Part-16-Unicode

1.6K 201 59
                                    

ကားမောင်းနေရင်း နောက်ကြည့်မှန်မှတဆင့် သန့်ပိုင်အကဲခတ်မိသည်။ နောက်ခန်းမှာထိုင်နေတဲ့ ဆရာဖြစ်သူ အဲရစ်စ်လင်းသည် အမူအရာမပျက်ပင်။ လည်ပိတ်အနက်ရောင်အင်္ကျီကိုသာ အညိုရောင်အပေါ်ထပ်အပါးလေးနှင့် တွဲဝတ်ထားသည့် ဆရာ့ဖက်ရှင်က သူဌေးနှင့်တွေ့ဖို့ ထွေထွေထူးထူး ပြင်ဆင်ထားသည့်ပုံမဟုတ်သည့်တိုင် စမတ်ကျကာ သန့်ပြန့်နေဆဲ။ ဒီလိုပုံနှင့် မနေ့ညနေက အောက်ခံဘောင်းဘီတိုလေးသာ ပါတဲ့ပုံကို ယှဉ်တွဲမြင်ယောင်လိုက်မိတော့ သန့်ပိုင်ရဲ့ မျက်နှာတစ်ခုလုံးရဲတက်လာသည်။

သောက်ခွမ်းတဲ့မှ ဘာလို့ဆရာ့ကိုမြင်လိုက်တိုင်း အဲ့အောက်ခံဘောင်းဘီနှင့်ဒူးချိတ်ထိုင်နေတဲ့ပုံကိုပဲ မြင်ယောင်လာမိပါလိမ့်!

တကယ်တမ်း သန့်ပိုင် ဒီနေ့မနက်အလုပ်ပြန်ဆင်းဖို့ကိုလည်း အတော်လေးမျက်နှာပူမိတာအမှန်ပင်။ ဆရာကတော့ စိတ်ထဲရှိဟန်ပင်မတူ။ ကားနောက်ခန်းမှာ ဒူးကလေးချိတ်ထိုင်ရင်း အေးအေးဆေးဆေး ဖုန်းပွတ်နေနိုင်တာကိုပဲကြည့်။

အတွေးလွန်နေတဲ့နောက် မီးပွိုင့်နီသွားတာကိုလည်း မသိလိုက်။ ဘရိတ်ကိုဖိနင်းတာ မြန်လို့သာ ရှေ့ကကားကို ဝင်မတိုက်မိတာ။ ကားကအရှိန်နှင့်ဆောင့်ရပ်သွားတော့ နောက်ခန်းမှာ အနည်းငယ်ယမ်းခါသွားတဲ့ဆရာ့ဆီမှ မျက်စောင်းက သန့်ပိုင်ဆီကျလာသည်။ သို့သော်ကံကောင်းထောက်မစွာနှင့် ပိဿလေးဘေးပစ်သလို စကားလုံးတွေကတော့ ထွက်မလာ။

"ဆောရီး။ ဆရာ။ ကျွန်တော်နည်းနည်းအတွေးများသွားလို့။"

ဆရာကဘာမှမပြောဘဲ မျက်လွှာသာပြန်ချသွားသည်။ ဆရာကပုံမှန်လည်း လိုအပ်တဲ့အချိန်မှအပ စကားပြောတတ်သူမဟုတ်ပေမဲ့လည်း ဒီနေ့မှတရားလွန်တိတ်ဆိတ်နေတယ်လို့ ခံစားနေရသည်။ အဲလ်ကွန်းလေကြောင့် အေးစိမ့်နေတဲ့ ကားအတွင်းခန်းမှာ နဖူးကချွေးပြန်လာတဲ့အထိ နေရခက်နေသူမှာ သန့်ပိုင်တစ်ယောက်တည်းသာရှိပေမည်။ ရှေ့မှာ တန်းစီနေတဲ့ ကားတန်းရှည်ကြီးကို ကြည့်ကာရင်မောသွားရသော်လည်း ဒါကပင် ကသိကအောင့်ဖြစ်စရာကောင်းတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်မဲ့ အခွင့်အရေးပင်။

ANTI ALPHAOnde histórias criam vida. Descubra agora