Unicode
အပိုင်း ၂၄၈ - လီယွမ်ယီ ရုတ်တရက် အတွေးပေါ်လာခဲ့သည်
မုယွမ်ယောင်က ပြုံးလျက် ပြောလာသည်။
"ဧပြီတောင် ရောက်လာပြီပဲ၊ နဂါးလှေပွဲတော်ချိန်ရောက်ဖို့ ရက်အနည်းငယ်ပဲ ကျန်တော့တယ်။ ကျင်းလင်မြို့က လူတွေက ကျွန်မကို ကောင်းကောင်း ဂရုစိုက်ကြတာကြောင့် ကျွန်မ နဂါးလှေပွဲတော်ကို အခွင့်ကောင်းယူပြီး ကျင်းလင်မြို့က လူတွေကို ကျေးဇူးဆပ်ချင်တယ်"
လီမုနျန်ရဲ့ မျက်လုံးတွေထဲတွင် စိတ်ဝင်စားမှုရှိသည်။ ကျင်းလင်မြို့မှာ အရင်က ဘာဖြစ်ခဲ့တယ်ဆိုတာ သူသိထားပြီး နီယွင်ဖန်းနဲ့ ပူးရှန့်လုံရဲ့ နာမည်ကောင်းကိုလည်း ကြားထားသည်။ လာပါးဆန်ပြုတ်ပွဲတော်ချိန်တုန်းက ကျင်းလင်မြို့မြင်ကွင်းသည် ကြီးကျယ်ခမ်းနားလှပြီး ဆရာကြီးလီချုံးကတောင် ပန်းချီဆွဲလို့ မင်းသမီးကြီးယီသဲ့ကတစ်ဆင့် ဧကရာဇ်မင်းမြတ်ထံ ဆက်သခဲ့သည်။ မုယွမ်ယောင် ဒီတစ်ခါ လွှမ်းမိုးနိုင်တဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ရင် သူ သေချာပေါက် ပါဝင်ရမယ်။ ဒီသတင်းက ဧကရာဇ်နားဆီ ပျံ့သွားတာနဲ့တစ်ပြိုင်နက် သူ့ဘက်မှာရှိတဲ့ တုံကင်ပြားအရေအတွက် တိုးလာလိမ့်မယ်။
"မိန်းကလေးမုက ကျင်းလင်မြို့သူမြို့သားတွေကို ဘယ်လိုကျေးဇူးတင်ဖို့ ဆန္ဒရှိတာလဲ?"
နဂါးလှေပွဲတော်ချိန်ရောက်ဖို့ အချိန်လိုသေးသည်။ သူမက အခုမေးတာဆိုတော့ ပြင်ဆင်ဖို့ အချိန်အများကြီးလိုလို့ပဲ ဖြစ်ရမယ်။ ဒီလိုဆို မြင်ကွင်းက သေချာပေါက် သေးငယ်တာ မဟုတ်လောက်ဘူး။
"နဂါးလှေပွဲတော် ထုံးတမ်းက အရေးပါဆုံးကိစ္စပါ။ ကျွန်မ ဒီလိုနေ့မှာ သာမန်လူတွေကို ကျေးဇူးတင်ချင်တာကြောင့် သေချာပေါက် ကျွန်မ သူတို့ကို ထမင်းနဲ့ ဖက်ထုပ်ပဲ ပေးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက သာမန်လူတွေအတွက် အသုံးဝင်ဆုံးနဲ့ လက်တွေ့အကျဆုံးမို့ပါ"
"မိန်းကလေးမုက အရေအတွက်ဘယ်လောက် ဝေငှပေးဖို့ ရည်ရွယ်ထားသလဲ?"
"ဒီကာလအတွင်းမှာ နီယွင်ဖန်းနဲ့ ပူးရှန့်လုံက ငွေလျန်တချို့ ရှာနိုင်ထားပါတယ်။ ကျွန်မ ငွေလျန်တစ်သိန်း စိုက်ထုတ်မှာပါ။ ပြောရရင် ကျွန်မ အရင်က ရထားသမျှ အကျိုးအမြတ်တွေအကုန် ထုတ်သုံးတာပါ"
လီမုနျန်က မုယွမ်ယောင်ရဲ့ လှုပ်ရှားမှုက သေးငယ်တဲ့အရာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းမိပြီး ဖြစ်ပေမယ့် သူမက ဒီလောက် ကြီးကြီးမားမား ပြုလုပ်လိမ့်မယ်လို့ ထင်မထားခဲ့ချေ။
"ငွေလျန်တစ်သိန်း?"
သဘာဝကပ်ဘေးဒုက္ခတွေ ဖြစ်ပေါ်တဲ့ ကျင်းလင်မြို့လို နေရာမှာ အစိုးရက လူမှုကယ်ဆယ်ထောက်ပံ့ဖို့ ငွေလျန်သိန်းချီ လျာထားပေးပြီးဖြစ်သည်။ အခု သူမက ငွေလျန်တစ်သိန်း ထပ်လှူမယ်ဆိုရင် ကျင်းလင်မြို့ကလူတွေ ပျော်လွန်းလို့ ရူးတောင်သွားနိုင်သည်။
လီယွမ်ယီ မနေနိုင်ဘဲ ကြားဖြတ်ပြောမိသည်။
"မိန်းကလေးမုအနေနဲ့ နီယွင်ဖန်းနဲ့ ပူးရှန်လုံကို စီမံဖို့ လွယ်ကူတာ မဟုတ်ဘူး။ ငွေလျန်တွေရဖို့ဆိုတာ ပြောမနေပါနဲ့တော့။ ပိုက်ဆံငွေလျန်တွေကို ဒီလို လွယ်လွယ်ထုတ်ပေးဖို့ရာ မင်းစိတ်ထဲ နာကျင်မှုမခံစားရဘူးလား"
မုယွမ်ယောင်က မျက်လွှာချလျက် အသာပြုံးကာ အပေါ်ယံမှာ အနည်းငယ် ရှက်ရွံ့ပုံဖြင့်
"ပြောရရင် ကျွန်မ သာမန်လူတွေကို ကျေးဇူးတင်ချင်ရုံသက်သက်ပေမယ့် ကျွန်မကိုယ်ကျွန်မအတွက် ဂုဏ်သတင်းကောင်းရဖို့က ပိုပါတယ်"
မုယွမ်ယောင်က သူမအတွေးကို ရိုးရိုးစင်းစင်း ဖော်ပြတာကြားတော့ လီယွမ်ယီရဲ့ အကြည့်က ပို၍ပင် အံအားသင့်သွားပုံရသည်
"ကျုပ်သိသလောက်တော့ ကျင်းလင်မြို့မှာ မိန်းကလေးမုရဲ့ ဂုဏ်သတင်းကို မသိတဲ့သူ မရှိဘူး။ ဧကရာဇ်ကိုယ်တော်တိုင်တောင် မိန်းကလေးမုကို ချီးကျူးတာ၊ ကျုပ်အထင် မင်းကိုယ်မင်း မညှာမတာ ပြုလုပ်ဖို့ မလိုဘူးလို့ ယူဆတယ်"
ခုနလေးတင် မင်ယင်း လီယွမ်ယီဆီယူလာတဲ့ လက်ဖက်ရည်ခွက်မှောက်သွားပြီး သူ့ရှေ့မှာ ဘာမှမရှိတော့ပေ။ မုယွမ်ယောင်က လက်ဖက်ရည်ဖျော်ဖို့သုံးသည့် စားပွဲနောက်သွားပြီး လက်ဖက်ရည်စတင်ဖျော်ရင်း ပြန်ဖြေသည်။
"တာ့ရန်၊ လူကြီးမင်းက အရာရှိတစ်ယောက် ဖြစ်တာကြောင့် ကျွန်မတို့ စီးပွားရေးသမားတွေ ဘာတွေးတယ်ဆိုတာ မသိတာပါ။ လူကြီးမင်းက ကျွန်မ ဂုဏ်သတင်းကောင်းရှိတာ ကျွန်မအတွက်လို့ မထင်ပေမယ့် ဒါက ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးသက်သက်ပါ။ ချိုင်ယွဲ့ဆိုင်ပိုင်ရှင်ရဲ့ အရှုပ်အရှင်းကြောင့် နိုင်ငံအဝန်းက ချိုင်ယွဲ့ဆိုင်ခွဲတွေအကုန် ပိတ်လိုက်ရတယ်။ ချိုင်ယွဲ့ဆိုင်မရှိတော့ လူတွေအများကြီး အဝတ်အစားတွေဝယ်ဖို့ အဆင်မပြေ ဖြစ်ကြတော့မှာပေါ့။ နီယွင်ဖန်းက ဒီအခွင့်အလမ်းကို အခွင့်ကောင်းယူနိုင်မယ်ဆိုရင် သိပ်ကိုလှပတဲ့အရာတစ်ခု ဖြစ်လိမ့်မယ်မလား? ဒါကြောင့် ကျွန်မက ဂုဏ်သတင်းကောင်းလိုချင်တာပါ။ နီယွင်ဖန်းက အခြားနေရာတွေမှာ ဆိုင်ဖွင့်ချင်တဲ့အခါ ကျွန်မကြုံတွေ့ရမယ့် ဖိအားတွေ လျော့ပါးသွားမယ်လို့ ကျွန်မထင်တယ်"
လီမုနျန် တစ်ချက် အသံထွက်ရယ်မောမိသည်။
"မိန်းကလေးမုက အတော်လေး ပွင့်လင်းတဲ့သူပဲ"
"တာ့ရန်တို့ရှေ့မှာ ကျွန်မ လိမ်ညာပြီး မဆင်မခြင် မပြုမူရဲပါဘူး။ ဒါ့အပြင် ကျွန်မအတွေးငယ်တွေကို ထုတ်မပြောရင်တောင် တာ့ရန် ခန့်မှန်းနိုင်ပါတယ်"
မုယွမ်ယောင်က ပြောရင်း လက်ထဲက လက်ဖက်ရည်ခွက်ကို အဖုံးအုပ်ပြီး မတ်တပ်ထကာ လီယွမ်ယီဆီ ယူလာခဲ့သည်။ သူ ကြည့်လေ ပိုစွဲလမ်းလာလေ ဖြစ်သည်။ သူမက ဝဲပျံနေတဲ့ ပန်းပွင့်ပုံပါသည့် ကြွေလက်ဖက်ရည်ပန်းကန်ကို သယ်ဆောင်လာရာ သူမလက်ချောင်းထိပ်တွေက ကျောက်စိမ်းဖြူကဲ့သို့ ဖြူဆွတ်နေပြီး လူတွေ သူမဆီက အကြည့်မလွှဲနိုင်အောင် ဖြစ်စေသည်။ သူမ လက်ဖက်ရည်ပန်းကန်ကို ချလိုက်ချိန်တွင် သူတို့တွေ သူမကို ပို၍ပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ သူမရဲ့အသားအရည်က နို့နှစ်ကဲ့သို့ ဖြူဝင်းပပြီး ဒီလိုအနီးကပ် မြင်တွေ့ရတဲ့အခါမှာပင် သူတို့တွေ သူမရဲ့ အသေးငယ်ဆုံးသော ပြစ်ချက်ရယ်လို့ ပြောစရာ ရှာမတွေ့နိုင်ပေ။ သူမခန္ဓာကိုယ်ကနေ လန်းဆန်းမွှေးကြိုင်တဲ့ အနံ့သင်းပျံ့နေပြီး ပန်းတွေရဲ့ရနံ့ပင် သူမခန္ဓာကိုယ်လောက် မမွှေးပျံ့ဘူးလို့ ထင်မှတ်ရလောက်သည်။ သူ သေချာ တစိမ့်စိမ့် ခံစားကြည့်ချင်ပေမယ့် အလှတရားက အဝေးကို ရောက်နှင့်ပြီးဖြစ်တာကို သိလိုက်ရပြီး သူ ချက်ချင်း မတ်တပ်ရပ်လိုက်မိသည်။
လီမုနျန်က မုယွမ်ယောင်ရဲ့စကားတွေကို ပြန်တွေးကြည့်နေချိန်မှာ လီယွမ်ယီရဲ့ လှုပ်ရှားမှုတွေကို သတိပြုမိလိုက်သည်။ သူ မျက်မှောင်ကြုတ်သွားပြီး
"ဦးရီး၊ လက်ဖက်ရည် တစ်ငုံတောင် မသောက်ရသေးဘူးလေ။ အစိုးရရုံးခန်းဆီ ပြန်ချင်ပြီလား?"
လီယွမ်ယောင် ရုတ်တရက် အသိပြန်ကပ်သွားပြီး မုယွမ်ယောင်က သူ့ကို ထူးဆန်းတဲ့အမူအရာနဲ့ ကြည့်နေတာကို သတိထားမိသွားသည်။ သူ ချက်ချင်းပဲ စိတ်တိုသွားကာ အလှလေးကို အော်မိတော့မလို့ပင်
"ကျုပ် မိန်းကလေးမုရဲ့ ဂုဏ်သတင်းကို တစ်ချိန်လုံး ကြားနေခဲ့ပေမယ့် တွေ့ဖို့အထိ ကံမကောင်းခဲ့ဘူး။ ဒီနေ့ သူမကို တွေ့လိုက်ရတော့ ကျုပ် စိတ်လှုပ်ရှားသွားခဲ့မိတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပါ"
"ရပါတယ်၊ တာ့ရန် သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ"
မုယွမ်ယောင် အမြန်ပဲ ခေါင်းရမ်းပြီးနောက် သူမအကြည့်ကို လီမုနျန်ဆီ လွှဲလိုက်သည်။
"လီတာ့ရန်၊ ကျွန်မပြောတဲ့အရာကို ဆောင်ရွက်ဖို့ ဖြစ်နိုင်မလား"
"မိန်းမပျိုလေးက စိတ်သဘောထားကောင်းပြီး ကြင်နာတာကြောင့် ဒီလိုကောင်းမွန်တဲ့အရာကို ကြီးကြီးမာမား ထောက်ပံ့မှုပေးတာပဲ။ သို့ပေသိ ဒီငွေလျန်သိန်းချီတဲ့ပမာဏက နည်းတာမဟုတ်ဘူး။ မိန်းကလေးမုအနေနဲ့ အဲ့ပမာဏပိုက်ဆံနဲ့ အစားအစာဝယ်ယူပြီး မြို့ထဲက သာမန်လူတွေဆီ ဝေမျှပေးဖို့ လွယ်ကူမှာမဟုတ်ဘူး။ အစားအသောက်တွေကို ပမာဏအများကြီး ဝယ်ယူတာက အားအများကြီး သုံးဖို့လိုတာကြောင့် မင်း အဲ့ဒီအကြောင်းကို သေချာစဉ်းစားဖို့လိုတယ်"
"ဒါက အလွန်အသေးစိတ်ကျပေမယ့် ကျွန်မမှာ အဖွဲ့အစည်း မရှိတာကြောင့် လီတာ့ရန်ကို မေးလာရတာပါ။ အရင်တစ်ခါက ကျွန်မ ဆန်ပြုတ် ဝေမျှတုန်းက တကယ်တော့ ကျွန်မမွေးစားအဖေ တာဝန်ယူပေးခဲ့တာပါ။ ကျွန်မက ငွေလျန်အနည်းငယ်သာ ပေးခဲ့ပြီး ဂုဏ်အသရေ ရရှိလိုက်တာပါ။ လူကြီးမင်းမှာ အဖွဲ့အစည်းအင်အားရှိခဲ့ရင် ကျွန်မ လူကြီးမင်းရဲ့အိမ်တော်ဆီ ငွေလျန်တွေ ပေးပို့ပေးမှာပါ"
မုယွမ်ယောင် ထိုသို့ပြောနေရင်း သူမစကားတွေက တစ်ခုခုမှားနေတာကို သူမကိုယ်တိုင် သတိထားမိပုံလည်းရပြီး သူမ ပို၍ပင် ရှက်သွေးဖြာလာခဲ့သည်။
"ကျွန်မပြောနေတာတွေ ကြည့်ပါဦး။ ကျွန်မက တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့အတိုင်းပဲ။ ကျွန်မမှာ နီယွင်ဖန်းနဲ့ ပူးရှန့်လုံက အကူတွေလည်း အများကြီး ရှိပါတယ်။ အဲ့ဒီအခါကျ လူကြီးမင်း အကူအညီလိုရင် ကျွန်မအကောင်းဆုံး ကြိုးစားပေးမှာပါ"
လီယွမ်ယီ မနေနိုင်ဘဲ ပါးစဟလာကာ ပြောသည်။
"မိန်းကလေး မစိုးရိမ်ပါနဲ့၊ ကျုပ်တို့တွေ သေချာပေါက် အဲ့လိုကောင်းတဲ့အရာတွေကို အားပေးပါတယ်။ ကျုပ်တို့ နောက်နှစ်ရက်နေရင် မင်းနဲ့ဆွေးနွေးဖို့ အသေးစိတ် အစီအစဉ်ဆွဲလာခဲ့မယ်။ မင်း ဘယ်လိုထင်လဲ?"
မုယွမ်ယောင် မနေနိုင်ဘဲ ပြုံးမိသည်။
"ဒါက သေချာပေါက် အကောင်းဆုံးပေါ့ရှင်၊ လူကြီးမင်းတို့ရဲ့ ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
"မကြိုးစားရတဲ့အလုပ် ဘယ်လိုလုပ်ရှိမလဲ? ဒီလိုကောင်းတဲ့အရာအတွက် ကျုပ်တို့ အရာရှိတွေအနေနဲ့ သေချာပေါက် နည်းနည်းပိုပြီးတော့တောင် လိုလားပါသေးတယ်"
မုယွမ်ယောင်၏ ကြည်လင်ရွှန်းပသော အကြည့်အောက်တွင် လီယွမ်ယီ လေပေါ်ဝဲနေသလို ခံစားရသည်။
"တူလေး၊ မင်းဘယ်လိုထင်လဲ?"
လီမုနျန်က လီယွမ်ယီရဲ့စိတ်ကို သတိထားမိတာ ကြာပြီဖြစ်သည်။ သူသာ ပူးရှန့်လုံမှာ မဟုတ်ဘူးဆိုရင် သူ့ကို ချက်ချင်း ဆူပြီးပြီဖြစ်သည်။ ဒီလီယွမ်ယီက လုံးဝ တဏှာရူးနေတာပဲ။ မုယွမ်ယောင်က ငယ်သေးတဲ့အပြင် သူမရဲ့ လက်ရှိဂုဏ်အဆင့်အတန်းနဲ့ဆို သူမက သူ လွယ်လွယ် သွားဆွလို့ရတဲ့သူ မဟုတ်ပေ။ သူက တကယ်ပဲ သူ့အတွေးတွေကို ယိမ်းယိုင်ဝံ့သတဲ့လား။
"ကျုပ် ဒီကိစ္စကို ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းလိုက်ပါ့မယ်။ မိန်းကလေးမု စိတ်ချထားနိုင်မယ်လို့ မျှော်လင့်တယ်"
မုယွမ်ယောင်က ခေါင်းညိတ်သည်။
"လူကြီးမင်းတို့နှစ်ယောက်က အလုပ်များတာကြောင့် ကျွန်မ ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ ကျွန်မ အခု သွားပါတော့မယ်"
လီယွမ်ယီ မနေနိုင်မထိုင်နိုင်နဲ့ တစ်ခုခု ပြောချင်နေပေမယ့် လီမုနျန်က သူ့ကို ပခုံးကနေ ဖိချထားသည်။ မုယွမ်ယောင် ထွက်သွားပြီးနောက် လီမုနျန်က စိတ်ဆိုးမာန်ဆိုးနှင့် မတ်တပ်ထကာ မှိုင်းညို့နေသော အမူအရာနဲ့ ပြောလာသည်။
"ဦးလေး၊ မုယွမ်ယောင်က ဧကရာဇ်ရဲ့ အကြိမ်ကြိမ် ချီးကျူးမှုကို ခံထားရတာ။ အခု သူမက ချောင်ယွင်နျန်နဲ့ သခင်မကျင်းတို့ရဲ့ မွေးစားသမီး ဖြစ်နေပြီ။ သူမမှာ နောက်ခံအနေနဲ့ နီယွင်ဖန်းနဲ့ ပူးရှန့်လုံရှိတာကြောင့် သူမရဲ့ လွှမ်းမိုးမှုက မြို့တော်က မိသားစုတွေရဲ့ တရားဝင်သမီးတွေ ယှဉ်လို့တောင် မရဘူး။ ဒါ့အပြင် သူမရဲ့ ဉာဏ်ထက်မြက်တဲ့ သဘောသဘာဝကို အကဲဖြတ်ရရင် သူမက သေချာပေါက် လွယ်လွယ် ဆုံးရှုံးခံမယ့်သူမျိုး မဟုတ်ဘူး။ ဦးလေးစိတ်ထဲမှာ ဘာပဲရှိရှိ ထိန်းထားရမယ်"
လီယွမ်ယီ မျက်ခုံးတွေ တွန့်ချိုးလိုက်သည်။
"တူလေး၊ မင်းပြောတာက ဘက်လိုက်ရာကျတယ်။ ဘာပဲဖြစ်ဖြစ် ငါက ပထမမင်းသားရဲ့ ဦးရီးဖြစ်ပြီး မင်း ငါ့ကို ဧကရာဇ်ရဲ့ ဆွေမျိုးတော်လို့ သဘောထားလို့ရတယ်။ မိန်းကလေးမုသာ လက်ခံဖို့ဆန္ဒရှိရင် သူမကို စော်ကားရာမရောက်ပါဘူး"
"ဦးလေး၊ ဦးလေးရဲ့ အသက်အရွယ်က ကျွန်တော့်အဖေဖြစ်ဖို့ လုံလောက်တာထက်တောင် လွန်နေပြီ!"
ဒါကိုကြားတော့ လီယွမ်ယီရဲ့မျက်နှာ ညိုမည်းသွားကာ
"တူလေးရဲ့ စကားတွေက ကြမ်းတမ်းလွန်းတယ်"
"ကျွန်တော်ပြောတာ အမှန်ပဲ။ ဦးလေးမမေ့ပါနဲ့၊ ဦီးလေး ဒီကိုရောက်နေတဲ့ ရည်ရွယ်ချက်က ဒီတစ်ကြိမ် ဆားခွန်စစ်ဆေးဖို့ဆိုတာကို၊ ဦးလေး ဒီကိစ္စရပ်တွေကို နှောင့်နှေးကြန့်ကြာမယ်ဆိုရင် အဖေကိုယ်တိုင် ဦးလေးကို လာရောက်စစ်မေးတဲ့အခါမှ အပြစ်မတင်နဲ့။ နောက်ကျနေပြီ၊ ကျွန်တော်တို့ ပြန်သင့်ပြီ"
လီမုနျန်က စကားအပြတ်ပြောပြီးနောက် လမ်းလျှောက်ထွက်သွားသည်။ လီယွမ်ယီက သူ့နောက်ကနေ ပူးရှန့်လုံကနေ ထွက်လာပြီး အစိုးရရုံးကနေ တစ်ယောက်တည်းထွက်ဖို့ အကြောင်းပြချက် ရှာလေသည်။ အစိုးရရုံးထဲမှာ ခဏကြာအောင် လမ်းပတ်လျှောက်နေပြီးနောက် သူ လှည့်ထွက်ပြီး ပြန်လာခဲ့သည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficción históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...