Unicode
အပိုင်း ၂၇၀ - နှုတ်ဆက်စကားဆိုခြင်း
စုချင် ရတနာရှစ်ပါးထမင်းကို ချက်ပြီးချိန်မှာ တံခါးနားကနေ စစ်ချင်ရဲ့သတင်းပို့သံကို ကြားလိုက်ရသည်။
"သခင်မ သခင်မလေး ကျင်းရှို့ဥယျာဉ်က နင်းစစ်ယဲ့ ရောက်လာပါတယ်"
စုချင်က အံ့ဩသွား၏။ သူမက မုယွမ်ယောင် စားပွဲမှာထိုင်ပြီး စားဖို့ပြင်နေတာကိုမြင်တော့ အမြန်လှမ်းဆူလေသည်။
"ဒီကလေးမလေးကတော့လေ! ဧည့်သည်လာလည်တယ်တဲ့ မကြားဘူးလား။ ချထားလိုက် ပြီးမှစား"
ထို့နောက် သူမက စစ်ချင်ကို စားပွဲပေါ်ကပစ္စည်းတွေ ရွှေ့ခိုင်းလိုက်ပြီး အင်္ကျီလက်နဲ့စကပ်ကိုသန့်ရှင်းကာ ဧည့်သည်ကို အထဲဖိတ်လိုက်သည်။
ယွဲ့ဝမ်က ငွေချည်ပေါ် အနက်ရောင်ဖောက်ထားတဲ့ အပြာဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက သူ့ရဲ့အနည်းငယ်အေးတိအေးစက်ဆန်တဲ့ ခပ်ချောချောမျက်နှာနဲ့ လိုက်ဖက်ကာ မြင့်မြတ်ပြီး တုနှိုင်းမဲ့ပုံ ပေါက်နေ၏။
"နှုတ်ခွန်းဆက်ပါတယ် သခင်မစု မိန်းကလေးမု"
မုယွမ်ယောင်က ယွဲ့ဝမ်ကို စိုးရိမ်စိတ်နဲ့ ကြည့်နေသည်။ သူ့နဲ့ဆက်ဆံရေးအားလုံး ဖြတ်တောက်ဖို့ ဆုံးဖြတ်ပြီးကာမှ သူက အမေ့ကို လာတွေ့တယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာလဲ။
သူမရဲ့အမူအရာကိုကြည့်ပြီး ယွဲ့ဝမ်ရင်ထဲ နေလို့ထိုင်လို့မကောင်းတော့ပေ။ နှစ်ယောက်လုံးအချိန်အကြာကြီး လက်တွဲညီခဲ့ပေမယ့် မုယွမ်ယောင်က သူ့ကို လုံးဝမယုံကြည်သေးဘူး။
စုချင်က နှစ်ယောက်လုံးရဲ့အမူအရာကို သတိမပြုမိဘဲ အလျင်အမြန် ပြောလေသည်။
"သခင်လေးနင်း ယဉ်ကျေးမနေပါနဲ့။ သခင်လေးမျက်နှာကြည့်ရတာ ဖြူဖျော့နေတာပဲ၊ ဘာဖြစ်ထားလို့လဲ"
"ကိစ္စကြီးမဟုတ်ပါဘူး၊ ကျွန်တော် အအေးမိသွားတာ။ ရက်နည်းနည်းလောက် နားလိုက်ရင်တော့ ပျောက်သွားမှာပါ။ အခုက ကျွန်တော် အရေးကြီးကိစ္စနဲ့ အိမ်ပြန်ရမှာမို့ သခင်မကို လာနှုတ်ဆက်တာပါ"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficção Históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...