Unicode
အပိုင်း ၂၂၁ - သခင်မကျင်း ဘေးကင်းစွာ မီးဖွားသည်
မုယွမ်ယောင်က အသက်ငယ်ငယ်လေးနဲ့ ကုတင်ရှေ့မှာပိတ်ရပ်ပြီး သူမကိုကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားတာမြင်တော့ သခင်မကျင်း မနေနိုင်ဘဲ မျက်ရည်ကျမိသည်။ အဲ့ဒီနေ့က သူမနဲ့ မုယွမ်ယောင် တွေ့ဆုံခဲ့ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီး မွေးစားသမီးအဖြစ် လက်ခံခဲ့တာကို သူမ အတိုင်းထက်အလွန် ဝမ်းသာမိသည်။
မုယွမ်ယောင်ရဲ့ ကိုယ်ရောင်ကိုယ်ဝါက အလွန်အားကြီးတာကြောင့် ဝမ်းဆွဲသည်နှစ်ယောက်ရဲ့ မျက်နှာတွေ ဖြူဖျော့သွားစေတဲ့အထိ ဖိအားပေးနိုင်သည်။
“ကျွန်မတို့က… သေချာပေါက် သခင်မ ဘေးကင်းစွာ သားဖွားနိုင်ဖို့ မျှော်လင့်တာပါ”
“ဒါဆို အကောင်းဆုံးပေါ့။ ငါ့ရဲ့ မွေးစားအမေ ဘေးကင်းစွာ မီးဖွားနိုင်ရင် မင်းတို့အားလုံး ငွေလျန် တစ်ပွေ့တစ်ပိုက်နဲ့ အိမ်ပြန်ပြီး မိသားစုကို ကောင်းကောင်းထားနိုင်လိမ့်မယ်။ မဟုတ်ဘဲ သူ တစ်ခုခု ဖြစ်လို့ကတော့ မင်းတို့နှစ်ယောက် အသက်ဆုံးရှုံးရုံတင်မကဘူး။ မင်းတို့ မိသားစုတစ်ခုလုံးလည်း အပြစ်ဒဏ်က လွတ်မှာမဟုတ်ဘူး!”
မုယွမ်ယောင်က ပြောပြီးနောက် သခင်မကျင်းရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်သည်။
“မွေးစားအမေ မစိုးရိမ်ပါနဲ့၊ အမေ့ရဲ့ သွေးခုန်နှုန်းက တည်ငြိမ်ပြီး အရာအားလုံး အဆင်ပြေချောမွေ့မှာပါ။ ကျွန်မ ကျင်းလန်နဲ့ ကျင်းချောင်ကို ချက်ပြုတ်ဖို့ ပြောပြီးပြီ။ အရင်ဆုံး မျက်လုံးလေးမှိတ်ပြီး နားနေလိုက်။ ကျွန်မ မွေးစားအမေနဲ့ မောင်လေးကို ဘာတစ်ခုမှ အဖြစ်ခံမှာ မဟုတ်ဘူး”
“ကောင်းပါပြီ၊ ယောင်အာ အမေ မင်းကိုယုံတယ်”
သခင်မကျင်းက မျက်လုံးမှိတ်ကာ စိတ်ဆုံးဖြတ်လိုက်သည်။ အခုကစပြီး မုယွမ်ယောင်ရဲ့ အသက်ကိုကယ်ဖို့ သူမ အကောင်းဆုံးလုပ်မယ်!
သခင်မကျင်းရဲ့ အခြေအနေ တည်ငြိမ်သွားတာ တွေ့တော့ မုယွမ်ယောင် အနည်းငယ် စိတ်အေးသွားသည်။ မကြာခင်မှာပင် ကျင်းလန်နဲ့ ကျင်းချောင်တို့က အစားအသောက်အချို့ ယူလာပေးကာ ပြောသည်။
“သခင်မလေး တစ်ချက်ကြည့်ကြည့်ပါ”
မုယွမ်ယောင် ပန်းကန်ပြားကို ယူကြည့်လိုက်သည်။ သူတို့နှစ်ယောက်က လှဲနေရင်းနဲ့ စားလို့အဆင်ပြေမယ့် အဆာပြေမုန့်ကောင်းတွေ လုပ်လာတာပဲ။
“မွေးစားအမေ၊ တစ်ခုခု အရင်စားလိုက်နော်။ မဟုတ်ရင် အားအင်မရှိဘဲ နေလိမ့်မယ်”
“ကောင်းပြီ”
သခင်မကျင်းက အမြန်ပဲ ခေါင်းညိတ်ကာ မုယွမ်ယောင်လက်ထဲက ပန်းကန်ပြားတစ်ဝက်စာ မုန့်တွေကို စားလိုက်ပြီးနောက် ရေနွေးခွက်တစ်ဝက်ခန့် သောက်လိုက်သည်။ သူမ ခန္ဓာကိုယ် အားအနည်းငယ် ပြည့်သွားသလို ခံစားရပြီး ဒီအချိန်တွင် သူမဗိုက်ထဲက နာကျင်မှု ပိုပြင်းလာပြီး မနေနိုင်ဘဲ ညည်းမိသည်။
မုယွမ်ယောင် သူမဗိုက်ကို ထိကိုင်ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
သူမအမူအရာကို မြင်တော့ သခင်မကျင်း တောင့်တင်းသွား၏။
“ယောင်အာ ကလေးမှာ ပြဿနာရှိလို့လား”
“မောင်လေးက အဆော့သန်ပြီး အမေ့ဗိုက်ထဲမှာ လူလည်ကျနေလို့ အခု သူက နည်းနည်း ပုံမှန်မဟုတ်တဲ့ အနေအထားဖြစ်နေတာ။ သမီး သူ့ကို အကြိမ်အနည်းငယ် တွန်းပြီး သူ့ဖာသာ လှည့်အောင်လုပ်လိုက်မယ်။ မွေးစားအမေ ကျေးဇူးပြုပြီး အရမ်းမစိုးရိမ်ပါနဲ့”
“ကောင်းပါပြီ”
မုယွမ်ယောင် ကြမ်းပြင်ပေါ်က ဝမ်းဆွဲသည်နှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး
“ကျွန်မ အခု သန္ဓေသားရဲ့ အနေအထားကို လှည့်မှာ။ ရှင်တို့နှစ်ယောက် ဒီနားလာပြီး ကျွန်မမွေးစားအမေ သားဖွားဖို့ ကူညီပေး”
သူမ အရင်ဘဝတုန်းက အဆိပ်မယ်ဆီကနေ လူတွေကို အကွက်ချကြံစည်တဲ့ နည်းများစွာ သင်ယူခဲ့ဖူးသည်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး။ အမျိုးသမီးတစ်ယောက် မီးဖွားချိန်မှာ ခြေလက် နည်းနည်း လှုပ်လိုက်တာနဲ့ နှစ်ယောက်လုံးကို သတ်ပစ်လိုက်ပြီး သူတို့သေဆုံးရတဲ့ အကြောင်းရင်းကို အစဖျောက်လို့ရသည်။ သန္ဓေသားကို ပုံမှန်အနေအထားရောက်အောင် ရွှေ့ချိန်မှာ လက်အားနည်းနည်း ပိုသုံးလိုက်မိတာနဲ့ ကလေးမမွေးနိုင်တာ၊ ကလေး မသန်မစွမ်းဖြစ်တာမျိုး ဖြစ်နိုင်တယ်။ ပြီးတော့ သွေးပြိုတာလည်း ဖြစ်လွယ်တယ်။ ဒါကြောင့် မုယွမ်ယောင် ကိုယ်တိုင် ရွှေ့ပေးတာ ပိုကောင်းသည်။
မုယွမ်ယောင် ဆူတာခံထားတဲ့ ဝမ်းဆွဲသည်နှစ်ယောက်က ထိတ်လန့်တာ မပြေသေးပေ။ သူမ ညွှန်ကြားချက်ကို ကြားတော့ သူတို့စိတ်ထဲ မခံချင်ဖြစ်ပေမယ့် မျက်နှာပေါ်မှာ မဖော်ပြရဲချေ။ သူတို့တွေ ရှေ့သို့သာ တိုးလာရဲကာ သူမလုပ်တာကို ဟာသသဖွယ် စောင့်ကြည့်ကြသည်။
အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး သူတို့ထက်တောင် တော်ရတာလဲ? တစ်ခုခုဖြစ်သွားခဲ့ရင် အကောင်းဆုံးဖြစ်ပြီး သူမကို တရားခံအဖြစ် ပုံချလိုက်ရင် အလုပ်ရှုပ်တောင် သက်သာသေးတယ်။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တိတ်ဆိတ်စွာ ရှေ့တိုးလာပြီး စောင့်ကြည့်ရင်း မုယွမ်ယောင် မျက်နှာပျက်အောင် တမင်လုပ်ကြသည်။ ယင်းဟုန် မုန်းတီးစွာနဲ့ အံကြိတ်နေလျက် အခြားဘာမှ မလုပ်နိုင်ပေ။ သူမသခင်မ သားဖွားပြီးရင် သူတို့နဲ့ စာရင်းရှင်းဖို့ကို စောင့်နေရုံသာ တတ်နိုင်သည်။
မုယွမ်ယောင်ရဲ့ လှုပ်ရှားမှုတွေက နူးညံ့ညင်သာသည်။ ဒါတောင်မှ သခင်မကျင်း ချွေးတွေ အလွန်အမင်း ထွက်နေသည်။
ဝမ်းဆွဲသည်နှစ်ယောက်ရဲ့ မျက်လုံးတွေမှာ ထိတ်လန့်မှုနဲ့ သံသယတွေ ပြည့်လို့နေသည်။ မုယွမ်ယောင်ရဲ့ လှုပ်ရှားမှုတွေက သူတို့ထက်တောင်ပိုပြီး ကျွမ်းကျင်မှု ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။ ကလေးရဲ့ခေါင်း ထွက်လာတာမြင်တော့ ဝမ်းဆွဲသည်တစ်ယောက်ရဲ့ လက်တွေ တုန်ရီသွားကာ အံကြိတ်လျက် ကလေးရဲ့နဖူးကို ထိလိုက်သည်။
မွေးခါစကလေးရဲ့ ခေါင်းရိုးတွေက မပြည့်စုံသေးပေ။ သူမ လက်ချောင်းမှာ အားနည်းနည်းစိုက်ပြီး ဖိချလိုက်တာနဲ့ မွေးကင်းစကလေးအများစု အသက်ရှည်မှာ မဟုတ်ဘူး။ သူတို့တွေ ရှင်ခဲ့ရင်တောင် ကျပ်မပြည့်တဲ့သူတွေ ဖြစ်လာမှာ။
သူမ ကလေးရဲ့ခေါင်းထိပ်ကို ထိခါနီးမှာပဲ တစ်ယောက်ယောက်က သူမလက်ကောက်ဝတ်ကို အကြမ်းပတမ်း ဆုပ်ကိုင်လိုက်တာ ခံစားလိုက်ရသည်။ မုယွမ်ယောင်ရဲ့အသံက အေးစက်နေပြီး လူတစ်ယောက်ကို ကျောရိုးထဲအထိ တုန်ခိုက်သွားစေနိုင်သည်။
“ရှင်က ကျွန်မ မောင်လေးကို ဘာလုပ်ချင်လို့လဲ?”
“ကျွန်မ… ကျွန်မက ကလေးကူမွေးပေးမလို့ပါ။ သခင်မလေးပဲ ကျွန်မတို့ကို လာကူဖို့ ညွှန်ကြားတာ မဟုတ်လား? သခင်မလေး ကျွန်မတို့ကို မယုံကြည်ဘူးဆိုရင် ကျွန်မတို့ ဘေးမှာ ရပ်ကြည့်နေပါ့မယ်”
“ယင်းဟုန်၊ ချွန်းဟုန်၊ တစ်ယောက်ယောက်ကို ခေါ်ပြီး သူတို့ကို သက်သက်စီ ဖမ်းချုပ်ထားခိုင်းလိုက်။ သူတို့ကို ဘာမှမဖြစ်စေနဲ့၊ သူတို့နဲ့ ရှင်းစရာရှိတာကို ဖြေးဖြေးချင်း ရှင်းရမယ်”
“ဟုတ်ကဲ့ပါ သခင်မလေး”
သခင်မကျင်း သူမသွားတွေ တုန်ခိုက်နေတာကိုသာ ခံစားမိသည်။ သူမ အမုန်းတရားနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကြောင့် လက်သည်းတွေက လက်ဖဝါးပေါက်သွားစေပေမယ့် သူမ ဘာနာကျင်မှုမှ မခံစားရချေ။
မုယွမ်ယောင်ရဲ့ အသံက တည်ငြိမ်သည်။
“မွေးစားအမေ သမီးကို ကတိပေးထားပြီးသားနော်၊ စာအိတ်နီအကြီးကြီး လက်ခံရရှိဖို့ သမီး စောင့်နေမယ်”
“…ကောင်းပါပြီ၊ အမေ သေချာပေါက် ပေးမှာပါ…”
မုယွမ်ယောင်က အပေါ်ယံမှာ တည်ငြိမ်နေပေမယ့် တကယ်တမ်း စိတ်ထဲတွင် အလွန် ပျာယာခတ်နေသည်။ သူမ အဆိပ်မယ်ဆီက သင်ယူခဲ့တယ်ဆိုပေမယ့် သူမလက်နဲ့ ကိုယ်တိုင် တစ်ခါမှ ကလေးမွေးမပေးဖူးပေ။ ကလေးတစ်ခုခု ထိခိုက်မှာ စိုးရိမ်တာကြောင့် သူမလက်ချောင်းတွေနဲ့ ကလေးခေါင်းကို အသာအယာ ထိန်းထားပြီး အားကို အလွန်အမင်းထိန်း၍ ဂရုစိုက်ရသည်။ ကံကောင်းစွာနဲ့ ကလေးခေါင်းထွက်လာပြီး ချောမွေ့စွာပင် သားဖွားတာ အောင်မြင်သွားသည်။
သူမ လက်ဖက်ရည်တစ်ခွက် ဖျော်တာလောက် မကြာတဲ့အချိန်အတွင်းမှာ သခင်မကျင်းသည် နှုတ်ခမ်းကို ဖိကိုက်လို့ အားကုန်စိုက်ထုတ်ခဲ့သည်။ မုယွမ်ယောင် ကလေးကို ပွေ့ချီလိုက်ချိန်မှာ သူမခန္ဓာကိုယ် ပြေလျော့သွားတာကို ခံစားလိုက်ရသည်။ ဘေးမှ ကျင်းလန်နဲ့ ကျင်းချောင်တို့က ပိတ်စတစ်ခုနဲ့ စောင် အမြန်ယူလာကြသည်။ မုယွမ်ယောင်က ကလေးအချင်းကြိုး ဖြတ်ပြီး သူ့ခန္ဓာကိုယ်ပေါ်က သွေးတွေကို အမြန်ပဲ သုတ်ပေးလိုက်သည်။ အဲ့ဒီနောက် သူ့ပါးစပ်နဲ့ နှာခေါင်းထဲက ရေမြွှာရေတွေကို သန့်ရှင်းပေးပြီးနောက် သူ့ခြေဖဝါးလေးကို အသာပုတ်ပေးလိုက်တော့ ကျယ်လောင်တဲ့ငိုသံ ထွက်လာတော့သည်။
ငိုသံက နေလုံးက တိမ်တိုက်တွေကို ဖောက်ထွင်းပြီး မြေပေါ် ရုတ်ချည်း ရောက်လာသလိုဖြစ်ပြီး သခင်မကျင်းကို ချက်ချင်း မျက်ရည်ပေါက်ပေါက်ကျစေပြီး သူမခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားစေသည်။ မုယွမ်ယောင် စိတ်သက်သာရာရသွားပြီး သက်ပြင်းချက်မချနိုင်သည်။ ဒီအချိန်တိုလေးအတွင်းမှာ သူမကျောပြင်တွင် ချွေးအေးတွေ စိုရွှဲသွားသည်။ နူးညံ့တဲ့ ကလေးငယ်လေးကို လက်ထဲမှာ ပွေ့ချီရင်း သူမစိတ်နှလုံး နာကျင်ထိခိုက်တာကိုသာ ခံစားရပြီး မျက်လုံးတွေ အနည်းငယ် နီမြန်းသွားသည်။ အမေ သမီးကို မွေးတုန်းကလည်း သေချာပေါက် လွယ်ကူခဲ့မှာ မဟုတ်ဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိသမျှ အားအင်တွေသုံးပြီး အသက်သေရင်တောင် သူမကို ဘေကင်းစေချင်ခဲ့မှာ။
မုယွမ်ယောင်က ကလေးကို အနှီးနဲ့ထုပ်ပြီး သခင်မကျင်းဘေးမှာ ထားပြီးနောက် သွေးစွန်းနေတာတွေနဲ့ အခြားအရာတွေကို အမြန် သန့်ရှင်းလိုက်သည်။ သူမ စိုးထိတ်နေခဲ့ပေမယ့် မုယွမ်ယောင်က အချိန်မှီရောက်လာခဲ့ပြီး အထူးသဖြင့် ကုသပေးခဲ့တယ်။ သခင်မကျင်း ပင်ပန်းနေပေမယ့် စိတ်ထက်သန်မှုရှိနေပြီး သူမလက်ထဲက ကလေးငယ်လေးကို ကြည့်ပြီး မျက်လုံးတွေထဲမှာ မျက်ရည်ဝေ့ဝဲနေလျက်က ပြုံး၍
“ယောင်အာ၊ ငါ မင်းကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး။ မင်းသာ ဒီနေ့မလာခဲ့ဘူးဆိုရင် တစ်ခုခုဖြစ်မှာ ငါ ကြောက်မိတယ်…”
“မွေးစားအမေ ဝမ်းမနည်းပါနဲ့၊ မွေးစားအမေနဲ့ မောင်လေး နှစ်ယောက်လုံး ဘေးကင်းလုံခြုံသွားပါပြီ။ အခုကစပြီး မွေးစားအမေ မီးတွင်းဝင်ရတော့မှာ၊ မငိုနဲ့တော့နော်။ မဟုတ်ရင် မျက်လုံးတွေ အောင့်နေလိမ့်မယ်”
“ကောင်းပါပြီ၊ ငါ နားလည်ပါတယ်”
“ဒါဆို ကျေးဇူးပြုပြီး မျက်လုံးလေးမှိတ်ပြီး ခဏလောက် နားလိုက်ပါဦး၊ သမီး အပြင်ထွက်ပြီး မွေးစားအဖေကို သတင်းကောင်း ပြောပြလိုက်ဦးမယ်”
“အင်းအင်း”
အပြင်မှာရှိနေတဲ့ ချောင်ယွင်နျန် ခြေလှမ်းတွေ ရပ်တန့်ပြီး မနေနိုင်ချေ။ မုယွမ်ယောင် ထွက်လာတာမြင်တော့ သူ အမြန်ပဲ သူမကို မေးလိုက်သည်။
“ယောင်အာ၊ ဖုရန် ဘယ်လိုနေလဲ?”
သူ အပြင်ပန်းမှာပဲ အများကြီး ခံစားခဲ့ရပြီး အရာများစွာကို အရင်က သတိမထားမိခဲ့ချေ။ အခု သူ အကုန် နားလည်ချင်မိသည်။ အမျိုးသမီးကျင်း ကိုယ်ဝန်မဆောင်နိုင်ဘူးဆိုတာ သူ ပထမဆုံး သိရတုန်းက ဝမ်းနည်းကြီးစွာ နောင်တရခဲ့သည်။ ဒါပေမယ့် လက်ထပ်ပြီး နှစ်ပေါင်းများစွာကြာပြီးနောက် သူ တဖြည်းဖြည်း ဒီကိစ္စကို လက်လျှော့နိုင်ခဲ့သည်။
အခု သခင်မကျင်း ရုတ်တရက် ကိုယ်ဝန်ရတာက သူ့အတွက် ပို အံ့အားသင့်သွားရသည်။ သူက ကလေးရဖို့ မျှော်လင့်ပေမယ့် သခင်မကျင်း ဘေးကင်းဖို့ကို ပိုလိုလားသည်။ မုယွမ်ယောင် ထွက်လာပြီး သူ့ကို ကလေးကို ကာကွယ်ချင်လား လူကြီးကို ကာကွယ်ချင်လား မေးတုန်းက သူ တုံ့ဆိုင်းမှု မရှိဘဲ အမျိုးသမီးကျင်းကို ရွေးချယ်ခဲ့သည်။ မုယွမ်ယောင်က ပြုံး၏။
“မွေးစားအဖေ စိတ်မပူပါနဲ့၊ မွေးစားအမေရော မောင်လေးရော ကျန်းမာပါတယ်”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficción históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...