Unicode
အပိုင်း၂၂၀
အလျင်လိုနေတာကြောင့် မုယွမ်ယောင် ဂရုတစိုက် ပြင်ဆင်နေဖို့ အချိန်မရှိပေ။ သူမ အဝတ်တွေကို သာမန်ကာလျှံကာ ဝတ်ကာ ဝတ်ရုံဝတ်လိုက်ပြီး သူမ ဆံပင်ကို ချည်နေဖို့တောင် အချိန်မရှိဘဲ ထွက်လာလိုက်သည်။
ယင်းဟုန်က သူမကယ်တင်ရှင်ကို မြင်လိုက်ရသလို မုယွမ်ယောင်ကို ပျာယာခတ်နေတဲ့ အမူအရာဖြင့် ကြည့်နေပြီးနောက် ပြောလိုက်သည်။
“မိန်းကလေးမု မြန်မြန်လေးသွားပြီး ကြည့်ပေးပါဦး။ သခင်မက သွေးတွေထွက်နေတယ်။ ဝမ်းဆွဲသည်ပြောတာတော့ ကလေးရဲ့အနေအထားက မှန်မနေဘဲ အခြေအနေက စိုးရိမ်ရတယ်တဲ့”
“လျိုလျန် မြင်းပြင်လိုက်၊ ငါတို့ ချက်ချင်းသွားမယ်!”
မုယွမ်ယောင်က ချောင်မိသားစုအိမ်တော်သို့ လမ်းတစ်လျှောက်လုံး အပြင်းနှင်သွားတော့သည်။ အနောက်ခြံဝန်းက ပရမ်းပတာတွေ ဖြစ်နေကာ ကိုယ်လုပ်တော်ကျိုးက ခြံဝန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် အမိန့်တွေပေးနေသည်။
“ချွမ်းဟုန် ရေပူပြင်ထားလေ ဘာတွေအလုပ်ရှုပ်နေတာလဲ? သခင်မက မင်းတို့အားလုံးကို ကြင်နာခဲ့တာ။ မင်းတို့ကတော့ ဒီအချိန်မှာ အသုံးကိုမကျဘူး!”
“အိုက်ယား… ရှချင်း မြန်မြန်လေး ကြက်မဲစွပ်ပြုတ်ပြင်ပြီး ဂျင်ဆင်းနည်းနည်းလောက် ထပ်ထည့်ဦး။ ဒီအချိန်မှာ သခင်မက ခွန်အားများများရှိဖို့ လိုတယ်!”
“မင်းတို့နှစ်ယောက် ဘာလို့ရပ်နေတာ? မြန်မြန်လုပ် မီးဖိုချောင်ထဲသွားပြီး မီးသွားကြည့်ချည်လေ။ မိန်းမတစ်ယောက်က ကလေးမွေးရင် ငရဲပြည်ကို ခြေတစ်လှမ်းလှမ်းရသလိုပဲ။ အကယ်၍ သခင်မသာ တစ်ခုခုမှားသွားရင် ငါမင်းကိုပဲ အပြစ်တင်တော့မှာ!”
“ပုံမှန်ဆိုရင် မင်းတို့အားလုံး ကောင်းကောင်းလုပ်ကြပါတယ်။ ဒီလို အရေးရယ်အကြောင်းရယ် ဖြစ်လာမှ မင်းတို့က ကိုယ့်သခင်မကိုတောင် ကောင်းကောင်း ဂရုစိုက်မပေးနိုင်ကြဘူးလို့ ဘယ်သူထင်မှာလဲ။ သခင်မ အဆင်ပြေပြေနဲ့ မီးဖွားပြီးရင် ဒါတွေအားလုံးကို သခင်မဆီ တင်ပြပြီး မင်းတို့ကို အပြစ်ပေးခိုင်းမယ်၊ ဒီငနာလေးတွေ!”
သခင်မကျင်းက သူမဝမ်းဗိုက်ထဲမှ ကလေးလေးကို အမြဲတမ်း ရတနာတစ်ခုလို ဆက်ဆံသည်။ ပြဿနာတွေဖြစ်စေတဲ့ အိမ်အစေခံမှန်သမျှကို တတ်နိုင်သမျှ ဖယ်ရှားသည်။ သူမ ရုတ်တရက် လဲကျကာ လမစေ့ဘဲ ကလေးမွေးတာက အစေခံတွေရဲ့ နှလုံးကို တုန်လှုပ်သွားစေ၏။ သူတို့က သခင်လေးကို မီးဖွားနေသည့် သခင်မကို စိုးရိမ်စွာ စောင့်ဆိုင်းနေကြပေမယ့် သူတို့ကို သူမ ဘယ်လိုအပြစ်ပေးမယ်ဆိုတာ မသိပေ။ အခုတော့ ကိုယ်လုပ်တော်ကျိုးက ထိုအကြောင်းကို ပြောနေပြီဖြစ်ကာ သူတို့ ပိုပြီး ကြောက်လာကြတော့သည်။
ချောင်ယွင်နျန်လည်း စိတ်လှုပ်ရှားနေသည်။ ကိုယ်လုပ်တော်ကျိုး ပြောတာကိုကြားတော့ ဘာလုပ်ရမှန်းမသိတော့ဘဲ ရှေ့လျှောက်နောက်လျှောက်သာ လုပ်နေမိသည်။ သူ ရုတ်တရက် မုယွမ်ယောင်ကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေ တောက်ပသွားတော့သည်။
“ယွမ်ယောင်၊ သမီး အချိန်ကိုက်ရောက်လာတာပဲ။ မင်းရဲ့မွေးစားအမေက မင်းကိုခေါ်ဖို့ လူလွှတ်လိုက်တာ။ မြန်မြန်လေးသွားပြီး ကြည့်လိုက်ပါဦး”
ကိုယ်လုပ်တော်ကျိုးက ရှေ့ကိုလှမ်း၍ မုယွမ်ယောင်ရဲ့လမ်းကို ပိတ်ပြီး ပြောလာသည်။
“သခင်ကြီးက အရမ်းစိုးရိမ်နေတဲ့ပုံပဲ၊ မိန်းကလေးမုက အရွယ်မရောက်သေးသလို အိမ်ထောင်လည်းမပြုရသေးတဲ့သူပါ။ အဲ့ဒီ ဝမ်းဆွဲသည်နှစ်ယောက်က မရေတွက်နိုင်တဲ့ ကလေးတွေကို မွေးပေးခဲ့ဖူးတာမလို့ သူတို့က သခင်မရဲ့ လုံခြုံရေးအတွက် စိတ်ချရမှာပါ။ မိန်းကလေးမုက အတွေ့အကြုံလည်း မရှိဘူး။ အကယ်၍ သူ အဲ့လိုပုံစံမျိုးတွေ မြင်သွားလို့ ကြောက်သွားရင်ရော၊ ဝမ်းဆွဲသည်တွေကို နှောက်ယှက်မိသလို ဖြစ်သွားရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်သူခံနိုင်မှာလဲ?”
“ဒါဆို…”
မုယွမ်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်ကဘယ်သူလဲ?”
“မိန်းကလေးမုက ငါ့ကို အရင်က မမြင်ဖူးလောက်ဘူး။ မင်း ငါ့ကိုသတိမထားမိတာ မဆန်းပါဘူး။ ငါက ကိုယ်လုပ်တော်ကျိုး…”
“ရှင်က ကိုယ်လုပ်တော်တစ်ယောက်ဆို အိမ်တော်ရဲ့သခင်မ မီးဖွားနေချိန်မှာ ဒူးထောက်ပြီး ကောင်းချီးပေးဖို့ ဆုတောင်းမနေဘဲနဲ့ ဘာလို့ ကို့ရို့ကားရားတွေ လာပြောနေတာလဲ!”
ကိုယ်လုပ်တော်ကျိုးရဲ့ နှလုံးသား အနည်းငယ် ခုန်လှုပ်သွားသည်။ မုယွမ်ယောင်ရဲ့ စိတ်အခြေအနေက သူမဖက်ကို ရောက်လာပြီး သူမ ချောင်ယွင်နျန်ကို ကြည့်လိုက်တော့ သူ့မျက်နှာက မကျေနပ်မှုတို့ဖြင့် ပြည့်နေသည်။
“သခင်ကြီး ကျွန်မက အရမ်းကြင်နာတတ်ပါတယ်။ သခင်မရဲ့ ခြံဝန်းထဲက အိမ်တော်အစေခံတွေက အာရုံမစိုက်ကြတာမြင်လို့ ကျွန်မက စကားနည်းနည်း ဝင်ပြောပေးရုံပါ။ မိန်းကလေးမုအမြင်မှာ ကျွန်မက ဘယ်လိုလုပ် ကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးလို့ ထင်ရတာလဲ!”
ချောင်ယွင်နျန်လည်း မုယွမ်ယောင်ရဲ့လေသံက အနည်းငယ် ရန်လိုနေသလို ခံစားရသည်။ ဒါပေမယ့် သူမက သခင်မကျင်းနဲ့ ဘယ်လောက်တောင် ရင်းနှီးတယ်ဆိုတာကို တွေးကြည့်လိုက်တော့ သူမရဲ့ ပြင်းထန်နေတဲ့စိတ်ကို နားလည်နိုင်လိုက်သည်။
“ယွမ်ယောင်…”
သို့ပေမယ့် မုယွမ်ယောင်က ကိုယ်လုပ်တော်ကျိုးကို လျစ်လျူရှုလိုက်သည်။ အစေခံတွေရဲ့ ရှုပ်ယှက်ခတ်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး သူမက အေးစက်စွာဖြင့် အော်ပြောလိုက်သည်။
“မင်းတို့တွေ ရုန်းရင်းဆန်ခတ်နဲ့ ဘယ်လိုလုပ်နေကြတာလဲ! စိတ်ငြိမ်ငြိမ်ထားကြစမ်း!”
သူမရဲ့ အသံက အေးစက်ပြီး တည်ကြည်နေကာ ရှုတ်ယှတ်ခတ်နေသည့် ခြံဝန်းတစ်ခုလုံးကို ရုတ်တရက် ငြိမ်ကျသွားစေသည်။
ကိုယ်လုပ်တော်ကျိုးက သူမစိတ်ထဲတွင် မယုံနိုင်ဖြစ်နေသည်။
“မိန်းကလေးမု ဒါက ချောင်အိမ်တော်ပါ။ မင်းဒီလိုလုပ်တာ နည်းနည်းများ စည်းကျော်မနေဘူးလား…”
မုယွမ်ယောင်က ရုတ်တရက် ခေါင်းလှည့်လာပြီး စူးရှနေသော အကြည့်တို့ဖြင့် ကြည့်လာသည်။ သူမရဲ့ အေးစိမ့်နေတဲ့ အကြည့်တို့က ကိုယ်လုပ်တော်ကျိုးကို ချွေးစေးတွေ ပြန်လာစေသည်။
“ပါးစပ်ပိတ်ထား၊ ဒီမှာ ဘယ်သူမှ ဝင်ပါလို့မရဘူး။ အထူးသဖြင့် ရှင့်လို ကိုယ်လုပ်တော်မျိုးပဲ။ ယင်းဟုန်နဲ့ ချွင်ဟုန် မင်းတို့နှစ်ယောက် မီးဖွားခန်းထဲကိုသွားပြီး အမေ့ဘေးနားမှာ နေပေးပါ။ အခန်းထဲကို ဝင်သွားတဲ့ဟာမှန်သမျှ ကျွန်မကို မေးပြီးမှ အထဲကိုယူ။ ရှချင်နဲ့ ကျူးချင်က ရေပူလေးပြင်ထားပေး။ ကျင်းလန်နဲ့ ကျင်းချောင် မီးဖိုချောင်ထဲသွားပြီး စားစရာတစ်ခုခု သွားပြင်ချည်။ ငါမပြောတဲ့ ဘယ်သူမဆို ကိုယ့်အခန်းထဲကို ပြန်သွားကြ။ အကယ်၍ တစ်ယောက်ယောက်များ ဒီနားပတ်လည်မှာ ယောင်လည်လည် လာလုပ်နေရင် သခင်မရဲ့ ဆုံးဖြတ်ချက်လိုမနေဘူး။ ငါအရင် ကန်ထုတ်ပစ်မယ်!”
ကိုယ်လုပ်တော်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် ချောင်ယွင်နျန်ကို ကြည့်လိုက်သည်။
“သခင်ကြီး မုယွမ်ယောင်ကို ကြည့်ပါဦး…”
“ဖြောင်း!”
ချောင်ယွင်နျန်က ကိုယ်လုပ်တော်ကျိုးရဲ့ မျက်နှာကို ရိုက်ချလိုက်သည်။ သူက အရူးမဟုတ်တာကြောင့် မုယွမ်ယောင်ရဲ့ စီစဉ်မှုတွေကို ကြားတဲ့အချိန်မှာ အရင်က သူမရဲ့ အပြုအမူတွေကို တွေးကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် အေးစက်သွားသည်။ သူမက အဓိပ္ပာယ်မရှိတာတွေကို ဆက်ပြောနေတော့ သူ ဒီတိုင်း ရိုက်ချလိုက်သည်။
“ပြောနေတာ မကြားဘူးလား။ ကိုယ်လုပ်တော်တစ်ယောက်ဆို သခင်မအတွက် ဒူးထောက်ပြီး ဆုတောင်းပေးနေရမှာ။ အနောက်ဝင်းထဲက ဘုရားကျောင်းဆောင်ဆီ သွားပြီးဆုတောင်းနေ။ သူ အန္တရာယ်ကင်းကင်းနဲ့ မီးဖွားပြီးမှ မင်းပြန်ထွက်လာခဲ့!”
ကိုယ်လုပ်တော်ကျိုးရဲ့ မျက်နှာက ဖြူဖျော့သွားပြီး ဘာကိုမှ ဆက်မပြောရဲတော့ပေ။ သူမက မျက်နှာကိုအုပ်ပြီး အလျင်အမြန်ပဲ ခြံဝန်းထဲမှ ထွက်သွားတော့သည်။ သူမ ခြံထဲမှ ထွက်သွားသွားချင်းပဲ လဲကျသွားပြီး မြေကြီးပေါ်တွင် ထိုင်နေလိုက်သည်။ ခဏနေမှ မတ်တပ်ထပြီး ဘုရားကျောင်းဆောင်ဆီသို့ သွားလိုက်သည်။
ချောင်ယွင်နျန်က ပိုပြီးတောင် စိတ်ပူလာသည်။
“ယွမ်ယောင် သမီးအမေ အဆင်ပြေပြေနဲ့ မွေးနိုင်ဖို့ ကူညီပေးရမယ်နော်၊ အကယ်၍…”
မုယွမ်ယောင်က သူစကားမဆုံးခင်မှာဘဲ နောက်လာမယ့်စကားရဲ့ အဓိပ္ပာယ်ကို သိတာကြောင့် အလျင်အမြန်ပဲ ခေါင်းညိတ်ပြောလိုက်သည်။
“အဖေ စိတ်မပူပါနဲ့။ သမီး အခုချက်ချင်းသွားပြီး အမေနဲ့မောင်လေး ဘေးကင်းဖို့အတွက် အကောင်းဆုံး စောင့်ရှောက်လိုက်ပါ့မယ်”
သူမက မီးဖွားခန်းထဲသို့ ဝင်သွားလိုက်သည်။
မီးဖွားခန်းထဲတွင် သခင်မကျင်းက စိုးရိမ်ပူပန်နေပြီ ဖြစ်သည်။ အထူးသဖြင့် ကိုယ်လုပ်တော်ကျိုးက သူမအနားမှ အစေခံတွေကို ထွက်သွားဖို့ စီစဉ်ကတည်းက တစ်ခုခုမှားနေတာကို ခံစားမိသည်။ ထိုအချိန်တွင် သူမဝမ်းဗိုက်က အရမ်းနာနေတာကြောင့် စကားပြောဖို့ အချိန်မရှိပေ။ ယင်းဟုန်တစ်ယောက် မုယွမ်ယောင်ကို အမြန်ခေါ်လာဖို့သာ သူမ မျှော်လင်နေမိသည်။
သူမစောင့်နေချိန်တွင် ဝမ်းဆွဲသည်နှစ်ယောက်က သူမကိုတွဲပြီး အခန်းပတ်လည်ကို လမ်းလျှောက်ရသည်။ သူမရဲ့နှလုံးသား အလွန်အမင်း စိုးရိမ်နေကာ နောက်ဆုံးတော့ မုယွမ်ယောင်ရဲ့ ဆူငေါက်သံကို ကြားလိုက်တာကြောင့် သူမခန္ဓာကိုယ်က ပင်ပန်းမှုတွေ ပြေလျော့သွားသလို ခံစားလိုက်ရသည်။ အခန်းတံခါး တွန်းဖွင့်ပြီး ဝင်လာတာကိုမြင်တော့ သူမ ပြုံးလိုက်မိသည်။
“ယောင်အာ…”
သခင်မကျင်းရဲ့ အခြေအနေကို မြင်တော့ မုယွမ်ယောင်ရဲ့ အမူအယာက ပြောင်းသွားတော့သည်။
“အမေ ရေမွှာပေါက်တာ သမီးမြင်တယ်။ ဘာလို့ လမ်းလျှောက်နေသေးတာလဲ? မင်းတို့နှစ်ယောက်က ငါ့အမေ ကလေးမွေးဖို့ ဒီလိုကူညီနေတာလား?”
ဝမ်းဆွဲသည်နှစ်ယောက်က အလျင်အမြန် ပြောလာသည်။
“သခင်မလေး ကျွန်မတို့က ကလေးတွေအများကြီး မီးဖွားပေးဖူးပါတယ်။ အမျိုးသမီးတွေအားလုံး ကလေးမမွေးခင် လမ်းလျှောက်ကြတာပဲ မဟုတ်ဘူးလား? အဲ့တာဆိုရင် ကလေးက မြန်မြန်မွေးပြီး လူကြီးတွေ စိတ်အေးရမှာ။ ဒီလိုလုပ်တာ ဘာမှားလို့လဲ?”
တခြားဝမ်းဆွဲသည်တစ်ဦးက ဝင်ပြောလာသည်။
“အဲ့တာမှန်တယ်။ သခင်မလေးက အပျိုဆိုတော့ ကျွန်မတို့လို ကလေးမွေးပေးတဲ့သူတွေလောက် ဘယ်လိုလုပ်သိမှာလဲ? သခင်မ ဒီသခင်မလေးကို ထွက်သွားခိုင်းလိုက်ပါ။ အကယ်၍ သူက ကျွန်မတို့ကို နှောင့်နှေးစေပြီး နောက်ဆုံး တစ်ခုခုဖြစ်သွားရင် ဘယ်သူတာဝန်ယူမှာလဲ?”
မုယွမ်ယောင်က ရှေ့သို့သွားလိုက်ပြီး သူမလက်ကို မြှောက်လိုက်ကာ ဒုတိယဝမ်းဆွဲသည်ရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
“ယင်းဟုန် ချွင်းဟုန်၊ အမေ့ကို အိပ်ရာပေါ်မှာ လှဲဖို့ကူညီပေးပါဦး။ ပြီးတော့ မင်းတို့နှစ်ယောက် ငါ့ကို ဒူးထောက်စမ်း!”
ဝမ်းဆွဲသည်နှစ်ယောက်ရဲ့ အမူအရာက ပြောင်းလဲသွားတော့သည်။ သူတို့ကို မုယွမ်ယောင်က တကယ်နှိပ်ကွပ်နိုင်မယ်လို့ မထင်ခဲ့ကြပေ။ အထူးသဖြင့် ဒုတိယဝမ်းဆွဲသည် ဖြစ်သည်။ သူမမျက်လုံးက အဆိပ်တွေဖြင့် ပြည့်နေသည်။
“မိန်းကလေးမု အရမ်းလွန်မနေဘူးလား?!”
မုယွမ်ယောင်က နှာမှုတ်လိုက်သည်။
“အကယ်၍ တစ်ယောက်ယောက် ငါ့မွေးစားအမေကို တစ်ခုခုဖြစ်အောင်လုပ်ရင် မင်းတို့နှစ်ယောက်ရဲ့ အသက်တွေနဲ့ ပေးဆပ်ခိုင်းမယ်။ ဒါမှမဟုတ် ဒီထက်ပိုပြီး ရက်ရက်စက်စက် လုပ်ပြမယ်!”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Narrativa Storicaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...