ခေါင်းငိုက်စိုက်နှင့် တိုက်ခန်းဆီကို လေးလံတဲ့ ခြေလှမ်းတွေနှင့်တက်လာခဲ့လေတဲ့ ကောင်လေးတစ်ယောက်။ တစ်ညလုံး အိပ်တဝက်နိုးတဝက် ဖြစ်ထားတဲ့ မျက်တွင်းဟောက်ပက်တွေနှင့်အတူ ထိုကောင်လေးရဲ့ သက်ပြင်းတွေက လေးလံလို့။
စောက်ဘဝ.. ဆိုးလိုက်တဲ့ငါ့ဘဝ..ဓာတ်ပုံလည်းမရတဲ့အပြင် ပန်းဦးပါခြွေခံလိုက်ရတဲ့ဘဝ..
အခုတော့ အလုပ်ကိုလည်းမသွားရဲတော့တာမို့ မိုးထက်မိုရ်ရဲ့ဦးတည်ရာက တိုက်ခန်းကျဉ်းလေးဆီကိုသာ။ စိတ်ထဲက တတွတ်တွတ် ရေရွတ်ရင်း လှေကားခွင်တောက်လျှောက် တက်လာခဲ့ရင်း အပေါ်ဆုံးထပ်ကို အရောက်မှာတော့ မိုးထက်မိုရ်ရဲ့ ခြေလှမ်းတွေက တုံ့ခနဲရပ်သွားလေသည်။
နှာခေါင်းထဲကို ရင်းနှီးနေသော Pheromone နံ့ကတိုးဝင်လာသောကြောင့်ပင်။ ချက်ချင်းလှမ်းကြည့်လိုက်တော့ မိုးထက်မိုရ်ရဲ့ အခန်းရှေ့တည့်တည့်မှာရပ်နေတဲ့ အမျိုးသမီးတစ်ယောက်။
လခွမ်း!ဘယ်တုန်းကရောက်ချလာ...?
ထိုအမျိုးသမီးရဲ့ သွယ်လျတဲ့ခြေတံရှည်ရှည်တွေနှင့် အနီရောင်ဆံပင်ရှည်တွေကို အဝေးကလှမ်းမြင်ရုံနဲ့တင် မိုးထက်မိုရ်တွန့်ခနဲဖြစ်သွားရသည်။ ချက်ချင်းနောက်ပြန်လှည့်ဆင်းဖို့ ပြင်တဲ့အချိန်မှာပင် ထိုအမျိုးသမီးကလည်း မိုးထက်မိုရ်ကိုလှမ်းမြင်သွားလေသည်။
"ဟဲ့။ ဒါဘယ်ပြေးတာတုန်း။"
အသံလာရာကို မိုးထက်မိုရ်လှည့်ပင်မကြည့်အား။ လှေကားကနေ ခြေကုန်သုတ်ပြီး ပြေးဖို့ပြင်တဲ့အချိန်မှာပင် လည်ကုတ်ကနေ လှမ်းဖမ်းဆွဲခြင်းခံလိုက်ရလေသည်။
"ဟမ်။ နင်ဒါဘယ်ပြေးဖို့ကြံနေတာလဲ။"
"အား။ အစ်မ။ အာ့။ အာ့။ နာတယ်ဟ။ နာတယ်။"
ထိုအမျိုးသမီးသည် တခြားလူမဟုတ်။ မိုးထက်မိုရ်၏အစ်မ ဖြစ်သူ မိုးထက်လှိုင်ပင်။ မိုးထက်မိုရ်ကဲ့သို့ပင် အနီရောင်ဆံပင်ရှည်တွေရှိပြီး ထိုဖြောင့်စင်းနေတဲ့ ်ဆံပင်တွေကို ခေါင်းထိပ်တွင် ခပ်မြင့်မြင့် စုစည်းထားလေသည်။ စကတ်အတိုခပ်ကျပ်ကျပ်နှင့် ဒေါက်ဖိနပ်အမြင့်ဝတ်ထားတဲ့ကြားထဲက လက်တစ်ဖက်က ချိုင့်ကိုဆွဲလျက်နှင့်ပင် နောက်လက်တစ်ဖက်တည်းနှင့် မိုးထက်မိုရ်ကို လည်ကုတ်ကနေဆွဲပြီး အခန်းရှေ့ထိ ဒရွတ်တိုက်ပြန်ဆွဲခေါ်သွားလေသည်။