Part-33-Unicode

4.4K 216 56
                                        

"မမလှိုင်ရေ။ အန်တီပြန်ရောက်နေပြီ။"

"ဪ။ အေး။ လာခဲ့မယ်။"

ဖတ်လက်စ ဖက်ရှင်မဂ္ဂဇင်းကိုအောက်ပစ်ချလိုက်ပြီး မိုးထက်လှိုင်အိမ်ရှေ့သို့ထွက်လာလိုက်သည်။ ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတာ ဆင်ဝင်အောက်မှာ ရပ်ထားတဲ့ ကားတစ်စီး။ ခုနက မိုးထက်လှိုင်ကိုလာပြောသွားတဲ့ အိမ်အကူကောင်မလေးကတော့ ကားထဲကနေ အထုတ်အပိုးတွေကို ကူပြီးချနေလေသည်။ ကားခေါင်းခန်းကထွက်လာတဲ့ မေမေကတော့ သူ့စကတ်စနဲ့သူညိပြီးလဲမကျရုံတမယ်ကို ခပ်သုတ်သုတ်နှင့် အိမ်ပေါက်၀ဆီသို့ ပြေးတက်လာသည်။

"အငယ်ရော။"

အဲ့တာက အိမ်ပေါက်၀မှာအသင့်ရပ်စောင့်နေတဲ့ မိုးထက်လှိုင်ကို မြင်မြင်ချင်း လှမ်းမေးတဲ့စကား။ သေချာပေါက် Anniversary အထိမ်းအမှတ်ခရီးစဉ်မှာ အဖေတောင်ပြန်ပါမလာဘဲ သူ့ချည်းသက်သက် ပြန်ရောက်လာရတာက သူ့သားအငယ်ဆုံးကို မြင်ချင်လို့ဆိုတာ မေးစရာတောင်မလိုဘူး။

"မေမေ့သားက အခန်းထဲက အခန်းပြင်တောင်ထုတ်မရဘူး။"

"အဲ့တာနဲ့ပဲ ကလေးကိုတစ်ယောက်တည်းအခန်းထဲ ပစ်ထားစရာလား။ ဖယ်။"

ပြောရင်းမိုးထက်လှိုင်ကိုဆောင့်တွန်းထုတ်သွားလေသည်။ သူ့သားအငယ်ကလွဲရင် ဘယ်သူမှကိုမျက်လုံးထဲမမြင်တာပဲ။ မိုးထက်လှိုင် စိတ်လေလေနှင့် အိမ်ထဲပြန်ဝင်ဖို့အလုပ်မှာပဲ အမေ့ဆီကပေါ်လာတဲ့ ခပ်စူးစူးအသံ။

"ဟယ်။ သားလေး။ အငယ်။"

စကားအဆုံးမှာပဲ လှေကားပေါ်ကနေဆင်းလာတဲ့ မိုးထက်မိုရ်ဆီကို ပြေးဝင်သွားတဲ့ မေမေ့ကိုလှမ်းတွေ့လိုက်ရသည်။

"ပိန်သွားလိုက်တာ။ သားလေးရယ်။ ဟင်။မျက်တွင်းတွေလည်းကျလို့။ ထမင်းလည်းသေချာမစားရဘူးလား။ တစ်ယောက်တည်းနေရတာ ပင်ပန်းတယ်မို့လားဟင်။ ပြောပါဦး။ ဘာတွေဖြစ်ခဲ့..."

ပွစိပွစိနှင့် အတောမသတ်နိုင်တဲ့မေးခွန်းတွေကြား မိုးထက်မိုရ်မပြောနှင့်။ မြင်နေရတဲ့မိုးထက်လှိုင်တောင် စိတ်တွေရှုပ်လာသည်။ ညဝတ်အိပ်ဝတ်စုံကြီးနှင့် အပြင်ထွက်လာတဲ့ မိုးထက်မိုရ်ကတော့ သူ့ကိုမမှီမကမ်းဖြင့် ဆံပင်သပ်ပေးလိုက် ဖက်လိုက်လုပ်နေတဲ့ အမေဖြစ်သူကို အူတူတူလေးကြည့်နေသည်။ စိတ်နဲ့လူနဲ့ ကပ်နေပုံမပေါ်ပေမဲ့ ဘာပဲဖြစ်ဖြစ် အခန်းထဲကနေ အပြင်ထိရောက်လာပြီဆိုရင် မိုးထက်မိုရ်ရဲ့ အခြေအနေက မဆိုးဘူးလို့ပဲ ပြောရမှာပေါ့။

ANTI ALPHAWhere stories live. Discover now