Unicode
အပိုင်း ၂၂၈
နွေဦးရောက်လာခဲ့ပြီ။ နည်းနည်း အေးနေဆဲပဲဆိုပေမယ့် အပူချိန်တိုးလာပြီမို့ ဖန်လုံအိမ်က အနည်းငယ် သိပ်သည်းလာသည်။
မုယွမ်ယောင်က ဖန်လုံအိမ်ထဲမဝင်ခင် ပေါ့ပေါ့ပါးပါး ဝတ်စုံတစ်စုံ ပြောင်းဝတ်လိုက်သည်။ သူမ စုဆောင်ထားတဲ့ ပန်းပင်တွေကို ကျင်းချောင်က ကောင်းကောင်းဂရုစိုက်ထားသည်။ သူမက ပျိုနီပန်းပင်တွေရှေ့ လျှောက်သွားပြီး ကပ်ကြေးယူကာ မလိုအပ်တဲ့ အကိုင်းတွေကို ဂရုတစိုက် ဖြတ်ပစ်လိုက်သည်။ ထို့နောက် သူမက ကြေးနီရောင်အိုး သယ်လာပြီး ထိုပေါ် ရေဖြန်းလိုက်၏။
တစ်ဖက်မှာ ကျင်းချောင်က မြေဩဇာကျွေးနေသည်။
"သခင်မလေး နွေဦးရောက်ပြီဆိုပေမယ့် ရာသီဥတုက အေးတုန်းပဲ။ ပျိုနီပန်းတွေ ပွင့်နိုင်ပါ့မလား"
"သေချာကြည့်ကြည့် ကြည့်လိုက်ရုံနဲ့တင် ရက်နည်းနည်းကြာရင် အဖူးတွေ ထွက်လာတော့မယ်မှန်း သိသာတယ်"
ကျင်းချောင်တစ်ယောက် သိချင်စိတ်ပြင်းပြနေပြီး နေ့တိုင်း ဖန်လုံအိမ်ဆီ သွားသွားကြည့်သည်။ ခြောက်ရက်မြောက်နေ့မှာတော့ အံ့အားတကြီးနဲ့ မုယွမ်ယောင်ဆီ သတင်းပါးတော့သည်။
"သခင်မလေးပြောတာ မှန်တာပဲ။ ပန်းဖူးလေးတွေ တကယ်ထွက်လာပြီ၊ သေးသေးလေးတောင် မဟုတ်ဘူး။ ပွင့်ရင် တော်တော်လှလောက်တယ်!"
မုယွမ်ယောင် ပျော်သွား၏။
“လာ သွားကြည့်ရအောင်”
လျိုလျန်လည်း မုယွမ်ယောင်နဲ့အတူ ကျင်းရှို့ဥယျာဉ်ဆီ လိုက်က်လာခဲ့သည်။ လျိုလျန်တစ်ယောက် ပန်းပျိုးတဲ့ ဖန်လုံအိမ်ခန်းထဲက ပန်းဖူးတွေထွက်နေတဲ့ ပျိုနီပင်တွေကိုမြင်တော့ အံ့အားသင့်သွား၏။
"သခင် ဒီပျိုနီပင်တွေက ဆားကုန်သည်ခေါင်းဆောင် ဝူမင်ကျစ်ရဲ့မွေးနေ့မှာ ပေးဖို့လား"
"အင်း မင်းစုဆောင်းထားတဲ့ သတင်းတွေအတိုင်းဆို ဝူမင်ကျစ်က အပင်တွေကို သဘောကျတယ် မဟုတ်လား။ ဒီကာလမှာပွင့်တဲ့ ပျိုနီတွေကိုလည်း ကြိုက်လောက်မယ် ထင်လို့လေ။ လက်ဆောင်အဖြစ် ပေးလိုက်ရင် သူသဘောကျမှာပါ"
"သခင် ဆားကုန်သည်ခေါင်းဆောင်က ဝါရင့်တဲ့သူဆိုတော့ ပန်းပင်အနည်းငယ်လောက်နဲ့ မရလောက်ဘူးထင်တယ်"
ပြောရရင် ဆားကိစ္စက အရမ်းအရေးကြီးတယ်။ ဝူမင်ကျစ်သာ ပါးစပ်လွယ်လွယ်ဟတတ်တဲ့သူဆိုရင် အကုန်ပြဿနာတွေ ဖြစ်ကုန်မှာပေါ့။
"ဒီပျိုနီတွေက ခြေနင်းကျောက်တုံးတွေပါပဲ။ အရမ်းသတိထားနေတာမျိုး ခံရမယ့်အစား ကိုယ့်အပေါ် အမြင်နည်းနည်း ကြည်သွားတာက ပိုမကောင်းဘူးလား။ နောက်ပြီး ဒီပျိုနီတွေအကုန်လုံးက သူ့အတွက်ချည်းပဲလည်း မဟုတ်ပါဘူး"
ကျင်းချောင်က သခင်မလေး ဘယ်သူ့ကို ထပ်ပေးချင်သေးတာလဲဟု မေးရန်ပြုစဉ်မှာ အရပ်ရှည်ရှည်လူတစ်ယောက် ဝင်လာတာကို မြင်လိုက်ရ၏။
ထိုသူက အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး ကျက်သရေတိမ်တိုက်တွေက အင်္ကျီလက်မှာ လွင့်မြောနေသည်။ သူ့ရဲ့ချည်ထိုးဝတ်ရုံက မြေပြင်ပေါ်ကို ခပ်ဖွဖွထိနေပြီး အဆုံးအစမဲ့ အေးစက်မှုကို သယ်ဆောင်လာသည်။
မုယွမ်ယောင်က တစ်စုံတစ်ခုကို အာရုံခံမိပြီး နောက်လှည့်လိုက်တော့ ယွဲ့ဝမ်ရဲ့အကြည့်နဲ့ ဆုံလေသည်။
"စစ်ယဲ့"
နွေးထွေးမှုက ယွဲ့ဝမ်ကို ဖြတ်တိုက်သွားပြီး ထိုသူက ခေါင်းဖွဖွညိတ်ပြ၏။
"ငါပြန်ရောက်ပြီ"
ကျင်းချောင်နဲ့လျိုလျန်က သူတို့နှစ်ယောက်ကိုချန်ကာ ထွက်သွားကြသည်။
ဘေးပတ်လည်ရှိ ပန်းပင်တွေက စိမ်းလန်းရှင်သန်နေပြီး အထူးသဖြင့် မုယွမ်ယောင်ရှိနေတဲ့ ပျိုနီပန်းပင်ရုံကြီးပင်။ ပန်းဖူးတွေထွက်နေပြီး ပွင့်ဖို့ အဆင်သင့်ဖြစ်နေကြလေပြီ။ အရောင်အသွေးကလည်း စုံလင်လှ၏။ သူမက နှင်းဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး ပန်းစည်းလေးကိုင်ထားကာ အလွန်နှစ်လိုဖွယ်ကောင်းလှ၏။
ယွဲ့ဝမ်က တစ်ဖက်လူကိုင်ထားတဲ့ ပျိုနီပန်းပွင့်တွေကိုကြည့်ရင်း
"ပန်းတွေပွင့်လာရင် တစ်ပင်လောက်ပေးနိုင်မလား။ ငါလည်း ပန်းပင်တွေကို သဘောကျတာမို့"
မုယွမ်ယောင်လည်း ယွဲ့ဝမ်က ပန်းပင်တွေ သဘောကျလိမ့်မယ်လို့ ထင်မထားတာကြောင့် အနည်းငယ် ကြောင်အသွာသည်။
"စစ်ယဲ့သဘောကျရင် ကျွန်မ ပေးမှာပေါ့"
သူ့နှုတ်ခမ်းထောင့်က မသိမသာ ကွေးညွတ်သွားပြီး ဘေးပတ်လည်က ပန်းပင်တွေကို စိတ်ဝင်တစား လိုက်ကြည့်နေလေသည်။
"ဆားကုန်သည်ခေါင်းဆောင် ဝူမင်ကျစ်ကို ပေးမလို့လား"
မုယွမ်ယောင်က ထိုလူ ဒီအကြောင်းကို သိထားတဲ့အပေါ် နည်းနည်းမှ အံ့ဩမသွားပေ။
"အင်း သူက ပန်းပင်တွေ သဘောကျတယ်ဆိုပြီး သတင်းရထားလို့ ပေးမလို့ပါ"
"ဆားကုန်သည်တစ်ယောက်အနေနဲ့ တိုင်းပြည်တစ်ခုလုံးလောက် မကြွယ်ဝရင်တောင် သူ့လက်ထဲက ငွေတွေက ရေတွေစီးဆင်းနေသလိုပဲ။ နွေဦးလေအေးမှာပွင့်တဲ့ ပန်းတွေက ရှားပါးပေမယ့် သူ့အမြင်ကိုတော့ ဖမ်းစားနိုင်မှာ မဟုတ်ဘူး"
ဝူမင်ကျစ်လို လူမျိုးတွေ ရတဲ့လက်ဆောင်တွေက တော်ဝင်နန်းတော်ဆီ ဆက်သတဲ့ ဟာတွေထက်တောင် တန်ဖိုးကြီးသေးတယ်။ သူက တော်တော်ဂျီးများမယ့်သူ။
မုယွမ်ယောင်ကပြုံးနေပြီး ဘာမှပြန်မပြောပေ။ သူမက ပျိုနီပန်းပင်ကိုပဲ ကရားအိုးနဲ့ လောင်းနေပြီး
"မြေစမ်းခရမ်းပျိုးကြည့်ရုံပါပဲ။ အဆင်ပြေရင်ကောင်းမယ်၊ မကောင်းတော့လည်း ရှက်စရာမဟုတ်ပါဘူးလေ"
အရွက်စိမ်းတွေပေါ်မှာ ရေစက်တွေရှိနေပြီး တစ်ခုချင်းစီတိုင်းက ဖြန့်ကျဲထားတဲ့ ပုလဲလုံးလေးတွေလိုပင်။ သူမလက်ချောင်းတွေနဲ့ ဖွဖွထိကြည့်တော့ အကုန်လိမ့်ဆင်းကုန်၏။ တစ်ချို့က လက်ထဲထိ ကျဆင်းလာပြီး နေရောင်ထဲမှာ တလက်လက် တောက်ပနေသည်။
ယွဲ့ဝမ်က သူမလည်ပင်းကို ထိခဲ့တဲ့အချိန်အား ပြန်တွေးမိသွားသည်။ ကျောက်စိမ်းလို နွေးထွေးပြီး မလိုင်လိုနူးညံ့ကာ အလွန်နှစ်လိုဖွယ်ကောင်းလှသည်။ ထိုလက်ချောင်းတွေရဲ့ အထိအတွေ့ကလည်း လည်ပင်းလို နူးညံ့လွန်းလောက်မည်။
ယွဲ့ဝမ်အကြည့်က စူးရဲလွန်းတာမို့ မုယွမ်ယောင် မျက်မှောင်ကြုတ်သွား၏။
"စစ်ယဲ့ ခရီးဝေးကလာခဲ့ရတာ ပင်ပန်းမှာပဲ။ ကျွန်မ သွားနှင့်ပါတော့မယ်၊ မနှောက်ယှက်တော့ပါဘူး"
"ခဏ"
ယွဲ့ဝမ်က သူ သတိလွတ်သွားတာကို သတိထားမိသွားပြီး အလျင်အမြန် ပြောလိုက်သည်။
"အရင်တစ်ခေါက်က အလျင်လိုနေလို့ မင်းအတွက် နှစ်သစ်ကူးလက်ဆောင် မပြင်ခဲ့ရဘူး။ ဒီနေ့တော့ မင်းအတွက် ပေးချင်တယ်"
"စစ်ယဲ့ ကျွန်မတို့အတွက် ပို့ပေးပြီးသား မဟုတ်ဘူးလား"
"အဲ့ဒါက သခင်မစုအတွက်၊ အခုက မင်းတစ်ယောက်တည်းအတွက်"
မုယွမ်ယောင်တစ်ယောက် နှစ်သစ်ကူးတုန်းက ထိုလူ ညတိုင်းပို့ပေးခဲ့တဲ့ ရေခဲမီးအိမ်တွေကို အကြောင်းပြချက်မရှိ ပြန်တွေးမိသွားသည်။ သူမ ထိုသူ့ကို ငြင်းဆန်ဖို့ ဘာစကားမှ ထွက်မလာတော့ပေ။
"စစ်ယဲ့ကို အလုပ်မရှုပ်စေချင်ပါဘူး"
"ငါ မင်းအတွက် ဘာယူလာလဲဆိုတာ မသိချင်ဘူးလား"
ယွဲ့ဝမ်က ပြောရင်းဆိုရင်း မုယွမ်ယောင်ဘေးကို လျှောက်လာသည်။ သူ့ရဲ့ အရပ်ရှည်ရှည် ကိုယ်လုံးက ဖိနှိပ်ချုပ်ချယ်မှုကို သယ်ဆောင်လာတာမို့ မုယွမ်ယောင်ကို ပိုပြီး သေးငယ်အားနည်းသွားသလို ထင်ရစေသည်။ မုယွန်ယောင်က ယွဲ့ဝမ်နောက်ကျောကိုကြည့်ရင်း ပိုပြီးတောင် မျက်မှောင်ကြုတ်လာ၏။ နောက်ဆုံးတော့ သူမ သက်ပြင်းချလိုက်၏။ ဆားအခွန်ကိစ္စကြောင့် ဆက်ဆံရေးတွေကို ရပ်တန့်ပစ်လိုက်လို့မရဘူး၊ မဟုတ်ရင် သူမတစ်ယောက်တည်းနဲ့ ဆားကိစ္စမှာ ကြားဝင်နိုင်မှာ မဟုတ်ဘူး။
စာကြည့်ဆောင်ဆီ သွားတဲ့လမ်းတစ်လျှောက်မှာ မုယွမ်ယောင်ရဲ့မျက်နှာက ဖြူဖျော့နေသည်။ မှန်လုံအိမ်ထဲက ထွက်တုန်းက အလျင်လိုနေတာမို့ အင်္ကျီအထူ မလဲလိုက်ရဘူး။ အဖြူရောင် စကပ်ပါးပါးလေးပဲ ဝတ်ထားတာမို့ အခုတော့ သေလောက်အောင် အေးနေပြီ။
ယွဲ့ဝမ် လှည့်ကြည့်လာချိန်မှာ သူမ နှလုံးခုန်နှုန်းတောင် မှားသွားသည်။ ထိုသူက သူမနား ခြေလှမ်းကျယ်ကြီးတွေနဲ့ လျှောက်လာပြီး သူ့ဝတ်ရုံကိုချွတ်ကာ သူမအပေါ် ဖုံးအုပ်ပေးလာ၏။
"အရမ်းအေးနေတာကို တိတ်တိတ်လေး လိုက်လာနေတယ်"
သူမ ဝတ်ရုံကို ပြန်ပေးလာမှာ ကြောက်တာကြောင့် ယွဲ့ဝမ်က လမ်းတစ်လျှောက်လုံး သူမကို ထပ်မကြည့်တော့။ သူမက ဒီလိုစကပ်ပါးနဲ့ လိုက်လာလိမ့်မယ်လို့ သူလည်း တွေးမထားမိဘူး။ သူမ ထပ်အေးနေသေးရင် ဘယ်လိုလုပ်ရမလဲ။ ယွဲ့ဝမ်ရဲ့ရှည်လျားတဲ့ ကုတ်ဝတ်ရုံကြီးက မုယွမ်ယောင်ပုခုံးပေါ်ကနေ တွဲလောင်းကျနေပြီး အများစုက မြေကြီးပေါ်မှာ တံမြက်စည်းလှည်းနေတာမို့ မသက်မသာ လမ်းလျှောက်နေရသည်။ ဝတ်ရုံမှာ ယွဲ့ဝမ်ရဲ့အပူချိန် ရှိနေဆဲဖြစ်ပြီး အငွေ့အသက်တွေလည်း ကပ်ငြိနေဆဲမို့ ထိုအငွေ့အသက်တွေက စကပ်ပါးကိုဖြတ်ကာ အရေပြားထိ ရောက်လာပြီး မုယွမ်ယောင်ကို ယွဲ့ဝမ်ဆီက အဖက်ခံနေရသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်သွားစေ၏။ ထိုအတွေးဝင်လာလာချင်း သူမ လက်ချောင်းတွေ တုန်ယင်သွားရသည်။
မုယွမ်ယောင်ရဲ့ပါးတွေ ရဲလာပြီး ဖြူဖျော့နေတာလည်း မရှိတော့တာမို့ ယွဲ့ဝမ် စိတ်သက်သာသွား၏။
"နောက်ကျရင် ဒီလိုနေလို့မရဘူးနော် နားလည်လား"
"ဟုတ်ကဲ့ပါ အခုတော့ စာကြည့်ဆောင်မှာ နွေးနေတာမို့ ဝတ်ရုံမလိုတော့ပါဘူး…"
မုယွမ်ယောင်က ပြောနေရင်း ဝတ်ရုံကိုချွတ်ဖို့ပြင်သည်။
ယွဲ့ဝမ်က လက်ဆန့်ပြီး ဝတ်ရုံရဲ့ကြိုးကို ချည်ပေးဖို့လုပ်သည်။ သူ့ရဲ့မျက်ခုံးကြားကတော့ အနည်းငယ်တွန့်နေပြီး အသံကလည်း ဒေါသတစ်ချို့ မသိမသာပါဝင်နေ၏။
"အဲ့လောက်ထိမရဲနဲ့"
မုယွမ်ယောင်က ယွဲ့ဝမ်ရဲ့လက်ကိုရှောင်ဖို့ နှုတ်ခမ်းကိုစေ့ရင်း နောက်ဆုတ်လိုက်သည်။ မမျှော်လင့်ထားဘဲ ဝတ်ရုံက အရမ်းရှည်နေတော့ တက်နင်းမိပြီး နောက်ပြန်လဲကျသွားလေ၏။
ယွဲ့ဝမ်က လဲကျတော့မယ့်သူမကို လက်ဆန့်ပြီး ရင်ခွင်ထဲ ဆွဲပွေ့လိုက်သည်။ မုယွမ်ယောင်တစ်ယောက် ဘာမှလိုက်မမှီဘဲ ဖြစ်သွား၏။ ယွဲ့ဝမ်ရဲ့ထွက်သက်က သူမနှာခေါင်းဆီ ရောက်လာပြီး သိသာနေတဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် သူမမျက်နှာတစ်ခုလုံး ရဲတွတ်သွားတော့သည်။ သူမက ဝတ်ရုံကိုမရင်း ခြေလှမ်းတွေကို နောက်ဆုတ်လိုက်သည်။
"ယွမ်ယောင် ရိုင်းပြမိသွားပါတယ်၊ ခွင့်လွှတ်ပေးပါ ဝမ်ရယ်"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficção Históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...