဖိနပ်ထိပ်တွေမှာတော့ နှင်းစက်တွေနဲ့စိုနေ၏။
“နှုတ်ခွန်းဆက်ပါတယ်သခင်မလေး၊ အကြီးဆုံးသခင်မက ကျွန်မကို သခင်မလေးအတွက် ရထားလုံးပြင်ခိုင်းပြီး နန်းတော်ဝင်ပေါက်ထိလိုက်ပို့ခိုင်းလိုက်လို့ပါ”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...