နောက်ဆုံးပေါ်အနက်ရောင် ကားတစ်စီးဟာ လမ်းမပေါ်မှာတရိပ်ရိပ်ပြေးလွှားလို့။ ကားမောင်းသူနေရာတွင်ထိုင်နေတဲ့ လူတစ်ယောက်သည် စိတ်နှင့်ကိုယ်လွတ်နေတဲ့ လူတစ်ယောက်လို ခပ်တောင့်တောင့်ကြီးထိုင်လျက်ရှိသည်။ တောက်ပနေမြဲ အပြာရောင်မျက်ဝန်းတွေဟာ ဒီနေ့တော့ ပင်လယ်သေတစ်ခုလိုမှုန်မှိုင်းငြိမ်သက်လို့။ အရှေ့ကိုသာ တည့်တည့်ကြည့်နေသော်လည်း မြင်ကွင်းထဲမှာ အကုန်ဝေ၀ါးထွေပြားလို့။
"ကျွန်မတို့လည်းမတတ်လို့ပါ။ ကျောင်းပြောင်းလိုက်တာကပဲကလေးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။"
"Alpha ဖြစ်မလာမှတော့ နင့်ကိုမွေးခဲ့ရတာ ဘာစောက်သုံးကျမှာမို့လဲ။ ဟမ်!"
"ကျွန်တော့်ကိုယ်ထဲကနေ အဲ့ကောင်ရဲ့ဗီဇတွေတစ်စမှမကျန်အောင်ဖောက်ထုတ်ပေး!"
စိတ်ထဲက စကားသံရဲ့အဆုံးမှာ ကားဘရိတ်ကို ဖိနင်းလိုက်တော့ ဒုန်းခနဲဆောင့်ရပ်သွားတဲ့ ကား။ အရှိန်နှင့် တစ်ချက်နှစ်ချက်မျှ ယိမ်းခါသွားပြီးမှသာ လူကငြိမ်သက်သွားရသည်။ အပြီးတိုင်မေ့လျော့ပျောက်ဆုံးလိုက်ချင်တဲ့ မှတ်ဉာဏ်တွေ။ ငုံ့ကြည့်လိုက်တော့ စတီယာရင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားခဲ့တဲ့ လက်ဖဝါးပြင်တွင် ချွေးစေးများဖြင့် ပြည့်နှက်လို့။
ဖြူနုနုလက်ဖဝါးပြင်ထက်က ချွေးစက်တွေကိုအကြောင်းမဲ့ငေးစိုက်နေမိဆဲမှာပင် ဝုန်းခနဲ အသံတစ်ခုကြောင့် လူကတစ်ချက်မျှ ဆောင့်ခုန်သွားရသည်။ အဲရစ်စ်လင်းရဲ့ကားနောက်ဖင်သည် နောက်ကားတစ်စီးရဲ့ ဝင်တိုက်တာကို ခံလိုက်ရခြင်းပင်။
"မင်းမေလိုး! ပါကင်ထိုးတာတောင် စောက်သုံးကျအောင် မလုပ်နိုင်ဘူးလား!ကားဝယ်စီးမနေနဲ့တော့လေ။ ခွေးသူတောင်းစားတွေရဲ့!"
ဟုန်းခနဲထတောက်တဲ့ ဒေါသမီးနှင့်အတူ အဲရစ်စ်လင်းပါးစပ်က အယုတအနတ္တစကားလုံးတွေ အကုန်ထွက်လာသည်။ တစ်ဖက်ကားဆီမှ လူလုံးကထွက်ပြမလာသော်လည်း အင်မတန်အကင်းပါးသောနားကတော့ တွတ်ထိုးနေတဲ့အသံတွေကို အတိုင်းသားကြားနေရသည်။