Unicode
အပိုင်း ၂၃၁
ချိုင်ယွဲ့ဆိုင်ရဲ့သတင်းက တောမီးလို ပျံ့နှံ့နေပြီ။ အရာရှိတွေလည်း ဧကရာဇ်ဆီ ထပ်တလဲလဲ လျှောက်တင်နေကြသည်။ တစ်ချို့က ကုန်သည်တွေကို ပြည်သူ့အကျိုးအတွက် ပိုလုပ်လာအောင် ချိုင်ယွဲ့ဆိုင်က ဥပမာကောင်းတစ်ခုဖြစ်ကြောင်း၊ တစ်ချို့ကတော့ ချိုင်ယွဲ့ဆိုင်မှာ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေရှိပြီး လူတွေရဲ့စိတ်ကို တမင်လွှမ်းမိုးဖို့ လုပ်နေတာမို့ စုံစမ်းရေးအတွက် အမိန့်ချပေးသင့်ကြောင်း လျှောက်တင်ကြသည်။
သို့ပေမယ့် ဧကရာဇ်ဘက်က တော်ဝင်အမိန့်ပြန်တမ်းကို လက်ခံရပြီးတဲ့နောက်မှာ တိတ်ဆိတ်နေခဲ့သည်။ သူက ထိုသတင်းကိုရတော့ ဒေါသထွက်ပြီး ချိုင်ယွဲ့ကိုစုံစမ်းဖို့ ချက်ချင်းအမိန့်ပေးခဲ့၏။
ကျင်းလင်မြို့မှာတော့ လီမုနျန်က သူ့လက်ထဲကစာကို အောက်ချပြီး သက်ပြင်းချခေါင်းခါလေသည်။
“အစကတော့ ကောင်းတဲ့အရာဆိုပေမယ့် လူသိရှင်ကြား ဖြစ်လွန်းသွားတော့ ကပ်ဆိုက်တာပဲ”
သခင်မကျိုးက သူ့လက်ထဲကို လက်ဖက်ရည်ခွက် ထည့်ပေးလိုက်ပြီး
“လောင်ရဲ့ ကျွန်မ တကယ်နားမလည်နိုင်ဘူး။ အရင်က နီယွင်ဖန်း လက်ပန်းထိုးနည်းတွေ သင်ပေးတုန်းကကျ ကျင်းလင်လူထုက သဘောလည်းကျကြသလို လေးလည်းလေးစားကြတယ်။ ဧကရာဇ်လည်း ချီးကျူးခဲ့သေးတယ်။ ဒါပေမယ့် ချိုင်ယွဲ့အလှည့်ကျ ဧကရာဇ်က အမျက်ထွက်ပြီး စုံစမ်းဖို့ လူလွှတ်လိုက်တယ်တဲ့”
“တစ်စုံတစ်ယောက် မင်းရှေ့မှာ တုန်တုန်ရီရီ ဒူးထောက်ပြီး အစားတစ်လုပ်လောက် စားရဖို့ မျှော်လင့်နေတယ်။ မင်း သူ့ကို ပဲတစ်စေ့လောက် ပစ်ပေးလိုက်ရင်တောင် သူက ကျေးဇူးတင်သွားလိမ့်မယ်။ မင်း အဲ့ပဲလေးကို စိတ်ထဲထားနေမှာလား”
“ပဲလေးတစ်စေ့ပဲလေ၊ ဂရုစိုက်နေစရာအကြောင်း မရှိပါဘူး”
“တစ်ယောက်ယောက်က မတော်လောဘကြီးပြီး မင်းဆီက တစ်ပန်းကန်လုံးကို စားချင်တယ်ဆိုရင်ရော”
သခင်မကျိုးက မျက်မှောင်ကြုတ်ရင်း
“ဒါဆို သူ့ကိုလက်သည်းတွေကို ချိုးပစ်မယ်”
လီမုနျန်က ရယ်လေသည်။
“နီယွင်ဖန်းရဲ့လွှမ်းမိုးမှုက ကျင်းလင်မှာပဲ သက်ရောက်တာ၊ ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း နေတတ်တယ်။ လက်ပန်းထိုးနည်းပေါင်းချုပ်တောင် လုပ်ပြီး ဧကရာဇ်ဆီ ဆက်သလိုက်သေးတယ်။ နောက်ပြီး ဧကရာဇ်က နှစ်သစ်ကူးလက်ဆောင်ကိုလည်း အတော်လေး နှစ်သက်သွားသေးတယ်။ သူမ လုပ်သမျှက ကျင်းလင်မြို့အတွင်းမှာပဲ ရှိပြီး ဂုဏ်တက်စရာအများစုက ဧကရာဇ်ရဲ့ သစ္စာရှိတဲ့ အမတ်တွေဆီ ရောက်သွားတာ။ စည်းလည်းမကျော်သလို မလေးမစားလုပ်တာမျိုး နည်းနည်းလေးတောင် မရှိဘူး။ အဲ့တာကြောင့် ဧကရာဇ်က သိပ်အရေးမစိုက်ခဲ့တာ။ ဒါပေမယ့် ချိုင်ယွဲ့က တစ်နိုင်ငံလုံးထိဖြန့်ပြီး သာမန်ပြည်သူတွေ အများကြီး အလိုရှိလာကြတာ။ သူ့ဂုဏ်သတင်းက တော်ဝင်နန်းတော်ကိုတောင် ဖိနှိပ်သွားမှတော့ ဧကရာဇ် အမျက်မထွက်ဘဲ နေမလားလေ”
“ဒါပေမယ့် ချိုင်ယွဲ့ရဲ့ကိစ္စက ပျံ့နေတာကြာပါပြီ။ ဘာလို့ အခုမှ စုံစမ်းရတာလဲ”
“အရှင်မင်းမြတ်ရဲ့ အတွေးတွေက ခန့်မှန်းလို့မရဘူး”
ဧကရာဇ်က အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပေမယ့် နန်းတွင်းထဲက လူတွေကတော့ သူတို့ကိုယ်သူတို့ ထိန်းချုပ်မထားနိုင်တော့ဘူး။ ရာထူးမြင့်ရော၊ ရာထူးနိမ့်ရော ပူးပေါင်းပြီး ချိုင်ယွဲ့ကို တုပ်နှောင်ဖို့ ကြိုးစားလာကြသည်။ မင်းသားတစ်ချို့တောင် ပါဝင်လာကြတာမို့ ဘယ်လိုလုပ် ဧကရာဇ်က အမျက်မထွက်ဘဲနေမှာလဲ။ ဒီကိစ္စပြီးသွားရင်တော့ နန်းတွင်းထဲကလူတွေ အချိန်ခဏလောက် ငြိမ်းချမ်းရေး ရသွားလောက်သည်။
နောက်တစ်နေ့ မိုးစင်စင်လင်းတော့ ကျင်းချောင်က မုယွမ်ယောင်ရဲ့တံခါးကို လာခေါက်သည်။
“သခင်မလေး အပြင်ဘက်မှာ ချိုင်ယွဲ့ဆိုင်ပိုင်ရှင် ထန်လူက သခင်မလေးကို တွေ့ရဖို့ တောင်းပန်နေပါတယ်။ သူက သခင်မလေးနဲ့ မတွေ့ရရင် ကျင်းရှို့ဥယျာဉ်ရှေ့မှာ သွားသေမယ်ဆိုပြီးလည်း ပြောနေတာပါ”
မုယွမ်ယောင် မျက်လုံးဖွင့်လိုက်သည်။ သူမက ထိုစကားကိုကြားတော့ ရယ်မောလေ၏။
“ဒီလိုဆိုမှတော့ သွားတွေ့ရမှာပေါ့လေ။ သူ့ကို ကျင်းရှို့ဥယျာဉ်ဆီ လိုက်ပို့ပေးထားလိုက်၊ ငါ အဝတ်အစာလဲပြီးရင် လိုက်လာမယ်”
စားပွဲပေါ်မှာ နှင်းမြေခွေးလေးက အသံဗလံတွေကြားပြီး ချက်ချင်းထရပ်ကာ မုယွမ်ယောင်ကို သတိကပ်နေတဲ့ အမူအရာနဲ့ ကြည့်နေသည်။
မုယွမ်ယောင်က ဂရုမစိုက်ဘဲ အဝတ်အစားလဲ၊ မျက်နှာသစ်ပြီး ကျင်းရှို့ဥယျာဉ်ဘက် ထွက်လာခဲ့သည်။
ခန်းမထဲမှာ ထန်လင်ရဲ့မျက်နှာက အပူသည်ရုပ်နဲ့ ဖြစ်နေသည်။ မုယွမ်ယောင်ကိုမြင်တော့ အမုန်းတရားက သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွား၏။
“မိန်းကလေးမုက ရုပ်ကလေးလှသလောက် အကြံအစည်တွေကတော့ သိပ်ရက်စက်တာပါလား!”
မုယွမ်ယောင်က ဘေးကခုံမှာ ဝင်ထိုင်လိုက်ရင်း ကျင်းချောင်ကို အမိန့်ပေးလိုက်သည်။
"ထန်တာ့ရန်အတွက် လက်ဖက်ရည်ကျိုပေးလိုက်ပါဦး။ ဒေါသတွေလျော့သွားအောင် တစ်ခွက်လောက် သောက်ရတာပေါ့”
“အိုး မသောက်ရဲပါဘူး၊ မသောက်ရဲပါဘူး။ လက်ဖက်ရည်မှာ ဘာပြဿနာတွေရှိနေမလဲ ဘယ်သူမှမသိနိုင်ဘူးလေ”
မုယွမ်ယောင်က ထိုလူ့စကားကို ဂရုမစိုက်ပေ။
“မနက်စောစောကြီးပဲ ရှိသေးတာကို ထန်တာ့ရန်က ဘာလို့လာတွေ့တာပါလိမ့်”
“ဒီအခြေအနေထိ ရှိနေပြီကို ဘာတွေ အရူးကွက်နင်းနေသေးတာလဲ။ အစကတော့ လက်ပန်းထိုးနည်းတွေ သင်ပေးပါမယ်ဆိုပြီး ကတိပေးထားတာကို အခုမှ စကားပြန်ရုတ်ပြီး ငါ့ကို တိတ်တိတ်လေး တိုက်ခိုက်နေတယ်ပေါ့”
ထန်လူက အလွန်အမျက်ထွက်နေပြီး မုယွမ်ယောင်ကို အကြည့်နဲ့သတ်နိုင်ဖို့ ဆုတောင်းနေလေ၏။ တစ်ညအတွင်း တိမ်ပေါ်ကနေ ဗွက်အိုင်ထဲကျသွားတာ၊ ဒီခံစားချက်က သူ့ကို တိုက်ရိုက်သတ်လိုက်တာထက် ပိုခံရခက်တယ်။
“ထန်တာ့ရန် ဘာတွေပြောနေတာလဲ ကျွန်မ တကယ်နားမလည်ဘူး”
“မနားလည်ရင် နားလည်အောင် ရှင်းပြရတာပေါ့။ အရင်ဆုံး ငါ့သားကို ထောင်ချောက်ဆင်ပြီး ငါ့ကို ကျင်းလင်ထိလာပြီး မင်းကို တွေ့ရအောင်လုပ်တယ်။ ဟိုအစေခံကို ချိုက်ချင်းကို လာမရှုပ်အောင် လက်ပန်းထိုးနည်းတွေ ပေးလိုက်တော့ ငါလည်း သူ့ကို ဆက်မနှောင့်ယှက်တော့ဘူး။ ဒါပေမယ့် ငါ လက်ပန်းထိုးနည်းတွေ စဖြန့်ပေးတော့မယ်ဆိုမှ မင်းက ဧကရာဇ်ကို နည်းလမ်းပေါင်းချုပ်ကို ဆက်သလိုက်တယ်။ ဒီလိုနည်းနဲ့ ဧကရာဇ်ဆီက ငါဂုဏ်ပြုခံရမယ့် အရာတွေကို လုယူလိုက်တာ မဟုတ်ဘူးလား။ ငါ့ဘဝက ဘယ်လိုလုပ် ဆက်တည်မြဲနိုင်ဦးမှာလဲ”
မုယွမ်ယောင် နားမလည်သလို မျက်နှာပေးနဲ့
“ထန်တာ့ရန်ပြောတာ မှားနေပြီနော်။ ကျွန်မ ရှင့်သားကို ကျင်းလင်မြို့ဆီ လာပါလို့လည်း မခေါ်သလို ချိုက်ချင်းကို အနိုင်ကျင့်ပါ ဆိုပြီးလည်း မတောင်းဆိုဖူးဘူး။ အကုန်လုံး ရှင့်သားစခဲ့တာတွေ။ ရှင်ပြောတာတွေအတွက်ကတော့ ကျွန်မ ဘာမှကို နားမလည်နိုင်တော့ဘူး”
“မင်း...မင်း ဝန်မခံသေးဘူးလား။ လက်ပန်းထိုးနည်း သင်ကြားတဲ့ကိစ္စက ငါ့မှာ လက်ရေးစာချုပ်ရှိတယ်နော်!”
ထန်လင်ရဲ့အမူအရာက ခြိမ်းခြောက်ဟန်အပြည့်။
"ငါတစ်ခုခုဖြစ်ရင် မင်းလည်း လွတ်မယ်မထင်နဲ့!"
မုယွမ်ယောင် ခေါင်းငုံ့ရင်း တိတ်ဆိတ်သွား၏။ ထန်လင်က သူ့စကားတွေ ထိရောက်သွားပြီဆိုပြီး သူ့လေသံက ပိုလို့တောင် စိတ်လောသလို ဖြစ်လာသည်။
“မိန်းကလေးမု ချိုင်ယွဲ့ဆိုင်ကို လက်ပန်းထိုးနည်းတွေ သင်နိုင်အောင် လုပ်ပေးခဲ့တဲ့သူက မင်းလေ။ ဧကရာဇ် စုံစမ်းလို့တွေ့သွားရင် ပြစ်ဒဏ် ကြီးကြီးမားမား ခံရမယ့်သူက မင်းဖြစ်သွားနိုင်တယ်။ ဒါ့ကြောင့်မို့ အခု ငါတို့ဘာလုပ်သင့်လဲဆိုတာ သေချာစဉ်းစားသင့်တယ်။ အဖက်ဆယ်နိုင်မယ့်အရာတွေ ရှိလိုရှိငြားပေါ့”
“ဒါဆို ကျွန်မတို့ ဘာလုပ်သင့်တယ်လို့ ထန်တာ့ရန်ထင်လဲ”
“စာချုပ်အရ ငါတို့ လူတွေကို လက်ပန်းထိုးနည်း သင်ပေးတိုင်း နီယွင်ဖန်းရဲ့ ကျေးဇူးကြောင့်ပါလို့ ပြောမယ်။ ဧကရာဇ်က ဂရုတစိုက် ရှိတတ်တဲ့သူမို့ သေချာမြင်နိုင်မှာပါ။ ဒီအခြေအနေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက လက်ပန်းထိုးနည်းသင်ပေးတဲ့ အကျိုးကျေးဇူးတွေကို နီယွင်ဖန်းဆီ အပြည့်အဝ လွှဲအပ်လိုက်ရုံပဲ။ ဒီနည်းနဲ့ဆို အခြေအနေတွေ တည်ငြိမ်သွားနိုင်တယ်”
မုယွမ်ယောင်က သံသယမျက်ဝန်းတွေနဲ့ မော့ကြည့်လာသည်။
“နီယွင်ဖန်းကဆိုရင်ရော ဧကရာဇ်က ဆက်မစုံစမ်းတော့ဘူးတဲ့လား?”
ထန်လင်က အလျင်အမြန် ခေါင်းညိတ်လေသည်။
“ဒါပေါ့ စဉ်းစားကြည့်လေ။ နီယွင်ဖန်းရဲ့ ရွှေရောင်ဆိုင်းဘုတ်ကို ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတာမို့ ဧကရာဇ်ရဲ့ သြဇာတိက္ကမနဲ့ ညီမျှတယ်။ နီယွင်ဖန်းကို အကျိုးကျေးဇူးတွေ ရောက်သွားတာက ဧကရာဇ်ဆီ သွယ်ဝိုက်နည်းနဲ့ ရောက်သွားသလိုပဲလေ။ အဲ့လိုဆို ဧကရာဇ်လည်း ဝမ်းမြောက်ပြီး မင်းကို ဆုထပ်ချီးမြှင့်လိမ့်မယ်”
မုယွမ်ယောင်က တစ်စုံတစ်ခုကို သေချာ စဉ်းစားဆုံးဖြတ်နေသလိုမျိုး နှဖူးကြောတွေ တွန့်နေသည်။
ထန်လင်ကတော့ ဆက်ပြီး စည်းရုံးပြန်သည်။
“မိန်းကလေး ဘာစဉ်းစားနေစရာ လိုသေးလဲဗျာ။ နီယွင်ဖန်းဆီ အကျိုးကျေးဇူးဆီ ရောက်လာဖို့အတွက် ပြင်ဆင်စရာတွေ အများကြီလိုနေတာမို့ မြန်မြန် ဆုံးဖြတ်ချက်ချမှ ဖြစ်မယ်နော်”
“ရှင့်အဲ့လိုပြောလာပေမယ့် ကျွန်မကတော့ စိတ်မချနိုင်ဖြစ်နေတုန်းပဲ”
“ဘာကို စိတ်မချရဦးမှာလဲလေ။ မိန်းကလေးမု ဒီမှာကြည့် ကျုပ် စာချုပ်ယူလာခဲ့တယ်။ မိန်းကလေး လက်မှတ်ထိုးလိုက်သရွေ့ နီယွင်ဖန်းကို အမြင့်ဆုံးထိရောက်အောင် တွန်းပို့လို့ရသွားပြီ။ နှစ်နည်းနည်းကြာရင် ချိုင်ယွဲ့ရဲ့ ဂုဏ်သတင်းကိုတောင် ဖိနှိပ်နိုင်သွားလိမ့်မယ်”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Fiksi Sejarahစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...